no

Font
Theme

အပိုင်း ၁၁၁ (တစ်ယောက်တည်းဖြစ်နေမဲ့ အချိန်က တိုတောင်းမှာပါ)

လဲကျနေသော ရွှေရောင်ငှက်ကလေးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်မထံမှ အော်ဟစ်သံ ထွက်လာတော့သည်။

‘မဖြစ်ဘူး။’

ကျွန်မ ကွီးန်ကို အလျင်အမြန် ဆွဲသွင်းပြီး ပြတင်းပေါက်ကို ပိတ်လိုက်၏။

ကွီးန်ကို မြားနှင့်ပစ်ခဲ့သူများ အပြင်ဘက်တွင် ရှိနေမည်ဟူသော အတွေးကြောင့် ဒေါသတဟုန်းဟုန်း ထွက်လာသော်လည်း၊ ယင်းထက် ကွီးန်ကို အရင် ဂရုစိုက်ရပေမည်။

လိုက်ကာများကို ချလိုက်ပြီးနောက် ကွီးန်ကို ခုတင်ပေါ်သို့ ခေါ်သွားကာ လှဲသိပ်လိုက်၏။

‘သေသွားတာလား။ မဟုတ်ပါဘူးနော်။ ကွီးန်၊ သေသွားတာ မဟုတ်ဘူးမဟုတ်လား။’

ကွီးန်၏ လည်ပင်းနှင့် ရင်ဘတ်အနီးသို့ လက်ကပ်ကြည့်လိုက်တော့ တော်သေး၍ ကွီးန် အသက်ရှူနေဆဲပင်။

သို့သော်လည်း စိတ်မချနိုင်သေးသဖြင့် ရင်ဘတ်တွင် နားကိုကပ်ကာ နှလုံးခုန်သံကို နားထောင်မိသည်။

တဒုန်းဒုန်းနှင့် ပြင်းထန်စွာ ခုန်နေသော နှလုံးခုန်သံကို ကြားရတော့မှ မျက်ရည်များ ဝဲတက်လာတော့၏။

ထိုသို့ ရှိနေစဉ်တွင် ကြီးမားသော တောင်ပံကြီးက ကျွန်မ၏ ခေါင်းကို လာရောက်အုပ်မိုး ပေးခဲ့သည်။

ငှက်ကလေး၏ ရင်ခွင်က နွေးထွေးလွန်းလှ၏။

မျက်ဝန်းတစ်ဝိုက် ပူနွေးလာကာ နှာခေါင်းထဲတွင်ပါ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။

မျက်ရည်များက တားမရဆီးမရ ဆက်တိုက် စီးကျလာ၏။

ကျွန်မ ခေါင်းကိုမော့ကာ ကွီးန်ကို ကြည့်လိုက်မိသည်။

ကွီးန်က မျက်လုံးကို မှေးစိုက်ထားရင်း သူ၏ ခရမ်းရောင် မျက်ဝန်းများဖြင့် ကျွန်မကို စိုက်ကြည့်နေ၏။

ပုံမှန်ထက် အားအင်ချည့်နဲ့နေပုံရသော အသွင်အပြင်ကို မြင်ရတော့ နှလုံးသားတစ်ခုလုံး ကွဲအက်မတတ် နာကျင်ရပြန်သည်။

“ကွီးန်…… မသေပါနဲ့။”

- ဂူ

မဖြစ်ဘူး။

ဤသို့ ငိုင်နေရမည့်အချိန် မဟုတ်ပေ။

ကျွန်မ အိပ်ရာပေါ်မှ ထရပ်ကာ အရေးပေါ် ဆေးသေတ္တာကို သွားယူလိုက်သည်။

သေတ္တာကိုဖွင့်ပြီး အရေးပေါ် သုံး လိမ်းဆေး၊ ပတ်တီးနှင့် ဂွမ်းစများကို ထုတ်လိုက်၏။

ဧည့်ခန်းထဲသို့ ထွက်ကာ ဝိုင်ပုလင်းကို သွားယူပြီးနောက် တံခါးကို သေသေချာချာ ဂျက်ထိုးကာ ကွီးန်အနားသို့ ချဉ်းကပ်သွားခဲ့သည်။

ကွီးန်က အားမရှိစွာ မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက် လုပ်နေရင်းမှပင် ကျွန်မနှင့် မျက်လုံးချင်း ဆုံမိသည့် အခါတိုင်း ပြုံးပြနေသည့်အလား မျက်လုံးကို မှေးစင်းပြတတ်၏။

ထိုအပြုအမူလေးက ကျွန်မကို ပို၍ ရင်ကွဲမတတ် ခံစားရစေသည်။

ရင်ညွန့်ထဲတွင် စူးစူးနစ်နစ် နာကျင်လာကာ နံရိုးများပါ ကိုက်ခဲလာသလို ခံစားရ၏။

“အဆင်ပြေသွားမှာပါ။”

အတင်းဖျစ်ညှစ်ပြီး ပြုံးပြရန် ကြိုးစားသော်လည်း မျက်ရည်များက တရစပ် စီးကျနေဆဲပင်။

‘ဒီလိုလုပ်နေလို့ မဖြစ်ဘူး။ အရင်ဆုံး ကွီးန်ကို ကုသပေးရအောင်။’

ကျွန်မ ဝိုင်ပုလင်းကို ဘေးတွင် ချထားလိုက်ကာ လက်ဖမိုးဖြင့် မျက်ရည်များကို အကြမ်းပတမ်း သုတ်လိုက်သည်။

သို့သော် လက်ကို ပြန်ချလိုက်ချိန်တွင် ကွီးန်က ခြေထောက်ကို အစွမ်းကုန် ဆန့်တန်းကာ လှုပ်ယမ်းပြနေသည်ကို တွေ့လိုက်ရ၏။

“ခြေထောက်နာလို့လား။”

လန့်သွားသဖြင့် အနားသို့ ကပ်ကာ ခါးကိုကိုင်းပြီး စစ်ဆေးကြည့်သော်လည်း ခြေထောက်က အကောင်းတိုင်းသာ။

သို့သော်လည်း သေသေချာချာ ထပ်မံ ကြည့်ရှုနေစဉ် ကွီးန်က ခြေထောက်ကို တစ်ဆတ်ဆတ် ထပ်မံ လှုပ်ခါပြပြန်သည်။

“အာ။”

ယခုမှ ကွီးန်၏ ခြေထောက်တွင် ချည်နှောင်ထားသော စာက မျက်စိထဲ ဝင်လာတော့၏။

“သိပြီနော်။”

ကျွန်မ စာကို ဖြုတ်ယူလိုက်ပြီးနောက် စားပွဲပေါ်တွင် တင်ထားလိုက်၏။

- ….

ကျွန်မက စာကို မဖတ်သဖြင့် ကွီးန်က အံ့အားသင့်သွားသည့်အလား မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လာသော်လည်း……

“အခုတော့ နင်ကနေ စမယ်။ နင်က ပထမဦးစားပေးပဲ။”

ဟိုင်န်ရီက မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သလို ကွီးန်ကလည်း မိတ်ဆွေကောင်းပင်။

ဟိုင်န်ရီ၏ စာထက် ကွီးန်၏ ကျန်းမာရေးက ပို၍ အရေးကြီးပေသည်။

“ကြည့်ရအောင်။”

ကျွန်မ မြားမှန်ထားသော နေရာကို သေသေချာချာ အကဲဖြတ်ရန် အမွေးအတောင်များကို ဖယ်ရှားကြည့်လိုက်သည်။

“အာ။”

စိုးရိမ်ခဲ့သလောက်မဟုတ်ဘဲ မြားက အမွေးအတောင်များ ကြားထဲတွင်သာ ညပ်နေခဲ့ခြင်းပင်။

“တော်သေးတာပေါ့။”

ပြတင်းပေါက်ကို ဝင်တိုက်ပြီး လဲကျသွားသဖြင့် အပြင်းအထန် ဒဏ်ရာရသွားပြီဟု ထင်ခဲ့မိ၏။

မြားဦးက အသားကို ထိမှန်ခဲ့သော်လည်း မြားဦးကြောင့် အနည်းငယ် ပွန်းပဲ့ရုံသာရှိကာ မြားစိုက်ဝင်သွားခြင်းမျိုး မဟုတ်ပေ။

“လန့်သွားတာပဲ။”

- ….

မည်သို့ပင်ဖြစ်စေ ကွီးန်က ခရီးဝေးမှ ပျံသန်းလာရသဖြင့် မောပန်းနေသည့်အပြင် မြားဖြင့်ပါ အပစ်ခံရသောကြောင့် လန့်ဖျန့်ကာ ဝပ်နေခဲ့ပုံပင်။

သို့သော်လည်း ဒဏ်ရာရထားသည်က အမှန်ပင် ဖြစ်သဖြင့်၊ ကျွန်မ အမွေးအတောင်များကို ဖယ်ရှားကာ ထိုနေရာသို့ ဝိုင်ကို လောင်းထည့်လိုက်သည်။

အမွေးအတောင်များကို တစ်ခုချင်းစီဖယ်ကာ ဝိုင်လောင်းထည့်လိုက်တော့ ကွီးန်က စပ်သွား၍လားမသိ၊ ခြေချောင်းများကို ပြန်လည် ဆန့်တန်းရင်း မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လာပြန်၏။

ထွက်ပြေးရန် ကြံစည်နေပုံရသဖြင့် လက်တစ်ဖက်နှင့် ကိုယ်လုံးကို သေသေချာချာ ထိန်းချုပ်လိုက်ရာ၊ ကွီးန်၏ ကြီးမားသော မျက်လုံးရွဲကြီးများက ဘယ်ညာသို့ ဂနာမငြိမ် လှုပ်ရှားသွားတော့သည်။

“စပ်ပေမဲ့ နည်းနည်းလောက် အောင့်ခံလိုက်နော်။”

ဝိုင်ကို သင့်တော်သလောက် လောင်းပြီးနောက် ဂွမ်းစဖြင့် ဒဏ်ရာကို သုတ်ပေးကာ ထိုအပေါ်သို့ ဆေးလိမ်းပေးလိုက်သည်။

စပ်နေမည်ကို စိုးရိမ်သဖြင့် ဆေးပေါ်သို့ ‘ဖူး ဖူး’ ဟု မှုတ်ပေးလိုက်ရာ၊ ကွီးန်က ခြေချောင်းများကို ပြန်လည် ဆန့်တန်းလျက် မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လာပြန်သည်။

“တအားနာနေလို့လားဟင်။”

- ……

“ပြီးပြီနော်။”

မျက်ခုံးတစ်ဝိုက်၊ မျက်ဝန်းနားနှင့် ပါးပြင်ကို လက်ချောင်းများဖြင့် ပွတ်သပ်ပေးလိုက်တော့ ကွီးန်က မကြာမီမှာပင် ငြိမ်သက်သွားကာ မျက်လုံးများ မှေးစင်းကျလာသည်။

နှာတံပေါ်သို့ အသာအယာ နမ်းလိုက်ပြီးနောက်၊ ဒဏ်ရာရထားသော နေရာကို အမြန်ပင် ပတ်တီး စည်းပေးလိုက်၏။

ကွီးန်က ပတ်တီးနှင့် အသားမကျသေး၍လားမသိ၊ တင်ပါးကိုသာ ခုတင်ပေါ်တွင်ချကာ ကိုယ်လုံးကို ကိုင်းထားသည့် ဆန်းပြားသော ပုံစံဖြင့် ထိုင်ပြီး ပတ်တီးစည်းထားသော တောင်ပံကို အသာအယာ လှုပ်ခါနေခဲ့သည်။

“အကြာကြီးနေမှ ပြန်တွေ့ရတော့ ကောင်းတာပဲ၊ ကွီးန်။”

ထိုပုံစံလေးက ချစ်စရာကောင်းပြီး အသည်းယားစရာ ကောင်းလွန်းလှသဖြင့် ကျွန်မ ကွီးန်၏ နဖူးပြင်ကို ထပ်နမ်းလိုက်မိသည်။ ထို့နောက်တွင်မှ ဟိုင်န်ရီ ရေးသားပေးပို့လိုက်သော စာကို ဖြန့်ကာ ဖတ်ကြည့်လိုက်၏။

- သိပ်မဝေးတဲ့ နေရာကို ရောက်နေပါပြီ။ လူချင်း တွေ့ချင်ပါတယ်။

- မနက်ဖြန် အဆင်ပြေတဲ့အချိန် အချိန်မရွေး မြို့စားမင်း အယ်ရ်ဂီရဲ့ အခန်းကို လာခဲ့ပေးပါ။

စာအကြောင်းအရာက အလွန်ပင် အံ့အားသင့်စရာ ကောင်းလှ၏။

အခြေအနေကို နားလည်ပါသည် စသဖြင့် ထိုသို့သော စကားမျိုး ပါရှိမည်ဟု ထင်ခဲ့သော်လည်း။

ဟိုင်န်ရီက ဤနေရာအထိ ကိုယ်တိုင် ရောက်ရှိနေသတဲ့လား။

ထို့အပြင် မြို့စားမင်း အယ်ရ်ဂီ၏ အခန်းထဲသို့ ရောက်နေသည်တဲ့လား။

ထပ်ပြီးတော့လေ။

‘နန်းတော်ရဲ့ တခြားနေရာတွေထက် မြို့စားမင်း အယ်ရ်ဂီရဲ့ အခန်းက ကျူးကျော်ဝင်ရောက်ဖို့ ပိုလွယ်လို့များလား။’

တကယ်ပဲ တောင်နန်းဆောင်အထိ ဘယ်လိုနည်းနဲ့ သွားခဲ့တာပါလိမ့်။

ရုပ်ဖျက်ပြီး သွားခဲ့တာလား။

ဟင့်အင်း၊ အဲ့ဒါထက် ဟိုင်န်ရီက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရောက်လာနိုင်ရတာလဲ။

ဒုတိယတပ်မှူး အာရ်တီနာ ရောက်ရှိလာခဲ့သည်က လွန်ခဲ့သော နာရီပိုင်းကတင် မဟုတ်ပါလား။

ဒုတိယတပ်မှူး အာရ်တီနာမှတစ်ဆင့် ဖာရ်အန်း မားကီးစ်ထံမှ စာကို လက်ခံရရှိခဲ့သော ဟိုင်န်ရီက မည်သို့သောနည်းဖြင့် နာရီပိုင်းအကြာမှာပင် ဤနေရာသို့ ရောက်ရှိလာနိုင်ရသနည်း။

~~~~

“ဧကရီရဲ့ အခန်းထဲကို စာပို့ငှက် ဝင်သွားတယ်၊ ဟုတ်လား။”

ဆိုဗီရ်ရှုက ကြီးမားသော ရွှေရောင်ငှက်တစ်ကောင် ဧကရီ၏ အိပ်ခန်းပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်သွားသည်ဟူသော အစီရင်ခံစာကို ကြားလိုက်ရပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

“ဟုတ်ပါတယ်၊ အရှင်ဧကရာဇ်။”

ဆိုဗီရ်ရှု၏ အမိန့်ဖြင့် ဧကရီနန်းဆောင်အနီးတွင် တပ်စွဲထားသော လေးသမားက ပျာပျာသလဲ ပြန်လည် ဖြေကြားခဲ့သည်။

ဆိုဗီရ်ရှု သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဧကရီသည်လည်း အထွတ်အမြတ် ဘုန်းတော်ကြီးနှင့် တွေ့ဆုံခဲ့ပြီးဖြစ်၍ သူ ကွာရှင်းခွင့် တောင်းခံထားသည်ကို ကြားသိပြီးလောက်ပြီ ဖြစ်သော်လည်း၊ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ထိုအပျော်အပါးလိုက်စားသည့် ဘုရင်နှင့် စာပေးစာယူ လုပ်နေဆဲပင်။

အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

ငှက်တစ်ကောင် နှစ်ကောင် သေဆုံးသွားလျှင်ပင် ဂရုမစိုက်နိုင်လောက်အောင် ဆက်သွယ်ချင်နေကြသည်ဟူသော သဘောလား။

စိတ်မသက်မသာ ဖြစ်သွားရသော သူက လက်သီးကို ဆုပ်လိုက်ဖြန့်လိုက် အကြိမ်ကြိမ်လုပ်ရင်း အသက်ရှူနှုန်းကို နှေးကွေးစွာ ထိန်းချုပ်လိုက်၏။

သို့သော်လည်း အပြာရောင်ငှက်ကလေး သေဆုံးသွားပြီဟု ယူဆကာ သတိလစ်လဲကျသွားခဲ့သော ဧကရီ၏ ပုံရိပ်က မျက်စိထဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။

ထို့အပြင် သူတို့က ကွာရှင်းရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပေပြီ။

ယခုလောက်ဆိုလျှင် တုန်လှုပ်ချောက်ချားမှုများဖြင့် နစ်မွန်းနေပေလိမ့်မည်။

မျက်နှာချင်းဆိုင်ရဲသည့် သတ္တိလည်းမရှိသလို၊ ရန်ဖြစ် စကားများရန်လည်း အင်အား မရှိတော့ပေ။

“ရပြီ။ ထားလိုက်တော့။”

ဆိုဗီရ်ရှုက လေးလံသော လေသံဖြင့် အမိန့်ပေးခဲ့သည်။

“ဟုတ်ကဲ့ပါ၊ အရှင်ဧကရာဇ်။”

“ပြီးတော့ ရှေ့လျှောက် ဧကရီရဲ့ အခန်းထဲဝင်လာမဲ့ ငှက်တွေကို ထပ်ပြီး ပစ်ချဖို့ မလိုတော့ဘူး။”

“ဟုတ်ကဲ့ပါ၊ အရှင်ဧကရာဇ်။”

လေးသမား ထွက်သွားသည်နှင့် ဆိုဗီရ်ရှုက ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။

သူက ခေါင်းလောင်းကိုတီးကာ အစေခံအား အရက်ပြင်းပြင်း ယူလာရန် ညွှန်ကြားလိုက်၏။

အစေခံ အရက်ကို ယူဆောင်လာပေးသောအခါ ထိုအရက်ကို ခွက်ထဲသို့ လောင်းထည့်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆက်တိုက် မော့ချလေတော့သည်။

~~~~

နောက်တစ်နေ့ မနက်ခင်းတွင်။

နိုးလာပြီးနောက် စစ်ဆေးကြည့်လိုက်ရာ ကွီးန်က ကျွန်မ မနေ့ညက ပြင်ဆင်ပေးခဲ့သော ကျွန်မဘေးနားရှိ အသိုက်လေးထဲတွင် ကိုယ်ကို ကွေးကုပ်ကာ လဲလျောင်းလျက်ရှိနေသည်။

ယခင်ကဆိုလျှင် ဘေးနားတွင် မည်မျှပင် သိပ်ထားပါစေ ကျွန်မ အိပ်ပျော်နေစဉ်အတွင်း အသာလေး ပျံသန်းထွက်ပြေးသွားတတ်သော်လည်း။

ယခုတစ်ကြိမ်တွင်မူ အလျင်အမြန် ပျံသန်းလာခဲ့ရသည့်အပြင် မြားဖြင့်ပါ အပစ်ခံခဲ့ရသဖြင့် အလွန် ပင်ပန်းနွမ်းနယ်ပြီး လန့်သွား၍ ဖြစ်ပေလိမ့်မည်။

“ဘာလို့ ဒီလောက်တောင် ကိုယ်ကို ကွေး​ကုပ်ပြီး အိပ်နေရတာလဲ။”

အသည်းယားလွန်းလှသဖြင့် ခေါင်းကို ပွတ်သပ်ပေးလိုက်ရာ ကွီးန်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာပြီး ကျွန်မကို စိုက်ကြည့်လာသည်။

လှပသော ထိုခရမ်းရောင် မျက်ဝန်းများကို မြင်လိုက်ရသည်နှင့် ဟိုင်န်ရီကို သတိရသွားမိ၏။

ဟိုင်န်ရီ…… သူက ယခုအချိန်တွင် မြို့စားမင်း အယ်ရ်ဂီနှင့် အတူရှိနေမည်လား။

ကျွန်မ ကွီးန်၏ ရင်ဘတ်ပေါ်သို့ နမ်းလိုက်ပြီးနောက် ခုတင်ပေါ်မှ ထလိုက်သည်။

“ဘုရားရေ။ ကွီးန်။”

နယ်စားကတော်​ကြီး အယ်လီဇာတစ်ယောက် အလုပ်အကျွေးပြုရန် အိပ်ခန်းထဲသို့ ဝင်လာရာမှ၊ အံ့အားသင့်သွားကာ မျက်လုံးဝိုင်းကြီးများ ဖြစ်သွားတော့သည်။ ကွီးန်၏တောင်ပံတွင် ပတ်တီး စည်းထားသည်ကိုမြင်တော့ သူက ပို၍ ထိတ်လန့်သွားကာ ကျွန်မဘက်သို့ လှည့်ကြည့်လာ၏။

“လျှို့ဝှက်ပေးထားပါဦး။”

ကွီးန်ကလည်း နယ်စားကတော်ကြီး အယ်လီဇာကို မှတ်မိပုံရကာ၊ နှုတ်ဆက်သည့်အလား အတောင်ပံတစ်ဖက်ကို လှုပ်ခါပြပြီးနောက် ပင်ပန်း၍လားမသိ ကျောခိုင်းကာ ပြန်လဲလျောင်းသွားခဲ့သည်။

နယ်စားကတော် အယ်လီဇာက ပြုံးလျက် ထိုသို့လုပ်ပေးမည်ဟု ပြောခဲ့၏။

သို့သော် မြန်မြန်လေး ဆေးကြောသန့်စင်ပြီးနောက် နယ်စားကတော်ကြီး အယ်လီဇာ၏ အကူအညီဖြင့် ဝတ်စုံကို လဲလှယ်ဝတ်ဆင်နေစဉ် အချိန်တွင်။

ဆိုဗီရ်ရှု၏အစေခံ ရောက်ရှိလာသည်။

ဝတ်စုံကို ဆက်လက် ဝတ်ဆင်ပြီးနောက် ဧည့်ခန်းသို့ ထွက်လာခဲ့ရာ၊ အစေခံက အလွန်ပင် အားတုံ့အားနာဖြစ်နေသော မျက်နှာထားဖြင့် လျှောက်တင်လာ၏။

“ဧကရီ အရှင်မ။ အရှင်ဧကရာဇ်က အရေးပေါ် နိုင်ငံတော် ကောင်စီညီလာခံ ကျင်းပခဲ့ပါတယ်။”

“……”

“ပြီးတော့ အရှင်ဧကရာဇ်က၊ ဒီညီလာခံကို ဧကရီ အရှင်မအနေနဲ့လည်း မဖြစ်မနေ တက်ရောက်ပေးဖို့ မျှော်လင့်တဲ့အကြောင်း မိန့်ကြားလိုက်ပါတယ်။”

အစေခံ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် နယ်စားကတော်ကြီး အယ်လီဇာ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားတော့သည်။

“ကောင်းပြီ။ တက်ရောက်မယ်။”

ကျွန်မ တတ်နိုင်သမျှ တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်ပြီးနောက် အစေခံအား ထွက်သွားရန် လက်ရိပ်ပြလိုက်၏။

သို့သော်လည်း စိတ်ထဲတွင်မူ လုံးဝ တည်ငြိမ်ခြင်း မရှိခဲ့ပေ။

ခေါင်းတစ်ခုလုံး မူးနောက်သွားရသည်။

‘တကယ်ပဲ မျက်စိရှေ့အထိ ရောက်လာပြီကိုး၊ ကွာရှင်းပြတ်စဲမှုက။’

မည်မျှပင် ကြိုတင် ပြင်ဆင်ထားခဲ့သည်ဟုဆိုပါစေ စိတ်ချမ်းမြေ့စရာ ခံစားချက်မျိုးတော့ မဟုတ်ပေ။

လျှာဖျားက ယားယံလာကာ ဗိုက်အောင့်လာသည်။

အစာအိမ်က ဗြောင်းပြန်လန်သွားသလို ခံစားရကာ အစားအသောက် အနံ့အသက်ကိုပင် မခံနိုင်အောင် ဖြစ်လာ၏။

မနက်စာကို စားပွဲပေါ်တွင် လာရောက်တည်ခင်းပေးသော ရံရွေတော်များက၊ ပန်းကန်များနှင့် ခွက်များကို ချထားခဲ့ပြီး ကျွန်မအနားသို့ ချဉ်းကပ်လာကာ တားမြစ်ကြတော့သည်။

“မသွားပါနဲ့၊ ဧကရီ အရှင်မ။”

“နေမကောင်းဘူးလို့ပဲ အကြောင်းပြန်လိုက်ပါ့မယ်။”

“ဧကရီ အရှင်မက ဘာဖြစ်လို့ အဲ့ဒီလို နေရာမျိုးကို သွားရမှာပါလဲ။”

သူတို့ကလည်း ဆိုဗီရ်ရှုက အရေးပေါ် နိုင်ငံတော် ကောင်စီ ညီလာခံ ကျင်းပခဲ့ခြင်းမှာ ကျွန်မနှင့် ကွာရှင်းမည့် အကြောင်းအရာကို ထုတ်ဖော် ပြောဆိုရန်ဖြစ်ကြောင်း သိရှိကြသဖြင့် စိုးရိမ်ပူပန်နေကြပုံပင်။

အချို့က ဒေါသထွက်နေကြပြီး၊ အချို့က ငိုကြွေးနေကြကာ၊ အချို့ကမူ ဆောက်တည်ရာမရ ဖြစ်နေကြသည်။

သို့သော်လည်း……

“ဘာမှမဖြစ်ပါဘူး။ ကျွန်မ မတက်ရောက်ရင်တောင် ဘာပဲဖြစ်ဖြစ် ကွာရှင်းပြတ်စဲမှုကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပဲလေ။”

ထိုသို့ဆိုလျှင် ကိစ္စရပ်များ မည်သို့ စီးဆင်းသွားမည်ကို ကိုယ်တိုင် မျက်ဝါးထင်ထင် ကြည့်ရှုရသည်က ပို၍ ကောင်းပေသည်။

ထို့အပြင် ဆိုဗီရ်ရှု၏ မျက်နှာကိုလည်း အတည်ပြုချင်၏။

ရက်ရှ်တာအား ကျွန်မနှင့် ကွာရှင်းပေးမည်ဟူသော ကတိကို ပေးခဲ့ပြီးသည့် နောက်တစ်နေ့။

သူက အားနာသည့်အလား ကျွန်မအပေါ် ကြင်နာစွာ ဆက်ဆံခဲ့သည်မဟုတ်ပါလား။

ကျွန်မနှင့် ကွာရှင်းမည့်အရေးကို လူပုံလယ်၌ တရားဝင် ချပြပြီးသည့်နောက်တွင်ရော မည်သို့ ဆက်ဆံလာမည်နည်း။

မကြာမီ ဖယ်ရှားပစ်ရမည့် မျှော့တစ်ကောင်လို စိတ်ရှုပ်စရာကောင်းသည့်အရာအဖြစ် ဆက်ဆံလာမည်လား။

သို့မဟုတ် အတိတ်မှ သံယောဇဉ်ကို တွေးပြီး အားနာနေမည်လား။

မည်သို့ပင်ဖြစ်စေ အပြစ်ရှိစိတ်ကတော့ ကင်းဝေးလိမ့်မည် မဟုတ်ဟု ထင်မိသည်။

ထို့အပြင် သူ ကျွန်မကို ကြည့်ပြီး ပြင်းထန်သော အပြစ်ရှိစိတ်ထဲတွင် နစ်မွန်းနေရခြင်းက၊ ကျွန်မ အလိုရှိဆုံးအရာလည်းဖြစ်၏။

လမ်းခွဲသည့်အခါ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးတတ်သော ချစ်သူများလည်း ရှိကြသည်ဆိုသည့်တိုင်၊ ယင်းက သာမန် လမ်းခွဲမှုမျိုးတွင်သာ ဖြစ်ပေလိမ့်မည်။

တစ်ဖက်သတ် ကွာရှင်းပြတ်စဲခြင်းကို ခံရမည့် အခြေအနေတွင်၊ ကျွန်မအနေနှင့် သူ၏ စိတ်နှလုံးကို သက်သာရာရအောင် လုပ်ပေးရန် လိုအပ်ပါဦးမည်လား။

မလိုပေ။

“ဝတ်စုံ ပြောင်းဝတ်မယ်။”

ခေတ္တ စိတ်မကောင်းစရာ အခြေအနေထဲတွင် ရပ်နေခဲ့ပြီးနောက်၊ ကျွန်မ နယ်စားကတော် အယ်လီဇာကို အကူအညီတောင်းကာ အပြာရောင် ဝတ်စုံကို ချွတ်လိုက်သည်။

ထိုအစား ရိုးရှင်းပြီး အဆင်တန်ဆာ နည်းပါးသည့်အပြင် အလှဆင်ထားခြင်းလည်း မရှိသလောက်ဖြစ်သော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်လိုက်၏။

ရဲရဲဝံ့ဝံ့ အသွင်အပြင်ဖြင့် ထွက်သွားရမည်လား၊ သို့မဟုတ် ယင်းနှင့် ဆန့်ကျင်ဘက် ဆိုဗီရ်ရှု၏ အပြစ်ရှိစိတ်ကို လှုံ့ဆော်ပေးနိုင်မည့် အသွင်မျိုးကို ရွေးချယ်ရမည်လားဟု စဉ်းစားတွေးတောပြီးနောက် ရွေးချယ်ခဲ့သော ဝတ်စုံပင်။

ယခုအချိန်တွင် သူ၏ အပြစ်ရှိစိတ်ကို အစွမ်းကုန် လှုံ့ဆော်ပေးချင်မိသည်။

ဆံပင်ကိုလည်း လျော့တိလျော့ရဲသာ စည်းနှောင်ပြီး ထွက်လာခဲ့၏။

အရေးပေါ် နိုင်ငံတော် ကောင်စီညီလာခံ ကျင်းပမည့် နေရာက အခစားဝင်တွေ့ဆုံခန်းပင်။

အခစားဝင်တွေ့ဆုံခန်းရှေ့သို့ ရောက်သွားတော့ အရှေ့တွင် စောင့်ကြပ်နေသော ကိုယ်ရံတော် စစ်သည်တော်များက ကျွန်မနှင့် မျက်လုံးချင်း တည့်တည့်ပင်မဆုံဝံ့ကြဘဲ တံခါးဖွင့်ပေးခဲ့ကြသည်။

အတွင်းသို့ ဝင်လိုက်သည်နှင့် မှူးမတ်များနှင့် အရာရှိကြီးများ၏ အကြည့်များက တစ်ပြိုင်နက်တည်း ကျွန်မထံသို့ စုပြုံရောက်ရှိလာတော့၏။

သူတို့၏ မျက်လုံးများထဲတွင် အမျိုးမျိုးသော ခံစားချက်များ ပေါ်လွင်နေသည်။

အခစားဝင်တွေ့ဆုံခန်းအတွင်းပိုင်းက အလွန်ပင် တိတ်ဆိတ်နေ၏။

ရေတစ်စက် ကျလိုက်လျှင်ပင် ထို ‘တောက်’ ဟူသော အသံကို ကြားရလောက်အောင် အေးစက်သော တိတ်ဆိတ်မှုက လွှမ်းမိုးနေသည်။

ဆိုဗီရ်ရှုက ယှဉ်တွဲလျက် ရှိနေသော ရာဇပလ္လင်၏ တစ်ဖက်တွင် ထိုင်နေရင်း ကျွန်မကို စိုက်ကြည့်နေ၏။

ကျွန်မ ခါးကို မတ်မတ်ဆန့်ကာ ရာဇပလ္လင်ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။

ဘာကိစ္စမျှ မရှိခဲ့သလို၊ ဘာသတင်းမျှ မကြားခဲ့ရသလို တည်ငြိမ်စွာပင် ဆိုဗီရ်ရှု၏ ဘေးနားတွင် ထိုင်လိုက်၏။

ထိုအခြေအနေအတိုင်း ငြိမ်သက်စွာ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း ဘေးနားတွင် ဂနာမငြိမ်ဖြစ်နေသော ဆိုဗီရ်ရှုကို ခံစားမိနေရ၏။

သူက ပေါင်ပေါ်တွင် တင်ထားသော လက်ချောင်းများကို အဆက်မပြတ် ကွေးလိုက်ဆန့်လိုက် လုပ်နေကြောင်း အရိပ်အမြွက် မြင်တွေ့နေရသည်။

“……ဧကရီ။”

အတန်ကြာမှသာ ဆိုဗီရ်ရှုက ကျွန်မကို လှမ်းခေါ်ခဲ့သည်။

ကျွန်မ ယခုမှသာ သူ့ကို သေသေချာချာ လှည့်ကြည့်လိုက်မိ၏။

မျက်လုံးချင်း ဆုံမိသည်နှင့်တစ်ပြိုင်နက် သူက တင်းမာသော မျက်နှာထားဖြင့် တောင်းပန်လာခဲ့သည်။

“တောင်းပန်ပါတယ်။ ဒါပေမဲ့ လုံးဝ…”

“တောင်းပန်ဖို့မလိုပါဘူး။”

“....”

“လက်ခံဖို့ စိတ်ကူးမရှိတာမို့လို့၊ အရှင်ဧကရာဇ်အနေနဲ့လည်း မပြောပါနဲ့တော့။”

“ဧကရီ။ ငါက……”

ဆိုဗီရ်ရှုက တစ်စုံတစ်ရာကို ပြောရန်ကြိုးစားခဲ့သော်လည်း၊ တိတ်ဆိတ်နေသော တံခါးကြီး ပွင့်သွားသဖြင့် ပါးစပ်ပိတ်သွား၏။

ကျွန်မ အဓိပ္ပာယ်မဲ့စွာ လေဟာနယ်ကို စိုက်ကြည့်နေရာမှ ပွင့်သွားသော တံခါးဆီသို့ ကြည့်လိုက်မိသည်။

အထွတ်အမြတ် ဘုန်းတော်ကြီး ဝင်ရောက်လာပေပြီ။

ထပ်မံ၍ ကြက်သီးထဖွယ်ကောင်းသော တိတ်ဆိတ်မှု ရောက်ရှိလာပြန်၏။

အထွတ်အမြတ် ဘုန်းတော်ကြီးက မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ကျွန်မတို့အနားသို့ ချဉ်းကပ်လာကာ ရပ်လိုက်သည်။

မှူးမတ်များက အချင်းချင်း အကြည့်ဖလှယ်ရင်း ဝင်သက်ထွက်သက်ကိုပင် ထိန်းချုပ်ထားကြ၏။

ခေတ္တမျှ ကြာပြီးနောက်။

ဆိုဗီရ်ရှု ရာဇပလ္လင်မှ ထရပ်လိုက်သောအခါ မှူးမတ်များက တစ်ပြိုင်နက်တည်း သူ့အား ဂါရဝပြု နှုတ်ဆက်ကြသည်။

ဆိုဗီရ်ရှုက လက်ကို ဝှေ့ယမ်းကာ သူတို့၏ ဂါရဝပြုမှုကို လျစ်လျူရှုလိုက်ပြီးနောက်၊ လေးလံသော လေသံဖြင့် စကားစခဲ့၏။

“ကျုပ် ဧကရီ နာဗီရယ်နဲ့ ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ထားတယ်။”

အထွတ်အမြတ် ဘုန်းတော်ကြီးက ကျွန်မနှင့် ဆိုဗီရ်ရှုကို သီးသန့်စီ တွေ့ဆုံမေးမြန်းကတည်းက ကြိုတင်သိရှိထားကြမည့် ကိစ္စဖြစ်သော်လည်း။

မှူးမတ်များက ပထမဆုံးအကြိမ် ကြားသိရသည့်အလား အံ့ဩတကြီး ပင့်သက်ရှိုက်သံများ ထွက်လာခဲ့ကြသည်။

တီးတိုးပြောဆိုသံများက ဆီပန်းကန်ထဲသို့ မီးတောက် ကျရောက်သလို ဝုန်းခနဲ ပျံ့နှံ့သွား၏။

“အရှင်ဧကရာဇ်၊ ပြန်လည်စဉ်းစားပေးတော်မူပါ။”

“အရှင်ဧကရာဇ်၊ ဒါကတော့ မဖြစ်သင့်ပါဘူး။”

“အရှင်ဧကရာဇ်……”

အလားတူ တားမြစ်ကန့်ကွက်သံများ နေရာအနှံ့မှ ထွက်ပေါ်လာတော့သည်။

ကျွန်မ တတ်နိုင်သမျှ မျက်နှာသေကို ထိန်းသိမ်းထားရင်း ငြိမ်သက်စွာ အရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေခဲ့၏။

လူအများစု၏ ရှေ့မှောက်တွင် ကွာရှင်းပြတ်စဲခြင်းကို ကြေညာခံရသည့် ကိစ္စက၊ မည်မျှပင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်ဟုဆိုပါစေ အင်မတန် အရှက်ရစရာ ကောင်းလှသည်။

တတ်နိုင်သမျှ ဤခံစားချက်ကို မဖော်ပြမိစေရန် တားဆီးခြင်းကသာ၊ ယခုအချိန်တွင် ကျွန်မ၏ မာနကို ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။

“ဆုံးဖြတ်ပြီးသား ကိစ္စပဲ။”

ဆိုဗီရ်ရှုက ပြတ်သားစွာပင် မှူးမတ်များ၏ တားမြစ်ကန့်ကွက်မှုများကို ဖြတ်တောက်ပစ်လေသည်။

ထို့နောက်တွင် အချိန်များ မည်သို့ ကုန်ဆုံးသွားခဲ့သည်ကို မသိတော့ပေ။

မှတ်မိသည်က မကြာမီ ကွာရှင်းပြတ်စဲမှုဆိုင်ရာ တရားခွင် စတင်မည်ဟူသော အချက်သာ။

တရားခွင်ဟု ဆိုသော်လည်း၊ တကယ်တမ်း တရားစီရင်ခြင်းမျိုးကို လုပ်ဆောင်မည်ဟူသည့် သဘောတော့ မဟုတ်ပေ။

ပထမဆုံးသော ကွာရှင်းပြတ်စဲမှုဆိုင်ရာ တရားခွင်တွင် အထွတ်အမြတ် ဘုန်းတော်ကြီးက ကျွန်မ၊ ဆိုဗီရ်ရှုနှင့် မှူးမတ်များကို ခေါ်ယူစုဝေးစေပြီးနောက်၊ ကွာရှင်းပြတ်စဲမှုကို သဘောတူလက်ခံမည်လားဟူ၍ ကျွန်မအား မေးမြန်းမည့် ကိစ္စသာ ဖြစ်ပေလိမ့်မည်။

ညီလာခံ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကျွန်မထံသို့ သနားဂရုဏာ သက်သော အကြည့်များ ကပ်ပါလာတော့သည်။

ထိုအကြည့်များကို အတတ်နိုင်ဆုံး လျစ်လျူရှုရင်း၊ ကျွန်မ ပုံမှန်အရှိန်အဟုန်ဖြင့် အခစားဝင်တွေ့ဆုံခန်းမှ ထွက်ခွာလာ၏။

သို့သော်လည်း အခစားဝင်တွေ့ဆုံခန်းမှ ထွက်လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ရက်ရှ်တာကို တွေ့လိုက်ရသည်။

သူက မလှမ်းမကမ်းတွင် ရပ်နေ၏။

အတိတ်တစ်ချိန်က လုပ်ခဲ့ဖူးသလို၊ တိုင်လုံးကြီး၏အကွယ်တွင် ရပ်နေရင်း ကိုယ်တစ်ဝက်သာ ဖော်ပြကာ ကျွန်မကို စိုက်ကြည့်ခြင်းပင်။

မျက်လုံးချင်းဆုံသွားတော့ သူက ကျွန်မကို သနားစရာ ကောင်းသည်ဟူသော မျက်နှာထားဖြင့် မျက်ခုံးများကို ပင့်ခဲ့သည်။

ထို့နောက်တွင် အနားသို့ အလျင်အမြန် ချဉ်းကပ်လာကာ ပြောလေ၏။

“အရှင်ဧကရာဇ်ကလည်း လွန်လွန်းပါတယ်။ ဒီလိုမျိုး လူအများကြီး ရှေ့မှာ……”

ကျွန်မကို သနားစရာအဖြစ် ကြည့်နေသော မျက်နှာထားက လုံးဝ ငိုမဲ့မဲ့ အသွင်သို့ ပြောင်းလဲသွားပြီး၊ သူက ရှိုက်ကြီးတငင်ဖြင့် စကားဆက်ခဲ့သည်။

“ဧကရီ အရှင်မက ရက်ရှ်တာကို မုန်းခဲ့ပေမဲ့၊ ရက်ရှ်တာကတော့ ဧကရီ အရှင်မကို မမုန်းခဲ့ပါဘူး။ ဧကရီ အရှင်မ မရှိတော့ရင်တောင် ရက်ရှ်တာက ဧကရီ အရှင်မကို ဆက်ဆက် မှတ်မိနေပေးပါ့မယ်။”

ကျွန်မကပဲ သေဒဏ်ပေးခံရမည့် ကွပ်မျက်စင်သို့ သွားနေရသလို ထိုသို့သော သဘောမျိုး သက်ရောက်နေသည်။

စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် သူနှင့် စကားဖက်ပြောနေ၍ ဘာထူးမည်နည်း။

“မှတ်မိပေးနေစရာ မလိုဘူး။”

ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် ဥယျာဉ်ထဲသို့ ဝင်လာခဲ့သည်။

ဟိုင်န်ရီက မြို့စားမင်း အယ်ရ်ဂီ၏ အခန်းတွင် တွေ့ဆုံရန် ပြောခဲ့သည်မဟုတ်ပါလား။

သို့သော်လည်း ယခုအချိန်တွင် လူတို့က ကျွန်မထံသို့ အလွန်အမင်း စုပြုံနေကြသဖြင့်၊ အနည်းငယ် လှည့်ပတ် သွားလာရင်း အချိန်ကုန်စေပြီးမှ သူ့ထံသို့ သွားရန် စိတ်ကူးလိုက်သည်။

ကျွန်မ ရည်ရွယ်ချက်ရှိရှိဖြင့် ပုံမှန်အတိုင်း နှစ်သက်ခံစားနေကျ ဥယျာဉ်ကို လှည့်ပတ် လမ်းလျှောက်နေရင်း အနောက်မှ လိုက်ပါလာသော ကိုယ်ရံတော်များကို ပြောလိုက်၏။

“အခု တစ်ယောက်တည်း နေချင်တယ်။”

ကွာရှင်းပြတ်စဲမှုကို ရင်ဆိုင်ရတော့မည့် ဧကရီ၏ စကားက ထိရောက်မှု အလွန် ရှိလှပေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျွန်မကို တိုက်ခိုက်မည့်သူလည်း မရှိနိုင်သဖြင့် ကိုယ်ရံတော်များက အလျင်အမြန်ပင် ဆုတ်ခွာသွားခဲ့ကြ၏။

ကျွန်မ သူတို့ကို ပြုံးပြလိုက်ပြီးနောက် အနည်းငယ် ပို၍ လမ်းလျှောက်နေခဲ့ကာ၊ သင့်တော်သော အချိန်ရောက်တော့ တောင်နန်းဆောင်သို့ သွားပြီး မြို့စားမင်း အယ်ရ်ဂီ တည်းခိုရာ အခန်းကို ရှာဖွေခဲ့သည်။

တံခါးခေါက်လိုက်တော့ အတွင်းမှ “ဘယ်သူလဲခင်ဗျ” ဟူသော အသံ ထွက်ပေါ်လာ၏။

မြို့စားမင်း အယ်ရ်ဂီ၏ အခန်းသို့ လာရန် ပြောခဲ့ခြင်းဖြစ်၍၊ ဟိုင်န်ရီကလည်း မြို့စားမင်းအား ကျွန်မ ရောက်ရှိလာမည့်အကြောင်း ကြိုတင် ပြောကြားထားခဲ့ပေလိမ့်မည်။

သို့သော်လည်း စိတ်မချရသဖြင့်၊ တမင်ပင် မရေမရာ ပြန်ဖြေကြားလိုက်သည်။

“ကျွန်မပါ။”

မြို့စားမင်း အယ်ရ်ဂီ၏ အခန်းသို့လာရန် ပြောခဲ့ခြင်းဖြစ်၍၊ ဟိုင်န်ရီသည်လည်း မြို့စားမင်းအား ပြောကြားထားခဲ့ပေလိမ့်မည်။

ခေတ္တ စောင့်ဆိုင်းနေစဉ်၊ တံခါးဆီသို့ အလျင်အမြန် ချဉ်းကပ်လာသော အသံကို ကြားလိုက်ရသည်။

တံခါး ပွင့်သွား၏။

ကျွန်မ ကြမ်းပြင်ကို ငုံ့ကြည့်နေရာမှ၊ တတ်နိုင်သမျှ သာမန် မျက်နှာထားဖြင့် ခေါင်းကို မော့ကြည့်လိုက်မိသည်။

သို့သော်လည်း တံခါးဖွင့်ပေးခဲ့သူက မြို့စားမင်း အယ်ရ်ဂီ မဟုတ်ပေ။

ဟိုင်န်ရီပင်။

“ဟိုင်န်ရီ။”

မြို့စားမင်း အယ်ရ်ဂီက ဘယ်သွားလို့ အခုကတည်းကလဲ။

နေပါဦး၊ ကျိန်းသေပေါက် ဒီမှာ တွေ့ကြဖို့ သဘောတူထားခဲ့တာ ဆိုပေမဲ့လည်း……

ခေတ္တ ကြောင်သွားစဉ်၊ ဟိုင်န်ရီက ကျွန်မကိုကြည့်ရင်း ရွှန်းရွှန်းစားစား ပြုံးပြလာခဲ့သည်။

“ကွီးန်။”

“ဘယ်လိုလုပ်ပြီး ဒီကို……”

“တောက်လျှောက် စောင့်နေခဲ့တာပါ။ အမြဲတမ်း စောင့်နေခဲ့တာ ဆိုပေမဲ့လည်း၊ ဒီနေ့ကတော့ နည်းနည်းလေး ပိုပြီး နီးနီးကပ်ကပ် စောင့်ဆိုင်းနေတာပါ။”

ကျွန်မ အခန်းထဲသို့ ဝင်လိုက်သည်နှင့်၊ ဟိုင်န်ရီက တံခါးကို ပိတ်ပြီးနောက် ကျွန်မဘက်သို့လှည့်ကာ ထပ်မံ၍ ပြုံးပြခဲ့ပြန်သည်။

ထို့နောက်တွင် စိတ်လှုပ်ရှားနေသည့်အလား ခြေထောက်ကို အသာအယာ လှုပ်ယမ်းရင်း၊ ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကာ လက်နှစ်ဖက်ကို အသာအယာ ဖြန့်ပြလာ၏။

ဧကန္တ……ပွေ့ဖက်မလို့များလား။

ထိုသို့သော ပုံစံမျိုးပင်။

‘ပွေ့ဖက်လို့ရော ရမလား။’

ကျွန်မ တွေဝေနေမိရာမှ အိုးတိုးအမ်းတမ်းနှင့် သူ့ထံတွင် ခေါင်းကို အသာအယာ မှီလိုက်မိသည်။

သူ၏ ရင်ဘတ်ပေါ်သို့ အနေခက်စွာဖြင့် ကျွန်မ၏ ပါးပြင်က ထိတွေ့သွား၏။

ထိုအခြေအနေအတိုင်း မတ်မတ်ရပ်နေသည့် အနေအထားကို ထိန်းသိမ်းထားမိရာ၊ ထိုပုံစံက အလွန်ပင် ရယ်စရာကောင်းနေ၍လားမသိ ဟိုင်န်ရီက အကျယ်ကြီး ရယ်လေတော့၏။

မျက်နှာတစ်ခုလုံး ပူနွေးလာသဖြင့် ခေါင်းပြန်မော့ရန် ပြင်လိုက်စဉ်၊ သူက အလျင်အမြန်ပင် ရယ်သံကို ထိန်းချုပ်လိုက်ပြီးနောက် မေးလာသည်။

“ကွီးန်။ တင်းတင်းဖက်ထားလို့ရော ရမလား။”

“ရပါတယ်။”

ပြန်ဖြေလိုက်သည်နှင့်တစ်ပြိုင်နက် သူက ကျွန်မကို တင်းကျပ်စွာ ပွေ့ဖက်တော့သည်။

ထိုအခါ အနေခက်စွာ ထိတွေ့နေခဲ့သော ကျွန်မ၏ ၍ခေါင်းက သူ၏ ရင်ဘတ်ပေါ်သို့ အံဝင်ခွင်ကျ ဖြစ်သွားကာ လည်ပင်းတစ်ဝိုက်သို့ သူ၏ ဆံနွယ်များ ထိတွေ့လာ၏။

သူ၏ ဆံနွယ်များက ငှက်မွေးလေးများလို နူးညံ့လွန်းလှသဖြင့် အလကားနေရင်း ယားကျိကျိဖြစ်လာသည်။

သို့သော်လည်း ထိတွေ့မှုဧရိယာ ကြီးမားလာတော့ အနေခက်သော ခံစားချက်က ပို၍ ပြင်းထန်လာ၏။

နောက်ဆုံးတွင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ဆက်လက်၍ မတ်မတ်ရပ်သည့် အနေအထားကိုသာ ထိန်းသိမ်းထားမိရာ၊ ဟိုင်န်ရီ၏ ပုခုံးက အသာအယာ တုန်ခါသွားသည်။

ဟိုင်န်ရီက ထိုအခြေအနေအတိုင်း တီးတိုးကပ်ပြောလာ၏။

“အားလုံး ကြားပြီးပါပြီ။”

“ဘာကို…… အာ။”

ဒီနေ့ အရေးပေါ် နိုင်ငံတော် ကောင်စီညီလာခံအကြောင်း ကြားခဲ့တာကိုး။

အလွန်ကြီးမားသော သတင်းဖြစ်၍ တောင်နန်းဆောင်အထိပါ ကောလာဟလက ချက်ချင်း ပျံ့နှံ့သွားခဲ့ပေလိမ့်မည်။

နိုင်ငံတော် ကောင်စီညီလာခံက နာရီပေါင်းများစွာ ဆက်တိုက် ကျင်းပနေခဲ့ခြင်း ဖြစ်သလို၊ ကျွန်မကိုယ်တိုင်လည်း ညီလာခံ ပြီးဆုံးသွားသည်နှင့် ချက်ချင်း လာခဲ့ခြင်းမျိုး မဟုတ်သောကြောင့်ပင်။

သူ၏ အသံက နိမ့်ပြီးလေးလံသော်လည်း အားမပါပေ။

“ကျွန်မ အဆင်ပြေပါတယ်။”

ကျွန်မ အနေခက်စွာ သတိအနေအထားနှင့် ရပ်နေခဲ့သော လက်မောင်းများကို ကွေးပြီး သူ၏ ကျောပြင်ကို ပုတ်ပေးလိုက်မိသည်။

“တကယ် အဆင်ပြေပါတယ်။”

သူ ရုတ်တရက် စိတ်မကောင်းဖြစ်သွားပုံရသဖြင့် နှစ်သိမ့်ပေးရန် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်ဖြစ်သော်လည်း။

ကျွန်မ၏လက် သူ့ကျောပြင်သို့ ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် ဟိုင်န်ရီ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို ခံစားလိုက်ရ၏။

အင်မတန် တုန်လှုပ်သွားပုံရသဖြင့်၊ ကျွန်မ ထပ်မံ၍ လက်ကို သတိအနေအထားသို့ ပြန်ပြောင်းရင်း ပြောလိုက်သည်။

“ရှင် ရောက်လာပေးလို့ တကယ် အဆင်ပြေပါတယ်။”

ဟိုင်န်ရီက ဖြည်းဖြည်းချင်း ကျွန်မကို လွှတ်ပေးပြီးနောက် အနောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်ခွာသွားခဲ့သည်။

ထို့နောက်တွင် ခြေထောက်တစ်ဖက်ကို ဒူးထောက်လိုက်ကာ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်ကအတိုင်း ကျွန်မထံသို့ လက်ကို ကမ်းပေးလာ၏။

သူ ကမ်းပေးလာသော လက်ပေါ်သို့ ကျွန်မ၏ လက်ကို တင်လိုက်တော့ ဟိုင်န်ရီက မျက်လုံးမှိတ်ကာ ကျွန်မ၏ လက်ဖမိုးပေါ်သို့ နမ်းခဲ့လေသည်။

ထိုအခြေအနေအတိုင်း သူက ဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်လာပြီး ကျွန်မနှင့် မျက်လုံးချင်း ဆုံကြည့်ရင်း ပြောလာ၏။

“ကွီးန်အနေနဲ့ တစ်ယောက်တည်း ရပ်တည်ရမဲ့ အချိန်က တိုတောင်းစေဖို့ မျှော်လင့်ပါတယ်။”

“ရှင့်ကျေးဇူးကြောင့် ဖြစ်နိုင်မှာပါ။”

“ကွီးန် ကွာရှင်းပြတ်စဲပြီးတာနဲ့၊ ချက်ချင်း ပြန်လည် ထိမ်းမြားခွင့် အတည်ပြုချက်ကို ရယူချင်ပါတယ်။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၀၂ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
spark7825

5 days ago

ငွေလွှဲထားပါတယါ ပုံပို့တာမရလို့ပါ ဘယ်လိုလုက်ဆောင်ရမလဲ