အပိုင်း ၈၁
အရွက်များက မျက်နှာကြက်ကို မထိမီမှာပင် ကြေမွစပြုလာသည်။ အားလုံးက မြင့်မားစွာ တက်သွားသော ပင်စည်ကိုကြည့်ရင်း အံ့သြနေကြသဖြင့် ဖလော်ရာ၏ လက်ဖဝါးပေါ်တွင် ဖြစ်ပျက်နေသော အပြောင်းအလဲကို သတိမထားမိလိုက်ကြပေ။
ဖလော်ရာ ကိုင်ထားသော ဖန်သားသဖွယ် ကြည်လင်သည့် မျိုးစေ့တွင် အခြားအာနီခါများ ကိုင်တွယ်စဉ်ကနှင့်မတူသော အချက်နှစ်ခုရှိ၏။
ပထမတစ်ခုက မယုံနိုင်လောက်အောင် မြင့်မားသော ပင်စည်ကြီးပင်။
ဒုတိယတစ်ခုကား အရွက်များ မကြေမွမီ ဖန်သားမျိုးစေ့ ပေါက်ကွဲသွားသော ဖြစ်စဉ်ဖြစ်သည်။
ဖန်သားမျိုးစေ့က ဖလော်ရာ၏ ရာမီတာကို မခံနိုင်ဘူးဟူသော အဓိပ္ပာယ်ပင်။
ကိုယ့်လက်ဖဝါးကိုယ် စိုက်ကြည့်နေသော ဖလော်ရာ၏ မျက်လုံးများက မသိမသာ တုန်ယင်သွားသည်။ မျိုးစေ့ကွဲအက်ပြီး ပေါက်ကွဲသည့်အရှိန်က ယခင်ကထက် ပိုနှေးနေ၏။ အသေးအမွှား ကွာခြားချက်လေးဖြစ်သော်လည်း သူကိုယ်တိုင်ကတော့ သိနိုင်ခဲ့သည်။
~~~~
သူရဲကောင်း ဖီဒက်စ်က ရုံးခန်းတံခါးကိုဖွင့်ကာ အတွင်းသို့ ဝင်လာခဲ့သည်။ သူက စားပွဲတွင် ထိုင်နေသော ဆန်းဂျယ်ထံသို့ ချက်ချင်း ချဉ်းကပ်သွား၏။
ဆန်းဂျယ်၏အရှေ့တွင် ဖြန့်ထားသော စာရွက်စာတမ်းတစ်ခု ရှိနေသည်။ မျက်စိမမြင်ရသော ဆန်းဂျယ်က စာဖတ်နေခြင်းမှာ အင်မတန်ထူးဆန်းသည့် မြင်ကွင်းတစ်ခုပင်။
သို့သော် ထပ်၍နီးကပ်စွာ ကြည့်လိုက်သောအခါ ပို၍ပင် ထူးဆန်းနေသည်။ မျက်လုံးမှိတ်ထားသည့် ဆန်းဂျယ်က မျက်နှာချင်းဆိုင် တည့်တည့်ကိုသာကြည့်နေသည့်ပုံစံဖြင့် ဦးခေါင်းကို မော့ထားပြီး လက်တစ်ဖက်တည်းကိုသာ စာရွက်ပေါ်တွင် တင်ထား၏။ ထို့အပြင် လက်တင်ထားသည့် စာရွက်ပေါ်တွင် မည်သည့်အရာမှ ရေးသားထားခြင်းမရှိပေ။
မျက်စိမမြင်ရသော ဆန်းဂျယ်က အထူးပြုလုပ်ထားသော အဖုအစက်စာကို အသုံးပြုကာ စာဖတ်နေခြင်းဖြစ်သည်။ ဘုန်းတော်ကြီးများက သဝဏ်လွှာများ၊ သို့မဟုတ် အစီရင်ခံစာများကို အဖုအစက်စာပြုလုပ်ပြီး တင်ပြလျှင် ဆန်းဂျယ်က လက်ဖျားလေးဖြင့် စမ်းသပ်၍ ဖတ်ရှုလေ၏။
လျှို့ဝှက်ချက် ထိန်းသိမ်းရန်အတွက် ထူးခြားသော ထိုအဖုအစက်စာကို ဆန်းဂျယ်မှလွဲ၍ အထူးလေ့ကျင့်ထားသော ဘုန်းတော်ကြီးများသာ သင်ယူခွင့်ရှိပေသည်။ ရုံးခန်းအတွင်းတွင် ဆန်းဂျယ်၏ စားပွဲအပြင် အဖုအစက်စာ စာရွက်စာတမ်းများ ပြုလုပ်ပေးသည့် ဘုန်းတော်ကြီးများ၏ စားပွဲများလည်းရှိ၏။
ယခုလည်း ဘုန်းတော်ကြီးသုံးဦးက ကြိုးစားပမ်းစား အဖုအစက်စာ ပြုလုပ်နေကြဆဲပင်။ တံခါးကို ရုတ်တရက်ဖွင့်ပြီး ဝင်လာသော ဖီဒက်စ်ကိုပင် လှည့်မကြည့်ကြ။
"အရှင်မြတ်ဘုရား။ အမိန့်ပေးခဲ့တဲ့ အလုပ်ကို ပြီးစီးအောင် ဆောင်ရွက်ပြီးသွားလို့ ပြန်လာပါပြီ။"
— ပင်ပန်းသွားခဲ့ပြီ။
ယနေ့ကား အာနီခါများ ပုံမှန် စုဝေးတွေ့ဆုံကြသောနေ့ဖြစ်၏။ ဆန်းဂျယ်က စုဝေးပွဲနေ့ရောက်တိုင်း အဖိုးတန်ဝိုင်များ၊ စနစ်တကျ ဖန်တီးထားသော အချိုပွဲများကဲ့သို့သော လက်ဆောင်ပစ္စည်းများကို အမြဲတစေ ပေးပို့လေ့ရှိသည်။
— စုဝေးပွဲပြီးတာနဲ့ အာနီခါ မာဂရက်ကို တွေ့ပြီး နှုတ်ဆက်စကားပါးပေး။
ဆန်းဂျယ်က လွန်ခဲ့သောငါးရက်က မာဂရက်၏ အခစားဝင်ခွင့် တောင်းဆိုမှုကို လက်ခံရရှိခဲ့သည်။ ကလေးမလေးက ပထမဆုံးအကြိမ် သတိရှိနေသည့်အိပ်မက်ကို မြင်မက်သော စိတ်လှုပ်ရှားမှု မပြေပျောက်သေးသည့်မျက်နှာလေးနှင့် ပြောခဲ့၏။
「ရေအိုင်ကို မြင်မက်ခဲ့ပါတယ်။ ရေအိုင်ထဲ ဝင်လိုက်တော့ ခါးလောက်အထိ ရေတွေပြည့်လာပါတယ်။」
ကလေးမလေး၏ အရပ်နှင့် ခါးလောက်ဆိုသည်မှာ ပုံမှန် လူကြီးတစ်ယောက်၏ ပေါင်လောက်အထိ နက်ရှိုင်းသော အနက်ပင်။
ယနေ့ မာဂရက်က စုဝေးပွဲသို့ တက်ရောက်ပြီး အာနီခါများနှင့် ပထမဆုံးအကြိမ် နှုတ်ဆက်စကား ပြောရမည် ဖြစ်ပေသည်။
ဆယ်နှစ်ဟူသည်မှာ ငယ်ရွယ်သော အသက်အရွယ်ဖြစ်သော်လည်း သတိရှိနေသောအိပ်မက်ကို မြင်မက်ခဲ့သည့် အာနီခါကိုတော့ အရွယ်ရောက်သူအဖြစ် သတ်မှတ်ကြ၏။ ဤသည်မှာ အမည်ခံသင်္ကေတသက်သက်မဟုတ်ဘဲ ဥပဒေအရ အရွယ်ရောက်သူအဖြစ် သတ်မှတ်ခံရခြင်းပင်။ မည်သူမှ ငယ်ရွယ်သည်ဟူသော အကြောင်းရင်းကြောင့် ကလေးမလေးကို အလေးထား စောင့်ရှောက်ပေးမည် မဟုတ်ပေ။ အတွေ့အကြုံရင့်ကျက်သည့် လူကြီးများကြားတွင် ဖြူစင်အပြစ်ကင်းသော ကလေးမလေး စိတ်ထိခိုက် ဒဏ်ရာရသွားနိုင်ပေသည်။
မာဂရက်ထံသို့ သူရဲကောင်းကို စေလွှတ်လိုက်ခြင်း၏ အဓိပ္ပာယ်ကား 'ခက်ခဲချိန်မှာ အကူအညီပေးမဲ့သူတစ်ယောက်က မင်းကို အမြဲတမ်း စောင့်ကြည့်နေတယ်' ဟူသော နှစ်သိမ့်မှုပင်။
မာဂရက်မှမဟုတ်၊ ဆန်းဂျယ်က အာနီခါအားလုံးကို ဂရုတစိုက် စောင့်ရှောက်ပေးခဲ့သည်။ ဆန်းဂျယ်၏ နွေးထွေးသော စောင့်ရှောက်မှုက အာနီခါတို့၏ စိတ်နှလုံးထဲသို့ ဖြည်းဖြည်းချင်း၊ အလွန်တရာ နက်ရှိုင်းစွာ စိမ့်ဝင်ခဲ့၏။
အာနီခါ အများစုက သူတို့၏ တစ်ဦးတည်းသော၊ အကြွင်းမဲ့ မဟာမိတ်ကို မိဘ၊ အိမ်ထောင်ဖက်၊ သားသမီးများမဟုတ်ဘဲ ဆန်းဂျယ်ဟုသာ ယူဆကြလေ့ရှိသည်။
"ဟုတ်ကဲ့ပါ၊ အရှင်မြတ်ဘုရား။ သွားရောက်ပြီးရင် ပြန်လာပြီး အစီရင်ခံပါ့မယ်။"
ဖီဒက်စ် ဆုတ်ခွာသွားပြီးနောက် ဆန်းဂျယ်က တစ်ဝက်တစ်ပျက်တွင် ရပ်တန့်ထားခဲ့သော အဖုအစက်စာ စာရွက်စာတမ်းကို ဆက်လက် ဖတ်ရှုခဲ့သည်။ စာရွက်အနည်းငယ်ကို ဆက်တိုက် ဖတ်ပြီးသည့်နောက် ဆန်းဂျယ်က ဘုန်းတော်ကြီးများ ထိုင်နေရာဘက်သို့ ခေါင်းလှည့်လိုက်၏။
— ဒီနေ့အတွက် လုံလောက်ပြီ။ ပြန်ပြီး အနားယူကြတော့။
"ဟုတ်ကဲ့ပါ၊ အရှင်မြတ်ဘုရား။"
ဘုန်းတော်ကြီးများက လုပ်လက်စအလုပ်များကို ချက်ချင်း ရပ်တန့်ကာ ထရပ်လိုက်ကြသည်။ ဆန်းဂျယ်ကို ရိုသေစွာ ဂါရဝပြုပြီးနောက် ရုံးခန်းထဲမှ ထွက်သွားကြ၏။
ရုံးခန်းထဲတွင် တစ်ယောက်တည်း ကျန်နေခဲ့သည့် ဆန်းဂျယ်က စားပွဲရှေ့တွင်ထိုင်ကာ အတွေးနယ်ချဲ့နေသည်။
'ရုန်းကန်လှုပ်ရှားရတဲ့ရာသီ မစခင်ပေါ့။'
လွန်ခဲ့သော တစ်လခန့်က လောကကို ဖွဲ့စည်းထားသော ခိုင်မာသည့်စနစ် တုန်ခါသွားခဲ့သည်။ ဆန်းဂျယ်က ထိုတဒင်္ဂအချိန်လေးကို အာရုံခံမိခဲ့၏။ သို့သော် လျင်မြန်စွာ ကုန်ဆုံးသွားသဖြင့် ယင်းကို မည်သည့်အရာမှန်း နားမလည်နိုင်ခဲ့ပေ။ ဖြစ်ပွားရာ နေရာ၏ ဦးတည်ရာကိုသာ ခပ်ရေးရေး အာရုံခံမိခဲ့၏။
သို့သော် ထိုဦးတည်ရာအတိုင်း လိုက်သွားလျှင် ဟာရှီ ဘုရင့်တိုင်းပြည်ဖြစ်ပြီး ထိုနေရာတွင် အာနီခါ ဂျင် ရှိနေသည်။
ဓလေ့ထုံးတမ်းအရ သဝဏ်လွှာပေးပို့ရန် ဟာရှီ ဘုရင့်တိုင်းပြည်သို့ သွားရောက်ခဲ့သည့် သူရဲကောင်းက အထွေအထူးကိစ္စမရှိကြောင်း အစီရင်ခံခဲ့၏။
ဆန်းဂျယ်က မရဏဘုရင်ထံသို့ စာကို ထပ်မံပေးပို့ခဲ့သည်။ သာကြောင်းမာကြောင်း နှုတ်ဆက်စာဟန်လွှဲကာ သာမန်ပေးစာအဖြစ် ပေးပို့ခဲ့၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် စာပို့သူထက် ပို၍မြန်ဆန်စွာ စာရောက်သွားမည်ဖြစ်ပြီး မရဏဘုရင်၏စိတ်ကို စမ်းသပ်လိုသည့် ရည်ရွယ်ချက်အား ဖော်ထုတ်စရာမလိုဘဲ နေနိုင်ပေမည်။
မရဏဘုရင် မဖြေရှင်းနိုင်သည့် အခက်အခဲကြီးတစ်ခု ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း၊ အာနီခါ တစ်ခုခုဖြစ်ခဲ့လျှင်သော်လည်းကောင်း အကြံဉာဏ်တောင်းခံသည့် အရေးပေါ်သတင်းပို့စာ အကြောင်းပြန်လာလိမ့်မည်ဟု ထင်ထားခဲ့၏။
သို့ရာတွင် စောင့်မျှော်နေသည့်စာကို သတင်းမကြားရသေးပေ။
'မရဏဘုရင်ရဲ့စာကို ရုန်းကန်လှုပ်ရှားရတဲ့ရာသီကုန်မှ ရတော့မဲ့ပုံပဲ။'
အထွတ်အမြတ်မြို့တော်မှ ဟာရှီ ဘုရင့်တိုင်းပြည်အထိ အကွာအဝေးနှင့် ရုန်းကန်လှုပ်ရှားမှုရာသီဟူသော အချိန်ကာလအခြေအနေကို ထည့်တွက်လျှင် ကြိုတင်ခန့်မှန်းနိုင်သော အတိုင်းအတာအတွင်း ဖြစ်နေသည်။
သို့သော် မရဏဘုရင်က စာပို့သူဖြင့် အကြောင်းပြန်စာ ပို့ခဲ့မည်ဆိုလျှင်ဟူသော အခြေအနေမျိုး၌သာ။
ထိုအခြေအနေကား စာပါအကြောင်းအရာက အရေးကြီးခြင်းသော်လည်းကောင်း၊ အလျင်လိုသည့်ကိစ္စသော်လည်းကောင်း မဟုတ်ရန် ဖြစ်နိုင်ခြေများသည့်သဘောပင်။
'သေချာပေါက် ခံစားခဲ့ရတာပါ။'
ဆန်းဂျယ်က သူ၏ ခံစားချက်ကို စိတ်ထင်ပဲဖြစ်မည်ဟု ပစ်ပယ်မထားခဲ့။ ထိုသို့သော ထင်ယောင်ထင်မှားဖြစ်မှုဟူသည်မှာ လူသားများသာ ခံစားရသည့်အရာပင်။
တစ်ခုခုတော့ မလွဲမသွေ ဖြစ်ပျက်ခဲ့ပေမည်။ ကျိန်းသေပေါက် အာနီခါ ဂျင်နှင့် မသက်ဆိုင်သည့် ဖြစ်နိုင်ခြေလည်းရှိ၏။
အကြောင်းမူကား ထိုနေရာက မည်သည့်အချိန် ပေါက်ကွဲမည်ကို မသိနိုင်သည့် မီးငြိမ်းမီးတောင်လို ဖြစ်နေသောကြောင့်ပင်။ ဟာရှီ ဘုရင့်တိုင်းပြည်ကို ဖြတ်ကျော်ပြီး အဆုံးမဲ့ဖြန့်ကြက်သွားသော ထိုသဲကန္တာရ၏ တစ်နေရာတွင် မာရာ ခွေအောင်းနေပေလိမ့်မည်။
'စုံစမ်းကြည့်ရတော့မယ်။'
ခြောက်သွေ့ရာသီ စတင်သည်နှင့် အမြဲတမ်း ပြုလုပ်နေကျအတိုင်း ဘုရင့်တိုင်းပြည်အားလုံးသို့ သူရဲကောင်းများမှတစ်ဆင့် သဝဏ်လွှာများ ပေးပို့သွားမည်ဖြစ်သည်။ ထိုအခါ ဟာရှီ ဘုရင့်တိုင်းပြည်သို့ ထွက်ခွာမည့် သူရဲကောင်းက အပိုဆောင်းတာဝန်တစ်ခုကို ရရှိပေလိမ့်မည်။
ဆန်းဂျယ်၏ မျက်ခုံးများ လှုပ်ရှားသွား၏။ ထို့နောက် ချက်ချင်းပင် ခပ်ရေးရေး ပြုံးလိုက်သည်။
'အာနီခါ ဟေဒီ။'
ဆန်းဂျယ် နာမည် ရေရွတ်လိုက်သည့် အာနီခါ ဟေဒီက ထိုအချိန်တွင် လက်ဖဝါးပေါ်မှ ဖန်သားမျိုးစေ့ကို အပင်ပေါက်အောင် လုပ်နေခဲ့သည်။
အာနီခါများ ဧည့်ခံပွဲခန်းမထဲတွင် သူတို့ အလှည့်ကျ၍ မျိုးစေ့ကို လက်ထဲကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆန်းဂျယ်က သူတို့၏ နာမည်များကို တိတိကျကျ ရေရွတ်ခဲ့၏။ ဆန်းဂျယ်၏ အပြုံးက တဖြည်းဖြည်း ပို၍နက်ရှိုင်းလာသည်။
'အာနီခါ ဒန်းနစ္စ။ အာနီခါ ကေစီ။ အာနီခါ အမ်မလီ......။'
ဆန်းဂျယ်က နဖူးကြောကိုကျုံ့လိုက်၊ ပြန်ဆန့်လိုက် လုပ်ရင်း ခေါင်းညိတ်ခဲ့သည်။
'အာနီခါ မာဂရက်။ ဒီခံစားချက်က မာဂရက်ရဲ့ ရာမီတာပဲ။'
များသောအားဖြင့် မျက်နှာအမူအရာ သိပ်မပြောင်းလဲသော ဆန်းဂျယ်က နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်စလုံးကို အပေါ်သို့ ပင့်တင်ကာ အရေးအကြောင်း ထင်သည်အထိ နှစ်နှစ်ကာကာ ပြုံးလိုက်သည်။ နှစ်အတန်ကြာမှရသည့် ရာမီတာရနံ့က ချိုမြိန်လှ၏။
ထို့နောက် တဒင်္ဂ အသက်ရှူရပ်သွားသည်။
'......အာနီခါ ဖလော်ရာ။'
ဖလော်ရာ၏ ရာမီတာက အခြားအာနီခါများနှင့် လုံးဝ နှိုင်းယှဉ်၍မရသည်မှာ အမှန်ပင်ဖြစ်၏။ နူးညံ့သော လေညင်းလေး နှာသီးဖျားကို ယားယံအောင် လာရောက်ကျီစယ်ရာမှ တစ်ကိုယ်လုံး အသက်ရှူပါ ရပ်တန့်သွားစေမည့် မတည်မြဲသော လေပြင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်လိုက်သလို ခံစားချက်ပင်။
'ဟမ်း။'
ဆန်းဂျယ်က ခေါင်းကို ငဲ့စောင်းလိုက်သည်။
'ထူးဆန်းတယ်။'
လေပြင်းမုန်တိုင်း၏ အရှိန်အဟုန်က ယခင်ကထက် အနည်းငယ် လျော့နည်းသွားသလိုပင်။
'ထူးဆန်းတယ်......'
ရာမီတာဟူသည်မှာ လုံးဝ ပြောင်းလဲသွားခြင်းမျိုး မရှိတတ်ပေ။ သို့သော် ဆန်းဂျယ်က အဆုံးအဖြတ်ပေးရန် ဆိုင်းငံ့ထားလိုက်သည်။ ဖန်သားမျိုးစေ့က အကြွင်းမဲ့စံနှုန်း ဖြစ်လာနိုင်မည်မဟုတ်။
ဖန်သားမျိုးစေ့ကို ကိရိယာနှင့် နှိုင်းယှဉ်ရလျှင် ပေတံနှင့် ဆင်တူ၏။ ပေတံ၏ အလျားအတိုင်းသာ ရေအနက်ကို တိုင်းတာနိုင်သည်။ ဖလော်ရာ၏ ရာမီတာက ဖန်သားမျိုးစေ့ဖြင့် ရေအနက်ကို တိုင်းတာ၍မရနိုင်လောက်အောင် နက်ရှိုင်းသဖြင့် တိကျမှုလျော့သွား၏။
ဆန်းဂျယ်က ဤကိရိယာကို အသုံးပြုကာ အာနီခါအားလုံး၏ ရာမီတာကို နားလည်သဘောပေါက်ခဲ့ခြင်းပင်။ အာနီခါများက ဖန်သားမျိုးစေ့ကိုသုံးပြီး သူတို့၏ ရာမီတာ အဆင့်အတန်းများကို ယှဉ်ပြိုင်ကြ၊ အသာစီးရရန် ကြိုးစားကြသော်လည်း ထိုမျိုးစေ့၏ ရင်းမြစ်ကိုတော့ စိတ်မဝင်စားခဲ့ကြပေ။
ဆန်းဂျယ် ရာမီတာကို နားမလည်နိုင်ခဲ့သော အာနီခါကား တစ်ယောက်တည်းသာရှိ၏။
အာနီခါ ဂျင်။
ဂျင်က စုဝေးပွဲတက်ရောက်သည့် ပထမဆုံးနေ့မှာပင် ဖန်သားမျိုးစေ့ဖြင့် ကြိုဆိုပွဲကို ငြင်းပယ်ခဲ့သည့် တစ်ဦးတည်းသော အာနီခါပင်။
~~~~
ယူဂျင်းက ‘ပေါ်ပီ’ အမည်ရှိသော ရံရွေတော် ရှိ၊မရှိကို စုံစမ်းကြည့်ခဲ့သည်။ လက်ရှိ ရဲတိုက်တွင် ထိုသို့သောနာမည်ရှိသည့် ရံရွေတော် မရှိပေ။ ဂျီးန်းကို မေးကြည့်တော့ ယခင်ကလည်း ကြားဖူးသည့်နာမည် မဟုတ်ဟုဆို၏။
ယူဂျင်းလည်း အထိန်းတော်ချုပ်ကို သုံးနှစ်တာကာလအတွင်း ရဲတိုက်တွင် အမှုထမ်းခဲ့ကြသော ရဲတိုက်အမှုထမ်းအားလုံး၏ နာမည်များကို စစ်ဆေးကာ ပေါ်ပီဟူသော နာမည်ကိုရှာရန် အမိန့်ပေးလိုက်သည်။
“အရှင်မိဖုရား။ ပေါ်ပီဆိုတဲ့ နာမည်နဲ့ ရံရွေတော်တစ်ယောက်မှ အမှုထမ်းခဲ့ဖူးတာမျိုး မရှိပါဘူး။”
အထိန်းတော်ချုပ်က ပေါ့တိပေါ့ပြက် ရှာဖွေစစ်ဆေးကြည့်ခြင်းမှာ ဖြစ်နိုင်ခြေမရှိပေ။ စဉ်းစားနေသော ယူဂျင်း၏ ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာ၏။
“အထိန်းတော်ချုပ်။ ယာယီအမှုထမ်းအနေနဲ့ ခဏဝင်ပြီး အမှုထမ်းခဲ့တဲ့သူတွေရဲ့ စာရင်းတွေကိုရော သိမ်းထားသေးလား။”
“မှတ်တမ်းအဟောင်းတွေကိုတော့ ဖျက်ဆီးပစ်ပါတယ်။”
“လွန်ခဲ့တဲ့ သုံးနှစ်လောက်ကရော။”
“စာရင်းတွေ ရှိလောက်ပါတယ်။ စစ်ဆေးကြည့်ပါ့မယ်။”
အထိန်းတော်ချုပ်က နောက်ဆုံးတော့ ယူဂျင်း လိုချင်သည့် အဖြေကို ယူဆောင်လာခဲ့သည်။
“အရှင်မိဖုရား။ ပေါ်ပီဆိုတဲ့ မိန်းကလေးတစ်ယောက် ရဲတိုက်ထဲ ဝင်လာခဲ့တဲ့ မှတ်တမ်းကို ရှာတွေ့ပါပြီ။”
အထိန်းတော်ချုပ်၏ အစီရင်ခံချက်အရ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲခန့်တွင် ပေါ်ပီက ယာယီအမှုထမ်းအဖြစ် ရဲတိုက်ထဲသို့ ဝင်ရောက်ခဲ့သည်။ သို့ရာတွင် အထိန်းတော်ချုပ်က ခဲရာခဲဆစ်အလုပ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သော်ငြား အစီရင်ခံနေစဉ် တစ်လျှောက်လုံး မျက်နှာထားက ထူးဆန်းစွာ တင်းမာနေ၏။
“မှတ်မိတဲ့သူလားဟင်။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
“ကိစ္စအထွေအထူး ရှိခဲ့လို့လား။”
“သူက အလုပ်ခန့်ထားတဲ့ ကာလကို အပြည့်အဝ မဖြည့်ဆည်းဘဲ ဆုံးပါးသွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်…… အဆုံးစီရင်သွားတာပါ။”
“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်ပေါ့လေ။”
“ဟုတ်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ထူးဆန်းနေတယ်ရှင့်။”
ဆာရာက ပေါ်ပီ၏ ရုတ်တရက် သေဆုံးမှုနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။ စုစုပေါင်း ဆယ်ရက် အလုပ်လုပ်ရန် ရဲတိုက်ထဲ ဝင်လာခဲ့သည့် ပေါ်ပီက ငါးရက်မြောက်နေ့တွင် အမိန့်မရဘဲ ရဲတိုက်မှ ထွက်ခွာသွား၏။ မနက်ပိုင်းတွင် ပျောက်ဆုံးသွားသည့် ပေါ်ပီက ညနေစောင်းသည်အထိ ပြန်ရောက်မလာခဲ့။
တစ်ခန်းတည်းအတူနေသည့် အခန်းဖော်က ပေါ်ပီ အမိန့်မရဘဲ ထွက်သွားခြင်းကို ဖုံးကွယ်ပေးရန် ကြိုးစားခဲ့သည်။ ပေါ်ပီအတွက်ပါ အလုပ်လုပ်ရင်းနှင့် ဆက်တိုက်ပြန်မလာတော့မှ အထိန်းတော်ချုပ်ကို မတတ်သာဘဲ သတင်းပို့ခဲ့၏။
ဆာရာတစ်ယောက် ထိုစဉ်က အစီရင်ခံစာကိုရရှိတော့ ပေါ်ပီ အရေးကြီးကိစ္စပေါ်လာ၍ ထွက်သွားသည်ဟု ထင်ခဲ့မိသည်။ ရဲတိုက်တွင် အလုပ်လုပ်လျှင် လုပ်ခလစာ ပိုများ၏။ ငါးရက်တောင် အလုပ်လုပ်ပြီးပြီဖြစ်၍ လမ်းတစ်ဝက်ရောက်မှ ရပ်တန့်သွားစရာ အကြောင်းမရှိပေ။
စာရင်းတွင်ဖော်ပြထားသည့် လိပ်စာအတိုင်း လူလွှတ်စစ်ဆေးကြည့်တော့ သူ့အိမ်ရှိ သစ်သားရေချိုးကန် ထဲတွင် ရေနစ်သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ် ဖန်တီးပုံဖျက်ထားတဲ့ ရာဇဝတ်မှုများလားဆိုပြီး သံသယရှိလို့ စုံစမ်းစစ်ဆေးခဲ့ပေမဲ့ နောက်ဆုံးတော့ အဆုံးစီရင်မှုအနေနဲ့ပဲ အမှုကိုပိတ်သိမ်းခဲ့ရပါတယ်။”
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တယ်……
「ငါက နင့်ရဲ့ သခင်ပဲ၊ တာနီယာ။」
Keyword အတိုင်း အလုပ်လုပ်သည့် ယန္တရားတစ်ခုအလား ဂျင်၏မှတ်ဉာဏ်များ ပြန်လည်၍ ပေါ်လာတော့သည်။ ဂျင်၏ အရှေ့တွင် ပေါ်ပီက ဝပ်တွားလျက်။
「ဟုတ်ကဲ့ပါ၊ သခင်မ။」
「နင်က သခင်အတွက် ဘယ်လိုအလုပ်မျိုး လုပ်ပေးနိုင်မလဲ။」
「သခင်မအတွက်ဆိုရင် ဘာမဆို လုပ်ပေးနိုင်ပါတယ်။」
နှာခေါင်းရှုံ့သံစွက်နေသည့် အသံနှင့် 'ဟုတ်လား' ဟု ပြန်မေးလိုက်သော ဂျင်၏အသံကို ကြားလိုက်ရသည့်အခါ ယူဂျင်းတစ်ယောက် မကောင်းသော အတိတ်နိမိတ်ကြောင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားခဲ့ရသည်။ ဖြစ်ပျက်ပြီးခဲ့သောကိစ္စ၊ တစ်ချိန်ကမှတ်ဉာဏ် ဖြစ်သော်လည်း 'မလုပ်ပါနဲ့' ဟု ရေရွတ်လိုက်မိ၏။ ဂျင်က ကြောက်မက်ဖွယ်ကောင်းသည့်အရာကို ကျူးလွန်တော့မည်ဟု ကျိန်းသေ သဘောပေါက်လိုက်ရသည်။
「ငါ နင့်ကို ယုံကြည်နိုင်အောင်လို့ နင့်ရဲ့ သစ္စာစောင့်သိမှုကို ပြစမ်း။」
「ဟုတ်ကဲ့ပါ၊ သခင်မ။」
「ငါ စေခိုင်းတာမှန်သမျှ အကုန်လုပ်မယ်ပေါ့။」
「ဟုတ်ကဲ့ပါ၊ သခင်မ။ အမိန့်သာပေးလိုက်ပါ။」
「ဒါဆို ဒီလမ်းအတိုင်း ရဲတိုက်ကနေထွက်ပြီး နင့်အိမ်ကိုသွား။ ရေချိုးကန်ထဲ ရေဖြည့်၊ အဲ့ဒီထဲဝင်ပြီး ခေါင်းအထိ ရေထဲမှာ နှစ်နေလိုက်။ ငါက တော်ပြီလို့ ပြောတဲ့အထိ အသက်အောင့်ပြီး စောင့်နေ။」
မှတ်ဉာဏ်က ထိုနေရာမှာတင် ရပ်တန့်သွား၏။ ယူဂျင်းတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံးမှ အားအင်များ ထွက်သွားသည့်အလား ထုံထိုင်းသွားသည့်ခံစားချက်ကို ဖယ်ရှား၍မရနိုင်ခဲ့။
ဘာမှမပြောဘဲ အတန်ကြာအောင် နှုတ်ဆိတ်နေသော ယူဂျင်း၏ မျက်နှာထားက တစ်မျိုးဖြစ်နေသဖြင့် အထိန်းတော်ချုပ်က သတိထားပြီး အရိပ်အခြည်ကြည့်ကာ ပြောခဲ့သည်။
“အရှင်မိဖုရား။ အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ဆက်ပြီးစုံစမ်းကြည့်ရမလားရှင့်။”
“……ရပါပြီ။ တာဝန်ကျေတယ်။ သွားပါတော့။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
အခြားရံရွေတော်များကိုပါ ထွက်သွားခိုင်းပြီးနောက် ဧည့်ခန်းထဲတွင် တစ်ယောက်တည်းကျန်နေခဲ့သည့် ယူဂျင်းက ဆိုဖာပေါ် ပစ်ထိုင်ချလိုက်သည်။
“ဂျင်…… ဒီ နတ်ဆိုးလိုလူစားက ဘယ်လိုလုပ် ရှိနေရတာလဲ။”
ပေါ်ပီက ပထမဆုံး တာနီယာပင်။ ပေါ်ပီ သေဆုံးပြီးနောက် ဒုတိယရောက်လာသည့် တာနီယာက အယ်လီ ဖြစ်ပေလိမ့်မည်။
ယူဂျင်းတစ်ယောက် ဂျင် ဘာကြောင့် ဤသို့လုပ်ခဲ့မှန်း နားလည်နိုင်၏။ ရိုဒရစ်ဂ် ပို့လိုက်သည့် အဆက်အသွယ်က အမှန်တကယ် ယုံကြည်စိတ်ချရရဲ့လား၊ ဘေးတွင်ခေါ်ထားပြီး အသုံးပြု၍ဖြစ်မည်လား၊ မည်သို့သောအမိန့်မျိုးအထိ လိုက်နာ ဆောင်ရွက်နိုင်သလဲဟူသည်ကို စစ်ဆေးချင်သည့်သဘော ဖြစ်ပေလိမ့်မည်။
ယူဂျင်းလည်း စောစောက မော်လီကိုကြည့်ရင်း အလားတူ သံသယမျိုး ဝင်ခဲ့သောကြောင့်ပင်။ မြင်သမျှ၊ ကြားသမျှ အရာအားလုံးကို ရိုဒရစ်ဂ်ထံ လျှို့ဝှက်သတင်းပေးနေတာများလား။ ကျွန်တစ်ယောက်လို နာခံဟန်ဆောင်ပြီး သူလျှိုအဖြစ် လုပ်နေခြင်းများလား။
သို့ရာတွင် ဂျင် လုပ်ခဲ့သည့် နည်းလမ်းမျိုးနှင့် စစ်ဆေးရန်ကိုတော့ စိတ်ကူးထဲပင် ထည့်မတွေးခဲ့ဖူးပေ။
'ရိုဒရစ်ဂ်ကို သတိပေးတဲ့သဘောလည်း ပါလောက်တယ်။'
ယူဂျင်းက လက်နှစ်ဖက်နှင့် သူ့လက်မောင်းများကို ဖက်ထားလိုက်သည်။ ယခုအထိ ကြက်သီးမွေးညင်းများထနေဆဲပင်။
'မော်လီ…… အဲ့ဒီ မိန်းကလေးကို ဘယ်လိုလုပ်ရပါ့မလဲ။'
ဆုံးဖြတ်ချက်မချနိုင်ဘဲ စဉ်းစားခန်းဝင်ခြင်းက ကြာမြင့်နေခဲ့၏။ အပြင်ဘက်မှ ရံရွေတော်က တံခါးခေါက်လာသည်။ ခွင့်ပြုချက်ရ၍ အတွင်းသို့ ဝင်လာသော ရံရွေတော်က သတင်းပို့လျှောက်တင်လေ၏။
“အရှင်မိဖုရား။ နန်းရင်းဝန်က အခစားဝင်ခွင့် တောင်းခံလာပါတယ်။ အရှင်မိဖုရားက ခွင့်ပြုမယ်ဆိုရင် ဒီနေ့ ညနေပိုင်းမှာ လာရောက်တွေ့ဆုံမယ်လို့ ပြောပါတယ်။”
~~~~
Miel's Translations