အပိုင်း ၇၀
ယူဂျင်းက ခါဆယ်ရ်၏ တင်းတင်းကျပ်ကျပ် ပွေ့ဖက်မှုကိုခံထားရသည့်အတိုင်း ကြောင်အမ်းအမ်း မျက်နှာထားလေးဖြင့် မျက်လုံးများကို ဟိုဒီလှည့်ကာကြည့်နေမိသည်။ တစ်ချက်လောက် အိပ်မက်နှင့် လက်တွေ့ ကြား နယ်နိမိတ်တွင် မရေမရာ ဖြစ်နေခဲ့သော်လည်း ခဏနေတော့ အိပ်ရာမှ လုံးဝနိုးလာ၏။
ယူဂျင်း ညင်သာစွာ ပြုံးလိုက်သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ခါဆယ်ရ့်မျက်နှာကို မြင်လိုက်ရသည့်အခါ ပျော်ရွှင်ခဲ့ရပြီး ဘာကြောင့် ဤသို့ပြုမူနေမှန်း မသိသော်လည်း သူ ယခုလို တင်းတင်းကျပ်ကျပ် ဖက်ထားသည်မှာ ခံစား၍ကောင်း၏။
ယူဂျင်း၏ နှလုံးခုန်သံက တဒုန်းဒုန်း မြည်နေသည်။ ဘယ်အချိန်ကတည်းက စတင်ခဲ့မှန်းမသိ။ ခါဆယ်ရ်နှင့် ခန္ဓာကိုယ်ချင်း ထိတွေ့လိုက်တိုင်း ဤအချိန်လေးကို ပို၍ ကြာရှည်စေလိုကြောင်း ဆုတောင်းမိ၏။ အခြားသူများ၏ ကိုယ်ထိလက်ရောက် ထိတွေ့မှုကို စိတ်ကျဉ်းကျပ်စွာ ဖြတ်သန်းခဲ့ရသူဖြစ်၍ လူတစ်ယောက်၏ရင်ခွင်က ဤမျှလောက် ခံစားချက်ကောင်းလိမ့်မည်ဟု မထင်မိခဲ့ပေ။
သို့သော် လူတိုင်း၏ ရင်ခွင်တွင် ဤမျှအထိ ဘေးကင်းလုံခြုံသော ခံစားချက်ကို ခံစားရမည် မဟုတ်ပေ။ ဤလူဖြစ်နေသောကြောင့်။ ဤလူကို သဘောကျနေသောကြောင့်သာ။
ယူဂျင်းက မျက်ခုံးများကို အနည်းငယ် ကျုံ့လိုက်သည်။ ချွန်ထက်သော အစွန်း တစ်ခုက နှလုံးသားကို ဆောင့်ထိုးလိုက်သလို ခံစားရ၏။
‘သဘောကျတယ်။ ဒီလူကို...သဘောကျတယ်။’
ယူဂျင်း သက်ပြင်းဖွဖွလေး ချလိုက်သည်။
‘လူတစ်ယောက်ကို သဘောကျတဲ့ ခံစားချက်ဆိုတာ ဒီလိုမျိုးကိုး။’
အနည်းငယ် နာကျင်သလို၊ အနည်းငယ် ချိုမြိန်သလို ခံစားရ၏။ ယူဂျင်းက လက်များကိုမြှောက်ကာ သူ၏ ပခုံးကို ဖက်ထားလိုက်သည်။
ကိုယ်တစ်ပိုင်းကိုသာ မတ်ထားသည့်အတိုင်း သက်သောင့်သက်သာမရှိသောပုံစံဖြင့် ခါဆယ်ရ်၏ အပွေ့အဖက်ကို ခံနေရ၏။ ခါဆယ်ရ် ကိုယ်ကိုမတ်လိုက်တော့ ယူဂျင်း၏ ခန္ဓာကိုယ်သည်လည်း တစ်ပါတည်း ထူမတ်သွားသည်။ ယူဂျင်း ခုတင်ပေါ်တွင် ထိုင်နေသည့်ပုံစံ ဖြစ်သွားပြီးမှသာ သူက ထွေးပွေ့ထားသော လက်များကို ဖြေလျှော့ပေးခဲ့၏။
“အဆင်ပြေရဲ့လား။”
“ဟုတ်ကဲ့။”
“တစ်နေရာရာက နာတာတို့၊ ဒါမှမဟုတ် စိတ်ထဲ ထူးဆန်းတာတို့။ ဘာပဲဖြစ်ဖြစ်၊ ထူးဆန်းတဲ့ ရောဂါလက္ခဏာမျိုး မရှိဘူးလား။”
ယူဂျင်း ခေါင်းခါလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။”
ယူဂျင်းတစ်ယောက် ခါဆယ်ရ်၏ မျက်နှာထားကို အနည်းငယ် ထူးဆန်း နေသည်ဟု ထင်မိသည်။ နွမ်းလျနေပုံလည်းရကာ ပူပန်မှုများစုပုံနေသူကဲ့သို့လည်း ဖြစ်နေ၏။ ယူဂျင်းလည်း သူ့ကို ငေးကြည့်နေသော ခါဆယ်ရ်အား စိတ်အေးသွားအောင် အလေးအနက် ပြောလိုက်သည်။
“တကယ် ဘာမှမဖြစ်ပါဘူး။ လုံးဝ အကောင်းအတိုင်းပါပဲ။”
နောက်ဆုံး မှတ်မိခဲ့သည့် အဖြစ်အပျက် ကို ယူဂျင်း ပြန်တွေးလိုက်သည်။ သစ်ပင်အဖြစ် ပြောင်းလဲသွားသော လာ့ခ်အောက်တွင် အိပ်ပျော်သွားပြီးသည့်နောက် အိပ်မက်မှ နိုးလာတော့ အိပ်ခန်းထဲတွင် ရှိနေ၏။ အကယ်၍ ခါဆယ်ရ်သာ ရှိမနေခဲ့လျှင် အင်မတန် ထိတ်လန့်သွားမိပေလိမ့်မည်။
“ကျွန်မ ဘယ်လောက်ကြာအောင် လဲနေခဲ့တာလဲရှင့်။”
“မင်း တစ်ရက်လောက်နဲ့ပဲ ပြန်နိုးလာတာ။”
“...တစ်ရက်ပဲတဲ့လား။ ဒါဆို အနီရောင်အချက်ပြမီးရှူး ပေါက်သွားတာက မနေ့က ဖြစ်ခဲ့တာပေါ့နော်။”
ခါဆယ်ရ် သက်ပြင်းချလိုက်သည်။
“ယူဂျင်း။”
သူ့အသံက အင်မတန် တိုးရှရှရှိလှ၏။ ယူဂျင်းက မူမမှန်မှုကို ခံစားမိကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“ရှင်...”
“ချက်ချင်း ရဲတိုက်ကိုပြန်ဖို့ မှာခဲ့တယ်မဟုတ်လား။ မင်း ဘေးကင်းကင်းရှိလိမ့်မယ်ဆိုပြီး ယုံကြည်ထားလို့သာ ငါ အဲ့ဒီနေရာကနေ ထွက်သွားခဲ့တာလေ။”
“...အကူအညီ ဖြစ်ချင်လို့ပါ။ ကျွန်မတစ်ယောက်တည်းတော့ ထွက်မပြေးချင်ပါဘူး။ လာ့ခ်က ကျွန်မကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလေ။ ရလဒ်ကလည်း အကုန် အဆင်ပြေပြေဖြစ်သွားတာပဲ မဟုတ်ဘူးလားရှင့်။”
“လာ့ခ်က ပြဿနာမဟုတ်ဘူး။ မင်း မြင်းပေါ်က ပြုတ်ကျခဲ့တာလေ။ မြင်းပေါ်က ပြုတ်ကျတာ ဘယ်လောက် အန္တရာယ်များမှန်း မသိဘူးလား။ ဒုက္ခိတဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သေပါသေသွားနိုင်တာလို့။”
“...အာ...”
ယူဂျင်းတစ်ယောက် ထိုအဖြစ်အတွက်တော့ ပြောစရာစကား မရှိခဲ့ပေ။ မြင်းပေါ်မှ ခါထုတ်ခံလိုက်ရသည့် အခိုက်အတန့်တွင် သူကိုယ်တိုင်လည်း ရင်တုန်စရာ ကောင်းသော ကြောက်ရွံ့မှုကို ခံစားခဲ့ရ၏။ အာဘူကြောင့်သာ မဟုတ်ခဲ့လျှင် အကြီးအကျယ် ဒဏ်ရာရသွားနိုင်ပေသည်။
“နောက်ဆုံးရလဒ်က အဆင်ပြေသွားတာပဲတဲ့လား။ အဲ့ဒီလို လက်လွတ်စပယ်စကားမျိုး ဘယ်မှာရှိလို့လဲ။ ကံကိုပုံပြီး လုပ်ခဲ့တဲ့ကိစ္စကို ရလဒ်ကောင်းသွားတာနဲ့ပဲ လက်ခုပ်တီးပေးရမှာလား။ မင်းရဲ့ ဘေးကင်းလုံခြုံမှုကို ချရင်းပြီးတော့လေ။”
ယူဂျင်းက မျက်နှာငယ်လေးနှင့် ခါဆယ်ရ်၏ မျက်နှာထားကို အကဲခတ်လိုက်သည်။ သို့ရာတွင် ခါဆယ်ရ်က ပြင်းပြင်းထန်ထန် ဆူပူအပြစ်တင်နေသော်လည်း ယူဂျင်းတစ်ယောက် လုံးဝမကြောက်မိပေ။
သူ့အတွက် စိုးရိမ်ပူပန်နေသော ခါဆယ်ရ်၏ စိတ်ရင်းကို ခံစားမိနေသောကြောင့် ဆန့်ကျင်ဘက်အနေဖြင့် အနည်းငယ် စိတ်လှုပ်ရှားမိရသည်။ မိသားစုထံမှ လှောင်ပြောင်သရော်ခြင်း၊ စွပ်စွဲအပြစ်တင်ခြင်း၊ အကြောင်းမဲ့ ဆဲရေးခြင်း အစရှိသော စကားများကိုသာ နားထဲစွဲမြဲနေအောင် ကြားခဲ့ရသော်လည်း စိတ်ရင်းမှန်ဖြင့် စိုးရိမ်ပူပန်မှုကိုမူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
‘မိသားစု...'
ယူဂျင်းတစ်ယောက် ထိုအမျိုးအစားထဲတွင် သူ့ကို ထည့်သွင်းစဉ်းစားမိသော ကိုယ့်ကိုယ်ကိုယ် အံ့ဩမိရ၏။ ခင်ပွန်းဖြစ်နေသဖြင့် မိသားစုဟူသည်မှာ မှန်ပေသည်။ သို့သော် သူက တကယ်တမ်းတွင် နှစ်ဦးနှစ်ဖက်အကျိုးအတွက် စာချုပ်နှင့် လက်ထပ်ထိမ်းမြားထားသူဖြစ်ကာ ယူဂျင်းမှာမူ စာချုပ်တွင်ပါဝင်သော တစ်ဖက်လူပင် မဟုတ်ခဲ့ပေ။
[သုံးနှစ်ဆိုရင် ရပါပြီ။ သုံးနှစ်သာ သမားရိုးကျ အိမ်ထောင်ရေးပတ်သက်မှုကို ထိန်းသိမ်းနိုင်အောင် ကူညီပေးမယ်ဆိုရင် သုံးနှစ်ပြီးသွားတဲ့နောက်မှာ ဆက်ခံသူမွေးပေးပါ့မယ်။]
[ဘာလို့ မွေးမှာလဲ။]
ထိုစဉ် ရုတ်တရက် ယူဂျင်း၏ ခေါင်းထဲ၌ တစ်ပိုင်းတစ်စ မှတ်ဉာဏ်တစ်ခု ပေါ်လာသည်။ သူကြည့်နေသော ခါဆယ်ရ်၏ မျက်နှာပေါ်တွင် ထပ်၍မြင်လာရ၏။ သူ ခါဆယ်ရ်နှင့် စကားပြောနေသည့် မြင်ကွင်းပင်။
အတိအကျပြောရလျှင် ဂျင် ခါဆယ်ရ်နှင့် စကားပြောနေသည့် ပုံရိပ်ဖြစ်၏။
[ကလေးမွေးပြီးတဲ့နောက်မှာရော ဘာလုပ်ဖို့ စိတ်ကူးထားလဲ။]
[အဲ့ဒါကိုလည်း... နောက်မှ ပြောပြပါ့မယ်။ အရှင်မင်းကြီးအတွက် မကောင်းတဲ့ အကြံပြုချက်တော့ မဟုတ်ဘူးလို့ထင်ပါတယ်။ ဆက်ခံသူလိုနေတယ် မဟုတ်လားရှင့်။]
မြင်ကွင်း ပြောင်းသွားသည်။
[ကျွန်မကို မသိဘူးများ မှတ်နေတာလားရှင့်။ ဘုရင်မင်းမြတ်က ဘာကိစ္စပဲဖြစ်ဖြစ် အဲ့ဒီမိန်းမကို အကုန်ဖွင့်ပြောနေတာလေ။ ကျွန်မတစ်ယောက်တည်းသာ ရယ်စရာဖြစ်နေတာပါ။]
[အဓိပ္ပာယ်မရှိတာတွေ အပြစ်လာရှာမနေနဲ့။ မင်း ဘာပြောပြော မာရီအန်းက ဒီကနေ ထွက်သွားစရာအကြောင်းမရှိဘူး။]
ခါဆယ်ရ်က အခြားအတွေးများ ရှိနေပုံရသော ယူဂျင်း၏ တွေတွေဝေဝေမျက်နှာထားကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ယူဂျင်း။ နားထောင်နေရဲ့လား။”
“ဟုတ်ကဲ့... နားထောင်နေပါတယ်။”
ယူဂျင်းက အစိမ်းသက်သက်ဖြစ်နေသလို အကြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ မှတ်ဉာဏ်ထဲတွင် မြင်ရသော ဘုရင် ခါဆယ်ရ်က မျက်စိရှေ့မှ ဤလူနှင့် တစ်ယောက်တည်းဖြစ်သော်လည်း အခြားသူ တစ်ဦးလိုပင်။
မျက်နှာထားတင်းတင်းနှင့် ခြောက်ကပ်ကပ် စကားပြောဆိုပုံ။
သူ့အား ‘ယူဂျင်း’ ဟု ခေါ်သော ဤလူက မှတ်ဉာဏ်ထဲမှအတိုင်း အေးစက်စွာ ပြောဆိုခဲ့ခြင်းမရှိပေ။
ယူဂျင်းက ရုတ်တရက် နားလည်သဘောပေါက်သွားသူကဲ့သို့ သက်ပြင်းချ လိုက်သည်။
“ရှင် ဖြစ်နေတာကိုး။”
“ဘာကလဲ။”
“ကျွန်မကို ခေါ်လိုက်တဲ့လူပါ။”
ယူဂျင်းက အိပ်မက်ထဲတွင် ပင်လယ် ကဲ့သို့ အဆုံးမရှိသော ရေထုအတွင်း၌ စူးစမ်းလေ့လာကြည့်နေခဲ့၏။ ရေကူးသင်ထားခြင်းမရှိသော သူ့အတွက် အသက်ရှူရန်လွယ်ကူသော ရေက မြေပြင်ကဲ့သို့ပင် သက်သောင့်သက်သာရှိနေသည်။ ရေသူမ ဖြစ်သွားသလို ခံစားချက်ကို အပြည့်အဝ ခံစားရင်း ပင်လယ်ရေအောက်တွင် ကူးခတ်နေခဲ့၏။
အချိန်အတန်ကြာအောင် ဆော့ကစားနေစဉ် အခြားအရာအားလုံးကို လုံးဝ မေ့လျော့နေခဲ့သည်။ သို့သော် အသံတစ်ခု ကြားလိုက်ရသည့် အချိန်တွင် ‘ပြန်သွားရတော့မယ်’ ဟူသော အတွေး ဝင်လာ၏။ ထိုအသံသည် သူ့နာမည် ဖြစ်ဟန်တူသည်။
“အိပ်မက်မက်နေတုန်း ရှင့်အသံကို ကြားလိုက်ရသလို ခံစားခဲ့ရတာပါ။”
ခါဆယ်ရ်က တင်းမာမှုကိုဖြေလျှော့လိုက်သော မျက်နှာထားဖြင့် ပြောခဲ့သည်။
“စောစောစီးစီးသိခဲ့ရင် ပိုပြီးတော့ မြန်မြန်လေး ခေါ်ခဲ့ပါရဲ့။ တစ်နေကုန် သတိလစ် နေပြီး သတိရလာတော့ ပြောတဲ့စကားက ငါခေါ်လို့ နိုးလာတာတဲ့လား။”
သတိလစ်နေခြင်းမဟုတ်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ခြင်းသာဖြစ်သော်လည်း ထိုစကားကို ယခု ပြောခြင်းမှာ ဆင်ခြေကောင်းတစ်ခု ဖြစ်မည်မဟုတ်ဟု တွေးလိုက်မိ၏။ ယူဂျင်းက ခါဆယ်ရ်၏အသံ တည်ငြိမ်သွားသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ လက်နှစ်ဖက်ဖြင့် သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ သူ့ကိုကြည့်ပြီး ပြုံးပြလိုက်သည်။
“နောက်တစ်ခါကစပြီး တစ်ခုခုမလုပ်ခင် ဆက်ဆက် ရှင်နဲ့ သေချာတိုင်ပင်ပါ့မယ်။ ဒီတစ်ခါတော့ ကျွန်မ မှားသွားပါတယ်။”
“...မလုပ်ဘူးလို့တော့ မပြောပါလား။”
“မတည်နိုင်တဲ့ ကတိကို မပေးမိအောင် သတိထားတဲ့ သဘောပါ...”
ခါဆယ်ရ်တစ်ယောက် တစ်နေကုန် ရင်ထဲတွင် နေမထိထိုင်မသာဖြစ်နေရသည်။ သတိလစ်နေသော ယူဂျင်းကိုကြည့်ရင်း သူ၏စိတ်ထဲတွင် စိုးရိမ်မှုနှင့် အပြစ်တင်လိုသောစိတ်များ ရောထွေးနေ၏။ သို့သော် ယူဂျင်းက သူ၏ အရိပ်အကဲကို မဝံ့မရဲလေးကြည့်ရင်း ကလေးတစ်ယောက်အလား အပြစ်ကင်းစွာ ပြုံးပြသောအခါ အနုတ်လက္ခဏာဆောင်သော ခံစားချက်တို့သည်လည်း အကုန် အချည်းနှီး ပျောက်ကွယ်သွားလေတော့သည်။
အသာလေး ကျော်သွားပေးရမည့် ကိစ္စမဟုတ်ပေ။ သိနေသော်လည်း...
ခါဆယ်ရ်က ယူဂျင်း၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသော သူ၏လက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ကျန်လက်တစ်ဖက်ကို မြှောက်ကာ ယူဂျင်း၏ ကျောပြင်ကိုပွေ့ဖက်ပြီး ဆွဲယူလိုက်သည်။
ရုတ်တရက် ဆွဲယူလိုက်သည့်အားကြောင့် ယူဂျင်းလည်း လဲကျသွားသကဲ့သို့ သူ၏ ရင်ခွင်တွင် မှီလိုက်ရ၏။ သူ၏လက်က ပခုံးပေါ်မှနေ၍ ယူဂျင်း၏ ကုပ်သားလေးကို ပွတ်သပ်နေပြီး သူ၏ နှုတ်ခမ်းများက ယူဂျင်း၏ ပါး၊ မျက်ခွံနှင့် နားထင်တို့ပေါ်သို့ ညင်သာစွာ ကျရောက်လာသည်။
နူးညံ့သောအနမ်းကို ခံယူနေစဉ်တွင် ယူဂျင်းတစ်ယောက် လှုပ်ရှား၍မရတော့ပေ။ နှလုံးခုန်သံက တဒုတ်ဒုတ် မြည်နေ၏။ ယခုထက် ပို၍ပေါ်လွင်ပြတ်သားသော အကြင်နာကို ခံယူခဲ့ရစဉ်ကထက်ပင် ထူးဆန်းစွာ ရှက်ရွံ့နေမိသည်။ ထူးထူးခြားခြား ခါဆယ်ရ်က ပို၍နူးညံ့သိမ်မွေ့နေသလိုပင်။
“သမားတော် ခေါ်လိုက်မှာမို့လို့ စမ်းသပ်မှု ကောင်းကောင်းခံယူ။”
“ဟုတ်ကဲ့။”
“ဆန်းဂျယ်ရဲ့ သူရဲကောင်း ရောက်လာတဲ့အထိ ရဲတိုက်အပြင်ကို မထွက်နဲ့ဦး။”
“ရှင်။ ဆန်းဂျယ်ရဲ့ သူရဲကောင်းတဲ့လား။”
ယူဂျင်းက သူ့ကို တွန်းဖယ်ကာ ခေါင်းလေးမော့ကြည့်လိုက်သည်။
“အထွတ်အမြတ်မြို့တော်ကို အရေးပေါ် သတင်းပို့မှာ။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီ မကုန်ခင် သူရဲကောင်း ရောက်လာမလား မသိဘူး။ အဲ့ဒါဆိုရင် ခြောက်သွေ့ရာသီစတာနဲ့ ချက်ချင်း ထွက်ခွာလိုက်ရုံပဲ။”
ယူဂျင်း ထိတ်လန့်သွားတော့သည်။ တစ်နေ့တာ အိပ်ပျော်နေစဉ်အတွင်း တကယ်ပဲ ဘာတွေ ဖြစ်သွားခဲ့တာလဲ။
“အဲ့ဒါက ဘာစကားလဲရှင့်။ သူရဲကောင်းက ဘာလို့လာမှာလဲ၊ ပြီးတော့ ချက်ချင်း ထွက်ခွာရမယ်ဆိုတာကရော ဘာကိုပြောတာလဲ။”
“အထွတ်အမြတ်မြို့တော်ကိုသွား။”
ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ဘာပဲပြောပြော မင်း ဆန်းဂျယ် အရှင်မြတ်နဲ့ တစ်ရက်ပဲဖြစ်ဖြစ် စောပြီးတွေ့နိုင်လေ ကောင်းလေပဲ။”
“လာ့ခ်က သစ်ပင်ဖြစ်သွားလို့လားဟင်။”
“အဲ့ဒါကလည်း အဲ့ဒီလိုဆိုပေမဲ့ တခြားကိစ္စလည်း ရှိသေးတယ်။ ဖြည်းဖြည်းချင်း ပြောပြမယ်။ ဘာပဲဖြစ်ဖြစ် ဆန်းဂျယ်ကတော့ မင်းကို ခေါ်မှာပဲ။ လာ့ခ်က သစ်ပင်ဖြစ်သွားတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့သွားမှာမို့လို့။ မင်းရဲ့ ရာမီတာက သာမန် အတိုင်းအတာ ထက် ကျော်လွန်နေတဲ့ပုံပဲ။”
“ဟင့်အင်း။”
ယူဂျင်း ခေါင်းခါလိုက်သည်။
“ဆန်းဂျယ်နဲ့ တွေ့သင့်တယ်ဆိုတဲ့ စိတ်ကူးရှိပေမဲ့ ဒီလို ရုတ်တရက်ကြီးတော့ မဟုတ်ပါဘူး။ ပြီးတော့ ဆန်းဂျယ်က ကျွန်မကိုခေါ်မှာ သေချာတယ်မဟုတ်လားရှင့်။ စောင့်နေလိုက်ပြီး သူရဲကောင်း ရောက်လာမှ ဆုံးဖြတ်လို့ မရဘူးလားဟင်။”
ခါဆယ်ရ်က လေးနက်သော မျက်နှာထားဖြင့် ပြောလာသည်။
“မင်း မှတ်ဉာဏ်ပျောက်သွားကတည်းက ချက်ချင်း အထွတ်အမြတ်မြို့တော်ကို သွားခဲ့ရမှာ။”
ထိုစဉ်ကတော့ သူ ယူဂျင်းကို မယုံကြည်ခဲ့ပေ။ ပထမတွင် မှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်နေသည်ဟု သံသယဝင်ခဲ့ကာ ထိုသံသယ ပျောက်ကွယ်သွားပြီးနောက်တွင် ယူဂျင်း အထွတ်အမြတ်မြို့တော်သို့ သွားပါက စာချုပ်ကို ဖျက်သိမ်းလိမ့်မည်ဟု ထင်ခဲ့မိ၏။
အထွက်အမြတ်မြို့တော်သို့သွားလျှင် ပြန်မလာဘဲနေလေမလားဟူသော သံသယစိတ်များဖြင့် နေ့ရွှေ့ညရွှေ့ ရွှေ့နေခဲ့မိသည်။ ထိုသို့သော အခြေအနေကို စိတ်ကူးကြည့်လိုက်တော့ ဒေါသထွက်ရသည်ထက် ယူဂျင်းကို တစ်စက္ကန့်လေးမျှပင် မျက်စိအောက်မှ အပျောက်ခံလိုစိတ် မရှိခဲ့ပေ။
သို့သော် သူ၏အတ္တကြောင့် ယူဂျင်းတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက ပို၍ နောင်တရမိပေလိမ့်မည်။ ယူဂျင်းကို ဘေးမတွေ့စေလိုသည့် ဆန္ဒက သူ၏ စိတ်ရင်းအမှန်ပင်။
ယူဂျင်းကတော့ ခါဆယ်ရ်၏ အတွေးကို နားမလည်နိုင်ခဲ့။ ခါဆယ်ရ်က ယခုတလောတွင် ဆက်ခံသူအကြောင်းပင် စကားမစတော့ပေ။
“ကျွန်မကို လွှတ်ပေးချင်နေတာလားရှင့်။”
“မင်းအတွက်ပဲ။”
ယူဂျင်းက ‘ဆန်းဂျယ်နဲ့ တွေ့မယ်’ ဟု ဆုံးဖြတ်ပြီးသည့်နောက် အထွတ်အမြတ်မြို့တော်သို့သွားရန် မည်သို့သော အကြောင်းပြချက်ဖြင့် သူ၏သဘောတူမှုကို ယူရပါ့မလဲဟု တွေးနေခဲ့သည်။ ကလေးမွေးပြီးမှသာ လွှတ်ပေးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်း သူက တွန်းအားပေးပြီး သွားခိုင်းသည့်အခါ အတွေးပေါင်းစုံဝင်လာတော့၏။
စောစောက ခေါင်းထဲတွင် ပေါ်လာသော ဂျင်၏ မှတ်ဉာဏ်များအရ သူတို့နှစ်ယောက်မှာ အကျိုးတူတွက်ချက်ထားသော စာချုပ်ဆက်ဆံရေးဖြစ်သည်။ ဝိညာဉ်ချင်းလဲသွားသည့် အဖြစ်ကို သိမည်မဟုတ်သည့် ခါဆယ်ရ်၏ အမြင်တွင် ယူဂျင်းက စာချုပ်ချုပ်ထားသည့် ‘ဂျင်’ မဟုတ်တော့ပေ။ ရုတ်တရက် ဤသို့သော အိမ်ထောင်ရေးကို ရိုးအီသွားခြင်းများ ဖြစ်လေမလား။
"ဧကန္တ... ကျွန်မဆီကနေ ဆက်ခံသူရယူမဲ့စိတ်ကူးများ ပြောင်းသွားတာလားရှင့်။”
“ဘာစကားလဲ။”
ယူဂျင်း စာချုပ်ဖျက်သိမ်းရန် ရည်ညွှန်းနေသည်ဟု ထင်မှတ်သဖြင့် ခါဆယ်ရ်က စူးရှပြတ်သားသော လေသံနှင့် ပြန်မေးလာသည်။
“ကျွန်မကို အရည်အချင်း မပြည့်မီဘူးဆိုပြီး တွေးနေတာလားလို့ပါ။”
လုံးဝ ထင်မှတ်မထားသည့် စကားပင်။ ခါဆယ်ရ်က သက်ပြင်းချရင်း ပြောလိုက်သည်။
“မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။”
“ဒါဆိုရင် ဘာဖြစ်လို့လဲရှင့်။ တိကျတဲ့ အကြောင်းရင်းမရှိဘဲနဲ့ ရုတ်တရက်ကြီး သွားဖို့ပြောမယ်ဆိုရင် ကျွန်မက အဆိုးဆုံးအခြေအနေကိုပဲ တွေးကြည့်လို့ရတော့မှာပေါ့။"
ယူဂျင်းက ခြောက်သွေ့ရာသီ စတင်ပြီးသည့်နောက်တွင် လုပ်ချင်သည့်အရာများကို စာရင်းပြုစုထားခဲ့သည်။ ရဲတိုက် အတွင်းအပြင် အလှဆင်မှုကို ပြောင်းလဲခြင်း၊ အကြံပေးများနှင့် အလုပ်ကို အပြည့်အဝ စတင်ဆောင်ရွက်ခြင်း၊ လူမှုရေးပွဲများသို့ တက်ရောက်ခြင်း အစရှိသဖြင့်...
ယခုမှ ဤနေရာရှိဘဝနှင့် ရင်းနှီးကျွမ်းဝင်လာကာ မိဖုရားအရိုက်အရာနှင့် နေသားတကျဖြစ်လာစရှိသေးချိန်တွင် အထွတ်အမြတ်မြို့တော်သို့ သွားလိုက်ပါက အဆက်အစပ်အားလုံး ပြတ်တောက်သွားပေမည်။
“ဘယ်လို အဆိုးဆုံး အခြေအနေလဲ။”
“ဒီအိမ်ထောင်ရေးဘဝကို ဆက်ပြီးမထိန်းသိမ်းချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့။”
ခါဆယ်ရ်က ဘာမှမပြောဘဲ ယူဂျင်းကို ကြည့်နေသည်။ ယူဂျင်းက သူ၏ မျက်နှာထားမှတစ်ဆင့် မည်သည့်အရာကိုမှ ဖတ်ကြည့်၍မရခဲ့ပေ။ မျက်နှာထားကို ထိန်းချုပ်နိုင်စွမ်းရှိသည့် နိုင်ငံရေးသမား များက ရင်ဆိုင်ရခက်ခဲသားဟု စိတ်ထဲမှ ညည်းတွားလိုက်မိ၏။
“ငါက မင်းကို ဆန်းဂျယ်နဲ့တွေ့ပြီး မှတ်ဉာဏ်တွေ ပြန်ရစေချင်တယ်။”
ခါဆယ်ရ်က ယခုတစ်ခါတွင် ရှောင်လွှဲခြင်းမပြုတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ချင်နေသည်။
“မှတ်ဉာဏ်ကို... ဘာလို့လဲရှင့်။ အားမထုတ်ပါနဲ့လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“မင်းကို မေးချင်တာ တစ်ခုရှိပေမဲ့ မှတ်ဉာဏ်ပြန်ရမှ ဖြေပေးနိုင်မှာ။”
သုံးနှစ်တာအိမ်ထောင်ရေးမှ ဘာကို ရယူလိုခဲ့တာလဲဟူသည့် မေးခွန်း။ ခါဆယ်ရ်က ထိုအရာကိုသိမှသာ နောက်ဆက်တွဲကိစ္စများကို ဆက်လက်ဆွေးနွေးနိုင်မည်ဟု တွေးထား၏။
“ကျွန်မ... မှတ်ဉာဏ်တွေ ပြန်ရပြီဆိုရင်ရော။”
“ဘာ။”
ခါဆယ်ရ်၏ မျက်လုံးများ တုန်ယင်သွားတော့သည်။
“စောစောက မျက်လုံးပွင့်လာပြီး ရှင့်ကို မြင်လိုက်တော့ မှတ်ဉာဏ်နည်းနည်း ပြန်ရလာတယ်ရှင့်။”
စောစောကတည်းက ဂျင် ခါဆယ်ရ်နှင့် ပြောဆိုခဲ့သော စကားများက မြင်ကွင်းပြောင်းရင်း ယူဂျင်း၏ ခေါင်းထဲတွင် ဆက်တိုက် ပေါ်လာနေသည်။ ခန္ဓာကိုယ်၏ မှတ်ဉာဏ်က ယခင်ကထက် ပို၍ စုပ်ယူနေသလို ခံစားချက်ပင်။
“မှတ်ဉာဏ်ပြန်ရပြီပေါ့လေ။”
“ဟုတ်ကဲ့။ အားလုံးတော့ မဟုတ်သေးပါဘူး။ အရှင်မင်းကြီးနဲ့ ပြောဆိုခဲ့တဲ့ စကားတွေ တော်တော်များများကို မှတ်မိနေပါပြီ။”
ခါဆယ်ရ်က ယူဂျင်း၏ မျက်နှာထားကို ဂရုတစိုက် အကဲခတ်လိုက်သည်။ မှတ်ဉာဏ်ပျောက်သွားပြီးနောက် လူပါပြောင်းသွားသလို ယခုရော တစ်ဖန်ပြန်ဖြစ်နေလေဦးမလား။
“ကျွန်မ...ဟို... ”
ယူဂျင်းက စကားမဆက်နိုင်ဘဲ ချောင်းဟန့်လိုက်သည်။
“လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တာကိုလည်း မှတ်မိပါပြီ။”
အိုးတိုးအမ်းတမ်း ပြုံးပြနေသော ယူဂျင်းကို ကြည့်ရင်း ခါဆယ်ရ်၏ မျက်နှာထားလည်း ပြေလျော့သွား၏။ ယခင်အတိုင်း ‘ယူဂျင်း’ ဖြစ်နေဆဲပင်။
“ကျွန်မကို မေးချင်တာ ဘာများလဲရှင့်။”
“...အကြောင်းရင်း။ မင်း ငါ့ကို လက်ထပ်ဖို့ ပြောခဲ့ရတဲ့ အကြောင်းရင်း။”
“အာ...”
ယူဂျင်းက စိတ်မသက်မသာဖြစ်စွာဖြင့် ပြောလိုက်သည်။
“အဲဒါကိုတော့ မှတ်ဉာဏ်မရသေးလို့ မသိ ပါဘူး။”
ယူဂျင်း ရရှိခဲ့သော မှတ်ဉာဏ်အသစ်က မတည်ငြိမ်သေးပေ။ ထိုစဉ်က ဂျင်၏ ခံစားချက်၊ သို့မဟုတ် အတွေးများကိုတော့ သိနိုင်မည်မဟုတ်။ ရုပ်ရှင်ကြည့်နေသည့် ပရိသတ်တစ်ဦးအလား ဂျင်ပြောခဲ့သော စကားကိုနားထောင်ပြီး ဂျင်၏ မျက်လုံးဖြင့် ကြည့်နေရသည့် ခါဆယ်ရ်ကို မြင်ခဲ့ရရုံသာ။
တောင့်တင်းစွာစောင့်ဆိုင်းနေသော ခါဆယ်ရ်က ယူဂျင်း၏ အဖြေကိုကြားတော့ ကိုယ့်ကိုယ်ကိုယ် လှောင်သလို ရယ်ခဲ့သည်။
“အကြောင်းပြချက်က အရေးကြီးလို့လားရှင့်။”
“မင်း လိုချင်တဲ့ အဖိုးအခကို ငါ ပေးနိုင်မယ်ဆိုရင် ပေးပြီးတော့ အဆုံးသတ်ချင်လို့။”
ရှုပ်ထွေးသော ခံစားချက်များဖြင့် တုန်လှုပ်နေသော ယူဂျင်း၏ မျက်လုံးများကိုကြည့်ရင်း ခါဆယ်ရ်က ဆက်ပြောခဲ့သည်။
“ပြီးတော့ တစ်ခါပြန်ပြီး စတင်ချင်တယ်။”
~~~~
Miel's Translations