no

Font
Theme

အပိုင်း ၅၂

"အရှင်မင်းကြီး။ အိပ်သွားပြီလားရှင့်။"

"ဟင့်အင်း။"

"နားထောင်လို့ကောင်းမဲ့ အကြောင်းအရာတော့မဟုတ်ပါဘူး။ ကန္တာရထဲကို ထွက်သွားပြီး ပျောက်သွားတဲ့နေ့မှာ ကျွန်မက တစ်ခုခုကို ခိုးသွားတယ်လို့ အရှင်မင်းကြီး ပြောခဲ့တယ်မဟုတ်လားရှင့်။ အဲ့ဒါက ဘာလဲဆိုတာ ပြောပြပေးပါ။"

"...အဲ့ဒါကို ဘာဖြစ်လို့လဲ။"

"ကျွန်မလုပ်ခဲ့တဲ့ကိစ္စဆိုတော့ သိထားသင့်တယ်ထင်လို့ပါ။"

ခါဆယ်ရ်က ပြီးခဲ့ပြီးသား၊ ဆုံးဖြတ်ပြီးသား ကိစ္စကို အစပြန်မဖော်ချင်ပေ။ တိုင်းပြည်ရတနာ အခိုးခံရသည့်အကြောင်း ပြောမည်ဆိုလျှင် ဘဏ္ဍာတိုက်အကြောင်းပါ ထည့်ပြောရပေမည်။ သို့ဆိုလျှင် ယူဂျင်းက ဘဏ္ဍာတိုက်ကို သွားကြည့်ရန် ကျိန်းသေပေါက် ကြိုးစားမည်သာ။

ယူဂျင်း၏ မှတ်ဉာဏ်ကို မလှုံ့ဆော်မိစေရန် ဘဏ္ဍာတိုက်ကို ပိတ်ခိုင်းထား၏။ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း ယူဂျင်း၏ မှတ်ဉာဏ်ပျောက်ဆုံးမှုက လုံးဝ တိုးတက်လာသည့်လက္ခဏာမရှိပေ။ ထို့ကြောင့် စိတ်သက်သာရာရခြင်းထက် ပို၍စိတ်တုံးတုံးမချနိုင် ဖြစ်နေရသည်။

အဆုံးအဖြတ်ပေးနိုင်သည့် အခိုက်အတန့်တစ်ခုကြောင့် ရုတ်တရက် မှတ်ဉာဏ်အားလုံး ပြန်ရလာခြင်းမျိုး ဖြစ်သွားလေမလား။ ဘဏ္ဍာတိုက်က ထိုသို့သော အခိုက်အတန့်မျိုးဖြစ်လာလိမ့်မည်ဟု နိမိတ်မကောင်းသည့်အတွေး ဝင်နေသဖြင့် အမှန်အတိုင်း မပြောချင်ခဲ့။

"အထွေအထူးမဟုတ်ဘူး။"

ယူဂျင်းက ခေါင်းကို ဘေးဘက်သို့လှည့်လိုက်သည်။ မှောင်ရိပ်ထဲတွင် မျက်နှာကြက်ကို ကြည့်နေသည့်ပုံစံနှင့် လှဲနေသော ခါဆယ်ရ်၏မျက်နှာတစ်ခြမ်းကို မြင်လိုက်ရ၏။ ယူဂျင်း သူ့ကို သံသယမျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။ သူက အဖြေကို ရှောင်နေသည်ဟု ခံစားနေရ၏။

"အရှင်မင်းကြီး။ ကျွန်မ အဲ့ဒါက ဘာလဲဆိုတာကို သိရမှဖြစ်ပါမယ်။ မမှတ်မိဘူးဆိုပေမဲ့ ဒါက ကျွန်မကျူးလွန်ခဲ့တဲ့ အမှားပဲလေ။ ပြီးတော့ အဲ့ဒီတုန်းက ကျွန်မကို ဒေါသထွက်ခဲ့တာ သေချာပါတယ်။ ဘာမဟုတ်တဲ့အရာအတွက် ကျွန်မကို အဲ့ဒီလောက်အထိ အပြစ်တင်ခဲ့တယ်လို့ ပြောနေတာလားရှင့်။"

ယူဂျင်းက ဤကိစ္စကို အသာလေး ကျော်သွားပေးမည်မဟုတ်ဟု တွေးလိုက်မိသော ခါဆယ်ရ်က မျက်လုံးဖွင့်ကာ တစ်ချက်စဉ်းစားပြီးနောက် လိမ်ပြောလိုက်သည်။

"ကျောက်မျက်ရတနာ။"

"ကျောက်မျက်ရတနာတဲ့လား။"

"ဘိုးစဉ်ဘောင်ဆက် ရဲတိုက်မှာရှိနေခဲ့တဲ့ လည်ဆွဲ။ မျိုးရိုးစဉ်ဆက် မိဖုရားတွေကို လက်ဆင့်ကမ်းပေးတဲ့ လက်ဝတ်ရတနာလေ။ ထိမ်းမြားမင်္ဂလာပွဲတို့၊ နန်းတက်ပွဲတို့လုပ်ရင် မိဖုရားရဲ့လည်ပင်းမှာ ဆင်မြန်းပေးရတဲ့ အစဉ်အလာရှိတယ်။ တော်ဝင်မိသားစုပိုင်ပစ္စည်းဖြစ်တဲ့အပြင် တော်ဝင်မိသားစုမှာ မိဖုရားကပဲ ဆင်မြန်းခွင့်ရှိတာ။"

ပုံမှန်အားဖြင့် လိမ်ညာခြင်းမျိုး လုပ်လေ့မရှိသော်လည်း လိမ်ညာရန် ရှောင်လွှဲ၍မရသည့်အခါ ခါဆယ်ရ်က ပေါ့ပေါ့တန်တန် ဖန်တီးပြီးမပြောခဲ့။ ပြီးပြည့်စုံသောအလိမ်အညာဟူသည်မှာ အမှန်တရားပေါ် အခြေခံရပေမည်။

သူပြောသည့် အကြောင်းအရာတွင် အမှန်တရားနှင့် အလိမ်အညာက ရောနှောနေ၏။ တကယ်လည်း ထိုသို့သော လည်ဆွဲမျိုးရှိသည်။ သို့သော် ယင်းမှာ အခုလက်ရှိ ဘဏ္ဍာတိုက်ထဲတွင် သေချာ သိမ်းဆည်းထားလျက်ရှိ၏။

ဘယ်သူ့ကိုမှ ဘဏ္ဍာတိုက်အကြောင်း မပြောရန်အမိန့်ပေးထားသဖြင့် ယူဂျင်းက လည်ဆွဲအကြောင်း မာရီအန်းကို မေးခဲ့မည်ဆိုလျှင်ပင် မာရီအန်းက သူ့ဟာနှင့်သူ လိမ္မာပါးနပ်စွာ ဖြေကြားပေလိမ့်မည်။

မရေမရာ မျက်နှာထားနှင့် သူ့စကားများကို နားထောင်နေခဲ့သော ယူဂျင်းက မေးလာသည်။

"လည်ဆွဲက ဘယ်လိုပုံစံမျိုးလဲရှင့်။"

"အရောင် ခုနစ်ရောင်ပါတဲ့စိန်တွေနဲ့ ခြုံလွှာလိုမျိုး ယက်ထားတာ။ မင်းရဲ့ လည်ပင်းတစ်ခုလုံးနီးပါးကို ဖုံးသွားနိုင်လောက်အောင်ပေါ့။"

လည်ဆွဲလေးတစ်ခုလောက်အတွက် ဤမျှအထိ ပြဿနာတက်ရသလားဟု တွေးနေစဉ် ယူဂျင်းတစ်ယောက် အသက်ရှူမှားသွားတော့သည်။ လည်ပင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် စိန်လည်ဆွဲကို စိတ်ကူးကြည့်လိုက်၏။

စိန်တွေ ဒါဇင်ပေါင်းများစွာ... ဟင့်အင်း...ရာနဲ့ချီ၍ ရှိပေလိမ့်မည်။ ထို့အပြင် မဟာတွင် အရောင်အသွေးတောက်ပသော ကျောက်မျက်ရတနာများက ရှားပါးပြီး တန်ဖိုးကြီး၏။

ထိုလည်ဆွဲ၏ တန်ဖိုးက မည်မျှရှိမည်မှန်း မမှန်းဆနိုင်ပေ။ တော်ဝင်မျိုးရိုး ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် သမိုင်းဝင်အဓိပ္ပာယ်မျိုး ပါရှိနေသဖြင့် တန်ဖိုးဖြတ်၍ ရနိုင်မည်မဟုတ်။

"ဒါက 'ဘာမဟုတ်တဲ့ကိစ္စ' မဟုတ်ဘူးလေ။"

ယူဂျင်းက အားမပါသည့်အသံလေးနှင့် ရေရွတ်လိုက်သည်။

"တောင်းပန်ပါတယ် အရှင်မင်းကြီး။ အဲ့ဒါ ဘယ်နားမှာမှန်း ကျွန်မလည်း မမှတ်မိတော့ပါဘူး။"

"ပြီးသွားတဲ့ ကိစ္စပဲ။"

"ဘယ်လိုလုပ် ပြီးသွားတဲ့ကိစ္စလိုမျိုး သတ်မှတ်လို့ရမှာလဲရှင့်။ ဒီလောက်တောင် အဖိုးတန်တဲ့ ရတနာကို ကိုယ့်သဘောနဲ့ကိုယ် ယူသွားလိုက်ပြီး ပျောက်သွားခဲ့တာလေ။ ...ဒါပေမဲ့ ကျွန်မမှာ ပြန်ပြီးဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းလည်းမရှိဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်ငွေတွေအားလုံးကို ပေးလိုက်မယ်ဆိုရင် နည်းနည်းလောက်တော့...ဟား... လုံးဝ ဘယ်လုံလောက်ပါ့မလဲ။"

တရစပ် ရေရွတ်နေသော ယူဂျင်း၏ အားမရှိသည့်အသံကို နားထောင်ရင်း ခါဆယ်ရ်တစ်ယောက် မျက်လုံးများကိုသာ လှိမ့်နေလိုက်သည်။ ယူဂျင်းကို အပြစ်ရှိသလို ခံစားရစေရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် ယူဂျင်းကို သနားနေရာမှ ကိုယ်ပိုင်ငွေများကို အကုန်သုံးလိုက်မည်ဟူသည့် သူ့အတွေးကြားရတော့ ရယ်သံကို ထိန်းချုပ်ထားလိုက်ရ၏။

"ဧကန္တ အဲ့ဒီလည်ဆွဲမှာ လက်ဆင့်ကမ်းလာခဲ့တဲ့ ထူးထူးခြားခြား နောက်ခံဇာတ်ကြောင်းတစ်ခုခုများ ရှိနေတာလားဟင်။ ရိုးရိုးလည်ဆွဲဆိုတာထက် ထူးခြားတဲ့ အစွမ်းတစ်ခုခု ရှိနေတာမျိုးလေ။"

"ကျောက်မျက်ရတနာက ကျောက်မျက်ရတနာပဲပေါ့။"

ယူဂျင်း သက်ပြင်းချလိုက်သည်။

"တကယ် တောင်းပန်ပါတယ်။"

"ပြီးသွားတဲ့ကိစ္စလို့ ပြောနေတာကို စိတ်ထဲထားမနေနဲ့။"

"မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းရမယ်လို့ အရှင်မင်းကြီးပဲ ပြောခဲ့တယ်လေ။ နောက်မျိုးဆက်ရဲ့ မိဖုရားကို ပေးရမှာမဟုတ်လားရှင့်။"

"အခုအထိ မွေးတောင်မမွေးသေးတဲ့ ကလေးရဲ့ မိဖုရားလား။ အဲ့ဒါက ဘယ်တော့မှန်း သိလို့လား။"

ယူဂျင်းတစ်ယောက် ကိုယ်တိုင်တောင်မသိလိုက်ဘဲ သူ့ဗိုက်လေးသူ အသာလေး ထိလိုက်မိသည်။ ကလေးလေး မွေးလာပြီး ကောင်း​စွာကြီးပြင်းလာသည့် ထိုကလေးက ဇနီးနှင့်တွေ့ဆုံလက်ထပ်သည့် ထိုသို့သော အနာဂတ်မျိုး တကယ် ရောက်လာနိုင်ပါ့မလား။ ယင်းကမှ ဝတ္ထုထဲက အကြောင်းအရာတစ်ခုလိုပင်။

"ငါ့ဘာသာ ကြည့်ကြပ်ဖြေရှင်းလိုက်မှာမို့လို့ မင်းက မေ့ထားလိုက်တော့။"

ယခု ပြောလိုက်သည့်စကားက သူ၏စိတ်ရင်းအမှန်ပင်။ ခါဆယ်ရ်က တိုင်းပြည်ရတနာ ပျောက်ဆုံးသွားသည့်ကိစ္စကို ဒီအတိုင်းပဲ ဖုံးဖိလိုက်ရန် တွေးထားခဲ့သည်။ အားလုံးသိကြသည့် တိုင်းပြည်ရတနာမဟုတ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ လိုအပ်သဖြင့် အချိန်ကြာပေလိမ့်မည်။

အကောင်းအတိုင်းရှိနေသည့် လည်ဆွဲကို ပျောက်သွားပြီဟု ယူဂျင်းအား ဆက်လိမ်ရန် တွေးထားသည်တော့မဟုတ်။ အချိန်လိုအပ်ပေသည်။

"ဒီလောက်နဲ့ အိပ်တော့။ မနက်ဖြန်လည်း မင်းမှာ လုပ်စရာတွေ အများကြီးရှိတယ်မဟုတ်လား။"

"ဟုတ်ကဲ့...."

ယူဂျင်းက မှောင်ရိပ်ထဲတွင် သူ့ကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ သူ လုပ်ခဲ့ခြင်းမဟုတ်သော်လည်း ဤမဟာတွင် ဤခန္ဓာကိုယ်နှင့်နေထိုင်သွားရန် ဆုံးဖြတ်ပြီးကတည်းက သူကျူးလွန်ခဲ့သည့် အရာများကို ရှောင်လွှဲ၍မရတော့ပေ။

ခါဆယ်ရ်က ရှင်းလင်းပြတ်သားစွာ ဘာမှမဖြစ်ခဲ့သလို နေခိုင်းသည့်အတွက် ကျေးဇူးတင်မိသည်။ သူက တာဝန်မယူခိုင်းရန် ယခင်ကတည်းက ဆုံးဖြတ်ထားခဲ့ပုံပင်။ ထို့ကြောင့် ယူဂျင်း မပြောခင်အထိ အခိုးခံရသည့်ပစ္စည်းအကြောင်း ဘာတစ်ခုမှ စကားမစခဲ့ခြင်းဖြစ်၏။

'လည်ဆွဲ...'

ထင်ထားသည်နှင့် လုံးဝကွဲပြားသည့်အရာပင်။

ယူဂျင်းက ဧကန္တ ဂျင် မရဏဘုရင်နှင့် လက်ထပ်ခဲ့ရသည့် အကြောင်းရင်းမှာ ကန္တာရထဲသို့ ယူသွားခဲ့သော ပစ္စည်းအတွက်များလားဟု သံသယဝင်ခဲ့၏။

သို့သော် ထိုပစ္စည်းသာ ရိုးရိုးကျောက်မျက်ရတနာတစ်ခုပဲဆိုလျှင် မည်မျှပင် တန်ဖိုးကြီးပြီး သမိုင်းဝင်အဓိပ္ပာယ်ရှိနေပါစေ၊ နောက်ဆုံးတော့ ထိုပစ္စည်း၏တန်ဖိုးက ငွေကြေးအဖြစ် ပြောင်းလဲနိုင်သည့်တန်ဖိုးဖြစ်ပေမည်။

'ငါ အတွေးလွန်သွားတာပဲ။ ဂျင်က အဲ့ဒီလည်ဆွဲကို ဘာလို့ ယူသွားခဲ့တာလဲ။ ဘာသာရေးအစွန်းရောက်ဂိုဏ်းကို ထောက်ပံ့မဲ့ ရန်ပုံငွေအတွက် သုံးဖို့လား။'

လည်ဆွဲတစ်ခုလုံးကို ရောင်းဝယ်ရန် ခက်ခဲသော်လည်း အစိတ်အပိုင်းလေးများခွဲပြီး ကျောက်မျက်များကိုသာ ရောင်းမည်ဆိုလျှင် အလွယ်တကူ ရောင်းနိုင်ပေမည်။

ဘာသာရေးအစွန်းရောက်ဂိုဏ်းအတွက် ငွေအမြောက်အမြားသုံးခဲ့သည့် ဂျင်၏ အတိတ်လုပ်ရပ်များကို ကြည့်လိုက်တော့ ဤသည်က လုံလောက်သော လှုံ့ဆော်မှုဖြစ်နိုင်သည်ဟု တွေးမိသော်လည်း ငွေလိုအပ်၍ ခိုးယူသည်ဟူသောအချက်က ဂျင်၏လုပ်ရပ်များနှင့်ယှဉ်လျှင် အင်မတန်ရိုးရှင်းလွန်းသည်ဟုလည်း သံသယဝင်မိရပြန်၏။

~~~~

အတွေးတစ်ခုမှ နောက်တစ်ခုသို့ ဆက်တွေးနေရင်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည့် ယူဂျင်းတစ်ယောက် ရေသံကိုကြားပြီး မျက်လုံးဖွင့်လိုက်သည်။

သူက မျက်လုံးကို ခပ်ကျယ်ကျယ်ဖွင့်လိုက်ရာမှ ပြန်မှိတ်ခဲ့၏။ အစက်အပျောက်တစ်ခုပင်မရှိအောင် သူ့ကို လွှမ်းမိုးထားသည့် အပြာရောင်ကောင်းကင်ကို မြင်နေရသည်။ ရေပြင်ပေါ်တွင်ရှိနေသော သူ့ခန္ဓာကိုယ်က ပေါ့ပေါ့ပါးပါး လှုပ်ရှားနေ၏။ ယူဂျင်းက ခြေထောက်ကို အပေါ်သို့ နည်းနည်းမြှောက်လိုက်ပြီး ပြန်ချလိုက်သည်။

ဗလွမ်း...

ထိုအတိုင်း အကြိမ်အနည်းငယ်လောက် ထပ်လုပ်ပြီး ရေပက်ကစားသလို ခြေထောက်နှစ်ဖက်ကို လှုပ်ခတ်နေခဲ့သည်။

ဗလွမ်း...ဗလွမ်း....​ဗလွမ်း...

ရေသံကြားနေရသော်လည်း ရေကိုထိတွေ့ရသည့် ခံစားချက်တော့မရှိပေ။

ယူဂျင်းက ဖြည်းဖြည်းချင်းထထိုင်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက်က မြင်ခဲ့ရ​သောမြင်ကွင်းနှင့် အတူတူပင်။ အဝေးကြီးတွင် ကောင်းကင်နှင့်ထိစပ်နေသော ရေပြင်ကို မြင်နေရ၏။

ဤသည်မှာ အိပ်မက်ဖြစ်ကြောင်းသိနေပြီး ပထမဆုံးအကြိမ်လည်းမဟုတ်သဖြင့် ပြီးခဲ့သည့်တစ်ခေါက်တုန်းကနှင့်မတူဘဲ ယူဂျင်း တည်ငြိမ်နေသည်။

သူက ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်လိုက်၏။ အိပ်ရာမဝင်ခင်က ဝတ်ခဲ့သော ပေါ့ပါးသည့် ညဝတ်ဂါဝန်ကို ဝတ်ထားသည်။ ယူဂျင်းက ကိုယ်ကိုအနည်းငယ်ကိုင်းကာ ရေပြင်တွင်ပေါ်နေသော ပုံရိပ်ကို စစ်ဆေးကြည့်လိုက်၏။ လက်ရှိ ယူဂျင်းမဟုတ်ဘဲ ဂျင် အာနီခါ ဖြစ်နေသည်။

"အိပ်မက်ထဲမှာ ငါက အခု ဒီပုံစံနဲ့ ရှိနေတာပဲ။"

ယူဂျင်းက ထိုင်နေသည့်ရေပြင်အောက်သို့ လက်ကို နှစ်လိုက်သည်။ ထင်သည့်အတိုင်း လက်က ရေထဲသို့ အလွယ်တကူ ဝင်သွားသည်ကို ထူးဆန်းသည်ဟု မခံစားရပေ။ သို့သော် ရေကို ထိတွေ့ရသည့် ခံစားမှုမျိုးမရှိခဲ့။

ယူဂျင်း ထရပ်လိုက်သည်။ သူ့ခြေထောက်အောက်ကို ကြည့်လိုက်တော့ ခြေချင်းဝတ်အထိ ရေတွေ ဝင်နေသည်ကို တွေ့ရ၏။ ခေါင်းကို ပြန်မော့ကာ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ရေနှင့် ကောင်းကင်မှလွဲ၍ ဘာကိုမှမမြင်ရပေ။

'ဒါက တကယ်ပဲ ငါကိုယ်တိုင် ဖန်တီးထားတာလား။'

ရေပေါ်တွင် လမ်းစလျှောက်လိုက်တော့ မြေကြီးပေါ်တွင် လျှောက်နေရသလို ခံစားချက်မျိုးဖြစ်နေသော်လည်း လျှောက်လိုက်တိုင်း ရေလှုပ်ခတ်သွားသံ ကြားနေရသည်က ထူးဆန်းနေ၏။

ပတ်ပတ်လည်ကို ဝေ့ဝဲစနည်းနာရင်း ကောင်းကင်ကို ကြည့်လိုက်သည်။ အပြာရောင်ကောင်းကင်ကို ရှင်းရှင်းလင်းလင်း မြင်သာလောက်အောင် နေ့ခင်းဘက်ဖြစ်နေသော်လည်း နေကိုတော့ ဘယ်မှာမှ မမြင်ရချေ။

ပြီးခဲ့သည့်တစ်ခေါက်တုန်းကနှင့်မတူဘဲ ယခုအိပ်မက်က တော်တော်လေး ရှည်ကြာနေ၏။ အချိန်အတော်ကြာအောင် လျှောက်နေသော်လည်း ပတ်ဝန်းကျင်ရှုခင်းက ပြောင်းမသွားခဲ့။

'ဒီနေရာက ရေကန်ဆိုရင်တော့ ကန်စပ်ကို မြင်ရမှာပဲ...'

ဘာမှမရှိသည့်ရှုခင်းကို တဖြည်းဖြည်း ငြီးငွေ့လာသည်။ ယူဂျင်း တစ်ချက်ရပ်ပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ ရေက သူ၏ခြေချင်းဝတ်အနားတွင် လှုပ်ခတ်နေဆဲပင်။

'ဒီလောက်အထိ ရေတိမ်တဲ့ရေကန်မျိုး ရှိလို့လား။'

ယူဂျင်းတစ်ယောက် ခဏလောက်ကြည့်နေရာမှ ထူးဆန်းသည့်အချက်တစ်ခုကို တွေ့သွားသည်။ ထိတွေ့ခံစားမှုမရှိသဖြင့် ဘယ်နေရာကို နင်းမိနေမှန်း သတိမထားမိခဲ့။

ခြေချင်းဝတ်အထိနက်သည့် ရေဆိုလျှင် ခြေဖဝါးနှင့်ထိသည့်နေရာတွင် အောက်ခံတစ်ခုခု ရှိနေရပေမည်။ သို့သော် မျက်စိနှင့်ကြည့်လိုက်တော့ အောက်ခြေကို မမြင်ရပေ။ အောက်ဘက်တွင် ပိုပြီးနက်ရှိုင်းသည့်အပြာရောင်ရှိကာ မှောင်မိုက်နေ၏။

ယူဂျင်းက အောက်ဘက်ကို ပိုပြီးအသေးစိတ်ကျကျမြင်ရစေရန် ထိုင်ချကာ မျက်နှာကို ရေပြင်နှင့်နီးအောင် ကပ်လိုက်သည်။ မျက်လုံးများကို တစ်ချက်မှိတ်ပြီး ပြန်ဖွင့်လိုက်တော့ မျက်နှာကြက်ကို မြင်လိုက်ရ၏။

'ဟင်'

ယူဂျင်း ခေါင်းကို ဘယ်ညာ လှည့်ကြည့်လိုက်သည်။ အိပ်ခန်းထဲမှ အိပ်ရာပေါ်တွင် လှဲအိပ်နေသည်ကို တွေ့လိုက်ရ၏။ အပြင်မှ နေရောင်ခြည် ဝင်လာပြီဖြစ်သဖြင့် အိပ်ခန်းက လင်းနေပေပြီ။

'တကယ် ထူးဆန်းတဲ့ အိပ်မက်ပဲ။ နိုးလာတဲ့ပုံစံကလည်း ထူးဆန်းတယ်။'

ယူဂျင်း ခေါင်းလေးငဲ့ကာ စဉ်းစားလိုက်သည်။ အိပ်မက်က ဆက်သွားသည့်အတွက် ပုံမှန်အိပ်မက်တော့ မဟုတ်ပေ။ အိပ်မက်ထဲတွင် အသိစိတ်ရှိနေသော အိပ်မက်မျိုးဖြစ်နိုင်သည်ဟုတွေးခဲ့သော်လည်း အတပ်မပြောနိုင်။ ခါဆယ်ရ်ပြောပြခဲ့သော ရှင်းပြချက်များနှင့် လုံးဝကိုက်ညီခြင်းမရှိခဲ့။

ဧကန္တများဆိုပြီး ယူဂျင်းလည်း မျက်လုံးများမှိတ်ကာ သူ၏အတွင်းစိတ်ကို အာရုံစိုက်လိုက်သည်။ ရှိ၊ မရှိပင် မသိရသည့် တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားခဲ့၏။ မျက်မှောင်ကြုတ်ပြီး အာရုံစိုက်ရန် ကြိုးစားနေရာမှ မျက်လုံးဖွင့်လိုက်သည်။ ယခုအထိလည်း ဘာကိုမှ မခံစားရသေးပေ။

'နောက်တစ်ခါ အိပ်မက်မက်ရင်တော့ ပိုပြီး သေသေချာချာလေး စူးစမ်းကြည့်ရမယ်။'

ယူဂျင်းလည်း ယနေ့တစ်နေ့တာကို စတင်ရန် ရံရွေတော်ကို ခေါ်လိုက်တော့သည်။

~~~~

အပါးတော်မြဲအကြီးအမှူးက ဘုရင်မင်းမြတ်ကို လျှောက်တင်ခဲ့သည်။

"အရှင်မင်းကြီး။ ဆင့်ခေါ်ထားတဲ့ ဘယ်ရွန် ဝေးဇ် ရောက်လာပါပြီ။"

စာရွက်စာတမ်းပေါ်တွင် တံဆိပ်တုံးခတ်နှိပ်ပြီးသွားသည့် ခါဆယ်ရ်က ခေါင်းမော့လိုက်သည်။

"ဝင်လာစေ။ နှစ်ယောက်တည်း သီးသန့်စကားပြောမှာမို့လို့ အကုန်လုံး ထွက်သွားကြ။"

"အမိန့်တော်အတိုင်းပါ။"

ရုံးခန်းထဲရှိ အပါးတော်မြဲအားလုံး ထွက်သွားပြီး ခဏအကြာတွင် မာရီအန်း ဝင်လာသည်။ ခါဆယ်ရ်က ဂါရဝပြုနေသည့် မာရီအန်းကိုကြည့်ရင်း နေရာမှ ထရပ်လိုက်၏။ သူက စားပွဲရှေ့မှ ထွက်ကာ ဆိုဖာဆီ သွားထိုင်ခဲ့သည်။

"ဒီကိုလာ ထိုင်။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။"

နေရာရွှေ့လိုက်ခြင်းက စကားပြောတာကြာမည်ဟူသည့် သဘောဖြစ်သဖြင့် မာရီအန်းလည်း အနည်းငယ် တောင့်တင်းသွားသည်။ ယခုတလော ဘုရင်မင်းမြတ်က သူ့ကို ဆင့်ခေါ်ခြင်းမရှိသဖြင့် နှစ်ယောက်တည်း စကားမပြောရသည်မှာ အတော်လေး ကြာခဲ့ပေပြီ။

"မာရီအန်း။ ကျုပ်ကို မပြောပြထားတာ ရှိသလား။"

"ဘာကိုပြောချင်မှန်း မသိပါဘူး၊ အရှင်မင်းကြီး။"

"မိဖုရားရဲ့ မှတ်ဉာဏ်နဲ့ပတ်သက်ပြီးတော့။"

"အရှင်မင်းကြီး။ ဘာတစ်ခုကိုမှ အရှင်မင်းကြီးဆီကနေ ဖုံးကွယ်ထားတာမျိုး မရှိပါဘူး။"

"မိဖုရားက မှတ်ဉာဏ်ပြန်ရတာမျိုး လုံးဝမရှိဘူးလား။ အသေးအဖွဲလေး တစ်ခုတလေဖြစ်ဖြစ်လေ။"

"ကျွန်မ သိရသလောက်တော့ မရှိပါဘူးရှင့်။ အရှင်မိဖုရားက မပြောရင် ကျွန်မအနေနဲ့ ဘယ်လိုမှ သိနိုင်မှာမဟုတ်ပေမဲ့ ကျွန်မ မြင်နေရတဲ့ အရှင်မိဖုရားကတော့ ဘာတစ်ခုမှ ပြောင်းလဲသွားတာမျိုး မရှိပါဘူး။"

မာရီအန်းက နှုတ်ဆိတ်နေသည့် ဘုရင်၏မျက်နှာထားကို သတိထားပြီး အကဲခတ်လိုက်သည်။

"ဘာများဖြစ်ခဲ့လို့ပါလဲ။"

"မိဖုရား မနေ့က ဘဏ်မန်နေဂျာနဲ့ တွေ့ခဲ့တယ်ဆို။"

"ဟုတ်ပါတယ်။ ကိုယ်ပိုင်ငွေတွေ ရှိတယ်ဆိုတာကို မမှတ်မိဘဲ ကျွန်မ ပြောပြလိုက်မှ သိသွားပြီး အတည်ပြုချင်လို့ တွေ့ခဲ့တာပါ။"

"အဲ့ဒါအပြင်ရော။ တခြား အထွေအထူး ကိစ္စတွေ မရှိဘူးလား။"

"ကေ့ဂ်ျဆိုတဲ့ သတင်းအချက်အလက် ပွဲစားတစ်ယောက် လာတွေ့ခဲ့ပါတယ်။ အထိန်းတော်ချုပ်ရဲ့ စကားအရတော့ အဲ့ဒီလူက အရှင်မိဖုရားကို မကြာခဏ လာတွေ့ခဲ့တဲ့သူလို့ သိရပါတယ်ရှင့်။ အဲ့ဒီလူကို တွေ့ပြီးနောက်မှာလည်း အရှင်မိဖုရားက ဘာမှပြန်မမှတ်မိသေးဘူးလို့ ပြောပါတယ်။"

မာရီအန်းက မိဖုရား၏ နေ့စဉ်ဘဝအကြောင်းများကို ဘုရင်မင်းမြတ်ထံ အကုန်လျှောက်တင်ခြင်းမရှိ။ ဘုရင်မင်းမြတ်ကလည်း ထိုသို့သောအရာကို တောင်းဆိုခြင်းမရှိပေ။ မိဖုရားကို စောင့်ကြည့်သူလုပ်ရန် လိုအပ်သည်ဆိုလျှင်တော့ မာရီအန်းက ရဲတိုက်သို့ နဂိုကတည်းက ပြန်လာခဲ့မည်မဟုတ်။

မာရီအန်းက မိဖုရားကို ကူညီချင်ရုံသက်သက်သာ။ ထို့အပြင် ဇနီးမောင်နှံနှစ်ဦးကြားမှ ဆက်ဆံရေးကို ပို၍နီးစပ်လာအောင် ကြားခံလူအနေနှင့် ဆောင်ရွက်ပေးလိုသော ဆန္ဒလည်းရှိ၏။

ဘုရင်မင်းမြတ်နှင့် မာရီအန်းကြားတွင် သဘောတူထားသည့်အရာကား မိဖုရား၏မှတ်ဉာဏ်ပျောက်ဆုံးမှုကိစ္စပင်။ မိဖုရားတွင် မှတ်ဉာဏ်ပြန်ရသည့် လက္ခဏာတစ်ခုခု ပေါ်လာလျှင်တော့ ဘုရင်မင်းမြတ်ကို အသိပေးရပေလိမ့်မည်။

"အရှင်မင်းကြီး။"

မာရီအန်းက ဘုရင်၏ အလုပ်အကျွေးအမှုထမ်းအဖြစ်မဟုတ်ဘဲ ဘုရင့်နို့ထိန်းအနေနှင့် အခြားသူများ မလုပ်နိုင်သည့် အကြံပေးခြင်းကိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

"အရှင်မိဖုရားရဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှုက လူရဲ့အင်အားနဲ့ ဘယ်လိုမှကိုင်တွယ်လို့မရနိုင်တဲ့အရာပါ။ နေ့ချင်းညချင်း မှတ်ဉာဏ်တွေ ပြန်ရလာနိုင်တာလည်း ရှိပါတယ်။ ဘယ်အချိန်အထိ စိုးရိမ်ပူပန်နေမှာပါလဲ။ တခြားနည်းလမ်းတွေသုံးပြီး အရှင်မိဖုရားနဲ့ ဆက်ဆံရေးပိုကောင်းအောင် ကြိုးစားသင့်တာပါ။ ညဘက်မှ အိပ်ခန်းကိုပဲ လာတာမျိုးမဟုတ်ဘဲ အတူတူ စားသောက်တာ၊ အချိန်ယူပြီး လမ်းလျှောက်တာမျိုးလည်း လုပ်သင့်ပါတယ်။ လူနဲ့လူကြားက ဆက်ဆံရေးဆိုတာ အလွယ်တကူ ဖြစ်လာတဲ့အရာ မဟုတ်ပါဘူး။"

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment