အပိုင်း ၁၁၈
‘သတင်းကြားတုန်းကတော့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာကို။’
မြို့တော်တွင် ပြန့်နေသော ကောလာဟလအတော်များများက ရှားလော့ထ်၏ နားထဲသို့ ရောက်လာတတ်သည်။ ရှားလော့တ်နှင့် ခင်မင်ရင်းနှီးချင်၍ သူ၏အိမ်တော်သို့ မပြတ်တမ်း ဝင်ထွက်နေကြသည့် မှူးမတ်အနွယ်တော်အမျိုးသမီးများမှာ နည်းနည်းနောနော မဟုတ်သည့်အပြင်၊ ထိုအထဲတွင် အခြေအမြစ်မရှိသည့် ကောလာဟလများကိုပါ ဖန်တီးချင်ကြသည်အထိ ပါးစပ်ဖွာသူများ ရှိနေသောကြောင့်ပင်။
ရှားလော့ထ်တစ်ယောက် တော်ဝင်ဇနီးမောင်နှံ၏ ဆက်ဆံရေးက ယခင်လိုမဟုတ်တော့ဘူးဟူသည့် စကားကို ကြားခဲ့သည်မှာ တော်တော်ကြာပေပြီ။ ခန့်မှန်းခြေ လွန်ခဲ့သည့် တစ်လလောက်ကတည်းကဖြစ်၏။ ထိုစဉ်က ပထမဆုံးအကြိမ်အဖြစ် တစ်စွန်းတစ်စကြားခဲ့ရကာ သာမန်ကောလာဟလတစ်ခုဟုသာ ထင်ထားခဲ့သည်။
သို့သော်လည်း အလားတူ ကောလာဟလများ မပြတ်တမ်းကြားနေရတော့ ‘တစ်ခုခု ပြောင်းလဲသွားပြီထင်တယ်’ ဟု တွေးခဲ့မိ၏။ သို့ရာတွင်ကောလာဟလကို အမှန်ဟုတ်၊ မဟုတ် ကိုယ်တိုင် လိုက်စုံစမ်းရလောက်သည်အထိတော့ စိတ်ဝင်စားမှုမရှိခဲ့။
ရှားလော့ထ်တွင် သူ၏စိတ်ဝင်စားမှုနယ်ပယ်ပြင်ပမှ လူတို့အပေါ် အင်မတန် ဘာသိဘာသာနေတတ်သည့် အကျင့်ရှိသည်။ ရလဒ်အနေနှင့် ဆုံးရှုံးမှုရှိလာလျှင်ပင် သူ့ကို စိတ်မသက်မသာဖြစ်စေသည့်လူနှင့် အဆက်အသွယ်မလုပ်ဘဲ နေတတ်သူဖြစ်၏။
ရှားလော့ထ်သာ အနည်းငယ် ယဉ်ယဉ်ကျေးကျေး ပြုမူကာ မိဖုရား၏စိတ်အလိုအတိုင်း လိုက်လျောပေးခဲ့မည်ဆိုလျှင် မိဖုရားနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ မိဖုရား၏ တစ်ဦးတည်းသော မိတ်ဆွေ သို့မဟုတ် အနီးကပ်ဆုံးသူငယ်ချင်း ဖြစ်လာဖို့ အခွင့်အလမ်းများစွာရှိ၏။ မိဖုရားက ရှားလော့ထ်ကို၊ အတိအကျပြောရလျှင် အထွတ်အမြတ်မြို့တော်ရှိ အင်အားကြီးမိသားစု၏ နောက်ခံရှိသော ရှားလော့ထ်၏ နောက်ခံအသိုင်းအဝိုင်းကို သဘောကျပေသည်။
သို့သော် ရှားလော့ထ်က သူတစ်ပါး၏ အာဏာကို အသုံးချပြီး မာန်တက်ရမည့် ကိစ္စများကို စိတ်မဝင်စားခဲ့။ အာဏာကိုကြိုက်ခဲ့မည်ဆိုလျှင် ဘယ်ရုစ်နှင့် လက်ထပ်ခဲ့မည်ပင်မဟုတ်။ ယခုအချိန်တွင် သူ့ခင်ပွန်းက နန်းရင်းဝန်အနေဖြင့် အင်အားကြီးမားသော အာဏာကို ချုပ်ကိုင်ထားသော်လည်း လက်ထပ်ခဲ့စဉ်ကမူ ဘယ်ရုစ်က အိမ်တော်၏ဆက်ခံသူလည်း မဟုတ်သလို အမွေဆက်ခံရမည့် ပိုင်ဆိုင်မှုလည်း များများစားစားမရှိခဲ့ပေ။
ရှားလော့ထ်၏ စံနှုန်းအရ မိဖုရားက ‘အကျိုးအမြတ်နဲ့ မသက်ဆိုင်ရင် ခင်မင်ရင်းနှီးချင်စိတ်မရှိတဲ့သူ’ ပင်။ ရှားလော့ထ်က သင့်တင့်သော အကွာအဝေးတစ်ခုကို ထိန်းသိမ်းလိုက်တော့ မိဖုရား၏ မျက်နှာထားနှင့် စကားပြောဟန်က ချက်ချင်းဆိုသလို အေးစက်သွားခဲ့သည်။
တစ်ခါတလေ ခေါ်တတ်သည့် စုဝေးပွဲသို့လည်း လွန်ခဲ့သော တစ်နှစ်ကတည်းက လုံးဝ ဖိတ်ကြားခြင်းမခံရတော့ပေ။ နောက်ကွယ်က တီးတိုးပြောကြသည်ဖြစ်စေ၊ မပြောကြသည်ဖြစ်စေ ရှားလော့ထ်ကတော့ လုံးဝဂရုမစိုက်ခဲ့။
သို့သော် လာ့ခ်သစ်ပင်ကြောင့် စိတ်ဝင်စားမှု ဖြစ်ပေါ်လာပြီး မကြာသေးမီက ဖိတ်ကြားခံရသော စုဝေးပွဲတွင် မိဖုရားနှင့် တွေ့ဆုံပြီးနောက် စိတ်ဝင်စားမှုက အတိုင်းအဆမရှိ မြင့်တက်လာတော့သည်။
ရှားလော့ထ်တစ်ယောက် ယခုအထိ သူ၏ စံနှုန်းများဖြင့် အကဲဖြတ်ထားသော မည်သည့်လူသားမျှ အဆိုးဘက်မှ အကောင်းဘက်သို့ ပြောင်းလဲသွားသည်ကို မတွေ့ဖူးသေးပေ။ သို့သော် လွန်ခဲ့သောရက်ပိုင်းက မိဖုရားနှင့် တွေ့ခဲ့ရစဉ်တွင် ယခင်က စိတ်မသက်မသာဖြစ်ခဲ့ရသော ပုံစံမျိုးကို လုံးဝမတွေ့ရတော့သဖြင့် အံ့အားသင့်ခဲ့ရသည်။ အခြားသူတစ်ဦးဟုပင် ထင်မိရ၏။
အကယ်၍ ယခင်ကသာဆိုလျှင် အထွတ်အမြတ်မြို့တော်သို့ အတူသွားရန် ကမ်းလှမ်းမှုကို ငြင်းပယ်မိလိမ့်မည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ မိဖုရားကို အနီးကပ် စောင့်ကြည့်လေ့လာရန် အခွင့်အရေးဟု ယူဆကာ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့၏။
ထို့အပြင် စောစောက ရံရွေတော်၏ လမ်းညွှန်မှုဖြင့် လေသာဆောင်သို့ ရောက်ရှိလာစဉ် မျက်မြင်တွေ့လိုက်ရသည့် မြင်ကွင်းက တော်ဝင်ဇနီးမောင်နှံနှင့် ပတ်သက်သည့် ကောလာဟလများကို အမှန်ဖြစ်ကြောင်း အတည်ပြုပေးလိုက်သလိုပင်။
ရှားလော့ထ်တစ်ယောက် တော်ဝင်ဇနီးမောင်နှံ အချင်းချင်း မျက်နှာချင်းဆိုင် စကားပြောနေရာမှ အနမ်းသို့ ကူးပြောင်းသွားသည့် အခိုက်အတန့်ကို မြင်လိုက်ရသည်။ နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်နေသည့် မျက်ဝန်းများတွင် ဖော်ပြနေသော လျှပ်တစ်ပြက်စာ ခံစားချက်များက လုံးဝအလိမ်အညာမဖြစ်နိုင်ပေ။
‘ဒီလို အရေးကြီးတဲ့သတင်းမျိုးကိုတောင် ဘာမှမသိဘဲနေရတယ်လို့။’
ရှားလော့ထ်က မသိမသာ အားနည်းချက်များစွာရှိသော ဘယ်ရုစ်ကို တွေးမိရင်း စုတ်သပ်လိုက်သည်။
ယူဂျင်းက ရှက်ရွံ့သောစိတ်ကို ထိန်းချုပ်နေရ၍လည်းကောင်း၊ ရှားလော့ထ်က အတွေးများစွာ တွေးတောနေရ၍လည်းကောင်း နှစ်ယောက်သား စကားမပြောဖြစ်သေးဘဲ ဆက်ထိုင်နေကြ၏။ ရံရွေတော် လက်ဖက်ရည်နှင့် မုန့်များကို ပြင်ဆင်ပေးကာ ဆုတ်ခွာသွားပြီးသည့်နောက်မှ ယူဂျင်းက လက်ဖက်ရည်ခွက်ကိုကိုင်ရင်း ဧည့်ဝတ်ပြုလိုက်သည်။
“သုံးဆောင်ပါဦး။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
“သားလေးက ခြောက်နှစ်ရှိပြီလို့ ပြောခဲ့တယ်နော်။ အတူလိုက်ခဲ့မှာလား။”
“ခရီးရှည်သွားဖို့ကတော့ ငယ်ပါသေးတယ်ရှင့်။”
“ဒီလောက်ကြာကြာ ခွဲခွာနေရတာ ပထမဆုံးဖြစ်မှာကို။ ကလေး စိတ်မကောင်းဖြစ်နေတော့မှာပဲ။”
ရှားလော့ထ်က ခရီးလမ်းချောမွေ့ပါစေဟု ပြောခဲ့သော တည်ငြိမ်လှသည့် သားငယ်ကိုတွေးရင်း ပြုံးလိုက်မိသည်။ ကလေးအဖေကတော့ သူ့သားလောက်ပင် မလုပ်နိုင်ခဲ့။ ခင်ပွန်းဖြစ်သူက ထိုမျှအကြာကြီး သူ့ကို တစ်ယောက်တည်း ထားရစ်ခဲ့ကာ တကယ်ပဲ သွားတော့မှာလားဟု တစ်လျှောက်လုံး ညည်းညူနေခဲ့၏။
“ငါ တအားအလျင်စလို ကမ်းလှမ်းမိလိုက်တာများလား။ ခရီးရှည်ကြီးကို ပြင်ဆင်ဖို့ အချိန်ကလည်း တအားကျပ်တည်းသွားတယ်ဆိုတော့။”
“မဟုတ်ရပါဘူး၊ အရှင်မိဖုရား။ ကျွန်မတစ်ယောက်တည်း သွားရမှာကို ပြင်ဆင်စရာက ဘာများ များများစားစားလိုမှာလဲရှင့်။ ဘေးကင်းရေးက အကြီးမားဆုံးပြဿနာဆိုပေမဲ့ အဲ့ဒီစိုးရိမ်မှုက လျော့ပါးသွားပြီဆိုတော့ ဒီတစ်ခါလောက် စိတ်အေးရတဲ့ခရီးမျိုး ရှိမှာမဟုတ်ပါဘူး။ မတွေ့တာကြာပြီဖြစ်တဲ့ မိဘတွေကို ဂါရဝပြုရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေမိတာပါ။”
“အဲ့ဒီလိုဆိုရင်တော့ တော်ပါသေးရဲ့။ ဘာကိစ္စနဲ့ ငါ့ကို တွေ့ချင်ရတာလဲ။”
“အထွတ်အမြတ်မြို့တော်အထိ ခရီးစဉ်လမ်းကြောင်းရဲ့ သတင်းအချက်အလက်ကို မေးမြန်းချင်လို့ တွေ့ဆုံခွင့်တောင်းလိုက်ရတာပါ။ ပေးပို့လိုက်တဲ့ လမ်းကြောင်းကို စစ်ဆေးကြည့်တော့ ပိုပြီး သက်သောင့်သက်သာ ခရီးသွားနိုင်မဲ့ လမ်းသစ်က ပါဝင်မနေတာကို တွေ့ရပါတယ်။”
“ဟုတ်လား။ စုံစမ်းကြည့်ဦးမှပဲ။”
"မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်အောင် ကျွန်မ စီစဉ်ပြီး ယူလာခဲ့ပါတယ်။"
ယူဂျင်းက ရှားလော့ထ် ကမ်းပေးလာသော မှတ်စုစာအုပ် ပါးပါးလေးကို ဖွင့်ကြည့်လိုက်သည်။ သပ်ရပ်သော လက်ရေးဖြင့် မြေပုံ၏ တစ်စိတ်တစ်ပိုင်းကိုပင် ထပ်ဆွဲထားကာ အကျဉ်းချုပ်ရေးသားထားသော ရှင်းလင်းချက်များက ပထဝီဝင်ကို နားမလည်သူ ယူဂျင်းအဖို့ပင် ကြည့်ရှုရန် လွယ်ကူနေ၏။ လင်မယားတွေက တကယ် တူတတ်ကြတဲ့ပုံပဲဟု စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
အကြိမ်အနည်းငယ် မေးမြန်းခြင်းဖြင့် အကြောင်းအရာကို အကြမ်းဖျင်း နားလည်အောင်လုပ်ပြီးနောက် ယူဂျင်းက မှတ်စုကို သိမ်းလိုက်သည်။
"အထောက်အကူ အများကြီးဖြစ်မှာပဲ။"
"မလိုအပ်ဘဲ ကြားဝင်ပြီး အလုပ်ရှုပ်စေမိတာလား မသိပါဘူး။"
"အကူအညီဖြစ်စေမဲ့ အကြံဉာဏ်ပဲကို ဘာလို့ အလုပ်ရှုပ်စရာဖြစ်ရမှာလဲ။"
ယူဂျင်းက အခွင့်အရေးကောင်းပဲဟု ယူဆကာ စကားဝိုင်း၏ ဦးတည်ရာကို သဘာဝကျကျလေး ပြောင်းလိုက်သည်။
"အရင်တုန်းကလည်း ငါ့ကို ကူညီပေးခဲ့ဖူးတယ်မဟုတ်လား။"
ရှားလော့ထ်က နားမလည်သည့်ပုံစံဖြင့် မျက်နှာမော့လာသည်။
"ငါ မယ်မင်းနဲ့ သီးသန့်တွေ့ပြီး အကူအညီတောင်းခဲ့တဲ့ကိစ္စကို ပြောတာ။"
"အကူအညီ ပေးခဲ့တယ်ဆိုပြီး ဂုဏ်ယူဝံ့ကြွားရမဲ့ကိစ္စ မဟုတ်ပါဘူး။ အရှင်မိဖုရားရဲ့ စကားကို အမေဘက်က ဘိုးဘွားအိမ်ဆီ တစ်ဆင့်စကားပါးပေးရုံသက်သက်ပါပဲ။"
ရှားလော့ထ်၏ အဖြေက မှတ်ဉာဏ်ကို လှုံ့ဆော်ပေးသည့် keyword အဖြစ် အကျိုးသက်ရောက်ခဲ့သည်လားမသိ၊ ဂျင်၏ မှတ်ဉာဏ်များ ပြန်ပေါ်လာခဲ့သည်။ အဝတ်အစားသာ ပြောင်းလဲသွားသည့် အတိတ်မှ ရှားလော့ထ်က သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။
「ငါ့ရဲ့စာကို မယ်မင်းရဲ့ အမေဘက်က ဘိုးဘွားအိမ်တော်ဆီ ပို့ပေးစေချင်တယ်။」
「ကျွန်မ အမေဘက်က ဘိုးဘွားအိမ်တော်ရဲ့ အကူအညီနဲ့ ရှာချင်တဲ့သူရှိတယ်ဆိုပြီး ပြောခဲ့တာ အဲ့ဒီအကြောင်းအရာလားရှင့်။」
「အဲ့ဒီသဘောပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။ အမ်... လျှို့ဝှက်ထားဖို့ စိတ်ကူးမရှိဘူးလို့ပြောနေတာ။ မယ်မင်းရဲ့ အမေဘက်ကအဘိုးမှာ ထူးခြားတဲ့ဝါသနာ ရှိတယ်ဆို။ ငါ့မှာလည်း အဲ့ဒီလို ဝါသနာမျိုးရှိတယ်။」
ယူဂျင်းက ရှားလော့ထ်၏ မိခင်ဘက်မှအဘိုး၏ ဝါသနာကို ရှေးဟောင်းစာအုပ် စုဆောင်းခြင်းနှင့် သက်ဆိုင်သည်ဟု ယူဆခဲ့သည်။ ဂျင် အကူအညီတောင်းခံချင်လောက်အောင် ထိုနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်ပေလိမ့်မည်။
'ဒါဆို ဘုရင့်တိုင်းပြည်ကို မလာခင်ကတည်းက ပိုပြီးတော့ အလွယ်တကူ အကူအညီတောင်းလို့ ရခဲ့တာပဲ။ ဂျင်က မြို့စားရဲ့ အမေကိုတောင် စကားပြောခဲ့ဖူးတာဆိုတော့ လုံးဝ မသိတဲ့သူတွေလည်း ဟုတ်ပုံမရဘူး။ ဘာလို့ အော်စကာမြို့စားကနေတစ်ဆင့် အလုပ်ရှုပ်ခံရတဲ့ လုပ်ငန်းစဉ်ကို ရွေးခဲ့တာပါလိမ့်။'
မှတ်ဉာဏ်ထဲက မဟုတ်ဘဲ လက်ရှိအချိန်၏ ရှားလော့ထ်က ပြောလာသည်။
"ဒါပေမဲ့ ကျွန်မကတော့ အဲ့ဒီနောက်ပိုင်းကိစ္စတွေကို မသိပါဘူး။ ဝါခေါမ် မြို့စားမင်းက နှုတ်လုံတဲ့သူဆိုတော့ အဲ့ဒီအချက်ကို စိတ်မပူပါနဲ့။"
နားထဲတွင် ရင်းနှီးနေသောနာမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မြင်ကွင်းအသစ်တစ်ခု ပေါ်လာသည်။
「မယ်မင်းရဲ့အဘိုးဆီ ပို့မဲ့စာတွေက တစ်ကြိမ်၊ နှစ်ကြိမ်နဲ့ ပြီးသွားမှာမဟုတ်ဘူးထင်တယ်။ မယ်မင်းကို အစေအပါးလိုတော့ သုံးလို့ဘယ်ရမလဲ။ ငါ အဆင်ပြေပြေ ခေါ်လို့ရပြီး ပေးစာတွေ အပ်နှံနိုင်လောက်တဲ့အထိ ယုံကြည်လို့ရမဲ့၊ မယ်မင်းရဲ့ အဘိုးနဲ့လည်း ခင်မင်ရင်းနှီးတဲ့သူ တစ်ယောက်ကို မိတ်ဆက်ပေးလို့ရမလား။」
「ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။ သေချာ ဂရုတစိုက် ရှာဖွေပြီးမှ လျှောက်တင်ပါ့မယ်။」
'အာ... ဝါခေါမ် မြို့စားက အော်စကာ မြို့စား မိတ်ဆက်ပေးခဲ့တဲ့သူကိုး။'
ရှေးဟောင်းစာအုပ်ရောင်းသူ ဝါခေါမ် မြို့စားမှာ ယူဂျင်း တစ်ကြိမ်တော့ မဖြစ်မနေတွေ့ရမည်ဟု ပြင်ဆင်ထားသည့်သူပင်။ သို့သော် ဝါခေါမ်မြို့စားအကြောင်း ပြောပြခဲ့သည့် မာရီအန်းက ရှားလော့ထ်နှင့် ပတ်သက်မှုရှိသည်ကိုတော့ မပြောခဲ့ပေ။
'မာရီအန်းက သိလျက်နဲ့ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး။ သူ မသိတာပဲဖြစ်ရမယ်။'
ယူဂျင်းက ရှားလော့ထ်ကို ယုံကြည်စိတ်ချရသူဟု ခံစားရသည်။ ယခင် မိဖုရားကို ကိုယ်ရေးကိုယ်တာကိစ္စဖြင့် အကူအညီပေးခဲ့ကြောင်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဘယ်သူ့ကိုမှ မပြောဘဲ နေခဲ့ပုံပင်။
"အထင်မလွဲပါနဲ့။ မယ်မင်းဆီကနေ တစ်ခုခုကို မေးမြန်းနှိုက်ထုတ်ဖို့ ရည်ရွယ်ပြီး ဒီအတိတ်ကအကြောင်းကိစ္စကို အစဖော်တာမဟုတ်ဘူး။ ရုတ်တရက် သတိရသွားလို့။ ပြီးတော့ ငါ မယ်မင်းကို ကျေးဇူးတင်စကားလည်း လုံလုံလောက်လောက် မပြောရသေးဘူးထင်လို့လေ။ ဒီအတောအတွင်း အကူအညီ အများကြီးရခဲ့တယ်။ ကျေးဇူးပါပဲ။"
ရှားလော့ထ်က ထူးဆန်းသော မျက်နှာထားဖြင့် ယူဂျင်းကိုကြည့်ကာ ခေါင်းငုံ့လိုက်သည်။
"လွန်လွန်ကျူးကျူး ချီးမွမ်းခြင်းပါပဲ။"
တကယ် ထူးဆန်းတာပဲဟု ရှားလော့ထ်က တီးတိုးရေရွတ်လိုက်သည်။ အတိတ်ကကိစ္စများကို အလေးအနက် ထုတ်ပြောပြီး ကျေးဇူးတင်စကား ပြောနေသည့် မိဖုရားက ရှားလော့ထ် ဟိုးယခင်က အကဲဖြတ် သုံးသပ်ထားသည့် မိဖုရားနှင့် မတူပေ။ ကြာကြာစကားပြောကြည့်မှ သေးငယ်သော ခြားနားချက်များကို ပို၍သတိထားမိလာသည်။ စကားပြောဟန်၊ မျက်နှာထား၊ မျက်လုံးအကြည့်။ အရာအားလုံးက ကွဲပြားနေ၏။ လုံးဝ မတူညီသော လူတစ်ယောက်လိုပင်။
~~~~
"မှတ်သားထားတဲ့ အပိုင်းတွေကို ပြန်စစ်ဆေးပြီး ယူလာခဲ့။"
"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။"
အကြံပေးအရာရှိက စာရွက်စာတမ်းတစ်ထပ်ကို ပွေ့ပိုက်ကာ ကျောခိုင်းလှည့်ထွက်သွားသည်။ ကိုင်းကျနေသော ပခုံးများ၊ နှေးကွေးသော လမ်းလျှောက်ပုံ၊ ပင်ပန်းနွမ်းနယ်မှု အပြည့်ပါသော မျက်လုံးများ...ဘယ်သူပဲကြည့်ကြည့် အကြံပေးအရာရှိ၏ ပုံပန်းသဏ္ဌာန်က အခြေအနေမဟန်ကြောင်း သိသာလှ၏။ လှမ်းတို့လိုက်ရုံလေးဖြင့် လဲကျကာ အိပ်ပျော်သွားတော့မည့်ပုံပင်။
အပါးတော်မြဲ အကြီးအမှူးက သူ့ရှေ့မှ ဖြတ်သွားသော အကြံပေးအရာရှိကို အထက်အောက် စုန်ချည်ဆန်ချည် အကဲခတ်ကာ စုတ်တသပ်သပ်ဖြင့် ခါးသီးစွာ ရေရွတ်လိုက်သည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ညွှန်ကြားထားသဖြင့် ရက်ပိုင်းလောက် အနားမရဘဲ အလုပ်ပိနေကြရသူများမှာ တစ်ယောက်စ၊ နှစ်ယောက်စ မဟုတ်ပေ။
သုံးနှစ်တာကာလတစ်လျှောက် တစ်ကြိမ်တည်းသော ခရီးစဉ်မှလွဲ၍ ဘုရင်မင်းမြတ်က ရဲတိုက်မှ တစ်လကျော်ကြာအောင် ထွက်ခွာသွားခြင်းမျိုး မရှိဖူးခဲ့။ ထို့အပြင် လွန်ခဲ့သော သုံးနှစ်က အထွတ်အမြတ်မြို့တော်သို့ မထွက်ခွာမီ ပြင်ဆင်ရန် အချိန်လုံလောက်စွာ ရရှိခဲ့သဖြင့် ယခုကဲ့သို့ ကတိုက်ကရိုက် ခရီးထွက်ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ အရေးပေါ်အခြေအနေ ဖြစ်နေသည်မှာ အံ့ဩစရာမရှိပေ။
သို့သော် သစ္စာစောင့်သိသော အပါးတော်မြဲအကြီးအမှူးက ဖြူရော်နေသော အကြံပေးအရာရှိထက် ပင်ပန်းနွမ်းနယ်သည့် လက္ခဏာ လုံးဝမပြသော ဘုရင်မင်းမြတ်ကို ပို၍စိုးရိမ်ပူပန်နေသည်။ ပုံမှန်ဆိုလျှင် အမြဲတမ်း ရှိနေကြောင်းမသိသာအောင် အသေးအဖွဲကိစ္စလေးများကိုသာ ဆောင်ရွက်ပေးနေကျဖြစ်သော အပါးတော်မြဲအကြီးအမှူးက ဂရုတစိုက်ဖြင့် ဘုရင်မင်းမြတ်ရှေ့သို့ ချဉ်းကပ်လာပြီး လျှောက်တင်ခဲ့၏။
"အရှင်မင်းကြီး။ အလုပ်ကို အလွန်အကျွံလုပ်ဆောင်နေပါပြီ။ မနက်ဖြန် ခရီးရှည် ထွက်ခွာရမှာမို့လို့ နာမကျန်းဖြစ်မှာကို စိုးရိမ်မိပါတယ်။ ခဏလောက်ပဲဖြစ်ဖြစ် အနားယူတော်မူပါဦး။"
"အချိန်မရှိပါဘူးဆို အလုပ်တွေက ပုံနေပါရောလား။ ခဏနေ ကျုပ်ဘာသာ ကြည့်ကြပ်အနားယူလိုက်မယ်။"
"ဒါပေမဲ့လည်း အရှင်မင်းကြီး။ အခု နှစ်ရက်လုံးလုံး တစ်ရေးမှ မအိပ်ရသေးဘူးမဟုတ်ပါလား။"
လှုပ်ရှားနေသော မင်တံက တုံ့ခနဲ ရပ်တန့်သွားသည်။ ခါဆယ်ရ်က ခေါင်းထောင်လာကာ အပါးတော်မြဲအကြီးအမှူးကိုကြည့်ရင်း မေးမြန်းလိုက်၏။
"နှစ်ရက်ပေါ့လေ။"
"ဟုတ်ပါတယ်၊ အရှင်မင်းကြီး။"
အပါးတော်မြဲအကြီးအမှူးက ဘာမှမပြောဘဲ အတွေးနယ်ချဲ့နေသော ဘုရင်မင်းမြတ်၏ မျက်နှာထားကို အကဲခတ်ရင်း ပြောလိုက်သည်။
"အားလုံးကို ခဏလေး ဆုတ်ခွာနေဖို့ အမိန့်ပေးလိုက်ရမလားခင်ဗျ။"
အိပ်ရေးပျက်သည့်အခါမျိုးတွင် ဘုရင်မင်းမြတ်က ထိုင်ခုံကိုမှီကာ ခဏတဖြုတ် တစ်ရေးအိပ်လေ့ရှိသည်။ သက်သောင့်သက်သာ အိပ်ရာပေါ်တွင် လဲလျောင်းကာ အနားယူခြင်းနှင့် ယှဉ်၍မရသော်လည်း ထိုကဲ့သို့ ခေတ္တမျှ အိပ်စက်ခြင်းကပင် အကူအညီဖြစ်နိုင်လိမ့်မည်ဟု အပါးတော်မြဲအကြီးအမှူးက တွေးလိုက်၏။
"....အဲ့ဒီအတိုင်းပဲလုပ်လိုက်။"
အားလုံး ဆုတ်ခွာသွားပြီးနောက် တစ်ယောက်တည်း ကျန်ရစ်သော ခါဆယ်ရ်က မိမိ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးလိုက်သည်။ အလုပ်ထဲတွင် အလွန်အမင်း နစ်မြုပ်နေသဖြင့် ပင်ပန်းနွမ်းနယ်မှုကို မေ့လျော့နေခြင်းများဖြစ်မည်လား။
သူက 'မဟုတ်ဘူး' ဟု ကောက်ချက်ချလိုက်သည်။ စိတ်ကနိုးကြားနေသည်ဆိုလျှင်ပင် ဤမျှကြာအောင်၊ ဤမျှအထိ ကြည်လင်သောစိတ်ကို ထိန်းထားနိုင်စရာ အကြောင်းမရှိပေ။
ဘုရင်မင်းမြတ်က သာမန်လူများထက် မွေးရာပါ ခံနိုင်ရည်နှင့် ကိုယ်ခံအားပိုကောင်း၏။ သို့သော်လည်း အမြဲတမ်းတော့ မပြိုလဲမည့်သူ မဟုတ်ပေ။ အခြားသူများနှင့်ယှဉ်လျှင် လှုပ်ရှားမှုပိုများသော်လည်း ပင်ပန်းမှုနည်းပါးကာ ပြန်လည်ကောင်းမွန်သက်သာမှုနှုန်း ပိုမိုမြန်ဆန်ခြင်းသာဖြစ်၏။ တစ်ရက်လောက်ကတော့ အလွယ်တကူ ညဉ့်နက်သည်အထိ နေနိုင်သော်လည်း နှစ်ရက်ကျော်သွားပါက ဟိုနည်းနည်း၊ ဒီနည်းနည်း အိပ်စက်ခြင်းဖြင့် အိပ်ရေးကိုဖြည့်တင်းမှသာ ဆက်လက် ခံနိုင်ရည်ရှိပေမည်။
သို့သော် ခါဆယ်ရ် ခံစားနေရသော လက်ရှိ ခန္ဓာကိုယ်အခြေအနေမှာ ယခင်ကနှင့် မတူပေ။ နှစ်ရက်တာလုံး တစ်မှေးမျှပင် မအိပ်စက်ရသေးသော်လည်း မနက်ခင်း စောစောစီးစီး အိပ်ရေးဝစွာ နိုးထလာသည့်အလား ခန္ဓာကိုယ်က လန်းဆန်းပေါ့ပါးနေကာ ဦးနှောက်ကလည်း ကြည်လင်နေ၏။
တွေးကြည့်လိုက်တော့ ယခုတလော ပင်ပန်းသည်ဟု ခံစားရခြင်းမရှိခဲ့ပေ။
သူက မိမိ၏ လက်နှစ်ဖက်ကို ငုံ့ကြည့်ပြီးနောက် လက်သီးကိုဆုပ်လိုက်သည်။ သူ၏ မျက်လုံးပြာပြာထဲတွင် စုဝေးလာသော ပရာ့ဂ်ျက မျက်ဆံပေါ်တွင် ထပ်သွားကာ မျက်ဆန်ကို ဒေါင်လိုက် ရှည်လျားသွားစေ၏။
သူကြည့်နေသော ညာဘက်လက်မောင်းပေါ်တွင် ဝိုးတိုးဝါးတား အကြေးခွံ၏ပုံရိပ်များ စတင်ပေါ်လာသည်။ တံတောင်ဆစ်နားတစ်ဝိုက်မှ သူ၏လက်မောင်းကို ရစ်ပတ်ကာ တက်လာသည့် ပုံသဏ္ဌာန်ဖြင့် ပေါ်ထွက်လာသော အပြာရောင်မြွေ၏ ပုံသဏ္ဌာန်က တဖြည်းဖြည်းနှင့် ပို၍ ရှင်းလင်းပြတ်သားသော ပုံစံသို့ ရောက်ရှိလာ၏။
အမြီးမှစ၍ တဖြည်းဖြည်း ပိုမိုရှင်းလင်းပေါ်လွင်လာပြီးနောက် ပရာ့ဂ်ျက မြွေ၏ ပုံသဏ္ဌာန်ကို အပြည့်အဝရရှိကာ ခေါင်းကို မတ်မတ်ထောင်ပြီး ခါဆယ်ရ်ကို စိုက်ကြည့်ခဲ့သည်။ ဘာကြောင့်ခေါ်သလဲဟု မေးနေသည့်အလား မျက်လုံးချင်းဆုံကာ ရှည်လျားသော လျှာကို လှုပ်ရှားလိုက်၏။
ခါဆယ်ရ်က မျက်ခုံးနှစ်ဖက်ကိုကျုံ့ကာ ပရာ့ဂ်ျနှင့် အကြည့်ချင်းဆိုင်နေခဲ့သည်။ ပရာ့ဂ်ျနှင့် အားပြိုင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ သူ၏ လက်မောင်းကို ရစ်ပတ်ထားသည့် အပြာရောင်မြွေကို အကဲခတ်နေခြင်းသာဖြစ်၏။
~~~~
Miel's Translations