အပိုင်း ၆၄
ခါဆယ်ရ်က အချက်ပြမီးရှူးပေါက်ကွဲသံကို ကြားလိုက်ရသည်နှင့် ကောင်းကင်ကိုကြည့်ကာ ချက်ချင်း ယူဂျင်းကို ကာကွယ်သလို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ဤသည်မှာ သိစိတ်နှင့်လုပ်သည့် အပြုအမူ မဟုတ်ပေ။ သူ့ခန္ဓာကိုယ် ဗီဇအလျောက် လှုပ်ရှားသွားခြင်းဖြစ်ကာ ကိုယ့်လုပ်ရပ်ကိုယ် မေးခွန်းမထုတ်မိခဲ့။
သူ့ခေါင်းထဲတွင် 'မိဖုရားကို ဘေးမသီရန်မခ ရဲတိုက်ထဲ ပြန်ခေါ်သွားရမယ်' ဟူသော အတွေးတို့သာ ပြည့်နှက်နေ၏။
“မြင်းရထား...ဟင့်အင်း။ မြင်းရထားက မြင်းကို ဖြုတ်ပြီး ခေါ်လာခဲ့။ အခုချက်ချင်း။”
ပတ်ဝန်းကျင်တွင် လူအများကြီးရှိနေသည်။ ဘုရင်မင်းမြတ်ဘေးတွင် ရှိနေလျှင် ဘေးကင်းမည်ဟု တွေးခဲ့ကြသော ပြည်သူများက ကြောက်လန့်တကြား အော်ဟစ်ရင်း ပို၍စုဝေးလာကြ၏။ ဘုရင်မင်းမြတ်တို့ ဇနီးမောင်နှံနှင့် အကွာအဝေးကို ထိန်းသိမ်းထားသည့် စည်းသည်လည်း အလျင်အမြန် ပျက်စီးသွားတော့သည်။
လူများကို တွန်းထုတ်ကာ မြင်းရထားကို အတင်းအကျပ် ခေါ်လာမည်ဆိုလျှင် ထိခိုက်ဒဏ်ရာရသူ အများကြီးရှိလာပေလိမ့်မည်။ ထွက်ခွာမည့် မြင်းရထားပေါ်သို့ လူတို့လည်း တက်နိုင်၏။
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ဘုရင်မင်းမြတ် ပေးလိုက်သောအမိန့်၏ အဓိပ္ပာယ်ကို နားလည်သော စစ်သည်တော်များ လှုပ်ရှားကြတော့သည်။ အချို့က မြင်းရထားဆီသို့ ပြေးသွားကာ အချို့ကတော့ 'နောက်ဆုတ်ကြ' ဟု ကြိမ်းမောင်းအော်ဟစ်ရင်း လမ်းဖွင့်ကြ၏။
ထိုအခါမှသာ စစ်သည်တော်တို့၏ အော်ဟစ်သံကို လူများက တုံ့ပြန်ကာ တွေဝေတုံ့ဆိုင်းစွာ နောက်ဆုတ်သွားကြသည်။
သို့သော် ခါဆယ်ရ်က ဤနေရာမှ အမြန်ဆုံးထွက်သွားမှဖြစ်မည်ကို အတွေ့အကြုံအရ သိနေ၏။ စည်းစနစ် ကျိုးပေါက်ပျက်ပြားသွားလျှင် ဘုရင့်အမိန့်သည်လည်း သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။ သူ့တစ်ကိုယ်တည်း လွတ်မြောက်ရန်က မခက်သော်လည်း ယခုမူ သူ တစ်ယောက်တည်း မဟုတ်တော့။
သူက ဘဝတစ်လျှောက်လုံး ကာကွယ်ပေးရန်အတွက်သာ နေထိုင်ခဲ့သူဖြစ်၏။ ဤတိုင်းပြည်ကို၊ သူ၏ပြည်သူများကို။ သို့သော် သူ့ရင်ခွင်ထဲတွင် ထွေးပွေ့ထားသော ဤမိန်းမကို မကာကွယ်နိုင်မည်စိုးကာ ယခုအချိန်လောက် စိတ်လောပြီး ကြောင့်ကြရခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
သူက စစ်သည်တော်ပေးလာသော ဓားကို ကိုင်လိုက်သည်။ လာ့ခ်ကို ခုတ်နိုင်သည့် အဖိုးတန်ဓားပင်။ ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် အဖိုးတန်ဓားကို ထိန်းသိမ်းစောင့်ကြပ်သည့် စစ်သည်တော်က ဘုရင်မင်းမြတ်၏ အပါးတော်တွင် အမြဲရှိနေရ၏။
ယနေ့ မိဖုရားနှင့် ပေါ့ပေါ့ပါးပါး အပြင်ထွက်လာချိန်တွင် အဖိုးတန်ဓားကို ယူလာခဲ့၍ တော်သေးသော်လည်း ရဲတိုက်ထဲတွင် ထားခဲ့သော အာဘူကို သတိရကာ နောင်တရမိတော့သည်။
‘ခေါ်လာခဲ့ရမှာကို။’
ယူဂျင်းက သူ့အား တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားသည့် ခါဆယ်ရ်၏လက်မောင်းကို မြဲမြဲဖက်ထားခဲ့သည်။ ယခုအချိန်ထိ ဘေးကင်းလုံခြုံသော ရဲတိုက်အတွင်းမှသာ အချက်ပြမီးရှူး ပေါက်ကွဲသည့် ကောင်းကင်ကို အမြဲကြည့်ခဲ့ရ၏။ အပြင်ဘက်၌ မည်သို့သော အရေးပေါ်အခြေအနေမျိုး ဖြစ်နေပါစေ၊ ရဲတိုက်က အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေသောနေရာပင်။
ပထမဆုံးအကြိမ်အဖြစ် သူက စစ်မြေပြင်၏ အလယ်ဗဟိုတွင် ရပ်နေရ၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီဖြစ်သော်လည်း ဤနေရာက လူတို့၏ နေ့စဉ်ကြုံတွေ့ဖြတ်သန်းရသည့်ဘဝဖြစ်သဖြင့် လာ့ခ်ပေါ်လာလျှင်ပင် သက်သောင့်သက်သာ တုံ့ပြန်ကြလိမ့်မည်ဟူသော ယူဂျင်း၏ အထင်က လွဲမှားနေခဲ့သည်။
အသနားခံနေသည့်အလား ဘုရင်မင်းမြတ်ကို ခေါ်နေသူ၊ အော်ဟစ်နေသူ၊ ငိုကြွေးနေသူ... လူတိုင်းက ကြောက်လန့်နေကြ၏။ အသားကိုပါ ထိတွေ့နိုင်လောက်အောင် ပြင်းထန်သော စိတ်ခံစားမှုလှိုင်းများကြားတွင် ယူဂျင်းတစ်ယောက် မောဟိုက်စွာ ပင့်သက်ရှိုက်ရင်း အသက်ရှူနေရသည်။
‘ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကြီး မျက်စိရှေ့မှာ ပေါ်လာတာ ဘယ်သူကများ သေခြင်းတရားကို သက်သောင့်သက်သာ ရင်ဆိုင်နိုင်မှာလဲလေ။’
ယူဂျင်းတစ်ယောက် သူ့ကိုယ်သူ ဖန်လုံအိမ်ထဲမှ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့မှန်း သဘောပေါက်လိုက်ရတော့သည်။ သို့သော် မဟာသို့ ရောက်မလာမီတွင် သူက ပေါင်းပင်တစ်ပင်လို နေထိုင်ခဲ့သူပင်။ တစ်ခါတလေလည်း ပန်းလေးများကို လှောင်ပြောင်သရော်ကာ အားကျမနာလိုဖြစ်ရင်း မကျေမနပ်ဖြစ်ခဲ့မိ၏။
ယူဂျင်း ပင့်သက်ကို မျိုချလိုက်သည်။ ခြောက်သွေ့နေသော လည်ချောင်းက စပ်ဖျဉ်းဖျဉ်း ဖြစ်နေ၏။ အတိတ်က သူလှောင်ပြောင်ပြီး အားကျမနာလိုဖြစ်ခဲ့ရသော ပန်းလေးတစ်ပွင့်လို နေလိုစိတ်မရှိပေ။
‘ငါက မိဖုရားပဲ။’
မိဖုရားတစ်ပါးအနေနှင့် ယခု ဘာလုပ်သင့်သလဲ။
ခါဆယ်ရ်က ယူဂျင်းကို ပို၍တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မြင်းစီးဖို့ကလည်း ခက်မယ်ထင်တယ်။ ခုန်တက်တော့မှာမို့လို့ ငါ့ကို မြဲမြဲဖက်ထား။”
သူက ဤနေရာမှ သူ၏ သဘာဝလွန်စွမ်းအားကိုသုံးပြီး ထွက်ပြေးမည့် အစီအစဉ်ကို ပြောလာသည်။ ယူဂျင်းက ယခင်တစ်ခါ ခါဆယ်ရ် သူ့ကို ပွေ့ချီပြီး လသာဆောင် အမြင့်ကြီးသို့ ခုန်တက်သွားသည့် မြင်ကွင်းကို ပြန်မြင်ယောင်ရင်း အလျင်စလို ပြောလိုက်၏။
“မဖြစ်ပါဘူး။”
ဘာလုပ်ရမည်ဆိုသည်ကို သဘောပေါက်သွားတော့သည်။ ဘုရင်မင်းမြတ်ကို စစ်မြေပြင်သို့ ပို့ရပေမည်။
ဘုရင်မင်းမြတ်က ယူဂျင်း လွတ်မြောက်ရေးအတွက် သဘာဝလွန်စွမ်းအားကိုသုံးကာ ရဲတိုက်ဘက်သို့ ထွက်ပြေးမည်ဆိုလျှင် ဤနေရာမှ မြောက်မြားလှစွာသော မျက်မြင်သက်သေများက ပြည်သူများကို စွန့်ပစ်ခဲ့သည်ဟုဆိုကာ ဘုရင်မင်းမြတ်အပေါ် မကျေမနပ်ဖြစ်ကြပေလိမ့်မည်။
ယခုအချိန်တွင် လူအုပ်ကြီးက ကြောက်ရွံ့ခြင်းဟူသော စိတ်ခံစားမှု၏ ကူးစက်မှုကို ခံထားကြရ၏။ ယုတ္တိရှိသော ဆုံးဖြတ်ချက်ကို ချနိုင်မည်မဟုတ်ပေ။ ဘုရင်မင်းမြတ်က မိဖုရားကို ဘေးလွတ်ရာသို့ပို့ပြီး ပြန်လာလျှင်ပင် စိတ်ခံစားမှုအရ တုံ့ပြန်သူများ ပိုများပေလိမ့်မည်။
ယူဂျင်းက ရုန်းကန်လှုပ်ရှားရသည့်ရာသီ စတင်ပြီးနောက်ပိုင်း ခါဆယ်ရ် တိုင်းပြည်ကို ကာကွယ်ရန်အတွက် နေ့ညမနား ပြေးလွှားနေသည်ကို မြင်ခဲ့ရ၏။ ခါဆယ်ရ်၏ ပင်ပန်းမှုများ သူ့ကြောင့် ခဏတွင်းချင်း အလဟဿဖြစ်သွားမည်ကို ခွင့်မပြုနိုင်။ ဘယ်သူမှမထိနိုင်သော ကြီးကျယ်ခမ်းနားသည့် ဘုရင်မင်းမြတ်၏ နာမည်ကို မပျက်စီးစေလိုပေ။
“သွားပါ၊ အရှင်မင်းကြီး။”
“ဘာ။”
ခါဆယ်ရ်က မျက်မှောင်ကြုတ်လိုက်သည်။
“အနီရောင် အချက်ပြမီးရှူးပါ။ တခြား အချက်ပြမီးရှူးတွေနဲ့ မတူပါဘူး။ ဒီအခြေအနေကို ဖြေရှင်းနိုင်တာ အရှင်မင်းကြီး တစ်ယောက်ပဲရှိပါတယ်။”
“ပထမဆုံး မင်း အရင် ရှောင်တိမ်း...”
“မဟုတ်ပါဘူး။”
သူပြောနေစဉ် ယူဂျင်းက ဖြတ်ပြောလိုက်သည်။ ဘုရင်မင်းမြတ်၏စကားကို ဖြတ်ပြောခြင်းက ရိုင်းပျသော်လည်း ယခုအချိန်တွင် စဉ်းစားနေ၍မဖြစ်ပေ။
“အခု သွားမှဖြစ်မယ်ဆိုတာကို အရှင်မင်းကြီးက ဘယ်သူ့ထက်မဆို ပိုသိနေတာပဲမဟုတ်လားရှင့်။”
ယူဂျင်းက သူဆုံးဖြတ်ခဲ့သော အချက်ကို ခါဆယ်ရ် မသိစရာအကြောင်းမရှိဟု ယူဆထားသည်။ အံ့သြတုန်လှုပ်နေသော သူ့မျက်နှာကို မြင်လိုက်ရသည့်အခါ ယုံကြည်မှုက ပို၍ခိုင်မာသွား၏။
ဖုန်း....
နောက်ထပ် အချက်ပြမီးရှူးတစ်ချက် ပေါက်ကွဲသွားသည်။ ယူဂျင်းက ပျံ့လွင့်နေသော အနီရောင်မီးခိုးများကို ပြန်ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းဖိလိုက်၏။
အခြေအနေက ပိုဆိုးလာပေပြီ။ နောက်ထပ် မီးရှူးက ထိန်းချုပ်ထားသော လူတို့၏ ကြောက်ရွံ့မှုကို လောင်စာဖြည့်ပေးလိုက်သလိုပင်။ ဟိုနေရာ၊ ဒီနေရာမှအော်ဟစ်သံများက နားကွဲမတတ် ကျယ်လောင်လှ၏။
ယူဂျင်းက ခါဆယ်ရ့်ကို အားကုန် တွန်းထုတ်လိုက်သည်။
“သွားပါတော့။”
“ဒါပေမဲ့...”
ခါဆယ်ရ်က စိုးရိမ်တကြီးမျက်နှာထားဖြင့် ဒုတိယ အချက်ပြမီးရှူး၏ အခိုးအငွေ့များ ပျံ့လွင့်နေရာ ကောင်းကင်နှင့် ယူဂျင်းကို တစ်လှည့်စီ ကြည့်နေ၏။
သူ စိတ်အေးလက်အေးနှင့် လှည့်ထွက်မသွား၍ ယူဂျင်း ဝမ်းသာမိသည်။ သူ၏ တုံ့ဆိုင်းတွေဝေမှုကို ကျေးဇူးတင်မိ၏။ ထို့ကြောင့် သူ့ကို ပို၍ပြတ်ပြတ်သားသား လွှတ်ပေးနိုင်မည့် ခွန်အားများ ရလာတော့သည်။
“အခု အရှင်မင်းကြီး ကာကွယ်ရမဲ့သူက ကျွန်မ မဟုတ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မက အာနီခါပါ။ လာ့ခ်က ကျွန်မကို ထိခိုက်အောင်မလုပ်နိုင်ပါဘူး။”
ခါဆယ်ရ်က မျက်လုံးကိုမှိတ်ကာ ပြန်ဖွင့်လိုက်သည်။ တုန်ယင်နေသည့် သူ့မျက်လုံးများ တည်ငြိမ်သွားတော့၏။ သူက ပတ်ပတ်လည်မှ စစ်သည်တော်များကို လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်ရာမှ နောက်ဆုံး၌ ဆဗဲန်ထံတွင် အကြည့်ကို ရပ်တန့်ကာ ပြောခဲ့သည်။
“မိဖုရားကို မလွဲမသွေ ရဲတိုက်ထဲ ဘေးမသီရန်မခ ပို့ဆောင်ပေး။”
ကျန်စစ်သည်တော်များ ဟိုနေရာ၊ ဒီနေရာ ပြေးလွှားနေကြချိန်မှာပင် ဆဗဲန်က သူ့နေရာတွင်သူ မလှုပ်မယှက် ရပ်နေ၏။ မိဖုရားကို စောင့်ကြပ်ပေးခြင်းက ဆဗဲန်၏ တာဝန်ပင်။
“ကျွန်တော်မျိုး အသက်နဲ့လဲရရင်တောင် အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း မလွဲမသွေ လိုက်နာပါ့မယ်။”
တစ်ဖက်လှည့်လိုက်သည့် ခါဆယ်ရ်က ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ကာ မြေပြင်ပေါ်မှ ခုန်တက်လိုက်သည်။ အမြင့်ကြီးသို့ မြင့်တက်သွားသော သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အပြာရောင် ပရာ့ဂ်ျများ ဝိုင်းရံထား၏။
“ဝါး”
“မရဏဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
အနီရောင် အချက်ပြမီးရှူး ပေါက်ကွဲရာဘက်သို့ လျင်မြန်စွာ ဝေးကွာသွားသည့် ဘုရင်မင်းမြတ်၏ နောက်ကျောသို့ ဦးတည်ကာ လူများက အော်ဟစ်ခဲ့ကြသည်။ ဘုရင်မင်းမြတ်က သူတို့ကို ကယ်တင်လိမ့်မည်ဟု ယုံကြည်ထားသော လူတို့၏ မျှော်လင့်ချက်က ကြောက်ရွံ့မှုကို ပယ်ရှားလိုက်၏။ လေးလံသော အခြေအနေက ချက်ချင်းဆိုသလို ပေါ့ပါးသွားတော့သည်။
ယူဂျင်းက မျက်လုံးများကို အလျင်အမြန် အဖွင့်အပိတ် လုပ်လိုက်၏။ တကယ်တမ်းတွင် သူက မျက်ရည်ကျလောက်အောင် ကြောက်နေမိသည်။
ကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့စဉ် ဘဝက ခက်ခဲခဲ့သော်လည်း ထိုနေရာက အင်မတန်ငြိမ်းချမ်း၏။ စစ်ပွဲများက ဝေးကွာသောနိုင်ငံမှ ဇာတ်လမ်းများဖြစ်ကာ မကောင်းဆိုးဝါးများ ပြေးလွှားနေသည့် လက်တွေ့မကျသော အခြေအနေကို တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
လာ့ခ်က အာနီခါကို မထိဘူးဆိုသော်လည်း တကယ်တမ်း လာ့ခ်နှင့် ထိပ်တိုက်တွေ့ရလျှင် ဘာဖြစ်မည်မှန်း သူလည်းမသိ။ အမှန်အတိုင်းဝန်ခံရလျှင် အတ္တစိတ်နှင့် ခါဆယ်ရ့်ကို တွယ်ကပ်ကာ သူ့ကို လုံးဝ ဘေးကင်းရာနေရာဆီသို့ ခေါ်သွားပေးရန် တောင်းဆိုလိုသည်။
‘ငါ လုပ်ခဲ့တာ မှန်တယ်။’
ယူဂျင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အနည်းငယ် ဂုဏ်ယူမိ၏။ ခါဆယ်ရ့်ကို ကလေးလေးလို ငိုညည်းမပြခဲ့သည့် မိမိကိုယ်မိမိ ဂုဏ်ယူသည်။
“အရှင်မိဖုရား။”
ယူဂျင်းတစ်ယောက် သူ့ကို ခေါ်သည့်အသံကြောင့် ခေါင်းလှည့်လိုက်သည်။ စောစောက ဘုရင်မင်းမြတ် ခေါ်လာရန်အမိန့်ပေးခဲ့သည့် မြင်းက နောက်ဆုံးတော့ ရောက်လာပေပြီ။ ဆဗဲန်က စစ်သည်တော် ခေါ်လာပေးသော မြင်း၏ဇက်ကြိုးကိုကိုင်ကာ ယူဂျင်းအား ဦးညွှတ်အရိုအသေပေးလိုက်သည်။
“မြင်းပေါ် တက်ပါ၊ အရှင်မိဖုရား။”
ယူဂျင်းက ခြေနင်းအဖြစ် နင်းပြီးတက်ရန် ကိုယ်ကို ငုံ့ကိုင်းပေးထားသော စစ်သည်တော်ကို ကြည့်နေရာမှ အကြည့်ကို မြှင့်လိုက်သည်။ ဖြူဖွေးသော မြင်းဖြူကြီးက ထူးထူးခြားခြား ထင်ရှားပေါ်လွင်လှ၏။
ယူဂျင်းလည်း ခေါင်းကိုလှည့်ကာ ပတ်ပတ်လည်ကို အကျယ်တဝင့် အကဲခတ်လိုက်သည်။ ဘယ်သူမှ မိဖုရား၏ အနားဝန်းကျင်သို့ ချဉ်းကပ်နိုင်ခြင်းမရှိစေရန် စစ်သည်တော်များက ခက်ထန်သော မျက်နှာထားများနှင့် စူးစူးရဲရဲ ကြည့်နေကြ၏။
ဘုရင်မင်းမြတ်က အချက်ပြမီးရှူးပေါက်ကွဲရာနေရာသို့ ထွက်သွားပြီးသည့်နောက်တွင် စိတ်လှုပ်ရှားနေကြသော အခြေအနေက အများကြီး ငြိမ်သက်သွားခဲ့ပေပြီ။ သို့သော် ဟိုနား၊ ဒီနားမှ ငိုသံများကြားနေရဆဲပင်။ အထူးသဖြင့် ကလေးများ၏ ငိုသံများက ပိုများ၏။ ဤအတိုင်း ထွက်ခွာ၍တော့ မဖြစ်ပေ။
“ဆာ ဆဗဲန်။”
“အမိန့်ရှိပါ၊ အရှင်မိဖုရား။”
“အနီရောင်မီးရှူးလိုမျိုး အရေးပေါ်အခြေအနေမှာ မြေအောက်ပုန်းခိုရာနေရာကို ရှောင်တိမ်းရတယ်ဆို။”
လမ်းနှင့်နီးသော အဆောက်အအုံများဆောက်သည့်အခါ မြေအောက် ခိုလှုံရာနေရာကို ကျိန်းသေပေါက် ထည့်သွင်းတည်ဆောက်ကြရသည်။ အရေးပေါ် အချက်ပြမီးရှူးပေါက်ကွဲလျှင် လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသူများက အနီးဆုံး အဆောက်အအုံ၏ ခိုလှုံရာနေရာသို့ သွားလိုက်လျှင်ရပေပြီ။ ဥပဒေအရ အဆောက်အအုံ ပိုင်ရှင်များက ငြင်းပိုင်ခွင့်မရှိပေ။ သို့သော် ပတ်ဝန်းကျင်တွင် ကြီးမားသော အဆောက်အအုံများ အများအပြားရှိကြသော်လည်း အားလုံးက တံခါးကို စေ့စေ့ပိတ်ထားကြ၏။
“ခိုလှုံရာနေရာတစ်ခုစီမှာ လူတွေကို လက်ခံနိုင်တဲ့ အရေအတွက် ကန့်သတ်ချက် ရှိပါတယ်။ မကြာခင် ကွပ်ကဲရေးအရာရှိက လာပြီးစီစဉ်ပေးပါလိမ့်မယ်။”
ခိုလှုံရာနေရာများက အဆောက်အအုံအလိုက် အရွယ်အစား အမျိုးမျိုး ရှိကြ၏။ ကြီးမားသော အဆောက်အအုံများတွင် ခိုလှုံရာနေရာများကလည်း ကြီးမားပြီး ခိုင်ခံ့ပေသည်။ ကျိန်းသေပေါက် လူတို့က ခိုင်ခံ့သော ခိုလှုံရာနေရာများ၌သာ ရှောင်တိမ်းလိုကြပေမည်။
သို့သော် ယနေ့တွင် ပုံမှန်နှင့်မတူဘဲ တော်ဝင်ဇနီးမောင်နှံ၏ ခရီးစဉ်ကို လာရောက်ကြည့်ရှုကြသူများ အလွန်အကျွံ စုဝေးနေကြသဖြင့် ပြဿနာဖြစ်နေသည်။ အဆောက်အအုံပိုင်ရှင်များက လူအုပ်ကြီး စုဝေးလာလျှင် ခေါင်းကိုက်ရမည်ဖြစ်၍ တံခါးများကို လုံးဝပိတ်ထားလိုက်ကြ၏။
ဤကြားထဲတွင် ခိုလှုံရာနေရာမရသူများက အခြားနေရာများသို့လည်း မပြောင်းရွှေ့နိုင်ကြဘဲဖြစ်နေသည်။ မည်သည့်နေရာက ဘေးကင်းမှန်း မသိကြသောကြောင့်ပင်။ ဘေးကင်းသည့်နေရာကိုရှာရင်း ဆောက်တည်ရာမရဖြစ်နေရာမှ လာ့ခ်များ ပြေးလွှားသောင်းကျန်းရာ အန္တရာယ်ရှိသည့်နေရာသို့ ဝင်ရောက်သွားနိုင်ခြေလည်းရှိ၏။
ယူဂျင်းတစ်ယောက် ငိုနေသော ကလေးငယ်ကို ချော့မော့ရင် စိုးရိမ်ပူပန်နေသည့် သားသည်မိခင်ကိုမြင်တော့ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဆာ ဆဗဲန်။ အခုချက်ချင်း ပတ်ပတ်လည်က ခိုလှုံရာနေရာအားလုံးကို ဖွင့်ပေးပြီး ကလေးတွေကို အရင်ဆုံး ဘေးကင်းတဲ့ နေရာဆီ ပို့ပေးပါ။”
“ဟုတ်ကဲ့။ အမိန့်ကို တစ်ဆင့်လွှဲအပ်လိုက်ပါ့မယ်။”
“အခုချက်ချင်းလို့ ပြောနေတယ်လေ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်အချိန် ရောက်လာမယ်မှန်းမသိရတဲ့ ကွပ်ကဲရေးအရာရှိထက် စစ်သည်တော်တွေရဲ့ စကားက ပိုပြီးသက်ရောက်မှုရှိမှာပဲ။”
“အရှင်မိဖုရား။ ဒါပေမဲ့...”
“မြန်မြန်လုပ်ပါ။ ကလေးတွေရဲ့ ဘေးကင်းရေးကို အရင်ဦးဆုံး စီစဉ်ပေးပါ။”
ဆဗဲန်က အကျပ်ရိုက်နေသလိုပုံစံဖြင့် ကျန်စစ်သည်တော်များနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ဘုရင့်အမိန့်ကို လိုက်နာရပေမည်။ သို့သော် မိဖုရား၏ ညွှန်ကြားချက်ကိုလည်း လျစ်လျူရှု၍မဖြစ်ပြန်ပေ။ ဟိုလိုလည်း လုပ်မရ၊ ဒီလိုလည်း လုပ်မရနှင့် တုံ့ဆိုင်းနေသည့် ဆဗဲန်ကို ယူဂျင်းက ပြတ်သားစွာ ပြောလိုက်သည်။
“အရှင်မင်းကြီးက ဒီနေရာမှာ စုဝေးနေတဲ့ သူတွေကို ကာကွယ်ဖို့အတွက် လာ့ခ်တွေနဲ့ တိုက်ခိုက်ဖို့ သွားနေတာ။ ကျွန်မတစ်ယောက်တည်းပဲ ကိုယ်လွတ်ရုန်းလို့ မဖြစ်ဘူး။ ဒီပတ်ဝန်းကျင်ရဲ့ အခြေအနေတွေ မတည်ငြိမ်မချင်း ထွက်သွားဖို့ စိတ်ကူးမရှိလို့ အခုချက်ချင်း စလိုက်ပါ။”
သိတောင်မသိလိုက်ခင် လူတို့၏ ဆူညံသံများ တိတ်ဆိတ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွား၏။ ယူဂျင်း၏အသံက မကျယ်သော်လည်း အတော်လေး အလှမ်းဝေးသည်နေရာမှပင် ကြားနိုင်ပေသည်။
ဆဗဲန်လည်း ယူဂျင်း၏ စိတ်ပိုင်းဖြတ်ချက်ခိုင်မာမှုကို သဘောပေါက်သွားကာ ဦးညွှတ်လိုက်၏။ သူက နောက်ပိုင်း ဘုရင်မင်းမြတ်၏ ဆူပူအပြစ်တင်မှုကို ခံရလျှင်ပင် ပျော်ပျော်ကြီး လက်ခံမည်ဟု တွေးလိုက်တော့သည်။
“အရှင်မိဖုရားရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်။”
မိဖုရားက ရဲတိုက်ဆီသို့ ရှောင်တိမ်းခဲ့လျှင်ပင် သူ၏သစ္စာစောင့်သိမှုက ယိမ်းယိုင်မည် မဟုတ်ပေ။ အရေးပေါ်အခြေအနေတွင် နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရေးက ဘယ်အရာထက်မဆို အရေးအကြီးဆုံးပင်။
သို့သော် မိဖုရားက ပြည်သူများ၏ ဘေးကင်းရေးကို အရင်ဆုံး ဦးစားပေးလာသည့်အခါ အေးစက်သော သူ၏ မျက်လုံးများ တုန်ယင်သွားရတော့သည်။ အသက်နှင့်လဲရလျှင်ပင် မိဖုရားကို ကာကွယ်မည်ဟု ဘုရင်မင်းမြတ်အား ပြောခဲ့စဉ်က အမှန်တကယ် ရင်ထဲမှလာသည့်ဆန္ဒဖြစ်၏။ သို့သော် သူ၏သစ္စာစောင့်သိမှုထဲသို့ ပြင်းပြသော သန္နိဋ္ဌာန်က ပေါင်းစည်းရောစွက်သွားတော့သည်။
“အရှင်မိဖုရားရဲ့ စကားကို ကြားကြတယ်မဟုတ်လား။”
“ဟုတ်ကဲ့။”
စစ်သည်တော်များက တစ်ညီတစ်ညွတ်တည်း ဖြေကြားခဲ့ကြသည်။
“မင်းတို့က အနီးအနားမှာရှိတဲ့ ခိုလှုံရာနေရာတွေရဲ့ တံခါးတွေကိုလိုက်ဖွင့်ပြီး မင်းတို့က ကလေးတွေကို လိုက်စုစည်းကြ။”
စစ်သည်တော်များလည်း စတင် လှုပ်ရှားကြတော့သည်။ အချို့က အဆောက်အအုံတစ်ခုချင်းစီသို့ ပြေးသွားကာ တံခါးများကို ခေါက်ကြ၏။ အချို့ကတော့ လူများကို တန်းစီခိုင်းကြသည်။ ယူဂျင်းက တိကျသော စည်းမျဉ်းကို ချမှတ်ပေးလိုက်၏။ ကလေး၊ အုပ်ထိန်းသူ၊ အမျိုးသမီး၊ သက်ကြီးရွယ်အို အစရှိသဖြင့် ရှောင်တိမ်းရန် စည်းမျဉ်းများ ချက်ချင်းဆိုသလို ပေါ်ပေါက်လာတော့သည်။
အားလုံးက ဘာမှမပြောဘဲ စစ်သည်တော်များ၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြ၏။ မည်သူမှ ရှေ့ဆုံးတွင် နေရာရရန်အတွက် အတင်းအကျပ် မတောင်းဆိုကြပေ။ အရွယ်ရောက်များက ကလေးငယ်များကို ဦးစားပေးကာ လူငယ်အမျိုးသားများက နောက်သို့ပြန်သွားပြီး ရပ်ကြသည်။
ဖုန်း....
တတိယမြောက် အချက်ပြမီးရှူး ပေါက်ကွဲသွားတော့၏။ ကောင်းကင်ကို မော့ကြည့်နေသော ယူဂျင်း၏မျက်နှာ တင်းမာသွားရသည်။ စောစောက ဘုရင်မင်းမြတ်ပြေးသွားရာ လမ်းကြောင်းနှင့် လုံးဝမတူသော နေရာမှ ပေါက်ကွဲလာသည့် အနီရောင်မီးရှူးပင်။
မီးရှူးသုံးချက်တောင် ပေါက်ကွဲသည်ဖြစ်ရာ အခြေအနေက မည်သို့ဖြစ်နေမှန်း နားမလည်နိုင်တော့။
“အရှင်မိဖုရား။ ရှောင်တိမ်းပါတော့။ မြန်မြန်လေး ရဲတိုက်ကို။”
ယူဂျင်း၏ ဘေးတွင်ရှိနေသည့် ဆဗဲန်က မျက်စိပျက်မျက်နှာပျက်နှင့် အလျင်စလို ပြောခဲ့သည်။ ယူဂျင်းက မတူညီသော ခိုလှုံရာနေရာ တစ်ခုစီသို့ ဝင်ရောက်နေကြသည့်လူတန်းကြီးကို ကြည့်ကာ တွန့်ဆုတ်နေ၏။ ယခုအထိ ရှောင်တိမ်းရန် မအောင်မြင်သေးသူများ အများအပြား ရှိနေပေသည်။
“အရှင်မိဖုရား။ သွားမှဖြစ်ပါမယ်။”
ဂီး....
နားထဲသို့ စူးရှသော အော်သံကြီးတစ်ခု ဝင်လာသည်။ နေရာကား သိပ်မဝေးလှပေ။
~~~~
Miel's Translations