no

Font
Theme

အပိုင်း ၁၀၀

—သစ္စာရှိ အလုပ်အကျွေး ရိုဒရစ်ဂ်။

"အထွတ်အမြတ်ဘုန်းတော်ကြီး။ မာရာရဲ့အလုပ်အကျွေး ရိုဒရစ်ဂ်က ကြီးမြတ်လှတဲ့အရှင်ရဲ့ အလိုတော်ကိုနာခံဖို့ အသင့်ဖြစ်ပါပြီ။"

ရိုဒရစ်ဂ်က ကြမ်းပြင်တွင် နှာခေါင်းအပ်ကာ တုန်လှုပ်လှိုက်လှဲသော အသံဖြင့် ပြန်ဖြေခဲ့သည်။ တိရစ္ဆာန်ငယ်ကို အသုံးပြုပြီး အလိုတော်ကို ပို့ဆောင်ခြင်းကမှ ကြီးမြတ်လှသော ဘုရားသခင်၏ တန်ခိုးပင်။ သူ့ရင်ထဲ၌ မာရာအပေါ်ထားသော သက်ဝင်ယုံကြည်မှုများ လျှံကျလာတော့၏။ ယခုလိုအချိန်တွင် အထွတ်အမြတ်ဘုန်းတော်ကြီးက တောက်လောင်နေသော မီးတောထဲသို့ ခုန်ဆင်းခိုင်းမည်ဆိုလျှင်ပင် တွန့်ဆုတ်နေမည်မဟုတ်။

ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့​သည့် ရိုဒရစ်ဂ်မှာ ကိုယ်တိုင်မြင်တွေ့ကြားသိရခြင်းမှ မဟုတ်လျှင် မယုံကြည်တတ်သော လက်တွေ့သမားအဖြစ် ကြီးပြင်းလာခဲ့သူပင်။ စိတ်နေစိတ်ထား မာရေကျောရေရှိသော ထိုလူငယ်ကုန်သည်လေးက သူ့မျက်စိရှေ့မှာတင် ဖန်ဆင်းပြခဲ့သည့် ဘုရားသခင်၏ တန်ခိုးကို မြင်တွေ့ပြီးသည့်နောက်တွင်တော့ အစွန်းရောက်ဂိုဏ်းဝင်အဖြစ် ပြောင်းလဲသွားလေတော့သည်။

သံသယများပြီး လောဘကြီးသည့် သူ၏ ပင်ကိုဗီဇက မပြောင်းလဲခဲ့သော်လည်း ကြီးမြတ်သော ဘုရားသခင်၏ တန်ခိုးတော်ကို မျက်ဝါးထင်ထင် မြင်တွေ့ရသည့်အခါတိုင်း ရိုဒရစ်ဂ်၏ ယုံကြည်မှုက ပို၍ခိုင်မာလာ​၏။

—ရိုဒရစ်ဂ်။ အဲ့ဒီပုဂ္ဂိုလ်က ငါ့ကို ခေါ်ခဲ့တယ်။ အဲ့ဒီပုဂ္ဂိုလ်ရဲ့ အလိုတော်ထဲကို မဆိုင်တဲ့ ဆူညံသံတွေ မဝင်ရောက်စေဖို့ ငါ မျက်စိမှိတ်၊ နားပိတ်ထားခဲ့ရတာ။

မကြာသေးမီက အထွတ်အမြတ်ဘုန်းတော်ကြီးနှင့် တိုက်ရိုက်တွေ့ဆုံရစဉ် ကြားခဲ့ရသည့် အက်ရှရှအသံမျိုး မဟုတ်ပေ။ သူ့ခေါင်းထဲသို့ တိုက်ရိုက်ရောက်လာသည့် အသံက ကြည်လင်ပြတ်သားနေ၏။

"အာ... အထွတ်အမြတ်ဘုန်းတော်ကြီး။ ဒီလိုတွေရှိမှန်းမသိဘဲ ကျွန်တော်မျိုးက အရှင့်ကို လိုက်ရှာဖို့ ကြောင့်ကြပြီး စိတ်လောမိခဲ့ပါတယ်။ ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုကြောင့် အဲ့ဒီပုဂ္ဂိုလ်ရဲ့ အမျက်တော်ကို ရစေခဲ့ပါပြီ။"

—မာရာက သဘောထားကြီး ကြင်နာတတ်တယ်။

"ဘုရားသခင်ရဲ့ ကျေးဇူးတော်အတွက် ကျွန်တော်မျိုး ဝပ်တွားခယပြီး ကျေးဇူးတင်ရှိပါတယ်။"

—အဲ့ဒီပုဂ္ဂိုလ်က ငါ့ကို မင်္ဂလာရှိတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လို့ပြောတယ်။ အဲ့ဒါကြောင့် မင်းက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို အသေးစိတ် ပြောပြစမ်း။

ရိုဒရစ်ဂ်က ပြန်မဖြေနိုင်ဘဲ အသာလေး ခေါင်းကို မော့ကြည့်လိုက်သည်။

"မင်္ဂလာရှိတဲ့ကိစ္စဆိုတာ... ဘာအဓိပ္ပာယ်မှန်း ကျွန်တော်မျိုး နားမလည်ပါဘူး။"

မင်္ဂလာရှိသည့်ကိစ္စထက် မျက်စိရှေ့တွင် အမြင်မလှတာတွေချည်း ပြည့်နှက်နေခဲ့သည်ကို။ ရိုဒရစ်ဂ်က အထွတ်အမြတ်ဘုန်းတော်ကြီးကို နာရီပေါင်းများစွာကြာအောင်ပင် ထိုအကြောင်းများအား တိုင်တည်ပြောဆိုနိုင်မည်ဟု ယုံကြည်၏။

—ဒါဆိုရင် အဲ့ဒီပုဂ္ဂိုလ်က အခြေအမြစ်မရှိတဲ့ စကားကို ပြောခဲ့တယ်လို့ ပြောချင်နေတာလား။ မင်းကို ယုံကြည်ပြီးတော့ ဟောဒီ အလုပ်အကျွေးနေရာ ပေးအပ်ခဲ့တာကို မင်းက ပတ်ဝန်းကျင်ကိုတောင် နားလည်အောင်မလုပ်နိုင်ဘူးလား။

ခေါင်းထဲ၌ ပဲ့တင်ထပ်နေသည့် အသံထဲတွင် အမျက်ဒေါသ ပါဝင်လာတော့ ရိုဒရစ်ဂ် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ သူက ကြမ်းပြင်တွင် ခေါင်းပြန်အပ်ကာ အသက်ကိုအောင့်ထားပြီး မှတ်ဉာဏ်များကို ပြန်အသက်သွင်းလိုက်၏။ 'မင်္ဂလာရှိသော' ဟူသည့် စကားလုံးနှင့်တော့ မကိုက်ညီသော်လည်း လတ်တလော ဖြစ်ပျက်ခဲ့သည့် အကြီးမားဆုံးသော ကိစ္စတစ်ခုက သူ့ခေါင်းထဲသို့ ချက်ချင်းရောက်လာလေသည်။

"ကျွန်တော်မျိုးမှာ ကြီးမြတ်တဲ့ ဘုရားသခင်ရဲ့ အလိုတော်ကိုတော့ နားလည်နိုင်စွမ်းမရှိပါဘူး။ လတ်တလောမှာ​ သူတော်စင်အရှင်မနဲ့ ပတ်သက်တဲ့ ထူးခြားဖြစ်စဉ်တစ်ခုတော့ ရှိခဲ့ပါတယ်..."

—ထူးခြားဖြစ်စဉ်တဲ့လား၊ မြန်မြန်ပြောစမ်း။

"အထွတ်အမြတ်ဘုန်းတော်ကြီး ပြန်သွားတဲ့နေ့က မြို့တော်အလယ်မှာ လာ့ခ်တစ်ကောင် ပေါ်လာပြီး ရန်ပြုခဲ့ပါတယ်။ အဲ့ဒီ လာ့ခ်ကို သူတော်စင် အရှင်မက သစ်ပင်အဖြစ် ပြောင်းလဲပစ်လိုက်တယ်လို့ ပြောနေကြပါတယ်ခင်ဗျ။"

ရိုဒရစ်ဂ်ကို ကြည့်နေသည့် ကြွက်၏ မျက်လုံးနီနီများက ပို၍အံ့သြစရာကောင်းလောက်အောင် တောက်ပလာတော့သည်။

—အာ... ထင်တဲ့အတိုင်းပဲ။ ငါ့ရဲ့ အိပ်စက်မှုကို နှိုးခဲ့တဲ့ အဲ့ဒီ တောက်တောက်ပပ အစွမ်းက ဒါဖြစ်နေတာကိုး။

အထွတ်အမြတ် ဘုန်းတော်ကြီး ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည့် အချက်အလက်များက မည်မျှအရေးကြီးမှန်း ရိုဒရစ်ဂ် နားမလည်ခဲ့။ သူကြားလိုက်ရသည့် စကားလုံးများကို စာသားအတိုင်း အဓိပ္ပာယ်မကောက်ဘဲ တင်စားပြောဆိုခြင်း ဖြစ်လိမ့်မည်ဟုတွေးကာ လျစ်လျူရှုလိုက်သည်။

—ရိုဒရစ်ဂ်။ သူတော်စင်အရှင်မနဲ့တွေ့ဖို့ စီစဉ်ခိုင်းထားတာ ဘယ်လိုဖြစ်သွားပြီလဲ။

"သူတော်စင်အရှင်မနဲ့ တွေ့ပြီးပါပြီ။ အထွတ်အမြတ်ဘုန်းတော်ကြီး၊ ကျွန်တော်မျိုးရဲ့ အသံက အရှင်မြတ်ဆီ မရောက်နိုင်လို့ သတင်းမပါးနိုင်တာပါ။"

—အင်း... နှမြောစရာပဲ။

အထွတ်အမြတ်ဘုန်းတော်ကြီးက သူတော်စင် အရှင်မအကြောင်းပဲ ပြောနေသဖြင့် ရိုဒရစ်ဂ်၏ ရင်ထဲတွင် မကျေမနပ်ဖြစ်လာတော့သည်။ အထွတ်အမြတ်ဘုန်းတော်ကြီး ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိဘဲ ပျောက်နေချိန်တွင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး စိုးရိမ်ပူပန်မှုများဖြင့် ညဘက်အိပ်မပျော်ခဲ့ရသူက သူကိုယ်တိုင်ပင်။ သူတော်စင်အရှင်မဟုခေါ်သည့် ထိုမိဖုရားက ယခင်ကရော၊ ယခုရော အစွန်းရောက်ဂိုဏ်း၏ အရေးကိစ္စများတွင် လုံးဝ စိတ်မဝင်စားခဲ့ပေ။

"အထွတ်အမြတ်ဘုန်းတော်ကြီး။ ကျွန်တော်မျိုး ရာရာစစ အတင့်ရဲပြီး မေးပါရစေ။ သူတော်စင်အရှင်မ 'ရာမီတာ' ကို ထုတ်ဖော်ပြသနိုင်တာက ဘာဖြစ်လို့ မင်္ဂလာရှိရသလဲဆိုတာကို နားမလည်နိုင်ပါဘူး။ အဲ့ဒါက မကောင်းဆိုးဝါး နတ်ဆိုးရဲ့ အစွမ်းပဲ မဟုတ်ပါဘူးလား။"

ဝပ်တွားနေသော ရိုဒရစ်ဂ်က မမြင်လိုက်သော်လည်း ကြွက်၏ မျက်လုံးအိမ်မှ အနီရောင်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါက ကြမ်းတမ်းလွန်းသဖြင့် ရိုဒရစ်ဂ်အား စိုက်ကြည့်နေသလားမှတ်ရ၏။

'ဟုတ်ပါရဲ့၊ လူသားတွေဆိုတော့။'

အထွတ်အမြတ်ဘုန်းတော်ကြီးက ကြွက်၏မျက်လုံးများကို အသုံးပြုပြီး ရိုဒရစ်ဂ်ကိုကြည့်ကာ နှုတ်ခမ်းကို မဲ့လိုက်သည်။ လူသားများမှာ တကယ်ပင် ထိန်းချုပ်ရခက်လှ၏။ မျက်စိစုံမှိတ် ယုံကြည်ကြပြန်လျှင်လည်း ကိုယ့်ဘာသာကိုယ် တွေးဆဆင်ခြင်တတ်ခြင်းမရှိသဖြင့် ပြဿနာဖြစ်ရသည်။ အသုံးဝင်သည်ဟု ထင်ရပြီဆိုလျှင်လည်း သံသယများလွန်းသဖြင့် ပြဿနာဖြစ်ရပြန်၏။

အထွတ်အမြတ်ဘုန်းတော်ကြီးက ရှေးပဝေသဏီကာလတစ်လျှောက်လုံး မရေမတွက်နိုင်သော စမ်းသပ်မှုများမှတစ်ဆင့် အမှားများကို ကြုံတွေ့ခဲ့ရာမှ လူသားများအကြောင်းကို လေ့လာနိုင်ခဲ့သည်။ လူသားများက လာ့ခ်နှင့်မတူကြပေ။ အနိုင်ယူဖိနှိပ်နိုင်သည့် အစွမ်းကို ပြသလိုက်ရုံဖြင့် အကြွင်းမဲ့ နာခံလေ့မရှိကြ။

ထိုအတောအတွင်းက အတွေ့အကြုံများအရ အစွမ်းကို ပြသပြီး အကျိုးသင့်အကြောင်းသင့်ရှိမှုနဲ့ လိမ်ညာမှုများကို အတိုင်းအတာတစ်ခုအထိ အသုံးပြုကာ လူသားများအား ကိုယ့်ယုံကြည်မှုနှင့်ကိုယ် နစ်မွန်းသွားအောင် ဆွဲဆောင်သည့် နည်းလမ်းက အထိရောက်ဆုံးဖြစ်ပေသည်။

—ရိုဒရစ်ဂ်။ သစ္စာရှိအလုပ်အကျွေး။ မင်းရဲ့ ယုံကြည်မှုက နက်ရှိုင်းတဲ့အတွက် ဖုံးကွယ်ထားတဲ့ လောကရဲ့ လျှို့ဝှက်ချက်ကို ငါ ဖွင့်ဟပြောပြမယ်။

"ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ ရိုသေလေးမြတ်စွာနဲ့ စိတ်နှလုံးကိုဖွင့်ပြီး နားထောင်ပါ့မယ်။"

—ရာမီတာက မကောင်းဆိုးဝါးနတ်ဆိုးရဲ့အစွမ်း မဟုတ်ဘူး။

"ခင်ဗျာ။"

—အာနီခါဆိုတာ မဟာရဲ့ခွေးနဲ့ အနှစ်သာရအားဖြင့်ကို ကွဲပြားတဲ့ဖြစ်တည်မှု။ မဟာရဲ့ခွေးက မဟာရဲ့ လက်အောက်ခံ၊ လုံးဝ နေသားကျနေတဲ့ အသုံးချကိရိယာ။ ဒါပေမဲ့ အာနီခါကတော့ ဘုရားသခင်ရဲ့ အစွမ်းကို ထည့်သွင်းဆောင်ကြဉ်းထားတဲ့ အထွတ်အမြတ် လက်ခံသူခွက်ပဲ။

"လက်ခံသူခွက်..."

—လက်ခံသူခွက်က ဘယ်အရာကိုမဆို ထည့်သွင်းဆောင်ကြဉ်းနိုင်တာပေါ့။ ဒါကြောင့်ပဲ အာနီခါ မိဖုရားကို သူတော်စင်အရှင်မအဖြစ် ကိုးကွယ်ခစားဖို့ အမိန့်ပေးခဲ့တာ။

ဝပ်တွားနေသည့်ပုံစံမှ ခေါင်းထောင်လိုက်သော ရိုဒရစ်ဂ်၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုကို မြင်လိုက်ရသည်။ သူ ယခုအချိန်အထိ သိခဲ့သော အချက်အလက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော တုန်လှုပ်စရာ အမှန်တရားကြောင့် အလွန်အင်မတန် အံ့အားသင့်လျက်ရှိနေ၏။

"အထွတ်အမြတ်ဘုန်းတော်ကြီး ပြောချင်တဲ့ စကားက... သူတော်စင်အရှင်မရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး မာရာက ဒီမြေပေါ်ကို ဆင်းသက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါလား။"

—အမှန်ပဲ။

အထွတ်အမြတ်ဘုန်းတော်ကြီးက စိတ်ထဲမှ 'ဒီလူသားတွေကတော့လေ' ဟု ထပ်မံ​၍ ရေရွတ်လိုက်ပြန်သည်။ ဘာကြောင့် လူသားများက လက်တွေ့ဘဝကို ရောင့်ရဲကျေနပ်နိုင်ခြင်းမရှိဘဲ အကြွင်းမဲ့ဖြစ်တည်မှုနောက်ကို လိုက်ရသလဲ။ ဘာကြောင့် ဤသို့သော မိုက်မဲသည့်သတ္တဝါများက ဤလောကကြီး၏ လည်ပတ်နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နေရသလဲ။ ဘယ်လိုမှ ဖြေရှင်းမရနိုင်သည့် ပဟေဠိတစ်ခုပင်။

'ဘုရားသခင်တဲ့လား။'

အထွတ်အမြတ်ဘုန်းတော်ကြီးက စိတ်ထဲမှ တွေးလိုက်သည်။ ထိုသို့သောအရာမျိုး တကယ်ရှိခဲ့လျှင်ပင် မဟာလို 'ဧည့်သည်' က ဤမြေပေါ်တွင် ဘုရားသခင်အဖြစ် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

"အာ..."

ရိုဒရစ်ဂ်တစ်ယောက် စကားဆက်မပြောနိုင်ဘဲ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ့ဘဝသက်တမ်းတွင် ဘုရားသခင်အစစ်ကို တိုက်ရိုက်ဖူးတွေ့နိုင်မည်တဲ့လား။ ဘုရားသခင်၏ သေးငယ်သော ကျေးဇူးတော်လေးတစ်ခုနှင့်တင် သူက ဤကမ္ဘာပေါ်၌ အစွမ်းအထက်ဆုံး လူသားတစ်ယောက် ဖြစ်လာနိုင်ပေသည်။ ဤသို့သော ရင်သပ်ရှုမောဖွယ်ရာ စိတ်ကူးမျှဖြင့်ပင် သူ့တစ်ကိုယ်လုံး တုန်ရီလာ၏။

"ဒါပေမဲ့ အထွတ်အမြတ်ဘုန်းတော်ကြီး။ မိုက်မဲတဲ့ ကျွန်တော်မျိုးက ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ဒီအချက်ကို လျှို့ဝှက်ထားမဲ့အစား နောက်လိုက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီး ဘုရားသခင်ရဲ့ ပလ္လင်တော်နဲ့ ပိုနီးစပ်ဖို့ နည်းလမ်းရှာဖွေသင့်တယ် မဟုတ်ပါလား။"

—လျှို့ဝှက်ထားရတဲ့ အကြောင်းရင်းရှိတယ်။ စိတ်မရှည်တဲ့ အလုပ်အကျွေးတချို့က မိုက်မဲတဲ့လုပ်ရပ်တွေ လုပ်ဖူးတဲ့ မှတ်တမ်းတွေ ရှိခဲ့လို့ပဲ။ သိပ်မကြာသေးခင်ကတောင် အဲ့ဒီလိုဖြစ်ခဲ့တာ။ ဒါကြောင့် ရိုဒရစ်ဂ်။ မင်းက ငါ့စကားကို စိတ်ထဲမှာ မှတ်သားထားပြီး လျှို့ဝှက်ချက်ကို ထုတ်မပြောနဲ့။ သူတော်စင်အရှင်မနဲ့ ပတ်သက်သမျှကိစ္စတွေကို ငါ့ဆီမှာ အမြဲတမ်း အကြံဉာဏ်တောင်းပြီးတော့ ငါ့အမိန့်ကိုပဲနာခံ။ ငါ့မှာ အရေးကြီးတဲ့အလုပ်တွေကို စိတ်ချလက်ချ အပ်နှံနိုင်တဲ့သူက မင်းတစ်ယောက်အပြင် မရှိဘူး။

"ကျွန်တော်မျိုးကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး၊ အထွတ်အမြတ် ဘုန်းတော်ကြီး။"

ရိုဒရစ်ဂ်က ဝမ်းသာပီတိဖြစ်နေသော မျက်နှာထားဖြင့် ခေါင်းငုံ့ဦးညွှတ်လိုက်သည်။ ကြွက်ငယ်လေးတစ်ကောင်ရှေ့တွင် ဝပ်တွားဦးညွှတ်နေသည့် သူ့ပုံစံက ဘယ်သူပဲကြည့်ကြည့် ရူးနေသူတစ်ယောက်ဟု မြင်ရမည်သာ။ အစွန်းရောက်ဂိုဏ်းဝင်ဖြစ်သဖြင့် တိတိကျကျ ပြောရလျှင် အရူးတစ်ယောက်ပင်။

—သူတော်စင်အရှင်မက သူ့ကိုယ်သူ လက်ခံသူခွက်ဖြစ်လာဖို့ ရွေးချယ်မှဖြစ်မှာ။ အဲ့ဒါကြောင့် ငါက သူတော်စင်အရှင်မရဲ့ ဆန္ဒကို ဆန့်ကျင်တာမျိုး မလုပ်ဖို့ အမိန့်ပေးခဲ့တာ။ သူတော်စင်အရှင်မက ကြီးမြတ်တဲ့ အဲ့ဒီပုဂ္ဂိုလ်ရဲ့ ရင်ခွင်ထဲ အပြည့်အဝ မရောက်မချင်း မင်းက အသည်းအသန် ကြိုးစားပြီး စိတ်ရင်းအမှန်နဲ့ အလေးထား ဂရုစိုက်ပေးရမယ်။

"အထွတ်အမြတ်ဘုန်းတော်ကြီးရဲ့ အမိန့်တော်တွေမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေလို့ အမြဲတမ်း စိတ်ထဲမှာ မှတ်သားပြီး လိုက်နာနေပါတယ်။"

ဖြောင့်ဖြူးချောမွေ့စွာ ပြန်ဖြေရင်း ရိုဒရစ်ဂ်၏ မျက်လုံးများ တုန်ယင်လှုပ်ရှားသွား၏။

'ဒုက္ခပဲ။'

အထွတ်အမြတ်ဘုန်းတော်ကြီး ပြောသည့်အတိုင်းသာဆိုလျှင် မိဖုရား မာရာ၏ အစွန်းရောက်ဂိုဏ်းကို နှစ်သက်သဘောကျလာစေဖို့ တက်တက်ကြွကြွ စည်းရုံးလှုံ့ဆော်မှုများလုပ်ရန် လိုအပ်လာပေပြီ။ သို့ရာတွင် ရိုဒရစ်ဂ်က ထိုသို့သော ကြိုးပမ်းအားထုတ်မှုမျိုး လုပ်ခဲ့ခြင်းမရှိ။ မိဖုရား၏ရှေ့မှောက်တွင် မြှောက်ပင့်ပြောဆိုကာ ခယနေခဲ့သော်လည်း တကယ်တော့ ပိုက်ဆံသုံးပေးသည့် ဖောက်သည်ကြီးတစ်ယောက်အဖြစ်သာ သဘောထားခဲ့သည်။ မိဖုရားကို သူတော်စင်အဖြစ် ကိုးကွယ်ရန်ဟူသော အထွတ်အမြတ်ဘုန်းတော်ကြီး၏ အမိန့်တော် နယ်ပယ်ထဲတွင် သတင်းပွဲစား 'ကေ့ဂ်ျ' အနေနှင့် အရည်အချင်းများကို အသုံးပြုခြင်းမပါဝင်ဟု ယူဆထား၏။

သူက သူ၏ သတင်းအချက်အလက်များနှင့် ကိုယ်တိုင် ရှာဖွေရရှိထားသော ရှေးဟောင်းစာအုပ်များကို မြင့်မားသောဈေးနှုန်းများ သတ်မှတ်ကာ မိဖုရားကို ရောင်းချခဲ့သည်။ မိဖုရားက ငွေပေးချေရာတွင် ခြွေတာစေးကုပ်ခြင်းမျိုးမရှိသော်လည်း သူ့အနေနှင့် ဈေးမြင့်မြင့်ခေါ်ခဲ့ကြောင်းကိုတော့ သိလောက်မည်သာ။

'အစောကြီးကတည်းက ပြောပြခဲ့ရောပေါ့။'

လွန်ခဲ့သော ရက်ပိုင်းလေးကပင် မိဖုရားနှင့် တွေ့ဆုံကာ ပိုက်ဆံကို ပေါ်တင်တောင်းဆိုခဲ့သေးသည် မဟုတ်လား။ ရိုဒရစ်ဂ်တစ်ယောက် ထိုနေ့က ကျောက်မျက်ရတနာအိတ်ကို ပစ်ချလိုက်သည့် မိဖုရား၏ မျက်လုံးထဲမှ မထီမဲ့မြင်ပြုမှုကို ဖတ်လိုက်မိသည်။ သူ့အား 'ငွေပဲသိသည့် ကုန်သည်' ဟု လှောင်ပြောင်နေသလိုပင်။ လုံးဝ နှစ်လိုဖွယ်ရာ အကြည့်မျိုး မဟုတ်ခဲ့ပေ။

ထို့အပြင် ရိုဒရစ်ဂ် သွင်းပေးခဲ့သည့် 'တာနီယာ' ကြောင့် ပြဿနာဖြစ်ခဲ့သည်ဟုဆိုကာ အပယ်ခံဖြစ်ခဲ့ရပြန်သည်။ ဘယ်လောက်တောင် အမှတ်များ ဆုံးရှုံးနေရသည်ကို မသိနိုင်ပေ။ သူ့ကျောပြင်တွင် ချွေးစေးများ စီးကျလာတော့၏။

"အထွတ်အမြတ်ဘုန်းတော်ကြီး။ ပြီးခဲ့တဲ့ရက်ပိုင်း သူတော်စင်အရှင်မနဲ့ တွေ့ခဲ့တုန်းက အခမ်းအနားနဲ့ ပတ်သက်ပြီး ပြောပြခဲ့သလို၊ အထွတ်အမြတ်ဘုန်းတော်ကြီးက တွေ့ချင်နေပါတယ်ဆိုတဲ့ စကားကိုလည်း လျှောက်တင်ခဲ့ပါတယ်။"

ရိုဒရစ်ဂ်တစ်ယောက် သူ့အပြစ်သူ ဖုံးကွယ်ရန်အတွက် ကောင်းကွက်လေးများကို တတွတ်တွတ် ရွတ်ပြလေတော့သည်။

"အထွတ်အမြတ်ဘုန်းတော်ကြီးက သူတော်စင်အရှင်မကို ဘယ်အချိန်မှာ တွေ့မယ်ဆိုပြီး နေ့ရက်ကို သတ်မှတ်ပေးမယ်ဆိုရင် တာနီယာကို အသုံးပြုပြီး သူတော်စင်အရှင်မကို... အာ၊ ဟုတ်ပါရဲ့။ တာနီယာက အခု သူတော်စင်အရှင်မနဲ့အတူ ကန္တာရဘက်ကို ထွက်သွားပါတယ်။ တာနီယာ ပြန်ရောက်လာဖို့က..."

ရိုဒရစ်ဂ်က မော်လီတစ်ယောက် လက်ရှိတွင် မြေအောက်အကျဉ်းခန်းထဲ၌ အစောင့်အကြပ် တင်းတင်းကျပ်ကျပ်ဖြင့် ချုပ်နှောင်ခံထားရကြောင်း မသိခဲ့ပေ။ သူက ယဇ်ပူဇော်ပွဲသို့သွားသည့် အဖွဲ့ထဲရောနှောပြီး အထွတ်အမြတ်နေရာသို့ ထွက်ခွာသွားသည်ဟူသော သတင်းကိုသာ ယုံကြည်ထားခဲ့၏။

ရိုဒရစ်ဂ်၏ စကားကို ဖြတ်တောက်ပြီး သူ့ခေါင်းထဲတွင် အသံတစ်ခု ပဲ့တင်ရိုက်ခတ်လာသည်။

—ကန္တာရပေါ့လေ။ သူတော်စင်အရှင်မက ကန္တာရဘက် ထွက်သွားတယ်တဲ့လား။

"ဟုတ်ပါတယ်။ ခြောက်သွေ့ရာသီ ယဇ်ပူဇော်ပွဲကို တက်ရောက်ဖို့ သွားတာပါ။"

—ရိုဒရစ်ဂ်။ ဒီအတောအတွင်းတော့ ငါ လှုပ်ရှားလို့ မရသေးဘူး။ မင်းက အခုအထိ လုပ်ခဲ့တဲ့အတိုင်း အခမ်းအနားကို အသေးစိတ် ပြင်ဆင်ပြီး သူတော်စင်အရှင်မကို သန့်ရှင်းစင်ကြယ်အောင်စောင့်ရှောက်ထား။

"အမိန့်တော်အတိုင်း အမှားအယွင်းမရှိ လိုက်နာပါ့မယ်။"

ခြေနှစ်ချောင်းထောက်ပြီး မတ်မတ်ရပ်နေသည့် ကြွက်၏မျက်လုံးထဲမှ အနီရောင်အစွမ်းများ ပျောက်ကွယ်သွားလေသည်။ မျက်လုံးနက်ကလေးများသာ ရှိတော့သည့် သာမန်ကြွက်ကလေး ဆတ်ခနဲတွန့်သွားသလို နှာခေါင်းဖျားလေးကို တစ်ချက်နှစ်ချက်လောက် လှုပ်လိုက်ကာ နံရံအက်ကြောင်းထဲသို့ အလျင်အမြန် ဝင်ရောက်သွားတော့၏။ ဝပ်တွားနေသော ရိုဒရစ်ဂ်က အထွတ်အမြတ်ဘုန်းတော်ကြီး၏ အသံကို အတန်ကြာအောင် မကြားရတော့မှ ခေါင်းမော့ကြည့်လာခဲ့သည်။ အထွတ်အမြတ်ဘုန်းတော်ကြီး၏ တမန်တော်ကမူ ပျောက်ကွယ်သွားချေလေပြီ။

~~~~

နှစ်ညအိပ်ပြီး၍ ထွက်ခွာပြီး သုံးရက်မြောက်နေ့ နေ့လယ်ပိုင်းတွင် ယဇ်ပူဇော်ပွဲ တက်ရောက်မည့်အဖွဲ့လည်း အထွတ်အမြတ်နေရာသို့ ရောက်ရှိလာခဲ့လေသည်။ ကုလားအုတ်ပေါ်မှ ဆင်းလာသော ယူဂျင်းက သူ့ခြေထောက်အောက်သို့ ငုံ့ကြည့်လိုက်သည်။ စိမ်းလန်းစိုပြေသော မြက်ကလေးများက မြေပေါ်တွင် ကော်ဇောခင်းထားသည့်အလားရှိနေ၏။

'အိုအေစစ်တဲ့လား။'

အထွတ်အမြတ်နေရာ၏ပုံစံက ယူဂျင်း စိတ်ကူးထားသည်နှင့် မတူပေ။ သဲများ တစ်ဝက်လောက် ဖုံးလွှမ်းနေသည့် ရှေးဟောင်းခံတပ်ပျက်လို နေရာမျိုးမဟုတ်ဘဲ ထင်ရှားသည့် အရောင်အသွေးများရှိသော ကန္တာရထဲမှ စိမ်းလန်းစိုပြေသည့် ကျွန်းတစ်ကျွန်း ဖြစ်နေလေသည်။

ယူဂျင်းက ခေါင်းလှည့်ကာ ကန္တာရဘက်သို့ ကြည့်လိုက်၏။ အဝါရောင်သဲများ အပြည့်လွှမ်းနေသော တောင်ကုန်းများက အဆုံးမရှိလောက်အောင် ဖြန့်ကြက်လျက်။ တစ်ဖန် ဆန့်ကျင်ဘက်ကို ပြန်ကြည့်လိုက်တော့ ထူထပ်သော မြက်ခင်းတောများ၏ အလွန်တွင် ရေကန်တစ်ခုကို မြင်လိုက်ရသည်။ လုံးဝကွဲပြားသော ကမ္ဘာနှစ်ခုတွင် ခြေနှစ်ချောင်းကို ချနင်းထားရသလိုပင်။

လုပ်သားများက လှုပ်လှုပ်ရှားရှားနှင့် ယာယီတဲနန်းများ ထိုးနေကြသည်။ လှုပ်ရှားနေသောလူများ၏ မျက်နှာများတွင် အားအင်အပြည့်ပင်။ ကန္တာရကိုဖြတ်ပြီး ခရီးနှင်လာရ၍ ပင်ပန်းနေသော်လည်း စိမ်းလန်းမှုက အင်အားကို ဖြည့်ဆည်းပေးနိုင်သည့် ထူးခြားသော အစွမ်းသတ္တိများရှိနေ၏။

ယူဂျင်းက အကြံပေးနှင့် စကားပြောနေသည့် ခါဆယ်ရ်ကို ကြည့်နေခဲ့သည်။ သူ့တို့စကားဝိုင်း ပြီးဆုံးမည်ကို စောင့်နေသည့်အလား အခြားအရာရှိတစ်ယောက်က ဘုရင်မင်းမြတ်၏ဘေးနားကို တိုးကပ်လာ၏။ အတော်လေး အလုပ်များနေပုံပင်။

မနက်ခင်း နေထွက်ချိန်တွင် ယဇ်ပူဇော်ပွဲ အခမ်းအနား စတင်မည်ဟု ကြားခဲ့ရသည်။ ယနေ့တော့ နောက်ကျနေပြီဖြစ်သော်လည်း မနက်ဖြန် မနက် အခမ်းအနားကို ကျင်းပပြီးသည်နှင့် အပြန်ခရီးကို စတင်ပေမည်။

"ဆာ ဆဗဲန်။"

ဘေးနားတွင် စောင့်ကြပ်နေသော ဆာ ဆဗဲန်က ချက်ချင်း ပြန်ဖြေလာ၏။

"ဆာက ဒီနေရာကို အရင်က ရောက်ဖူးတယ်လို့ ပြောခဲ့တယ်မဟုတ်လား။"

"ဟုတ်ပါတယ်၊ အရှင်မိဖုရား။"

"ဒီနေရာတစ်ခုလုံးကို အထွတ်အမြတ်နေရာလို့ ခေါ်တာလား။"

"အတိအကျပြောရရင် ဘုရင့်တိုင်းပြည် စတင်ပေါ်ပေါက်လာရာ နေရာဟောင်းပါပဲ။ ရေကန်ကို ပတ်သွားလိုက်ရင် မြင်ရပါလိမ့်မယ်။"

"ဒီကနေ ဝေးလား။"

"နည်းနည်းတော့ လျှောက်သွားရပါမယ်။"

"ပြန်ရောက်ရင် နေဝင်သွားလောက်ပြီလား။"

"အဲ့ဒီလောက်အထိတော့ မဟုတ်ပါဘူး။"

"လမ်းညွှန်ပေးပါ။"

"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။"

ဆဗဲန်က မိဖုရား အထွတ်အမြတ်နေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းမဟုတ်ဘူးဟု သိထားခဲ့သော်လည်း တစ်ကြိမ်တည်းသာဖြစ်ခဲ့သလို၊ နှစ်အနည်းငယ်ကြာမှ ပြန်လာခြင်းဖြစ်၍ မေ့နေခြင်းဖြစ်မည်ဟု တွေးခဲ့၏။

ဆဗဲန်က နောက်လှည့်ကြည့်ကာ ဘေးနားမှ အခြား စစ်သည်တော်များကို မျက်ရိပ်မျက်ကဲပြလိုက်သည်။ လျှောက်သွားကြသော ဆဗဲန်နှင့် မိဖုရား၏အနောက်မှ စစ်သည်တော်လေးယောက် ထပ်မံ၍ လိုက်ပါလာလေ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment