no

Font
Theme

အပိုင်း ၇၅ (အရုဏ်မတက်မီက အမှောင်ဆုံးအချိန်)

မိတ်ဆွေကောင်းများ မရှိတော့သည့်အတွက် အင်မတန် အထီးကျန်နေလိမ့်မည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် ဆန့်ကျင်ဘက်ပင်။

ကျွန်မ ပို၍အလုပ်များလားသည်။

ဆိုဗီရ်ရှုက 'ပထမဆုံးရင်သွေး' မွေးဖွားခြင်းကို ဂုဏ်ပြုရန်အတွက် ခမ်းနားသောပါတီတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်သည့်အတွက်ကြောင့်ပင်။

“မတက်ဘဲနေမှဖြစ်ပါမယ်။”

လော်ရာက ဒေါသတကြီးဖြင့် ရှူးရှူးရှားရှား ပြောလာသည်။

“အားလုံး စုပေါင်းပြီးတော့ဖြစ်ဖြစ်၊ မဟုတ်ရင်တောင် ရင်းနှီးတဲ့သူတွေကတော့ အဲ့ဒီပါတီကို လုံးဝ မတက်သင့်ပါဘူး။”

သို့သော် သာမန်ပါတီနှင့် အထိမ်းအမှတ် ဂုဏ်ပြုပါတီက တာဝန်ဝတ္တရားအရ ကွာခြားမှုရှိသည်။

ပထမဆုံးရင်သွေးအတွက် ဂုဏ်ပြုသည့်ပွဲကို မလာဘဲနေလျှင် ဆိုဗီရ်ရှုရဲ့ အမြင်စောင်းခြင်းကို ခံရနိုင်ခြေရှိ၏။

ကျွန်မ စိတ်သက်သာရာရလိုရငြား မိတ်ဆွေများကို ထိုသို့ အကူအညီတောင်းခြင်းမျိုးတော့ မလုပ်လိုပေ။

“အဲ့ဒီလိုတော့ မလုပ်ကြပါနဲ့။”

မတတ်သာသည့်အဆုံး ဖျောင်းဖျလိုက်သည့်တိုင် ကျွန်မကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်မိသည်။

လူပုံလယ်တွင် သူ၏ကိုယ်ဝန်အတွက် ဂုဏ်မပြုလိုပေ။

ရက်ရှ်တာ ဧကရာဇ်၏ရင်သွေး လွယ်ထားရခြင်းကို လူတိုင်းက ဂုဏ်ပြုနေကြချိန်တွင် တည်တည်ငြိမ်ငြိမ်နှင့် ပြုံးမနေလို။

လူတို့က ကျွန်မကို ကြည့်ပြီး တိုးတိုးတိုးတိုး ပြောနေကြချိန်တွင် ဘာမှမသိသလို ဟန်မဆောင်ချင်ပေ။

သို့သော် သတ်မှတ်ပြီးသားပါတီကို ပြန်ဖျက်၍မရနိုင်တော့။

ဆိုဗီရ်ရှု ပါတီကျင်းပရန် ဆုံးဖြတ်ပြီး လေးရက်မြောက်နေ့။

ကျွန်မ စက်ရုပ်တစ်ရုပ်လို ဟိုဟိုဒီဒီ ညွှန်ကြားချက်များပေးရင်း လှည့်ပတ်နေခဲ့ပြီး နောက်ဆုံးတွင် ထွက်ပြေးချင်စိတ်နှင့် ပင်မနန်းဆောင်၏ ဆိတ်ငြိမ်သောနေရာမှ ထိုင်ခုံတစ်ခုဆီသို့ သွားလိုက်သည်။

ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ခဏခဏဆိုသလို တက်လာသော ဒေါသကို ဖိနှိပ်မျိုသိပ်နေရ၏။

လွန်ခဲ့သော လေးရက်က ‘ပထမဆုံးရင်သွေး’ အတွက် ပါတီကျင်းပမည်ဆိုသည့်အကြောင်း လာပြောခဲ့သူမှာ ဆိုဗီရ်ရှု၏ အတွင်းရေးမှူးပင်။

ဆိုဗီရ်ရှုက ပါးနပ်စွာ အတွင်းရေးမှူးကို လွှတ်ကာ သတင်းစကားပါးခိုင်းပြီးနောက် သူကိုယ်တိုင်ကမူ အခြားဒေသများကို ကွင်းဆင်းလေ့လာရေးထွက်သွား၏။

ထိုနောက်ပိုင်း သူ့ကို လုံးဝ မတွေ့ရတော့ပေ။

ယခုလို စိတ်အခြေအနေမျိုးနှင့်သာဆိုလျှင် တွေ့တွေ့ချင်း သူ့ခြေဖမိုးကို တက်နင်းမိလေမည်လား။

ထိုသို့ တစ်ယောက်တည်း ဒေါသဖြေနေစဉ် တစ်ဖက်မှ ခြေသံများ နီးကပ်လာသည်။

ခေါင်းပင်မမော့ချင်၍ လက်နှင့်မျက်လုံးကို ကွယ်ထားလိုက်၏။

အရာရှိဖြစ်ဖြစ်၊ နန်းတွင်းသူဖြစ်ဖြစ်၊ အစောင့်ပဲဖြစ်ဖြစ်၊ သင့်တော်သလို လှည့်ပြန်သွားခြင်းဖြစ်စေ၊ ဤအတိုင်း ကျော်သွားခြင်းဖြစ်စေ လုပ်လိမ့်မည်ဟု တွေးခဲ့ခြင်းပင်။

“……”

သို့သော် ခြေသံများက ကျွန်မရှေ့မှာတင် ရပ်တန့်သွားသည်။

အခြားနေရာသို့လည်း ထွက်မသွားပေ။

လက်ကိုချပြီး ခေါင်းမော့ကြည့်လိုက်တော့ အရှေ့တွင် ဆိုဗီရ်ရှု ရပ်နေ၏။

ယခုလေးတင် ကွင်းဆင်းလေ့လာရေးမှ ပြန်ရောက်လာပုံရကာ နန်းတော်ထဲတွင် ဝတ်နေကျ အဝတ်အစားမျိုး မဟုတ်ပေ။

နက်မှောင်သော အညိုရင့်ရောင်အစကို ပခုံးပေါ်တွင် ရုံထားပြီး လှုပ်ရှားရလွယ်ကူသော အပေါ်အင်္ကျီကို ဝတ်ထားသည်။

သူ၏ အနက်ရောင်ဆံပင်များက ဖရိုဖရဲဖြစ်နေ၏။

မျက်လုံးချင်းဆုံမိတော့ သူက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလာသည်။

“နေမကောင်းဘူးလား။”

ခပ်လှမ်းလှမ်းမှ ပစ္စည်းများကို ဟိုမှာထား၊ ဒီမှာထားဟု ညွှန်ကြားနေသံများကို ကြားနေရသည်။

နားလည်ရန်ခက်သော အသံမျိုးစုံလည်း ရောထွေးနေ၏။

“ဘာမှမဖြစ်ပါဘူး။ အရှင်ဧကရာဇ်ရော အခုတင် ပြန်ရောက်တာလား။”

“ဒါနဲ့…… တကယ်ပဲ အဆင်ပြေတာရော ဟုတ်ရဲ့လား။”

“အဆင်ပြေပါတယ်။”

ဆိုဗီရ်ရှု မလာခင်အထိ သူ့ခြေဖမိုးကို နင်းလိုက်ရလျှင်ကောင်းမည်ဟု စိတ်ကူးယဉ်နေခဲ့ခြင်းဖြစ်သော်လည်း ဘယ်လိုများ ဤနေရာတွင် လာဆုံရသလဲ မသိတော့ပေ။

ဤနေရာတွင် ဆက်ထိုင်နေရန် ခက်သွားပြီဟု တွေးမိသဖြင့် ထိုင်ခုံမှထကာ တွန့်ကြေနေသော စကပ်နားများကို သေသပ်အောင် ပြုပြင်လိုက်သည်။

“ပင်ပန်းနေမှာဆိုတော့ ဒီနေ့ အထဲဝင်ပြီး အနားယူလိုက်ပါဦး။”

ကျွန်မ သင့်တော်သလို နှုတ်ဆက်စကားပြောပြီး ပြုံးပြကာ လှည့်ထွက်ခဲ့သည်။

သို့သော် ဆိုဗီရ်ရှုက တစ်ဖန်ထပ်ပြီး ယခင်မေးခွန်းကိုသာ မေးလာပြန်သည်။

“တကယ်ရော အဆင်ပြေရဲ့လား။”

မေးခွန်းက အတူတူပဲဆိုသော်လည်း ယခုတစ်ကြိမ်တွင် အဓိပ္ပာယ်က တစ်မူထူးနေသည်။

လှည့်ကြည့်လိုက်တော့ သူက ကျွန်မ၏ စိတ်ထဲကို ဖောက်ထွင်းအကဲခတ်တော့မည့်အလား အနက်ရောင် မျက်လုံးများနှင့် စိုက်ကြည့်နေ၏။

တစ်နေရာရာမှ တစ်စုံတစ်ရာ လောင်ကျွမ်းနေသည့် အနံ့မျိုး ရနေသည်။

ကျွန်မ ထိုင်ခုံတွင် ပျော့ခွေနေသည်ကိုမြင်၍ မေးသည့်မေးခွန်းမျိုး မဟုတ်သည့်ပုံပင်။

“အဆင်ပြေပါတယ်။”

သို့သော် ကျွန်မက ဘာမှမသိသလိုသာ ပြန်ဖြေကာ ပြုံးပြလိုက်သည်။

သို့ရာတွင် ဆိုဗီရ်ရှုက သူ၏စိတ်ကို တဲ့တိုးပြောလာ၏။

“ဧကန္တ၊ ငါ ကလေးအတွက် ဂုဏ်ပြုပါတီ ကျင်းပပေးတာကို မကျေနပ်တာမျိုး မဖြစ်ဘူးလား။”

ကြောင်အသွားရလောက်အောင် တဲ့တိုးဆန်သော မေးခွန်းပင်။

ထိုမေးခွန်းမျိုးကို မေးထားပြီး ဆိုဗီရ်ရှုက ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်နေသေးသည်။

ပြန်ရောက်ရောက်ချင်း ဤအကြောင်း မေးသည်ဆိုလျှင် သူကိုယ်တိုင်လည်း ညွှန်ကြားချက်ပေးပြီးနောက်မှ စိတ်ထဲ မတင်မကျဖြစ်နေပုံရသည်ဟု ကောက်ချက်ချ၍ရမည်လား။

ထိုသို့ကောက်ချက်ချလျှင်ပင် ကျွန်မက လိုသည်ထက်ပိုပြီး တွေးမိသည်ဟုတော့ ပြော၍မရနိုင်ပေ။

မည်သို့ပင်ဆိုစေ ကျွန်မ ပွင့်ပွင့်လင်းလင်းသာ ပြန်ဖြေလိုက်သည်။

“တက်ရောက်ဖို့တောင် မလိုလားတာကို၊ ဦးစီးကျင်းပပေးရမယ်ဆိုတော့ ပိုပြီးမနှစ်မြို့တာက သဘာဝပဲမဟုတ်လား။”

“ဧကရီကတော့ ထုံးစံအတိုင်း သွေးအေးမြဲပါပဲလား။ အသည်းမာပြီး အကြင်နာတရားလည်း မရှိဘူး။”

“ကျွန်မ မုန်းတဲ့အရာမှန်း သိသိကြီးနဲ့ ပါတီကျင်းပဖို့ ညွှန်ကြားခဲ့တဲ့ အရှင်ဧကရာဇ်ကလည်း အတူတူပါပဲ။”

ဆိုဗီရ်ရှုက သက်ပြင်းတစ်ချက် အသာချပြီးနောက် နားထင်ကို ဖိလိုက်သည်။

သူ့စိတ်ထဲတွင် ကျွန်မကို ဘယ်လိုမိန်းမမျိုးဟု တွေးနေမည်မှာ ထင်ရှားလှ၏။

အေးစက်ခက်ထန်ပြီး အကြင်နာတရားမရှိသည့် ပုံရိပ်အားလုံးကို ကျွန်မနှင့် ယှဉ်ကြည့်နေမည်ပင်။

“……ငါ ဘာလို့ ဒီပါတီကို ကျင်းပမှန်း မသိဘူးလား။”

“သိမှဖြစ်မှာလား။”

မည်သို့ပင်ဖြစ်စေ အကြောင်းရင်းက အသိသာကြီးမဟုတ်ပါလား။

ရက်ရှ်တာကို အလိုလိုက်လိုခြင်းဖြစ်စေ။

ပထမဆုံးရင်သွေးရလာသည်ကို ဝမ်းသာခြင်းဖြစ်စေ။

သို့မဟုတ် ကျွန်မကို စိတ်ထိခိုက်စေလို၍ဖြစ်စေ။

ဤအကြောင်းရင်း သုံးခုစလုံး ဖြစ်နိုင်သည်လားလည်း မသိပေ။

“ဧကရီက ပြောခဲ့တယ်မဟုတ်လား။ ရက်ရှ်တာ မွေးမဲ့ကလေးက ဧကရာဇ်ရဲ့ကလေး မဟုတ်ဘူးဆိုပြီး။”

“……”

“ဟုတ်တယ်၊ ဧကရီ ပြောသလို တစ်နေ့နေ့မှာ ဖြစ်ကောင်း ဖြစ်လာမလား မသိပေမဲ့ အနည်းဆုံးတော့ ငါတို့ အသက်ရှင်နေတဲ့အချိန်မှာ လူတွေက အဲ့ဒီကလေးကို ဧကရာဇ်ရဲ့ ပထမဆုံးရင်သွေးလို့ မှတ်ယူကြမှာ။”

“အဲ့ဒါကို လက်ခံဖို့အတွက် ပါတီကျင်းပခိုင်းတာပါလား။”

“မင်း လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပြချင်လို့။”

နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့အကြည့်ကို ရှောင်ကာ ဘေးသို့ကြည့်လိုက်သည်။

အကြည့်လွှဲလိုက်လျှင် ရှုံးနိမ့်သလို ဖြစ်သွားမည်စိုး၍ အဝေးမှ အခြားတစ်နေရာသို့သာ ခေါင်းလှည့်လိုက်ခြင်းပင်။

လည်ပင်းကို မတ်မတ်ဆန့်ထားပြီး မေးတွင်အားတင်းကာ အေးစက်သော အမူအရာကို ဆက်ထိန်းထားလိုက်၏။

“အဲ့ဒီကလေးက…… တစ်ချိန်ကျရင် ဧကရီရဲ့ ကလေးလည်း ဖြစ်လာနိုင်တာပဲ။ အဲ့ဒါကြောင့် မမွေးခင်ကတည်းက မုန်းမနေရင်ကောင်းမယ်။”

သို့သော် ဆိုဗီရ်ရှု၏ နောက်ထပ်စကားကြောင့် ကျွန်မ မျက်မှောင်ကြုတ်ကာ ခေါင်းလှည့်ကြည့်လိုက်ရတော့သည်။

ထပ်​ပြီး အဲ့ဒီစကားပဲလား။

ဘာလို့ ရက်ရှ်တာရဲ့ကလေးက ငါ့ကလေး ဖြစ်လာရမှာလဲ။

အဓိပ္ပာယ်မရှိလွန်း၍ စိုက်ကြည့်လိုက်မိ၏။

ဆိုဗီရ်ရှုက အနက်ရောင်မျက်လုံးနှင့် မှိုင်းညို့နေသောမျက်နှာထားဖြင့် ကျွန်မကိုကြည့်ရင်း မေးလာသည်။

“ငါစကားကို နားမလည်ဘူးလား။ ဘာအဓိပ္ပာယ်လဲဆိုတာ။”

“မဖြစ်နိုင်တဲ့ တောင်းဆိုချက်ကို လုပ်နေတာမှန်းတော့ ကောင်းကောင်းကြီးသိပါတယ်။”

ပြတ်ပြတ်သားသား ပြောလိုက်တော့ ဆိုဗီရ်ရှုက လေးလံသော ခြေလှမ်းများနှင့် ကျွန်မ၏ပတ်လည်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လေသည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူက သတိထားပြီး စကားစလာ၏။

“ငါတို့ ဇနီးမောင်နှံတွေဖြစ်ခဲ့ကြတာ အကြာကြီးရှိနေပြီလေ။”

ဒီနေရာမှာ အဲ့ဒီစကားက ဘာလို့ ထွက်လာတာလဲ။

ကျွန်မ သူ့ကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။

သွားတော့မည့်လူကို ဆွဲထားပြီး ထူးဆန်းသောစကားများကို ဆက်တိုက်ပြောနေ၏။

ဘာကိုပြောချင်၍ ထိုသို့လုပ်နေမှန်း မသိသော်လည်း စိတ်ထဲတွင် မကောင်းသောအငွေ့အသက်ကို ခံစားနေရသည်။

“ဒါပေမဲ့ ငါတို့ကြားမှာ အခုအထိ ကလေးမရှိသေးဘူး။”

“...”

“ကျိန်းသေပေါက် နှစ်ယောက်စလုံး ငယ်သေးတဲ့အတွက် တစ်ချိန်ချိန်မှာ ရကောင်းရလာနိုင်ပေမဲ့……”

ဆိုဗီရ်ရှု၏ မျက်နှာထားက ပို၍မှောင်မှိုင်းလာသည်။

“မရတော့ဘဲနေမလားလည်း မသိဘူးမဟုတ်လား။”

“...”

“အခုထက် ပိုငယ်ရွယ်ပြီး ကျန်းမာနေတဲ့အချိန်မှာတောင် မရခဲ့တာမို့လို့။”

ကျွန်မ ရှော့ခ်ရသွားသလို သူ့ကို ကြည့်လိုက်မိသည်။

ဆိုဗီရ်ရှုကလည်း သူ့ဘာသာ ပြောပြီးမှ စိတ်မသက်မသာ ဖြစ်နေပုံပင်။

ထိုပုံစံကြောင့် ကျွန်မ၏နှလုံးခုန်သံက ပို၍ပြင်းထန်လာ၏။

“ဒီတော့ အခု​ အဲ့ဒီစကားက……အဲ့ဒါပေါ့။”

အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ပြောရန် ကြိုးစားနေသော်လည်း အသံကတုန်ယင်နေခဲ့သည်။

“ကျွန်မတို့ကြားမှာ ကလေးမွေးမလာခဲ့ရင်၊ ရက်ရှ်တာရဲ့ ကလေးက တော်ဝင်မိသားစုဝင်အဖြစ် အသိအမှတ်ပြုခံရနိုင်တယ်ဆိုတာလား။”

ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လိုက်သည်။

“အဆိုးဆုံး အခြေအနေကိုပြောတာ။ ဖြစ်နိုင်ခြေရှိလို့ ပြောတာမို့လို့ မမွေးသေးတဲ့ ကလေးကို အခုကတည်းက မုန်းမနေနဲ့လို့။”

“အရှင်ဧကရာဇ်က အဲ့ဒီလိုစကားတွေ ပြောလေလေ၊ ပိုပြီးတော့ မုန်းမိလေပါပဲ။”

“လိမ္မာတဲ့ကလေး ဖြစ်နိုင်တာပဲမဟုတ်လား။”

“ဘယ်သူနဲ့တူလို့ လိမ္မာရမှာလဲ။”

“……ငါနဲ့ ရက်ရှ်တာရဲ့စရိုက်က အကုန်ဆိုးနေတယ်လို့ ပြောချင်တာလား။”

“နှစ်ယောက်ထဲက ဘယ်သူနဲ့ပဲတူတူ၊ အဲ့ဒီကလေးက ကျွန်မကို ချစ်မှာမဟုတ်ပါဘူး။ ဘယ်သူနဲ့ပဲတူတူ၊ ကျွန်မကလည်း အဲ့ဒီကလေးကို ချစ်နိုင်မှာမဟုတ်ပါဘူး။”

ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် အမြန်နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

အနောက်မှ ဆိုဗီရ်ရှုက ကျွန်မကို တစ်ခါထပ်ခေါ်ခဲ့သော်လည်း လှည့်မကြည့်ခဲ့ပေ။

ရင်ထဲရှိ တစ်နေရာရာမှာ မီးခိုးများအူထွက်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသလိုပင်။

ထိုအငွေ့အသက်ကြောင့် နှာခေါင်းထဲတွင် မွန်းကျပ်လာပြီး မျက်ဝန်းများ ပူစပ်လာသည်။

ခေါင်းထဲရှိ တစ်နေရာတွင်လည်း တဆစ်ဆစ်ဖြစ်လာ၏။

အလုပ်လုပ်သည့်နေရာသို့ ပြန်ရောက်ပြီးနောက် အတတ်နိုင်ဆုံး စက်ရုပ်တစ်ရုပ်လို အလုပ်များကို စီစဉ်နေမိတော့သည်။

ကွီးန်ရဲ့ ကိုယ်ငွေ့လေးကို လိုအပ်နေ၏။

မည်သည့်အချိန်ထက်မဆို ကွီးန်ကို ပို၍လိုအပ်နေသည်။

~~~~

“……စိုးရိမ်မိတယ်။”

ရုံးခန်းစားပွဲတွင်ထိုင်ရင်း စာရွက်စာတမ်းတစ်ခုတည်းကိုသာ စိုက်ကြည့်နေသည့် ဆိုဗီရ်ရှုက တီးတိုးရေရွတ်ခဲ့သည်။

ဗိုင်းကောင့် ဖီရ်နူက အပါးမှ တားမြစ်စာအုပ်များ ဖြန့်ဖြူးသည့်အကြောင်း အစီရင်ခံစာကို လှန်နေရင်းမှ ခေါင်းမော့ကြည့်လာ၏။

“ခင်ဗျာ။”

ဆိုဗီရ်ရှုက စားပွဲတွင်မေးထောက်ပြီး ထိုင်နေခဲ့သည်။

လေးလံသော သက်ပြင်းများကလည်း တစ်ခုပြီးတစ်ခု ထွက်လာ၏။

“အရှင်ဧကရာဇ်။ နေကောင်းပါရဲ့လား။”

ဗိုင်းကောင့် ဖီရ်နူက ထပ်မေးလာပြန်သည်။

ဖြေရမလား၊ မဖြေရမလား ဝေခွဲမရဖြစ်နေသော်လည်း နောက်ဆုံးတွင် ဆိုဗီရ်ရှုက ဖွင့်ပြောလိုက်တော့၏။

“ဧကရီက မွေးလာမဲ့ကလေးအပေါ် ရန်လိုစိတ်ထားနေတာကို စိတ်ပူမိတယ်။”

“အာ……အများကြီး မုန်းနေတာလားဗျ။”

“ကျုပ် မြင်ရသလောက်ပေါ့။”

“အဲ့ဒါကတော့ ဖြစ်တတ်ပါတယ်” ဟု ဗိုင်းကောင့် ဖီရ်နူက ခေါင်းညိတ်ကာ သဘောတူခဲ့သည်။

“မတတ်နိုင်တဲ့ကိစ္စပါပဲ။ အချစ်ခံရတဲ့ ချစ်သူတွေကနေ မွေးလာတဲ့ သားသမီးတွေက နန်းမွေခံအတွက် ခြိမ်းခြောက်မှုဖြစ်လာတဲ့ ဖြစ်ရပ်တွေလည်း နည်းတာမှမဟုတ်ဘဲ။”

ဆိုဗီရ်ရှုက နှုတ်ခမ်းထောင့်စွန်းကိုပင့်ကာ ပြုံးလိုက်သည်။

“အဲ့ဒါက နန်းမွေခံရှိနေမှ ပူရမဲ့ကိစ္စ မဟုတ်ဘူးလား။ အခုကတည်းကပူဖို့ စောလွန်းသေးတာကို။”

“ကျိန်းသေပေါက် အဲ့ဒါကလည်း အဲ့ဒီလိုပေါ့လေ။”

“ဧကရီက အေးစက်တဲ့ဓားလို စိတ်နေစိတ်ထားမျိုးပဲ။ ဧကရီတစ်ပါးအနေနဲ့တော့ ဘယ်သူ့ထက်မဆို သာလွန်ပေမဲ့……”

ဆိုဗီရ်ရှုက လေးလံသောသက်ပြင်းကို ထပ်ချကာ မျက်လုံးမှိတ်လိုက်သည်။

“ကလေးက သူ့အတွက် အနှောင့်အယှက်ဖြစ်မယ်လို့ ယူဆရင်၊ အဲ့ဒီ အေးစက်တဲ့ဓားလို စိတ်ဓာတ်နဲ့ ဘယ်လိုများ ကိုင်တွယ်မလဲဆိုတာတွေးပြီး ကြောက်မိတယ်။”

စောလွန်းသော စိုးရိမ်ပူပန်မှုဟု ထင်မိသော်လည်း ဗိုင်းကောင့် ဖီရ်နူက လက်ခံလိုက်သည်။

မွေးလာမည့်ကလေးက တော်ဝင်မိသားစု၏ ပထမဆုံးရင်သွေး မဟုတ်ပါလား။

ဖခင်ဖြစ်ရန် အမြဲမျှော်လင့်နေခဲ့သည့် ဆိုဗီရ်ရှုအနေနှင့် ဘက်ပေါင်းစုံမှ စိတ်ပူနေခြင်းက သဘာဝကျပေသည်။

“ဗိုင်းကောင့်။ မောင်မင်းရဲ့ အထင်ကရော ဘယ်လိုလဲ။”

“အမ်……အမှန်အတိုင်းပြောရရင် ကျွန်တော်ကတော့ ဧကရီ အရှင်မထက် ဆာ ခိုရှာရ်ကို ပိုပြီးစိတ်ပူမိပါတယ်။”

“ခိုရှာရ်။ ခိုရှာရ်က အခု ဖါရ်မဲနယ်ကို သွားနေတာ မဟုတ်ဘူးလား။”

“ထရိုဗီ မြို့စားမင်းက အခု ပြန်လာလို့ရပြီဆိုပြီး ခွင့်ပြုလိုက်တဲ့ပုံပါပဲ။”

ခိုရှာရ်ဆိုသည့် စကားလုံးကြောင့် ဆိုဗီရ်ရှု၏ မျက်နှာထားက ပို၍မှောင်မှိုင်းသွားသည်။

ခိုရှာရ်က ဧကရီ နာဗီရယ်၏ အစ်ကိုပင်။

ငယ်စဉ်ကတည်းက စေ့စပ်ထားသူများဖြစ်သဖြင့် ဆိုဗီရ်ရှုကလည်း ခိုရှာရ် ထရိုဗီဟူသော လူစားအကြောင်းကို ကောင်းကောင်းသိသည်။

ဧကရီနှင့်တူသည့် သူ၏ရုပ်ရည်က ချောမောလှပသလို၊ ဓားရေးပညာတွင်လည်း ထူးချွန်လှ၏။

သို့သော် ရေခဲလိုအေးစက်သော ဧကရီလိုမဟုတ်ဘဲ သူကမူ မကြာခဏ ပေါက်ကွဲတတ်သည့် မီးတောင်လို စိတ်ဓာတ်မျိုး ရှိသူပင်။

ထိုစိတ်ဆတ်ဒေါသကြီးသည့်အကျင့်က ကောင်းသည့်ဘက်တွင်သုံးလျှင် အင်မတန်ကောင်းသည်။

ဥပမာ ရန်သူကို ရင်ဆိုင်သည့်အခါမျိုး။

ကြမ်းတမ်းသော နယ်စပ်ဒေသဖြစ်သည့် ဖါရ်မဲတွင် ‘ဆန်းရှီချွန်း’ ဟူသည့် အန္တရာယ်ရှိသော တောပုန်းဓားပြများ သောင်းကျန်းနေခဲ့သော်လည်း ခိုရှာရ်က ဖါရ်မဲနယ်သို့ ရောက်သွားပြီးသည့်နောက် သူတို့ကိုဖမ်းဆီးသည့် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင်ခဲ့သည်။

မြို့စားကြီးက နယ်စပ်ကိုကာကွယ်ရန် လွှတ်လိုက်ခြင်းမဟုတ်ဘဲ ခိုရှာရ်၏ စိတ်တိုတတ်သော စရိုက်ကြောင့်ပင်။

သို့သော် ထိုစရိုက်ကို မကောင်းသည့်ဘက်တွင် သုံးမိပါက ရန်ပွဲများ၊ ပြင်းထန်လျှင် အသက်အန္တရာယ်ရှိသည်အထိ စိန်ခေါ်ပွဲများဖြစ်လာနိုင်ပေသည်။

“……”

ဆိုဗီရ်ရှု မျက်မှောင်ကြုတ်ပြီး ငြိမ်နေသဖြင့် ဗိုင်းကောင့် ဖီရ်နူက အိုးတိုးအမ်းတမ်းပြုံးရင်း ပြောလာသည်။

“ဒါပေမဲ့ ညီမဖြစ်သူက ဧကရီနေရာကို ရောက်နေတာဆိုတော့ အရင်ထက်စာရင် နည်းနည်းတည်ငြိမ်လာလောက်မှာပါ။ အရမ်းလည်း စိတ်မပူပါနဲ့၊ အရှင်ဧကရာဇ်။”

“စောစောကအထိ စိတ်မပူပေမဲ့ ဗိုင်းကောင့် အဲ့ဒီလူအကြောင်း ပြောတော့မှပဲ စိတ်ပူလာရပြီ။”

“……စိုးရွံ့မိပါတယ်။”

ဆိုဗီရ်ရှုက မကျေနပ်သလို ဗိုင်းကောင့် ဖီရ်နူကို တစ်ချက် စွေကြည့်လိုက်ပြီးနောက် စာရွက်စာတမ်းများဆီသို့ အကြည့်ပြန်ပို့လိုက်သည်။

သို့ရာတွင် ဗိုင်းကောင့် ဖီရ်နူ၏ စကားက သူ၏စိုးရိမ်ပူပန်မှုများအပေါ် ကြီးမားသောအရိပ်တစ်ခု ချန်ထားခဲပေပြီ။

ညီမဖြစ်သူကို အသည်းအသန်ချစ်သည့် ခိုရှာရ် ထရိုဗီ။

သူက ညီမဖြစ်သူ၏ ရန်သူနှင့်မခြားသော ရက်ရှ်တာကို ဒီအတိုင်း လွှတ်ထားပါ့မည်လား။

ဆိုဗီရ်ရှုတစ်ယောက် ယခုကတည်းက ကိုက်လာသော ခေါင်းကိုက်ဝေဒနာကြောင့် နောက်ဆုံးတွင် နန်းတွင်းသမားတော်ကို ခေါ်လိုက်ရတော့သည်။

~~~~

ထိုအချိန်တွင်။

အားလုံး စိုးရိမ်နေကြသည့် ကာယကံရှင်ဖြစ်သူ ခိုရှာရ်ကမူ တည်တည်ငြိမ်ငြိမ်ပင် အမျိုးသမီး အဝတ်ဆိုင်ကြီးတစ်ခုသို့ ရောက်နေ၏။

အရပ်ရှည်ရှည် အမျိုးသားနှစ်ဦး ဝင်လာသဖြင့် အမျိုးသမီးများသာရှိနေသော အဝတ်ဆိုင်ထဲတွင် ဟိုဟိုဒီဒီမှ နောက်ရွှတ်ရွှတ် ရယ်သံများ ထွက်ပေါ်လာသည်။

အမှတ်မထင် ခိုရှာရ်နောက် လိုက်လာခဲ့တဲ့ ဖာရ်အန်း မားကီးစ်က မျက်နှာအရဲသားနင့် မေးလာ၏။

“ဆက်ဆက် ဒီလိုလုပ်မှဖြစ်မှာလား။”

“……”

“ခိုရှာရ်။”

မေးသော်လည်း အဖြေမရှိသဖြင့် ဖာရ်အန်း မားကီးစ်လည်း အကြည့်ကို အောက်ချထားလျက် ဘေးကို ခိုးကြည့်လိုက်သည်။

ခိုရှာရ်က ငေးငေးငိုင်ငိုင် အကြည့်များနှင့် မိန်းကလေးငယ်များ ဝတ်လေ့ရှိသည့် ဂါဝန်တစ်ထည်ကို ကြည့်နေ၏။

“ဒါကို ငါတို့ နာဗီရယ်အတွက် ဝယ်သွားပေးရင်……”

“မတော်ဘူး။ လုံးဝ မတော်ဘူး။”

“ဟုတ်လား။”

“မင်းညီမက အခု ကလေးမှ မဟုတ်တော့တာ။”

“ဟုတ်သားပဲ။ အေးလေ။ အချိန်တွေက အကုန်မြန်လိုက်တာ……”

“ဒီမှာ။ အတိတ်ကို တစ်မျိုးလှည့်ပြောမနေနဲ့။ ထွက်သွားတုန်းကလည်း အရပ်ရှည်နေပြီမဟုတ်လား။”

“ငါ့မှတ်ဉာဏ်ထဲမှာတော့ အခုအထိ ပုပုသေးသေးလေးပဲ ရှိသေးတဲ့ ညီမလေးကို။”

ခိုရှာရ်က တိုးရေရွတ်ရင်း နှာခေါင်းကိုကုတ်ကာ ရှက်ရှက်နှင့်ပြုံးခဲ့သည်။

ဖာရ်အန်း မားကီးစ်က စုတ်တစ်ချက်သပ်ကာ သူတို့ကို အဝေးမှ ခိုးကြည့်နေသော အပ်ချုပ်ဆရာမကို ခေါ်လိုက်၏။

“တစ်ဆိတ်လောက်ဗျာ။ နည်းနည်းလောက် ကူညီပေးပါဦး။”

အပ်ချုပ်ဆရာမက ချက်ချင်း ရောက်လာသဖြင့် ဖာရ်အန်း မားကီးစ်လည်း ခိုရှာရ်ကို မျက်ရိပ်ပြပြီး အကူအညီတောင်းလိုက်သည်။

“ကျွန်တော့် သူငယ်ချင်းက သူ့ညီမအတွက် ဂါဝန် ဝယ်ပေးချင်တယ်ဆိုလို့ တစ်ဆိတ် ကူညီပေးပါဦး။”

အပ်ချုပ်ဆရာမက ကူညီပေးမည်ဟု ပြန်ဖြေပြီးနောက် ယဉ်ယဉ်ကျေးကျေး မေးလာသည်။

“ညီမဖြစ်သူရဲ့ ခန္ဓာကိုယ် အတိုင်းအတာကို သိလားရှင့်။”

ခိုရှာရ်က အပိုတွေလုပ်ပြီဟူသောပုံစံဖြင့် ဖာရ်အန်း မားကီးစ်ကို စွေကြည့်လိုက်သော်လည်း အေးရာအေးကြောင်းပင် ပြန်ဖြေခဲ့၏။

“အရပ်ကတော့ ဒီလောက်……”

“အလို၊ တော်တော်အရပ်ရှည်တဲ့မိန်းကလေး ဖြစ်မဲ့ပုံပါလား။ ခန္ဓာကိုယ်ကရော ဘယ်လိုမျိုးလဲရှင့်။”

“ချစ်ဖို့ကောင်းတဲ့ ခန္ဓာကိုယ်မျိုး……”

“……အဲ့ဒါက ဘယ်လိုမျိုးလဲဆိုတာ ကျွန်မလည်း ကောင်းကောင်းမသိပါဘူး။ အသေးစိတ်လေး ပြောပြပေးလို့ ရမလားရှင့်။”

ခိုရှာရ် ခေါင်းခါလိုက်ရာ အပ်ချုပ်ဆရာမလည်း အခက်တွေ့သည့်ပုံစံမျိုး ဖြစ်သွားတော့သည်။

အပ်ချုပ်ဆရာမက ဖာရ်အန်း မားကီးစ်ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်၏။

သို့သော် ဖာရ်အန်း မားကီးစ်ကလည်း ခေါင်းခါလိုက်သဖြင့် အပ်ချုပ်ဆရာမက အကျပ်ရိုက်သလိုအသံနှင့် ပြောလာသည်။

“အတိုင်းအတာကို မသိရင်တော့ အဝတ်အစားချုပ်ပေးဖို့ ခက်ပါတယ်။”

“ဒါပေမဲ့ တစ်ခုခုတော့ ဝယ်သွားချင်လို့ပါ။ နှစ်အကြာကြီးနေမှ ပြန်တွေ့ရမဲ့ ညီမလေးမို့လို့လေ။ သင့်တော်တဲ့ပစ္စည်းမျိုး မရှိဘူးလား။”

“အတိုင်းအတာမသိလည်း ဝယ်လို့ရတဲ့ ပစ္စည်းဆိုရင်တော့ ဦးထုပ်ဆိုရင်ရော ဘယ်လိုလဲရှင့်။”

“ဒါဆို အဲ့ဒါပဲ ယူမယ်ဗျာ။”

အပ်ချုပ်ဆရာမက ဦးထုပ်များကို ဒီဇိုင်းစုံအောင် ပြသပေးခဲ့သဖြင့် ခိုရှာရ်တစ်ယောက် ဦးထုပ်ကို အကျအန စရွေးတော့သည်။

သို့သော် ဤသည်ကလည်း မလွယ်ကူပေ။

ခိုရှာရ်က ဇီဇာကြောင်ပြီး ဦးထုပ်များကို အကုန် ထုတ်ခိုင်းခဲ့သဖြင့် အပ်ချုပ်ဆရာမခမျာ ဦးထုပ် ၃၅ လုံးအထိ ထုတ်ပေးလိုက်ရပြီး နောက်ပိုင်းတွင် ဆိုင်ကိုလာသော ဧည့်သည်များပင် ဦးထုပ်များကို ဆိုင်အနှံ့ ဖြန့်ခင်း၍ ရွေးနေသော အမျိုးသားကိုကြည့်ရန် စုဝေးလာကြသည်အထိ ဖြစ်သွားသည်။

ဖာရ်အန်း မားကီးစ်က အမျိုးသမီးများကြားတွင် ရှိနေရသည်ကို ရှက်ရွံ့သဖြင့် အမြန်ပင် နံရံဘက်သို့ ကပ်ရပ်လိုက်သော်လည်း ခိုရှာရ်ကမူ ဦးထုပ်ရွေးခြင်းကိုသာ အာရုံစိုက်နေကာ ဘာကိုမှဂရုမစိုက်သည့်ပုံစံမျိုး ဖြစ်နေ၏။

နောက်ဆုံး ခမ်းနားလှပသော ဦးထုပ် ၅ လုံးကို ရွေးချယ်လိုက်ပြီးနောက်မှသာ ခိုရှာရ်တစ်ယောက် ကျေနပ်အားရစွာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ဖာရ်အန်း မားကီးစ်က ထိုသို့သောသူငယ်ချင်းကိုကြည့်ပြီး စုတ်တစ်ချက်သပ်လိုက်၏။

“မင်းလည်း ညီမကို အဲ့ဒီလောက်တောင် ချစ်ရလား။”

“တကယ် ချစ်ဖို့ကောင်းတဲ့ ကလေးလေ။ ပြီးတော့…… အာ။ ဟိုဟာ။”

“ဘာဖြစ်ပြန်ပြီလဲ။”

“ဟို ပေါင်မုန့်။ လူတွေတန်းစီနေကြပုံထောက်ရင် အရသာရှိမဲ့ပုံပဲ။ ငါတို့ နာဗီရယ်အတွက် ဝယ်ပေးရမယ်။”

ခိုရှာရ် လူအုပ်ကြားထဲ တိုးဝင်သွားသဖြင့် ဖာရ်အန်း မားကီးစ်တစ်ယောက် စိတ်မရှည်တော့သလို ဖြစ်သွားသော်လည်း ထပ်လိုက်သွားပြန်သည်။

သို့သော် ဆယ်မိနစ်လောက် ထိုနေရာတွင် တန်းစီနေစဉ်။

ဖာရ်အန်း မားကီးစ်၏ စိတ်ရှည်နိုင်စွမ်း ကုန်ခါနီး ဖြစ်လာချိန်တွင် ထူးဆန်းသောစကားကို ကြားလိုက်ရသည်။

“ဒါဆိုရင် အရှင်ဧကရာဇ်ရဲ့ ချစ်သူက တကယ်ပဲ……”

“ဟုတ်တယ်၊ ငါ့ညီမသူငယ်ချင်းရဲ့ ဝမ်းကွဲက နန်းတော်ထဲမှာ အစေခံအဖြစ် အလုပ်လုပ်နေတာကို သေချာတယ်တဲ့။ ကိုယ်ဝန်ရှိနေတဲ့ပုံပဲ။”

“ဧကရီ အရှင်မထက် အရင် ကိုယ်ဝန်ရသွားတာလား။ ဒါဆိုရင် ဘယ်လိုဖြစ်လာမှာလဲ။”

ဇာအနားများ၊ အတွန့်များပါသည့် ဈေးဝယ်အိတ်များကို တင်းတင်းပွေ့ပိုက်ထားသော ခိုရှာရ်တစ်ယောက် အသံကြားရာဘက်ကို တစ်ချက်လှည့်ကြည့်မိတော့သည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment