no

Font
Theme

အပိုင်း ၈၈

စကားပြောပြီးနောက် မာရီအန်းက ဦးညွှတ်လိုက်သည်။

“ကျဉ်းမြောင်းတဲ့အမြင်နဲ့ အရှင်မိဖုရားကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်။”

ယူဂျင်းက မာရီအန်းကို ကြည့်ရင်း နှုတ်ခမ်းလှုပ်ရုံသာလှုပ်နိုင်ကာ ဘာစကားမှ မပြောနိုင်ခဲ့ပေ။ မာရီအန်းက အထင်လွဲစရာရှိပြီး ထိလွယ်ရှလွယ်နိုင်သည့် စကားကို ပြောခဲ့ခြင်းပင်။ ဘုရင်မင်းမြတ်နှင့် မိဖုရားကြားတွင် သပ်လျှိုသွေးခွဲရန် ကြံစည်နေသည်ဟု အထင်ခံရနိုင်ခြေရှိ၏။

အတွေ့အကြုံများပြီး သတိကြီးသည့် မာရီအန်းက ထိုအချက်ကို မသိဘဲနေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် အန္တရာယ်ကို စွန့်စားပြီး တမင်ထုတ်ပြောခဲ့သည့် စိတ်မသက်မသာဖြစ်စရာစကားက စိတ်ရင်းအမှန်ဖြင့် အကြံပေးခြင်းသာဖြစ်ပေလိမ့်မည်။ မာရီအန်းကို ယုံကြည်သော်လည်း ယူဂျင်းတစ်ယောက် ရင်ထဲတွင် မွန်းကျပ်သွားရ၏။

“……ဘာပြောချင်မှန်း ကျွန်မ နားလည်ပါတယ်။”

ထိုလူက ထိုမျှအထိ သဘောထားသေးသိမ်သည့် လူစားမျိုးမဟုတ်ဘူးဟု ပြန်လည်ချေပလိုသည်။ သို့သော် စိတ်ထဲရှိ တစ်နေရာမှ ‘သူ့ကိုသိတာ နှစ်လတောင်မပြည့်သေးဘဲနဲ့ နင်က သူ့အကြောင်း ဘယ်လောက်များ သိမှာမို့လို့လဲ’ ဟူသော ခနဲ့တဲ့တဲ့ရေရွတ်သံကို တစ်စွန်းတစ်စကို ကြားယောင်လိုက်ရ၏။

မာရီအန်းကား ငယ်စဉ်ကတည်းက ဘုရင်မင်းမြတ်ကို စောင့်ရှောက်ခဲ့သည့် သူ၏အထိန်းတော်ပင်။ ယူဂျင်းထက်ပို၍ ထိုလူ၏ ပုံစံအမျိုးမျိုးကို အများကြီး မြင်ဖူးပေလိမ့်မည်။

“အခုတလော မာရီအန်းရဲ့အမြင်မှာ စိုးရိမ်စရာကိစ္စတစ်ခုခုများ ရှိနေလို့လားဟင်။”

“အရှင်မိဖုရားက အလုပ်တွေကို စပြီးဆောင်ရွက်နေရပါပြီ။ အရင်ကနဲ့မတူတော့ဘဲ လူအမျိုးမျိုးနဲ့ တွေ့ဆုံရမှာဖြစ်လို့ အဲ့ဒီထဲမှာ ကောက်ကျစ်တဲ့သူတချို့က အရှင်မိဖုရားရဲ့ ကောင်းမွန်တဲ့စေတနာကို အသုံးချဖို့ ကြိုးစားကြပါလိမ့်မယ်။”

“ကျွန်မဘက်က အရှိန်လျှော့လိုက်တာ ပိုကောင်းမယ်လို့ ထင်နေတာလား။”

မာရီအန်းက မဝံ့မရဲဖြစ်နေသည့် မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

“မဟုတ်ရပါဘူး။ ကျွန်မက ဘယ်လိုများ အရှင်မိဖုရားရဲ့လုပ်ဆောင်ချက်တွေကို ဝင်စွက်ဖက်နိုင်မှာပါလဲ။ အရေးမပါတဲ့ အမယ်အိုရဲ့ စိုးရိမ်စိတ်ကို နားထောင်ပေးတာနဲ့တင် ကျွန်မအတွက် လုံလောက်တာထက်ကို ပိုနေပါပြီ။ ဒီထက်ပိုပြီး ဘာမှမမျှော်လင့်ပါဘူး။”

ယူဂျင်းတစ်ယောက် ရုတ်တရက် ရေခဲရေနှင့် အလောင်းခံရသလို ခံစားလိုက်ရကာ ချက်ချင်း သတိဝင်လာခဲ့သည်။ မာရီအန်း၏ အကြံဉာဏ်ကို နားထောင်သင့်သလား၊ မသင့်ဘူးလားဟူသည့်အချက်အား ဘေးဖယ်ထားလိုက်လျှင်ပင် ယခုတလော စိတ်လှုပ်ရှား​တက်ကြွနေခဲ့သည့် ကိုယ့်အခြေအနေကိုယ် ပြန်သုံးသပ်ကြည့်ရန်အတွက် အထောက်အကူဖြစ်ခဲ့၏။

“မာရီအန်းရဲ့စကားကို ကြားပြီးမှပဲ ကျွန်မ သေချာပြန်စဉ်းစားရမဲ့ ကိစ္စတချို့ရှိနေတာကို သတိရသွားတော့တယ်။”

“အနှောင့်အယှက်မဖြစ်စေဖို့အတွက် ကျွန်မလည်း သွားလိုက်ပါဦးမယ်။”

မာရီအန်းထွက်သွားပြီးနောက် တစ်ယောက်တည်းကျန်ခဲ့သော ယူဂျင်းက သက်ပြင်းချလိုက်ကာ ညည်းညူသလို ရေရွတ်လိုက်သည်။

“ငါက အဲ့ဒီလောက်အထိ အဖြူထည်လေးလည်း မဟုတ်တာကို…”

ဤကမ္ဘာတွင် ရှင်သန်နိုင်ရေးအတွက် မည်မျှအထိ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ရသလဲ။ မကြာသေးခင်ကအထိ မိမိကိုယ်မိမိ လည်လည်ဝယ်ဝယ်ရှိသည်ဟု တွေးမိသည့် အဖြစ်တစ်ခုရှိပေသည်။

မရဏဘုရင်ကို ရိုဒရစ်ဂ်၏ သတင်းပေးများဖြစ်သည့် အယ်လီနှင့် မော်လီအကြောင်း ပြောပြစဉ်က ပေါ်ပီအကြောင်းကိုတော့ ချန်လှပ်ထားခဲ့ခြင်းပင်။ ပေါ်ပီကို သေလမ်းဆီ တွန်းပို့ခဲ့သည့် ဂျင်၏ ကြောက်မက်ဖွယ်အမိန့်ကိုသာ ခါဆယ်ရ်အား ပြောပြလိုက်လျှင် ခါဆယ်ရ်က သူ့ကို ကြောက်စရာကောင်းသည့်သူအဖြစ် ထင်သွားလိမ့်မည်ဟု တွေးခဲ့မိ၏။

ယူဂျင်းက မိမိကိုယ်မိမိ အရာရာကို အတ္တကြီးစွာ ကိုင်တွယ်ခဲ့သည်ဟု တွေးလိုက်သည်။ မှတ်ဉာဏ်မရှိတော့ဘူးဟူသော အကြောင်းပြချက်ဖြင့် ဂျင်လုပ်ခဲ့သည့် လုပ်ရပ်များကို တစ်ခုချင်းစီ ပြန်သုံးသပ်နေခဲ့သည် မဟုတ်ပါလား။

သို့သော် မာရီအန်းက သူ့အား မည်သည့်ရှုထောင့်မှကြည့်ကာ အဖြူထည် ကလေးတစ်ယောက်အဖြစ် မြင်နေမှန်းကို နားလည်နိုင်သလိုရှိလာရ၏။

‘အာဏာတဲ့လား...’

ယူဂျင်း ယခင်ကကြည့်ဖူးခဲ့သည့် ရာဇဝင်ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များထဲတွင် ဘုရင်နှင့် မိဖုရားက အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်ကြကာ အချို့သောအချိန်များတွင် အပြန်အလှန် အသုံးချကြ၏။ ခဏတာ တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာ ချစ်ကြပြီးနောက် ရုတ်တရက် ပြောင်းလဲသွားကာ တစ်ယောက်ကျောတစ်ယောက် ဓားနှင့်ထိုးကြသည့် အဖြစ်များက ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ။

သူတို့က ဇနီးမောင်နှံဖြစ်လင့်ကစား တစ်ဖက်ကလည်း တစ်ယောက်အာဏာ တစ်ယောက် လုယူလိုကြသည့် ပြိုင်ဘက်များဖြစ်နေသောကြောင့်ပင်။ အရာအားလုံးကို ပိုင်ဆိုင်ထားသူများအကြားတွင် စစ်မှန်သော ယုံကြည်မှုဟူ၍မရှိခဲ့ပေ။

ကိုယ့်ကိုယ်ကိုယ်နှင့် မရဏဘုရင်အား ထိုသို့သော ဆက်ဆံရေးမျိုးတွင် အစားထိုးကြည့်လိုက်သည့်အခါ ယူဂျင်းတစ်ယောက် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရ၏။

ယူဂျင်းက ဖြူစင်ရိုးအသည့် မိန်းကလေးတစ်ယောက် ဘုရင်၏ချစ်ခင်မှုကိုရရှိကာ အာဏာတည်းဟူသော မကောင်းဆိုးဝါး၏ အစားမခံရစေရေးအတွက် ကိုယ်တိုင် မကောင်းဆိုးဝါးဖြစ်သွားရသည့် ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းတစ်ပုဒ်ကို ပြန်တွေးရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။

‘ငါလည်း တစ်နေ့နေ့မှာ ပြောင်းလဲသွားမှာလား။’

မကောင်းဆိုးဝါး မဖြစ်လိုပေ။ သို့သော် မည်သူကမျှ မကောင်းဆိုးဝါးဖြစ်ချင်၍ ဖြစ်လာခဲ့ခြင်းတော့ မဟုတ်။

~~~~

နေဝင်ပြီးနောက်တွင် မော်လီက ရဲတိုက်မှ ထွက်ခွာလာခဲ့သည်။ အဝင်အထွက်ကို စီမံခန့်ခွဲနေသော ရဲတိုက်စောင့်တပ်သားက မော်လီပြလိုက်သော ခွင့်ပြုကြောင်းလက်မှတ်ကို စစ်ဆေးပြီးနောက် ပြောခဲ့၏။

“မနက်ဖြန် မနက်ပိုင်းအတွင်း ပြန်ရောက်ရမယ်။ နေ့လယ်ကျော်သွားရင် ဒီခွင့်ပြုချက်လက်မှတ်နဲ့ ရဲတိုက်ထဲ ဝင်လို့မရတော့ဘူး။”

“ဟုတ်ကဲ့၊ သိပါတယ်ရှင့်။”

အစောင့်တပ်သားက ခွင့်ပြုချက်လက်မှတ်ကို မော်လီထံ ပြန်ပေးရင်း မော်လီ၏နောက်ဘက်သို့ လှမ်းပြောလိုက်သည်။

“နောက်တစ်ယောက်။”

မော်လီအပြင် အပြင်ထွက်သူများ အများအပြားရှိနေသေး၏။ ရဲတိုက်အမှုထမ်းများက ပုံမှန်အားဖြင့် ခွင့်ပြုချက်လက်မှတ်ရယူကာ အပြင်ထွက်ခွင့်ရှိပေသည်။

မော်လီက ပခုံးပေါ်တွင်ခြုံထားသော ဝတ်ရုံ၏ ခေါင်းစွပ်ကိုဆောင်းကာ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းလာ၏။ ရင်ပြင်ကို ဖြတ်ကျော်ပြီးနောက် သာမန်အရွယ်အစားရှိသော အိမ်များစုဝေးနေသည့် လမ်းကြားထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ထိုအထဲမှ တစ်ထပ်အိမ်လေးဆီသို့ ချဉ်းကပ်သွား၏။ ပတ်ဝန်းကျင်နှင့်ယှဉ်လိုက်လျှင် သိပ်ပြီး ထူးထူးခြားခြားမရှိသော သာမန်အိမ်လေးတစ်လုံးသာ။

သစ်သားတံခါးကို အကြိမ်များစွာခေါက်ပြီး စောင့်ဆိုင်းနေစဉ် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အဘွားအိုတစ်ဦးက တံခါးလာဖွင့်ပေးသည်။

“မော်လီ။”

တောက်ပသော အပြုံးဖြင့် ကြိုဆိုနေသည့် အဘွားအိုနှင့် မော်လီတို့နှစ်ယောက်သား အချင်းချင်း ညင်သာစွာ ပွေ့ဖက်လိုက်ကြသည်။ အကြာကြီး အိမ်မပြန်နိုင်သော မိသားစုဝင်ကို ကြိုဆိုနေသည့်ပုံစံမှန်း မည်သူပဲကြည့်ကြည့် သိနိုင်ပေ၏။ မော်လီ အထဲဝင်သွားပြီးနောက် တံခါးပြန်ပိတ်သွားသည်။

ဤအိမ်ကား ယခင်က ပေါ်ပီ၏အိမ်ဖြစ်ခဲ့ပြီး ပေါ်ပီသေဆုံးပြီးနောက်တွင် မိသားစုအသစ်တစ်ခု ပြောင်းရွှေ့လာ၏။ ထိုမိသားစုထဲမှ သမီးအကြီးဆုံး၏အမည်မှာ အယ်လီဖြစ်သည်။

အယ်လီ မတော်တဆမှုဖြင့် သေဆုံးပြီးနောက်တွင် ကျန်ရစ်သောမိသားစုဝင်များ ထွက်ခွာသွားကြကာ အဘွားအိုနှင့် မြေးမလေးနှစ်ယောက်သာရှိသော မိသားစုက ဤအိမ်သို့ ပြောင်းရွှေ့လာခဲ့၏။

“ညစာစားရအောင်လေ။”

“လူကြီးမင်းကို အရင်တွေ့ပြီးမှ ပြန်လာခဲ့ပါ့မယ်။”

အဘွားအိုနှင့်မြေးမလေးတို့က ဂိုဒေါင်အဖြစ်အသုံးပြုသော အခန်းငယ်လေးထဲသို့ အတူတူဝင်သွားကြသည်။ မော်လီ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကြားတွင် ဝှက်ထားသော ရေဘူးကို ထုတ်ယူနေစဉ် အဘွားအိုက တဘက်ရှည်တစ်ထည် ယူလာ၏။

မော်လီက ဘူးထဲမှအရည်ဖြင့် အဘွားအိုပေးသော တဘက်ကို လုံလုံလောက်လောက် စိုစွတ်အောင်လုပ်ပြီးနောက် နှာခေါင်းနှင့် ပါးစပ်ကို လုံးဝဖုံးလွှမ်းသွားစေရန် မျက်နှာတွင် ပတ်လိုက်သည်။

ထို့နောက် သူက ကြမ်းပြင်တစ်ခုလုံးတွင် ခင်းထားသော ကော်ဇောကို လိပ်လိုက်၏။ ကော်ဇောကို ဖယ်လိုက်သောအခါ မြင်တွေ့လိုက်ရသည့် သစ်သားကြမ်းပြင်ပေါ်တွင် လေးထောင့်ပုံစံ လျှို့ဝှက်တံခါးတစ်ခု ရှိနေသည်။

မော်လီက အဖုံးကို အဖွင့် အပိတ်လုပ်သလို တံခါးကို အပေါ်သို့ဆွဲတင်ကာ ဖွင့်လိုက်၏။ ဆက်သွယ်ထားသော လှေကားအောက်တွင် ဘာမှမမြင်ရလောက်အောင် မှောင်မိုက်နေလေသည်။

“ခြေနင်းတဲ့အခါ သတိထားနော်။”

“စိတ်မပူပါနဲ့။ တစ်ခါနှစ်ခါလေး သွားဖူးတာမှ မဟုတ်တာ။”

မော်လီက လှေကားကိုနင်းကာ အမှောင်ထုထဲသို့ ဆင်းသွားလေသည်။ အဘွားအိုက မြေးမလေး အမှောင်ထုထဲသို့ လုံးဝပျောက်ကွယ်သွားသည့်ပုံစံကို စိုးရိမ်စွာကြည့်နေရာမှ တံခါးကို ပြန်ပိတ်လိုက်၏။ ထိုအပေါ်တွင် ကော်ဇောကို ပြန်ခင်းလိုက်သောအခါ ဘာမှမရှိခဲ့သလို ပြီးပြည့်စုံစွာ ဖုံးကွယ်နိုင်ခဲ့သည်။

မော်လီတစ်ယောက် အတော်ကြာအောင် ဆင်းသွားခဲ့ရ၏။ တကယ်တမ်းတွင် အနက်က လူတစ်ရပ်၏ သုံးဆခန့်ရှိသောကြောင့် ခြေချော်ကျသွားလျှင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေသည်။

သတိလစ်ပြီး လဲကျသွားလျှင် သေဆုံးသွားနိုင်ခြေပင်ရှိ၏။ အကြောင်းမူကား ကျူးကျော်ဝင်ရောက်လာနိုင်သူများကို တားဆီးရန်အတွက် နက်ရှိုင်းသော မြေအောက်ကြမ်းပြင်တွင် အဆိပ်ငွေ့ထုတ်လွှတ်သည့် ဆေး​ခြောက်ပင်များကို ခင်းထားသောကြောင့်ပင်။

ဤမြေအောက်မှ ဆက်သွယ်ထားသော လမ်းကြောင်းကို ဖြတ်သန်းရန်အတွက် အဆိပ်ဖြေဆေး လိုအပ်ပေသည်။ ထို့ကြောင့် အဆိပ်ကိုဖြေနိုင်သည့်ဆေးဖြင့် တဘက်ကိုစိမ်ကာ နှာခေါင်းနှင့်ပါးစပ်ကို ကြိုတင်ပိတ်ထားခဲ့ခြင်းဖြစ်၏။ အသက်ရှူလိုက်တိုင်း ချဉ်စုတ်စုတ်အနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။

နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့ ခြေချနိုင်ခဲ့၏။ မော်လီတစ်ယောက် တင်းမာမှုများ ပြေလျော့သွားကာ သက်ပြင်းချလိုက်မိသည်။ ​မည်းမှောင်နေသည့် အမှောင်ထုထဲတွင် လက်နှစ်ဖက်ကို အရှေ့သို့ဆန့်တန်းကာ သတိထားပြီး လှုပ်ရှားခဲ့၏။

နံရံကို လက်ဖြင့်စမ်းမိသည်နှင့် ကိုယ်ကို နံရံတွင်ကပ်ကာ လျှောက်သွားလိုက်သည်။ ထို့နောက် လက်ဖြင့်စမ်းရင်း နံရံနှင့်ဆက်သွယ်ထားသော လမ်းကြောင်းကို ရှာဖွေခဲ့၏။

လမ်းကြောင်းက လူတစ်ယောက် မှောက်လျက်အနေအထားဖြင့် တွားသွားရန်ပင် ခက်ခဲလောက်အောင် ကျဉ်းမြောင်းလှပေသည်။ မော်လီက လမ်းကြောင်းအတွင်းဘက်တွင်ရှိသော ဘီးတပ်သစ်သားပျဉ်ရှည်ကို ဆွဲထုတ်လိုက်၏။

သူက သစ်သားပျဉ်ရှည်ပေါ်တွင် လဲလျောင်းပြီးနောက် ခြေထောက်ဖြင့် ကြမ်းပြင်ကိုကန်ကာ အတွင်းထဲသို့ ဝင်ရောက်သွားသည်။ လေထဲတွင် ချိတ်ဆွဲထားသော ကြိုးရှည်ကို လက်ဖြင့်ဆုပ်ကိုင်မိပြီးနောက်တွင် အရှိန်ပို၍ရလာ၏။ ကြိုးဆွဲလိုက်သည့်အားကြောင့် တွန်းကန်အားရသွားသော သစ်သားပျဉ်ရှည်က အတွင်းထဲသို့ ရှောရှောရှူရှူ လျှောတိုက်ဝင်ရောက်သွားတော့သည်။

ကြိုးဆွဲထားသော လက်မောင်းမှ အားများ တဖြည်းဖြည်း ကုန်ခမ်းလာကာ တဆတ်ဆတ် တုန်ယင်လာချိန်၌ ကျဉ်းမြောင်းသော လမ်းကြောင်းအဆုံးတွင် ကျယ်ဝန်းသောနေရာတစ်ခု ပေါ်ထွက်လာလေသည်။ ခါးကို အနည်းငယ်ကုန်းလိုက်လျှင် ပြေးလွှားနိုင်လောက်သည့် အတိုင်းအတာအထိ ကျယ်ဝန်း၏။

မော်လီက သစ်သားပျဉ်ရှည်ပေါ်မှထကာ လက်ဖြင့်ကြမ်းပြင်ကိုစမ်းရင်း တွားသွားလိုက်သည်။ ထို့နောက် လက်ဖြင့်စမ်းမိသော ကျောက်နံရံကို အားကုန်အသုံးပြု၍ တစ်ကိုယ်လုံးဖြင့် မှီတွန်းလိုက်၏။ ကျောက်နံရံ ဖြည်းဖြည်းချင်း လည်သွားသည်နှင့် မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

မော်လီက ထိုအလင်းရောင်နောက်သို့ လိုက်ပါလှုပ်ရှားသွား၏။ ဟောင်းနွမ်းနေသော မီးလင်းဖိုထဲမှ တွားသွားလျက်ထွက်လာတော့ ဧည့်ခန်းထဲသို့ ရောက်ရှိလာသည်။ မည်သူမျှမရှိဘဲ တိတ်ဆိတ်နေသော ဧည့်ခန်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ကာ စားပွဲပေါ်တွင် တင်ထားသော ခေါင်းလောင်းလေးကို လှုပ်ယမ်းလိုက်၏။

ခဏအကြာတွင် တံခါး တိတ်ဆိတ်စွာပွင့်လာကာ ပြန်ပိတ်သွားသံကို ကြားလိုက်ရသော်လည်း မော်လီက လှည့်မကြည့်ခဲ့။ သူ ဒီကိုရောက်နေကြောင်းကို တစ်စုံတစ်ယောက်က လူကြီးမင်းထံသို့ သတင်းပို့ပေးပေလိမ့်မည်။ သူက စောင့်ဆိုင်းရုံသာ စောင့်ဆိုင်းနေရမည်ဖြစ်၏။

~~~~

အကြာကြီးနေမှ ​တံတားပေါ်တွင် စားပွဲခင်းကာ လက်ဖက်ရည်သောက်ရင်း ယူဂျင်းတစ်ယောက် အဝေးတွင် မြင်နေရသော ရှုခင်းကို ငေးမောကြည့်ရှုနေခဲ့သည်။ သာယာသော ဤရာသီဥတုကို ခံစားနိုင်မည့်ရက်များက သိပ်မကျန်တော့ပေ။

‘နှစ်လတောင် ရှိသွားပြီတဲ့လား။’

ယူဂျင်း ဤကမ္ဘာတွင် မျက်လုံးဖွင့်ကာ နိုးထလာခဲ့သည်မှာ နှစ်လရှိသွားပေပြီ။ ဤနှစ်လနှင့်ထပ်တူကျသော ရုန်းကန်လှုပ်ရှားရသည့်ရာသီကို တစ်သက်လုံး မေ့နိုင်တော့မည်မဟုတ်။ ပြန်လည်မွေးဖွားလာသည်ဟူသော အသုံးအနှုန်းနှင့် လိုက်ဖက်ညီလောက်အောင် ဘဝက လုံးဝပြောင်းလဲသွားခဲ့သည်။

ယခုကဲ့သို့ အေးအေးလူလူ လက်ဖက်ရည်တစ်ခွက်သောက်နိုင်လောက်သည့် အားလပ်ချိန်မျိုးပင်မရှိခဲ့သော နေ့ရက်များပင်။ သို့သော် အလုပ်များရုံတစ်ခုတည်းကြောင့်တော့ မဟုတ်မှန်း ဤနေရာသို့ရောက်လာပြီးနောက်မှ သိခဲ့ရ၏။

ယခုတလော တကယ်အလုပ်များနေခဲ့ကာ အာရုံမရလောက်အောင် မအားရသောနေ့များလည်း ရှိခဲ့ပေသည်။

သို့ရာတွင် လက်ဖက်ရည်သောက်သည့်ကိစ္စကိုတော့ ဘယ်အချိန်မဆို လုပ်နိုင်ခဲ့၏။ စိတ်က အေးချမ်းနေသောကြောင့်ပင်။ ယခင်ကတော့ အမြဲတမ်း အနောက်မှအလိုက်ခံနေရသလို စိတ်ခံစားချက်မျိုးနှင့် နေခဲ့ရသည်။

လွန်ခဲ့သောနှစ်လက ထိုနေ့တွင် ရုတ်တရက်ပေါ်လာသော ဘာမှန်းမသိရသည့် တွင်းနက်ကြီးထဲသို့ ခုန်ဝင်ခဲ့ခြင်းက တကယ် မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ နတ်ဆိုးပဲဖြစ်ဖြစ်၊ ဘုရားသခင်ပဲဖြစ်ဖြစ် ထိုအပေါက်ကိုဖွင့်ကာ သူ့ကို ခေါ်ခဲ့သောပုဂ္ဂိုလ်အား ကျေးဇူးတင်ကြောင်း ဦးညွှတ်ချင်မိ၏။

လက်ဖက်ရည်ခွက်ကို ပါးစပ်နားသို့ တေ့လိုက်သော ယူဂျင်း၏လက်များ ဆတ်ခနဲတွန့်သွားသည်။ တစ်ချက် ပေါ်လာသော အတွေးကို အာရုံစိုက်ရင်း မျက်မှောင်ကြုတ်လိုက်၏။

“သခင်မ။”

ဘေးနားမှ ခေါ်လိုက်သောအသံက သူ၏အာရုံစူးစိုက်မှုကို ပျက်ပြားသွားစေခဲ့သည်။ တိကျသောပုံစံ မဖော်ဆောင်နိုင်သေးသည့် သူ့အတွေးများသည်လည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရတော့၏။ ယူဂျင်းက ခေါင်းလှည့်ကာ ဘေးနားသို့ရောက်လာပြီး ရပ်နေသော မော်လီကို ကြည့်လိုက်သည်။

“ပြောလိုက်ပြီလား။”

“ဟုတ်ကဲ့၊ သခင်မ။”

ယူဂျင်းက မော်လီမှတစ်ဆင့် ရိုဒရစ်ဂ်ထံ တွေ့ဆုံရန် လာခဲ့မည်ဖြစ်ကြောင်း သတင်းစကားပါးခဲ့၏။ မနေ့ညက အပြင်ထွက်သွားခဲ့သော မော်လီတစ်ယောက် ယနေ့မနက်စောစောတွင် ပြန်ရောက်လာကာ မော်လီနှင့် နှစ်ယောက်တည်း သီးသန့်စကားပြောရန်နေရာအဖြစ် ယူဂျင်းက ဤနေရာကို ရွေးချယ်လိုက်သည်။

“ငါ့ကို သီးသန့်ပါးလိုက်တဲ့စကားရော မရှိဘူးလား။”

“သခင်မ အဆင်ပြေမယ်ဆိုရင် သတ်မှတ်ထားတဲ့နေ့ထက် စောပြီးတွေ့ဆုံဖို့ တောင်းဆိုလိုက်ပါတယ်ရှင့်။”

ယူဂျင်းက ခြောက်သွေ့ရာသီစတင်ပြီး တစ်ပတ်အကြာတွင် တွေ့ဆုံရန် အချိန်သတ်မှတ်ကာ အကြောင်းကြားခဲ့သည်။ ယဇ်ပူဇော်ရန် ကန္တာရသို့ သွားရောက်ရမည်ဖြစ်သောကြောင့် ခြောက်သွေ့ရာသီ မစတင်မီအချိန်တွင် အချိန်ပေးရန် ခက်ခဲ၏။

“အရေးတကြီး ပြောစရာရှိတဲ့အတွက် သုံးရက်နေရင် တွေ့ဆုံဖို့ စောင့်ဆိုင်းနေပါ့မယ်လို့ စကားပါးလိုက်ပါတယ်။”

“အတင့်ရဲလိုက်တာ။”

ယူဂျင်းက အေးစက်စွာ ပြန်ပြောလိုက်သည်။ သာမန်အသိအရ တွေ့ဆုံမည့်သူနှင့် ရက်ချိန်းညှိနှိုင်းခြင်းကို မည်သည့်နည်းနှင့်မဆို လုပ်နိုင်သော်လည်း ရိုဒရစ်ဂ်ကိုးကွယ်နေသော သူတော်စင်အရှင်မ ဂျင်ကတော့ အလွယ်တကူ လက်ခံလိမ့်မည်မဟုတ်ပေ။

ယူဂျင်းက မော်လီတစ်ယောက် သူမြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးကို ရိုဒရစ်ဂ်ထံ သတင်းပို့မည်ဟူသော ယူဆချက်ဖြင့် သူ့အရှေ့တွင် စကားနှင့်အပြုအမူကို အမြဲတမ်း အပြင်ပန်းတွင် ဟန်ဆောင်နေခဲ့၏။

“ငါက ကိုယ်တိုင်ကိုယ်ကျ အချိန်ပေးမယ်လို့ ပြောနေတာကို သူ့လိုကောင်က ဘာမို့လို့ ရာရာစစ ငါ့ကို လာခိုင်းနေရတာလဲ။”

မော်လီက ထိုအတိုင်း ကြမ်းပြင်ပေါ်တွင် ဝပ်တွားလိုက်လေသည်။

“ကျေးဇူးပြုပြီး အမျက်ထွက်တော်မမူပါနဲ့။ လူကြီးမင်းက သခင်မ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ နောက်သုံးရက်နေရင် စောင့်ဆိုင်းနေပါ့မယ်လို့ပဲ ပြောခဲ့တာပါ။ သခင်မကို မျှော်လင့်တကြီး တောင်းဆိုခဲ့ရုံသက်သက်ပါပဲ။ ကျိန်းသေပေါက် နောက်သုံးရက်မှာ မဟုတ်ဘဲ သခင်မ သတ်မှတ်ထားတဲ့နေ့မှာလည်း လူကြီးမင်းက သခင်မကို တွေ့ဆုံဖို့အတွက် ပြင်ဆင်ပြီး စောင့်ဆိုင်းနေမှာပါ။”

ယူဂျင်းက အေးစက်စွာ မော်လီကို ငုံ့မိုးကြည့်နေရင်း ခေါင်းထဲတွင်တော့ အခြားအတွေးများ တွေးနေခဲ့သည်။

‘ဟမ်း၊ ရိုဒရစ်ဂ်က ဘာလို့ အလျင်လိုနေရတာလဲ။ ငွေကြေးထောက်ပံ့တာကို ဖြတ်တောက်လိုက်လို့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတာလား။’

ရိုဒရစ်ဂ် ရက်ကိုရှေ့တိုးလိုက်ခြင်းက ကောင်းသည့်အရိပ်အယောင်ပင်။ အလျင်လိုနေသူဖြစ်သည့်အလျောက် အားနည်းချက်ပြသရန် လွယ်ကူသောကြောင့်ဖြစ်၏။

“ထွက်သွားတော့။”

နောက်သုံးရက်ဆိုလျှင် ခြောက်သွေ့ရာသီစတင်မည့်နေ့၏ အကြိုနေ့ပင်။ ယူဂျင်း၏စိတ်က နောက်သုံးရက်တွင် တွေ့ဆုံမည့်ဘက်သို့ တိမ်းညွတ်နေသော်လည်း မော်လီကိုတော့ အဖြေအတိအကျမပေးဘဲ တင်းမာသောမျက်နှာထားဖြင့် နှင်ထုတ်လိုက်၏။

တံတားပေါ်မှဆင်းလာပြီး ရုံးခန်းသို့သွားရာလမ်းတွင် ယူဂျင်းက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ရိုဒရစ်ဂ်နှင့် တွေ့ဆုံမည့်နေ့ နီးကပ်လာပြီဟု တွေးလိုက်သည့်အခါ စိတ်ထဲတွင် ဂနာမငြိမ်ဖြစ်လာရ၏။ နောက်ဆုံးတိုက်ပွဲနေ့ကို ရင်ဆိုင်ရမည့် သူရဲကောင်းတစ်ယောက် ဖြစ်သွားသလိုပင်။

သူက နောက်မှလိုက်ပါလာသော ရံရွေတော်များကို ပြောလိုက်သည်။

“ခဏလောက် လမ်းလျှောက်ပြီးရင် ပြန်လာမှာမို့လို့ လိုက်မလာနဲ့တော့။”

“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”

ယူဂျင်းက စင်္ကြံသို့ သွားလိုက်သည်။ ချစ်စရာကောင်းသော အာဘူ၏ အမွေးလေးများကို ပွတ်သပ်ရလျှင် စိတ်နည်းနည်းတည်ငြိမ်သွားမည်ဟု ထင်ထားခဲ့၏။ အမြဲတွေ့ဆုံနေကျနေရာသို့ သွားရောက်ကာ အမည်ကိုခေါ်လိုက်သည်နှင့် အာဘူက ပြေးထွက်လာခဲ့သည်။ ယူဂျင်းတစ်ယောက် သူ့ခြေရင်းသို့ရောက်လာပြီး ပက်လက်လှန်ကာ ဗိုက်လေးကိုပြနေသော ကျားသစ်နက်ကြီးကို ကြည့်ရင်း ရယ်လိုက်မိ၏။

“အာဘူ။”

အာဘူက ပြန်ထူးနေသည့်အလား ‘ဂယောင်း’ ဟု အော်ခဲ့သည်။

ယူဂျင်းလည်း ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အာဘူ၏ နူးညံ့သော ဗိုက်သားအမွေးလေးများကို လက်ဖဝါးဖြင့် ပွတ်သပ်ကာ လက်ချောင်းများဖြင့် ကလိထိုးလိုက်၏။

“အာဘူ။”

“ဂယောင်း။”

“အာဘူ။”

“ဂယောင်း။”

နာမည်ခေါ်လိုက်လျှင် ပြန်ထူးလေသည်။ ယူဂျင်းတစ်ယောက် တခစ်ခစ်ရယ်နေရာမှ ရုတ်တရက် ‘အဲ့ဒီလူသာ ဒီပုံစံကိုမြင်ရင် သိပ်ပြီးတော့ သဘောကျမှာမဟုတ်လောက်ဘူး’ ဟူသောအတွေး ဝင်လာလေတော့၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment