no

Font
Theme

အပိုင်း ၆၂

ခါဆယ်ရ်က လက်တစ်ဖက်တည်းနှင့် အာဘူ၏ လည်ကုပ်မှ သားရေကို ဆွဲယူကာ သူ၏ မျက်လုံးနှင့်တန်းတူညီအောင် မြှင့်လိုက်သည်။ ထို့နောက် အံ့ပါရဲ့ဟူသော အကြည့်ဖြင့် သားရဲကို အထက်အောက် စုန်ချည်ဆန်ချည် အသေးစိတ် အကဲခတ်ခဲ့၏။

“အာဘူ။”

သူက သေချာအောင်အတည်ပြုရန် သားရဲ၏အမည်ကို ခေါ်လိုက်သည်။ မှော်ဝင်သားရဲက မည်သို့သောပုံစံပင်ပြောင်းပါစေ သခင်ဖြစ်သူကတော့ မှတ်မိနိုင်၏။ ခါဆယ်ရ်၏ ပရာ့ဂ်ျက ကြောင်တစ်ကောင်အလား သေးငယ်သွားသော ဤသားရဲမှာ အာဘူပဲဟု အသိအမှတ်ပြုခဲ့သည်။

ထိုသို့ဆိုသော်လည်း သူ နားမလည်နိုင်ခဲ့။ ဤမျှအထိ သေးငယ်သွားသော အာဘူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

လူတို့က မှော်ဝင်သားရဲများကို ကြောက်ကြ၏။ အထူးသဖြင့် ခန္ဓာကိုယ်ကြီးမားသော အာဘူက ပို၍အန္တရာယ်များပေသည်။ သို့သော်လည်း ခါဆယ်ရ်က အာဘူ၏ ခန္ဓာကိုယ်ကို သေးငယ်အောင် အတင်းအကျပ်မလုပ်ခိုင်းခဲ့။ ခန္ဓာကိုယ်အရွယ်အစားအ​ပေါ် အစွဲအလမ်းကြီးသည့် အာဘူကို တစ်နည်းတစ်ဖုံ လေးစားမှုပြခဲ့သည်။

သို့ရာတွင် ဤသို့သောပုံစံမျိုး ဖြစ်လာကာ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်ပြီး ပြေးလာသည့်ပုံစံက ဘာသဘောဖြစ်မည်နည်း။

လက်ရှိ မရဏဘုရင်၏ မှော်ဝင်သားရဲက နာမည်ကျော်၏။ မရဏဘုရင်၏ ခမည်းတော် နတ်ရွာစံဘုရင်မင်းမြတ်၏ မှော်ဝင်သားရဲထက်ပင် ပိုကြံ့ခိုင်ကာ ကြီးမားလှပေသည်။ သမိုင်းတစ်လျှောက်ရှိ ဘုရင်များ အမိန့်ပေးခဲ့ကြသော မှော်ဝင်သားရဲများအနက် အကြံ့ခိုင်ဆုံးဟု ဆိုကြသူများလည်းရှိ၏။

ခါဆယ်ရ်က အတွင်းစိတ်ကို ထုတ်မပြသော်လည်း ကြီးမားပြီး ကြံ့ခိုင်သည့် သူ၏ မှော်ဝင်သားရဲက အင်မတန် အားနည်းပုံပေါ်နေသည်။ အာဘူက သူ့အတွက်တော့ ပထမဆုံး မှော်ဝင်သားရဲဟူသည်ထက် ပို၍ထူးခြားသော အဓိပ္ပာယ်ကို ​ဆောင်​နေသူပင်။

သူ့ဖြစ်တည်မှု၏ ရည်ရွယ်ချက်ကို အဆက်မပြတ် မေးခွန်းထုတ်ခဲ့ရသော ငယ်ရွယ်စဉ်အခါက ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်မည့် နည်းလမ်းကို ရှာဖွေခဲ့၏။ ထိုအချိန်တွင် ဝင့်ဝင့်ကြွားကြွား ထုတ်ပြလောက်စရာ အမဲလိုက်မှုအောင်မြင်ခြင်းက သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးလာစေခဲ့သည်။

ယခု ပြန်တွေးကြည့်လိုက်တော့ အာဘူကို မှော်ဝင်သားရဲအဖြစ် ရယူခဲ့သည့် အချိန်မှစကာ သူ့ရင်ထဲမှ ဦးတည်ချက်အတွက် လွန်ဆွဲရုန်းကန်မှုကလည်း အဆုံးသတ်သွား၏။

အာဘူက မည်မျှပင် ထူးခြားနေပါစေ သူက သားရဲနှင့် သူ့ကိုယ်သူ တန်းတူသတ်မှတ်ခြင်းတော့ မရှိခဲ့။ သို့သော် ယခု အာဘူ၏ပုံစံကတော့ လွန်လွန်းသည်။

အာဘူက ကြံ့ခိုင်ပြီး ကြမ်းတမ်းသည့်ပုံစံမျိုး လုံးဝ ပေါ်မနေပေ။ ဘယ်နေရာကြည့်ကြည့် မရဏဘုရင်၏ နာမည်ကျော် မှော်ဝင်သားရဲပါဟု ပြောရန်ပင် ရှက်စရာကောင်းရသည့်အဆင့်ဖြစ်နေ၏။

စိတ်ပျက်လက်ပျက် ကြည့်နေသော သခင်၏အကြည့်နှင့် သားရဲကြီး၏ မျက်လုံးနီနီများ ဆုံသွားတော့သည်။

ယူဂျင်းက အာဘူ သေးငယ်သွားသောနေ့မှစကာ နေ့စဉ် တစ်ရက်ကို တစ်နာရီ၊ နှစ်နာရီခန့် တစ်ယောက်တည်း လမ်းလျှောက်ထွက်ဟန်ပြပြီး နေ့ခင်းဘက်များ၌ အာဘူနှင့်တွေ့ကာ အတူတူ ဆော့ကစားလေ့ရှိသည်။ ဘုရင်မင်းမြတ်၏ မှော်ဝင်သားရဲကို ခွင့်ပြုချက်မရှိဘဲ ခေါ်သွား၍မရသဖြင့် အချိန်နှင့်နေရာ သတ်မှတ်ကာ တွေ့ရန်ကတိပေးထား၏။

ယူဂျင်းက အာဘူကို အိမ်မွေးကြောင်လေးတစ်ကောင်အလား ပေါ့ပေါ့ပါးပါး မတွန့်မရွံ့ ဆက်ဆံခဲ့သည်။ ရင်ခွင်ထဲထည့်ကာ ပွတ်သပ်ပေးခြင်းသော်လည်းကောင်း၊ အမြီး သို့မဟုတ် နားရွက်လေးကို ဆွဲခြင်းသော်လည်းကောင်းလုပ်ကာ ဆော့ကစားလေ့ရှိ၏။

အာဘူက သူ့သခင်မဟုတ်သော ကျန်လူသားများကို အားနည်းပြီး အဆင့်အတန်းနိမ့်သည်ဟု ယူဆထားသူပင်။ သူတို့ သူ့ကို ကြောက်ရွံ့ကြသည့်အခါ စိတ်မကောင်းဖြစ်ရမည့်အစား ဂုဏ်ယူတတ်၏။ သို့သော် ဤလူသားမိန်းမက သူ့ကို ကစားစရာအရုပ်လေးလို ဆက်ဆံခံလာတော့ စစချင်းတွင် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရသည်။

သူ့ကို ဆက်တိုက် စကားပြောနေသော ဤမိန်းမ၏ နူးနူးညံ့ညံ့အသံကလည်း အစိမ်းသက်သက်ဖြစ်နေ၏။ အာဘူ၏သခင်က ပုံမှန်အားဖြင့် ဖော်ရွေနွေးထွေးမှုနှင့် အလှမ်းဝေးသူပင်။ သခင် အာဘူ၏နာမည်ကို ခေါ်သည့်အချိန်က အမိန့်ပေးသည့်အချိန် ဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင် ဆူငေါက်သည့်အချိန်သာဖြစ်သည်။

ကြောင်အမ်းအမ်းဖြစ်ရသော်လည်း အာဘူက သည်းခံခဲ့သည်။ လူသားမိန်းမဆီမှ ခံစားရသော နူးညံ့ညင်သာသည့်စွမ်းအင်က အင်မတန်ကောင်းသဖြင့် မသက်မသာဖြစ်ရသည်ကိုလည်း လက်ခံနိုင်ခဲ့၏။

သည်းခံလိုက်တော့ အာဘူလည်း ကိုယ်တိုင်ပင်မသိလိုက်ခင် အသားကျသွားတော့သည်။ ယခုမူ အာဘူက ယူဂျင်း၏ ခြေထောက်နားတွင် သူ့ကိုချီပေးရန် တဂူဂူ အသံပြုရင်း ​လည်ပင်းလေးတဆန့်ဆန့်နှင့် ပူဆာတတ်နေပေပြီ။

“ဂယောင်းးးးး”

အာဘူက ရက်ပိုင်းလောက်ကြာမှတွေ့ရခြင်းဖြစ်သည့် သခင်ဖြစ်သူကို ရန်လိုသောအကြည့်နှင့် ကြည့်ခဲ့သည်။ ရှေ့ခြေထောက် တိုတိုလေးများကို ယက်ကန်ယက်ကန်လုပ်ကာ နှောင့်ယှက်ခြင်းမပြုရန် ဆန္ဒပြနေ၏။

ခါဆယ်ရ်က နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို ပင့်လိုက်ကာ လူပါးဝနေသော မှော်ဝင်သားရဲကို ထိန်းချုပ်လိုက်သည်။ သူ၏ မျက်လုံးပြာပြာများထဲတွင် ပြာလဲ့လဲ့ အလင်းရောင်တစ်ခု လင်းလက်သွား၏။

ယူဂျင်းတစ်ယောက် ထိပ်တိုက်တွေ့နေကြသော လူနှင့် သားရဲကို တစ်လှည့်စီကြည့်ကာ ငိုရခက် ရယ်ရခက် မျက်နှာထားမျိုး ဖြစ်သွားရသည်။ သခင်၏လက်ထဲတွင်ပါသွားပြီး လေထဲ၌ တွဲလောင်းလေးဖြစ်နေသော ကျားသစ်နက်လေးမှာ တကယ်တော့ ဧရာမမှော်ဝင်သားရဲကြီးဖြစ်၏။ သားရဲကို ညှဉ်းပန်းနှိပ်စက်သူလို ဖြစ်နေသော ဤလူက မှော်ဝင်သားရဲ၏ သခင်ဖြစ်သူ ဘုရင်မင်းမြတ်ပင်။

“အရှင်မင်းကြီး။”

ယူဂျင်း သတိထားပြီး ခေါ်လိုက်သည်။ ခါဆယ်ရ်နှင့် အာဘူ၏ အကြည့်များက တစ်ပြိုင်နက်တည်း ယူဂျင်းဆီသို့ ရောက်လာ၏။

“အာဘူ... ချစ်ဖို့မကောင်းဘူးလားရှင့်။”

ယူဂျင်းက ခါဆယ်ရ်၏ အရိပ်အကဲကို သတိထားကြည့်လိုက်သည်။ ဤကဲ့သို့ ကြောက်စရာကောင်းသည့် ပြန်လည်တွေ့ဆုံမှုကို မျှော်လင့်မထားသဖြင့် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေ၏။ သူ တစ်ခုခုများ အကြီးအကျယ် အမှားလုပ်မိမလားဟု စိုးရိမ်နေသည်။

“အာဘူ သူ့ကိုယ်သူ သေးသွားအောင်လုပ်လိုက်မယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီးရှိမှာပါ။ ရဲတိုက်အမှုထမ်းတွေလည်း တကယ့်ကို နည်းနည်းလေးပဲ ကြောက်ကြတော့မှာရှင့်။”

ယူဂျင်းရဲ့အသံက တဖြည်းဖြည်း တိုးဝင်သွားသည်။ မရွံ့မရဲလေးဖြစ်နေသည့် သူ့ကိုကြည့်ရင်း ခါဆယ်ရ်၏ တောင့်တင်းနေသော မျက်ခုံးများ ဖြည်းဖြည်းချင်း ပြေလျော့သွားတော့၏။

“မင်းကို စိတ်ဆိုးတာမဟုတ်ဘူး။ ဒီကောင့် ပုံစံက...”

သူက “စိတ်ပျက်စရာပဲ” ဟု ပြောရန်ပြင်ပြီးမှ စကားပြောင်းလိုက်သည်။

“မရင်းနှီးလို့ စစ်ဆေးကြည့်ရုံပဲ။ စောစောက မင်းပြောတဲ့ ကတိဆိုတာ ဒီကောင်လား။”

“ဟုတ်ပါတယ်။ နေ့လယ်ခင်းမှာတွေ့ဖို့ ကတိပေးထားလို့ပါ။”

“ဒီကောင်နဲ့ နေ့တိုင်း တွေ့နေတာလား။”

“ဟုတ်ပါတယ်။”

“ဘယ်တုန်းကတည်းကလဲ။”

“ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။”

အာဘူ၏ အသွင်အပြင်ကိုကြည့်ပြီး စုတ်တသပ်သပ်ဖြစ်နေသော ခါဆယ်ရ်၏ စိတ်အခြေအနေက အလျင်အမြန် ဆိုးဝါးလာတော့သည်။ သူမရှိသည့် ရက်ပိုင်းအတွင်း မလောက်လေးမလောက်စား သားရဲက ကြားဝင်ကာ နေရာယူသွားသည်ဟု တွေးလိုက်တော့ ဒေါသက တဖွားဖွားထွက်လာ၏။

“ဒီကို ဘာလာလုပ်တာလဲ။”

“အာဘူကို တွေ့ဖို့...”

“ငါနဲ့ အပြင်ထွက်ဖို့ ပြောထားတယ်လေ။”

“ဟုတ်ကဲ့၊ သိပါတယ်။”

“ဒီကောင့်ကို ခေါ်သွားဖို့လား။”

ယူဂျင်းက စူးရှပြတ်သားလှသော လေသံဖြင့် စစ်မေးသည့်အလား ပြောနေပုံက ထူးဆန်းနေသည့်အတွက် သူ့ကို ကြည့်ရင်း ပြန်ပြောလိုက်၏။

“မဟုတ်ပါဘူး။ အာဘူကို အသိပေးပြီး သွားမလို့ပါ။ ကျွန်မ လာတဲ့အထိ ဆက်တိုက် စောင့်နေမှာဆိုတော့လေ။”

ခါဆယ်ရ်က မျက်ခုံးများကို အနည်းငယ် ကျုံ့ကာ ပါးစပ်ကို တင်းတင်းစေ့ထားသည်။ သူက တင်းတင်းကျပ်ကျပ် ကိုင်ထားသော အာဘူကို လှည့်ကြည့်ပြီး ဒေါသပေါက်ကွဲသည့်အလား တရကြမ်း လှုပ်ခါလိုက်၏။ အာဘူက “ဂယောင်းးးး” ဟု နာနာကျင်ကျင် အော်ဟစ်ခဲ့သည်။

ယူဂျင်းလည်း ခါဆယ်ရ်၏ ထူးဆန်းသောပုံစံကို သတိထားပြီး အကဲခတ်ကြည့်လိုက်၏။ ရုံးခန်းထဲတွင် မြင်ခဲ့ရသော မကျေမနပ် မျက်နှာထားနှင့် ဆင်တူနေသည်။

ယူဂျင်းက ယခင်အခြေအနေနှင့် ယခုအခြေအနေကို ပြန်စဉ်းစားကြည့်လိုက်၏။ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေသည့် သူ၏ခံစားချက်အားလုံးက မှော်ဝင်သားရဲနှင့် သက်ဆိုင်သည်။ သို့သော် သူက ယူဂျင်း မှော်ဝင်သားရဲကို ထိကိုင်ကာ ရင်းနှီးစွာဆက်ဆံခဲ့သည့်အတွက် စိတ်မသက်မသာမဖြစ်ဘူးဟု ပြောခဲ့၏။

‘ဧကန္တ...’

“အရှင်မင်းကြီး။ ခုနက တွေ့ခဲ့တဲ့ ပုတ်သင်ညိုရော၊ အာဘူရော။ ကျွန်မက အရှင်မင်းကြီးရဲ့ မှော်ဝင်သားရဲတွေမို့လို့သာ စိတ်ဝင်စားတာပါ။ သိုလှောင်ရုံကို သွားနေတဲ့အချိန်အတွင်း ကျွန်မမှာ အာဘူကိုပွတ်သပ်ပြီး အရှင်မင်းကြီးအတွက် ဘယ်လောက်တောင် စိုးရိမ်ခဲ့ရလဲလို့။”

ယူဂျင်းကို တစ်ဝက်ကျောပေးထားရာမှ ယူဂျင်း မမြင်ရလောက်အောင် အနည်းငယ် လှည့်သွားသည့်အတိုင်း သူက ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည်။ သူ၏ တိတ်ဆိတ်မှုက ယူဂျင်း "ဧကန္တ..." ဟု တွေးခဲ့သည့်အပိုင်းကို မှန်ကန်ကြောင်း ပြောနေသလိုပင်။

ယူဂျင်းတစ်ယောက် နှုတ်ခမ်းကို ဖိကိုက်ကာ ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။ နှလုံးကလည်း တဒုတ်ဒုတ် စတင်ခုန်လာတော့၏။

ထိုလူက မဟုတ်မှ သဝန်တိုနေခြင်းတော့ မဖြစ်နိုင်။ သေချာတိကျစွာ ပြောရမည်ဆိုလျှင် ကိုယ့်အရှေ့တွင် ရှိနေသူက ကိုယ့်အပေါ်တွင်သာ အာရုံစိုက်ခြင်းကို လိုချင်သည့် လူတိုင်းလိုလို ခံစားရလေ့ရှိသော သီးသန့်ပိုင်ဆိုင်လိုစိတ်နှင့် ပိုနီးစပ်ပေလိမ့်မည်။

မဟုတ်လျှင်လည်း 'မင်းက ဘာလို့ ငါ့ကို လေးစားမှု မပြရတာလဲ' ဟူသော ကလေးဆန်ဆန် ခံစားချက်မျိုး ဖြစ်နိုင်၏။ သူက ဘုရင်တစ်ပါးဖြစ်၍ အောင်မြင်မှုများ သိမ်းပိုက်ရရှိပြီး ပြန်လာလျှင် လူတိုင်းက သူ့ကို ဩဘာပေးကာ ချီးမွမ်းကြသောကြောင့်ပင်။

ယူဂျင်းက ခံစားချက်ကောင်းစွာ ရယ်လိုက်သည်။ အကြောင်းရင်းက မည်သို့ပင်ရှိပါစေ ခါဆယ်ရ်က သူ့အပေါ် စိတ်ခံစားချက်များ ထုတ်ပြခဲ့၏။ ခါဆယ်ရ်နှင့် ပထမဆုံးအကြိမ်အဖြစ် စိတ်ချင်း အနည်းငယ် နီးစပ်သွားသလို ခံစားလိုက်ရသည်။

ယခု သူ၏မျက်နှာထားကို ကြည့်ချင်မိသလို၊ ကြည့်လည်းမကြည့်ချင်ပြန်ပေ။ ခါဆယ်ရ်သာ ခံစားချက်ကင်းမဲ့သော မျက်နှာနှင့် ပြန်လှည့်ကြည့်လာမည်ဆိုလျှင် ယခုခံစားနေရသော စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိ၏။

ယူဂျင်းတစ်ယောက် ခါဆယ်ရ်၏ကျောပြင်ကိုကြည့်ရင်း တွေ​ဝေတွန့်ဆုတ်နေသည်။ လက်ကို မြှောက်လိုက်သော်လည်း ခါဆယ်ရ့်ကို မထိနိုင်ဘဲ တုံ့ဆိုင်းနေ၏။ အားလုံးက သူ၏ ထင်ယောင်ထင်မှားဖြစ်မှုသက်သက်သာဆိုလျှင် ယနေ့ည တစ်ညလုံး အိပ်မပျော်ဘဲ ရှက်ရွံ့မှုနှင့် ရုန်းကန်ရင်း လေထဲသို့ ခြေထောက်များဖြင့် ကန်နေရပေမည်။

ယူဂျင်းက နောက်ဆုံးတော့ ခံစားချက်များအတိုင်း လုပ်လိုက်တော့၏။ သူက ခါဆယ်ရ်ကို နောက်ကျောမှ ပွေ့ဖက်လိုက်သည်။ ကြီးမားလှသော ခါဆယ်ရ်၏ကိုယ်လုံးကို သူ့လက်နှစ်ဖက်ဖြင့် အကုန်အပြည့်မဖက်နိုင်ခဲ့။

တောင့်တင်းသော ခါဆယ်ရ်၏ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပို၍တောင့်တင်းသွားသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် ယူဂျင်းသည်လည်း အလိုလို တောင့်တင်းသွားတော့သည်။ ခါဆယ်ရ်၏လက်က သူ၏ လက်ဖမိုးလေးများကိုကိုင်ကာ ဖယ်ရှားလိုက်သော အခိုက်အတန့်တွင် ယူဂျင်း၏ နှလုံးသားက ဒုတ်ခနဲ ပြုတ်ကျသွားရ၏။

ခါဆယ်ရ်က ကိုယ်ကို အနောက်သို့ လှည့်လာသည်နှင့် ယူဂျင်း၏နှုတ်ခမ်းလေးများကို ငုံထွေးကာ သိမ်းပိုက်လေတော့သည်။ သူက လက်တစ်ဖက်နှင့် ခါးလေးကိုထွေးပွေ့ကာ ယူဂျင်းကို သူ့ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဆွဲသွင်းခဲ့၏။

မေးရိုးနှင့် လည်တိုင်ကို ထိန်းထားသောလက်က ယူဂျင်းကို လုံးဝ မလှုပ်နိုင်အောင် ဆုပ်ကိုင်ထားလျက်။ ယူဂျင်း ထွက်မပြေးနိုင်အောင် လမ်းကို ကြိုတင်ပိတ်ဆို့ထားသလိုပင်။

ယူဂျင်းတွင် ထွက်ပြေးရန်စိတ်ကူးမရှိသော်လည်း တင်းတင်းကျပ်ကျပ် ထွေးပွေ့ခံထားရသည့် အခြေအနေတွင် ထူးဆန်းသော ကျေနပ်မှုကို ခံစားလိုက်ရသည်။ ဘာမှမတွေးဘဲ သူ ဦးဆောင်ခေါ်သွားရာအတိုင်း လိုက်ပါသွားလို၏။

နှုတ်ခမ်းနှစ်လွှာကြားကို ထိုးဖောက်ကာ ခါဆယ်ရ်၏လျှာက အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်။ ခံတွင်းအတွင်းဘက်တွင် လှည့်ပတ်၍ နူးညံ့သောအသားကို ပွတ်တိုက်နေသည့် လှုပ်ရှားမှုများက ကြမ်းတမ်းလှ၏။

“ဟွတ်...”

ခါဆယ်ရ့် ပခုံးကို ကိုင်ထားသော ယူဂျင်း၏ လက်ချောင်းများတွင် အားဝင်သွားတော့သည်။ ပင့်သက်များကိုပါ အကုန်ယူသွားသည့် ခါဆယ်ရ်၏ အနမ်းက အငမ်းမရဖြစ်နေ၏။ သူက ခေါင်းကို ပို၍ငဲ့စောင်းကာ လျှာကို အတွင်းပိုင်းအထိ ပိုမိုနက်ရှိုင်းစွာ ထိုးသွင်းကျူးကျော်လာသည်။ နှစ်ဦးသား၏ နှုတ်ခမ်းများက အနည်းငယ်မျှပင် အကြားအလပ်မရှိဘဲ ထိတွေ့နေ၏။

ခါးကို ဖက်ထားသည့် သူ၏လက်မောင်းတွင် အားပိုဝင်လာတော့ ယူဂျင်းတစ်ယောက် ထိတွေ့နေသော ရင်ဘတ်မှ ဖိအားကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ကို ဖိထားသဖြင့် ထွက်လာသော ပင့်သက်လေးများပင်လျှင် သူ၏ပါးစပ်ထဲသို့ အကုန်စုပ်ယူခြင်းခံရလေ၏။

ခါဆယ်ရ်၏ အရှိန်အဟုန်ကို လိုက်မီအောင်လုပ်ရန်အတွက်သာ အာရုံများနေသော်လည်း ခါဆယ်ရ် သူ့ကို လိုလားတောင့်တနေသည့် ဤအခိုက်အတန့်ကို သဘောကျနေမိသည်။

ခါဆယ်ရ်က စိတ်မပါ့တပါလုပ်ရပ်မျိုး ဘယ်တော့မှမလုပ်ပေ။ အဖွင့်၊ အပိတ် လုပ်၍ရသည့် ခလုတ်တစ်ခု ရှိနေသော လူတစ်ယောက်လိုပင်။ ဘာသိဘာသာ တည်တည်တံ့တံ့ နေသည့်အခါ ထိကပါးရိကပါးစကားမျိုး တစ်ခွန်းတစ်ပါဒမျှ ပြောခြင်းမရှိသော်လည်း အနမ်း သို့မဟုတ် ချစ်တင်းနှောရန် အစပျိုးလိုက်သည်နှင့် ရေငတ်နေသူတစ်ယောက်လို တိုးဝင်လာတတ်သည်။

သူ၏ လျှာက ယူဂျင်း၏လျှာကို ရစ်ပတ်ကာ ပြင်းပြင်းထန်ထန် စုပ်ယူသွား၏။ ယူဂျင်း၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲကျဉ်တက်သွားတော့သည်။

ရက်ပိုင်းလောက်ကြာအောင် စိုးရိမ်ပူပန်နေခဲ့သော ယူဂျင်း၏ခေါင်းထဲတွင် ဘာမှမရှိတော့။ ယောကျ်ားနှင့်မိန်းမကြားမှ ဆက်ဆံရေးက ဤမျှအထိ ဆန်းကြယ်မှန်း ကိုယ်တိုင် မကြုံရသေးခင်အထိ မသိခဲ့။

ဆင်ခြင်တုံတရားက ရုပ်ပိုင်းဆိုင်ရာ အလိုဆန္ဒကို တစ်ဖက်သတ် ဖိနှိပ်ခြင်းမျိုးမဟုတ်။ ရုပ်ပိုင်းဆိုင်ရာ အလိုဆန္ဒ၏အရှေ့တွင် ဆင်ခြင်တုံတရားက အဓိပ္ပာယ်မဲ့စွာ ပျောက်ကွယ်သွားခြင်းပင်။

“ဂယောင်းးး”

ပြင်းပြင်ပြပြ အနမ်းဖလှယ်နေသူနှစ်ဦး၏ ခပ်လှမ်းလှမ်းတွင် အာဘူက သနားစရာအသံလေးနှင့်အော်နေသည်။

ခါဆယ်ရ်က ယူဂျင်းကို ထွေးပွေ့ပြီးမနမ်းခင် အာဘူကို ဘာမှမဟုတ်သလို ပစ်ထုတ်ခဲ့၏။ အာဘူတစ်ယောက် လေထဲတွင် လှလှလေးတစ်ပတ်လည်သွားကာ မြေပေါ်သို့ ဘေးမသီရန်မခ ကျသွားတော့သည်။

သခင်ဖြစ်သူ လူသားမိန်းမအား တွယ်ကပ်နေသည်ကို မြင်လိုက်ရတော့ အာဘူလည်း သခင်ကို အပြစ်တင်ချင်စိတ်ပေါ်လာ၏။ ဤလူသားမိန်းမ၏ ကောင်းသောစွမ်းအင်များကို သူ့သခင်က တစ်ယောက်တည်း မောင်ပိုင်စီးချင်နေသည်။ ရာရာစစ ဝင်ရောက်နှောင့်ယှက်၍လည်းမဖြစ်သဖြင့် တိုးတိုးလေး အော်ညည်းကာ မကျေနပ်မှုကို ဖော်ပြလိုက်၏။

တစ်ယောက်ထံတွင်တစ်ယောက် အပြည့်အဝ နစ်ဝင်နေကြသည့် အမျိုးသားနှင့် အမျိုးသမီးက ပထမတော့ ဂရုမစိုက်ခဲ့။ သို့သော် သားရဲက ဇွဲကောင်း၏။ အချိန်တိုလေးများခြား၍ ဆက်တိုက် အော်နေသော အာဘူကို ဂရုမစိုက်ဘဲနေ၍မရတော့ချေ။

“ဂယောင်းးးး”

ယူဂျင်း၏ နှုတ်ခမ်းလေးကို ဇွဲကောင်းကောင်းနှင့် စုပ်ယူနေသည့် ခါဆယ်ရ်က စိတ်ထဲမှ ဆဲရေးကာ နှုတ်ခမ်းများကို ဖယ်ခွာလိုက်သည်။

သူကတော့ အာဘူ တစ်နေကုန် ငိုနေလျှင်ပင် အဖတ်မလုပ်ဘဲနေချင်သော်လည်း ယူဂျင်းက အာရုံပျက်သွားသည့်အလား သူ့ကို တွန်းထုတ်ရန် ဆက်တိုက် ကြိုးစားနေသည်။

ခါဆယ်ရ်က မောဟိုက်စွာ အသက်ရှူနေသော စိုစွတ်စွတ် နှုတ်ခမ်းလေးများကို ခပ်ဖွဖွလေးနမ်းကာ လျှာဖြင့်လျက်လိုက်၏။ သူ့ မျက်လုံးများထဲတွင် မပြေလည်နိုင်သော မွတ်သိပ်မှုက အပြည့်နေရာယူလျက်။ ရက်ပိုင်းလောက်နေမှ တစ်ဖန်ပြန်ပြီး အရသာခံခွင့်ရသော ယူဂျင်း၏ နှုတ်ခမ်းလေးများက ချိုမြိန်လွန်းသဖြင့် ရီဝေယစ်မူးသွားရသည်။

စိတ်သွားတိုင်းသာဆိုလျှင် ဒီအတိုင်း ယူဂျင်းကို ပွေ့ချီကာ တွေ့ရာအခန်းထဲ ဝင်လိုက်ချင်၏။ သို့သော် ယနေ့တော့ ရုပ်ပိုင်းဆိုင်ရာ ပတ်သက်မှုအပြင် အခြားနည်းလမ်းဖြင့် ယူဂျင်းနှင့် အချိန်ကုန်ဆုံးချင်သေးသည်။

မာရီအန်း၏ ပူညံပူညံလုပ်မှုကြောင့်ချည်းမဟုတ်။ သူနှင့် ယူဂျင်းကြားတွင် ညများကို အတူတူကုန်ဆုံးရုံဖြင့် နီးစပ်အောင်လုပ်နိုင်မည်မဟုတ်သည့် တစ်စုံတစ်ရာရှိနေကြောင်း မသိမသာ ခံစားမိနေသည်။

“ကယောင်းးး”

ခါဆယ်ရ်က အံတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။

“ငါ ဒီကောင်အတွက် လည်ပတ်ကြိုးလုပ်ပြီး ချည်ထားပစ်မယ်။”

ယူဂျင်းက နီမြန်းနေဆဲ မျက်နှာလေးနှင့် ရယ်ခဲ့သည်။ သူက ထိုင်လိုက်ကာ အာဘူကို လက်ဝှေ့ယမ်းပြလိုက်၏။

“အာဘူ။ ဒီကို လာ။”

အာဘူက ချက်ချင်းပင် ယူဂျင်းဆီသို့ လျင်မြန်စွာ ပြေးလာခဲ့သည်။ ခါဆယ်ရ်က အိမ်မွေးခွေးလေးတစ်ကောင်လို ပြုမူနေသည့် အာဘူကို ခက်ထန်သောအကြည့်ဖြင့် အထက်စီးမှ ငုံ့မိုးကြည့်နေ၏။

“အာဘူ။ ဒီနေ့တော့ မဆော့ပေးနိုင်တော့ဘူး။ ဒီနေ့ အချိန်မရလို့။ ငါတို့တွေ မနက်ဖြန် တွေ့ကြတာပေါ့။”

‘မနက်ဖြန်။’

ခါဆယ်ရ်၏ မျက်နှာကြွက်သားများ ဆတ်ခနဲလှုပ်ရှားသွားတော့သည်။ မကျေနပ်သော်လည်း တားဆီးရန် အကြောင်းပြချက်မရှိခဲ့။ မှော်ဝင်သားရဲနှင့် ခင်ခင်မင်မင်နေလျှင်လည်း ရသည်ဟု သူ့ပါးစပ်မှ ကိုယ်တိုင် ပြောထားပြီးသားဖြစ်နေ၏။

သူက အာဘူကို ယူဂျင်း၏ မျက်စိရှေ့မှ ဝေးရာဆီသို့ ချက်ချင်း ဖယ်ရှားပစ်ချင်မိသည်။ သူ့စိတ်က အင်မတန် ကလေးဆန်နေမှန်း ကိုယ်တိုင်လည်းသိ၏။

“အာဘူ။ ဒီကိုလာ။ တစ်ခါ ဖက်ပေးမယ်။”

ကျားသစ်နက်လေးက မဆိုင်းမတွပင် လက်နှစ်ဖက်ဆန့်တန်းထားသည့် ယူဂျင်း၏ ရင်ခွင်ထဲသို့ ဝင်သွားခဲ့သည်။ ခါဆယ်ရ်တစ်ယောက် အာဘူ၏ လည်ချောင်းထဲမှ “တကူကူ" အသံကို ကြားလိုက်ရတော့ အံ့ပါရဲ့ဟု သရော်တော်တော် ရယ်လိုက်၏။ သူ၏ မှော်ဝင်သားရဲက ဘာကြောင့် ဤသို့ ဖြစ်သွားရသလဲဟု အလေးအနက် စဉ်းစားမိတော့သည်။

ယူဂျင်းနှင့် ရဲတိုက်အပြင်ဘက်သို့ သွားသော မြင်းရထားပေါ် ရောက်သည်အထိ သူ့အတွေးစက မပြတ်နိုင်သေး။ နောက်ကျမှ ထူးဆန်းသည်ဟူသော အချက်ကို သဘောပေါက်သွားခဲ့သည်။ သခင် သီးသန့်ရှိ​ပြီးသား မှော်ဝင်သားရဲက အခြားသူကို သခင်ကဲ့သို့ နာခံသည်ဟူသည့်အချက်မှာ မကြားဖူး၊ မမြင်ဖူးသောအချက်ပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment