no

Font
Theme

အပိုင်း ၄၂

‘ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဖို့ ပြောခဲ့တာပဲ။’

ခါဆယ်ရ်တစ်ယောက် စောစောက သမားတော်ပြောခဲ့သော စကားကို သတိရရင်း နောက်မှပြန်လာရမည်ဟု တွေးလိုက်သည်။ ခံစားချက်ကောင်းစွာ ရုံးခန်းထဲသို့ ဝင်လာသော သူ့ထံ အပါးတော်မြဲ အကြီးအမှူးက လျှောက်တင်လာ၏။

“အရှင်မင်းကြီး။ နန်းရင်းဝန်က အခစားဝင်ခွင့် တောင်းခံထားပါတယ်။”

ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ ဆဗဲန်မှတစ်ဆင့် ဆင့်ခေါ်သည့်အချိန်အထိ အခစားမဝင်ဖို့ ​ကျိန်းသေပေါက် ပြောထားခဲ့၏။

“နန်းရင်းဝန်က တံခါးအပြင်မှာ စောင့်နေတာလား။”

“မဟုတ်ပါဘူး။ ရဲတိုက်အပြင်ဘက်ကနေ အရှင်မင်းကြီးရဲ့ အခေါ်ကို စောင့်နေတယ်လို့ ပြောပါတယ်။”

မှောင်မိုက်သည့် ညတွင် ရဲတိုက်ထဲကိုပင် မဝင်နိုင်ဘဲ အပြင်ဘက်တွင်ရှိနေမည့် ဘယ်ရုစ်ကို တွေးလိုက်တော့ မနှစ်မမြို့ဖြစ်နေသည့် ခါဆယ်ရ်၏စိတ်လည်း ပျော့​ပျောင်းသွား၏။

မနက်က ဆဗဲန်ကို ပေးခဲ့သောအမိန့်မှာ စိတ်ခံစားမှုအပေါ် အခြေခံထားသဖြင့် နည်းနည်းလွန်ကဲသွားခဲ့သည်။ မိဖုရားသာ မှတ်ဉာဏ်မပျောက်ခဲ့လျှင် ဘယ်ရုစ်၏ အစီအမံကို လျစ်လျူရှုထားမိမည်ပင်။

ဘုရင်မင်းမြတ်က အကြာကြီးနှုတ်ဆိတ်နေတော့ အပါးတော်မြဲ အကြီးအမှူးလည်း အသာလေး စောင့်နေခဲ့သည်။ နန်းရင်းဝန် ရဲတိုက်ဂိတ်တံခါးကို ကျော်ဖြတ်၍မရခြင်းမှာ ယခုအချိန်အထိ မရှိခဲ့ဖူးသော အဖြစ်အပျက်ပင်။

ဘုရင်၏ ရာဇပလ္လင်ကို မည်သူမှ မကျူးကျော်နိုင်သော်လည်း နန်းရင်းဝန်ကတော့ ဘယ်အချိန်မဆို ပြောင်းလဲနိုင်ပေသည်။ မရဏဘုရင်၏ ဘယ်ရုစ်အပေါ် ယုံကြည်မှုက ခိုင်မာလှသဖြင့်သာ ပေါ်ပေါ်တင်တင် မလုပ်ရဲကြခြင်းဖြစ်ပြီး နန်းရင်းဝန်နေရာကို တပ်မက်ကြသူများကလည်း အများကြီးပင်။

အာဏာတည်ဆောက်ပုံ ကြီးမားစွာ ပြောင်းလဲတော့မည့် အရိပ်လက္ခဏာဖြစ်နိုင်သော်လည်း အပါးတော်မြဲအကြီးအမှူးကတော့ ဘာကိုမှ သိချင်စိတ်မပြခဲ့ပေ။ သူက အရှင်သခင်၏ ဖြောင့်မတ်ခိုင်မာသော စိတ်ထားနှင့် လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်သော လုပ်ရပ်များအား အလွန်အမင်း မုန်းတီးတတ်သည့် စရိုက်ကို ကောင်းကောင်းသိ၏။

“ဝင်လာခိုင်းလိုက်။”

“အမိန့်တော်အတိုင်းပါ။”

ခဏနေတော့ ဘယ်ရုစ်က ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ သူက ဘုရင်မင်းမြတ် ထိုင်နေသည့် စားပွဲဘက်သို့ ဖြည်းဖြည်းချင်းသွားကာ ဝမ်းလျားမှောက်ဝပ်တွားလိုက်၏။

“ကျွန်တော့မျိုးရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးပါ၊ အရှင်မင်းကြီး။”

ခါဆယ်ရ်က ထူးဆန်းသည့် အကြည့်နှင့် ဘယ်ရုစ်ကို အပေါ်မှ ငုံ့မိုးကြည့်လိုက်သည်။ ​ကြမ်းပြင်ပေါ်တွင် လက်ထောက်ပြီး နဖူးနှင့်ကြမ်းပြင် ထိထားသည့် ပုံစံမှာ အရှက်တကွဲအကျိုးနည်းစရာ ဝပ်တွားခယမှုပင်။

နန်းရင်းဝန်ဟု နာမည်ခံထားကာ လူအများအပေါ် မင်းမူခဲ့ရသည့် အတွေ့အကြုံများကြောင့် ကျိန်းသေပေါက် လွယ်လွယ်နှင့် ဦးမညွှတ်နိုင်မည့် မာနရှိပေလိမ့်မည်။ မည်သို့ပင် ဘုရင်၏ မွေးစားသားလိုပဲဟုဆိုပါစေ ဤကဲ့သို့ ဝပ်တွားရန် လွယ်မည်မဟုတ်ပေ။ ဤသည်မှာ မာနတွေ ဘာတွေ အသာထားပြီး အရှက်ကွဲခံဖို့ အဆင်သင့်ရှိကြောင်း အသံတိတ်ဖော်ပြနေခြင်းပင်။

“ထင်တဲ့အတိုင်း ဒီကောင်ကတော့ အတူတူပဲ။”

ဘယ်ရုစ်၏စရိုက်ကို အကဲဖြတ်လိုက်သော ခါဆယ်ရ်၏ တီးတိုးရေရွတ်မှုတွင် မည်သို့သော အငြိုးအတေးမှ မပါပေ။ ခါဆယ်ရ် ဘယ်ရုစ်ကို နန်းရင်းဝန်ရာထူးအတွက် ရွေးချယ်ခဲ့သည့်နေရာတွင် အင်အားအာဏာနောက်ကိုလိုက်သော ဘယ်ရုစ်၏ စရိုက်က အဓိက အခန်းကဏ္ဍမှ ပါဝင်၏။

ဘယ်ရုစ်က ထူးခြားသော အရည်အချင်းများရှိသူဖြစ်သော်လည်း ရှာလိုက်လျှင် အသုံးဝင်မည့်သူတွေ အများကြီးရှိပေမည်။ သို့သော် ဘယ်ရုစ်ကဲ့သို့ ပြီးပြည့်စုံသည့်အချက်များရှိသူတော့ ရှိမည်မဟုတ်။

ခါဆယ်ရ်က နန်းရင်းဝန်နေရာတွင် ဘယ်သူ့ကို ထားရမလဲဟုတွေးကာ ကြံ့ခိုင်သော လူငယ်များကို စုံစမ်းခဲ့သည်။ အလုပ်အများကြီး ပေးချင်သဖြင့် ဉာဏ်ပညာရှိပြီး အလုပ်လုပ်နိုင်သူများကို ရှာခဲ့၏။

သို့သော် အသက်ငယ်လျှင် သူတစ်ပါး၏ လွှမ်းမိုးခြယ်လှယ်မှုကို ခံရနိုင်သည်ဟု တွေးလိုက်မိတော့ ဘယ်ရုစ်က ကွက်တိအံကိုက်ဖြစ်နေပေသည်။

နာမည်ကျော်ထင်ရှားသည့် မှူးမတ်အိမ်တော်မှ ဆင်းသက်လာသူဖြစ်သဖြင့် မိသားစု၏ နောက်ခံအထောက်အပံ့ကောင်းသောကြောင့် သူများ၏ ကြိုးဆွဲခြယ်လှယ်ခြင်းကို ခံရနိုင်ခြေ မရှိသလောက်နည်းပေလိမ့်မည်။ ထို့အပြင် အိမ်တော်အရိုက်အရာကို ဆက်ခံရနိုင်ခြေမရှိသည့် ဒုတိယသားလည်း ဖြစ်ပြန်၏။

အကျိုးအမြတ်တို့၊ အာဏာတို့နောက်ကို လိုက်ခြင်းထက် အောင်မြင်မှုရရှိလိုစိတ် ပြင်းပြသောစရိုက်၊ မာနကို မျိုသိပ်ရခြင်းအပေါ် ရှက်ရွံ့ခြင်းမရှိသည့် အချက်များအားလုံးက ခါဆယ်ရ်၏ စိတ်တိုင်းကျပင်။

ခါဆယ်ရ် နန်းရင်းဝန်အဖြစ် ခန့်အပ်ချင်သော ပုဂ္ဂိုလ်က ကြားနေလူတစ်ယောက်ဖြစ်၏။ ဘုရင်က အမိန့်တစ်ခုကို ချမှတ်လိုက်လျှင် ထိုအမိန့်အတိုင်း ဖြစ်မြောက်စေရေးအတွက် လက်အောက်ခံများကို နားလည်အောင် ရှင်းပြပေးမည့်လူမျိုး လိုအပ်ပြီး ဘယ်ရုစ်က ကွက်တိအံကိုက်ဖြစ်နေခဲ့သည်။

“ထတော့။”

“ကျေးဇူးကြီးလှပါတယ်၊ အရှင်မင်းကြီး။”

ခါဆယ်ရ်က သူ့နောက်ဘက်တွင် ရပ်နေသော အပါးတော်မြဲ အကြီးအမှူးကို လက်ရိပ်လက်ခြည်ပြလိုက်သည်။ အပါးတော်မြဲ အကြီးအမှူး ကျန်အပါးတော်မြဲများကိုခေါ်ပြီး ထွက်သွားတော့ ရုံးခန်းထဲတွင် နှစ်ယောက်တည်းသာ ကျန်ခဲ့၏။

“အရှင်မင်းကြီး။ ကျွန်တော်မျိုးက အရှင်မင်းကြီး ပေးအပ်ထားတဲ့ အခွင့်အာဏာထက် ကျော်လွန်ပြီး မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့မိပါတယ်။ တကယ့် ပြစ်မှုအကြီးစားကို ကျူးလွန်ခဲ့တာမျိုးမရှိဘူးလို့ ယုံကြည်တဲ့အတွက် ကျွန်တော်မျိုးရဲ့ စိတ်ရင်းနဲ့ အသနားခံမှုကို လက်ခံပေးပါ၊ အရှင်မင်းကြီး။”

ဘယ်ရုစ်က ဝဲ့လ်ထ် နောက်လိုက်များ၏ လှုပ်ရှားမှု၊ လာ့ခ်နှင့် ကာလကြာရှည် တိုက်ပွဲကြီးအတွင်း သူ၏စစ်သည်တော်များကိုခေါ်ပြီး အခြားတာဝန်တစ်ခုကို လုပ်ခိုင်းခဲ့သည့်အတွက် ဘုရင်မင်းမြတ် အမျက်ထွက်နေသည်ဟု ယူဆခဲ့သည်။

ဆဗဲန်က ‘ဘုရင်မင်းမြတ် သိသွားပါပြီ’ ဟု ပြောလာတော့ သူ့နှလုံးက အောက်သို့ကျသွားသလို ခံစားလိုက်ရပြီး ‘အခေါ်ခံရတဲ့အထိ ဆင်ခြင်နေပါ’ ဟု ပြောလာချိန်တွင် အမြင်လွှာတစ်ခုလုံး အမှောင်ကျသွားတော့၏။

တိုင်းပြည်၏ ပြည်သူများက မရဏဘုရင်ကို သဘောထားကြီးရက်ရောပြီး သည်းခံတတ်သည့် ပညာရှိဘုရင်အဖြစ် ချီးကျူးဂုဏ်ပြုကြသည်။

ဘုရင်ကိုယ်တိုင် ဦးဆောင်သော ညီလာခံများတွင် လွတ်လပ်စွာ ဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်ကို ကြည့်လျှင်လည်း ထိုသို့ထင်ရ၏။ လာ့ခ် အမဲလိုက်ရာတွင် ဦးဆောင်သော ဘုရင်မင်းမြတ်၏ သူရဲကောင်းဆန်သည့် ပုံရိပ်ကြောင့်လည်း ကောင်းမွန်သည့်အမြင်များ ထပ်မံမြင့်တက်လာသည်။

သို့သော် ဘယ်ရုစ်၏ အတွေးကတော့ တစ်မူကွဲပြား၏။ သူ လျင်မြန်စွာ သဘောပေါက်ခဲ့ရသည့် နိဂုံးချုပ်ကောက်ချက်အရ မရဏဘုရင်တွင် ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်ဆန်ဆန် စရိုက်များ ရှိနေပေသည်။

သူ့ဘဝတစ်လျှောက်လုံး ဘုရင်မင်းမြတ်က နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးလျှင် ပြန်ပြောင်းခြင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သို့သော် လူတွေကတော့ သိမည်မဟုတ်။ အကြောင်းမူကား သူတို့တွင် ရန်လိုစိတ်များ မဖြစ်ပေါ်စေရန် နားချခြင်း၊ တစ်ခါတလေ စကားလှအောင် ဟိုလှည့်ဒီလှည့်ပြောခြင်း အစရှိသည့် အခန်းကဏ္ဍများကို သူတစ်ယောက်တည်း အကုန်လုပ်ခဲ့သောကြောင့်ပင်။

ထို​သို့သော မရဏဘုရင်က “ဆင်ခြင်နေ” ဟု အမိန့်ပေးခဲ့လျှင် သူ၏အပြစ်ကင်းစင်မှုကို သက်သေပြရန် ငြင်းခုံနေလည်း အခြေအနေက ပိုဆိုးသွားမည်သာ။

ပြန်ပြင်၍မရမည့် အမှားမျိုး မလုပ်ထားသေးသဖြင့် အတင်းအကျပ် ဝပ်တွားခယခြင်းကသာ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းပင်။

“ဆဗဲန်ကတစ်ဆင့် ငါပြောလိုက်တဲ့ စကားတွေကို နားလည်ရဲ့လား။”

“နက်နက်နဲနဲ မှတ်သားထားပါတယ်။ အရှင်မင်းကြီး။”

“မိဖုရားနားမှာ လူစောင့်ခိုင်းတာနဲ့ ဖယ်ခိုင်းတာကိုရော။”

ဘယ်ရုစ်တစ်ယောက် တစ်ချက်လောက် ‘အာ’ ဟူ၍ တွေးလိုက်မိသည်။ သူ တွေးထားသည့် အဓိကအချက်မှ သွေဖည်သွားသော မေးခွန်းပင်။

သို့သော် သူက စိတ်မပျက်ဘဲ ကျင်လည်စွာ ပြန်ဖြေလိုက်၏။

“အဲ့ဒါကို ပြောတာပါလား၊ အရှင်မင်းကြီး။ အရှင်မိဖုရားရဲ့အပါးမှာ လူအစောင့်ချထားတယ်ဆိုတဲ့ လုပ်ရပ်၊ အဲ့ဒီလိုရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုးကို ဟောဒီ ကျေးကျွန်တော်မျိုးက တစ်ခါလေးတောင် လုပ်ဖို့မဆိုထားနဲ့၊ ကြိုးတောင်မကြိုးစားခဲ့ဖူးပါဘူး။”

“ဆဗဲန်ကို ရဲတိုက်အတွင်းပိုင်းမှာ စောင့်ခိုင်းရတဲ့ ရည်ရွယ်ချက်က မိဖုရားကို စောင့်ကြည့်ခိုင်းထားတာ မဟုတ်ဘူးပေါ့။”

ဘယ်ရုစ်လည်း လိမ်ညာပြီး အခြေအနေကို ကျော်လွှားရန် ဖြတ်လမ်းနည်းကို အသုံးမပြုတော့။

“အရှင်မင်းကြီး ခန့်မှန်းတဲ့အတိုင်းပါပဲ။ ဒီကိစ္စကို ကျွန်တော်မျိုး ပထမဆုံးအကြိမ် လုပ်ဖူးတာပါ။ အရင်ကလို အဖြစ်အပျက်မျိုး ထပ်မဖြစ်ရအောင် စိုးရိမ်စိတ်နဲ့ လုပ်မိတာပါ။”

“အဲ့ဒီလိုကိစ္စမျိုး နောက်တစ်ခါ ထပ်ဖြစ်တော့မှာမဟုတ်လို့ ရဲတိုက်အတွင်းရေးကိစ္စတွေကို ဝင်မပါနဲ့။”

“ကျိန်းသေပေါက် မှတ်သားလိုက်နာပါ့မယ်။ အရှင်မင်းကြီး။”

အမှားကို စစ်ဆေးပြီးသည့်နောက်တွင် ကောင်းကွက်များအတွက် ဆုချရန် အလှည့်ကျလာ၏။

“လာ့ခ်တွေကို သုတ်သင်ရှင်းလင်းနေတုန်း ပြဿနာမပေါ်အောင် ကောင်းကောင်းဆောင်ရွက်ပေးခဲ့လို့ ကျေးဇူးတင်တယ်။”

“လုပ်ရမဲ့အလုပ်ကို လုပ်ခဲ့ရုံပါ။”

“နောက်မှ ဆုချီးမြှင့်မယ်။ အခုချက်ချင်း စစ်ဆေးရမဲ့ ကိစ္စတွေ ရှိလား။”

“အရေးတကြီး ကိုင်တွယ်ရမဲ့ကိစ္စမျိုး မရှိပေမဲ့ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ကို တောင်းခံရမဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အရင်တုန်းက ဘာသာရေးအစွန်းရောက်ဂိုဏ်းတစ်ခုကို စောင့်ကြည့်နေတယ်လို့ လျှောက်တင်ခဲ့ဖူးပါတယ်။”

“မှတ်မိတယ်။”

ခါဆယ်ရ်က ဂရုမစိုက်ဘဲ တုံ့ပြန်လိုက်သည်။ ဟာရှီတိုင်းပြည်တွင် ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များ လှုပ်ရှားနေကြမှန်းသိ၏။

သို့သော် ထိုသို့တည်ရှိမှုမှာ ဟိုးယခင် နတ်ရွာစံဘုရင်များ တိုင်းပြည်ကို အုပ်စိုးခဲ့စဉ်ကတည်းက ရှိနေခဲ့ခြင်းပင်။

မဟာက ဤကမ္ဘာကို လုံးဝ မကြိုက်သော နာမည်တစ်ခုလည်း ဖြစ်သည်။ သို့သော် သူတို့ကိုယ်သူတို့ ‘မာရာ၏ အလုပ်အကျွေးပြုသူများ’ ဟု ခေါ်ကြသော ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များက မဟာကို ငြင်းပယ်ကြ၏။ မဟာက 'အကျင့်ပျက်ခြစားနေသော မသေမျိုး' ဖြစ်ပြီး မာရာကမှ ဤကမ္ဘာ၏ စစ်မှန်သော ကယ်တင်ရှင်ဟု ဆိုကြသည်။

ဤကမ္ဘာကို ငြင်းပယ်သော အန္တရာယ်ရှိသည့် အတွေးအခေါ် ဖြစ်သော်လည်း အစွန်းရောက်ဂိုဏ်းဝင် အားလုံးကို ဖမ်းဆီးသတ်ဖြတ်ရန်အထိတော့ အာရုံစိုက်ပြီး မလိုက်ခဲ့ပေ။

အဓိက အကြောင်းရင်းမှာ ဆန်းဂျယ်၏ သဘောထားကြောင့်ပင်။ အထွတ်အမြတ်မြို့တော်တွင် အစွန်းရောက် ဂိုဏ်းဝင်များကို ဖမ်းမိလျှင်ပင် ဆန်းဂျယ်က နယ်နှင်ဒဏ်ပေးရုံလောက်သာ လုပ်လေ့ရှိသည်။

ဆန်းဂျယ်က အပယ်ခံအားလုံးကို လက်ခံနိုင်မှသာလျှင် စစ်မှန်သော တုနှိုင်းမဲ့ပုဂ္ဂိုလ် ဖြစ်နိုင်သည်ဟုဆို၏။ ဆန်းဂျယ်၏ ခိုင်မာသော တုံ့ပြန်မှုက အစွန်းရောက်ဂိုဏ်းဝင်များနှင့် ပတ်သက်၍ သာမန်လူတို့၏ အသိအမြင်အပေါ်ကိုလည်း သက်ရောက်မှုရှိခဲ့ပေသည်။

ထို့အပြင် လူသားများအတွက် ‘လာ့ခ်’ ဟူသော ဘုံရန်သူရှိနေ၏။ သူလိုကိုယ်လို လူသားများက တခြားနတ်ဘုရား၏ အမည်ကိုပြောကာ သူတို့ဘာသာ လုပ်ချင်တာတွေလုပ်လုပ်၊ မလုပ်လုပ် ဂရုမစိုက်နိုင်ပေ။ ထိုသို့သော လုပ်ရပ်များကိုလည်း အစစ်အမှန် ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြ။

သို့သော် အစွန်းရောက်ဂိုဏ်းဝင်များက သူတို့၏သရုပ်မှန်ကို ဖော်ပြနိုင်လောက်အောင် လှုပ်ရှားခွင့်တော့ မရခဲ့ပေ။ အထွတ်အမြတ်မြို့တော်တွင် အဖမ်းခံရလျှင် ချက်ချင်း နှင်ထုတ်ခံရသည်။ တိုင်းပြည်တစ်ခုနှင့်တစ်ခု အနေအထားချင်း ကွဲပြားသော်လည်း သူတို့ကို ကြိုဆိုသည့်နေရာဟူ၍တော့ တစ်နေရာမှမရှိခဲ့။

ခါးခါးသီးသီးငြင်းပယ်သည့် တိုင်းပြည်များရှိသလို အနည်းငယ် လျှော့လျှော့ပေါ့ပေါ့ရှိသော တိုင်းပြည်များလည်းရှိသည်။ ဟာရှီတိုင်းပြည်ကား ဒုတိယအမျိုးအစားတွင် ပါဝင်၏။

ဟာရှီတိုင်းပြည်တွင် အစွန်းရောက်ဂိုဏ်းဝင်များ စုဝေးသည်ကိုတွေ့လျှင် အတင်းအကျပ် ဖြိုခွဲပြီး သူတို့၏ပစ္စည်းများကို သိမ်းဆည်းရုံလောက်သာလုပ်လေ့ရှိသည်။ အိမ်ပေါက်စေ့ လိုက်လံရှာဖွေခြင်းတို့၊ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များကို ရှာဖွေကာ ဖမ်းဆီးသုတ်သင်ခြင်းတို့ မလုပ်ခဲ့။

ထို့ကြောင့်ပေပဲလား။ အခြားတိုင်းပြည်များထက် ဟာရှီတိုင်းပြည်တွင် အစွန်းရောက်ဂိုဏ်းဝင်များကို ပို၍ ပေါ်ပေါ်ထင်ထင် တွေ့မြင်ရတတ်သည်။ ဟာရှီတိုင်းပြည်၏ တည်နေရာက အထွတ်အမြတ်မြို့တော်နှင့် အဝေးဆုံးတွင်ရှိကာ အထွတ်အမြတ်မြို့တော်၏ သြဇာအာဏာ သက်ရောက်ခြင်းမရှိသည့် အကြောင်းရင်းကလည်း တစ်ချက်အပါအဝင်ပင်။

“မကြာသေးခင်က ဆန်းဂျယ်နဲ့အတူ လှုပ်ရှားနေတဲ့ပုံစံမျိုး မြင်နေရတာကြောင့် ကျွန်တော်မျိုး သီးခြားစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စုံစမ်းဖို့ လုပ်နေပါတယ်။”

“မသင်္ကာစရာလှုပ်ရှားမှုဆိုတာက ဘာကိုပြောတာလဲ။”

“စည်းစည်းလုံးလုံးနဲ့ စနစ်တကျ လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေ တွေ့ရပါတယ်။”

“စည်းစည်းလုံးလုံးနဲ့ စနစ်တကျ...”

ခါဆယ်ရ်၏မျက်နှာ တင်းမာသွားတော့သည်။ ယခုအချိန်အထိ အစွန်းရောက်ဂိုဏ်းဝင်များက ငွေဘယ်လောက်ပင်ရှိရှိ ဤတိုင်းပြည်အတွက် ခြိမ်းခြောက်မှုဖြစ်ရလောက်အောင် အင်အားကြီးသည့် အဖွဲ့အစည်းမျိုး ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့သောကြောင့်ပင်။

ဘာသာရေး အစွန်းရောက်ဂိုဏ်းဝင်များမှာ လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအဆင့်ဟု ပြောနိုင်လောက်အောင် နိမ့်ကျသည့်နေရာတွင်ရှိပြီး ဆင်းရဲကြသည်။

လူစုပြီး ဖြန့်ကြက်ရန်အတွက် ငွေလို၏။ သူတို့တွေ တစ်စုတစ်စည်းတည်း စနစ်တကျ ဖြစ်လာစေရေးအတွက် ငွေကြေးထောက်ပံ့ပေးမည့်သူတစ်ယောက် ရှိရပေမည်။

သူမသိသော မသင်္ကာစရာ အဖွဲ့အစည်းတစ်ခုက တိုင်းပြည်၏ စနစ်အား ဝင်ရောက်နှောင့်ယှက်နေသည်ကို ခါဆယ်ရ် ခွင့်မပြုနိုင်ပေ။

“လိုအပ်တဲ့ စုံစမ်းမှုတွေကိုတော့ မင်းဘာသာပဲ လုပ်လိုက်။ ပြီးစီးသွားရင် နောက်မှ အစီရင်ခံလို့လည်း ရတယ်။”

“ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး။”

ဘယ်ရုစ်က ကိုယ်ကိုကိုင်း၍ ဦးညွှတ်ကာ လေးနက်စွာ ပြန်ဖြေခဲ့သည်။ မရဏဘုရင်၏ ဤသို့သောအချက်ကြောင့် ဘယ်ရုစ်တစ်ယောက် ဘယ်တော့မှ ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို မဆုံးရှုံးလိုခြင်းပင်။

မရဏဘုရင်က အာဏာကို အကျယ်တဝင့်ပေးထား၏။ ဖြစ်နိုင်ခြေရှိသော ဆုံးဖြတ်ချက်အများစုကို သူ့ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့် ပေးခဲ့သည်။ အစီရင်ခံစာကို သေချာတင်ပြလိုက်လျှင် အသေးအမွှားကိစ္စလေးများကို ခေါင်းရှုပ်ခံပြီး လိုက်ပြောခြင်းမျိုး မရှိပေ။

ဘယ်ရုစ်က သူ့လက်ဖြင့်ကိုယ်တိုင် ဟာရှီတိုင်းပြည်အတွက် အခြေခံအုတ်မြစ် တည်ဆောက်ရသည်ကို အင်မတန်နှစ်သက်ပေသည်။ ဘုရင်မင်းမြတ် တိုင်းပြည်မှ ခဏတာ ထွက်ခွာနေစဉ် တာဝန်ရှိသူတစ်ယောက်အနေဖြင့် တာဝန်ယူရသည့် ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်ရှိ၏။

“ဒီနေ့တော့ ပြန်နားလိုက်တော့။ ငါ စစ်ဆေးရမဲ့ကိစ္စတွေကို စုစည်းပြီး မနက်ဖြန်ကျမှ ယူလာခဲ့။”

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”

ရုံးခန်းထဲမှ ထွက်လာသော ဘယ်ရုစ်၏ ခေါင်းထဲတွင် ရိပ်တိတ်တိတ်ဖြစ်နေသည်။

‘မိဖုရားကို စောင့်ကြည့်မိလို့ ဘုရင်မင်းမြတ်က ဒေါသထွက်နေတာလား။’

ဝဲ့လ်ထ်နယ်မြေ၌ ဘယ်ရုစ် တစ်ယောက်တည်း အလုပ်လုပ်ရန်အတွက် စာရေးစာချီများက နန်းရင်းဝန်၏ အခွင့်အာဏာအောက်တွင် အစီရင်ခံစာများတင်ပြရန် လာရောက်ကြလေ့ရှိသည်။ သဘာဝကျကျပင် ရဲတိုက်ထဲသို့ လူအဝင်အထွက် ရှားလာ၏။

ထို့ကြောင့် မကြာသေးမီကစပြီး ရဲတိုက်အတွင်းထဲမှ သတင်းအချက်အလက်များရရှိရန် ခက်ခဲလာတော့သည်။ ဘယ်ရုစ်၏ အလုပ်များကလည်း တိုးလာကာ ကိုယ့်တာဝန်နှင့်ကိုယ် မအားရသဖြင့် ရဲတိုက်အတွင်းသတင်းကို စုံစမ်းရန်လည်း အာရုံမရခဲ့။

‘ပြီးခဲ့တဲ့တစ်လအတွင်းမှာ ဘာတွေဖြစ်သွားတာပါလိမ့်။’

ဘုရင်မင်းမြတ် မိဖုရားအကြောင်း ပြောသည်က ဒါပထမဆုံးအကြိမ်ပင်။ ထို့အပြင် မိဖုရားနှင့်ပတ်သက်သည့် ကိစ္စအတွက် သူ့ကို သတိပေးလိုက်သေးသည်။

ဘယ်ရုစ်မှာ အလုပ်သရဲဖြစ်သဖြင့် ကိုယ့်တာဝန်ကိုယ် ကောင်းကောင်း မကျေပွန်သည့် မိဖုရားကို မကျေနပ်ပေ။ မည်သို့ပင်ဆိုစေ ဤသည်က ပုဂ္ဂိုလ်ရေးအရ ခံစားချက်ပင်။ နဂိုအတိုင်းသာဆို မိဖုရားက သူ့စိတ်ဝင်စားမှုအဝန်းအဝိုင်း၏ အပြင်ဘက်တွင်ရှိ၏။

သို့သော် မိဖုရားပျောက်ဆုံးမှုမှစ၍ အစပျိုးခဲ့ခြင်းဖြစ်သည်။ ကောလာဟလများ ထွက်လာသည်နှင့် ဇွဲကောင်းကောင်း လိုက်စုံစမ်းတတ်သည့် သူ၏စရိုက်ကလည်း စတင်လေတော့၏။

ပုဂ္ဂိုလ်ရေး အစွဲကို ကျော်လွန်ကာ ဤတိုင်းပြည်အတွက် ဆိုးကျိုးဖြစ်စေမည့် မကောင်းသည့်အရိပ်အယောင်များကို မြင်ရသည့်အချိန်မှစ၍ မိဖုရားကို အာရုံစိုက်ခဲ့မိသည်။

ဘယ်ရုစ်တစ်ယောက် မိဖုရားပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး သူကိုယ်တိုင် လိုက်လံစုံစမ်းနေခဲ့၏။ လတ်တလော အလုပ်များနေသေးသဖြင့် အလုပ်ပြီးမှပဲ စတင်ရန် ဆုံးဖြတ်ထားသည်။ လောလောဆယ်တော့ လက်အောက်ငယ်သားများကိုသာ စေခိုင်းကာ ပျောက်ဆုံးသွားသော ရံ​ရွေတော်များ၏ နောက်ကြောင်းကို လိုက်ခိုင်းထား၏။

အစီရင်ခံစာတင်လာသည့် အကြောင်းအရာများထဲတွင် ထူးဆန်းသည့်အချက်တစ်ခု ရှိနေသည်။ ပျောက်ဆုံးသွားသော မိဖုရား၏ ရံရွေတော်တစ်ယောက်က ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်နှင့် ဆက်သွယ်ခဲ့သည့် အရိပ်အယောင်များကို တွေ့ခဲ့ရ၏။ သို့သော် ဘုရင်မင်းမြတ်ကို မတင်ပြနိုင်ခဲ့ပေ။

‘ဘုရင်မင်းမြတ်က ဒီတိုင်းထားလိုက်ဖို့ ပြောလိမ့်မယ်ထင်တယ်။’

ထို့ကြောင့် ဘယ်ရုစ်လည်း ဉာဏ်နီဉာဏ်နက် အနည်းငယ် ထုတ်သုံးလိုက်သည်။ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များကို စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက်ရထားသဖြင့် စုံစမ်းစစ်ဆေးနေရင်း ပျောက်ဆုံးသွားသော ရံရွေတော်နှင့် ပတ်သက်ပြီး သိလာရသည့်အချက်ကို အရင်ပြောင်းပြောလိုက်ဖို့ပင်။

‘အဲ့ဒီရံရွေတော်တစ်ယောက်တည်းကပဲ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်ဖြစ်နေရင်တော့ ပြဿနာမရှိပေမဲ့...’

ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်အဖွဲ့ထဲသို့ ရောက်သွားသော ငွေကြေးများ၏ရင်းမြစ်က မသင်္ကာစရာဖြစ်နေသည်။

ထိုငွေများ၏ နောက်ကွယ်တွင် မိဖုရားရှိနေခဲ့မည်ဆိုပါလျှင်။

‘ငါကပဲ အတွေးလွန်နေတာဆိုရင်တော့ ကောင်းတာပေါ့။’

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment