အပိုင်း ၅၉
ယူဂျင်းက ဆက်ပြောရမည်လား၊ မပြောရဘူးလားဟု ချီတုံချတုံဖြစ်နေသည်။ ခါဆယ်ရ်သာ သူ့ကို သံသယမျက်လုံးများနှင့် ကြည့်နေမည်ဆိုလျှင် ဤမျှလောက်နှင့် ရပ်လိုက်ပေမည်။ သို့သော် ခါဆယ်ရ်က ရိုးရှင်းသော စိတ်ဝင်စားမှုကိုသာ ပြလာသဖြင့် ယူဂျင်းလည်း ကိုယ်သိသလောက် အချက်အလက်များကို သူ့အား ပြောပြချင်မိ၏။
“နိုးထလာတာ မကြာသေးတဲ့ မှော်ဝင်သားရဲက လူနဲ့ နှိုင်းပြောရရင် ကလေးတစ်ယောက်လိုပါပဲ။ လူတွေလိုပဲ မှော်ဝင်သားရဲတွေကလည်း အချိန်နဲ့အမျှ ကြီးပြင်းလာကြတာပါ။ ဉာဏ်ကောင်းဖို့အတွက် အသက်ကြီးလာဖို့ လိုပါတယ်။”
ခါဆယ်ရ်က အံ့ဩစရာကောင်းသည့် အချက်အလက်တစ်ခုကို သဘောပေါက်သွားသလို သက်ပြင်းချလိုက်သည်။
“ဒါကြောင့် အာဘူ၊ အဲ့ဒီကောင်က နှစ်တွေကြာလာတာနဲ့အမျှ ပိုပြီး ဉာဏ်များလာတာကိုး။”
လေးနက်သောမျက်နှာနှင့် ပြောနေခြင်းမဟုတ်ပေ။ ယူဂျင်းက ခပ်တိုးတိုးရယ်လိုက်သည်။
“မင်း မှတ်ဉာဏ်ပျောက်သွားတာ ငါ ကံကောင်းသွားတာပဲ။ တားမြစ်ထားတဲ့ အချက်အလက်တွေကိုလည်း နားထောင်လိုက်ရတယ်။”
ယူဂျင်း ပြုံးလိုက်သည်။ သူက ဆက်မမေးမြန်းဘဲ ထိုကဲ့သို့ ပြောပေးသဖြင့် ကျေးဇူးတင်မိ၏။
“လာ့ခ်တို့ မှော်ဝင်သားရဲတို့နဲ့ပတ်သက်ပြီးတော့... ထပ်ပြီးမှတ်မိလာနိုင်တာတွေ ရှိဦးမလားမသိပါဘူး။”
ယူဂျင်းရေးသားခဲ့သော ဝတ္ထုတွင် အများစုက လာ့ခ်နှင့် လူသားတို့ကြားမှ တိုက်ပွဲများ၊ မာရာ၏တမန်တော် ဂျင်ကို လိုက်ရှာကြသော ဘုရင်ခြောက်ပါး၏ ဇာတ်လမ်းများပင်။ ထို့ကြောင့် လာ့ခ်နှင့်ပတ်သက်ပြီး အသေးစိတ် ရေးသားထား၏။ လူသားက မှော်ဝင်သားရဲကို အမိန့်ပေးသည့်မြင်ကွင်းမှာ စိတ်ဝင်စားစရာကောင်းလှသဖြင့် မှော်ဝင်သားရဲ၏ ဝိသေသလက္ခဏာများကိုလည်း အသေးစိတ် ရေးသားခဲ့သည်။
သူရေးသားခဲ့သော ဝတ္ထုထဲတွင် လူသား၏ သမိုင်းကြောင်းကတော့ ကွဲပြားနေသော်လည်း ဤကမ္ဘာအကြောင်း အခြေခံအသိကတော့ မှားယွင်းမှု မရှိသေးပေ။ နောက်နောင်လည်း မှားယွင်းမှု ရှိနိုင်မည်မဟုတ်ဟု ထင်မိ၏။
"နားထောင်ရတာ မသက်မသာ မဖြစ်ဘူးဆိုရင်ပြောပါတယ်။"
“ငါက ဘာလို့ မသက်မသာဖြစ်ရမှာလဲ။ မင်းသာ မပြောသင့်တဲ့ အကြောင်းအရာကို ပြောလိုက်ပြီး နောက်မှ နောင်တရနေမှာစိုးလို့။”
“နောင်တမရပါဘူး။ ကျွန်မက...”
ယူဂျင်း၏ စကားက တုံ့ခနဲ ရပ်တန့်သွားသည်။ 'ရှင့်ကို ဘာမှဖုံးကွယ်မထားဘဲ အကုန်လုံး ပြောပြချင်ပါတယ်' ဟူသော စကားလုံးများက လည်ပင်းတွင် တစ်ဆို့နေ၏။ သူက ဂျင်မဟုတ်ပါဘူးဟု ပြောလိုက်သည့်အခိုက်အတန့်တွင် ခါဆယ်ရ်၏ တုံ့ပြန်မှုကို ကြောက်နေမိသည်။
ခါဆယ်ရ် ယုံကြည်ပေးမည်လားဆိုသည်က နောက်မှလာမည့်ကိစ္စပင်။ ဂျင် မည်သို့သောအမှားများ လုပ်ခဲ့သလဲဆိုသည်ကို ယခုချိန်အထိ မသိရသေးပေ။ နောင်တစ်ချိန်မှ အမှားများပေါ်လာခဲ့လျှင် သူက 'အခုလို အချိန်မျိုးအတွက် ကြိုပြီးလိမ်ထားခဲ့တာပဲ' ဟု ကျိန်းသေပေါက် တွေးပေလိမ့်မည်။
ယူဂျင်းသာ သူ့နေရာတွင်ရှိလျှင်လည်း ထိုအတိုင်း တွေးမိမည်သာ။ လူတစ်ယောက်ကို အပြည့်အဝ ယုံကြည်ရန် ဘယ်လောက်အထိ ခက်ခဲလိုက်သလဲ။
ယူဂျင်းက သူနှင့် မရဏဘုရင်ကြားတွင် ထိုမျှအထိ နက်ရှိုင်းသော ယုံကြည်မှုမျိုးမရှိသေးဟု တွေးခဲ့၏။
“ဘုရင်က မှော်ဝင်သားရဲကို အမိန့်ပေးလို့ရတယ်မဟုတ်လားရှင့်။ တိုင်းပြည်တွေကြားမှာ ပိုင်ဆိုင်ထားတဲ့ မှော်ဝင်သားရဲရဲ့ အချက်အလက်တွေကို ဝေမျှတာမျိုး မလုပ်ကြဘူးလားဟင်။”
ခါဆယ်ရ်က ယူဂျင်း စကားလမ်းကြောင်းပြောင်းရန် ကြိုးစားနေမှန်း သတိထားမိလိုက်သည်။ သူက ခဏလောက် တွေဝေသွား၏။ ဘာပြောမလို့ ကြိုးစားနေတာလဲဟု မေးချင်မိသည်။
သို့သော် ထိုသို့ စစ်ဆေးမေးမြန်းခြင်းကလည်း အကျိုးမရှိနိုင်ပေ။ သူကိုယ်တိုင်လည်း မပြောချင်သော အကြောင်းအရာများကို ဖုံးကွယ်ကာ စကားလုံးကို စီစဉ်ပြီးပြောဆိုနိုင်၏။
ခါဆယ်ရ်က မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“ဘုရင့်ရဲ့ မှော်ဝင်သားရဲက တိုင်းပြည်ရဲ့ လျှို့ဝှက်ချက်လေ။ ဝေမျှဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စပဲ။”
“ဒါဆို တိုင်းပြည်အတွင်းမှာလည်း လက်ဆင့်ကမ်းခဲ့တဲ့ အချက်အလက်တွေ ရှိနေမှာပေါ့။ ဘုရင်တွေအားလုံးက မှော်ဝင်သားရဲတွေ ပိုင်ဆိုင်ကြတယ်မဟုတ်လားရှင့်။”
“မှော်ဝင်သားရဲရဲ့ အချက်အလက်တွေကို ဘယ်သူနဲ့မှ ဝေမျှဖလှယ်တာမျိုး မလုပ်ကြဘူး။”
“အရှင်မင်းကြီးက နတ်ရွာစံဘုရင်မင်းမြတ်ဆီကနေ ဘာမှမကြားခဲ့ရဘူးလား။”
“မကြားခဲ့ရဘူး။”
“ဘာဖြစ်လို့လဲဟင်။”
ယူဂျင်း နားမလည်နိုင်ခဲ့ပေ။ သိထားသော အချက်အလက်များကို သေသည်အထိ ကိုယ်တစ်ယောက်တည်းသာ သိထားခြင်း။ ဘယ်သူ့အတွက် လျှို့ဝှက်ထားခြင်းလဲ။
မှော်ဝင်သားရဲမှာ နဂိုက လာ့ခ်ဖြစ်သဖြင့် မှော်ဝင်သားရဲ၏ အချက်အလက်က များလေလေ လာ့ခ်ကို ပို၍နားလည်နိုင်လေလေပင်။ အချက်အလက်များကို နောက်မျိုးဆက်ထံသို့ လွှဲမပေးပါက အချိန်မည်မျှပင်ကြာပါစေ မဟာမှလူများသည်လည်း လာ့ခ်ကို ဘာမှန်းနားလည်နိုင်မည်မဟုတ်ဘဲ ရုန်းကန်လှုပ်ရှားရသည့် ရာသီကိုသာ တောင့်ခံကာ ရှင်သန်ရန်အတွက်သာ အရေးတကြီး ဖြစ်နေပေလိမ့်မည်။
“ဘာပဲဖြစ်ဖြစ်၊ သိုလှောင်ရုံမှာ အကြီးအကျယ် ထိခိုက်မှုတော့ မရှိဘူးမဟုတ်လားဟင်။”
“အဝါရောင်အဆင့် အစေ့တချို့ ဆုံးရှုံးသွားတာကလွဲရင်ပေါ့။”
“တော်ပါသေးရဲ့။ မှော်ဝင်သားရဲကရော။”
“ပြဿနာရှာတဲ့ကောင်ဆိုတော့ ဖမ်းခဲ့တာပေါ့...”
“ဖမ်းခဲ့တယ်။”
ယူဂျင်း အံ့အားသင့်ကာ ပြန်မေးလိုက်မိသည်။ ထက်သန်တက်ကြွသော တုံ့ပြန်မှုကြောင့် ခါဆယ်ရ်က ကြောင်အမ်းအမ်း ပြောလာ၏။
"လောလောဆယ် မှော်ဝင်သားရဲဖြစ်နေလို့။"
ဘုရင်က လက်အောက်ခံအဖြစ် ထိန်းချုပ်နိုင်သော မှော်ဝင်သားရဲ အရေအတွက်တွင် အကန့်အသတ်မရှိပေ။ မှော်ဝင်သားရဲ၏ ပင်ကိုဗီဇကို ထိန်းချုပ်ရန်အတွက် ပရာ့ဂ်ျကို အသုံးပြုရပေသည်။ သို့သော် အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက်မူ ပရာ့ဂ်ျတွင် အကန့်အသတ်ရှိ၏။
ပုံမှန်အားဖြင့် ဘုရင်တစ်ပါးက ထီးမွေးနန်းလျာ မင်းသားဘဝတွင် ပထမဆုံးသော မှော်ဝင်သားရဲကို ရကြသည်။ ယင်းမှာ ဘုရင်ဖြစ်ရန် အရည်အချင်းရှိကြောင်း သက်သေပြရန်အတွက် ဖြတ်သန်းရသော အဆင့်တစ်ခုပင်။ ထီးမွေနန်းလျာ မင်းသားဘဝတွင် ပရာ့ဂ်ျက မတည်မငြိမ်ဖြစ်နေသဖြင့် ပထမဆုံးရသော မှော်ဝင်သားရဲက အများအားဖြင့် အားနည်းတတ်၏။
ထို့ကြောင့် ဘုရင်ဖြစ်လာပြီးနောက်တွင် ပို၍အင်အားကြီးပြီး စိတ်ကြိုက်တွေ့သော မှော်ဝင်သားရဲကို တစ်ဖန်ထပ်ကာ လက်အောက်ခံအဖြစ် ထိန်းချုပ်ခြင်းမျိုး မကြာခဏရှိတတ်ပေသည်။
မှော်ဝင်သားရဲကို ဖမ်းမိပြီးနောက် လက်အောက်ခံအဖြစ် မခိုင်းစေလိုလျှင် သတ်ပစ်ရ၏။ လူများ၏ တိုက်ခိုက်ခြင်းကိုခံရသော မှော်ဝင်သားရဲက လူများကို ရန်သူအဖြစ် စတင်သတ်မှတ်လာတတ်သည်။ ဉာဏ်ရည်ရှိသော မှော်ဝင်သားရဲက ပင်ကိုဗီဇသာရှိသည့် လာ့ခ်ထက် ပို၍အန္တရာယ်ရှိ၏။ ယနေ့ အသက်ရှင်ခွင့်ပေးလိုက်သော မှော်ဝင်သားရဲက နောက်တစ်နေ့တွင် လူကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ပေသည်။
ယူဂျင်း၏ ဝတ္ထုထဲတွင် မရဏဘုရင်မှာ နဂိုကတည်းက အင်အားကြီးသော မှော်ဝင်သားရဲကို ပိုင်ဆိုင်ခဲ့သည့်အတွက် အားနည်းသော မှော်ဝင်သားရဲကို အသုံးမဝင်ဟု တွေးထား၏။
'ဝတ္ထုထဲက မရဏဘုရင်သာဆိုရင် အဲ့ဒီနေရာမှာပဲ ဖမ်းပြီးသတ်ပစ်မှာကို။'
ယူဂျင်း၏ မျက်စိရှေ့မှ ဤလူက ဝတ္ထုထဲမှ မရဏဘုရင်ထက် အများကြီးပို၍ စိတ်နေစိတ်ထား အေးဆေးပေသည်။ မှတ်ဉာဏ်ပျောက်သွားသည့် ယူဂျင်းကို လက်ခံကာ ဂျင်၏အမှားများကို ဖုံးဖိပေးသော သူ၏သဘောထားကြီးမှုကလည်း စိတ်နေစိတ်ထား အေးဆေးသောကြောင့်ပင်။
ဝတ္ထုထဲမှ မရဏဘုရင်နှင့် ဤကမ္ဘာမှ မရဏဘုရင်က အခြေအနေချင်း မတူပေ။ လက်စားချေရန်အတွက် ဂျင်၏နောက်မှ လိုက်ရှာခဲ့သော ဝတ္ထုထဲမှ မရဏဘုရင်၏ စိတ်နေစိတ်ထားက ခြောက်သွေ့သော မြစ်ကမ်းပါးအလား ကြမ်းတမ်းပေလိမ့်မည်။
'ဘယ်လိုပဲဖြစ်ဖြစ် ဒီဘက်က မရဏဘုရင်ကို ပိုပြီးသဘောကျတယ်။'
“မှော်ဝင်သားရဲကို ကြည့်လို့ရမလားရှင့်။ ဘယ်မှာလဲဟင်။”
“ငါ့ရုံးခန်းထဲမှာ။”
“ရုံးခန်းထဲမှာ။ ဘယ်လို မှော်ဝင်သားရဲမျိုးမို့လို့...ဟင့်အင်း။ မပြောပြပါနဲ့။ ကိုယ်တိုင်ကြည့်ချင်ပါတယ်။ အခုပဲ သွားကြည့်လို့ရမလားဟင်။”
ခါဆယ်ရ်က စိတ်လှုပ်ရှားနေသည့် ယူဂျင်း၏ပုံစံကိုကြည့်ကာ တစ်ချက်ရယ်ပြီး ဆိုဖာမှ ထရပ်လိုက်သည်။ လှည့်ထွက်ရန်ပြင်လိုက်ရာမှ တုံ့ခနဲရပ်သွားသော သူက ဆိုဖာပေါ်တွင် ရှိနေသော စာရွက်စာတမ်းများကို ကောက်ယူလိုက်၏။
“ကြည့်ပြီးရင် ပြန်ပေးမယ်။ စစ်ဆေးစရာလေးတစ်ခု ရှိနေလို့။”
“ဟုတ်ကဲ့။”
ယူဂျင်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ အမှုထမ်းခန့်အပ်ရေး စာရွက်စာတမ်းများက သူ့အတွက် စိတ်ဝင်စားစရာ မဟုတ်တော့။
~~~~
လူတစ်ရပ်စာထက် အနည်းငယ်မြင့်သော ခြံစည်းရိုးဖြင့် ဝိုင်းရံထားသည့် ဟောင်းနွမ်းနေသော ဂိုဒေါင်တစ်ခု။
ဤအနီးတစ်ဝိုက်တွင် ဂိုဒေါင်ကြီးငယ် များစွာရှိ၏။ ကုန်သည်အဖွဲ့အစည်းအမျိုးမျိုး၏ သိုလှောင်ရုံများအားလုံး ဤလမ်းတွင် စုဝေးနေကြသည်။
အနေတော် အရွယ်အစားနှင့် အပြင်ပန်း ဟောင်းနွမ်းနေသော ဤဂိုဒေါင်က အထူးတလည် ထူးခြားသော အဆောက်အအုံမဟုတ်ပေ။
လုံခြုံရေး တင်းကျပ်စွာချထားသည့် ကျန်ဂိုဒေါင်များလိုမဟုတ်ဘဲ ဤဂိုဒေါင်ရှေ့တွင် အစောင့်တစ်ယောက်သာရှိသည်။ အတွင်း၌ အရေးကြီးပစ္စည်းမရှိခြင်းသော်လည်းကောင်း၊ ပစ္စည်းများထွက်သွားပြီး အသစ်မရောက်ခင်အခြေအနေမျိုးသော်လည်းကောင်း ဖြစ်နိုင်၏။
တံခါးစောင့်က ငူငိုင်ငိုင်မျက်နှာထားနှင့် ဂရုမစိုက်ဟန်ရှိနေသည်။ ပျင်းရိစွာနှင့် အချိန်ကုန်ရန်ကိုသာ စောင့်စားနေသော အစောင့်က လူတစ်ယောက် ချဉ်းကပ်လာသည်ကိုလည်း စိတ်မဝင်စားပေ။
အနားသို့ရောက်လာသော ဧည့်သည်က တံခါးစောင့်ကို ပြောခဲ့သည်။
“ဒုတိယမြောက်သေတ္တာထဲက ပစ္စည်းကို လာယူတာ။”
ယောက်ျား၊ မိန်းမ ခွဲခြားမရသည့်အသံက အက်ရှရှဖြစ်နေ၏။
တံခါးစောင့်က မျက်လုံးကိုပင့်ကာ ဝတ်ရုံခြုံပြီး ခေါင်းဆောင်း ဆောင်းထားသည့် ဧည့်သည် လူထူးဆန်းကို ကြည့်လိုက်သည်။
မွန်းတည့်ချိန်နီးနေသဖြင့် ပတ်ဝန်းကျင်က အတော်လေး လင်းကျင်းနေ၏။ ဤမျှနီးသည့် အကွာအဝေးဆိုလျှင် မျက်နှာကို သေချာပေါက် မြင်ရမည်ပင်။ သို့သော် အစောင့်က ဧည့်သည်၏ မျက်နှာသွင်ပြင်ကိုပင် မမြင်နိုင်ခဲ့။ ခေါင်းဆောင်းကို ငိုက်ငိုက်ဆောင်းထားခြင်းလည်းမဟုတ်ဘဲ ထူးဆန်းသည်ဟု တွေးလိုက်မိ၏။
ရှင်းရှင်းလင်းလင်း ကြည့်၍မရပေ။ အရေးကြီးသည့် ဧည့်သည်တစ်ယောက် လာလိမ့်မည်ဟု ကြားထားပြီးသားဖြစ်၍ သူ့အား ဒေါသထွက်အောင် လုပ်မိလျှင် နောက်မှ အပြစ်ပေးခံရပေမည်။
တံခါးစောင့်လည်း နည်းနည်းပိုပြီး ပျင်းရိသော အလုပ်သမားလို ဟန်ဆောင်ကာ စိတ်မရှည်သည့်ပုံစံဖြင့် ပြန်ဖြေလိုက်၏။
“ဒုတိယမြောက်သေတ္တာက လွတ်နေတယ်ဗျ။”
“ဒါဆိုရင် တတိယမြောက်သေတ္တာထဲက ပစ္စည်းကိုပဲ ယူရတော့မှာပေါ့။”
“ကျွန်တော်က ဒီနေရာကို စောင့်ရမှာဆိုတော့ ကိုယ်တိုင်ပဲ ရှာယူလိုက်ပါ။”
တံခါးစောင့်က သူ့ခါးမှ သော့ကိုထုတ်ကာ ဧည့်သည်ကို ပေးလိုက်သည်။ ဧည့်သည်က တစ်ဖက်လှည့်ကာ တံခါးစောင့်ဘေး၌ရှိသော တံခါးတွင် ချိတ်ထားသည့် ဧရာမ သော့ခလောက်ထဲသို့ သော့ကို ထည့်လိုက်၏။
ဂလောက်ခနဲ သော့ခလောက် ပွင့်သွားတော့ ဘေးမှ မျက်လုံးစွေကြည့်နေသော တံခါးစောင့်က သူ့အကြည့်သူ အလိုလို အရှေ့ပြန်လှည့်လိုက်သည်။ သော့ခလောက် ပွင့်သွားသည်ဆိုလျှင် ဤဧည့်သည်က အရည်အချင်းရှိကြောင်း သက်သေပြလိုက်ခြင်းပင်။
မာရာ၏ကောင်းချီးကိုရပြီး မာဂီ*ရှိသူများသာ သော့ကို လှည့်လိုက်သည့်အခါ အထူးပြုလုပ်ထားသော သော့ခလောက်အတွင်းမှ စနစ်ကို လှုပ်ရှားစေနိုင်၏။
[TL/N : မာဂီ* - မာရာချီးမြှင့်ထားတဲ့ စွမ်းအား။ မှော်အစွမ်းလိုပဲဆိုပေမဲ့ သူက dark magic လို သဘောတရားမျိုး။]
တံခါးဖွင့်လိုက်တော့ ဂိုဒေါင်အတွင်းပိုင်းက ဘာမှမမြင်ရအောင် မှောင်မိုက်နေသည်။ ဧည့်သည် အတွင်းသို့ဝင်သွားပြီးနောက် တံခါးပြန်ပိတ်သွား၏။
သစ်သားဂိုဒေါင်၏ အပြင်ပိုင်းပုံစံနှင့်မတူဘဲ အတွင်းဘက်တွင်တော့ အုတ်များကိုစီကာ ထုံးသုတ်ထားသဖြင့် ခိုင်ခံ့ပေသည်။ ကျောက်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံကို သစ်သားပြားများကပ်ကာ ခပ်နွမ်းနွမ်းပုံစံပေါက်အောင် အသွင်ပြောင်းထားခြင်းဖြစ်၏။
ပြတင်းပေါက်မရှိသဖြင့် နေ့ခင်းဘက်၌ပင် အလင်းရောင် လုံးဝမဝင်နိုင်ပေ။ အလင်းရောင်နှင့် ထိတွေ့၍မဖြစ်သည့်ပစ္စည်းများကို သိုလှောင်ရန် ပြုလုပ်ထားသော အမှောင်ခန်းလိုပုံစံမျိုးပင်။
သို့ရာတွင် တကယ်တမ်းက အမှောင်ခန်းဂိုဒေါင်အဖြစ် အသွင်ဖျက်ထားသည့် မာရာကိုးကွယ်သူတို့၏ ဝတ်ပြုခန်းဖြစ်ပေသည်။ နံရံများက ထူထဲလှသဖြင့် လူအများအပြား စုဝေးကာ ဝတ်ပြုဆုတောင်းခြင်း၊ သီချင်းဆိုခြင်းများ လုပ်လျှင်ပင် အသံက အပြင်ဘက်သို့မထွက်ပေ။
အပြင်ဘက်မှ အလင်းရောင် ဝင်နိုင်ခြင်းမရှိသလို ညဉ့်နက်ပိုင်း ဘာသာရေးဂိုဏ်းဝင်များ စုဝေးကာ မီးအိမ်များထွန်းညှိလျှင်ပင် ထိုအလင်းရောင််ကို အပြင်ဘက်မှ မြင်ရမည်မဟုတ်။
ဧည့်သည်က သူ့အတွက် အမှောင်ထုက အနှောင့်အယှက်မဖြစ်စေသည့်အလား အရှိန်အဟုန်မပျက် ဆက်လျှောက်သွားခဲ့သည်။ ဦးခေါင်းပေါ်တွင် ရုံထားသော ခေါင်းဆောင်းက အနောက်သို့ လန်ကျသွား၏။ သူ၏ဆံပင်ရှည်များက ရင်ဘတ်နားအထိ ကျဆင်းလာသည်။
ဧည့်သည် မျက်လုံးဖွင့်လိုက်တော့ မျက်လုံးထဲမှ နီမြန်းသော အလင်းရောင်လေးများ ထွက်လာ၏။
အမှောင်ထဲတွင် မီးရောင်လေးတစ်ခု ပေါ်လာသည်။ ပိုးစုန်းကြူးအလား ဧည့်သည်ကို ဗဟိုပြု၍ လှည့်ပတ်နေသော အလင်းရောင်လေးက နှစ်ခုကွဲထွက်သွား၏။
ထို့နောက်တွင် နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေတွက်၍မရအောင် များပြားလှသော အလင်းရောင်လေးများ ဂိုဒေါင်အတွင်း၌ ပြည့်နှက်သွားတော့သည်။
အလင်းရောင်များက ဂိုဒေါင်၏ မည်းမှောင်သော အမှောင်ထုကို ဖယ်ရှားပစ်ခဲ့သည်။ ဂိုဒေါင်အတွင်းတွင် အရင်ရောက်နှင့်ကာ စောင့်ဆိုင်းနေသည့် လူတစ်ယောက်ရှိ၏။ ဧည့်သည် လမ်းလျှောက်သွားရာ လမ်းကြောင်း၏ အရှေ့တည့်တည့်တွင် ထိုလူက အရေးပါသောဧည့်သည်ကို ကြိုဆိုရန်အတွက် မှောက်လျက်ဝပ်တွားလိုက်လေသည်။
ရင်ဘတ်အထိ ကျဆင်းနေသော ဧည့်သည်၏ ဆံပင်များက ရေတံခွန်အလား ဖြာဆင်းလာကာ ခြေမျက်စိအထိ ရှည်လျားသွားတော့သည်။ ဧည့်သည် လမ်းလျှောက်ရပ်လိုက်သည့်အခါ ဆံပင်များက ကြမ်းပြင်ပေါ်တွင် အနောက်ဘက်အထိ ရှည်လျားလျက်ရှိနေ၏။
“အထွတ်အမြတ် ဘုန်းတော်ကြီးထံ မာရာရဲ့ကောင်းချီး ထာဝရ ကိန်းအောင်းပါစေ။ မာရာရဲ့ အလုပ်အကျွေး ရိုဒရစ်ဂ် ဂါရဝပြုပါတယ်။”
ကြမ်းပြင်ပေါ် မှောက်လျက်ဝပ်တွားနေသော ရိုဒရစ်ဂ်၏ အသံက တုန်ယင်နေသည်။ ယခင်တစ်ခါ ယူဂျင်း၏အရှေ့တွင် အလွန်အမင်း ယဉ်ကျေးခဲ့ပုံနှင့်မတူတော့။
ရိုဒရစ်ဂ်၏ အပြင်းအထန် တောင့်တင်းမှုက လေးစားမှုထက် ကြောက်ရွံ့မှုနှင့် ပိုနီးစပ်၏။
ဂိုဒေါင်အတွင်း ပြည့်နေသော အလင်းရောင်သေးသေးလေးများက ပို၍ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်လာသည်။ ယခုမူ ဂိုဒေါင်ထဲမှ အစိတ်အပိုင်း အားလုံးကို မြင်ရလောက်အောင် လင်းနေပေပြီ။
ကြမ်းပြင်ပေါ်တွင် မျက်နှာအပ်လျက် ဝပ်တွားနေရင်း မျက်လုံးကို ဘေးသို့ အနည်းငယ်စွေကြည့်လိုက်သည့် ရိုဒရစ်ဂ်က ဂိုဒေါင်နံရံ၏ ထင်ရှားသော အုတ်ကွက်များကို စိုက်ကြည့်လိုက်၏။ ပြတင်းပေါက် လုံးဝမရှိသော ဤဂိုဒေါင်က နေ့ခင်းဘက် အပြင်မှတံခါးကို ဖွင့်ထားလျှင်ပင် အတွင်းပိုင်းအထိ အလင်းရောင် မဝင်နိုင်ပေ။ သူက တံတွေး မျိုချလိုက်၏။
ပြင်းထန်သော မာဂီကို တစ်ကိုယ်လုံးဖြင့် ခံစားနေရသည်။ သူ့ကိုယ်ထဲမှ မာဂီက ကြီးမားလှသော ဤစွမ်းအားနှင့်ယှဉ်လိုက်လျှင် သေးငယ်သည့် သဲမှုန်လေးသာသာပင်။ ကြောက်ရွံ့မှုနှင့် ကြည်ညိုလေးစားမှု၏ ဖိစီးမှုကြောင့် သူ၏ကျောပြင်တွင် ချွေးစေးများ ရွှဲလာတော့သည်။
ရိုဒရစ်ဂ်က ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ ဘုန်းတော်ကြီး ကိုးပါးအနက် အဆင့်အမြင့်ဆုံးဖြစ်ကာ ဘာသာရေးအစွန်းရောက်ဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေသော ခေါင်းဆောင်တစ်ဦးလည်းဖြစ်၏။
ဘာသာရေးအစွန်းရောက်ဂိုဏ်းအတွင်းတွင် လူများက ဘုန်းတော်ကြီး ရိုဒရစ်ဂ်ကို ယုံကြည်မှုခိုင်မာသူ၊ မာရာ၏ ရည်ရွယ်ချက် အထမြောက်စေရန်အတွက်ဆိုလျှင် အသက်ကိုပင် ပေးဆပ်ရဲသည့် သစ္စာရှိ နောက်လိုက်တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။
ထို့အကြောင်းကြောင့် ရိုဒရစ်ဂ်က ရံဖန်ရံခါ ပြင်းထန်သော လုပ်ရပ်များကို ဆောင်ရွက်ပြီး အာဏာကို ရက်ရက်စက်စက် တပ်မက်ကြောင်း ပြလျှင်ပင် သူ့တွင် နောက်လိုက်များ အများအပြားရှိ၏။
ထို့အပြင် ရိုဒရစ်ဂ်ကား အထွတ်အမြတ် ဘုန်းတော်ကြီးနှင့် တွေ့ဆုံနိုင်သည့် တစ်ဦးတည်းသောလူပင်။ သာမန်အစွန်းရောက်ဂိုဏ်းဝင်အများစုက အထွတ်အမြတ်ဘုန်းတော်ကြီး ရှိမှန်းပင် မသိကြပေ။
ဘုန်းတော်ကြီး ရိုဒရစ်က အထွတ်အမြတ်ဘုန်းတော်ကြီးထံမှတစ်ဆင့် မာရာ၏ စကားကို နားထောင်ရသည့် မြင့်မြတ်စင်ကြယ်သော ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ဘာသာရေးအစွန်းရောက်ဂိုဏ်းအတွင်း မယိမ်းမယိုင်ခိုင်မာသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသူဖြစ်၏။
မျက်လုံးနီနီများဖြင့် ရိုဒရစ်ဂ်ကို ငုံ့မိုးကြည့်နေသော အထွတ်အမြတ် ဘုန်းတော်ကြီးက ငယ်ရွယ်နုပျိုကာ လှပပေသည်။ သို့သော် ယောက်ျားလား၊ မိန်းမလား မသေချာပေ။ မိန်းမဟုတွေးလိုက်လျှင် လှပသော မိန်းမတစ်ယောက်ဟုမြင်ရပြီး ယောက်ျားဟု တွေးလိုက်လျှင် ဆန်းကြယ်သော ယောက်ျားတစ်ယောက်အဖြစ် မြင်ရ၏။
ကြမ်းပြင်ပေါ် ရှပ်တိုက်နေသည့် သူ၏ ဆံပင်အရှည်ကြီးက တောက်ပသော ချည်မျှင်များဖြင့် ရက်လုပ်ထားသည့် နဂါးတစ်ကောင်လိုပင်။ မဟာမှ ဆန်းဂျယ်၏ ဆံပင်အရောင်နှင့်တူသည်ဟု သိထားရသော ရွှေရောင်ဖြစ်၏။
"ကြီးမြတ်တဲ့ မာရာရဲ့ စကားကို ဆောင်ယူလာတယ်။"
အထွတ်အမြတ် ဘုန်းတော်ကြီး၏ အသံကား လှပသောအသွင်အပြင်နှင့် မလိုက်ဖက်လှစွာ ကြမ်းရှရှနှင့် တစ်မျိုးဆန်းပြားနေလေသည်။
~~~~
Miel's Translations