no

Font
Theme

အပိုင်း ၆၈

ဖလော်ရာ၏ မှတ်ဉာဏ်များက အလွန်ဝေးကွာသော အတိတ်အချိန်များဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ဆန်းဂျယ်ရှေ့တွင် သူ၏ ပထမဆုံး သတိရှိနေသောအိပ်မက်အကြောင်း ပြောပြခဲ့သည့် ကလေးမလေးအဖြစ်သို့ ပြန်ရောက်သွားသလိုပင်။

ဖလော်ရာက ထိုနေ့ကို လုံးဝမမေ့နိုင်ခဲ့ပေ။ ဝေါဟာရကြွယ်ဝမှု မရှိသေးသော ထိုကလေးမက သူမြင်ခဲ့ရသော မြင်ကွင်းနှင့် ထိုစဉ်က ခံစားခဲ့ရသော ခံစားချက်ကို တတ်နိုင်သလောက် အကောင်းဆုံး ဖော်ပြမှုများ သုံးနှုန်းကာ အထစ်ထစ်အငေါ့ငေါ့ ပြောပြခဲ့သည်။

သူ၏ သတိရှိနေသောအိပ်မက် ကို ကြားပြီးသည့်နောက်တွင် ဆန်းဂျယ်က ပြောခဲ့၏။

「အာနီခါ ဖလော်ရာ။ မယ်မင်းက မဟာရဲ့ အထူးကောင်းချီးကို ခံယူရရှိထားတာကိုး။」

—အာနီကာ ဖလော်ရာ။ မယ်မင်းက မဟာရဲ့ အထူးကောင်းချီးကို ခံယူရရှိထားတာပဲ။

ဖလော်ရာက ထိုနေ့ကအတိုင်းပင် နားထဲတွင် ပဲ့တင်ထပ်နေသော ဆန်းဂျယ်၏ အသံကို ကြားလိုက်ရသဖြင့် ပြုံးလိုက်မိသည်။

“မေတ္တာတရားကြီးမားတဲ့ မဟာရဲ့ ကျေးဇူးတော်ကို အမြဲတမ်း ကျေးဇူးတင်တဲ့စိတ်နဲ့ နေထိုင်နေပါတယ်။”

ငယ်စဉ်က မသိခဲ့သော်လည်း ယခုတော့ သိသွားပေပြီ။ ဆန်းဂျယ်က အာနီခါအားလုံးကို မျှတစွာ ဆက်ဆံခဲ့၏။ အာနီခါများကို ဝေဖန်အကဲဖြတ်ခြင်း သို့မဟုတ် အဆင့်အတန်းခွဲခြားခြင်း အစရှိသော စကားမျိုးကို လုံးဝမပြောပေ။ ‘ထူးခြားတယ်’ ဟူသော စကားလုံးက အမြင့်ဆုံးသော ချီးကျူးစကားပင်။

—ငါ မကြာသေးခင်ကပဲ အဲ့ဒီပုဂ္ဂိုလ်ရဲ့ မိန့်ကြားစကားကို ကြားခဲ့ရတယ်။

ဖလော်ရာက အံ့အားသင့်သွားသည့်ပုံစံဖြင့် ထရပ်ကာ ဆန်းဂျယ်အား လေးစားစွာ ဦးညွှတ်အရိုအသေပေးလိုက်သည်။

“မာဟာရဲ့ ကောင်းချီးမင်္ဂလာ ထာဝရတည်ပါစေ။ ဝမ်းမြောက်ရပါတယ်၊ အရှင်မြတ်ဘုရား။”

—အဲ့ဒီပုဂ္ဂိုလ်ရဲ့ မိန့်ကြားစကားတွေမှာ အမြဲတမ်း နက်နဲတဲ့အဓိပ္ပာယ်ပါနေတယ်။ တွေးဆရတာကလည်း သတိထားစရာပဲပေါ့။ ဒါကြောင့်ပဲ ဒီနေ့ မယ်မင်းကို တွေ့ဖို့ဆင့်ခေါ်လိုက်တာ။

နေရာတွင်ပြန်ထိုင်နေသော ဖလော်ရာ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“အဲ့ဒီပုဂ္ဂိုလ် ကျွန်မအတွက် မိန့်ကြားလိုက်တဲ့စကားများ ရှိနေတာလားရှင့်။”

ဆန်းဂျယ်က ခေါင်းခါလိုက်သည်။

— ငါကတော့ ရည်ရွယ်ချက်ကို အတင့်ရဲပြီး တွေးဆအဓိပ္ပာယ်မဖော်ဝံ့ဘူးပေါ့။ ဒါပေမဲ့ မယ်မင်းကို တွေ့မှဖြစ်မယ်ဆိုပြီး ပြင်းပြင်းထန်ထန် ခံစားမိရုံပဲ။

“...ကျွန်မကိုလားရှင့်။”

—မဟာက အထူးသဖြင့် မယ်မင်းကို ဂရုစိုက် စောင့်ရှောက်နေတယ်။ မယ်မင်း တစ်စုံတစ်ရာဖြစ်မှာကို စိုးရိမ်နေခဲ့ပေမဲ့ တည်ငြိမ်အေးချမ်းနေတာကို တွေ့ရတော့ စိတ်အေးသွားပြီ။

“ဟုတ်ကဲ့ပါ၊ အရှင်မြတ်ဘုရားရဲ့ ဂရုစိုက်မှုကြောင့် ကျွန်မ ကောင်းကောင်းမွန်မွန် နေထိုင်နေပါတယ်။”

—အာနီခါ ဖလော်ရာ။ မယ်မင်းရဲ့ သတိရှိနေတဲ့အိပ်မက်မှာ အပြောင်းအလဲများရှိလာခဲ့ရင် ငါ့ကို ပြောပြဖို့ မျှော်လင့်တယ်။ အသေးအဖွဲအကျဆုံး အပြောင်းအလဲလေး ဖြစ်နေရင်တောင် ပြောပြပါ။

“ဟုတ်ကဲ့ပါ၊ အရှင်မြတ်ဘုရား။”

—မယ်မင်းရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ငါ ယုံကြည်တယ်။

ဖလော်ရာ၏ အသက်ရှူသံက တစ်ချက်ကလေး ပြောင်းလဲသွားသည်။ သူကလွဲ၍ မည်သူမျှ မသိနိုင်လောက်အောင် တိုတောင်းသည့် အခိုက်အတန့်လေးပင်။ ဖလော်ရာက မယိမ်းမယိုင်ခိုင်မာသော ယုံကြည်မှုအပြည့်ရှိသည့် မျက်နှာထားဖြင့် လက်နှစ်ဖက်ကို စုစည်းကာ ခေါင်းငုံ့လိုက်သည်။

“မဟာရဲ့ကြီးကျယ်မြင့်မြတ်တဲ့ ရည်ရွယ်ချက်အတိုင်း လိုက်နာရုံလေးပါပဲ။”

ဖလော်ရာ ထွက်သွားပြီးသည့်နောက် သူရဲကောင်းက အတွင်းသို့ ဝင်လာသည်။

—ခေါ်တဲ့အချိန်အထိ ဘယ်သူ့ကိုမှ ဝင်မလာစေနဲ့။

“ဟုတ်ကဲ့ပါ၊ အရှင်မြတ်ဘုရား။”

သူရဲကောင်း ထွက်သွားသည်နှင့် ဖူးမြော်ခန်းတံခါး ပိတ်သွား၏။ ငြိမ်သက်နေသော ဖူးမြော်ခန်းထဲတွင် လှုပ်ရှားမှုမရှိသယောင်ရှိနေသော ဆန်းဂျယ်က သက်ပြင်းဖွဖွလေးတစ်ချက် ချလိုက်သည်။

အာနီခါ ဖလော်ရာကို ငယ်ရွယ်စဉ်ကတည်းက စိတ်ဝင်တစား စောင့်ကြည့်ခဲ့၏။ ဖလော်ရာက ပင်ကိုစရိုက် စင်ကြယ်ကာ ရိုးသားသည်။ ဖလော်ရာနှင့်အတူ မကြာခဏ ခေါ်ယူခံရသော ဂျင်နှင့် နှိုင်းယှဉ်လိုက်သည့်အခါ ဖလော်ရာ၏ အပြစ်ကင်းစင်မှုက ပို၍ပေါ်လွင်လာရ၏။ ဖလော်ရာက သူ့အရှေ့တွင် မုသားပြောမည့်သူ မဟုတ်ပေ။

သို့သော် နှစ်ပေါင်းများအတွင်း လူသားများစွာက ဆန်းဂျယ်၏အပါးမှ ဖြတ်သန်းသွားကြသည်။ လူသားတို့က တစ်ခါတစ်ရံ ကောင်းမြတ်သလို၊ တစ်ခါတစ်ရံ မကောင်းတတ်ဘဲ ကောင်းမြတ်မှုရော၊ မကောင်းမှုပါ မရှိခြင်းမျိုးလည်း ရှိနေတတ်၏။ လူသားတို့လောက် ကြိုတင်ခန့်မှန်း၍မရသော သတ္တဝါမျိုး မရှိပေ။

‘လူသားတွေက တကယ် နားလည်ရခက်တာပါလား။’

လူများစွာက တစ်သက်နှင့်တစ်ကိုယ် ဆန်းဂျယ်၏ မျက်နှာကို တစ်ကြိမ် မြင်တွေ့ရရန် ဆန္ဒပြင်းပြသကဲ့သို့၊ အနီးကပ် ချဉ်းကပ်ရမည်ကို ကြောက်ရွံ့သူများလည်း အများအပြားရှိ၏။ သူတို့က ဆန်းဂျယ်၏အနားသို့ သွားလျှင် သူတို့၏ အတွင်းစိတ် အသေးစိတ် ဖတ်ရှုခံရလိမ့်မည်ဟု ထင်ထားကြသည်။

ဆန်းဂျယ်က ထိုစကားကိုကြားတော့ စိတ်ထဲမှ နှာခေါင်းရှုံ့ ရယ်မိ၏။ သူသာ လူသားတို့၏ အတွင်းစိတ်ကို အမှန်တကယ် ဖတ်ရှုနိုင်ပါက တွေးတောပူပန်နေရသော ပြဿနာအားလုံး ရိုးရှင်းစွာ ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။

‘ဂျင်၊ ဖလော်ရာ။ နှစ်ယောက်ထဲက ဘယ်သူလဲ။ ဘယ်သူက နောက်ဆုံးခရီးကို အဆုံးသတ်မှာလဲ။’

မှိတ်ထားသော ဆန်းဂျယ်၏ ရွှေရောင်မျက်တောင်များ တဖျတ်ဖျတ် တုန်ယင်လာသည်။

‘ဒါမှမဟုတ်၊ နှစ်ယောက်လုံး မဟုတ်တာလား။ နောက်ထပ် စောင့်ရဦးမှာလား။’

ဆန်းဂျယ်၏ မျက်တောင်များ ဖြည်းညင်းစွာ ပင့်တက်သွား၏။ ရှင်းလင်းပြတ်သားသော အနီရောင်မျက်လုံးများ ပေါ်လာသည်။ ရှင်းလင်းစွာ အာရုံစူးစိုက်ထားပြီး လေဟာနယ်သို့ စိုက်ကြည့်နေသည့် မျက်လုံးများက အေးစက်သောဖန်လုံးများကဲ့သို့ပင်။

~~~~

အထွတ်အမြတ်မြို့တော်၏ နန်းတော်မှ ထွက်လာသော ဖလော်ရာက အသင့်စောင့်နေသည့် မြင်းရထားပေါ်သို့ တက်လိုက်သည်။ မြင်းရထား စတင်ထွက်ခွာပြီး ခဏအကြာတွင် သူ၏ မျက်နှာထား ပျက်ယွင်းလာတော့၏။ မနည်းထိန်းချုပ်ထားရသော သူ့နှလုံးခုန်သံက နောက်ကျမှ ရူးမတတ်ခုန်လာသည်။ သူက စကတ်ကို စုတ်ပြဲသွားရလောက်အောင် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ ကြောင့်ကြစွာ နှုတ်ခမ်းကို ဖိကိုက်ထား၏။

‘ငါ အမြင်မှားတာပဲ ဖြစ်မှာ။ အမြင်မှားတာ။ ရာမီတာက ပြောင်းလဲစရာ အကြောင်းမရှိဘူး။’

အာနီခါများက ဆန်းဂျယ်မှလွဲလျှင် မိမိ၏ မိသားစုအပါအဝင် အခြားဘယ်သူ့ကိုမှ သူတို့၏ သတိရှိနေသော အိပ်မက်အကြောင်း ပြောပြ၍မဖြစ်ပေ။

ငယ်စဉ်က သူရဲကောင်းများ လာရောက်ကာ ဆန်းဂျယ်၏ မှာကြားချက်အဖြစ် ထပ်ခါတလဲလဲ သတိပေးသောကြောင့် ကြောက်ကြောက်နှင့် ပါးစပ်ပိတ်နေခဲ့ရသည်။ အသက်ကြီးလာတော့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်းက မိမိကိုယ်မိမိ ကာကွယ်ခြင်းဖြစ်ကြောင်း သိလာသဖြင့် ကိုယ့်သဘောနှင့်ကိုယ် ပါးစပ်ပိတ်နေခဲ့၏။

သတိရှိသောအိပ်မက်က လျှို့ဝှက်သော်လည်း တစ်ချိန်တည်းမှာပင် ဂုဏ်ယူစရာကိစ္စလည်း ဖြစ်ပြန်သည်။

အာနီခါများအဖို့ သတိရှိနေသောအိပ်မက် မက်ခြင်းမှာ မှူးမတ်အနွယ်တော်တို့ လူမှုရေးအသိုင်းအဝိုင်းတွင် ပွဲဦးထွက်ခြင်းနှင့် သဘောတရားချင်းဆင်၏။ ရာမီတာ နိုးထလာမှသာ ပြီးပြည့်စုံသော အာနီခါအဖြစ် အသိအမှတ်ပြုခံရပေသည်။ အာနီခါများသာ တက်ရောက်နိုင်သော စုဝေးပွဲစာရင်းတွင် နာမည်ပါဝင်လာပြီး လျှို့ဝှက်စာကြည့်တိုက် သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိ၏။

ထို့ကြောင့် ငယ်ရွယ်သော အာနီခါများက တစ်ရက်ပဲဖြစ်ဖြစ်စောကာ သတိရှိ​နေသော အိပ်မက်ကိုမက်ပြီး ဆန်းဂျယ်နှင့် တွေ့ဆုံရမည့်နေ့ကို မျှော်လင့်တောင့်တကြသည်။

သို့ရာတွင် ဖလော်ရာ၏ သတိရှိနေသောအိပ်မက်ကို ဘာမှန်းမသိကြသော်လည်း သူ၏ ရာမီတာက စွမ်းအားကြီးသည်ဟူသော အချက်မှာ လူသိရှင်ကြား လျှို့ဝှက်ချက်တစ်ခုပင်။

ပုံမှန်အားဖြင့် အာနီခါများ၏ သတိရှိနေသောအိပ်မက်က ဆယ်နှစ်ဝန်းကျင်တွင် ဖြစ်လေ့ရှိသော်လည်း ဖလော်ရာက ခုနစ်နှစ် အရွယ်တွင် ပထမဆုံး သတိရှိနေသောအိပ်မက်ကို မက်ခဲ့သည်။ သူ၏ စောစီးစွာမက်သော သတိရှိနေသည့်အိပ်မက်က အာနီခါများအကြားတွင် အင်မတန် ရေပန်းစားသော အကြောင်းအရာပင်။

ထို့အပြင် ဖလော်ရာက ဆယ်နှစ်အတွင်း မွေးဖွားလာသော အာနီခါ နှစ်ဦးအနက်မှ တစ်ဦးဖြစ်ကာ ဆန်းဂျယ်၏ ခေါ်ယူခြင်းကိုလည်း မကြာခဏ ခံရသဖြင့် လူတို့က ဖလော်ရာကို ထူးခြားသူပဲဟု သဘာဝကျကျ ယူဆခဲ့ကြ၏။

‘ငါက မဟာရဲ့ အထူးကောင်းချီး ကို ခံယူထားတဲ့ အာနီခါပဲ။’

ဖလော်ရာက လျှို့ဝှက်စာကြည့်တိုက်မှ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ရာမီတာကို ပိုင်ဆိုင်ခဲ့သူ ‘အာနီခါ ရော့ဂ်ဆီ’ ၏ မှတ်တမ်းကို ကြည့်ခဲ့ဖူး၏။

သတိရှိနေသောအိပ်မက်ကြောင့် ရေကန်ကို ပန်းထွက်စေခဲ့သည်ဟု မှတ်တမ်းတင်ထားသော အာနီခါ ရော့ဂ်ဆီပင်။

ရော့ဂ်ဆီက သူ့အိပ်မက်ထဲတွင် မြင်ခဲ့ရသော ရေကန်မှာ အလွန် ကျယ်ပြောလှသဖြင့် ကမ်းပါးတစ်လျှောက် တစ်ခါမှ ဆုံးအောင်လမ်းမလျှောက်နိုင်ခဲ့ဟု ဆိုထား၏။ ထိုမှတ်တမ်းကိုကြည့်ရင်း ဖလော်ရာတစ်ယောက် ဝမ်းသာပီတိကို ခံစားခဲ့ရသည်။

ဖလော်ရာသည်လည်း အိပ်မက်ထဲတွင် ရေကန်ကို မြင်ခဲ့ရ၏။ ကန်စပ်က အဝေးကြီးတွင်ရှိနေကာ တစ်နေကုန် လျှောက်လျှင်ပင် မရောက်နိုင်လောက်အောင် ကြီးမားသော ရေကန်ဖြစ်သည်။ သို့သော် ရော့ဂ်ဆီက သုံးလလျှင် တစ်ကြိမ် သတိရှိနေသောအိပ်မက်ကို မက်ခဲ့သည်ဟု မှတ်တမ်းတင်ထားသော်လည်း ဖလော်ရာကမူ နှစ်လလျှင် တစ်ကြိမ် မက်ခဲ့၏။ ယင်းမှာ ဖလော်ရာ၏ ရာမီတာက ပို၍အားကောင်းသည်ဟူသော သဘောပင်။

သူက သမိုင်းဝင်ပုဂ္ဂိုလ်ထက်ပင် ထူးခြားသောသူ ဖြစ်နေပါသတဲ့။

သို့သော် မနေ့ညကတော့ ဖလော်ရာတစ်ယောက် ပုံမှန်နှင့်မတူသော သတိရှိနေသည့်အိပ်မက် ကို မြင်ခဲ့ရသည်။ ယခင်က သတိရှိနေသောအိပ်မက်များတွင် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တိုင်း ရေကိုသာ မြင်ခဲ့ရ၏။ သို့သော် မနေ့ညကမူ ရေများ သိသိသာသာ လျော့နည်းသွားကာ ရေကန်၏ ကန်စပ်ပိုင်း ပေါ်လာခဲ့သည်။

ထိုသို့ဖြစ်လာသောအခါ အိပ်မက်ထဲတွင် အလွန်ကျယ်ဝန်းသည်ဟု ထင်ခဲ့သော ရေကန်က သူထင်ခဲ့သော အရွယ်အစား မဟုတ်ခဲ့ပေ။ ပြည့်လျှံနေသော ရေများကြောင့် ကမ်းစပ်ကို မမြင်ခဲ့ရခြင်းမျှသာ ဖြစ်ပေသည်။

ဖလော်ရာက အိပ်မက်ထဲတွင် အင်မတန် ထိတ်လန့်တုန်လှုပ်၍ မှင်သက်စွာရပ်နေခဲ့ရာမှ အိပ်ရာနိုးလာ၏။

‘ဟုတ်တယ်။ ငါ အမြင်မှားတာ။ တစ်ခုခု...လွဲနေတာရှိလို့။’

ဆန်းဂျယ်က သတိရှိနေသောအိပ်မက်အကြောင်း မေးမြန်းလိုက်ချိန်တွင် နှလုံးက ဒုတ်ခနဲ ပြုတ်ကျသွားတော့မလား မှတ်ရသည်။ အမှန်အတိုင်းပြောပြရန် လုံးဝမဖြစ်နိုင်ပေ။

ရေလျော့နည်းသွားလျှင်ပင် ရေကန်ကို မြင်ရသည့်အချက်က အားကောင်းသည့် ရာမီတာကို ကိုယ်စားပြုနေဆဲပင်။ သို့သော် အရသာရှိသော အစားအသောက်ကို မြည်းစမ်းဖူးသူတစ်ယောက်က သာမန်အရသာနှင့် မည်သို့များ ကျေနပ်နိုင်မည်နည်း။ လျှံကျနေသော ရေများက သူ့မျက်စိထဲတွင် ထင်ရှားစွာ ရှိနေဆဲပင်။ သူက ယခင်ကလောက် မထူးခြားတော့ဘူးဟူသော အချက်ကို လက်ခံရန်မတတ်နိုင်ခဲ့ပေ။

ဖလော်ရာက သူ၏ ပထမဆုံး သတိရှိသောအိပ်မက်တွင် ခံစားခဲ့ရသည့် ခံစားချက်များကို ပြန်လည်အသက်သွင်းကာ ဆန်းဂျယ်၏ မေးခွန်းကို ဖြေခဲ့သည်။ သူခံစားခဲ့ရသော ဝမ်းမြောက်မှု က အစစ်အမှန်ဖြစ်၍ ဆန်းဂျယ်၏အရှေ့၌ မတုန်လှုပ်ဘဲ ဖြေနိုင်ခဲ့၏။

‘ငါ လိမ်ပြောခဲ့တာမဟုတ်ဘူး။ နောက်တစ်ခါ သတိရှိနေတဲ့အိပ်မက်မှာ ငါ့ရဲ့ နဂို ရာမီတာကို မြင်ရမှာ။’

သူက နှစ်လအကြာတွင်မက်မည့် သတိရှိနေသောအိပ်မက်တွင် ရေများပြန်ပြည့်လာသည်ကို မြင်ရလိမ့်မည်ဟု ယုံကြည်ထားခဲ့၏။

~~~~

ရင်ပြင်သို့ ဦးတည်ရာ တစ်ဖြောင့်တည်း လမ်းမကြီးပေါ်တွင် ရုတ်တရက် သစ်ပင်ကြီးတစ်ပင် ပေါက်လာခဲ့သည်။ နဂိုက မြင်းရထားနှစ်စီး တစ်ပြိုင်နက် ဖြတ်သန်းသွားလာနိုင်သော ကျယ်ဝန်းသည့်လမ်းဖြစ်သော်လည်း ပင်စည်ကြီးမားလှသည့်သစ်ပင်ကြီးက လမ်းလယ်ခေါင်ကို နေရာယူလိုက်သဖြင့် မြင်းရထားတစ်စီး ဖြတ်ရန်ပင် အခက်တွေ့နေရ၏။

အရပ်ရှည်သော လူနှစ်ဦး လက်ဆန့်တန်းပြီး ဖက်နိုင်သည့် လုံးပတ်ရှိကာ အမြင့်မှာ လူနှစ်ရပ်စာရှိပေသည်။ သစ်ကိုင်းများကို မမြင်ရလောက်အောင် အရွက်များက ထူထပ်စွာ ဝေဆာနေ၏။

ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်း ရှိလိမ့်မည်ဟု ခန့်မှန်းရသော သစ်ပင်ဖြစ်သည်။ သို့သော် ဤသစ်ပင်က မနေ့ကအထိ ဤနေရာတွင် မရှိခဲ့ပေ။ နေ့ချင်းညချင်း ရုတ်တရက် ပေါ် လာခြင်းဖြစ်၏။

ခါဆယ်ရ်က စိတ်တိုင်းမကျသော မျက်နှာဖြင့် သစ်ပင်ကို မော့ကြည့်လိုက်သည်။

သစ်ပင်ပတ်လည်တွင် ခြံစည်းရိုးကာထားကာ လူများချဉ်းကပ်ခြင်းကို တားဆီးရန် လုံခြုံရေးများ ချထား၏။ သို့တိုင်အောင် ခါဆယ်ရ် ရောက်လာချိန်တွင် လူများကို တွန်းဖယ်ပြီး လမ်းဖောက်ရလောက်အောင် တိုင်းသူပြည်သားများက သစ်ပင်ပတ်လည်တွင် ဝိုင်းရံနေကြလေသည်။

ဘုရင်မင်းမြတ် ရောက်လာသဖြင့် ကြည့်ရှုနေကြသူများက သဘာဝကျကျပင် ပို၍ကြီးမားသော စက်ဝိုင်းပုံ နေရာကို ဖန်တီးကာ နောက်သို့ဆုတ်သွားကြ၏။ လူဦးရေက ယခင်ကထက် ပို၍များလာသည်။

ခရမ်းရောင်အဆင့် လာ့ခ်သုံးကောင်အထိ ပေါ်လာသော အနီရောင် အချက်ပြမီးရှူး ပေါက်ကွဲခဲ့သည်မှာ မနေ့ကဖြစ်၏။  ပျက်စီးဆုံးရှုံးမှုပမာဏ မကြီးမားသော်လည်း သေဆုံးဒဏ်ရာရသူများတော့ ရှိခဲ့ပေသည်။

မြို့တံတိုင်းအပြင်ဘက်၌ လာ့ခ် များပေါ်လာချိန်နှင့် မြို့လယ်ခေါင်၌ လာ့ခ်များ လှုပ်ရှားနေချိန်တွင် တိုင်းသူပြည်သားများ ခံစားရသော ကြောက်ရွံ့မှုက ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှ၏။ အချက်ပြမီးရှူး ပစ်လွှတ်ပြီးနောက် အတန်ကြာအောင် လမ်းပေါ်တွင် လူသွားလူလာမရှိသလောက်ပင်။ သို့သော် ယခုတစ်ကြိမ်ကတော့ ကွဲပြားပေသည်။

အားလုံးက အနီရောင်အချက်ပြမီးရှူး၏ ထိတ်လန့်စရာကောင်းမှုကို မေ့နေကြ၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီ ပြီးဆုံး၍ ခြောက်သွေ့ရာသီ စတင်ဝင်ရောက်လာသကဲ့သို့ စိတ်လှုပ်ရှားနေသော အခြေအနေပင်။

“ဟိုသစ်ပင်က တကယ်ပဲ လာ့ခ်တဲ့လား။”

“ဟုတ်တယ်လို့ ပြောနေတာပဲ။ မြင်ရတဲ့သူက တစ်ယောက် နှစ်ယောက်မကဘူး။”

“ကျုပ်လည်း ကြားတယ်ဗျ။ အာနီခါ မိဖုရားကြီးက လာ့ခ်ကို ထိလိုက်တာနဲ့ အဲ့ဒီကောင်က မလှုပ်မယှက် ငြိမ်ကျသွားပြီး အဲ့ဒီလို သစ်ပင်ဖြစ်သွားတော့တာတဲ့။”

“ဘုရား... ဘုရား...”

“အဲ့ဒီသစ်ပင်ရဲ့ အကိုင်းအခက်တစ်ခုလောက်ဖြစ်ဖြစ် အဆောင် အဖြစ် ဆောင်ထားရင် လာ့ခ်တွေ မတိုက်ခိုက်ဘူးဆို။”

“အဲ့ဒါ တကယ်ပဲလား။”

နေရာအနှံ့မှ ပြောဆိုနေသော အသံများက ခါဆယ်ရ့်နားထဲသို့ ဝင်လာ၏။ စကားသံများ ရောထွေးနေသော်လည်း အများစုက ဆင်တူသော အကြောင်းအရာများကို ပြောနေကြခြင်းဖြစ်၍ သူ ခန့်မှန်းနိုင်ခဲ့သည်။

“လက်စတာ။”

ဘုရင်မင်းမြတ်၏ အနောက်တစ်လှမ်းအကွာတွင် ရှိနေသော လက်စတာက ချက်ချင်း အလျင်အမြန် ပြန်ဖြေခဲ့သည်။

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”

“ကောလာဟလတွေ ပြန့်နေတယ်။ ဒီသစ်ပင်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဆောင်ထားရင် လာ့ခ်တွေ တိုက်ခိုက်တာကို မခံရဘူးဆိုတဲ့ ပေါက်ကရစကားတွေကို မယုံကြည်အောင် ထိန်းချုပ်ဖို့ ပြောလိုက်။”

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”

အာနီခါကြောင့် အပင်ပေါက်လာခဲ့သည့် သစ်ပင်က လာ့ခ်များကို နှင်ထုတ်သည်ဟူသော အခြေအမြစ်မရှိသည့် ကောလာဟလများက မဟာတစ်ခွင်တွင် တိုးတိုးတိတ်တိတ် ပျံ့နှံ့နေသည်။ အထွတ်အမြတ်မြို့တော်သို့ လာ့ခ်များ ချဉ်းကပ်ခြင်းမရှိသည်မှာ ရင်ပြင်ရှိ သစ်ပင်ကြောင့်ဖြစ်သည်ဟု ယုံကြည်သူများပင်ရှိ၏။

သို့သော် ထိုသို့သော အကျိုးသက်ရောက်မှု အမှန်တကယ် ရှိခဲ့ပါက အာနီခါ၏ ရာမီတာကို အသုံးချသည့်နည်းလမ်းမှာ ယခင်ကတည်းက ပေါ်ပေါက်လာခဲ့ပေမည်။ ဆန်းဂျယ်က တားမြစ်ထားသည့်တိုင် အသက်ရှင်လိုသော လူသားတို့၏ အတ္တကို တားဆီးနိုင်မည် မဟုတ်ပေ။

‘အကယ်၍သာ အဲ့ဒီလိုဆိုရင် အထွတ်အမြတ်မြို့တော် ရင်ပြင်က သစ်ပင်လည်း ခြေရာလက်ရာတောင် ကျန်တော့မှာမဟုတ်ဘူး။’

လူတိုင်းက ကိုင်းများကို ချိုးယူသွားကြမည် ဖြစ်သောကြောင့်ပင်။

ခါဆယ်ရ်တစ်ယောက် မနေ့က အဖြစ်အပျက်များကို ပြန်တွေးလိုက်မိသည်။ လာ့ခ်ကို နှိမ်နင်းရန် အပြေးသွားခဲ့သော်လည်း တစ်ခါမှမမြင်ဖူးသည့် သစ်ပင်ကြီးတစ်ပင် ရုတ်တရက် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တွင် စစ်သည်တော်များနှင့် တပ်သားများ စုရုံးပြီး ပွက်လောရိုက်နေကြ၏။

ထို့နောက် ထိုသစ်ပင်အောက်တွင် လဲကျနေသော မိဖုရားကို တွေ့လိုက်ရချိန်၌ မျက်စိရှေ့တွင် မှောင်မိုက်ကျသွားသည့် ခံစားချက်ကို မည်သို့မှ ရှင်းပြ၍မရနိုင်ခဲ့ပေ။ ယခုပင်လျှင် ထိုမြင်ကွင်းကို ပြန်တွေးလိုက်တိုင်း နှလုံးက နင့်ခနဲ ပြုတ်ကျသွားရ၏။

“အရှင်မင်းကြီး။”

လက်စတာက ဘုရင်မင်းမြတ်၏ မျက်နှာကို အကဲခတ်ရင်း မေးလာသည်။

“အရှင်မိဖုရားက... အခုအထိ...”

တစ်ရက်တိတိ ပြည့်သွားပေပြီ။ သတိလစ်သွားသော မိဖုရားကို ဘုရင်မင်းမြတ် ရဲတိုက်သို့ ခေါ်ဆောင်သွားပြီးသည့်နောက် မိဖုရား သတိပြန်ရပြီဟူသော စကားကို မကြားရသေးပေ။

ခါဆယ်ရ်က လက်စတာ၏ မေးခွန်းကို ပြန်မဖြေဘဲ မျက်မှောင်ကြုတ်လိုက်သည်။ လက်စတာက ‘အ၊ ထိလို့မဖြစ်တဲ့အကြောင်းအရာပဲ’ ဟူသော ပုံစံဖြင့် ပါးစပ်ပိတ်လိုက်၏။ သူက ဆဗဲန်အပါအဝင် စစ်သည်တော်များကို ခွင့်လွှတ်ပေးရန် တောင်းဆိုဖို့ ကြိုးစားခဲ့သော်လည်း ရုတ်တရက် ဝင်ပြောလိုက်ပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိလာမည်ဟု တွေးလိုက်သည်။

မနေ့က မိဖုရားကို ကိုယ်ရံတော်အဖြစ် စောင့်ကြပ်ခဲ့ကြသော စစ်သည်တော်များက လက်ရှိတွင် အကျဉ်းချခံထားရ၏။ မိဖုရားကို ချက်ချင်း ရဲတိုက်သို့ ပို့ဆောင်ရန် ဘုရင့်အမိန့်ကို မလိုက်နာခဲ့သည့် စွဲချက်ဖြင့်။

ကျိန်းသေပေါက် သူတို့က အမှားကျူးလွန်ခဲ့သော်လည်း ဤမျှလောက် ကိစ္စလေးဖြင့် စွန့်ပစ်လိုက်ရန်မှာမူ အလွန်တန်ဖိုးရှိသော ထူးချွန်သူများ ဖြစ်​နေကြ၏။ အထူးသဖြင့် ဆဗဲန်မှာ အရည်အချင်းရော စိတ်ဓာတ်ပါ အပြစ်ပြောစရာမရှိသဖြင့် ဘုရင်မင်းမြတ်ကပင် သူ့ကို ချစ်ခင်မြှောက်စားခဲ့သည်။ သူတို့ကို ပြစ်ဒဏ်ပေးရသည့် ဘုရင်မင်းမြတ်၏ စိတ်ထဲတွင်လည်း သက်သောင့်သက်သာရှိမည်မဟုတ်ဟု လက်စတာ ခန့်မှန်းခဲ့၏။

‘ဒါပေမဲ့လည်း အရင်ဆုံး အရှင်မိဖုရား ဘေးမသီရန်မခ နိုးလာမှပဲ စစ်သည်တော်တွေကို အရေးယူမှုနဲ့ ပတ်သက်ပြီး လျှောက်တင်လို့ရမှာ။ အခုကတော့ ဘာစကားမှ ဝင်ပြောလို့ရဦးမှာမဟုတ်ဘူး။’

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment