အပိုင်း ၉၈
“ဘာတွေ ကြည့်နေလို့ ဘေးမှာ လူရောက်လာတာတောင် မသိရတာလဲ။”
ခါဆယ်ရ်က ယူဂျင်း ကြည့်နေရာဘက်သို့ အကြည့်လွှဲလိုက်သည်။ ယူဂျင်းက သူ၏ ဘေးတစောင်းမျက်နှာကို ငေးကြည့်နေခဲ့၏။ မနေ့က တံတားပေါ်၌ လက်ဖက်ရည်အတူ သောက်ခဲ့သော တဒင်္ဂ ဒိတ်လုပ်ခြင်းနောက်ပိုင်းတွင် တစ်ရက်နီးပါး ကြာမြင့်သွားခဲ့ပေပြီ။
ထွက်ခွာခါနီးလေး ခဏတာ မျက်နှာချင်းဆိုင်တွေ့ခဲ့ခြင်းနှင့် ကျောက်တံခါးဝတွင် သူ၏ စောင့်ကြပ်ပို့ဆောင်မှုကိုခံယူပြီး ဝေါယာဉ်ပေါ် တက်ခဲ့ခြင်းကိုတော့ ချန်လှပ်ထားလိုက်၏။
ယင်းတို့မှာ လျှပ်တစ်ပြက် အခိုက်အတန့်သက်သက်သာဖြစ်ပြီး တကယ်တမ်း နှစ်ယောက်တည်းရှိရသည့်အချိန် မဟုတ်သောကြောင့်ပင်။
မနေ့ညက ယူဂျင်း တစ်ယောက်တည်း အိပ်စက်ခဲ့ရ၏။ သူက အစေခံတစ်ယောက်ကို စေလွှတ်ကာ အရင်အိပ်နှင့်ရန် အမှာစကားပါးလိုက်သည်။ ငါးရက်ကြာ ရဲတိုက်ကို ပစ်ထားခဲ့ရမည်ဖြစ်၍ အရေးတကြီး ရှင်းလင်းရမည့် အလုပ်များစွာရှိနေပုံရ၏။ မနက်ခင်း နိုးလာချိန်တွင် စုံစမ်းကြည့်တော့ သူက ရုံးခန်းထဲ၌ ညလုံးပေါက် အလုပ်လုပ်ခဲ့ရပုံပင်။
တစ်ညတာလေးသာ ရှိသေးသည်ကို။
ယူဂျင်းတစ်ယောက် သူ့အား အကြာကြီးနေမှ ပြန်မြင်ရသလို ခံစားနေရသည်။ မနေ့ညက အထူးတလည် အထီးကျန်ဆန်နေခဲ့ကာ အိပ်ရာကလည်း တရားလွန် ကျယ်လွန်းနေ၏။
ညဉ့်နက်သည်အထိ အိပ်မပျော်နိုင်ဘဲ လူးလွန့်နေခဲ့ရသည်။ ရဲတိုက်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့် ညကဲ့သို့ပင် ရင်က စိုးတထိတ်ထိတ် ခုန်နေခဲ့၏။
ယူဂျင်းဘက်သို့ ခေါင်းပြန်လှည့်လာသော ခါဆယ်ရ်က သူ့ကို စိုက်ကြည့်နေသော ယူဂျင်းနှင့် မျက်လုံးချင်းဆုံမိသည့်အခါ အံ့အားသင့်သော မျက်နှာထား ဖြစ်သွားတော့သည်။
ယူဂျင်းက ထိုအတိုင်းပင် သူ့ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ သူ့ရင်ခွင်ထဲတွင် မျက်နှာနစ်ဝင်သွားအောင် ဖိမိသည်အထိ သူ့ခါးနောက်၌ ရစ်ပတ်ထားသော လက်များတွင် အားထည့်ထားသည်။
"ဘာဖြစ်လို့လဲ။"
"ဒီအတိုင်းပါပဲ။"
ယူဂျင်းက သူ့ကျောပြင်ပေါ်သို့ ဖုံးလွှမ်းလာသော ခါဆယ်ရ့်လက်၏ ဖိအားကို ခံစားရင်း မျက်လုံးမှိတ်လိုက်သည်။
မနေ့က ဖီဒက်စ်နှင့် တွေ့ဆုံပြီးသည့်နောက် ရေထဲ၌ ဆေးရောင်များ ပျံ့နှံ့သွားသည့်အလား ကြီးထွားလာသော စိုးရိမ်ပူပန်မှုက မငြိမ်သက်နိုင်ခဲ့။ စောစောက သဲတောင်ကုန်းပေါ် တက်ရင်း မြင်ခဲ့ရသည့် ဂျင်၏မှတ်ဉာဏ်က သူ၏စိုးရိမ်စိတ်ကို ပို၍လောင်စာဖြည့်ပေးနေသည်။
ဂျင်က သီးခြားရည်ရွယ်ချက်ရှိ၍ မရဏဘုရင်နှင့် လက်ထပ်ခဲ့သည်ဟူသော အချက်ကို ကောင်းကောင်းသိ၏။ အကြောင်းမူကား လက်ထပ်ခြင်း၏ အခြေခံအချက်က စာချုပ်ဖြစ်နေသောကြောင့်ပင်။
သို့ရာတွင် နဂိုကတည်းက ဂျင်၌ မရဏဘုရင်၏ ဆက်ခံသူကို မွေးဖွားပေးရန် စိတ်ကူးလုံးဝမရှိခဲ့ဘဲ မျိုးစေ့ကို ခိုးယူရန်သာ စဉ်းစားခဲ့သည်ဆိုလျှင်၊ ပြီးတော့ ထိုအချက်ကို ဆန်းဂျယ်က ဒီအတိုင်း သိနေသည်ဆိုတာထက် နှစ်ဦးသား ပူးပေါင်းကြံစည်ခဲ့ခြင်းဆိုလျှင် အခြေအနေက လုံးဝ ပြောင်းလဲသွားပေမည်။ ဂျင်နှင့် မရဏဘုရင်၏ လက်ထပ်ထိမ်းမြားမှုက မရဏဘုရင်ကို လုံးဝ လှည့်စားခဲ့သည့် လိမ်လည်မှုတစ်ရပ် ဖြစ်သွားပေပြီ။
ဆက်ခံသူမမွေးပေးဘဲ တိုင်းပြည်၏ရတနာကို ယူသွားခြင်းအထိလောက်တော့ မရဏဘုရင်က နားလည်ပေးနိုင်လိမ့်မည်။ တိုင်းပြည်ရတနာ အခိုးခံရသည့် ကိစ္စကို သူက သိပြီးသားဖြစ်ပြီး ဖြေရှင်းပေးမည်ဟု ပြောခဲ့ပြီးသားပင်။ သို့သော် အစကတည်းက လိမ်ညာခဲ့ခြင်းဆိုလျှင် သစ္စာဖောက်ခံရသည်ဟု ခံစားရမည်သာ။
'ခွင့်လွှတ်မပေးတော့တာလည်း ဖြစ်သွားမလားမသိဘူး။'
အစောပိုင်းက ထက်မြက်ပြီး အေးစက်ခဲ့သော ပုံရိပ်နှင့်ဆန့်ကျင်စွာ ယခုတလော သူ့ပုံစံက သိသိသာသာ ခံစားမိလောက်အောင် ယူဂျင်း၏အရှေ့တွင် ပျော့ပျော့ပျောင်းပျောင်း ရှိလာပေသည်။ ဘာမဆို လုပ်ပေးမည့်ဟန်ဖြင့် ကြည့်သည့်အကြည့်ကအစ နူးညံ့နေ၏။
သို့သော် ယူဂျင်းက သူ့ကို လူတစ်ယောက်အဖြစ် တစ်ခါမှ ရှောရှောရှူရှူ မတွေးခဲ့ဖူးပေ။ သူ 'ပြန်စကြရအောင်' ဟု ပြောခဲ့စဉ်က သူ့စရိုက်၏ တစ်စိတ်တစ်ပိုင်းကို မြင်ခဲ့ရသည်ဟု ထင်ခဲ့မိ၏။ ခါဆယ်ရ်က ကိစ္စများကို တစ်ယောက်တည်း ကိုင်တွယ်ကာ ထိပ်တိုက်ရင်ဆိုင်တတ်သည့် လူစားမျိုးပင်။ ထို့ကြောင့် သူသာ ဦးတည်ရာကို ပြောင်းမည်ဆိုလျှင် အရှေ့ကိုသာ ကြည့်ပြီး တည့်တည့်သွားမည်ဖြစ်ကာ ဘေးသို့ဖြစ်စေ၊ အနောက်သို့ဖြစ်စေ လှည့်ကြည့်မည်မဟုတ်ဟု ထင်ခဲ့မိသည်။
မိမိအား တမ်းတမ်းစွဲဖြစ်နေသည့်လူက နေ့ချင်းညချင်း လှည့်ထွက်သွားမည့် အခြေအနေကို စိတ်ကူးလိုက်ရုံနှင့် ရင်ဝတွင် ဆို့နေသလို အသက်ရှူရကျပ်လာတော့၏။ ထို့ကြောင့် ညလုံးပေါက် စိုးရိမ်ကြောင့်ကြကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ ခဏခဏ နိုးခဲ့ရသည်။
'ပြောမထွက်ဘူး။'
ဖီဒက်စ် ပေးခဲ့သော ဆန်းဂျယ်၏စာထဲတွင် ရေးထားသည့် ထိတ်လန့်စရာ အကြောင်းအရာကို သူ့အား ဘယ်လိုမှ ပြောမထွက်နိုင်ခဲ့။ စာကိုလည်း မနေ့ညက မီးရှို့ပစ်လိုက်ပေပြီ။
'ငါ ဒီလူကို တကယ်ပဲ အရမ်းသဘောကျနေမိပြီထင်တယ်။'
အရင်းနှီးဆုံး မိသားစုက သူစိမ်းများထက်ပင် ဆိုးသည်ဟု ထင်ခဲ့သဖြင့် ယူဂျင်းက လူတို့နှင့် ဆက်ဆံရေးတွင် အကွာအဝေးကို ထိန်းသိမ်းလေ့ရှိသည်။ ရန်သူရော၊ မိတ်ဆွေပါ မဖြစ်စေဘဲ စည်းကို စနစ်တကျ စောင့်ထိန်းပြီး နေထိုင်လာခဲ့၏။
ဤနေရာသို့လာပြီး ဂျင်၏ ခန္ဓာကိုယ်ကို ရယူကာ ဂျင်အဖြစ် နေထိုင်မည်ဟု စဉ်းစားခဲ့သည့်အချိန်၌ပင် သူ၏ ပင်ကိုစိတ်နေစိတ်ထားက ပြောင်းလဲမသွားခဲ့။ နေ့ချင်းညချင်း ခင်ပွန်းဖြစ်လာသူ မရဏဘုရင်နှင့် မဖြစ်မနေ အဆင်ပြေပြေရှိရန်၊ အတတ်နိုင်ဆုံး ပဋိပက္ခမဖြစ်စေရန်သာ ဆုံးဖြတ်ခဲ့၏။
သို့ရာတွင် မကြာမီမှာပင် သူ့စိတ်က လုံးဝကို ယိမ်းယိုင်ခဲ့ပေပြီ။ ဤလူအား ဆုံးရှုံးရမည်ကို ကြောက်မိ၏။ သဘောကျမိသည်နှင့်ဆတူ ကြောက်တတ်သူ ဖြစ်လာရလေသည်။
ခါဆယ်ရ်က ရင်ခွင်ထဲသို့ ဆက်လက်တိုးဝင်လာသော ယူဂျင်း၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
"ယူဂျင်း။ ဘာဖြစ်လို့လဲ။"
ကလေးဆန်ဆန် ပုံစံလေးက စိတ်ကျေနပ်စရာကောင်းသော်လည်း အစိမ်းသက်သက်ဖြစ်နေသဖြင့် စိုးရိမ်ခဲ့ရသည်။
"မဟုတ်ပါဘူး။ ရဲတိုက်ကနေ အဝေးကြီး ထွက်လာရတော့ စိတ်ထဲ တစ်မျိုးကြီးခံစားရလို့ပါ။"
"ပင်ပန်းတယ်မဟုတ်လား။"
"ထင်ထားတာထက်တော့ အဆင်ပြေပါတယ်။ မပင်ပန်းပေမဲ့ နည်းနည်းတော့ ငြီးငွေ့မိတယ်ရှင့်။"
"သတင်းကောင်းနဲ့ သတင်းဆိုး ရှိတယ်။ ဘာကို အရင်ပြောပြရမလဲ။"
ယူဂျင်း ခေါင်းမော့လိုက်သည်။
"သတင်းကောင်းကိုပဲ နားထောင်ချင်ပါတယ်။ သတင်းဆိုးကိုတော့ ကျွန်မ မသိရင်တောင်မှ ရှင်က ကြည့်ကြပ်ပြီး လုပ်သွားမှာမို့လို့။"
ခါဆယ်ရ်က မျက်လုံးပြူးသွားရာမှ ခပ်ဖွဖွ ရယ်လိုက်သည်။
"သဲမုန်တိုင်း အကြီးကြီးတိုက်လို့ အရင်က သွားလာနေကျလမ်းက ပျောက်သွားပြီ။ ဒါပေမဲ့ တော်သေးလို့ လမ်းအသစ် ရှာတွေ့ခဲ့တယ်။ တောင်ကုန်းရဲ့ ကုန်းစောင်းတွေအားလုံး ပြန့်ပြူးသွားတာမို့လို့ ဝေါယာဉ်က အများကြီး လှုပ်ခါတော့မှာမဟုတ်ဘူး။"
"ဪ... စောစောက လမ်းသွားကြည့်တယ်ဆိုတာ အဲ့ဒါကိုး။"
"သတင်းဆိုးကရော။"
"နားမထောင်ဘူးဆို။"
"စိတ်ပြောင်းသွားပါပြီ။"
"မင်းက အဲ့ဒီလောက် စိတ်အပြောင်းအလဲမြန်တဲ့သူမှန်း မသိခဲ့ရပါလား။"
"အဲ့ဒီတော့......မကြိုက်ဘူးလားရှင့်။"
ခါဆယ်ရ်တစ်ယောက် စူထားသည့် နှုတ်ခမ်းလေးအား နမ်းပစ်ချင်သည့် အလိုဆန္ဒကို မနည်းထိန်းချုပ်လိုက်ရသည်။ စလိုက်လျှင် အနမ်းဖွဖွလောက်နှင့် အဆုံးသတ်နိုင်မည် မဟုတ်မှန်း သိနေသောကြောင့်ပင်။
သူက ပြုံးလိုက်ကာ ပြန်ဖြေခဲ့သည်။
"မကြိုက်တာမဟုတ်ဘူး။"
အင်မတန် သေးငယ်သည့် အနုတ်သဘောဆောင်သော ခံစားချက်လေးပင် ယခု သူ့စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။ စောစောက သဲတောင်ကုန်းကို ဖြတ်ကျော်နေသော ယူဂျင်း၏ ကျောပြင်ကိုကြည့်ရင်း ပျော်ရွှင်မှုတို့နှင့် ပြည့်လျှံလာသည်ကို ခံစားလိုက်ရသည်။ ယင်းမှာ စကားဖြင့် ဖော်ပြ၍မရသော ကြိုတင်နိမိတ်ဖြစ်၏။ ယူဂျင်းက သူ့အပါးမှ ဤကန္တာရကို အတူတူ လျှောက်လှမ်းပေးလိမ့်မည်ဟူသော မျှော်လင့်ချက်နှင့် ယုံကြည်မှုပင်။
"သတင်းဆိုးကတော့ လမ်းအသစ်က ပတ်သွားရတဲ့လမ်းမို့လို့ ခန့်မှန်းထားတာထက် အချိန်ပိုကြာလိမ့်မယ်။"
"ဘယ်လောက်ကြာမှာလဲဟင်။"
"သတ်မှတ်ချိန်ထက် တစ်ရက်လောက် ပိုကြာမှာ။"
"ဟမ်း...အဲ့ဒီလိုလား။"
ယူဂျင်း ခေါင်းညိတ်လိုက်သည်။ ငါးရက်တွင် တစ်ရက်လေး ပိုကြာသွားခြင်းကို နားလည်ပေးနိုင်၏။
နှစ်ယောက်သား ခဏတာ ထပ်၍ ဖက်ထားခဲ့ကြသည်။ ခါဆယ်ရ်က ဤအတိုင်းလေး ယူဂျင်းကို သူ၏ လက်နှစ်ဖက်ထဲတွင် ထာဝရ ချုပ်နှောင်ထားလိုသော်လည်း ဖြစ်ချင်တော့ အချိန်ဇယားက ဖိအားပေးနေလေ၏။
"ယူဂျင်း။"
"ရှင်။"
"သတ်မှတ်ထားတဲ့ အချိန်မှာ ထွက်ခွာနိုင်ဖို့ဆိုရင် နေ့လယ်စာစားပြီး နားဖို့အချိန်ကကျပ်မှာ။"
သူ့ကို မော့ကြည့်နေသော ယူဂျင်း၏ မျက်လုံးများက တဖြည်းဖြည်း ပြူးလာတော့သည်။ ယူဂျင်း၏ ဦးခေါင်းက တောင့်တောင့်ကြီး ဘေးသို့ လှည့်သွား၏။
ကျောခိုင်းပြီး ရပ်နေကြသော ဆဗဲန်နှင့် ဂျီးန်ကို မြင်လိုက်ရသည့်အခါ ယူဂျင်း၏ မျက်လုံးများ တုန်ယင်သွားတော့သည်။ သိပ်မဝေးသော နေရာတွင် ဆောက်လုပ်ပြီးသား ယာယီတဲနန်းနှင့် လှုပ်ရှားနေသော အလုပ်သမားများကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများ ပို၍တုန်ယင်လာ၏။ ယူဂျင်းနှင့် မျက်လုံးချင်းဆုံလိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းကို လှည့်ပစ်လိုက်ကြသော လူအနည်းငယ်ကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာထားက တောင့်တင်းသွားတော့သည်။
ဘုရင်မင်းမြတ်နှင့် မိဖုရား၏ ချစ်ခင်ကြင်နာသော ပုံရိပ်ကို မကြာခဏ မြင်နေရ၍ ရင်းနှီးအသားကျနေသော ရဲတိုက်အမှုထမ်းများလိုမဟုတ်ဘဲ မှူးမတ်အရာရှိများကမူ ဘုရင်နှင့် မိဖုရားတို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ ချစ်ခင်မှုကို ပြသနေသည့် မြင်ကွင်းကို ပါးစပ်အဟောင်းသား ကြည့်နေကြလေ၏။
'အား'
ယူဂျင်းတစ်ယောက် စိတ်ထဲမှ အော်ဟစ်လိုက်ကာ ခါဆယ်ရ့်အား ဖက်ထားသည့် လက်များကိုဖြေပြီး အနောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
'ဒါက ဘယ်လိုတောင် ရှက်စရာကောင်းတဲ့မြင်ကွင်းလဲ။'
ဤနေရာက ဘယ်လိုနေရာမျိုးလဲ၊ မျက်လုံး ဘယ်လောက်များများ ရှိသလဲဆိုသည်ကို လုံးဝ မေ့နေခဲ့သည်။ ယူဂျင်းတစ်ယောက် ပူတက်လာသော မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်၏။ ရှက်ရွံ့ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသော ယူဂျင်းကိုကြည့်ရင်း ခါဆယ်ရ်က ရယ်လိုက်သည်။
~~~~
နေ့လယ်စာစားပြီး၍ နားနေပြီးနောက် ပြန်လည် ထွက်ခွာလာသော ခရီးသွားအဖွဲ့က ညနေစောင်းချိန်တွင် ညအိပ်ရပ်နားမည့် နေရာကို ရွေးချယ်ကာ ရပ်နားခဲ့ကြ၏။ လုပ်သားများက လုံ့လဝီရိယရှိစွာ လှုပ်ရှားပြီး တဲထိုးခြင်း အလုပ်ကို အပြီးသတ်လိုက်ချိန်တွင် လုံးဝ ညအချိန်ရောက်ကာ မှောင်သွားပေပြီ။
ယူဂျင်းက သူ၏ တဲနန်းအတွင်းသို့ ဝင်ရောက်သွားသည်။ နေ့ခင်းကလည်း ဤအထဲ၌သာ နားခဲ့သော်ငြား ထူးထူးခြားခြား အံ့ဩစရာကောင်းနေဆဲပင်။ တဲနန်းက ယူဂျင်း ထင်ထားခဲ့သည်ထက် အများကြီး ပို၍ ခိုင်ခံ့၏။
ယူဂျင်းက ဟိုးယခင် ဓာတ်ပုံထဲတွင် မြင်ဖူးခဲ့သော မြက်ခင်းပြင်တွင်နေထိုင်သည့် မျိုးနွယ်စု၏ နေအိမ်...'ဂယ်ရ်' ဟု ခေါ်သလား...ထိုအရာနှင့် ဆင်တူသည်ဟု တွေးလိုက်သည်။ အတွင်းပိုင်းက စက်ဝိုင်းပုံစံဖြစ်ကာ လိပ်ခုံးပုံစံနှင့် အမိုးကို ဆောက်ထား၏။ သို့သော် ဟောင်းနွမ်းမနေပေ။ အိပ်ရာက နေရာ၏ ထက်ဝက်ကို ယူထားကာ ကျန်တစ်ဝက်ကိုတော့ လူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နိုင်သည့် စားပွဲနှင့် ကုလားထိုင်များက နေရာယူထားလေသည်။
ယူဂျင်း၏တဲတွင် ယူဂျင်းနှင့် ခါဆယ်ရ်တို့ ညစာစားခဲ့ကြ၏။ စားသောက်ပြီးသည်နှင့် သူက လုပ်စရာရှိ၍ သူ၏တဲသို့ ပြန်သွားလေသည်။ လမ်းကြောင်းပြောင်းထားသဖြင့် ယနေ့ သွားခဲ့သောလမ်းကို သေချာမှတ်တမ်းတင်ထားရပေမည်။
"အရှင်မိဖုရား။ အခု ရေချိုးသန့်စင်ဖို့ ရေပြင်ဆင်ပေးရမလားရှင့်။"
ဂျီးန်၏ စကားကြောင့် ယူဂျင်း၏မျက်နှာလည်း ဝင်းပသွားတော့သည်။
"ကောင်းတာပေါ့။ တစ်ကိုယ်လုံး ကြမ်းတမ်းပြီး ခြောက်ကပ်နေတာပဲ။"
"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။ ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်။"
ခဏနေတော့ ရံရွေတော်များက ရေနွေးထည့်ထားသော ရေပုံးများကိုဆွဲကာ ယူလာကြသည်။ လူတစ်ယောက်တည်း ကွေးကွေးလေး ထိုင်နိုင်ရုံလောက် သေးငယ်သည့် ရေချိုးစည်လေးဖြစ်သော်လည်း ယခုက ကန္တာရအလယ်တွင်ရှိနေခြင်းဟူသောအချက်ကို ထည့်တွက်မည်ဆိုလျှင် ဇိမ်ခံပစ္စည်းနှင့်မခြားပေ။
ယူဂျင်းက မျက်နှာအရင်သစ်ပြီး တစ်နေကုန် ကပ်နေသည့် သဲများကို ဆေးကြောရန် ရေချိုးကန်ထဲတွင် ကိုယ်ကိုနှစ်လိုက်သည်။ တစ်ကိုယ်လုံး ပေါ့ပါးသွားသည့် ခံစားချက်ဖြင့် ရံရွေတော်များ ယူလာပေးသည့် နူးညံ့အိစက်သော အဝတ်အစားသစ်များကို လဲလိုက်၏။
ရေချိုးရေကို ပြန်ယူသွားကြသော ရံရွေတော်များက မီးဖိုကိုသယ်ကာ ပြန်ဝင်လာကြသည်။ ယူဂျင်း ချမ်းစိမ့်စိမ့်ဖြစ်နေသည်ဟု ခံစားမိသည့်အချိန်ဖြစ်၍ တကယ့် အချိန်ကိုက်ကွက်တိပင်။ မီးဖိုမှ ထွက်လာသော အပူရှိန်က ခဏအတွင်းမှာပဲ တဲအတွင်းပိုင်းကို နွေးထွေးသွားစေသည်။
"တာဝန်ကျေတယ်။ နင်လည်း ဒီနေ့ ပင်ပန်းနေမှာဆိုတော့ သွားနားတော့လေ။"
"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။"
ဂျီးန် ထွက်သွားပြီးနောက် ယူဂျင်းက ခုံကိုဆွဲယူကာ မီးဖိုနားတွင် ထိုင်လိုက်သည်။ သူက နီရဲတောက်လောင်နေသော မီးဖိုထဲသို့ စိုက်ကြည့်နေ၏။ ကျောက်စရစ်ခဲလိုအရာက နီရဲပြီး အပူဓာတ်ကို ထုတ်လွှတ်နေသော်လည်း မီးခိုးတော့ မထွက်ပေ။
'ရိုးရိုးကျောက်တုံးကို အပူပေးထားတာဆိုရင် ကြာကြာခံမှာမဟုတ်ဘူး။ အထူးလောင်စာဖြစ်မယ်။'
ခန္ဓာကိုယ် အပူချိန်တက်လာသည်နှင့်အမျှ ယခု ပျင်းလာတော့သည်။ ခဏလောက် အပြင်ထွက်ရန် တဲတံခါးကို လှပ်လိုက်သည်နှင့် အေးစက်စက်လေက ဝှစ်ခနဲဝင်လာ၏။ နေ့လယ်က ပူပြင်းလွန်းလှသော ရာသီဥတုမှာ နေဝင်သည်နှင့်အမျှ ရာသီပြောင်းသွားသည့်အလား လုံးဝကွာခြားသွားတော့သည်။
"ဘာကိစ္စများရှိလို့ပါလဲခင်ဗျ။"
တဲကို စောင့်ကြပ်နေသည့် ဆဗဲန်က ချက်ချင်း တုံ့ပြန်လာသည်။
"ခဏလောက် လမ်းလျှောက်ထွက်လို့ရောရမလား။"
ဆဗဲန်က ချက်ချင်းပြန်မဖြေနိုင်ဘဲ တွေဝေတုံ့ဆိုင်းနေသည်။
"မရရင် မရဘူးလို့ပြောလည်း ကိစ္စမရှိဘူး။"
"ကန္တာရရဲ့ ညဉ့်အချိန်က အန္တရာယ်များပါတယ်။ အရှေ့ကို သေချာမမြင်ရတဲ့အတွက် သဲအက်ကြောင်းထဲ ကျသွားတာမျိုး၊ ဒါမှမဟုတ် တောရိုင်းတိရစ္ဆာန်တွေနဲ့ တွေ့တာမျိုး ဖြစ်နိုင်တာကြောင့်ပါခင်ဗျ။"
"ကောင်းပြီလေ။"
ယူဂျင်းက အသာတကြည် ခေါင်းညိတ်လိုက်ပြီး နောက်ပြန်လှည့်လာခဲ့သည်။ အန္တရာယ်ရှိသည်ဆိုမှတော့ အတင်းအကျပ် ခေါင်းမာပြီး ပြဿနာရှာရန် စိတ်ကူးမရှိပေ။ သူက အထဲဝင်ကာ အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ ပျင်းနေ၍ပဲလားမသိ ပင်ပန်းနေလျက်ကပင် အိပ်မပျော်နိုင်ဖြစ်နေ၏။
'အသေးလေးကို ခေါ်လာပြီး ဆော့ခိုင်းရမလား။'
အသေးလေး၏ လှောင်အိမ်က ဘုရင်မင်းမြတ်၏ တဲထဲတွင် ရှိလောက်ပေသည်။ နေ့လယ်က အတိုင်ပင်ခံအရာရှိ သတိထားနေသလိုမျက်နှာနှင့် ယူဂျင်းကို မေးခဲ့၏။
「အရှင်မိဖုရား။ ရုံးခန်းထဲမှာထားခဲ့တဲ့ လှောင်အိမ်ထဲက ရှဉ့်က..... မရဏဘုရင် အရှင်မင်းကြီးရဲ့ မှော်ဝင်သားရဲလားရှင့်။」
လှောင်အိမ်ကို အစေခံက ဘုရင်မင်းမြတ်၏တဲဆီသို့ ယူသွားရန်ပြင်စဉ် 'ဒီလှောင်အိမ်က အရှင်မိဖုရားရဲ့တဲမှာထားဖို့' ဟု ထောက်ပြမိရာမှ ရှဉ့်အကြောင်း ကြားလိုက်ရ၍ ယူဂျင်းထံသို့ အတည်ပြုရန် လာခဲ့ခြင်းဖြစ်သည်။
ယူဂျင်းတစ်ယောက် အံ့အားသင့်နေသည့် စင်ဒီ၏ မျက်နှာကို သတိရပြီး ရယ်လိုက်မိ၏။
"ဂရူး..."
ယူဂျင်းက သားရဲဆီမှလာသော အသံသေးသေးလေးကိုကြားပြီး အံ့သြတကြီး လှည့်ကြည့်လိုက်တော့ အာဘူကို တွေ့လိုက်ရသည်။
"အာဘူ။"
ပြုံးပြီး လက်ကမ်းလိုက်တော့ အာဘူက အပြေးအလွှား ရောက်လာလေသည်။ ယူဂျင်းက ခြေရင်းတွင် လှဲချလိုက်သည့် အာဘူ၏ အမွေးလေးများကို ပွတ်သပ်ရင်း ပြောလိုက်၏။
"အာဘူ။ ဘယ်လိုလုပ် ဝင်လာတာလဲ။ အပြင်မှာ စစ်သည်တော်တွေရှိနေတာကို။"
လက်နှစ်ဖက်နှင့် အာဘူ၏ခေါင်းကိုကိုင်ကာ မျက်လုံးချင်းဆုံပြီး ကြည့်လိုက်သည်။
"ဧကန္တ ပိုသေးသွားအောင်လုပ်ပြီး ဝင်လာတာလား။ မမိအောင်လို့လေ။"
သားရဲက မျက်လုံးနီနီလေးများကို ဘေးသို့ လွှဲရှောင်သွားလေသည်။ ယူဂျင်းလည်း ရယ်လိုက်မိ၏။
အာဘူက ခြင်းတောင်းထဲ ဝင်နိုင်ရန်အတွက် ကြောင်ကလေးလောက် သေးသွားအောင် လုပ်ရသည့်နေ့က အင်မတန် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့၏။ သို့ရာတွင် ယခုတော့ တဲထဲသို့ လူမသိသူမသိ ခိုးဝင်ရန်အတွက် သူ့သဘောနှင့်သူ သေးအောင်လုပ်လာလေသည်။ ယူဂျင်းတစ်ယောက် အာဘူ၏ အမွေးများကို ပွတ်သပ်ရင်း တခစ်ခစ်ရယ်မိတော့၏။
~~~~
အစေခံတစ်ယောက်က ဘုရင်မင်းမြတ်၏တဲထဲသို့ ရေးကြီးသုတ်ပျာ ဝင်လာကာ လျှောက်တင်ခဲ့သည်။
"အရှင်မင်းကြီး။ မှော်ဝင်သားရဲ ပျောက်သွားပါတယ်။"
ခါဆယ်ရ် အစေခံကို ကြည့်လိုက်တော့ သူက ရှင်းပြချက်နှင့် ဆင်ခြေများကို ထပ်ပြောခဲ့သည်။
"အနီးအနားမှာ စောင့်ကြပ်နေတဲ့သူတွေကလည်း ဘာသံမှ မကြားရဘူးလို့ ပြောကြပါတယ်။ မှော်ဝင်သားရဲ တစ်နေရာရာကို ထွက်သွားတာ မျက်မြင်တွေ့လိုက်တဲ့သူလည်း မရှိပါဘူး။ အံ့သြစရာကောင်းလောက်အောင် ပျောက်သွားတာပါ၊ အရှင်မင်းကြီး။"
~~~~
Miel's Translations