no

Font
Theme

အပိုင်း ၇၁

ယူဂျင်းက ခါဆယ်ရ့်စကားကို ကြားရသည့်အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရန် ကြောက်ရွံ့နေခဲ့သည်။ သူတစ်ယောက်တည်း ထင်ယောင်ထင်မှားဖြစ်ပြီး ခါဆယ်ရ် ဆိုလိုချင်သည့် ရည်ရွယ်ချက်နှင့်မတူဘဲ စိတ်အထင်ဖြင့် အဓိပ္ပာယ်ကောက်မိမည်ကို စိုးရိမ်သောကြောင့် အတည်ပြုရန် မေးလိုက်၏။

“ပြန်ပြီးစတင်မယ်ဆိုတာက... ကျွန်မနဲ့လားဟင်။”

“အခု ဒီနေရာမှာ တခြားဘယ်သူများ ရှိသေးလို့လဲ။”

ခါဆယ်ရ်က အာဏာသံဖြင့် ပြန်ဖြေလာသည်။ ယူဂျင်းက ဤအကြောင်းအရာကို ရှောင်ဖယ်ရန် ကြိုးစားနေသည်ဟု ထင်နေပုံပင်။

“ဘာကို ပြန်ပြီးစတင်မှာလဲဟင်။”

ယူဂျင်းက မျက်မှောင်ကြုတ်နေသော ခါဆယ်ရ်၏ မျက်နှာထားကို မြင်ပြီးမှ သူ မေးခွန်းမှားသွားမှန်း သဘောပေါက်လိုက်၏။ ရိုးအသလို၊ သို့မဟုတ်လည်း ရိုးအချင်ယောင်ဆောင်နေသူလို ပုံစံမျိုးပေါ်နေပေလိမ့်မည်။

“အဲ့ဒီတော့လေ ကျွန်မ ပြောချင်တာက...”

ယူဂျင်းတစ်ယောက် စကားမဆက်နိုင်ဘဲ သက်ပြင်းချလိုက်၏။

“ကျွန်မကို မုန်းနေတယ်လို့ ထင်ထားခဲ့တာပါ။”

ခါဆယ်ရ်က အံ့ဩမှင်တက်သော မျက်နှာထားဖြင့် ပြောလာသည်။

“မင်း အဲ့ဒီလို ထင်ရလောက်တဲ့အထိ... ငါက အဲ့ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ပြုမူခဲ့မိတာလား။”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။”

ယူဂျင်း ခေါင်းကို အမြန်ခါလိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် ကိုယ့်ခေါင်းကိုယ် ဖိကိုင်ထားလိုက်၏။ ရုတ်တရက် အရူးဖြစ်သွားသလိုပင်။ ရှုပ်ထွေးစွာ ရောထွေးနေသော အတွေးများသာ ခေါင်းထဲတွင်လည်ပတ်နေကာ သင့်တော်သောစကားလုံးကို ရှာမတွေ့တော့ပေ။

ခါဆယ်ရ်က ကြင်နာမှုရှိသည်။ စကားရော အပြုအမူပါ ပေါ့ပေါ့ဆဆမရှိခဲ့။ သို့သော် သူ၏ ကြင်နာမှုက ကောင်းစွာပညာသင်ယူခဲ့ရသူ၏ အခြေခံစိတ်ဓာတ်သာဖြစ်သည်ဟု ထင်ခဲ့မိ၏။ သို့မဟုတ်လည်း ဆက်ခံသူ ရရှိရန်ရည်ရွယ်ချက် အောင်မြင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ထင်ထားခဲ့သည်။

သို့ရာတွင် သူက ရည်ရွယ်ချက်အတွက် နည်းလမ်းမျိုးစုံ အသုံးပြုကာ ခံစားချက်များကို ဟန်ဆောင်ပန်ဆောင် ဖန်တီးနိုင်လောက်အောင် မျက်နှာပြောင်သူဟူ၍တော့ အကဲဖြတ်ခဲ့ခြင်းမရှိပေ။

ဂျင်က ဤဘုရင့်တိုင်းပြည်တွင် မည်သို့သော မိဖုရားဖြစ်ကြောင်း ယခင်က သတင်းအချက်အလက်များကို တဖြည်းဖြည်း ရရှိလာသည်နှင့်အမျှ မရဏဘုရင် ခါဆယ်ရ်က မည်သို့သောလူစားမျိုးဖြစ်ကြောင်း ပို၍သိလာခဲ့ရသည်။ သူက စိတ်ခံစားမှု ပြင်းထန်သူ မဟုတ်ဘဲ စိတ်ရှည်သည်းခံတတ်ကာ လူသားဆန်မှုလည်းရှိသူဖြစ်၏။

သူက လူကောင်းပဲဟု တွေးမိတိုင်း ယူဂျင်းတစ်ယောက် လှုပ်ရှားလာသော မိမိ၏ နှလုံးသားကို ဖိနှိပ်ကာ ခံစားချက်ကင်းမဲ့သူတစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရသည်။ ရိုင်းပျစွာ မပြုမူလိုခဲ့ပေ။

သူ့အမြင်တွင် ယူဂျင်းက 'အာနီခါ ဂျင်' ဖြစ်ကာ သူလိုချင်သည့်အရာက ဆက်ခံသူသာ ဖြစ်ပေလိမ့်မည်။

“မှတ်ဉာဏ်မပျောက်ခင်က ကျွန်မကို ပြောတာပါ။ အမ်... သုံးနှစ်တာ အိမ်ထောင်ရေးက သိပ်အဆင်မပြေဘူးဆိုပြီး ကြားထားလို့လေ။”

“မင်းကို မုန်းတယ်ဆိုတာထက်...”

ခါဆယ်ရ်က ယူဂျင်း၏ မျက်နှာကိုကြည့်ရင်း ယခင်က မိဖုရား၏ပုံစံကို ပြန်ပြောင်းတွေးကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ပုံဖော်ရန် ခက်ခဲနေ၏။

မကြာသေးမီကအထိ သူက ပုံစံနှစ်မျိုးကို နှိုင်းယှဉ်ကာ ‘လူတစ်ယောက်က ဒီလောက်တောင် ပြောင်းလဲသွားနိုင်တာလား’ ဟု အံ့ဩခဲ့ရသည်။ သို့ရာတွင် ဘယ်အချိန်က စခဲ့မှန်းမသိ၊ ယခင်က မိဖုရားကို လုံးဝမတွေးမိတော့ပေ။

“မင်းက ဘယ်လိုလူလဲဆိုတာကို မသိခဲ့တာ။”

သူက လူတစ်ဦးတည်းတွင် လုံးဝကွဲပြားသော စရိုက်နှစ်ခု ရှိနိုင်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် အတိတ်က ယူဂျင်း၏ပုံစံ တစ်နေရာရာတွင် ယခု ယူဂျင်း၏ပုံစံသည်လည်း ရှိနေပေလိမ့်မည်။ သူကိုယ်တိုင် မသိခဲ့ခြင်းသာ။

ယူဂျင်းက ထိုအတောအတွင်း ခါဆယ်ရ်တစ်ယောက် စိတ်ထဲတွင် အတွေးလွန်ဆွဲနေရသည်ကို မသိခဲ့။ ထို့ကြောင့် သူ့စကားက ရုတ်တရက်ဆန်နေခဲ့သည်။

‘ဧကန္တ။’

ဟိုတလောက အတူအိပ်ဖို့ ငြင်းခဲ့မိလို့များလား။

“အရှင်မင်းကြီး။ ဆက်ခံသူ မွေးပေးမယ်ဆိုတဲ့ကတိကို တည်ပါ့မယ်။”

ခါဆယ်ရ်က ဘာပြောနေမှန်းမသိဘူးဟူသောပုံစံဖြင့် ယူဂျင်းကို ကြည့်နေရာမှ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာပြီးနောက် ‘ဟား’ ဟု ရွဲ့သလို ရယ်လိုက်သည်။

“မင်းစကားက အခု ငါက ဆက်ခံသူရဖို့အတွက် မင်းကို ပလီပလာတွေ ပြောနေတယ်ဆိုတဲ့ သဘောလား။ ငါ့အပေါ်ထားတဲ့ ယုံကြည်မှုက ဟိုးအောက်ဆုံးမှာပဲ ရှိနေတာကိုး။”

ယူဂျင်း မျက်နှာပျက်သွားသည်။ တကယ်တမ်း ထိုသို့ရည်ရွယ်ခြင်းမရှိခဲ့သော်လည်း ဆက်ပြောလေလေ ခါဆယ်ရ်က စိတ်ဓာတ်သေးသိမ်သောယောက်ျား ဖြစ်သွားလေလေပင်။

“ဒါ...ဒါပေမဲ့ ထူးဆန်းနေတယ်မဟုတ်လားရှင့်။ ပြန်ပြီးစတင်မယ်ဆိုတဲ့ စကားက ရှိပြီးသားအရာတွေနဲ့ ရေစက်ဖြတ်မယ်ဆိုတဲ့ စကားလိုမျိုးဖြစ်နေတာလေ။ အတိတ်ကရော၊ အခုရော ကျွန်မက ကျွန်မပါပဲ။”

ယူဂျင်းက ‘အာနီခါ ဂျင်' ဤကမ္ဘာတွင် နေထိုင်ခဲ့သော အတိတ်ကို ငြင်းပယ်ရန် စိတ်ကူးမရှိပေ။ မည်သို့ပင်ဆိုစေ ဤခန္ဓာကိုယ်ဖြင့် နေထိုင်ရန်အတွက် ဤခန္ဓာကိုယ်၏ အတိတ်ကို လက်ခံရပေမည်။ ယူဂျင်း တတ်နိုင်သည့် အကောင်းဆုံးအရာမှာ အတိတ်တွင် ကျူးလွန်ခဲ့သော အမှားများရှိပါက တတ်နိုင်သမျှ ပြင်ဆင်ရန်သာဖြစ်၏။

ခါဆယ်ရ်က အံ့ဩမှင်တက်စွာဖြင့် ‘အဲ့ဒီလိုလား’ ဟု ရေရွတ်ပြီးနောက် အတွေးထဲနစ်မျောသွားခဲ့သည်။ ထို့နောက် ခဏအကြာတွင် သူက ပြောလာ၏။

“အဲ့ဒီလို အဓိပ္ပာယ်မျိုး ကြားရတယ်ဆိုရင်တော့ ငါ စကားမှားသွားတာပဲပေါ့။ ဒါပေမဲ့...”

သူက စကားကို ရပ်လိုက်ကာ တစ်ခါထပ်ပြီး အတွေးထဲ ​မျောသွားပြန်သည်။ ထို့နောက် စိတ်ပိုင်းဖြတ်ချက် ချပြီးသွားသူကဲ့သို့ သူ့ဘာသာ ခေါင်းညိတ်လိုက်ပြီးမှ ပြောလာ၏။

“တကယ်ပဲ တစ်ခါပြန်ပြီး စတင်မယ်ဆိုတဲ့ စကားထက် ပိုသင့်တော်တဲ့ ဖော်ပြချက် မရှိတော့ဘူး။ ငါက အခု ဒီနေရာမှာ ထိုင်နေတဲ့ မင်းနဲ့ ငါတို့ရဲ့ ဆက်ဆံရေးအကြောင်း ပြောချင်တာ။ အမှန်အတိုင်းပြောရရင် အတိတ်ရဲ့ မင်းကိုရော ငါ လက်ခံနိုင်ပါ့မလားဆိုတာ မသေချာဘူး။”

“...ဒီလိုအချိန်မျိုးမှာ မင်း ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် အဆင်ပြေတယ်ဆိုပြီး ရင်ထဲထိသွားစေမဲ့ စကားမျိုး ပြောပေးသင့်တာမဟုတ်ဘူးလားရှင့်။"

မျက်နှာထား ပြန်ပြီးလေးနက်တည်ကြည်သွားသော သူ့ကိုကြည့်ရင်း ယူဂျင်း ရယ်လိုက်သည်။

“လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ပြတ်ပြတ်သားသား နှစ်ပိုင်းခွဲလို့ရမှာလဲရှင့်။ အခုလက်ရှိ ကျွန်မက ဘယ်သူလဲ။”

“မင်းက ယူဂျင်း။”

ယူဂျင်း အသက်ရှူရပ်သွားသလို ခံစားချက်ဖြင့် ရယ်နေသည်ကို ရပ်လိုက်သည်။ လန့်သွားကာ သူ့ကို ကြည့်လိုက်မိ၏။ ဧကန္တ သူ သိသွားတာများလား။ ထိုသို့ဖြစ်စရာအကြောင်းမရှိ။ ဝိညာဉ်ချင်း လဲသွားသည့်အဖြစ်ကို မည်သူက စိတ်ကူးကြည့်နိုင်မည်နည်း။

“ယူဂျင်းလို့ ခေါ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မင်း။ ငါက မင်းနဲ့ တစ်ခါပြန်ပြီး စတင်ချင်တာ။”

“ကျွန်မ မှတ်ဉာဏ်ပြန်ရပြီး အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားရင်ရော။”

ခါဆယ်ရ်က ခါးသီးစွာ ပြုံးလိုက်သည်။

“အဓိပ္ပာယ်မရှိတဲ့ အငြင်းအခုံလို ဖြစ်သွားပြီထင်တယ်။ မင်းပြောသလို အတိတ်ရဲ့ မင်းကိုပဲ ဖြတ်ထုတ်လိုက်ဖို့ဆိုတာက ကျိန်းသေပေါက် မဖြစ်နိုင်ဘူးပေါ့။ မှတ်ဉာဏ်ပြန်ရလို့ အရင်ပုံစံ ပေါ်လာရင်တောင် ကိစ္စမရှိဘူး။ အခုလက်ရှိ မင်းက လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ဘူးဆိုရင် အဲ့ဒီပုံစံကလည်း မင်းပဲလေ။ အဲ့ဒါကို လက်မခံဘူးလို့ ပြောနေတာမဟုတ်ဘူး။”

သူသည်လည်း 'ဂျင်' နှင့် 'ယူဂျင်း' ကို သီးသန့် လူတစ်ယောက်စီအဖြစ် မယူဆခဲ့သည်မှာ အမှန်ပင်။ သို့သော် ယူဂျင်းအတွက်မူ သူက နှစ်ဦးစလုံးကို ခွဲခြားပြောနေသည်ထက် ပို၍အံ့ဩစရာကောင်းသော အဓိပ္ပာယ်အဖြစ် နားထဲဝင်လာသည်။

သူက ‘အတိတ်ရဲ့ မင်းကိုတော့ လက်မခံနိုင်ဘူး’ ဟု ဆိုနေသော်လည်း အတိတ်က ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးဘူးဟု ပြောနေသလိုပင်။

မကြာသေးမီက ယူဂျင်းသာဖြစ်ခဲ့မည်ဆိုလျှင် သူ၏ စကားကို ပြန်မဖြေနိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိရပေမည်။ ယူဂျင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိသေးသဖြင့် အဖြေရှာရန် လမ်းပျောက်နေခဲ့၏။ သို့သော် မနေ့က ဖြစ်ရပ်ကြောင့် ဖြစ်တည်မှု၏ အဓိပ္ပာယ်ကို သက်သေပြခဲ့ပြီးပေပြီ။

“အရှင်မင်းကြီး။ အခု အခြေအနေနဲ့ဆိုရင်တော့ နည်းနည်း ဆီလျော်မှုမရှိနိုင်မဲ့ မေးခွန်းပါ။ ရာမီတာက ဝိညာဉ်ရဲ့ စွမ်းအားလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ စွမ်းအားလားရှင့်။”

ခါဆယ်ရ်က တစ်ချက်လေးပင် တွေဝေမသွားဘဲ ပြန်ဖြေခဲ့သည်။

“ကျိန်းသေပေါက် ဝိညာဉ်ရဲ့ စွမ်းအားပေါ့။”

သူ၏ ခိုင်မာသောအဖြေက ယူဂျင်းအတွက် နှစ်သိမ့်မှု ဖြစ်စေခဲ့သည်။ ယူဂျင်းက မည်သူပင်ဖြစ်စေ မလွဲဧကန် အာနီခါတစ်ယောက်ပင်။ ဤကမ္ဘာတွင် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ရန် အရည်အချင်းရှိသူဖြစ်၏။

“ယူဂျင်း။ အရင်တုန်းက ငါ မင်းကို နားမလည်ခဲ့ဘူး။ နားလည်နိုင်ဖို့လည်း မကြိုးစားခဲ့ဘူး။ မွေးဖွားကြီးပြင်းလာတဲ့ ဇာတိမြေကို စွန့်ခွာပြီး ဝေးလံတဲ့နေရာကို ရောက်လာတဲ့သူအတွက် ဒီနေရာက ကျိန်းသေပေါက် စိမ်းသက်နေမှာပဲပေါ့။ ငါသာ အခုလိုမျိုး မင်းနဲ့ ပိုပြီး စကားပြောခဲ့မယ်ဆိုရင် တစ်ခုခု ပြောင်းလဲသွားနိုင်တာကို။”

စကားပြောနေရင်း ခါဆယ်ရ်က သူ၏ သေးသိမ်သောစိတ်ထားအတွက် ရှက်ရွံ့လာမိခဲ့သည်။ မိမိ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် ပိတ်လှောင်ပြီးနေခဲ့သော အတိတ်က မိဖုရား၏ အခန်းတံခါးကိုပင် ခေါက်ရန်စိတ်ကူးမရခဲ့။ ယခု ယူဂျင်းနှင့် ပြောင်းလဲသွားသော ဆက်ဆံရေးမှာ ယူဂျင်းကြောင့်သာဖြစ်၏။

ယူဂျင်းက ခေါင်းခါလိုက်သည်။ ခါဆယ်ရ် နောင်တရနေသော အတိတ်က ယူဂျင်းအတွက်မူ ကံကောင်းခြင်းပင်။

ဤလူသာ ဂျင်ကို ချစ်ခဲ့မည်ဆိုလျှင် ယူဂျင်းလည်း သူ့ကိုမြင်တိုင်း အပြစ်ရှိသလိုခံစားရကာ နာကျင်ရပေလိမ့်မည်။

“အတိတ်အကြောင်းကို မပြောချင်ပါဘူး။ မှတ်ဉာဏ်ကလည်း လုံးဝ ပြန်မရသေးဘူးလေ။ ပြီးတော့ ကျွန်မက အခု ရှေ့ကိုပဲ ဆက်သွားဖို့ စိတ်ပိုင်းဖြတ်ထားလိုက်ပါပြီ။”

“ငါ ပြောချင်တာလည်း အဲ့ဒါပဲပေါ့။”

“ရှင်။”

“အရှေ့ကိုပဲကြည့်ပြီး အတူတူ သွားကြရအောင်။”

ယူဂျင်းလည်း ပြုံးနေသော ခါဆယ်ရ်ကိုကြည့်ရင်း ရယ်ချင်စိတ်ဖြစ်လာသည်။ ယခုထက် ပို၍ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်သွားမည်ဟူသော အဓိပ္ပာယ်အား ကောင်းစွာနားလည်၏။ သို့သော် လုပ်ဖော်ကိုင်ဖက် ရှာနေခြင်းလည်းမဟုတ်ဘဲ ဤသို့သော စိတ်ဝင်စားစရာမကောင်းသည့် ဖော်ပြချက်က ဘာများလဲ။

သူ့ကို သဘောကျ၏။ ရင်ဘတ်အတွင်းမှ နူးညံ့လာသော ခံစားချက်ပင်။ ကျိန်းသေပေါက် သူ့တွင် သဘောကျချင်စရာ အချက်များစွာ ရှိပေသည်။ စိတ်ကောင်းရှိခြင်း၊ ရုပ်ရည်ချောမောခြင်း၊ အရည်အချင်းရှိခြင်း အစရှိသဖြင့်...

သို့သော်လည်း ခံစားချက်များ စတင်လှုပ်ရှားလာသည်နှင့် ထိုသို့သော အချက်များကို ကျော်လွန်ကာ လူကိုသာ သဘောကျလာတော့သည်။ ယူဂျင်းတွင် ခါဆယ်ရ်ဟူသော ယောက်ျားအ​ပေါ် ဆွဲဆောင်မှုရှိသည်ဟူသော ခံစားချက်များ ဖြစ်တည်လာ၏။

သို့ရာတွင် တစ်ဖက်သတ်အချစ်ကိုတော့ သဘောမကျပေ။ ယူဂျင်း သူ့ကို သဘောကျသကဲ့သို့ သူကလည်း ယူဂျင်းကို ပြန်သဘောကျစေလိုသည်။

သို့သော် သူ့တွင် ယူဂျင်းအပေါ် မည်သို့သော ခံစားချက်များ ဖြစ်တည်နေမှန်း ယခု စကားဝိုင်းမှတစ်ဆင့် သိနိုင်မည်မဟုတ်ပေ။ ‘ရှင် ကျွန်မကို ကြိုက်လား’ ဟု တဲ့တိုးမေးပြီး အဖြေကို ကြားရလျှင်ပင် စိတ်ရင်းမှန်ဖြစ်မည်မထင်။

သူက ဘုရင့်တိုင်းပြည်၏ မိဖုရားအရိုက်အရာကို ထိန်းသိမ်းပေးမည့်သူသာ လိုအပ်နေခြင်းလည်း ဖြစ်နိုင်၏။

ယူဂျင်းက အပြုံးလေးနှင့် အသာလေး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့။ တစ်ခါပြန်ပြီး စကြမယ်ရှင့်။ စာချုပ်အကြောင်းကို အခု ဆက်မပြောတော့ဘူးပေါ့နော်။”

“ဒါပေါ့။”

ခါဆယ်ရ်က တွေ​ဝေတုံ့ဆိုင်းနေသော မျက်နှာထားဖြင့် ယူဂျင်း၏ မျက်နှာကို အကဲခတ်ခဲ့သည်။ သူလိုချင်သော အဖြေကို ကြားရသော်လည်း ကျေနပ်မှုမရှိပေ။ အရေးကြီးသော တစ်စုံတစ်ရာကို ချန်လှပ်ထားခဲ့သလို ခံစားနေရသော်လည်း ဘာမှန်းတော့မသိခဲ့။

“ဒါပေမဲ့ ကျွန်မ အရှင်မင်းကြီးနဲ့ လက်ထပ်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အဲ့ဒီအတွက် ကျွန်မကို လျော်ကြေးပေးနေစရာမလိုပါဘူးရှင့်။ ဒီတော့ အဲ့ဒီအတွက်နဲ့ ကျွန်မ မှတ်ဉာဏ်တွေပြန်ရအောင်ဆိုပြီး ဆန်းဂျယ်နဲ့ ချက်ချင်း သွားတွေ့စရာ အကြောင်းရင်းလည်း မရှိတော့ဘူးပေါ့။”

ဆန်းဂျယ်နှင့် တွေ့ဆုံရုံဖြင့် မှတ်ဉာဏ်ပြန်ရစရာ အကြောင်းမရှိပေ။ မှတ်ဉာဏ်ပျောက်ဆုံးနေခြင်းမဟုတ်ဘဲ လုံးဝ အခြားသူတစ်ဦးဖြစ်နေသောကြောင့်ပင်။

“ဆန်းဂျယ်ဆီ သွားတွေ့မဲ့အချိန်ကို ကျွန်မကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ့မယ်။ အထွတ်အမြတ်မြို့တော်ကို အရေးပေါ် သတင်းမပို့ပါနဲ့ဦး။”

ခါဆယ်ရ်က အကျပ်ရိုက်နေသလိုပုံစံဖြင့် ပြောလာသည်။

“မှတ်ဉာဏ်ကြောင့်ချည်းပဲ မဟုတ်ဘူး။ မင်းရဲ့ ရာမီတာက ပုံမှန်မဟုတ်တော့လို့။”

“ခန္ဓာကိုယ်မှာ သိပ်ပြီးတော့ ထူးထူးခြားခြား ပြဿနာရှိမှာမဟုတ်ပါဘူး။”

“မင်း အစွမ်းကို အလွန်အကျွံ သုံးလိုက်မိမှာလည်း စိုးရိမ်လို့။”

“ရေခန်းခြောက်သွားတာမျိုး ဖြစ်နိုင်လို့လားရှင့်။”

ခါဆယ်ရ်က အိပ်ခန်းတစ်ခုလုံးကို ပြည့်စေခဲ့သော စောစောက ရေ၏ပုံရိပ်ကို ပြန်အမှတ်ရလိုက်သည်။

“...အဲ့ဒီလိုတော့ ဖြစ်လောက်မယ် မထင်ပေမဲ့။”

"အကယ်၍ အဲ့ဒါကို စိုးရိမ်နေတာဆိုရင် နည်းလမ်းရှိပါတယ်။ ကုန်သွားလား၊ အဆင်ပြေနေသေးလားဆိုတာကို သိအောင်လုပ်ကြည့်လို့ရတယ်ရှင့်။”

“ဘယ်လိုလုပ်မှာလဲ။”

“မျိုးစေ့နဲ့ အဆင့်သတ်မှတ် စစ်ဆေး...”

“ယူဂျင်း။”

ခါဆယ်ရ် စိတ်လိုက်မာန်ပါ အသံကျယ်ကျယ်နှင့် အော်လိုက်တော့ ယူဂျင်းလည်း မျက်လုံးလေးများကို တင်းတင်းမှိတ်လိုက်ပြီးမှ အသာလေးပြန်ဖွင့်ကာ တဟဲဟဲ ရယ်လိုက်သည်။

“မသွားပါရစေနဲ့။ နော်လို့။”

ခါဆယ်ရ်က မည်းနက်စွာ တလဲ့လဲ့ တောက်ပနေသော ယူဂျင်း၏ မျက်လုံးရွဲကြီးများကို မှင်တက်စွာ ကြည့်နေမိသည်။ ကြီးမားသောလက်က သူ၏ အတွင်းစိတ်ကို ချုပ်ကိုင်ထားသည့်အလား ရင်ထဲတွင် လှိုက်မူးလာရ၏။ သူက ယူဂျင်း လိုချင်သည့် အရာမှန်သမျှကို အကုန်လုပ်ပေးချင်နေသည်။

“...မင်းသဘောအတိုင်းသာလုပ်။”

ရုတ်တရက် ပျော့ညံ့သူတစ်ဦးဖြစ်သွားသလို ခံစားလိုက်ရသည်။ အမြဲတမ်း ကြံ့ကြံ့ခံသူအဖြစ်သာ ရှင်သန်ခဲ့သော သူ့အတွက် ပထမဆုံး ခံစားရသည့် ထူးဆန်းသော အင်အားမဲ့မှုပင်။ သို့ရာတွင် မနှစ်မြို့စရာ ဖြစ်မနေခြင်းက ပို၍ပင် ထူးဆန်းနေ၏။

~~~~

နောက်တစ်နေ့ နေဝင်ပြီးသည့်နောက် ယူဂျင်းက လာ့ခ်သစ်ပင်ကိုကြည့်ရန် အပြင်ထွက်ခဲ့သည်။ မဖြစ်မနေ ရုပ်ဖျက်သွားရန် စိတ်ကူးမရှိသော်လည်း ဤတစ်ကြိမ်တွင်တော့ ခါဆယ်ရ်က အကြံပြုခဲ့၏။ ပြီးတော့ ယူဂျင်းတစ်ယောက် သူ ဘာကြောင့် ထိုသို့အကြံပြုခဲ့မှန်း အပြင်ရောက်မှသာ သိလိုက်ရသည်။

သစ်ပင်ပတ်ပတ်လည်တွင် လူအမြောက်အမြား စုဝေးနေကြ၏။ လူအုပ်ကြီးကြားမှ တိုးဝှေ့ကာ သစ်ပင်နားသို့ သွားမည်ဆိုလျှင် အခြားသူများနှင့် ထိတွေ့ရမည်မှာ ကျိန်းသေမလွဲပေ။

သို့သော် ယူဂျင်းက သူ့အား ကာကွယ်ပေးနေသလို ပွေ့ဖက်ထားသော ခါဆယ်ရ်၏ ရင်ခွင်ထဲတွင် သက်သောင့်သက်သာ ခရီးဆက်လာသည်။

‘အရပ်ရှည်ပြီး ကိုယ်ထည်ထွားတဲ့လူက လမ်းဖွင့်ပေးနေတော့ ကောင်းသားပဲ။’

သူတို့ ရှေ့ဆက်သွားနေသည့် အရှိန်က နှေးကွေးလှ၏။ ယူဂျင်းက လူများသောကြောင့်ဟု ထင်ခဲ့သော်လည်း ဤအကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်ပေ။

ခါဆယ်ရ်က အနားသို့ကပ်လာသော လူအားလုံးကို အားစိုက်တွန်းဖယ်ကာ နေရာလုံခြုံအောင် လုပ်နေရသဖြင့် နှောင့်နှေးနေခြင်းဖြစ်သည်။ သူက ယူဂျင်း အခြားသူများနှင့် ထိတွေ့မိမည်ကို မလိုချင်ပေ။ လုံခြုံရေးအဖြစ်သာမက ဒီအတိုင်း သဘောကိုမကျခြင်းပင်။

သူတို့နှစ်ယောက် လူအုပ်ကြီး၏ ရှေ့ဆုံးသို့ တိုးသွားခဲ့သည်။ သစ်ပင် ပတ်လည်တွင် ခြံစည်းရိုးများ ကာရံထားကာ တပ်သားများ စောင့်ကြပ်နေကြ၏။ ခြံစည်းရိုး ပတ်ပတ်လည်မှ ခြေလှမ်းအနည်းငယ်အကွာတွင် ဒုတိယ ခြံစည်းရိုးကို ထပ်မံကာရံထားသည်။

ပထမ ခြံစည်းရိုးက သစ်ပင်ကို ကာကွယ်ရန်ဖြစ်ပြီး ဒုတိယ ခြံစည်းရိုးက လူအများ၏ ချဉ်းကပ်မှုကို တားဆီးရန်အတွက် ဖြစ်မည့်ပုံပင်။

‘လုံခြုံရေး တင်းကျပ်တာပဲ။’

ယူဂျင်းက ကောလာဟလများ ပျံ့နေသည်ကို ကြားသိထားရသဖြင့် ခြံစည်းရိုး ကာရံထားခြင်းကို နားလည်သည်။ သို့တိုင် အနည်းငယ် နှမြောမိ၏။ ဤရင်ပြင်ပေါ်ရှိ အခြားသစ်ပင်များကဲ့သို့ လူများဖြတ်သန်းသွားလာနိုင်ပြီး သစ်ပင်အောက်မှ အရိပ်ထဲတွင် အနားယူနိုင်သော သဘာဝကျကျ ပတ်ဝန်းကျင်မျိုးဖြစ်လျှင် ပိုကောင်းပေမည်။

သစ်ပင်ကိုကြည့်ရင်း ရုတ်ရုတ်သဲသဲဖြစ်နေသော လူများ၏ အသံကို ကြားလိုက်ရသည်။

“ထင်ထားတာထက် ပိုကြီးတဲ့ သစ်ပင်ပဲ။”

“ဒါကိုကြည့်ဖို့ နေ့တစ်ဝက် လမ်းလျှောက်လာရကျိုးနပ်တယ်။ မြင်ရုံနဲ့တင် စင်ကြယ်မြင့်မြတ်နေတာ။”

“တကယ်ပဲ အဲ့ဒီသစ်ပင်က လာ့ခ်ဖြစ်ခဲ့တာလား။”

“အရှင်မိဖုရား ပေါ်လာတာနဲ့ လာ့ခ်လည်း အဲ့ဒီနေရာမှာတင် အတုန်တုန်အယင်ယင် ဖြစ်သွားတာတဲ့။”

“လာ့ခ်ကို သစ်ပင်ဖြစ်စမ်းလို့ ပြောလိုက်တော့ သစ်ပင်ဖြစ်သွားတယ်ဆိုပဲ။”

ဘေးပတ်လည်မှ ကြားရသောအသံများကြောင့် ယူဂျင်း၏ မျက်နှာက တဖြည်းဖြည်း နီမြန်းလာတော့သည်။ သစ်ကိုင်းများက လာ့ခ်ကို မောင်းထုတ်နိုင်သည့် အဆောင်ယတြာဖြစ်သည်ဟူသော ကောလာဟလများထက် ပိုဆိုးသော ကောလာဟလများ ပျံ့နှံ့နေသည့်နေရာပင်။ အဓိပ္ပာယ်မရှိသော ကောလာဟလများကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသလို ပြောဆိုကာ သူ့အား ချီးမွမ်းခန်းဖွင့်နေကြသည့် အသံများကို ကြားနေရသဖြင့် မျက်နှာပူလာရတော့၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment