no

Font
Theme

အပိုင်း ၄၆

ယူဂျင်း၏ အဝတ်အစားများကို ကူညီပြုပြင်ပေးနေသည့် ရံရွေတော်များ အနောက်ဆုတ်ပြီး ဦးညွှတ်လိုက်ကြသည်နှင့် မာရီအန်းက ပြောခဲ့သည်။

“အဆင်သင့်ဖြစ်ပါပြီ။ အရှင်မိဖုရား။”

“ကိုယ်ရံတော်တွေရော အဆင်သင့်ဖြစ်ပြီလား။”

“ဖြစ်ပါပြီ၊ အရှင်မိဖုရား။ အဆင်သင့်ရှိနေပါတယ်။”

ယူဂျင်းလည်း ခေါင်းညိတ်ကာ တံခါးဆီသို့ သွားလိုက်သည်။ လမ်းလျှောက်မှု အရှိန်မပျက်စေရန် အသင့်တော်ဆုံး အခိုက်အတန့်တွင် ရံရွေတော်များက တံခါးဖွင့်ပေးကြ၏။

ယူဂျင်းက ဦးညွှတ်ထားကြသော ရံရွေတော်များကို ခပ်မြန်မြန် ဝေ့ဝဲအကဲခတ်လိုက်သည်။ သိပ္ပံပညာ မတိုးတက်သည့် ကမ္ဘာဖြစ်သော်လည်း လူသားများက စက်များကို အစားထိုးနိုင်၏။ တကယ်တမ်းတွင် ပို၍ပင် ကောင်းသေးသည်။ အကြောင်းမူကား အမိန့်ပေးသည့်အတိုင်းသာ လှုပ်ရှားကြသော စက်များလိုမဟုတ်ဘဲ လူသားများကတော့ စဉ်းစားပြီး ဆုံးဖြတ်နိုင်စွမ်းရှိကြသောကြောင့်ပင်။

‘ကမ္ဘာ့လူတန်းစားအလွှာရဲ့ ထိပ်ဆုံးမှာရှိနေတဲ့လူတွေအတွက်တော့ ခေတ်မီတဲ့ နည်းပညာတိုးတက်မှုက သိပ်ပြီးတော့လည်း အဓိပ္ပာယ်ရှိမှာမဟုတ်ဘူးပေါ့။’

အဝတ်လေးတစ်ထည်လဲရန်အတွက်ပင် ရံရွေတော် အများကြီးခေါ်ရသော မိဖုရားဖြစ်လာခဲ့ပြီးသည့်နောက် မမြင်ဖူးခဲ့သော အရာများကိုလည်း မြင်လာရသည်။

လက်ကိုင်ဖုန်းတို့၊ ဓာတ်လှေကားတို့ကဲ့သို့ ခေတ်မီနည်းပညာများမရှိသဖြင့် မချင့်မရဲဖြစ်မှုကို ခံစားခဲ့ရသည်က ရက်ပိုင်းလောက်မျှသာ။ စကားပါးစရာရှိလျှင် အစေအပါးတစ်ယောက်ကို စေခိုင်း၍ရသလို၊ လှေကားတက်စရာရှိလာလျှင်လည်း ဖြည်းဖြည်းချင်း တက်လိုက်လျှင် ရပေပြီ။

အရာရာတိုင်းက နှေးကွေးသဖြင့် တစ်ရက်တာကလည်း ဖြည်းဖြည်းချင်း ကုန်လွန်၏။ အချိန်ကုန်သက်သာအောင် အလျင်စလိုလုပ်ရန် အကြောင်းမရှိပေ။ ရံရွေတော်များကို လက်လိုခြေလို အသုံးပြုနိုင်သောဘဝက သိပ္ပံပညာ တိုးတက်သောကမ္ဘာတွင် သာမန်လူတစ်ယောက်အဖြစ် နေထိုင်ရခြင်းထက် အများကြီးပို၍ သက်သောင့်သက်သာရှိပေသည်။

စင်္ကြံလမ်းတွင် လျှောက်လာသော ယူဂျင်း၏အနောက်မှ မာရီအန်းနှင့် ရံရွေတော်များ လိုက်ပါလာ၏။

ယနေ့ ယူဂျင်း၏ အပြင်ဝတ်မှာ ဘုရင်မင်းမြတ်နှင့်အတူ အပြင်ထွက်စဉ်ကနှင့် ဆင်တူသည်။ သာမန် အဝတ်အစားပေါ်တွင် ငှက်မွေးများဖြင့် အလှဆင်ထားကာ ဝတ်ရုံခေါင်းဆောင်းကို ဆောင်းထား၏။

အပြင်တွင် မြင်းရထားနှင့် ကိုယ်ရံတော်များက အသင့်စောင့်နေကြသည်။ သို့သော် မြင်းရထားက ယခင် မြင်ဖူးသည့် မြင်းရထားထက် နှစ်ဆပိုကြီး၏။ အရှေ့မှ မြင်းရထားမောင်းသူ ထိုင်သည့်နေရာက လူသုံးယောက်လောက် ထိုင်၍ရအောင်ကျယ်ကာ မြင်းရထား၏ အနောက်တွင်လည်း လူများမတ်တတ်ရပ်နိုင်လောက်အောင် နေရာရှိနေသည်။

ယူဂျင်းက ကြောက်စရာ မျက်လုံးကြီးများနှင့် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်သော စစ်သည်တော်ငါးယောက် မြင်းရထား၏ အရှေ့နှင့်အနောက်တွင် တွယ်ကပ်လျက် ပါလာမည့်အဖြစ်ကို စိတ်ကူးကြည့်လိုက်၏။ လူအုပ်ကြီးက လူစုခွဲလမ်းဖယ်ပေးသည့် အံ့ဖွယ်ရာ ဖြစ်ရပ်ဆန်းနှင့် ကြုံတွေ့ရလောက်မလား။

‘ဘယ်သူကြည့်ကြည့် သိမှာပဲ။ အရိုက်အရာ တော်ရုံမဟုတ်တဲ့သူ ခရီးထွက်လာတယ်ဆိုပြီး ကြော်ငြာနေသလိုပဲလေ။’

လူတွေနှင့်အတူ အပြင်ထွက်ရခြင်းက ပို၍သက်သောင့်သက်သာရှိခဲ့ပေသည်။ သို့သော် အပြင်ဘက်တွင် လည်ပတ်ကြည့်ရှုချင်သည်ဆိုကာ စစ်သည်တော်များကို ခဏခဏ ခေါ်သွား၍တော့မဖြစ်ပေ။

ကိုယ်ရံတော် ငါးယောက်ကို လက်ခံခဲ့စဉ်က ဤသို့ဖြစ်လာမည်မှန်း အတိုင်းအတာတစ်ခုအထိ မျှော်လင့်ထား၏။ ယူဂျင်း အနားကပ်သွားတော့ ကိုယ်ရံတော်များက ဦးညွှတ်လိုက်ကြသည်။ ဆဗဲန်မှလွဲ၍ ကျန်သည့်သူများမှာ တစ်ခါမှ မတွေ့မမြင်ဖူးသော မျက်နှာများပင်။

“အရှင်မိဖုရားကို ဂါရဝပြုပါတယ်။ ဒီနေ့ အရှင်မိဖုရားရဲ့ ကိုယ်ရံတော်တွေကို ဦးဆောင်ဖို့တာဝန်ကို အပ်နှင်းခံထားရပါတယ်ခင်ဗျ။”

“ကောင်းကောင်းစောင့်ရှောက်ပေးပါ၊ ဆာ ဆဗဲန်။”

“ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး အရှင်မိဖုရားကို ကာကွယ်ပေးသွားပါ့မယ်။ ရဲတိုက်အပြင်ကိုရောက်ရင်တော့ သခင်မလို့ပဲ ခေါ်ပါ့မယ်ခင်ဗျ။”

ယူဂျင်းက ကျန်နေသော ကိုယ်ရံတော်လေးယောက်၏ မျက်နှာများကို ကြည့်လိုက်သည်။ ကိုယ်ရံတော်အဖွဲ့ ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး အစီရင်ခံစာ ရထားသော်လည်း စာရွက်ပေါ်တွင် ရေးထားသည့် ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံနှင့် ဘယ်သူဘယ်ဝါဟူ၍ မသိနိုင်ခဲ့။

မဟာတွင် လူများကို ခွဲခြားသိမြင်နိုင်သော အကြီးမားဆုံး အင်္ဂါရပ်များက ဆံပင်နှင့် မျက်လုံးအရောင်ပင်။ သို့ရာတွင် အနားဝန်းကျင်၌ မီးတုတ်များရှိလင့်ကစား မှောင်နေသောကြောင့်ပဲလားမသိ၊ ခွဲခြားရခက်၏။

သို့သော် ယူဂျင်းကတော့ အလင်းရောင်ရှိသည့် နေ့ခင်းဘက်ဖြစ်နေလျှင်ပင် ခွဲခြားနိုင်မည်မထင်။ အညိုရောင်ကို အသွေးအဆင်အမျိုးပေါင်း ဒါဇင်နှင့်ချီပြီး ခွဲခြားရသည့် နည်းလမ်းကို ယခုအထိ အသားမကျသေးချေ။ သူ့အမြင်တွင်တော့ အားလုံးက အညိုရောင်တစ်ရောင်တည်းသာ။

ယူဂျင်းက ကိုယ်ရံတော်များကို ဂရုတစိုက် ကြည့်နေသဖြင့် ဆဗဲန်က ကိုယ်ရံတော်များကို ပြောလိုက်သည်။

“အရှင်မိဖုရားကို ဂါရဝပြုကြ။”

ဆဗဲန်က လေသံမာမာနှင့် အမိန့်ပေးနေသဖြင့် ယူဂျင်းလည်း ကျန်သည့်သူများကို ဆဗဲန်ထက် ရာထူးနိမ့်သည်ဟု ခန့်မှန်းလိုက်၏။ ဆဗဲန်ကို ကိုယ်ရံတော်တပ်ဖွဲ့ ဖွဲ့ခိုင်းထားခြင်းဖြစ်၍ သူအဆင်ပြေသည့်သူကို ရွေးထားပေလိမ့်မည်။

“အယ်ဖ် ယန်ဆန်၊ အရှင်မိဖုရားကို ဂါရဝပြုပါတယ်။”

ကိုယ်ရံတော်များက တစ်ယောက်ချင်းစီ သူတို့ကိုယ်သူတို့ မိတ်ဆက်ခဲ့ကြသည်။ ယူဂျင်းက နာမည်နှင့် လူကို တိတိကျကျ ဆက်စပ်နိုင်စေရန်အတွက် ပုံပန်းသဏ္ဌာန်ကို ခေါင်းထဲတွင် မှတ်ထားလိုက်၏။

ယူဂျင်း မြင်းရထားပေါ်တက်ပြီး ခဏအကြာတွင် မြင်းရထား ထွက်ခွာခဲ့သည်။ လိုက်ပို့ပေးကြသော မာရီအန်းနှင့် ရံရွေတော်များက ဦးညွှတ်ထားကြ၏။ ခဏအကြာတွင် ခေါင်းမော့လာသော မာရီအန်း၏မျက်နှာတွင် စိုးရိမ်ပူပန်မှုတို့ အပြည့်စွက်လျက်။

‘ဘာမှမဖြစ်ဘဲ ဘေးမသီရန်မခ ပြန်လာမှဖြစ်မှာ။’

သို့သော် ခဏအကြာတွင် ပြန်လှည့်သွားသည့် မာရီအန်း၏ မျက်နှာက တည်ငြိမ်သွား၏။ ကိုယ့်အမှားကိုယ် သဘောပေါက်သွားကာ ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်သံ ထွက်လာသည်။

‘အလကား စိတ်ပူမိသွားတာပဲ။ မလိုအပ်ဘဲ စိုးရိမ်နေစရာမှမလိုတာ။’

စစ်သည်တော် ငါးယောက်က မိဖုရား၏အပါးတွင် ကာကွယ်ပေးကြမည်ကို ဘာများဖြစ်နိုင်ဦးမည်နည်း။

စစ်သည်တော်များမှာ အင်မတန် အရည်အချင်းမြင့်ပြီး အရေးပါကြသူများပင်။ အထူးသဖြင့် ဤသို့သော ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် စစ်သည်တော်ငါးယောက်ကို မိဖုရား၏ ကိုယ်ရံတော်အဖြစ် ခန့်အပ်လိုက်သည့် ဘုရင်မင်းမြတ်၏ ဆုံးဖြတ်ချက်က အင်မတန် ထူးခြား၏။

‘အရှင်မိဖုရားက သိပါ့မလား။’

မိဖုရားက မှတ်ဉာဏ် ပျောက်ဆုံးသွားပြီးသည့်နောက်တွင် သာမန်ကိစ္စလေးများကိုပါ မကြာမကြာ မေ့နေတတ်သဖြင့် ဤလုံခြုံရေးအစီအမံ၏ အဓိပ္ပာယ်ကိုလည်း သိချင်မှသိပေလိမ့်မည်။

‘ပြန်လာရင် အရှင်မိဖုရားကို ပြောပြကြည့်ရမလား။’

ကိုယ်ရံတော်ငါးယောက်က သာမန်ဟုထင်ရသော်လည်း သူတို့အားလုံး စစ်သည်တော်များဖြစ်နေကြခြင်းက အထူးခြားဆုံးပင်။ တပ်သားတစ်ရာ ပါဝင်သည့် ကိုယ်ရံတော်အဖွဲ့က အမြင်အားဖြင့် ခမ်းနားပြီး အင်အားကြီးပုံရလျှင်ပင် စစ်သည်တော် ငါးယောက်ကတော့ တစ်မျိုးတစ်မည် ကွဲပြားပေသည်။

‘အရှင်မင်းကြီးက ဒီလောက် ဂရုစိုက်နေတာကို အရှင်မိဖုရားလည်း သိသင့်တာပေါ့။’

ပို၍ရင်းနှီးလာသည့် သူတို့နှစ်ဦးကို မြင်တိုင်း မာရီအန်း၏ ရင်ထဲတွင် ကိုယ်တိုင်ပဲ ချစ်မိနေသူလို တလှပ်လှပ်လှုပ်ရှားရသည်။ နှစ်ဦးသား၏ ဆက်ဆံရေးကို ပိုမိုချောမွေ့အောင် လုပ်ပေးနိုင်မည့် အခွင့်အရေး ရလိုက်သည်နှင့် မျက်လုံးများက အရောင်တောက်လာတော့၏။

ယခုတလော မာရီအန်းတစ်ယောက် မနက်ခင်း နိုးထလာသည်နှင့် တစ်နေ့တာ၏အစက ပျော်စရာဖြစ်နေသည်။ သတင်းကောင်းကိုပဲ စောင့်မျှော်နေမိ၏။ တစ်နေ့တွင် သူတို့နှစ်ယောက်၏ ရင်သွေးကို ထွေးပွေ့ခွင့်ရမည်ဆိုလျှင် ဘာမှထပ်မလိုတော့ပေ။

~~~~

မြင်းရထားသွားနေစဉ် ယူဂျင်းက မဟာတွင် ထူးခြားသောနေရာတစ်ခု ရယူထားသည့် ‘စစ်သည်တော်’ ဟူသော လူတန်းစားအကြောင်းကို တွေးနေမိ၏။

‘ကိုယ်ကာယကစပြီး သူများတွေနဲ့ တကယ်ကွာတာပဲ။’

ဆဗဲန်အပါအဝင် ငါးယောက်စလုံး အရပ်နှင့် ခန္ဓာကိုယ်အချိုးအစားကအစ ဆင်တူနေ၏။

‘လူပုံတွေကလည်း ဆဗဲန်နဲ့ ဆင်နေသလိုပဲ။’

လူက နန်းတွင်းသားများနှင့် အတူရှိနေသည့်အခါ သူ၏ခေါင်းက တစ်လုံးစာပိုမြင့်နေသဖြင့် မျက်လုံးထဲထင်းနေသည်။ ဈေးထဲတွင် တွေ့ခဲ့ဖူးသည့် ခရီးသွားများ၏ ခန္ဓာကိုယ်က နန်းတွင်းသားများနှင့်ဆင်တူ၏။

ထို့ကြောင့် နန်းတွင်းသားများ၏ အရပ်နှင့် ခန္ဓာကိုယ်က သာမန်လူတို့၏ ပုံမှန်အရွယ်အစားပဲဟု ပြောနိုင်ပေသည်။

‘ငါးယောက်စလုံး လက်ကောက်ဝတ်မှာ လက်ပတ်လေးတွေ ဝတ်ထားကြတယ်။ မှတ်ပုံတင်လို အထောက်အထားများလား။’

အနက်ရောင် သားရေကြိုးတွင် ပုတီးလုံးလေးများသီထားသော လက်ပတ်ပင်။ ထိုယောက်ျား ငါးယောက်က လက်ပတ်တစ်ခုတည်းကို ရွေးချယ်ပြီး ဆင်တူအဆင်တန်ဆာဝတ်ရန် အကြောင်းမရှိသဖြင့် ယင်းမှာ အဓိပ္ပာယ်ရှိသည့်အရာ ဖြစ်ရပေမည်။

မဟာတွင် ထူးခြားသော စစ်ဘက်ရေးရာ ရာထူးအဆင့်အတန်းရှိပေသည်။

ဘုရင့်တိုင်းပြည်တွင် စစ်သည်တော်ဖြစ်ပြီး အထွတ်အမြတ်မြို့တော်၏ စစ်သည်တော်နေရာကတော့ သူရဲကောင်းပင်။

သူတို့က သာမန်မဟုတ်သော ခန္ဓာကိုယ်နှင့် ခွန်အားရှိရုံဖြင့် ရွေးချယ်ခြင်းခံရသည့် အရည်အချင်းရှိသောလူများ မဟုတ်ကြပေ။ ဆန္ဒရှိတိုင်း ဘယ်သူမဆို စစ်သည်တော်တို့၊ သူရဲကောင်းတို့ ဖြစ်လာနိုင်သည်မဟုတ်။

သူတို့ကား သာမန်လူတို့နှင့်မတူသော အရည်အချင်းကောင်းများဖြင့် မွေးဖွားလာကြသူများပင်။ လက်နက်များထဲသို့ ထူးခြားသော စွမ်းအားများ ထည့်သွင်းနိုင်ကြသည်။

ဘုရင်၏ ပရာ့ဂ်ျနှင့်တော့ နှိုင်းယှဉ်၍မရသော်လည်း ယင်းမှာ သဘာဝလွန်စွမ်းအားပင်။

စစ်သည်တော်များက အမြင်အာရုံကို ဆက်ခံရရှိကာ လေ့ကျင့်မှုများမှတစ်ဆင့် စွမ်းရည်ကို မြှင့်တင်နိုင်ကြသည်။ တိုင်းပြည်တစ်ပြည်စီတွင် ကိုယ်ပိုင်အမြင်အာရုံများရှိကာ ဘုရင်က စစ်သည်တော်များကို အမြင်အာရုံများချီးမြှင့်ပြီး တိုင်းပြည်၏ ဓားအဖြစ် ပျိုးထောင်၏။

စစ်သည်များ သူတို့၏လက်နက်ကို လွှဲသည့်အခါ ပြင်းထန်သော ဖြတ်တောက်အားနှင့် ပစ်မှတ်ကို ပိုင်းဖြတ်နိုင်သည်။ ခွန်အားနှင့်ဖြတ်ခြင်းမဟုတ်ဘဲ သဘာဝလွန်အစွမ်းကြောင့်ဖြစ်သဖြင့် ရုပ်ပိုင်းဆိုင်ရာ အင်အားဆုံးရှုံးမှုနည်းကာ ပို၍ထိရောက်မှုရှိ၏။ သာမန်လူတစ်ယောက်က စစ်သည်တော်ကို ဘယ်တော့မှ ယှဉ်နိုင်မည်မဟုတ်ပေ။

သူတို့က အန္တရာယ်ရှိသော လူသားလက်နက်များ ဖြစ်သော်လည်း ကမ္ဘာကို အန္တရာယ်မပြုသည့် စစ်သည်တော်များဖြစ်သည်။ သူတို့၏လက်နက်များနှင့် တိုက်ခိုက်ရမည့် ရန်သူကား လာ့ခ်များပင်။ ထို့ကြောင့် သာမန်အရပ်သားကို ထိခိုက်အောင်လုပ်မိလျှင် ပြစ်ဒဏ် အပြင်းအထန်ခံရပေမည်။

‘လောလောဆယ် ငါက စစ်သည်တော်တွေရဲ့ အရည်အချင်းကို သဘာဝလွန်စွမ်းအားလို သတ်မှတ်ထားတယ်ဆိုပေမဲ့...’

ဖခင်က စစ်သည်တော်ဖြစ်တိုင်း သားကလည်း စစ်သည်တော်ဖြစ်ရမည်ဟု မဆိုလိုပေ။ စစ်သည်တော်၏စွမ်းရည် နိုးထလာစေရန် ဘိုးဘေးများထဲတွင် စစ်သည်တော်တစ်ယောက်တော့ ရှိရပေမည်။

‘ဒါပေမဲ့ ငါ ဖန်တီးခဲ့တဲ့ ဆက်တင်က အတိအကျ မဟုတ်ဘူးဆိုရင်တော့ မသိနိုင်ဘူးပေါ့။’

မြင်းရထား ရပ်သွားတော့သည်။ ယူဂျင်းလည်း ပြတင်းပေါက်ကို အသာလေးဖွင့်ကာ အပြင်ကို ကြည့်လိုက်တော့ ရင်ပြင်မှသစ်ပင်ကို မြင်လိုက်ရ၏။

အပြင်မှ မြင်းရထားတံခါးကို ခေါက်လာသည်။ ခဏလောက် စောင့်နေပြီးမှ ဆဗဲန်က တံခါးကို ဖွင့်ခဲ့၏။

“ဆာ ဆဗဲန်။ မေးစရာရှိလို့ ဝင်လာခဲ့ပါဦး။”

“...ဟုတ်ကဲ့ပါ။ အရှင်မိဖုရား။”

ခဏလောက် တုံ့ဆိုင်းနေသည့် ဆဗဲန်က မြင်းရထားပေါ်သို့ တက်လိုက်သည်။ သူက တံခါးကို ဖွင့်လျက်ထားကာ ဝင်လာ၏။

မြင်းရထားအတွင်းပိုင်းက ကျယ်ဝန်းသဖြင့် တစ်ဖက်နှင့်တစ်ဖက် ထိုင်လျှင်လည်း ဒူးချင်းမထိပေ။ ယူဂျင်းက ဆဗဲန်ကို ထိုင်ရန်ပြောပြီး စကားစလိုက်သည်။

“အရှင်မင်းကြီးက သီးသန့် ဘာမှမမှာလိုက်ဘူးလား။”

ယူဂျင်း ယနေ့ အပြင်ထွက်လာတော့ ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်ကို သီးသန့် မတောင်းခဲ့။ သူက အပြင်ထွက်လျှင် ခွင့်ပြုချက် တောင်းစရာမလိုဘူးဟု ပြောခဲ့ဖူး၏။

ထို့ကြောင့် ယူဂျင်းလည်း ကိုယ်ရံတော်တပ်ဖွဲ့ ဖွဲ့စည်းရန်နှင့် အပြင်ထွက်ရန် ဆုံးဖြတ်ချက်များအား မာရီအန်းကိုသာ ပြင်ဆင်ခိုင်းခဲ့သည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ဘုရင်၏မျက်လုံးမှ ရှောင်ကွင်းကာ တစ်ခုခုကိုလုပ်ရန် မဖြစ်နိုင်မှန်း ယူဂျင်း ကောင်းကောင်းသိ၏။ မာရီအန်းရော၊ ယနေ့ လိုက်ပါစောင့်ကြပ်ပေးကြသည့် စစ်သည်တော်အားလုံးပါ ဘုရင်၏လူများပင်။

ဆဗဲန်ကို ‘ကျွန်မ ဘယ်နေရာတွေ သွားခဲ့လဲ၊ ဘာတွေ မြင်ခဲ့သလဲဆိုတာ ဘုရင်မင်းမြတ်ကို နောက်မှ သံတော်ဦးတင်မှာလား’ ဟု တိုက်ရိုက်မေး၍မရသဖြင့် သွယ်ဝိုက်ပြီး မေးလိုက်သည်။

“မသွားရမဲ့နေရာတွေကို ပြောခဲ့ပါတယ်။”

“မသွားရမဲ့နေရာတွေ၊ ဟုတ်လား။”

“ဟုတ်ကဲ့၊ အရှင်မိဖုရားက စုစည်းထိန်းသိမ်းရေး သိုလှောင်ရုံဆီကို သွားမယ်ဆိုရင်တော့ ခေါ်မသွားဖို့ မှာလိုက်ပါတယ်ခင်ဗျ။”

ဘုရင်မင်းမြတ်က ‘အဲ့ဒါတောင် မိဖုရားက သွားမယ်လို့ပြောနေသေးရင် ငါက ခွင့်မပြုဘူးလို့ ပြောလိုက်’ ဟု စကားထပ်ပြောခဲ့သဖြင့် လျှို့ဝှက်အမိန့်တော့မဟုတ်ပေ။ ထို့ကြောင့် ဆဗဲန်က မတုံ့မဆိုင်း ပြောနေခြင်းပင်။

“စုစည်းထိန်းသိမ်းရေး သိုလှောင်ရုံ။ ဒီနားမှာ သိုလှောင်ရုံ ရှိလို့လား။”

“မရှိပါဘူး။ တော်တော်လေး သွားရမှာပါ။”

‘ငါက ဘာလို့ သိုလှောင်ရုံကို...’

ယူဂျင်း ယခင်က သူနှင့်ပြောခဲ့ဖူးသော စကားကို ရုတ်တရက် သတိရလိုက်သည်။

‘ငါက မျိုးစေ့တွေကို အဆင့်သတ်မှတ်ဖို့ ကြိုးစားမှာ ကြောက်နေတာလား။’

ယင်းမှာ တော်တော်ကြာခဲ့ပြီဖြစ်ပြီး ယူဂျင်းလည်း အကုန်မေ့နေပေပြီ။

‘ဘာပဲဖြစ်ဖြစ်၊ အဲ့ဒီလူက အတေးအမှတ်ကြီးတာပဲ။’

သူ့ကိုသာ ရန်သူတော်ရလျှင် တော်တော်လေး ပင်ပန်းလိမ့်မည်ဟူသော ယူဂျင်း၏ ခန့်မှန်းချက်က ပို၍ကျိန်းသေလာ၏။

“အဲ့ဒါအပြင် မသွားရမဲ့နေရာတွေ ရှိသေးလား။”

“မရှိပါဘူး။"

“တခြားစကားတွေရော။”

“ဟုတ်ကဲ့၊ သိုလှောင်ရုံအပြင် တခြားစကား အမှာပါးလိုက်တာ မရှိပါဘူးခင်ဗျ။”

“ဒီနေ့ ကျွန်မ... အရင်တစ်ခါသွားပြီး ပြန်လာခဲ့ရတဲ့ လမ်းကို သွားချင်တယ်။”

ယူဂျင်းက အကြောင်းရင်းကို ရှင်းပြခြင်းမရှိဘဲ ဆဗဲန်၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သည်။

“ဟုတ်ကဲ့ပါ။ အရှင်မိဖုရား။”

ဆဗဲန်က ဖတ်ကြည့်၍မရသည့် မျက်နှာထားနှင့် တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။ ယူဂျင်းတစ်ယောက် ဆဗဲန်၏မျက်နှာကိုကြည့်ပြီး ဘာမှမသိနိုင်ခဲ့။ ဆဗဲန် မြင်းရထားပေါ်မှ ဆင်းသွားပြီးသည့်နောက်မှသာ သူလည်း သက်ပြင်းချပြီး ထရပ်လိုက်၏။

‘သူတို့အားလုံးက အတွင်းစိတ်ကို ဖုံးကွယ်တဲ့နေရာမှာ ကျွမ်းကြတာပဲ။ ငါ့ရဲ့ ကြိုးစားမှုက အလကားပဲပေါ့... မသိတော့ဘူး။ ခေါင်းရှုပ်စရာတွေ စဉ်းစားမနေတော့ဘူး။ ဘာမှလည်း ဖုံးကွယ်မနေတော့ဘူး။’

ယူဂျင်းက ကိုယ်ရံတော်များနှင့်အတူ ပိတ်ထားသည့် တည်းခိုခန်းရှိရာလမ်းသို့ သွားခဲ့သည်။

ယနေ့လည်း ရင်ပြင်တွင် လူအပြည့်ပင်။ ရုန်းကန်လှုပ်ရှားရသည့်ရာသီဖြစ်သော်လည်း လာ့ခ်များ ပေါ်မလာသည်မှာ လေးရက်မြောက်နေ့ဖြစ်သဖြင့် လူတွေလည်း ဤသို့သော အေးချမ်းသည့်အချိန်လေးကို ပျော်ရွှင်ခံစားနေကြသည်။

ကုန်သည်များ၏ ဂိုဒေါင်များ စုဝေးရာလမ်း၏ မြင်ကွင်းက ယခင်တစ်ခါအတိုင်းပင်။ ညဉ့်နက်ပိုင်းအထိ အလုပ်ကြိုးစားနေကြသော အလုပ်သမားများလည်း အများကြီးရှိ၏။

သို့သော် ယခင်တစ်ခါ အပြင်ထွက်ခြင်းနှင့် ယခုတစ်ခါတွင် ကွာခြားချက်ရှိသည်။ ယူဂျင်းတစ်ယောက် သူတို့လူစုကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသူများနှင့် ဝေးဝေးရှောင်ပြီး လျှောက်သွားကြသူတချို့ကို မြင်လိုက်ရ၏။

‘သိသာနေတာပဲ။’

သူတို့လူစုကို သာမန်လူတွေ မဟုတ်ဘူးဟု ထင်နေကြပုံပင်။ စစ်သည်တော်တွေမှန်း သိနေကြသလားဟူ၍ ကိုယ်ရံတော်များ၏ လက်ပတ်ကို ကြည့်လိုက်မိသည်။ အင်္ကျီလက်အောက်တွင် ဝတ်ထားခြင်းဖြစ်၍ မမြင်ရပေ။

‘စစ်သည်တော်မှန်း မသိရင်တောင် ပုံမှန်မဟုတ်မှန်းတော့ ကြည့်ရုံနဲ့ သိသာနေတာပဲ။ ငါသာ အဲ့ဒီလူတွေနေရာမှာဆိုရင် အရှုပ်တွေထဲမပါအောင် ရှောင်သွားမှာ။’

ပိတ်ထားသော တည်းခိုခန်းအရှေ့သို့ ရောက်လာသည်။ ယူဂျင်းက ပြီးခဲ့သည့်ရက်ပိုင်းလောက်ကနှင့် ဘာမှသိပ်မကွာသော တည်းခိုခန်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။

သစ်သားများဖြင့်ပိတ်ထားသည့် ပြတင်းပေါက်များကို စိုက်ကြည့်လိုက်သော်လည်း မြင်ကွင်းအသစ်များ ပေါ်မလာခဲ့ပေ။

ယူဂျင်းလည်း အချိန်အတန်ကြာအောင် အဆောက်အအုံ ပတ်ပတ်လည်ကို တမင်လှည့်ပတ်ကာ တစ်ယောက်ယောက်ကို စောင့်နေသလို ရစ်သီရစ်သီ လုပ်နေလိုက်၏။ ဘေးပတ်ဝန်းကျင်ကိုလည်း သေချာစူးစမ်းခဲ့သည်။

‘ဒီကို ဘယ်သူမှမသိအောင် လာလို့မရဘူး။’

ဘာပဲဖြစ်ဖြစ် လူသတိထားခံရမည့် အခြေအနေဖြစ်နေလျှင် ထိုအခြေအနေကို အသုံးချသင့်ပေသည်။

ယူဂျင်း၏ မှတ်ဉာဏ်ထဲမှ ထိုလူပဲဖြစ်ဖြစ်၊ အခြားတစ်ယောက်ပဲဖြစ်ဖြစ်၊ တည်းခိုခန်းနှင့်ပတ်သက်သည့် တစ်စုံတစ်ယောက်ကတော့ ဤပတ်ဝန်းကျင်တွင် ရှိပေလိမ့်မည်။ ထို့အပြင် မသင်္ကာစရာလူတစ်စုက အနားဝန်းကျင်တွင် မယောင်မလည်လုပ်နေသည်ကို မြင်လျှင် သူတို့လည်း သတိထားမိပြီး တုံ့ပြန်ကြမည်သာ။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment