no

Font
Theme

အပိုင်း ၈၃

ခါဆယ်ရ်က ဘာမှမပြောဘဲ ယူဂျင်းကို စိုက်ကြည့်နေသည်။ ယူဂျင်းက သူ့မျက်နှာကို ဘာတွေးနေမှန်း လုံးဝဖတ်မရသဖြင့် အသာအကဲခတ်ရင်း ပြောလိုက်၏။

"သူ့မှာ နာမည်တွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မသိတဲ့ ကေ့ဂျ်ဆိုတာက သတင်းပွဲစားအဖြစ် လှုပ်ရှားတဲ့အခါသုံးတဲ့ နာမည်ပါ။"

ယူဂျင်းက စကားလုံးတစ်လုံးချင်းစီကို ဂရုတစိုက် အာရုံစိုက်ပြီး ပြောခဲ့သည်။ အမှားမဖြစ်ရအောင် အစောပိုင်းကတည်းက အကြိမ်ပေါင်းများစွာ လေ့ကျင့်ထား၏။ အဖြစ်မှန်အားလုံး ပြောပြ၍မဖြစ်သောကြောင့် တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ရမည်ဖြစ်ရာ သူသတိမထားမိအောင်လည်း ရှေ့နောက်ကိုက်ညီအောင် လုပ်ရပေမည်။

"သူ့ရဲ့ နောက်ထပ် နာမည်က ရိုဒရစ်ဂ်ပါ။ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်ဖြစ်ပြီးတော့ ဂိုဏ်းထဲမှာ ဘုန်းတော်ကြီးဆိုတဲ့ ရာထူးအမြင့်ကြီး ရထားတဲ့လူရှင့်။"

ယူဂျင်းတစ်ယောက် မနေ့က နန်းရင်းဝန် ပြန်သွားပြီးနောက် အတန်ကြာအောင် စဉ်းစားခဲ့ပြီးမှ မှတ်ဉာဏ် မပြည့်စုံသေးသည့် ယခုအချိန်တွင် သူ့အစွမ်းအစနှင့်သာဆိုလျှင် ကောင်းကောင်းကိုင်တွယ်နိုင်မည် မဟုတ်ဟု ကောက်ချက်ချခဲ့၏။

ဖြစ်နိုင်လျှင် ဘုရင်မင်းမြတ်ကို ဖွင့်ပြော၍ရမည့် အကြောင်းအရာအားလုံးကို ဝန်ခံပြီး သူ့ထံမှ အကူအညီတောင်းခံမည်ဟု ဆုံးဖြတ်လိုက်သည်။ သူသာ ကူညီပေးမည်ဆိုလျှင် အားလုံး ပြေလည်သွားပေမည်။ ဂျင် ယခင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ လုံးဝ ဖုံးဖိပေးနိုင်မည့်သူက ဤတိုင်းပြည်၏ ပြည့်ရှင်၊ မရဏဘုရင်သာ ရှိသောကြောင့်ပင်။

တင်းမာနေသော ယူဂျင်းနှင့်မတူဘဲ ခါဆယ်ရ်၏မျက်နှာကတော့ အပြောင်းအလဲမရှိသေးပေ။

"သူ့ရဲ့နောက်ထပ် သရုပ်မှန်က မင်းနဲ့ ဘယ်လိုများ ပတ်သက်နေတာလဲ။"

သူ့အသံက မျက်နှာထားအတိုင်း သာမန်ပင်။ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်ဟူသော စကားလုံးက သူ့အား သိပ်ပြီး ထိတ်လန့်စေပုံမရပေ။

ယူဂျင်းက အံ့ဩမှင်တက်သွားသော်လည်း စိတ်သက်သာရာရသည့် သက်ပြင်းကို ချလိုက်သည်။ ယခင်က မာရီအန်းပြောခဲ့သလို အစွန်းရောက်ဂိုဏ်းဝင်များက ဖယ်ကြဉ်ခံရသော်လည်း အမုန်း၊ စက်ဆုပ်ရွံရှာမှု၊ ကြောက်ရွံ့မှု အစရှိသော အစွန်းရောက်ခံစားချက်များ၏ ပစ်မှတ်တော့ ဟုတ်ပုံမပေါ်ပေ။

"ကျွန်မက သူ့ကို အစွန်းရောက်ဂိုဏ်းဝင်မှန်း သိသိကြီးနဲ့ ပုံမှန်တွေ့ပြီး ငွေအများကြီးပေးခဲ့လို့ပါ။"

"ဒါပေမဲ့ မင်းက သတင်းပွဲစားဆီကနေ သတင်းဝယ်ပြီး ပိုက်ဆံပေးခဲ့တာပဲလေ။"

"သတင်းဖိုးကို မဖြစ်နိုင်လောက်အောင် အများကြီး ပေးခဲ့တာပါ။"

"ဝယ်သူနဲ့ ရောင်းသူ သဘောတူတယ်ဆိုရင် ကုန်ပစ္စည်းတန်ဖိုးကို အပြင်လူက ဝင်ပြောနေစရာ မလိုဘူးလေ။"

သူက ခပ်ပေါ့ပေါ့ ပြောလာသဖြင့် ယူဂျင်းတစ်ယောက် ပိုပြီးအန္တရာယ်ရှိသလို ခံစားလိုက်ရသည်။ နဂိုကတည်းက သူ့ကို အထင်မှားအောင် လှည့်စားပြီး ထိုအခြေအနေကို အသုံးချကာ မသိမသာ လွှဲရှောင်သွားရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်။ ဂျင်၏ အမှားများကို အပိုအလိုမရှိ ဝန်ခံပြီး သူ့အား ဤကိစ္စကို အလေးအနက်ထား ဆုံးဖြတ်စေချင်ခဲ့၏။

"ရိုးရှင်းတဲ့ အရောင်းအဝယ် မဟုတ်ပါဘူး။ ကျွန်မ မှတ်မိတဲ့ အချက်အလက်တွေက ပြဿနာမရှိဘူးဆိုရင် ဘာလို့ အရှင်မင်းကြီးကို ပြောပြနေရမှာလဲ။ ကျွန်မက ဘာသာရေးအစွန်းရောက်ဂိုဏ်းကို ငွေကြေး ထောက်ပံ့ခဲ့တာပါ။ အဲ့ဒါရဲ့ သက်သေအဖြစ်..."

ယူဂျင်းက အသက်ရှူသွင်းပြီးမှ ပြောလိုက်သည်။

"အဲ့ဒီလူက ကျွန်မကို 'သူတော်စင်အရှင်မ' ဆိုပြီး ခေါ်ခဲ့တာပါ။"

ယခုအချိန်အထိ ဘာတုံ့ပြန်မှုမှမရှိခဲ့သော ခါဆယ်ရ်က မျက်မှောင်ကြုတ်လိုက်တော့ ယူဂျင်း လန့်သွားမိသည်။

"ယုတ်မာတဲ့ကောင်ပဲ။ ဒီလိုနည်းလမ်းမျိုးနဲ့ မင်းကို အသုံးချခဲ့တာပေါ့။"

"...ရှင်။"

"အဲ့ဒီလို အတုအယောင်နာမည်နဲ့ မင်းကို ဖြားယောင်းသွေးဆောင်ခဲ့တာပေါ့။"

ခါဆယ်ရ်က စိုးရိမ်တကြီးမျက်နှာနှင့် ရေရွတ်လိုက်သည်။

"မင်းဆီမှာ ငွေအများကြီးရှိတယ်ဆိုတဲ့ သတင်းကို ဘယ်ကနေ ရခဲ့တာဖြစ်မလဲ။"

သူ၏ ဒေါသက အစွန်းရောက်ဂိုဏ်း၏ 'သူတော်စင်အရှင်မ' လုပ်ခဲ့သော ယူဂျင်းကိုမဟုတ်ဘဲ ရိုဒရစ်ဂ်ထံသို့သာ ဦးတည်နေခဲ့သည်။ ယူဂျင်းတစ်ယောက် ခါဆယ်ရ်က သူ့ကို လိမ်လည်သူ၏ လှည့်စားမှုကိုခံရပြီး ငွေဆုံးရှုံးလိုက်ရသည့် သားကောင်လို သဘောထားနေကြောင်း သိလိုက်ရတော့ အံ့အားသင့်သွားမိ၏။

သူက ခါဆယ်ရ့်ကို လျင်မြန်စွာ နားလည်သဘောပေါက်နိုင်သူဟု ထင်ထားခဲ့သည်။ ဤတစ်ကြိမ်ကဲ့သို့ စကားများ အလွဲလွဲအချော်ချော်ဖြစ်ခြင်းမျိုး မရှိဖူးခဲ့။

"အရှင်မင်းကြီး။ အဲ့ဒီလို မဟုတ်ပါဘူးဆို။"

ယူဂျင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးရမည့်အစား အပြစ်ကို ဆက်တိုက် သက်သေပြနေရခြင်းကို နားမလည်နိုင်ဘဲ ထူးဆန်းသလို ခံစားနေရ၏။

"မင်း ဘာပြောချင်နေမှန်း သိတယ်။"

တစ်ခုခုထပ်ပြောဖို့ ကြိုးစားနေသည့် ယူဂျင်းလည်း ပါးစပ်ပိတ်သွားတော့သည်။

"အဲ့ဒီလူက မင်းကို 'သူတော်စင်အရှင်မ' လို့ ခေါ်တာကို စိတ်စနိုးစနောင့်ဖြစ်နေတယ်မဟုတ်လား။"

"...ဟုတ်ကဲ့။"

"သူတော်စင်အရှင်မအဖြစ် ဟန်ဆောင်ပြီးတော့ အဲ့ဒီနာမည်ကို ကြည်ညိုတဲ့ ပြည်သူတွေအပေါ် လှည့်စားပြီး အမြတ်ထုတ်ခဲ့တယ်ဆိုရင်တော့ အပြစ်ကကြီးတာပေါ့။ မင်းက အဲ့ဒီလို လုပ်ခဲ့တာလား။"

"...မသိပါဘူး။ အဲ့ဒါတော့ မှတ်မိမနေဘူးရှင့်။"

"မင်းက အဲ့ဒီလို လုပ်ခဲ့တာမဟုတ်တော့ ဘယ်မှတ်မိမလဲ။ အဲ့ဒီလိုကိစ္စမျိုး ရှိခဲ့ရင် ငါသိမှာပေါ့။"

ယူဂျင်း ခေါင်းညိတ်လိုက်သည်။ ဂျင်က တိတ်တဆိတ် အပြင်ထွက်ပြီး ရိုဒရစ်ဂ်နှင့် တွေ့ဆုံခဲ့သော်လည်း အကြိမ်ရေ သိပ်များမည်မဟုတ်ပေ။ တစ်ခါတလေမှသာဖြစ်သဖြင့် လူတိုင်း၏ မျက်လုံးကို လှည့်စားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မိဖုရားအဖြစ် နေထိုင်ကြည့်ပြီးနောက် ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေကြသော မျက်လုံးများ ဘယ်လောက်များမှန်း သူသိ၏။

"မင်းမှာ သူတော်စင်အရှင်မဆိုတဲ့ ဘွဲ့ကနေ ရနိုင်မဲ့အကျိုးအမြတ် ဘာမှမရှိဘူး။ မင်းက မိဖုရားလေ။ လက်တစ်ဆုပ်စာ အစွန်းရောက်ဂိုဏ်းဝင်တွေရဲ့ အထက်မှာ သူတော်စင်အရှင်မအဖြစ် စိုးစံတာထက် မိဖုရားဆိုတဲ့အရိုက်အရာနဲ့ ဒီတိုင်းပြည်အပေါ် သက်ရောက်မှုက အဆမတန် ပိုကြီးတာပေါ့။"

ယူဂျင်း စကားမပြောနိုင်ဖြစ်သွားသည်။ သူ့စကားက ယုတ္တိရှိ၏။ သို့ရာတွင် ဂျင် လုပ်ခဲ့သောကိစ္စကို ယုတ္တိရှိရှိ ရှင်းပြ၍မရနိုင်ပေ။

"ဒါဆို အဲ့ဒီလို အသုံးမဝင်တဲ့ သူတော်စင်အရှင်မဘွဲ့ကို ရဖို့အတွက် အစွန်းရောက်ဂိုဏ်းကို ဘာလို့ ထောက်ပံ့ခဲ့တာဖြစ်မလဲဟင်။"

"အဲ့ဒါက ငါ မေးရမဲ့ မေးခွန်းလေ။"

ယူဂျင်း ရုတ်တရက် သတိရသွားသည်။ ကိုယ်တိုင်တောင် သတိမထားမိဘဲ ဂျင်ကို တစ်လှမ်းခွာပြီး ကြည့်နေသည့် လေ့လာသူတစ်ယောက် ဖြစ်သွားခဲ့၏။

"အဲ့ဒီတော့လေ ကျွန်မက... မကောင်းတာတစ်ခုခုလုပ်ဖို့ ရည်ရွယ်ပြီး အစွန်းရောက်ဂိုဏ်းနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့တာပါ။ ပြစ်မှုရဲ့ သဘောသဘာဝပေါ် မူတည်ပြီး လက်တွေ့ မလုပ်ခဲ့ရင်တောင် စီစဉ်ခဲ့တယ်ဆိုရုံနဲ့ အပြစ်ရှိနိုင်တယ်မဟုတ်ဘူးလားဟင်။"

"ဘာမကောင်းမှုလဲ။"

"မာရာ...ဆင့်ခေါ်တာမျိုး ဒါမှမဟုတ်..."

ယူဂျင်းကို ငေးကြည့်နေသော ခါဆယ်ရ်က ရှီးဟု ရယ်လိုက်ပြီးမှ အကျယ်ကြီး ထရယ်လေသည်။

"ဆင့်ခေါ်ပြီး ဘယ်နားသုံးဖို့လဲ။"

"အရှင်မင်းကြီး။"

ယူဂျင်း မျက်မှောင်ကြုတ်လိုက်သည်။ အလေးအနက် စကားကို နောက်ပြောင်သလို ပြောနေသည့် သူ့အား ဒေါသထွက်မိ၏။

ခါဆယ်ရ်က အေးစက်သော အကြည့်နှင့် ရယ်မြူးရိပ် လုံးဝရှိမနေသော ယူဂျင်း၏ မျက်နှာထားကိုကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများကို အတင်းအကျပ်ဆွဲချကာ မျက်နှာပိုးသတ်ရင်း ချောင်းဟန့်လိုက်သည်။

"ဒီလိုမျိုးပဲ ဆက်လုပ်နေမယ်ဆိုရင် နောက်ကို ဘာကိစ္စပဲဖြစ်ဖြစ် အရှင်မင်းကြီးကို မပြောပြတော့ပါဘူး။"

မာန်တင်းနေသော မျက်နှာထားလေးက ခါဆယ်ရ်၏ မျက်လုံးထဲတွင်တော့ ချစ်စဖွယ်အတိသာ။ ခါဆယ်ရ်တစ်ယောက် ယူဂျင်း၏ နှုတ်ခမ်းလေးများကို နမ်းပစ်ချင်သည့် အလိုဆန္ဒအား အတင်းအကျပ် ထိန်းချုပ်ထားလိုက်ရ၏။ ယခုအချိန်တွင် လက်လှမ်းလိုက်လျှင် ယူဂျင်း အကြီးအကျယ် စိတ်ဆိုးသွားမည်ထင်သည်။

ယခုရက်ပိုင်းအတွင်းမှာပင် ယူဂျင်းနှင့် အတူရှိရသည့် အချိန်က နည်းပါးခဲ့နေသည်ကို စိတ်ခံစားမှုမကောင်းသော အခြေအနေနှင့် ဤအဖိုးတန်အချိန်လေးကို အချည်းနှီး မဖြုန်းတီးလိုပေ။

"စိတ်လျှော့ပါဦး။ မင်းရဲ့စကားကို ရယ်စရာလို သဘောထားဖို့ ရည်ရွယ်တာမဟုတ်ဘူး။ မင်းရဲ့ စကားမှာ ဟာကွက်အကြီးကြီး ရှိနေလို့။"

"ဘယ်အချက်ကလဲရှင့်။"

"မာရာ။ အစွန်းရောက်ဂိုဏ်းဝင်တွေ ကိုးကွယ်တဲ့ သူတို့ရဲ့ ဘုရားသခင်။ မာရာကို ခေါ်ယူမယ်ဆိုတာ။ အဲ့ဒါက ဖြစ်နိုင်လို့လား။"

"..."

ယူဂျင်း၏ ဝတ္ထုထဲတွင်တော့ ဖြစ်နိုင်ခဲ့သည်။ သို့သော် ယင်းက ဝတ္ထုတစ်ပုဒ်သာ။

"ဆန်းဂျယ်က ဘုရားသခင်ရဲ့ အလိုတော်ကို ခံယူထားတဲ့ သူတော်စင်တစ်ပါးအနေနဲ့ ဟိုးအရင်ကတည်းက အထွတ်အမြတ်မြို့တော်ကို ကာကွယ်စောင့်ရှောက်ခဲ့တာလေ။ ဒါပေမဲ့ အခုအချိန်အထိ ဘယ်သူမှ မာရာကို မြင်ဖူးတာမျိုး မရှိသေးဘူး။ ဘုရားသခင်သာ ဒီလောကကို ဆင်းသက်လာမယ်ဆိုရင် အဲ့ဒါက ကမ္ဘာပျက်တာပဲလို့ ငါကတော့ထင်တယ်။"

ယူဂျင်းက မျက်လုံးအပြူးသားနှင့် သူ့ကို ကြည့်လိုက်သည်။

"ဘုရားသခင်ဆိုတာ စိတ်ကူးနဲ့တောင် တွေးကြည့်လို့မရတဲ့ ဖြစ်တည်မှုပဲ။ အဲ့ဒီပုံသဏ္ဌာန်ကိုမြင်တဲ့ သက်ရှိတစ်ဦးတစ်ယောက်ဆိုတာ အသက်ရှင်လျက်ရှိနိုင်ပါ့မလား။"

ယူဂျင်းက စကားမပြောဘဲ သူ့စကားများကိုသာ နားထောင်နေ၏။

"အဲ့ဒီလိုဆိုပေမဲ့လည်း တစ်သန်းမှာ တစ်ယောက် ဘုရားသခင်ကို ခေါ်ယူတာ ဖြစ်နိုင်တယ်၊ မင်းကလည်း အဲ့ဒီကိစ္စနဲ့ ပတ်သက်နေတယ်လို့ ယူဆကြည့်ရအောင်။ မင်းက မာရာကို ဘာရည်ရွယ်ချက်နဲ့ ဆင့်ခေါ်ဖို့ ကြိုးစားတာလဲ။"

"မာရာရဲ့ စွမ်းအားကို လိုချင်လို့..."

ယူဂျင်းက ဝတ္ထုထဲမှ ဂျင် မာရာကို ဆင့်ခေါ်ခဲ့သည့် အကြောင်းရင်းကို အမှတ်တမဲ့ ရေရွတ်လိုက်မိသည်။

"ဘာလို့ လိုချင်ရတာလဲ။ မင်းက အားကောင်းတဲ့ ရာမီတာကို ပိုင်ဆိုင်ထားတဲ့ အာနီခါလေ။ ဘုရားသခင် ကောင်းချီးပေးထားတဲ့ အစွမ်းတွေ ရှိနေပြီးသားကို ဘာလို့ နတ်ဆိုးရဲ့ အစွမ်းကို လိုချင်ရတာလဲ။"

ဂျင်က မွေးရာပါ ရာမီတာ လုံးဝနီးပါး မရှိသဖြင့် အခြား စွမ်းအားကို လိုလားခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသည်မှာလည်း ဝတ္ထုပါ အချက်အလက်သာ။

ခါဆယ်ရ်နှင့် စကားပြောရင်း ယူဂျင်း ပို၍စိတ်ရှုပ်ထွေးသွားရ၏။ သူ စိုးရိမ်ပူပန်ပြီး စိတ်တထင့်ထင့် ဖြစ်နေခဲ့သော ကိစ္စများက အကုန် ဘာမှမဟုတ်တော့သလိုပင်။

"ဘာပဲဖြစ်ဖြစ် ကျွန်မက အစွန်းရောက်ဂိုဏ်းကို ထောက်ပံ့ခဲ့ပြီးတော့ အစွန်းရောက်ဂိုဏ်းဝင်တွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့တာလေ။ သူတို့ကို ငွေပေးပြီး သူတော်စင်အရှင်မဆိုတဲ့ ဘွဲ့ကို ရယူခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိတဲ့ အမှန်တရားပဲကို။"

ယူဂျင်းက ခါဆယ်ရ် တစ်ခါထပ်ပြီး ပေါ့ပေါ့တန်တန် သဘောထားမည်စိုး၍ အခိုင်အမာ ပြောလိုက်၏။ ခါဆယ်ရ်က ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီလိုကိစ္စတွေ ပေါ်သွားတာက ကောင်းတဲ့အရာတော့ မဟုတ်ဘူးပေါ့။ မင်းကို တိုက်ခိုက်ဖို့ အကြောင်းရင်း ဖြစ်သွားနိုင်တာပဲ။"

သူ့မျက်နှာထားက ယခုအထိ လုံးဝ အလေးအနက် မရှိသေးသော်လည်း အနည်းငယ်တော့ တည်ကြည်လာပေပြီ။

"ဒီတော့ အခု မင်းလိုချင်တာကိုပြော။"

ယူဂျင်းက အံ့အားသင့်သွားသည့်မျက်နှာနှင့် သူ့ကို ကြည့်လိုက်သည်။ ရုတ်တရက် ရှက်ရွံ့မှုက တိုးဝင်လာ၏။ သူက အချက်အလက်၏ အဓိကဆိုလိုရင်းကို အင်မတန်တိကျစွာ ထိုးထွင်းသိမြင်နေသည်။

ယူဂျင်း အသေးစိတ် ရှင်းပြပြီး သူ့အမှားများကို တမင်ချဲ့ကားပြောနေရသည့် အကြောင်းရင်းက နောင်တရသည့်စိတ်နှင့် မဟုတ်ပေ။ 'ဘယ်သူမဆို အမှားလုပ်နိုင်ပါတယ်' ဟူသော စိတ်ပိုင်းဆိုင်ရာ စာနာမှုကို လိုချင်ခြင်း၊ တိုင်ပင်ဆွေးနွေးလိုခြင်းတို့လည်း မဟုတ်ခဲ့။

သူ့အား ဖြေရှင်းခိုင်းလိုခဲ့ခြင်းပင်။ ဂျင် လုပ်ခဲ့သည့် ကိစ္စများနှင့် ခြေချုပ်မိနေရခြင်းကို လုံးဝမလိုချင်တော့ပေ။

"ကျွန်မ..."

ပြောမည်ကြံခါမှ ပါးစပ်က စကားများ ထွက်မလာတော့။ ညစ်ထေးနေသော အတိတ်ကို အပြီးအပိုင် ဖျက်ပစ်ချင်သည့် မိမိကိုယ်ကိုယ် အင်မတန် မျက်နှာပြောင်ရဲတင်းသည်ဟု ခံစားနေရသည်။

ခါဆယ်ရ်က ယူဂျင်း၏ အဖြေကို ခဏကြာအောင် စောင့်ပြီးမှ နှုတ်ဆိတ်နေသော သူ့ကို ကြည့်ရင်း ပြောလာ၏။

"အစွန်းရောက်ဂိုဏ်းဝင်တွေကို ဖမ်းဆီးဖို့ အကြီးအကျယ် အမိန့်ထုတ်ပြီး တိုင်းပြည်မှာ ခြေကုပ်ယူလို့မရအောင်လုပ်ရတာပေါ့။"

"မလုပ်ပါနဲ့။"

ယူဂျင်းက အလျင်အမြန် ပြောလိုက်သည်။

"အခုအချိန်အထိ အပြင်းအထန် နှိပ်ကွပ်တာမျိုး မလုပ်ခဲ့ဘူးလို့ ကြားထားပါတယ်။ အစွန်းရောက်ဂိုဏ်းဝင်တွေကို ကိုင်တွယ်တဲ့ မူဝါဒကို မပြောင်းလဲစေချင်ပါဘူး။"

"ဒါဆို အဲ့ဒီလူတစ်ယောက်တည်းကိုပဲ ဖမ်းလိုက်ရမလား။"

ယူဂျင်းက ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။

"လောလောဆယ်တော့ မသိချင်ယောင်ဆောင်ပေးပါဦး။ အဲ့ဒီလူကို ကျွန်မကိုယ်တိုင် တွေ့ကြည့်ချင်လို့ပါ။"

ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့ဒီလူကိုတွေ့မယ်ပေါ့လေ၊ ဘာလို့လဲ။"

"အဲ့ဒီလူနဲ့တွေ့ရင် မှတ်မိလာတာတွေ ရှိလာမလားလို့ပါ။ အဲ့ဒီလူကို ငွေအများကြီး ပေးခဲ့တဲ့ အကြောင်းရင်းကိုလည်း သိချင်တယ်ရှင့်။ ဒါပေမဲ့... နန်းရင်းဝန်က အဲ့ဒီလူအကြောင်း စုံစမ်းပြီး အစီရင်ခံတင်ပြလာနိုင်တယ်လေ။ နန်းရင်းဝန်ရဲ့ စုံစမ်းမှုကို နှေးသွားအောင် လုပ်ပေးလို့ရမလားဟင်။"

မကြာသေးမီက ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများနှင့် ပတ်သက်သော ဘယ်ရုစ်၏ အစီရင်ခံစာကို လက်ခံရရှိထားပြီး စုံစမ်းရန် အမိန့်ပေးခဲ့သည်ကို ခါဆယ်ရ် မှတ်မိသည်။ ယူဂျင်း၏ စကားကိုကြားပြီး တွေးမိသည့်အရာများလည်း ရှိခဲ့၏။ အစွန်းရောက်ဂိုဏ်းဆီသို့ ငွေအမြောက်အမြား စီးဆင်းသွားသည်ဆိုလျှင် အရေးယူဖို့ လိုအပ်ပေသည်။

ယူဂျင်းက ထိုလူကို ထပ်တွေ့ပြီး အတိတ်က မှတ်ဉာဏ်များကို ပြန်လည် အသက်သွင်းမည့် အစီအစဉ်ကို သူ မကျေနပ်ပေ။

'ဘာလို့ ဒီလောက် ဇွဲကောင်းနေတာပါလိမ့်။'

ယူဂျင်းက တစ်ခါတလေ အတိတ်က မှတ်ဉာဏ်များကို စွဲလမ်းနေသည့်ပုံစံမျိုး ပြတတ်ပေသည်။ ခါဆယ်ရ်က ပစ္စုပ္ပန်တွင် လုံလောက်စွာ ကျေနပ်နေသည်ဖြစ်ရာ အတိတ်ကို မမှတ်မိနိုင်သူ၏ စိုးရိမ်ပူပန်မှုကို နားမလည်နိုင်ခဲ့။

"ကောင်းပြီလေ။"

ရုတ်တရက် အင်မတန်ရိုးရှင်းသော သူ၏အဖြေကို ကြားလိုက်ရတော့ ယူဂျင်း တစ်ချက်ကြောင်သွားခဲ့သည်။

"ဒါပေမဲ့ အဲ့ဒီလူကို ဒီအတိုင်း လွှတ်ထားလို့တော့ မရဘူး။ မင်းအပေါ် သူ လုပ်ခဲ့တဲ့ အပြုအမူကိုကြည့်ရင် တခြားရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေလည်း အများကြီးရှိတာပေါ့။ အချိန်ကို ငါကန့်သတ်မယ်။ ခြောက်သွေ့ရာသီစတင်ပြီး နောက်တစ်လ။ အဲ့ဒီနောက်ပိုင်းကျရင်တော့ အဲ့ဒီလူကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။"

"ဟုတ်ကဲ့..."

ခဏလောက် စကားပြော ရပ်သွားခဲ့သည်။ ယူဂျင်း သက်ပြင်းချလိုက်၏။ အစက စိတ်ကိုပြင်ဆင်ထားခဲ့သော်လည်း အဆုံးသတ်က လွယ်လွယ်ကူကူပင်။

သူ၏ တောင်းဆိုမှုကို ခါဆယ်ရ်က ပစ်ပယ်မည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း အပြစ်တင်စကား တစ်ခွန်း၊ နှစ်ခွန်းလောက်တော့ ကြားရမည်ဟု ထင်ထားခဲ့၏။ စိတ်သက်သာရာရသွားသော်လည်း တစ်ဖက်တွင်တော့ မရေမရာ စိုးရိမ်စိတ်လေး ဝင်လာသည်။ တကယ် ဤအတိုင်း အဆင်ပြေပါ့မလား။

"ယူဂျင်း။"

အကျပ်ရိုက်နေသလို မျက်နှာနှင့် အတွေးလွန်နေသည့် ယူဂျင်းက မျက်လုံးလေးပင့်ကြည့်လာသည်။

"အရည်အချင်းရှိတဲ့ သတင်းပွဲစားကို ငါ ရှာပေးမယ်။"

ယူဂျင်းက သူ့စကား၏ အဓိပ္ပာယ်ကို နားလည်သွားကာ သူ့ကို စူးစိုက်ကြည့်လိုက်သည်။

"ကျွန်မက ရှေးဟောင်းစာအုပ် စုဆောင်းတဲ့နေရာမှာ အထောက်အကူပြုမဲ့ သတင်းပေးကို ဆုံးရှုံးသွားမှာမို့ စိတ်မကောင်းဖြစ်နေတယ်လို့ ထင်နေတာလားဟင်။"

"အဲ့ဒါက မင်းအတွက် အရေးကြီးတဲ့ ဝါသနာပဲလေ။"

"အခု မဟုတ်တော့ပါဘူး။ ဒီရက်ပိုင်း ကျွန်မ စာအုပ် ဝယ်တာ မရှိတော့ဘူးမဟုတ်လားရှင့်။"

"အဲ့ဒါက ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ဖြစ်နေလို့လေ။"

'အာ၊ ဟုတ်သားပဲ။ ဂျင် စာအုပ်ဝယ်တဲ့ အချိန်တွေက အကုန် ခြောက်သွေ့ရာသီပဲကို။'

ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် ကုန်သည်အဖွဲ့များ၏ လှုပ်ရှားမှုများက အင်မတန် ကျဆင်းသွား၏။ ကုန်သွယ်သောပစ္စည်း အများစုမှာ မရှိမဖြစ်လိုအပ်သော ပစ္စည်းများဖြစ်ပြီး ရှေးဟောင်းစာအုပ်ကဲ့သို့ ရှားပါးပစ္စည်းများကိုတော့ ခြောက်သွေ့ရာသီမှသာ ဖြန့်ချိလေ့ရှိပေသည်။

"ရှေ့လျှောက်လည်း မဝယ်တော့ပါဘူး။ စိတ်မဝင်စားတော့လို့ပါ။"

"ဘာလို့ ရုတ်တရက်ကြီးလဲ။"

"ဝါသနာဆိုတာ အဲ့ဒီလိုပါပဲ။ ရုတ်တရက် စိတ်ဝင်စားလာသလို၊ စိတ်ကုန်သွားတာမျိုးလည်း ဖြစ်နိုင်..."

စကားတွေ ဆက်တိုက်ပြောနေသော ယူဂျင်းက ပြုံးပြုံးလေး ကြည့်နေသည့် ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံမိတော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ခြောက်ကပ်ကပ်ရယ်သံ ထွက်လာသည်။

"လေးနက်တဲ့ကိစ္စကို မလေးနက်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိတာပဲနော်။"

နှုတ်ခမ်းလေးစူပြီး မကျေမနပ် ရေရွတ်နေသည့် ယူဂျင်းကိုကြည့်ရင်း ခါဆယ်ရ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ သူက ဆိုဖာမှ ထရပ်ပြီး ယူဂျင်းဆီသို့ ကိုယ်ကို ကိုင်းလိုက်၏။ ထို့နောက် အလိုလို ဆတ်ခနဲတွန့်သွားသည့် ယူဂျင်းကို ပွေ့ချီကာ အိပ်ရာဆီသို့ လျှောက်သွားလေတော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment