အပိုင်း ၆၃
ခါဆယ်ရ်က သူ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ယူဂျင်းကို ကြည့်ရင်း မှော်ဝင်သားရဲများ ယူဂျင်းအား ကပ်တွယ်နေသည့် မြင်ကွင်းကို ပြန်တွေးလိုက်မိသည်။ မှော်ဝင်သားရဲ၏ ထူးခြားသောအပြုအမူကို ရှင်းပြနိုင်မည့် ဖြစ်နိုင်ခြေ အကြောင်းပြချက် တစ်ခုတော့ရှိ၏။
ယူဂျင်းက အာနီခါဖြစ်နေခြင်းပင်။ လာ့ခ်များက အာနီခါကို မတိုက်ခိုက်ကြ။ မှော်ဝင်သားရဲများမှာ အခြေခံအားဖြင့် လာ့ခ်များကြသည်။
တကယ်တမ်းတွင်လည်း မှော်ဝင်သားရဲက အာနီခါအပေါ် ကောင်းမွန်သောတုံ့ပြန်မှုများ ပြသခဲ့သည်ဟု မှတ်တမ်းများရှိ၏။
‘ကောင်းတဲ့တုံ့ပြန်မှု...ဒါပေမဲ့ အဲ့ဒါကို ဒီအတိုင်း ကောင်းတဲ့တုံ့ပြန်မှုဆိုပြီး သတ်မှတ်လို့ရပါ့မလား။’
သမိုင်းမှတ်တမ်းများက အတိုင်းအတာတစ်ခုအထိ လွဲမှားနေတတ်သည်။ သို့သော် စောစောက မြင်ကွင်းမျိုးကို မြင်ခဲ့ရသူသာ သူ့မှတ်ဉာဏ်သူ မှတ်တမ်းတင်မည်ဆိုလျှင် ထိုစကားလုံးကို ရွေးချယ်ခြင်းက မှားပေလိမ့်မည်။
ထို့အပြင် မှော်ဝင်သားရဲတိုင်းက အာနီခါကို တုံ့ပြန်ခြင်း မရှိကြပေ။ မှတ်တမ်းတင်ထားသည်ဟုဆိုကတည်းက ယင်းမှာ ရှားပါးသည်ဟူသော အဓိပ္ပာယ်ပင်။
မှော်ဝင်သားရဲက ကောင်းမွန်သောတုံ့ပြန်မှုကို ပြသခဲ့သည်ဟု မှတ်တမ်းတင်ခြင်းခံရသော အာနီခါမှာ အထွတ်အမြတ်မြို့တော်ရင်ပြင်မှ သစ်ပင်ကြီး၏ အစေ့ကို အပင်ပေါက်စေခဲ့သော ဇာတ်လိုက်ကျော်ဖြစ်ပေသည်။ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ရာမီတာကိုပိုင်ဆိုင်သော အာနီခါအဖြစ် မှတ်တမ်းတင်ခြင်းခံထားရသူပင်။
သို့ဖြစ်၍ မှော်ဝင်သားရဲက ရာမီတာကို တုံ့ပြန်သည်ဟု ကောက်ချက်ချနိုင်၏။
‘ဒါပေမဲ့ အရင်တုန်းကတော့ အာဘူက ဒီလိုမလုပ်ခဲ့တာကို။’
ယူဂျင်း၏ ရာမီတာက အားကောင်းလှသဖြင့် မှော်ဝင်သားရဲက တုံ့ပြန်သည်ဆိုလျှင် ဘာကြောင့် အမြဲတမ်းမဟုတ်ရသလဲ။ ယခင်ကလည်း အာဘူက မိဖုရားကို အနီးကပ် မြင်ဖူးသောအချိန်များ ရှိခဲ့၏။ ထိုစဉ်ကတော့ အာဘူက သူ့ကို စိတ်မဝင်စားခဲ့။
ခါဆယ်ရ်က အာနီခါ ခံစားရသော ရာမီတာကို မည်သို့သောစွမ်းအားမျိုးမှန်း မသိသော်လည်း ပရာ့ဂ်ျနှင့် ရာမီတာက အခြေခံအားဖြင့် သဘောတရားချင်းတူသည်ဟု ယူဆထား၏။ သို့မှသာ အာနီခါ တစ်ဦးတည်းကသာ ဘုရင်၏ရင်သွေးကို မွေးဖွားပေးနိုင်သည်ဟူသောဖြစ်ရပ်ကို ရှင်းပြနိုင်မည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ဘုရင်၏ပရာ့ဂ်ျနည်းတူ အာနီခါ၏ ရာမီတာသည်လည်း မွေးရာပါ ပမာဏအတိုင်း အပိုအလျှံရှိနိုင်မည်မဟုတ်ပေ။
ယူဂျင်းတစ်ယောက် မြင်းရထားပြတင်းကနေ နေ့ခင်းဘက် အပြင်ရှုခင်းကို ကြည့်နေရာမှ ရင်ပြင်သို့ရောက်လာသော်လည်း မြင်းရထား ရပ်မသွားသဖြင့် ခါဆယ်ရ်ကို လှည့်ကြည့်လိုက်သည်။ သူ့ကို ကြည့်နေသည့် ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံမိသွား၏။
“ကျွန်မကို ပြောစရာစကားများ ရှိလို့လားဟင်။”
“မင်း အရင်က ရာမီတာအကြောင်း မေးခဲ့တယ်မဟုတ်လား။ ရာမီတာကို မခံစားရဘူးလို့ ပြောခဲ့တယ်လေ။ အခုရော အဲ့ဒီအတိုင်းပဲလား။”
“ဟုတ်ကဲ့။ ဟုတ်တိပတ်တိ ကောင်းကောင်းမသိသေးပါဘူး။”
“အိပ်မက်ထဲမှာ သတိရှိနေတဲ့ အိပ်မက်မျိုးကိုရော မမှတ်မိဘူးလား။”
“အာ...”
ယူဂျင်းက ဘယ်လိုရှင်းပြလို့ ရှင်းပြရမှန်းမသိသော မျက်နှာထားနှင့် တွေဝေတုံ့ဆိုင်းနေသည်။
“နဂိုကတော့ သတိနဲ့ မက်တဲ့အိပ်မက်ကို ဘာမှန်း မမှတ်မိပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ထူးဆန်းတဲ့ အိပ်မက်တွေ မက်ခဲ့ပါတယ်...”
“ထူးဆန်းတဲ့ အိပ်မက်ပေါ့လေ။ ဘယ်လိုအိပ်မက်လဲ။”
“အိပ်မက်ထဲမှာ ရေကို မြင်ခဲ့တာဆိုပေမဲ့... အဲ့ဒါက သတိနဲ့မက်တဲ့အိပ်မက် ဟုတ်၊ မဟုတ် မသေချာပါဘူး။ တကယ်ကို ထူးဆန်းတာပါ။ အရှင်မင်းကြီး ရှင်းပြခဲ့တဲ့ အကြောင်းအရာနဲ့လည်း လုံးဝ မကိုက်ညီဘူးရှင့်။”
“ငါ မင်းကို ပြောခဲ့တဲ့စကားက အတိအကျမှန်ရဲ့လားဆိုတာ ငါလည်း မသိဘူး။ အာနီခါက မင်းလေ၊ ငါမှမဟုတ်တာ။ ဘယ်လိုအိပ်မက်မျိုး...”
ခါဆယ်ရ်က စကားပြောနေရာမှ ရုတ်တရက် ရပ်သွားသည်။ အာနီခါ၏ စွမ်းရည်အကြောင်း လက်လွတ်စပယ် စုံစမ်းမေးမြန်း၍ မဖြစ်ပေ။
ဆန်းဂျယ်က 'အာနီခါဆိုတာ ဖြစ်တည်နေရုံနဲ့တင် မြင့်မြတ်တယ်' ဟု အဓိပ္ပာယ်ဆောင်သော စကားများကို တရားဝင် မကြာခဏ ပြောလေ့ရှိ၏။ လူတို့က ထိုစကားကို ကြားရသည့်အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုဘဲ 'အာနီခါကို အလေးအမြတ်ထားပြီး မဆက်ဆံရင် နောက်ပိုင်းမှာ ပြဿနာရှိမယ်' ဟု သွယ်ဝိုက်သော ခြိမ်းခြောက်မှုအဖြစ် မှတ်ယူခဲ့ကြသည်။
အာနီခါနှင့်ပတ်သက်၍ တားမြစ်ချက်များ အများအပြားရှိ၏။ အာနီခါ၏ ဖြစ်တည်မှုကို သံသယဝင်ခြင်းဖြစ်စေ၊ နက်နက်နဲနဲ စူးစမ်းခြင်းမျိုးဖြစ်စေ လုပ်၍မဖြစ်ပေ။ ထို့ကြောင့် အာနီခါ၏ ရာမီတာက မည်သို့သော စွမ်းအားမျိုးမှန်း ဘယ်သူမှ တိတိကျကျ မသိခဲ့ကြ။
“ဟုတ်ပါရဲ့၊ ကြားလို့လည်း ထပ်ပြီး အထောက်အကူဖြစ်နိုင်မှာမှမဟုတ်တာ။”
“ဒါပေမဲ့ နားထောင်ကြည့်ပြီးရင် တစ်ခုခု စဉ်းစားမိသွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။ အာနီခါက အိပ်မက်အကြောင်း ဘယ်သူ့ကိုမှ မပြောရဘူးဆိုတဲ့ စည်းကမ်းရှိလို့လားဟင်။ ဧကန္တ ရှိရင်တောင်မှ...”
ယူဂျင်းက အသံကို နည်းနည်းလေးတိုးလိုက်ကာ ကလေးဆန်ဆန် အမူအရာလေးနှင့် ပြောလိုက်သည်။
“ကျွန်မတို့ နှစ်ယောက်တည်းသိတဲ့ လျှို့ဝှက်ချက်လုပ်ထားလိုက်ရင် ရပြီပေါ့ရှင့်။”
ခါဆယ်ရ်က ရယ်လိုက်သည်။ သူက နူးညံ့ကြင်နာသော အကြည့်နှင့် ယူဂျင်းကို ကြည့်နေ၏။ ယူဂျင်းနှင့် အတူရှိသည့်အခါ သူ ဘာကြောင့် မကြာခဏ ရယ်မောနေမိသလဲဟူသောအတွေး ဝင်လာသည်။
ထူးဆန်းသော ခံစားချက်တစ်မျိုး တရစ်ရစ်တက်လာ၏။ လှုပ်ခါနေသော မြင်းရထားထဲ၌သာ မဟုတ်ခဲ့လျှင် ယူဂျင်းကို နမ်းမိပေမည်။ ရုပ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒကို ခံစားရ၍ ခန္ဓာကိုယ်က အလျင်အမြန် ပူနွေးလာခြင်းနှင့်မတူသော ခံစားချက်မျိုးပင်။ ထိုမျှလောက် မပူသော်လည်း ဝါဂွမ်းကဲ့သို့ အေးသွားမည့်ပုံလည်းမပေါ်ပေ။
“ဒါပေမဲ့ ကျွန်မ အိပ်မက်ထဲမှာ ဘာတွေမြင်ခဲ့တာလဲဆိုတာကို တကယ်တမ်း သေချာမသိပါဘူး။ အိပ်မက်ထဲမှာ ရေပေါ်လမ်းလျှောက်နေသလို ခံစားရတာပါ။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တော့ ကောင်းကင်နဲ့ ထိနေတဲ့ ရေပြင်ကိုပဲ မြင်ရတာရှင့်။”
ယူဂျင်းက အိပ်မက်ကို ပြန်တွေးရင်း မျက်လုံးကို မှေးစင်းလိုက်သည်။ အိပ်မက်နှင့် ဆင်တူသော မြင်ကွင်းတစ်ခုကို ခံစားမိလိုက်၏။
ပင်လယ်။
သို့သော် ပင်လယ်ကတော့ မဖြစ်နိုင်ပေ။ ပင်လယ်ရေက ခြေချင်းဝတ်လောက်သာ နက်စရာအကြောင်းမရှိသလို သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံးဟုဆိုကြသော အာနီခါကလည်း ရေကန်ကိုသာ မြင်ခဲ့ရသည်ဆိုတော့ ပင်လယ်ဖြစ်နိုင်မည်မဟုတ်။
“...ကောင်းကင်နဲ့ထိနေတဲ့ ရေပြင်ပေါ့လေ။”
ခါဆယ်ရ်က ယူဂျင်း၏အိပ်မက်ကို ဘာအဓိပ္ပာယ်မှန်း မသိသော်လည်း ပုံမှန်မဟုတ်မှန်းတော့ ချက်ချင်း သဘောပေါက်လိုက်၏။
သူ၏ အရည်အချင်း မပြည့်စုံမှုကြောင့် ယူဂျင်းကို ကူညီနိုင်ခြင်း မရှိသည့် အခြေအနေကား စိတ်ပျက်စရာအတိပင်။ အဖြေရရန်အတွက် ဆန်းဂျယ်နှင့် တွေ့ဆုံခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဟု ကောက်ချက်ချလိုက်ရသည်။
ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတော့ အစသို့ ပြန်ရောက်လာ၏။
‘မိဖုရားကို အထွတ်အမြတ်မြို့တော်ဆီ လွှတ်ရမလား...’
စည်းမျဉ်းအရဆိုလျှင် မိဖုရား မှတ်ဉာဏ်ပျောက်သွားသည့် အခိုက်အတန့်ကတည်းက ဆန်းဂျယ်ထံသို့ စာပို့သင့်ပေသည်။ ထိုသို့ဆိုလျှင် ဆန်းဂျယ်၏သူရဲကောင်းများက သူ့ကို ခေါ်ဆောင်သွားရန် လာကြပေလိမ့်မည်။
ဘာကြောင့် ယူဂျင်း မှတ်ဉာဏ်များ ပြန်ရလာမည်ကို စိုးရိမ်နေမိမှန်း သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့။ ဆက်ခံသူ မရှိမည်ကို စိုးရိမ်၍ပဲလား။ တကယ် ထိုအကြောင်းပြချက်တစ်ခုတည်းကြောင့်ပဲလား။
လွန်ခဲ့သော သုံးနှစ်တာကာလတစ်လျှောက်လုံး သုံးနှစ်ပြည့်ရန်ကိုသာ စောင့်ဆိုင်းနေခဲ့မိသည်။ မိဖုရားကို စာချုပ်အတိုင်း လိုက်နာရန် တောင်းဆိုကာ ဆက်ခံသူကို တစ်ရက်ပဲဖြစ်ဖြစ် စောစောရယူဖို့ ပြင်ဆင်နေခဲ့၏။
သို့သော် တကယ်တမ်းတွင် ယခုတလော ဆက်ခံသူအတွက် စိတ်မပူတော့ပေ။ ဤအခြေအနေအတိုင်း ဆက်၍ရှိနေစေချင်မိသည်။ မိဖုရားက ဘယ်လိုလူမျိုးလဲဟု ပို၍သိချင်မိ၏။
‘ငါ တကယ်လိုချင်တာက...’
‘ဆက်ခံသူ’ လား။ ‘ဆက်ခံသူကို မွေးဖွားပေးမဲ့ သူ’ လား။
လွန်ခဲ့သော သုံးနှစ်က မိဖုရားနှင့် ကတိပေးထားခဲ့သော အကြောင်းအရာမှာ ရိုးရှင်းလှသည်။ မိဖုရား ကလေးမွေးပြီးနောက်ပိုင်း အနာဂတ်အတွက် အစီအစဉ်မရှိခဲ့ပေ။ ပြဿနာကား သူကတော့ ပို၍ဝေးသော အနာဂတ်ကို မြင်ချင်သော်လည်း မိဖုရားနှင့်ပတ်သက်သည့် အရာအားလုံးက မရေရာ မသေချာဖြစ်နေသည်ဟူသော အချက်ပင်။
ခါဆယ်ရ်တစ်ယောက် ရင်ထဲတွင် လေးလံသော ကျောက်တုံးတစ်ခု တင်ထားရသည့်အလား ရုတ်တရက် အသက်ရှူရခက်လာတော့၏။
မြင်းရထား ရပ်သွားသည်။ ခဏနေတော့ အပြင်မှ “ရောက်ပါပြီ။ တံခါး ဖွင့်ပေးပါ့မယ်” ဟု အသံတစ်ခု ထွက်လာ၏။
“နောက်မှပဲ အသေးစိတ် ပြောကြတာပေါ့။ စကားက ရှည်မဲ့ပုံပဲဆိုတော့။”
ယူဂျင်း အံ့ဩတကြီး မျက်လုံးပြူးသွားသည်။ ပေါ့ပေါ့ပါးပါးနှင့် အိပ်မက်အကြောင်း ပြောလိုက်သော်လည်း သူ၏ တုံ့ပြန်မှုက လေးနက်နေသဖြင့် နားမလည်နိုင်ဖြစ်သွားရ၏။
“အရှင်မင်းကြီး။ ဘာအဓိပ္ပာယ်မှ မရှိတဲ့ အိပ်မက်ပဲ ဖြစ်မှာပါ။”
“နောက်မှ ပြောကြမယ်။ ဒီနေရာမှာ မဟုတ်ဘဲ။”
ခါဆယ်ရ်က ထရပ်ကာ မြင်းရထားအပြင်ဘက်ကို ထွက်လိုက်သည်။ သူက ခြေနင်းလှေကားကို မနင်းဘဲ ဘေးဘက်မှ ခုန်ဆင်းကာ ပွင့်နေသော တံခါးထဲသို့ သူ့လက်ကို ကမ်းလင့်လာ၏။
မြင်းရထားထဲမှ ထွက်လာသော သေးငယ်ဖြူဖွေးသည့် လက်ကလေး သူ့လက်ဖဝါးပေါ် တင်လာချိန်တွင် ခါဆယ်ရ်ခပ်တိုးတိုး အသက်ရှူသွင်းလိုက်မိသည်။ ခေါင်းလေး အနည်းငယ်ငုံ့ကာ ယူဂျင်း၏ ကိုယ်အထက်ပိုင်း အပြင်သို့ ထွက်လာတော့ သူ့မျက်လုံးတွေ တုန်ယင်သွား၏။ ပေါ့ပေါ့ပါးပါး တုန်လှုပ်မှုလေးကို ခံစားလိုက်ရသည်။
လူမှုရေးပါတီများတွင် သူတို့သဘောကျ မှူးမတ်ကတော်များကို စောင့်ကြပ်ပို့ဆောင်ပေးကြသည့် ယောက်ျားတို့၏စိတ်ကို နားလည်သွားတော့၏။ ပတ်ဝန်းကျင်ကို ပြသသည့် ကြွားလုံးထုတ်မှုဖြစ်ပြီး အခြားသူများ မချဉ်းကပ်နိုင်အောင် သတိပေးခြင်းမျိုးလည်း ဖြစ်လိမ့်မည်။
ယူဂျင်း၏လက်ကို ဆုပ်ကိုင်ထားသည့် သူ၏လက်ဖျားများတွင် အားဝင်သွားတော့သည်။ ကိုယ့်လောဘကိုယ် သဘောပေါက်သွားရ၏။ ဤလက်လေးကို လွှတ်မပေးချင်တော့ပေ။
ယူဂျင်းက သူ့လက်ကိုကိုင်ကာ ခြေနင်းခုံကိုနင်း၍ ဆင်းလာရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲစနည်းနာလိုက်သည်။ မြင်းရထားရပ်ထားသည့်နေရာကား ဇိမ်ခံစားသောက်ဆိုင်ရှေ့တွင်ဖြစ်၏။ ပတ်ဝန်းကျင်ကို ကိုယ်ရံတော်များက ဝိုင်းရံထားကာ လူများဝင်ရောက်လာခြင်းမရှိအောင် တားဆီးထားသည်။ မမြင်ရသောစည်းအပြင်ဘက်တွင် လူအများအပြား စုရုံးလျက်ရှိ၏။
ယနေ့တွင် သူတို့နှစ်ယောက်က ပြီးခဲ့သည့်တစ်ခေါက် အပြင်ထွက်စဉ်ကလို ရုပ်ဖျက်ထားခြင်းမရှိခဲ့။ ယင်းအစား ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားသည်။ ခါဆယ်ရ်က နေ့ခင်းဘက် အပြင်ထွက်လျှင် ရုပ်ဖျက်ခြင်းက ပို၍ရှုပ်ထွေးသည်ဟု ပြောခဲ့သဖြင့် ယူဂျင်းလည်း သူ့စကားကို နားထောင်လိုက်၏။
ယူဂျင်းက ယာယီ ခြေနင်းလှေကားအဆုံးသို့ ဆင်းလာကာ ခါဆယ်ရ်ကိုကြည့်ရင်း အိုးတိုးအမ်းတမ်း ပြုံးလိုက်သည်။ လူအုပ်ကြီး ဝိုင်းရံခံထားရသည့် ခံစားချက်က ရှုပ်ထွေးလှ၏။ ရုတ်တရက် ဆူညံသံများ ပို၍ကျယ်လောင်လာတော့ ယူဂျင်းလည်း အလန့်တကြား ခေါင်းလှည့်ကြည့်လိုက်မိသည်။
မျက်လုံးချင်းဆုံမိသွားသူက လူအုပ်ကြားထဲသို့ တိုးဝင်လာသော ငယ်ရွယ်နုနယ်သူ ကလေးမလေးတစ်ယောက် ဖြစ်နေ၏။ အံ့ဩတကြီး မျက်လုံးလေးများပြူးသွားသည့် ထိုကလေးမကို ဘာကြောင့်မှန်းမသိ မမြင်ချင်ယောင်ဆောင်၍မရခဲ့။ ယူဂျင်း အသာလေး လက်ပြလိုက်တော့ လူအုပ်ကြီးထံမှ အော်ဟစ်သံများ ပေါက်ကွဲထွက်လာတော့သည်။
“သွားကြစို့။ မိဖုရား။”
ခါဆယ်ရ်က သူ့လက်ကို ဆွဲကိုင်ခဲ့သည်။ ယူဂျင်းက ခံစားချက်များ ရှုပ်ထွေးနေသော်လည်း အေးဆေးတည်ငြိမ်သည့်ပုံစံဖြင့် သူနှင့်အတူ အတွင်းဘက်သို့ ဝင်သွားလိုက်၏။
အတွင်းသို့ ဝင်လာခဲ့သော်လည်း အပြင်ဘက်မှ ဆူဆူညံညံအော်ဟစ်သံများကို ဆက်လက်၍ ကြားနေရဆဲပင်။ ပိုကျယ်လာသလိုပင်ခံစားရ၏။
နှစ်ယောက်သား အမှုထမ်းများ၏ ဂရုတစိုက် ဦးဆောင်လမ်းပြမှုနှင့်အတူ စားပွဲပြင်ဆင်ထားသည့် အခန်းထဲသို့ ဝင်သွားခဲ့သည်။
“အခုအထိ ဆူညံနေကြတုန်းပဲနော်။”
ယူဂျင်းတစ်ယောက် နောက်ကျမှ ရှက်ရွံ့စိတ်များ တရစ်ရစ် တိုးဝင်လာတော့သည်။ ထိုနေရာတွင် လက်ပြသတဲ့လား။ သူ့အပြုအမူက အင်မတန် ရှက်ဖို့ကောင်း၏။
မျက်နှာကို လက်ဖြင့်ယပ်ခတ်နေသည့် ယူဂျင်းကိုကြည့်ရင်း ခါဆယ်ရ် ပြုံးလိုက်မိသည်။ ပတ်ဝန်းကျင်ကို သတိထားမိနေသော ယူဂျင်း၏ အရိုးခံတုံ့ပြန်မှုလေးက ချစ်ဖို့ကောင်းလှ၏။ အနည်းငယ် စိတ်လှုပ်ရှားကာ မျက်နှာလေး နီမြန်းနေသော ယူဂျင်းက အင်မတန်လှလွန်း၍ မျက်စိမခွာနိုင် ဖြစ်နေရသည်။
“မင်း လက်ပြလိုက်လို့ ပျော်နေကြတာလေ။”
“ကျွန်မ အမှားလုပ်လိုက်မိတာလားဟင်။”
“မှားတာတော့ မဟုတ်ပေမဲ့ ဒီနေ့ မင်းနောက်ကိုလိုက်လာတဲ့ လူအရေအတွက်က ငါခန့်မှန်းထားတာထက်ကို ပိုများနေတယ်။”
ယူဂျင်းတစ်ယောက် သူနေထိုင်ခဲ့ရာကမ္ဘာမှ နာမည်ကြီးပုဂ္ဂိုလ်များ လူအုပ်ကြီးကို ဦးဆောင်သွားသော မြင်ကွင်းများကို သတိရလိုက်သည်။ သူကတော့ ထိုလူအုပ်ထဲ၌ပင် မပါဝင်ခဲ့သော 'ဖြတ်သွားဖြတ်လာ' လောက်မျှသာ။ သို့သော် သူ့ကိုကြည့်ရန် လူများလိုက်လာကြသည်ဟု တွေးလိုက်မိတော့ စိတ်ထဲတွင် တစ်မျိုးဖြစ်သွားရ၏။
“ဒီလိုနေရာမျိုးကို မကြာခဏ လာတာလားရှင့်။”
ယူဂျင်းက အတွင်းပိုင်းဖွဲ့စည်းပုံကို အသေးစိတ် ကြည့်လိုက်သည်။ ကြီးမားပြီး ခမ်းနားသော ရဲတိုက်နှင့် ယှဉ်နိုင်လောက်သည့် အဆင့်မျိုးမဟုတ်သော်လည်း အလားတူ ခံစားချက်ကို ပေးစွမ်းရန် အားထုတ်ထားသည့် အရာများကို တွေ့ရ၏။ သာမန်လူများ ဝင်ထွက်နိုင်မည့်စားသောက်ဆိုင်မျိုးမဟုတ်ဟု ယူဆလိုက်သည်။
“တစ်ခါတလေ လာတာ။”
ခါဆယ်ရ်က သူ၏ အစားအသောက်ကို ဂရုတစိုက် ထိန်းသိမ်းလေ့မရှိပေ။ အလုပ်များလျှင် ကျော်သွားလိုက်သည်ကများပြီး ရဲတိုက်အပြင်တွင် ရှိနေသည့်အခါ သာမန်လူများ သွားလာရာ စားသောက်ဆိုင်များ၌ ပေါ့ပေါ့ပါးပါး စားလေ့ရှိ၏။ သို့ရာတွင် လူရှုပ်ပြီး အစားအသောက် အရသာက သာမန်ဖြစ်သော နေရာများသို့ ယူဂျင်းကို ခေါ်သွား၍မဖြစ်ပေ။
“မင်းက လျှို့ဝှက်ပြီး အပြင်ထွက်တာကို ပိုစိတ်ဝင်စားတယ်ဆိုရင် အဲ့ဒါကို ဒီနေ့မဟုတ်ဘဲ နောက်တစ်ခေါက်ကျမှ လုပ်ကြတာပေါ့။”
“ကျွန်မက ဒီလိုအရာမျိုးကိုလည်း သဘောကျပါတယ်။”
ယူဂျင်းက ရယ်ရင်း ပြောလိုက်သည်။ သူက လှပသော စားသောက်ဆိုင်သို့ ခေါ်လာပေးသည်ကိုရော၊ နောက်တစ်ခေါက် အပြင်ထွက်ရန် သဘာဝကျကျလေး ပြောလာသည်ကိုရော သဘောကျ၏။ မကြိုက်သည့်အချက် တစ်ချက်မှမရှိပေ။
“ဒီမှာ စားသောက်ဖို့အတွက် အရည်အချင်း ကန့်သတ်ချက်များ ရှိလားဟင်။ သာမန်ပြည်သူတွေ မဝင်ရဘူးဆိုတာမျိုးလားရှင့်။”
“အဲ့ဒီလိုတော့ မဟုတ်ဘူး။ အစားအသောက်ဖိုးသာ တတ်နိုင်ရင်ရပြီ။”
စားသောက်ဆိုင် အမှုထမ်းများက ဟင်းပွဲများကို စတင်ယူလာကြသည်။ ယူဂျင်းက သူတို့၏ပုံစံကို စိတ်ဝင်တစား ကြည့်နေ၏။
‘ယူနီဖောင်းတွေ ဝတ်ထားတာပဲ။ တော်ဝင်မိသားစုကို အတုယူထားတာ ဖြစ်ရမယ်။’
ရဲတိုက်အမှုထမ်းများ၏ တူညီဝတ်စုံကို သူတို့လုပ်ရသော အလုပ်နှင့် အတွေ့အကြုံအပေါ် မူတည်ပြီး သတ်မှတ်ထားသည်။ ရဲတိုက်အမှုထမ်းများလိုပင် ဤနေရာမှ အမှုထမ်းများကလည်း ဒီဇိုင်းတူ အဝတ်အစားများ ဝတ်ဆင်ထားကြ၏။
‘အစားအသောက် ထည့်ထားတဲ့ပုံစံကလည်း ဆင်တူနေတာပဲ။’
ပန်းကန်ပြား၏ အလယ်ဗဟိုတွင် ဟင်းလျာကို နည်းနည်းလေးထည့်ထားသည့်ပုံစံက အတူတူပင်။
‘ဒီနေရာက လူတွေအတွက် တော်ဝင်မိသားစုက စံနမူနာဖြစ်နေတာကိုး။ တူအောင်တုပြီး သင်ယူချင်ကြတာပဲ။’
အစားအသောက်များက အရသာရှိသည်။ ယူဂျင်းက ရဲတိုက်တွင်စားရသည့် အရသာနှင့် သိပ်မကွာဘူးဟု တွေးလိုက်၏။ ရဲတိုက်မှ စားဖိုမှူး၏ လက်ရာထက်မလျော့သော စားဖိုမှူးတစ်ယောက် အလုပ်လုပ်ရာ စားသောက်ဆိုင်ဆိုလျှင် အကောင်းဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။
‘ပိုက်ဆံသာရှိရင် ဘယ်သူမဆို ဝင်လာလို့ရတယ်ဆိုပြီး ပြောခဲ့တာကို... တခြားတိုင်းပြည်တွေကတော့ ဘယ်လိုရှိမှန်းမသိပေမဲ့ ဟာရှီမှာတော့ လူတန်းစားခွဲခြားမှုရှိရင်တောင် ခွဲခြားဆက်ဆံမှုက အတိအကျရှိနေတာမျိုး မဟုတ်ဘူးထင်တယ်။ ငါ့ရဲ့အကြံပေးတွေထဲမှာလည်း သာမန်လူတန်းစား ရှိတာပဲ။’
ယခုတလော ယူဂျင်းတစ်ယောက် မြင်တွေ့ကြားသိရသမျှ အရာအားလုံးမှတစ်ဆင့် သဘာဝကျကျ ရရှိလာသော နောက်ခံအချက်အလက်များကို တူးဖော်ပြီး လေ့လာရခြင်းကို သဘောတွေ့နေသည်။
စားသောက်ပြီးသည့်နောက်တွင် ခါဆယ်ရ်က နောက်ထပ်အစီအစဉ်တစ်ခုကို ပြောပြလာသည်။
“မြင်းရထားနဲ့ ခဏလောက်သွားရင် ကြည့်ရကျိုးနပ်တဲ့နေရာရှိတယ်။ ရှေးအကျဆုံး အဆောက်အအုံဟောင်းတွေကို နဂိုပုံစံအတိုင်း မူမပျက် ထိန်းသိမ်းထားတဲ့နေရာရယ်၊ မကြာသေးခင်ကမှ ဆောက်ထားတဲ့ အကြီးဆုံး အဆောက်အအုံတွေ စုနေတဲ့နေရာရယ်။”
သို့သော် စားသောက်ဆိုင်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် စားသောက်ဆိုင် ပတ်ပတ်လည်တွင် ပြည့်နှက်နေသော လူအုပ်ကြီးကို မြင်လိုက်ရသည့်အခါ ခါဆယ်ရ်လည်း စဉ်းစားရတော့သည်။ ဤမျှအထိ လူများ စုဝေးလာလိမ့်မည်ဟု ထင်မထားခဲ့။ မြင်းရထားသွားမည့် လမ်းကြောင်းကို ရှင်းလင်းရန် အချိန် အတော်ယူရမည့်ပုံပင်။
“အရှင်မင်းကြီး။ မဝေးဘူးဆိုရင် လမ်းလျှောက်သွားကြမလားရှင့်။”
ယူဂျင်းက အခြားရွေးချယ်စရာတစ်ခုကို အကြံပြုလိုက်သည်။
“အဆင်ပြေပါ့မလား။”
“ပြေပါတယ်။”
ယူဂျင်းက လူအုပ်ကြီးကြောင့် စိတ်မသက်မသာဖြစ်မလားဟု မေးသည်ထင်ကာ ပြန်ဖြေလိုက်သည်။ သို့သော် ခါဆယ်ရ့်မေးခွန်း၏ အဓိပ္ပာယ်က တခြားစီဖြစ်နေ၏။ မှူးမတ်အနွယ်တော်များက မည်မျှပင် နီးသည့်အကွာအဝေးဖြစ်ပါစေ သွားလာသည့်အခါ မြင်းရထားဖြင့်သာ သွားလာလေ့ရှိကြသည်။ သာမန်ပြည်သူများနှင့် ရောနှောကာ လမ်းလျှောက်ရခြင်းကို သိက္ခာကျသည်ဟု ယူဆကြ၏။
ယူဂျင်းက ဤသို့သောယဉ်ကျေးမှုကို မသိသော်လည်း သိခဲ့လျှင်ပင် ဂရုစိုက်မိမည်မဟုတ်ပေ။
ဘုရင်နှင့်မိဖုရားတို့ စတင်၍ လမ်းလျှောက်ခဲ့ကြသည်။ ဘယ်သူမှ ရုတ်တရက် ဝင်လာ၍မရစေရန် သူတို့နှစ်ဦး၏ ပတ်ပတ်လည်တွင် ကိုယ်ရံတော်များက စက်ဝိုင်းကြီးတစ်ခုသဖွယ် ဝိုင်းရံလိုက်ကြ၏။
လူအုပ်အကြီးကြီး စုရုံးနေသော်လည်း အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ယူဂျင်းလည်း အသံမြှင့်စရာမလိုဘဲ ခါဆယ်ရ်နှင့် လုံလောက်စွာ စကားပြောနိုင်ခဲ့၏။
“အရှင်မင်းကြီးလည်း အမြဲတမ်း ဒီလိုပဲ လူအုပ်ကြီးတရုံးရုံးနဲ့ သွားလာတာလားဟင်။”
“ငါကတော့ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အားလုံးက မင်းကို လာကြည့်ကြတာ။”
“ကျွန်မကိုလား။ ဘာလို့...”
ဖုန်း...
ယူဂျင်း ဆတ်ခနဲ လန့်သွားကာ ခေါင်းကို အလိုအလျောက် အပေါ်မော့ကြည့်လိုက်မိသည်။ အနီရောင် မီးခိုးများ ကောင်းကင်တွင် ပျံ့လွင့်လျက်ရှိနေလေ၏။
~~~~
Miel's Translations