အပိုင်း ၁၁၇
ဘုရင်က ဆန်းဂျယ်၏ဆင့်ခေါ်ခြင်းကိုလက်ခံရရှိသည့်နေ့မှစ၍ နောက်နှစ်ရက်အပါအဝင် စုစုပေါင်း သုံးရက်တာ ပြင်ဆင်မှုများအပြီး၌ နောက်တစ်နေ့တွင် အထွတ်အမြတ်မြို့တော်သို့ ထွက်ခွာမည့်ရက်ဟု သတ်မှတ်လိုက်သည်။ ဘုရင်မင်းမြတ်နှင့် မိဖုရားတို့ အတူတကွ ခရီးထွက်ကြမည်ဖြစ်သဖြင့် ရဲတိုက်က အချိန်အတန်ကြာ အရှင်သခင်မဲ့နေမည်ဖြစ်ရာ ယခုထက်ပို၍ အချိန်လျှော့ချရန် မဖြစ်နိုင်တော့ပေ။
ပြင်ဆင်ချိန် အလွန်ကျပ်တည်းနေသဖြင့် ရဲတိုက်တစ်ခုလုံး အလုပ်များနေကြ၏။ ရဲတိုက်အမှုထမ်းများက ပစ္စည်းများကိုထုပ်ပိုးကြကာ အရာရှိများက အထက်အရာရှိ၏ ဆုံးဖြတ်ချက်လိုအပ်သည့် အရေးတကြီး အလျင်လိုသောအလုပ်များကို ရှင်းလင်းကြပြီး ဘုရင်နှင့်မိဖုရားကလည်း ရွှေ့ဆိုင်းထားရမည့် အစိုးရလုပ်ငန်းစဉ်များကို ညှိနှိုင်းစီစဉ်နေကြသည်။
ယူဂျင်းက အကြံပေးတင်ပြလာသော စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် ပြန်ပေးလိုက်၏။
"ငါမရှိလည်း ဒီကိစ္စကို ဆက်လုပ်ထား။"
"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။" ဟု စင်ဒီက ပြန်ဖြေခဲ့သည်။
အကြံပေးသုံးဦးအနက် တစ်ဦးက ကျန်နေခဲ့ကာ နှစ်ဦးသာလိုက်ပါကြမည်ဖြစ်၏။ အထွတ်အမြတ်နေရာသို့ လိုက်ပါခဲ့သော စင်ဒီက ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် အိမ်မှအချိန်ကြာကြာခွာ၍ ခရီးဝေးမသွားနိုင်ဟု အကြောင်းပြကာ မိမိသဘောနှင့်မိမိနေရစ်ခဲ့သည်။
“အခစားဝင် လက်ခံတွေ့ဆုံမဲ့ ရက်ချိန်းတွေကို အချိန်အကန့်အသတ်မရှိ နောက်ဆုတ်လိုက်ရတာက အကြီးဆုံးပြဿနာပဲ။ နောက်ကျလို့ ငါပြန်လာမှပဲ အရှေ့ဆုံးမှာ နာမည်ပါတဲ့သူတွေကို ဦးစားပေးပြီးတော့ အချိန်ပြန်သတ်မှတ်ပေးပေါ့။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
တကယ့် လူမှုရေးလုပ်ရှားမှုများကို မစတင်ရသေးသည့် ယူဂျင်းအဖို့ အခြေအနေကို ထိန်းချုပ်ရန် မခက်ခဲခဲ့ပေ။ ခရီးမထွက်မီနေ့၏ ညနေခင်းသို့ရောက်သောအခါ အလုပ်များကို အကြမ်းဖျင်း ရှင်းလင်းပြီးစီးသွားခဲ့သည်။
သို့ရာတွင် ဘုရင်မင်းမြတ်၏ အခြေအနေကမူ တစ်မျိုးတစ်ဖုံကွဲပြား၏။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ဘုရင်မင်းမြတ်က နေ့ရောညပါ အလုပ်လုပ်နေခဲ့ရသည်။ ညဘက်တွင် အိပ်ခန်းထဲသို့ ဝင်လာခြင်းမရှိသည့်အပြင် ယူဂျင်းတစ်ယောက် သူ့မျက်နှာကိုပင် မမြင်တွေ့ခဲ့ရ။ အစားကိုပင် အဆင်ပြေသလိုစားနေသည်ဟု ကြားရသောအခါ ယူဂျင်း သူ့ကို သနားသော်လည်း ဘုရင်မင်းမြတ်၏ အခြေအနေကို လုံးဝဂရုမစိုက်သည့် ဆန်းဂျယ်၏ ပြုမူပုံအပေါ် စိတ်ထဲမှ တော်တော်လေး စိတ်တိုလာခဲ့သည်။
‘သာမန်လူတောင်မှ ခရီးထွက်မယ်ဆိုရင် ဘယ်လောက်တောင် ပြင်ဆင်စရာတွေများလိုက်လဲလို့။ တိုင်းပြည်တစ်ခုရဲ့ဘုရင်ကို ဒီလိုပုံစံမျိုးနဲ့ ခေါ်ရဲတာ၊ ဘယ်လောက်တောင် ယဉ်ကျေးမှုမရှိတဲ့လုပ်ရပ်လဲ။’
သို့သော် ယူဂျင်း အထင်လွဲနေသော အချက်တစ်ခုရှိသည်။ အမှန်ဆိုလျှင် ဆန်းဂျယ် ခေါ်လိုက်သူမှာ အာနီခါဖြစ်သည့် ယူဂျင်းတစ်ဦးတည်းသာ။ ယူဂျင်းနှင့်အတူ လိုက်ပါနိုင်ရန်အတွက် ခါဆယ်ရ်က မြင်းရိုင်းတစ်ကောင်လို အသည်းအသန် ဒုန်းစိုင်းပြေးနေသည်ဟူ၍ကား မတွေးကြည့်မိခဲ့ပေ။
ယူဂျင်းက ခရီးမထွက်မီ အချိန်ရှိသေးသဖြင့် စာကြည့်ခန်းသို့ ဝင်လျှင်ကောင်းမလားဟု စဉ်းစားနေစဉ် ရံရွေတော်တစ်ဦး ဝင်လာကာ လျှောက်တင်လေသည်။
“အရှင်မိဖုရား။ အော်စကာ မြို့စားမင်း စေလွှတ်လိုက်တဲ့ အစေအပါး ရောက်လာပါတယ်။ သတင်းစကားပါးလိုက်တဲ့စာ ပါလာပါတယ်ရှင့်။”
ယူဂျင်းက ရှားလော့ထ် ပေးပို့လိုက်သောစာကို ဖွင့်ဖတ်လိုက်သည်။ စာထဲတွင် အထွတ်အမြတ်မြို့တော်သို့ ခရီးစဉ်နှင့်ပတ်သက်၍ အတည်ပြုလိုကြောင်းနှင့် တွေ့ဆုံရန်တောင်းဆိုထားသည်ကို တွေ့ရ၏။
ယူဂျင်းတစ်ယောက် လွန်ခဲ့သောနှစ်ရက်က မှူးမတ်ကတော် ခြောက်ဦးကို အထွတ်အမြတ်မြို့တော်သို့ အတူလိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။ ကလေးငယ် ဖျားနာနေသဖြင့် အနားမှမခွာနိုင်ဟုပြောခဲ့သည့် တစ်ဦးမှလွဲ၍ ကျန်ငါးဦးက လိုက်ပါမည်ဟု အကြောင်းပြန်ခဲ့ကြ၏။ ရဲတိုက်ထဲသို့ လူခေါ်တွေ့ရန် လုပ်ထုံးလုပ်နည်းများမှာ အင်မတန်ရှုပ်ထွေးလှသဖြင့် အစေအပါးများမှတစ်ဆင့်သာ မှူးမတ်ကတော်များနှင့် ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် တွေ့ဆုံပွဲနောက်ပိုင်းတွင် သူတို့ထဲက မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိတော့ပေ။
မိမိအထက်မှပုဂ္ဂိုလ်ကို ထိုနေ့တွင်ပင် တွေ့ဆုံရန်တောင်းဆိုခြင်းမှာ ပုံမှန်အားဖြင့် ယဉ်ကျေးမှုနှင့်မညီသော်လည်း ယူဂျင်းက အခြေအနေကို နားလည်ပေးလိုက်သည်။
“မြို့စားရဲ့အစေအပါးဆီသွားပြီး ခွင့်ပြုကြောင်း ပြောလိုက်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
ယူဂျင်းက ခဏအကြာတွင် ရံရွေတော်ကိုပြန်ခေါ်ကာ အမိန့်ပေးလိုက်သည်။
“အော်စကာ မြို့စား ရောက်လာရင် လေသာဆောင်ကို ခေါ်လာလိုက်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
ယူဂျင်းလည်း ချက်ချင်းထရပ်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ တော်တော်လေးကြာမှ လက်ဖက်ရည်တစ်ခွက်လောက် အေးအေးလူလူ သောက်ချင်မိ၏။ ရှားလော့ထ်နှင့် စကားပြောရန်အတွက်လည်း တင်းမာသည့် ရုံးခန်းထက် စိတ်ဖိစီးမှုကိုလျှော့ချနိုင်သည့် သက်တောင့်သက်သာရှိသော လေသာဆောင်က ပိုကောင်းမည်ဟု ထင်မိသည်။ ယင်းက မြို့စားကို ပို၍နားလည်နိုင်ရန် အထောက်အကူဖြစ်စေပေမည်။
လွန်ခဲ့သည့်ရက်ပိုင်းက တွေ့ဆုံရန် အခွင့်အရေးရခဲ့သော်လည်း မြို့စားက မည်သို့သောလူဖြစ်ကြောင်း သိရှိရန် အခွင့်မသာခဲ့ပေ။ ဧကန္တများဆိုပြီး ခါဆယ်ရ်ကို နန်းရင်းဝန်ကတော်နှင့် ပတ်သက်၍ ကြားဖူးနားဝရှိ၊ မရှိ မေးမြန်းကြည့်ရာ စိတ်ဝင်စားစရာကောင်းသည့် သတင်းအချက်အလက်များကို ရရှိခဲ့သည်။
「မိသားစုချင်း ရင်းနှီးကြလို့ သူတို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက အဆက်အသွယ်မပြတ်ခဲ့ဘူးလို့တော့ ကြားဖူးတယ်။」
「ဒါဆို မိဘတွေက စီစဉ်ပေးလို့ စေ့စပ်ထားတဲ့သူတွေလားရှင့်။」
「အဲ့ဒီလိုတော့ မဟုတ်လောက်ဘူး။ သူတို့နှစ်ယောက် ရုတ်တရက်ကြီး လက်ထပ်ကြတော့မယ်ဆိုတဲ့ သတင်းကြောင့် အဲ့ဒီတုန်းက မိသားစုနှစ်ဖက်စလုံး တော်တော်လေး ပွက်လောရိုက်သွားတယ်ဆိုပဲ။」
ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ယူဂျင်း၏ခေါင်းထဲတွင် အဖြစ်အပျက်ပုံစံတစ်ခု ပေါ်လာသည်။ ငယ်စဉ်ကတည်းက သိကျွမ်းရင်းနှီးခဲ့သည့် မမနှင့် မောင်လေး ဆက်ဆံရေး။ အသက်ငယ်သူက စတင်ချဉ်းကပ်ခဲ့ခြင်းလား၊ အသက်ကြီးသူက အမိဖမ်းလိုက်ခြင်းလား။ ယူဂျင်း တစ်ဦးချင်းစီတွေ့ဆုံခဲ့ဖူးသည့် သူတို့နှစ်ဦးစလုံးမှာ ပုံမှန်မျိုးရိုးမြင့် အသိုင်းအဝိုင်းမှဖြစ်ကြ၏။ စီစဉ်ပေးသည့်ထိမ်းမြားလက်ထပ်မှုမျိုး ပြုလုပ်လိမ့်မည်ဟုထင်ရသော သူတို့နှစ်ဦးက မိသားစုနှစ်ဖက်စလုံးမသိဘဲ ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့ကြသတဲ့။ ယူဂျင်းတစ်ယောက် ကိုယ့်အတွေးနှင့်ကိုယ် တခစ်ခစ်ရယ်နေမိတော့သည်။
ရဲတိုက်ရင်ပြင်သို့ ဆက်သွယ်ထားသော ပထမထပ် လေသာဆောင်ကား တံတားပြီးလျှင် ယူဂျင်း ဒုတိယမြောက် အနှစ်သက်ဆုံးသောနေရာပင်။ ခြောက်သွေ့ရာသီ၌ တံတားပေါ်တွင် နေအလွန်ပြင်းသဖြင့် အသုံးပြုရန်ခက်ခဲ၏။ တံတားပေါ်မှရှုခင်းလောက် မခမ်းနားသော်လည်း အေးချမ်းပြီး နံရံမပါဘဲ ဟာလာဟင်းလင်းဖြစ်နေသော လေသာဆောင်၏ အငွေ့အသက်ကို ယူဂျင်းနှစ်သက်သည်။
ရံရွေတော် ချပေးသော လက်ဖက်ရည်ကို သောက်ရင်း ရှားလော့ထ် ရောက်လာမည့်အချိန်ကို စောင့်နေခဲ့၏။ ထို့နောက် လှုပ်ရှားမှုတစ်ခုကို ခံစားမိ၍ လှည့်ကြည့်လိုက်ရာ ရှားလော့ထ်မဟုတ်ဘဲ ခါဆယ်ရ်က သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ဘုရင်မင်းမြတ် ရုတ်တရက်ရောက်လာခြင်းကြောင့် ယူဂျင်း အံ့အားသင့်နေစဉ်မှာပင် သူက ယူဂျင်း၏မျက်စိရှေ့သို့ လျင်မြန်စွာရောက်ရှိလာ၏။
“တွေ့ပြီ။”
ခါဆယ်ရ်က ယူလာသော မှတ်စုစာအုပ်ကိုစားပွဲပေါ်တင်ကာ ဖြန့်လိုက်သည်။ ထို့နောက် နှစ်ချို့၍ ဝါညစ်နေသော စာမျက်နှာ၏တစ်နေရာသို့ လက်ချောင်းဖြင့် ထောက်ပြခဲ့၏။
“ဒီမှာ။”
ယူဂျင်းလည်း သူထောက်ပြသော စကားလုံးကို ကြည့်လိုက်သည်။ လက်ရေးမှိန်နေကာ မင်များပြန့်နေသောကြောင့် သေချာအာရုံစိုက်မှသာ ဖတ်၍ရနိုင်ခဲ့၏။
“အာဘူ…”
“စာကြည့်တိုက်မှူးကို ရှေးဟောင်းစာရွက်စာတမ်းတွေ ရှာခိုင်းထားတာ။ ခုနက ရှာတွေ့ထားတာရှိတယ်ဆိုပြီး ဒါယူလာပေးတာပဲ။ ဒါက နတ်ရွာစံဘုရင်၊ အတိအကျပြောရရင် တိုင်းပြည်ရဲ့ တတိယမြောက် ဘုရင်မင်းမြတ်ရဲ့ မှတ်စုစာအုပ်ပဲ။ ကိုယ်ရေးကိုယ်တာမှတ်တမ်းပေါ့။”
“ဒိုင်ယာရီလိုမျိုးလားရှင့်။”
“ဆင်တူတယ်။”
တစ်ချက်ကြောင်သွားသော ယူဂျင်းက နတ်ရွာစံဘုရင်မင်းမြတ်၏ လက်ရေးဖြင့်ရေးသားထားသော ‘အာဘူ’ ဟူသည့် အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ သူက အံ့ဩတကြီး ပြူးကျယ်လာသော မျက်လုံးများဖြင့် ခါဆယ်ရ်ကို မော့ကြည့်လိုက်၏။
“ဒါဆို အဲ့ဒီ လိပ်မှော်ဝင်သားရဲရဲ့ သခင်က…”
“အမှန်ပဲ။ အဲ့ဒီပုဂ္ဂိုလ် သက်ရှိထင်ရှားရှိနေတုန်းက အထွတ်အမြတ်နေရာကနေ ဒီကိုပြောင်းလာပြီး မြို့တည်ခဲ့တာ။”
“အာ… ဒါဆို အဲ့ဒီမှော်ဝင်သားရဲ အထွတ်အမြတ်နေရာကို သူ့ရဲ့နယ်မြေအဖြစ် သတ်မှတ်ခဲ့တာက အကြောင်းမဲ့မဟုတ်ဘူးပေါ့။ အမှတ်ရစရာနေရာ ဖြစ်နေခဲ့တာကိုး။”
အာဒရစ်ထ်ထံမှ မှော်ဝင်သားရဲ၏ စကားကို ကြားပြီးသည့်နောက် နှစ်ဦးသား ‘ဘုရင်နတ်ရွာစံသွားပြီးရင် ဘုရင်ရဲ့မှော်ဝင်သားရဲက ဘယ်လိုဖြစ်သွားလဲ’ ဟူသည့် ခေါင်းစဉ်ဖြင့် စကားပြောခဲ့ဖူးသည်။ သို့သော် ခါဆယ်ရ်က ဘာမှမသိသလို စိတ်ပင်မဝင်စားခဲ့ပေ။ နတ်ရွာစံဘုရင်၏ မှော်ဝင်သားရဲ ဘာဖြစ်သွားမှန်းကိုပင် သူ မသိခဲ့။
「နိုင်ငံတော်ဈာပန ပြီးသွားတဲ့နောက်ပိုင်း နတ်ရွာစံဘုရင်ရဲ့ မှော်ဝင်သားရဲကို မတွေ့ရတော့ဘူးဆိုတာကိုတော့ သိတာပေါ့။」
ခါဆယ်ရ် ထိုအချိန်က အမှတ်ရစရာများကို ပြန်ပြောင်းပြောပြသောအခါ ယူဂျင်းက လုံးဝနားမလည်နိုင်ဖြစ်ကာ မေးလိုက်သည်။
「အရှင်မင်းကြီးကတော့ အခြေအနေက အရေးကြီးနေလို့ ထားပါတော့။ ဖခင်ဖြစ်သူ ကွယ်လွန်သွားတာကိုး။ တခြားရော ဘယ်သူကမှ ဂရုမစိုက်ခဲ့ဘူးလားရှင့်။」
「မှော်ဝင်သားရဲရဲ့ နေရာက ရေရေရာရာမရှိဘူးလေ။ ဘုရင်က အမိန့်ပေးခိုင်းစေပေမဲ့ ဘုရင်နဲ့ တော်ဝင်မိသားစုကို တရားဝင် ကိုယ်စားပြုတာမဟုတ်ဘူး။ ဘုရင်က မထိန်းချုပ်ရင် အန္တရာယ်ရှိတဲ့ လာ့ခ်သက်သက်ပဲ။」
「ဒါဆို ပိုပြီးတော့တောင် အာရုံစိုက်သင့်တာပေါ့။ သခင်မရှိတဲ့ မှော်ဝင်သားရဲက ကြိုးပြတ်နေတဲ့မြင်းလိုပဲ မဟုတ်ဘူးလား။」
「ပြဿနာဖြစ်ဖူးတဲ့ စံနမူနာရှိခဲ့ရင်တော့ လုပ်ခဲ့လောက်မှာပေါ့။ ဒါပေမဲ့ ဘုရင် နတ်ရွာစံသွားရင် မှော်ဝင်သားရဲက ပျောက်သွားပြီး သခင်မှမဟုတ်ရင်လည်း ဘယ်သူမှ ရှာမတွေ့နိုင်ဘူး။」
ယူဂျင်း ထိုလိပ်မှော်ဝင်သားရဲ၏ သခင်ကို သိချင်ကြောင်းပြောလိုက်စဉ် ခါဆယ်ရ်က စုံစမ်းကြည့်မည်ဟု ပြန်ဖြေရင်း ထပ်ပြောခဲ့သည်။
「အများကြီး မျှော်လင့်မထားနဲ့။ မှော်ဝင်သားရဲတွေရဲ့နာမည်ကို မှတ်တမ်းတင်ထားတာမျိုးက သိပ်မရှိလို့။」
ယူဂျင်းတစ်ယောက် သခင်သေဆုံးပြီးနောက် သခင်ကို မေ့မရနိုင်ဘဲ သခင်နှင့် အမှတ်တရများပြည့်နေသော နန်းမြို့ဟောင်းသို့ သွားခဲ့သည့် မှော်ဝင်သားရဲ၏ ခရီးလမ်းကို တွေးကြည့်ခဲ့မိသည်။ ရင်ထဲတွင် တစ်မျိုးကြီး လေးလံသောခံစားချက် ဖြစ်ပေါ်လာ၏။
သူက မှတ်စုစာအုပ်ထဲတွင် ရေးထားသော ‘အာဘူ’ ဟူသည့် စကားလုံးနှင့် ချိတ်ဆက်ထားသည့် မြားအမှတ်အသားအတိုင်း လိုက်ကြည့်သွားလိုက်သည်။ မြား၏အဆုံးတွင် ‘ပြဿနာအိုး’ ဟု ရေးထားသည်ကို တွေ့လိုက်ရ၏။ ယူဂျင်းလည်း ခပ်တိုးတိုး ရယ်လိုက်မိသည်။
“ကြည့်ရတာ နတ်ရွာစံဘုရင်မင်းမြတ်က မှော်ဝင်သားရဲကြောင့် ခေါင်းခဲခဲ့ရတယ်ထင်ပါရဲ့။ ကိုယ်တိုင်တောင် သတိမထားမိဘဲ ရေးမိသွားတဲ့ပုံပါလား။”
“အခု အာဘူလိုပဲပေါ့။ ဒီနာမည်ကိုက နိမိတ်မကောင်းတာများလား။”
“အာဘူက ဘာဖြစ်နေလို့လဲရှင့်။ အဲ့ဒီကလေးလောက် စကားနားထောင်ပြီး လိမ္မာတဲ့ မှော်ဝင်သားရဲဆိုတာ မရှိပါဘူး။”
“အဲ့ဒီကောင်က မင်းရှေ့မှာမို့လို့ မျက်နှာဖုံးတပ်ထားတာ။”
မှော်ဝင်သားရဲကို မကောင်းပြောနေသော သူ၏ မျက်နှာထားနှင့်အသံက ပြင်းထန်လွန်းသဖြင့် ယူဂျင်းလည်း အံ့ပါရဲ့ဟု ရယ်လိုက်မိသည်။
ယူဂျင်းက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသော သူ၏မျက်နှာကို စိုက်ကြည့်လိုက်၏။ ထိုလိပ်မှော်ဝင်သားရဲ၏ သခင်ကို သိလိုက်ရ၍ ဝမ်းသာနေပုံတော့မပေါ်ပေ။ နတ်ရွာစံဘုရင်တို့၏ မှော်ဝင်သားရဲများကို စိတ်မဝင်စားခဲ့သော ထိုလူက ဘာကြောင့် ယခုမှ သဲကြီးမဲကြီး စိတ်ဝင်စားနေရသလဲ။
‘တစ်ခုခုကို… မျှော်လင့်နေတဲ့ပုံပဲ။ အာ။’
ယူဂျင်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“စုံစမ်းပေးမယ်ဆိုတဲ့ ကတိကိုမမေ့ဘဲ အခုလိုမျိုး အသိပေးလို့ ကျေးဇူးတင်ပါတယ်။ တကယ် သိချင်နေခဲ့တာပါ။”
ယူဂျင်းက သူ့စကားကြောင့် ခါဆယ်ရ် ကျေနပ်သွားသည့်ပုံစံကို ငေးကြည့်နေမိသည်။ ပွင့်အန်ထွက်လုမတတ် ရယ်သံကို မနည်းထိန်းချုပ်ရန် နှုတ်ခမ်းကို ဖိကိုက်ထားခဲ့ရ၏။ ဤလူက လိပ်မှော်ဝင်သားရဲ၏နာမည်ကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် သူ့အား အလျင်အမြန် ပြောပြချင်လွန်း၍ အလုပ်များကို ပစ်ချထားကာ ပြေးလာခဲ့ခြင်းပင်။ ပြီးတော့ ချီးမွမ်းစကားကိုလိုချင်သည့် မျက်နှာထားမျိုးဖြင့် သူ့ကို ကြည့်နေ၏။
‘ဘာလဲဟာ၊ ဒီလူက။ ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ။’
ယူဂျင်းတစ်ယောက် ဤလူက ဂုဏ်သိက္ခာနှင့်ပြည့်စုံသော တိုင်းပြည်၏ ပြည့်ရှင်ဘုရင်ဖြစ်ကြောင်း မိမိကိုယ်ကိုယ် ပြန်သတိပေးနေရသည်။ မဟုတ်လျှင် စိတ်ထဲမှတွေးမိသည့်အတိုင်း မလျော်မကန် ဖော်ပြချက်ကို ပါးစပ်မှ ရေရွတ်မိမည်စိုးသောကြောင့်ပင်။
ရယ်ချင်စိတ်ကို ထိန်းထားရသဖြင့် ယူဂျင်း၏ ပါးလေးများ နီရဲတက်လာကာ အနည်းငယ် ဖောင်းလာတော့သည်။ သူ့ကို ကြည့်နေသည့် ခါဆယ်ရ်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ နားမလည်နိုင်စရာပဲဟု ခါဆယ်ရ် တွေးလိုက်သည်။ လူသားက အသွင်ပြောင်းနိုင်သော မှော်ဝင်သားရဲမဟုတ်ပါဘဲနှင့် ဘာကြောင့်များ သူ့ဇနီးက ပို၍ ပို၍ လှပလာရသလဲ။
သူက လက်ကိုဆန့်ထုတ်ကာ ယူဂျင်း၏ မေးဖျားလေးကို ဆုပ်ကိုင်လိုက်သည်။ အနည်းငယ် မော့လာသော မျက်နှာလေးဆီသို့ ခေါင်းငုံ့ကာ နမ်းရှိုက်လိုက်၏။ စိတ်လိုက်မာန်ပါ နှုတ်ခမ်းချင်းသာ ထိတွေ့လိုက်သည့် သာမန်အနမ်း ပြီးသွားသည့်နောက်တွင် မျက်လုံးချင်းဆုံမိသွားလေသည်။ အံ့ဩတကြီး ပြူးကျယ်နေသော ယူဂျင်း၏ မျက်ဝန်းများတွင် ရှက်ပြုံးရိပ်ကို တွေ့လိုက်ရသောအခါ သူ၏ ထိန်းချုပ်နိုင်စွမ်းများလည်း ပျောက်ကွယ်သွားတော့၏။ သူက ထပ်မံ၍ နမ်းရှိုက်ပြန်လေသည်။ ယူဂျင်း၏ နှုတ်ခမ်းလေးများကို ငုံထွေးစုပ်ယူကာ ပွင့်အာလာသည့် နှုတ်ခမ်းလေးများကြားသို့ ထိုးဖောက်ဝင်ရောက်လိုက်၏။
နှစ်ဦးသား၏ နှုတ်ခမ်းများက နက်ရှိုင်းစွာ ဖိကပ်နေသည်။ ယူဂျင်း၏ လည်တိုင်က အနောက်သို့ ပိုလန်သွားတော့ မတည်မငြိမ်ဖြစ်နေသည့် သူ၏ ကိုယ်နေဟန်ထားကို ထိန်းပေးသည့်အလား ခါဆယ်ရ်၏လက်က သူ့ကုပ်ပိုးမှ နောက်စေ့အောက်ဘက်အထိ အုပ်ကိုင်ကာ ထိန်းပေခဲ့၏။
ယူဂျင်းတစ်ယောက် စင်းကျနေသော မျက်တောင်များကြားမှ သူ၏ ဖြောင့်စင်းသောနှာတံ စောင်းငဲ့နေသည့်ပုံစံကို မြင်လိုက်ရသည်။ ရက်ပိုင်းလောက် မျက်နှာပင်မမြင်ခဲ့ရသော ခင်ပွန်းနှင့် ဖလှယ်နေရသည့် ပြင်းရှရှအနမ်းကြောင့် နှလုံးသားက ဆူညံစွာခုန်နေတော့၏။ ပါးစပ်အတွင်းသို့ ချောမွေ့စွာ ထိုးဖောက်ဝင်ရောက်ကာ ထောင့်တိုင်းကို စူးစမ်းရှာဖွေနေသည့် လျှာ၏ လှုပ်ရှားမှုက ယူဂျင်း၏ အရာအားလုံးကို မျိုချတော့မည့်အလား စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
“အင်း…”
ယူဂျင်း၏ လည်ချောင်းထဲမှ တိုးလျသော ရှိုက်သံတစ်ခု ထွက်ပေါ်လာသည်။ ရစ်ပတ်ထားသောလျှာက အားပြင်းစွာ စုပ်ယူနေသည့် နှိုးဆွနိုင်လှသော ခံစားချက်ကြောင့် သူ့လက်ဖျားလေးများပင် မရိုးမရွဖြစ်လာရ၏။ ကိုယ်တိုင်ပင်သတိမထားမိဘဲ စားပွဲပေါ်တွင် တင်ထားသော လက်ချောင်းများက ဆတ်ခနဲလှုပ်ရှားသွားသည်။
ခေါင်းထဲတွင် မူးဝေလာသည့်ကြားမှပင် ယူဂျင်းတစ်ယောက် သူ၏ လည်တိုင်ကို ပြန်မဖက်မိစေရန် အသည်းအသန် ကြိုးစားနေရ၏။ တော်သေး၍ ဤနေရာကို ဘယ်နေရာမှန်း မေ့သွားရလောက်သည်အထိ သတိမလွတ်သေးပေ။ စိတ်ပါလက်ပါ တုံ့ပြန်လိုက်မည်ဆိုပါက နေရာဒေသကို လုံးဝဂရုမစိုက်တော့ဘဲ ဖြစ်သွားနိုင်သည်ဟူသော အန္တရာယ်ကို ခံစားလိုက်ရသည်။
ယူဂျင်းက ဒီထက်ပိုလျှင် အန္တရာယ်ရှိပြီဟု တွေးလိုက်ချိန်တွင် သူက နှုတ်ခမ်းကိုခွာကာ နောက်ဆုတ်သွား၏။ စိုစွတ်နေသော ယူဂျင်း၏ နှုတ်ခမ်းသားလေးကို ညင်သာစွာလျက်ပေးရင်း သူက တိုးတိုးလေး ပြောလာသည်။
“ဒီည လာခဲ့မယ်။”
“...ဟုတ်ကဲ့။”
ယူဂျင်း၏ လည်တိုင်ကို ဆုပ်ကိုင်ထားသည့်အားက ပြေလျော့ပျောက်ကွယ်သွားခဲ့သည်။ ယူဂျင်းတစ်ယောက် နောက်လှည့်ထွက်ခွာသွားသော သူ၏ ကျောပြင်ကို မကြည့်ဝံ့သဖြင့် အကြောင်းမဲ့ မျက်လွှာချကာ အေးစက်နေသော လက်ဖက်ရည်ခွက်ကိုသာ ကြည့်နေမိ၏။ ပူနွေးနေသော မျက်နှာကို လက်ဖမိုးဖြင့် ပွတ်သပ်နေစဉ် နောက်ထပ် ထွက်ပေါ်လာသည့် အသံကြောင့် လန့်ဖျပ်သွားရတော့သည်။
“အော်စကာ မြို့စား။ ဘာကိစ္စများရှိလို့လဲ။ နန်းရင်းဝန်ကတစ်ဆင့် အတည်ပြုရမဲ့ ကိစ္စမျိုးလား။”
“ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး။ အရှင်မိဖုရားကို အရေးတကြီး မေးမြန်းစရာရှိလို့ တွေ့ဆုံခွင့်တောင်းခံခဲ့တာပါ။ ကိုယ်ရေးကိုယ်တာကိစ္စမို့လို့ စိုးရိမ်စရာမလိုပါဘူး။”
“မနက်ဖြန်ထွက်ခွာဖို့ ပြင်ဆင်မှုတွေရော အဆင်ပြေရဲ့လား။”
“ပြေပါတယ်၊ အရှင်မင်းကြီး။ အရှင်နှစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရအောင် အကြိမ်ကြိမ် စစ်ဆေးနေပါတယ်။”
ယူဂျင်းတစ်ယောက် အနည်းငယ်သာ ကွာဝေးသောနေရာတွင် စကားပြောနေကြသည့် လူနှစ်ဦးကိုကြည့်ရင်း စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။ ဘယ်အချိန်ကတည်းက ရောက်နေတာပါလိမ့်။ မြင်သွားမည်မှာ သေချာပေသည်။ စောစောလေးကအထိ အော်စကာ မြို့စားအား စောင့်နေခဲ့သည်ကို ယခုတော့ လုံးဝမေ့သွားခဲ့လေပြီ။
ခဏနေတော့ ချဉ်းကပ်လာပြီး ဦးညွှတ်အရိုအသေပေးလိုက်သည့် ရှားလော့ထ်ကို ကြည့်ရင်း ယူဂျင်းတစ်ယောက် အတင်းအားမွေးကာ မျက်နှာထားကို ထိန်းချုပ်လိုက်သည်။ သို့သော် ရှက်ရွံ့မှုကြောင့် နောက်စေ့တစ်ခုလုံး ပူနွေးနေ၏။
“အရှင်မိဖုရားကို ဂါရဝပြုပါတယ်။ ရုတ်တရက် တွေ့ဆုံခွင့်တောင်းခံတာကို ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးကြီးလှကြောင်းပါ။”
“ထိုင်ပါ။”
ယူဂျင်းက ချောင်းဟန့်သလို လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“လူကိုခေါ်ထားပြီး... ရှက်စရာကောင်းတဲ့ပုံစံကို ပြလိုက်မိတာပဲ။”
“ဇနီးမောင်နှံနှစ်ဦး ချစ်ခင်ကြင်နာနေတာကို ဘယ်သူက ဘာများပြောရဲမှာလဲရှင့်။ စိတ်ထဲမထားပါနဲ့၊ အရှင်မိဖုရား။”
ယူဂျင်းက ရံရွေတော်ကိုခေါ်ကာ ဤခေါင်းစဉ်မှ အလျင်အမြန် ရှောင်ပြေးနိုင်ရန် ကြိုးစားလိုက်သည်။ ယူဂျင်း ရံရွေတော်ကို လက်ဖက်ရည်နှင့် မုန့်များ ယူလာရန် အသေးစိတ် ညွှန်ကြားနေစဉ် ရှားလော့ထ်က မသိမသာ ကြည့်နေ၏။ မိဖုရားက အိုးတိုးအမ်းတမ်းဖြစ်ကာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည်ကို ခံစားလိုက်ရသည်။
တမင်တကာ မြင်စေချင်သည့်ပုံစံဖြင့် ဇနီးမောင်နှံဆက်ဆံရေးကို ထုတ်ပြကြသော ပြကွက်များမှာ လူမှုရေး အသိုင်းအဝိုင်းတွင် ဒုနှင့်ဒေး ပေါများလှ၏။ ဂုဏ်ယူကြွားဝါရန်အတွက်ဖြစ်စေ၊ ကွာရှင်းပြတ်စဲမည့် သတင်းများကို ငြိမ်သွားစေရန် လှည့်စားခြင်းဖြစ်စေ အစရှိသဖြင့်။
ထိုလုပ်ဇာတ်များကို နားလည်သဘောပေါက်ရန်မှာ ရှားလော့ထ်အတွက် အင်မတန်လွယ်ကူပေသည်။ သို့သော် စောစောက မျက်မြင်တွေ့လိုက်ရသည့် မြင်ကွင်းကမူ လုံးဝ လုပ်ဇာတ်မဟုတ်ပေ။ ရှားလော့ထ်က ထိုသို့သော မြင်ကွင်းများနှင့် တွေ့ရသည့်အခါ ‘ကြည့်စေချင်လို့ပြတဲ့ ပြဇာတ်ဆိုတော့ ကြည့်ပေးရမှာပေါ့’ ဟု တွေးကာ ပေါ်ပေါ်တင်တင် ကြည့်တတ်သူဖြစ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ အလိုလို ရှက်ရွံ့လာသဖြင့် မျက်နှာလွှဲလိုက်ရ၏။ ကပွဲခန်းမ၏ ဥယျာဉ်ထဲတွင် ချစ်တင်းနှောနေကြသည်ကို မြင်တွေ့ရသည့်တိုင် ရယ်ကာမောကာ ဖြတ်သွားတတ်သည့် သူက သာမန်အနမ်းတစ်ခုကြောင့် ပထမဆုံးအကြိမ်အဖြစ် ရင်တဒုန်းဒုန်းခုန်ခဲ့ရလေသည်။
~~~~
Miel's Translations