အပိုင်း ၉၇
ရဲတိုက်မှ ရဲတိုက်အပြင်ဘက်ရှိ ကျောက်တံခါးအထိကျယ်သော မြင်းရထားလမ်းကြီးက ဖြောင့်ဖြူးလျက်ရှိ၏။ မြင်းရထားတစ်စီးတည်းသာ သွားလာနိုင်သည့် ဘေးလမ်းမှလွဲ၍ အခြားမည်သည့် ယာဉ်အမျိုးအစားကိုမဆို သွားလာခွင့် ပိတ်ပင်ထားသည်။
ရဲတိုက်မှ စတင်ထွက်ခွာလာသော မြင်းရထား ဒါဇင်ချီက အတန်းလိုက် စီတန်းကာ လမ်းမပေါ်တွင် မောင်းနှင်လာကြ၏။ မြင်းစီးလာသော ဘုရင်မင်းမြတ်နှင့် စစ်သည်တော်များက အရှေ့မှဦးဆောင်ကာ အနောက်တွင် မိဖုရားကို တင်ဆောင်လာသော မြင်းရထားနှင့် မြင်းရထား၏ ရှေ့နောက်ဘေးပတ်လည်တွင် စစ်သည်တော်များ ဝန်းရံကာ လိုက်ပါလာသည်။
ယစ်ပူဇော်ပွဲသို့ တက်ရောက်မည့် အရာရှိများနှင့် နောက်လိုက်မှူးမတ်များကို တင်ဆောင်လာသော မြင်းရထားများ၊ ငါးရက်တာအတွက် လိုအပ်သော ပစ္စည်းများကို တင်ဆောင်လာသော မြင်းရထားများက အစဉ်လိုက် အနောက်မှ လိုက်ပါလာကြ၏။
ယူဂျင်းက ဆူညံသော ဟစ်အော်သံများကို ကြားရသောကြောင့် မြင်းရထား၏လိုက်ကာကို အသာလေး မကြည့်လိုက်သည်။ လျင်မြန်စွာ ဖြတ်သန်းသွားသော လမ်းတစ်လျှောက်တွင် မြင်ကွင်းအပြည့် စုပြုံနေသော လူအုပ်ကြီးကို မြင်လိုက်ရပြီးနောက် လိုက်ကာကို ပြန်ပိတ်လိုက်၏။
'လူတွေ အများကြီး ထွက်လာတာပဲ။'
သူက 'ဒီကလူတွေအတွက်တော့ ဘုရင့်ရဲ့ ချီတက်လှည့်လည်မှုက ကြည့်လို့ကောင်းတဲ့ ပွဲတော်ဖြစ်မှာပေါ့' ဟု ရိုးရှင်းစွာ တွေးလိုက်မိသည်။
သို့ရာတွင် မြို့တော်သူမြို့တော်သားများက မရဏဘုရင် ကျားသစ်နက် မှော်ဝင်သားရဲကိုစီး၍ ပြေးလွှားနေသည်ကို မကြာခဏ မြင်တွေ့နေကျပင်။ ထို့ကြောင့် မြင်းရထားတန်းက အပြင်ထွက်ကြည့်ရလောက်အောင် အထင်ကြီးစရာ မြင်ကွင်းမဟုတ်ပေ။ လူထု မြင်ချင်နေသော ပုဂ္ဂိုလ်မှာ မိဖုရားပင်ဖြစ်ပေသည်။
ယူဂျင်းက သူ့ကြောင့် လူအများကြီး စုဝေးရောက်ရှိနေသည်ကို မသိခဲ့ပေ။ ယခုအချိန်ဆိုလျှင် လာ့ခ်သစ်ပင်အကြောင်းသည်လည်း လူပြောနည်းသွားပြီး ပတ်ဝန်းကျင်က ငြိမ်ကျသွားလောက်ပြီဟု ထင်ထားမိ၏။
မြင်းရထားက ကြာကြာမမောင်းရဘဲ ခဏနေတော့ ရပ်တန့်သွားသည်။ အပြင်ဘက်မှ စစ်သည်တော်တစ်ဦးက တံခါးကိုခေါက်ကာ ပြောလာ၏။
"အရှင်မိဖုရား။ ကျောက်တံခါးဝကို ရောက်ပါပြီခင်ဗျ။"
ယူဂျင်းက ကန္တာရသို့ ထွက်ခွာရမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ကြိုတင်ရှင်းပြချက်ကို ရထားပြီးသားဖြစ်သည်။ မြင်းရထားစီးကာ ရဲတိုက်မှထွက်လာပြီးလျှင် ကန္တာရသို့ ထွက်ခွာမည့် မြို့ပြင်ခံတပ်တံတိုင်း၏ ကျောက်တံခါးရှေ့တွင်ရပ်ပြီး ပြင်ဆင်ထားသည့် ဝေါယာဉ်ပေါ်သို့ ပြောင်းစီးရပေမည်။
မြင်းရထားတံခါး ပွင့်သွားခဲ့သည်။ ယူဂျင်းက ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံမိသည်နှင့် ပြုံးလိုက်ကာ သူကမ်းပေးလာသော လက်ကို ဆုပ်ကိုင်လိုက်၏။ ယူဂျင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်း မြင်းရထားအပြင်ဘက်သို့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အော်ဟစ်သံများ ပေါက်ကွဲထွက်လာတော့သည်။
"ဝါး...."
တပ်သားများဖြင့် ဖန်တီးထားသော ထိန်းချုပ်စည်းအပြင်ဘက်တွင် လူအုပ်ကြီးက အဆုံးမရှိ စုပြုံလျက်ရှိနေ၏။ လူတို့က ဘုရင်နှင့် မိဖုရားကို အော်ဟစ်ခေါ်ဝေါ်ရင်း အော်ဟစ်သံများကို ဆူညံစွာပြုနေကြသည်။
ယူဂျင်းတစ်ယောက် မြင်းရထားတံခါးကို မဖွင့်မီက အတော်လေး တိတ်ဆိတ်နေသည်ဟု ထင်ခဲ့၍ ဤပတ်ဝန်းကျင်တွင် လူများ ဤမျှအထိ များပြားနေမှန်း မသိခဲ့။ လန့်သွားသော ယူဂျင်းလည်း မြင်းရထားပေါ်မှဆင်းရန် ခြေနင်းခုံကို ခြေချော်သွားခဲ့သည်။ ယိုင်ထိုးသွားသော ကိုယ်လေးက ခါဆယ်ရ်၏ ရင်ခွင်ထဲသို့ ပြိုလဲကျသွားကာ သူ့ရင်ခွင်ထဲ မျက်နှာလေး တိုးဝင်မှီအပ်မိတော့၏။
ရုတ်တရက် နုတ်နှစ်ဆင့်လောက် ပိုကျယ်သွားသလားမှတ်ရသော လူအများ၏ အော်ဟစ်သံများနှင့် ခါဆယ်ရ်၏ ခပ်တိုးတိုး ရယ်သံကို ကြားလိုက်ရ၍ ယူဂျင်းတစ်ယောက် မျက်နှာပူလာတော့သည်။ လူအများကြီး မိမိကို စူးစိုက်ကြည့်နေသော ဤအခြေအနေက ရှက်ရွံ့စရာကောင်းသလို ဘာလုပ်လို့လုပ်ရမှန်းမသိလည်းဖြစ်ရ၏။
အလွယ်တကူ ခေါင်းမထောင်နိုင်ဖြစ်နေတော့ ခါဆယ်ရ်က ယူဂျင်း၏ နားနားသို့ နှုတ်ခမ်းကို ကပ်ကာ ပြောခဲ့သည်။
“ပွေ့ချီပြီး ခေါ်သွားရမလား။”
‘မဖြစ်ဘူး။’
စနောက်ပြောနေသည့်အသံမျိုး မဟုတ်ပေ။ ယူဂျင်းလည်း အလန့်တကြား ခေါင်းကို မြန်မြန်မော့လိုက်မိ၏။ ညစ်ကျယ်ကျယ်ပြုံးနေသော သူ့ကို မသိမသာ မဲ့ရွဲ့ကြည့်လိုက်ပြီးနောက် ခါးကို သေချာဆန့်ကာ မတ်မတ်ရပ်လိုက်သည်။
မိဖုရားအား တီးတိုးစကားပြောနေသော ဘုရင်မင်းမြတ်နှင့် သူ့အား တုံ့ပြန်လိုက်သည့် မိဖုရား၏မျက်နှာထားမှာ အင်မတန် တရင်းတနှီးရှိလှ၏။ တိုတောင်းသော အခိုက်အတန့်လေးသာ ဖြစ်သော်လည်း ထို့ကြောင့်ပင် ပို၍သဘာဝကျနေသည်။ ထိုမြင်ကွင်းက လူထု၏ မျက်လုံးထဲတွင် အင်မတန် နှစ်သက်အားကျဖွယ် ဖြစ်နေတော့၏။
‘နှစ်ဦးသား ဆက်ဆံရေးက ကောင်းနေတာပဲကို။’
‘ဘယ်သူကများ အဲ့ဒီလို အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေ ဖြန့်လိုက်တာလဲ။’
ရဲတိုက်အမှုထမ်းများက စကားကို မည်မျှပင် ဂရုစိုက်ပြောဆိုကြပါစေ ပြင်ပလှုပ်ရှားမှုများ မလုပ်ဆောင်သော မိဖုရားအကြောင်း အမျိုးမျိုးသော စကားများ ပျံ့နှံ့နေသဖြင့် ဤလက်ထက်တွင်လည်း တော်ဝင်ဇနီးမောင်နှံကြားတွင် ဆက်ဆံရေး မကောင်းဟု ကောလာဟလများ ထွက်လာခဲ့သည်။ ပြည်သူလူထုက မိမိတို့၏ အုပ်ချုပ်သူများကို ထူးချွန်ပြောင်မြောက်ပြီး ပြီးပြည့်စုံစေလိုကြ၏။ ပန်းချီကားတစ်ချပ်ပမာ လှပသော ဘုရင်နှင့် မိဖုရားတို့၏ ချစ်ခင်သင့်မြတ်သောပုံရိပ်က လူတိုင်း မျှော်လင့်နေသည့် စံပြပုံစံနှင့် အံဝင်ခွင်ကျ ဖြစ်နေလေသည်။
ယူဂျင်းက လုံးဝ မငြိမ်သက်သေးသော ဟစ်အော်သံများကို ကြားနေရရင်း ခါဆယ်ရ့်လက်ကို ကိုင်ကာ ဝေါယာဉ်ပေါ်သို့ တက်လိုက်၏။ ကုလားအုတ်ကျောပေါ် တင်ထားသော ဝေါယာဉ်၏ အတွင်းပိုင်းကို လူတစ်ယောက် ခြေထောက်ဆန့်ကာ ထိုင်နိုင်သည့် ကြမ်းပြင်ထိုင်ခုံပုံစံအဖြစ် ပြင်ဆင်ထားသည်။
‘တော်တော်လေး အဆင်ပြေတာပဲ။’
ကြမ်းပြင်တွင် သင့်တင့်သော ပြန်ကန်အားရှိပြီး သက်သောင့်သက်သာ ကျောမှီရန် ခေါင်းအုံးကလည်း ကြီးမားလှသည်။ လေဝင်လေထွက်ကောင်းစေရန် နံရံများမပါဘဲ တိုင်များသာ စိုက်ထူထားကာ လက်ရန်းနိမ့်နိမ့် တပ်ဆင်ထားပြီး ဘေးနှစ်ဖက်နှင့် နောက်ကျောဘက်တွင် အလင်းပေါက်သည့် တင်းတိမ်များ ချထား၏။ နေရောင်ခြည် အထဲသို့ မထိုးစေရန် အမိုးကို ဝေါယာဉ်တစ်ခုလုံးလုံအောင် ကျယ်ပြန့်စွာ အုပ်မိုးထားသည်။
အခြားအဖွဲ့ဝင်များက အလုပ်များစွာ လှုပ်ရှားနေကြ၏။ မြင်းရထားပေါ်မှ ဆင်းလာသူများက မြင်း သို့မဟုတ် ကုလားအုတ်များပေါ်သို့ တက်ကုန်ကြပြီး အလုပ်သမားများက အထူးပြုလုပ်ထားသော ဝန်တင်ရထားများကို တွန်းလှည်းပုံစံအဖြစ် ပြောင်းလဲကာ ကိုင်တွယ်ကြလေသည်။
ခါဆယ်ရ်က အာဘူပေါ်သို့ တက်ပြီးသည့်နောက် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွား၏။ မကြာမီ တီးတိုးစကားသံကိုပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်သွားတော့သည်။
“တံခါးဖွင့်။”
ဘုရင်မင်းမြတ်၏ အမိန့်တော်ကျလာသည်နှင့် တစ်ပြိုင်နက် တပ်မှူးက ကြိုးများကိုကိုင်၍ အသင့်စောင့်နေသော တပ်သားများအား အော်ဟစ်လိုက်သည်။
“တံခါးဖွင့်။”
“တစ်၊ နှစ်၊ ဆွဲ။”
တပ်သားများက သံပြိုင်အော်၍ စက်သီးနှင့် ချိတ်ထားသော ကြိုးကို ဆွဲကြလေသည်။ စိတ်လှုပ်ရှားနေသော လူများကလည်း တပ်သားများ၏ ကြွေးကြော်သံအတိုင်း လိုက်၍အော်ဟစ်ကြ၏။
ခြောက်သွေ့ရာသီ စတင်ပြီးနောက် ပထမဆုံးအကြိမ်ဖွင့်သော ကျောက်တံခါးပင်။ မရဏဘုရင်က ခြောက်သွေ့ရာသီ စတင်ပြီဟု မနေ့က ကြေညာခဲ့သော်လည်း ကြေညာချိန်က ညနေခင်းဖြစ်နေ၍ တံခါးကို မဖွင့်ခဲ့။ ကျောက်တံခါးကို မနက်နေထွက်ပြီးမှဖွင့်ကာ နေဝင်ချိန်၌ ပြန်ပိတ်ရန်မှာ စည်းမျဉ်းစည်းကမ်းဖြစ်သည်။
ယူဂျင်းက ဧရာမ ကျောက်တံခါးကြီး ဖြည်းဖြည်းချင်း အပေါ်သို့ တက်သွားသည့်မြင်ကွင်းကို စိုက်ကြည့်နေသည်။ လွန်ခဲ့သော နှစ်လခန့်က ထိုမြင်ကွင်းကို မြင်ဖူးခဲ့၏။ သို့သော် လမ်းကြောင်းက ယနေ့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကာ ထိုစဉ်က အတွင်းသို့ ဝင်ရောက်ရန် တံခါးကိုဖွင့်ခဲ့ခြင်းဖြစ်သည်။
'အဲ့ဒီနေ့တုန်းကတော့ အဲ့ဒီတံခါးကြီးပွင့်ပြီး အထဲကို ဝင်သွားရင် ဘာတွေဖြစ်လာမလဲမသိလို့ ရှေ့ဆက် ဘာလုပ်ရမှန်းမသိအောင် ဖြစ်ခဲ့ရတာကို။'
ခံစားချက်က ထူးဆန်းနေသည်။ ဖြစ်ပျက်ခဲ့သည့်ကိစ္စများ များစွာရှိခဲ့ပြီး အများကြီး ပြောင်းလဲသွား၏။
ကျောက်တံခါးက အပေါ်သို့ လုံးဝ ရောက်သွားသည်။ လူထုက တစ်ဖန်ထပ်၍ ဟစ်အော်ကြွေးကြော်ကြပြန်၏။ ခြောက်သွေ့ရာသီ စတင်ပြီးသည့်နောက်တွင် ဤနေရာ၌ လူအများအပြား အမြဲတစေ စုဝေးရောက်ရှိလာလေ့ရှိသည်။ ခြောက်သွေ့ရာသီ စတင်ပြီးနောက် ပထမဆုံးအကြိမ် တံခါးဖွင့်သည့် မြင်ကွင်းကို ကြည့်ရှုရန်ပင်။ မမျှော်လင့်ဘဲ ဘုရင်နှင့် မိဖုရားတို့၏ ခရီးစဉ်ကိုပါ မြင်လိုက်ရသောကြောင့် လူတိုင်းက ပျော်ရွှင်သော မျက်နှာများနှင့် ရယ်မောပြောဆိုနေကြ၏။
ဘုရင်မင်းမြတ်၏မြင်းက အရှေ့ဆုံးမှ ဦးဆောင်ကာ ထွက်ခွာခဲ့သည်။ ဒူးထောက်ထိုင်နေသော လေ့ကျင့်ပြီးသား ကုလားအုတ်များက လူသားတို့၏ အချက်ပြမှုကို တုံ့ပြန်ကာ ကိုယ်ကို မတ်လိုက်ကြ၏။
ကုလားအုတ်၏ လှုပ်ရှားမှုနှင့်အတူ ယူဂျင်းကို တင်ဆောင်ထားသော ဝေါယာဉ်သည်လည်း ယိမ်းယိုင်သွားကာ အပေါ်သို့ မြင့်တက်လာသည်။ ယူဂျင်းတစ်ယောက် မျက်လုံးအဝိုင်းသားဖြင့် ရုတ်တရက် မြင့်တက်သွားသော ပတ်ဝန်းကျင်ကို ဝေ့ဝဲလှည့်ပတ်ကြည့်လိုက်၏။
'အထူးမျိုးစပ် ကုလားအုတ်မို့လို့ ကိုယ်လုံးကိုယ်ထည် တအားကြီးတယ်ဆိုတာ ဟုတ်နေတာပဲ။ အရပ်လည်း အရှည်ကြီး။'
ကုလားအုတ်၏ ကျောပြင်အမြင့်က မြင်းပေါ်မှလူ၏ ငယ်ထိပ်ကိုပင် မြင်ရလောက်အောင် မြင့်ပေသည်။
မရပ်မနား ဟစ်အော်နေသော အသံများကို အနောက်တွင်ချန်ထားကာ ခရီးသွားအဖွဲ့လည်း ပူပြင်းသော နေရောင်ခြည် ကျရောက်ရာ ကန္တာရဆီသို့ ချီတက်ခဲ့ကြ၏။ ဆူညံသံများ တဖြည်းဖြည်း တိမ်ဝင်လာရာမှ မကြာမီတွင် လုံးဝ မကြားရတော့ပေ။
~~~~
သဲပုံကုန်းမြင့်များကိုသာ မြင်ရသော ကန္တာရတွင် ခရီးသွားအဖွဲ့က နာရီပေါင်းများစွာကြာအောင် ရပ်နားခြင်းမရှိဘဲ ခရီးဆက်ခဲ့ကြသည်။
ကုလားအုတ်က နှေးကွေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းမှာ ယူဂျင်း၏ အတွေးမှားပင်။ တင်းတိမ်အလွန်မှ မြင်ကွင်းကို ဆက်တိုက်ကြည့်နေရသည့်အခါ အံ့ဩစရာကောင်းလောက်အောင် လျင်မြန်နေလေသည်။ ဖြည်းဖြည်းချင်း လှုပ်ရှားနေသလိုထင်ရသော်လည်း ခြေတစ်လှမ်းချင်းစီ၏ အရှိန်က ကြီးလှသောကြောင့် လူ၏ လမ်းလျှောက်နှုန်းနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ရုတ်တရက် ကုလားအုတ်က ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်မှ အခြားမြင်းများနှင့် ကုလားအုတ်များလည်း ရပ်တန့်သွားကြ၏။ ခဏအကြာတွင် မြင်းစီးလာသော စစ်သည်တော်များက ယူဂျင်းစီးနင်းလာသော ကုလားအုတ်ပတ်လည်ကို ဝန်းရံလိုက်ကြသည်။
‘ဘာဖြစ်တာပါလိမ့်။’
ခန့်မှန်းစဉ်းစားနေသော ယူဂျင်းအား ကုလားအုတ်အနီးသို့ မြင်းကို မောင်းနှင်လာသည့် ဆဗဲန်က ပြောခဲ့သည်။
“အရှင်မိဖုရား။ အရှင်မင်းကြီးက လမ်းကြောင်းကို ခဏ သွားကြည့်နေတာပါ။ မကြာခင် ပြန်ရောက်လာပါလိမ့်မယ်။”
ဆဗဲန်၏ စကားအတိုင်း ကြာကြာရပ်မနေခဲ့ပေ။ မကြာမီမှာပင် ခရီးပြန်စခဲ့၏။ ပျင်းရိဖွယ် ခရီးဆက်ခြင်း ပြန်လည်စတင်လေသည်။ မွန်းတည့်ခါနီးတွင် နားခိုရန်နှင့် နေ့လယ်စာ စားသုံးရန် ရပ်နားကြ၏။ ယူဂျင်းကို တင်ဆောင်လာသော ကုလားအုတ်က ဒူးထောက်၍ ထိုင်ချလိုက်သောအခါ မြင့်မားစွာ မြင်နေရသည့် ရှုခင်းသည်လည်း ချက်ချင်း နိမ့်ကျသွားတော့သည်။
“အရှင်မိဖုရား။”
ဂျီးန်၏ အသံပင်။
“ယာယီတဲနန်းထိုးနေပါတယ်။ ပြင်ဆင်မှု ပြီးတာနဲ့ လျှောက်တင်ပါ့မယ်။”
ယူဂျင်းက အကြာကြီး ထိုင်နေရ၍ ထရပ်ကာ လမ်းလျှောက်ချင်မိသည်။ သူက တင်းတိမ်ကိုလှပ်ကာ မြေပြင်မှ ဝေါယာဉ်အထိ အမြင့်ကို ခန့်မှန်းကြည့်လိုက်၏။ မြင်းရထားပေါ် အတက်အဆင်းလုပ်ရန် တပ်ဆင်ပေးသည့် ယာယီလှေကားလောက် အမြင့်သာရှိသည်။
“အခု ဆင်းချင်တယ်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
အတက်အဆင်းလှေကား ယူရန်သွားသော ဂျီးန်ကို စောင့်နေစဉ် ယူဂျင်း တစ်ယောက်တည်း ပြုံးလိုက်မိသည်။ ဤမျှ အမြင့်လောက်က ခုန်ဆင်းလိုက်ရုံသာ ရှိသည်ကို ကိုယ့်ကိုယ်ကိုယ် ဘယ်တုန်းကတည်းကစပြီး ဤနေရာမှလူများလို ထုံးတမ်းအစဉ်အလာများကို လိုက်နာနေမိပါလိမ့်ဟု တွေးလိုက်မိ၏။
ခဏအကြာတွင် ယူဂျင်းက ခြေနင်းကို နင်း၍ ဝေါယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။ ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း သဲသောင်ခုံများကိုသာ မြင်ရသည့် ကန္တာရ၏ အလယ်ဗဟိုဖြစ်နေ၏။ သူက ပူပြင်းသော နေရောင်ကို ကာကွယ်ရန် ခေါင်းဆောင်းကို ခေါင်းပေါ်သို့ ဖုံးအုပ်လိုက်သည်။
ယူဂျင်းလည်း မလှမ်းမကမ်းတွင် မြင်နေရသည့် သဲတောင်ကုန်းလေးဆီသို့ လျှောက်သွားလိုက်၏။ တောင်စောင်းက သိပ်မမြင့်၍ ခဏလေး တက်လိုက်ရုံဖြင့် ထိပ်သို့ရောက်နိုင်မည့်ပုံပင်။ သူ့အနောက်မှ ဂျီးန်နှင့် ဆဗဲန်တို့ လိုက်ပါလာကြသည်။
ယူဂျင်း သဲတောင်ကုန်းကို တက်နေစဉ် ဂျင်၏ မှတ်ဉာဏ်ကို မြင်လိုက်ရ၏။ ဂျင်က လမ်းလျှောက်လိုက်တိုင်း သဲထဲသို့ နစ်မြုပ်သွားသော သူ့ခြေထောက်များကို ငုံ့ကြည့်နေသည်။
「အား」
ဂျင်က တိုပြတ်ပြတ်အသံဖြင့် အော်ဟစ်ကာ မျက်လုံးကို တင်းတင်းမှိတ်လိုက်သည်။ လေနှင့် ရောပါလာသည့် သဲမှုန်များ မျက်လုံးထဲ ဝင်သွားသည့်ပုံပင်။
「အဆင်ပြေရဲ့လားရှင့်။」
မျက်လုံးကို ပြန်ဖွင့်လိုက်သော ဂျင်၏အရှေ့တွင် စိုးရိမ်တကြီး ကြည့်နေသော အမျိုးသမီးတစ်ဦး ရှိနေသည်။ ထိုအမျိုးသမီး၏ ဘေးတွင် အခြားအမျိုးသမီးများလည်း ရှိနေ၏။ စုစုပေါင်း ငါးဦး။ အားလုံးက ယူဂျင်း မမြင်ဖူးသူများပင်။
ယူဂျင်းလည်း သူတို့ကို ဘယ်သူတွေမှန်း သဘောပေါက်လိုက်တော့သည်။
‘ပျောက်သွားတဲ့ ရံရွေတော်တွေ။’
ယူဂျင်း၏ နှလုံးက တဒိတ်ဒိတ် ခုန်နေသည်။ ထိုနေ့၊ ဂျင် ကန္တာရထဲသို့ ထွက်သွားသည့်နေ့၏ မှတ်ဉာဏ်ဖြစ်မည်မှာ ကျိန်းသေ၏။
「နောက်ထပ် နည်းနည်းလေးဆို ရောက်ပြီ။ အရှင်မင်းကြီး စောင့်နေလိမ့်မယ်။ နင်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုများကို အကြီးအကျယ် ချီးမွမ်းဂုဏ်ပြုမှာ။」
ယူဂျင်း သဲတောင်ကုန်း၏ထိပ်သို့ ရောက်သည့်အခါ မှတ်ဉာဏ်က ပြီးဆုံးသွားခဲ့သည်။ ခရီးသွားအဖွဲ့ နားခိုရန် နေရာယူထားသည့် နေရာက သဲတောင်ကုန်းထိပ်၏ အနီးအနားတွင် ဖြစ်သည့်ပုံပင်။ အနည်းငယ်မျှသာလျှောက်ပြီး ရောက်လာခဲ့သော ကုန်းထိပ်မှနေ၍ ဟင်းလင်းပြင် ကန္တာရ၏ ကျယ်ပြောလှသည့် ရှုခင်းကို ငုံ့ကြည့်နေရသည်။
သို့ရာတွင် ယူဂျင်းတစ်ယောက် ရှေ့တည့်တည့်မှ မြင်ကွင်းအပေါ် အာရုံမစိုက်နိုင်တော့ပေ။
‘စောင့်နေတယ်တဲ့လား။ ဘယ်သူကလဲ။’
ဂျင်က မရဏဘုရင်ဟု အတိအကျ မပြောခဲ့သော်လည်း မရဏဘုရင်ဘုရင် ဖြစ်ပေလိမ့်မည်။ ရုန်းကန်လှုပ်ရှားရသည့်ရာသီ နီးကပ်လာသည့် ထိုအချိန်မျိုးတွင် အခြားဘုရင်က မိမိ၏ နယ်မြေကို စွန့်ခွာရန် အကြောင်းမရှိပေ။
‘ညာနေတာ…အလိမ်အညာတွေနဲ့ ရံရွေတော်တွေကို လှည့်စားပြီး ကန္တာရထဲ ခေါ်ထုတ်သွားတာကိုး။’
မျက်စိစုံမှိတ် နာခံတတ်သည့် တာနီယာမဟုတ်ဘဲ အခြားရံရွေတော်များက ဘာကြောင့် ဂျင်နှင့်အတူ ကန္တာရထဲသို့ ထွက်သွားရသလဲ။ ထူးဆန်းသည်ဟု တွေးလိုက်မိသည်။
‘ဒါဆို ရံရွေတော်တွေထဲမှာ ဘယ်သူမှ ဂျင် ကန္တာရထဲ ထွက်လာရတဲ့ အကြောင်းရင်းကို မသိကြဘူးပေါ့။’
ရိုဒရစ်ဂ်ပင် မသိသောကြောင့် မာရာ၏ အစွန်းရောက်ဂိုဏ်းနှင့် သက်ဆိုင်သည့်ကိစ္စမဟုတ်ဟု ခန့်မှန်းခဲ့သော်လည်း ယခုတွင်မူ အနီးကပ် ရံရွေတော်ပင် မသိသည်ကို တွေ့လိုက်ရသည်။
ယူဂျင်းတစ်ယောက် မာရီအန်းနှင့် ပြောခဲ့သည့်စကားကို ပြန်အမှတ်ရလိုက်၏။
「တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို သိချင်ရင် အဲ့ဒီလူရဲ့ဘေးမှာ တစ်နေကုန် အလုပ်အကျွေးပြုပေးနေတဲ့သူကို စည်းရုံးရမှာပါပဲ။ အရှင်သခင်ရဲ့ နေထိုင်မှုပုံစံအပြင် ပိုပြီးလေးနက်တဲ့ လျှို့ဝှက်ချက်တွေကိုပါ သူတို့က သိထားကြပါတယ်။」
「မိသားစုထက် အလုပ်အကျွေးပြုတဲ့သူကို ပိုပြီးတော့ စိတ်ကိုအပ်နှံထားတယ်ဆိုတဲ့သဘောလားဟင်။」
မာရီအန်းက ယူဂျင်း၏ မေးခွန်းကို နားမလည်သည့် အမူအရာပြလိုက်ရာက အပြုံးလေးနှင့် ခေါင်းခါခဲ့သည်။
「လျှို့ဝှက်ချက်တွေကို ဖွင့်ဟပြီး မျှဝေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့က သခင်ရဲ့ ခြေလက်တွေပါ။ ကိုယ့်ရဲ့ ခြေလက်ကို လိမ်ညာပြီး ဖုံးကွယ်ထားတဲ့သူ မရှိပါဘူး။ သခင်က အလုပ်အကျွေးရှေ့မှာ မစိုးရိမ်ဘဲ အရာအားလုံးကို ထုတ်ဖော်ပြသတတ်ပါတယ်။ အလုပ်အကျွေးပြုသူတွေက သဘာဝကျကျပဲ မြင်တွေ့ကြားသိရတာတွေ အများကြီးရှိသွားတာပေါ့။」
「နောက်ဆုံးတော့ ဒါက အားနည်းချက်ပဲ မဟုတ်လား။ ရန်သူက ဒီအချက်ကို မသိစရာ အကြောင်းမရှိဘူးလေ။ ကိုယ်နဲ့ နီးစပ်တဲ့သူက သစ္စာဖောက်ရင်ရောရှင့်။」
「သစ္စာဖောက်ရင် အသက်ရှင်မှာ မဟုတ်ပါဘူး။ သခင်ရဲ့ ရန်သူကို သခင်ရဲ့ လျှို့ဝှက်ချက်တွေ ပြောပြလိုက်ရင်တောင် အကူအညီရယူပြီးသွားရင် သခင်ရဲ့ရန်သူက အလုပ်အကျွေးကို သတ်ပစ်မှာပါပဲ။ ခေါင်းကို သစ္စာဖောက်တဲ့ ခြေလက်က လူအသစ်အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာမို့လို့ပါ။ သူ့ရဲ့ အလုပ်အကျွေးတွေကို ပြသဖို့ စံနမူနာလည်း ဖြစ်သွားတာပေါ့။ ကြည့်ထားကြ၊ သစ္စာဖောက်ရင် နောက်ဆုံးတော့ သေလမ်းအပြင်မရှိဘူးဆိုပြီးတော့လေ။ အဲ့ဒါကြောင့် ကိုယ်နဲ့ နီးစပ်တဲ့လူကို စည်းရုံးတာက လူတိုင်းသိတဲ့ နည်းလမ်းဖြစ်သလို အခက်ခဲဆုံး နည်းလမ်းလည်း ဖြစ်ပြန်ပါတယ်။」
မာရီအန်း၏ ရှင်းပြချက်အတိုင်းသာဆိုလျှင် ဂျင်၏ လိမ်ညာမှုက မှူးမတ်အနွယ်တော်တို့၏ပုံစံမဟုတ်ပေ။ ‘ငါနဲ့ နီးစပ်တဲ့သူတွေက ငါ့ကို သစ္စာဖောက်စရာ အကြောင်းမရှိဘူး’ ဟု တွေးကြသော ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်သည့် မှူးမတ်များက လိမ်ပြောကာ လှည့်စားမည့်အစား အတင်းအကျပ် အမိန့်ပေးပေလိမ့်မည်။
သို့ရာတွင် ဂျင်ကမူ သူတစ်ယောက်တည်းသာသိပြီး တစ်ယောက်တည်း ပြင်ဆင်ခဲ့ပုံပင်။ သူကိုယ်တိုင်မှလွဲ၍ မည်သူမျှမသိစေဘဲနှင့်။
‘လျှို့ဝှက်ချက်… ယဇ်ပူဇော်ဖို့အစီအရင်၊ ကြားခံ၊ လက်ခံသူ။ တိုင်းပြည်ရတနာ မျိုးစေ့။ ရံရွေတော် ငါးယောက်။ ဒါတွေ အားလုံးကို ဖြတ်သန်းဆက်စပ်နေတဲ့ keyword က ဘာဖြစ်မလဲ။’
“ယူဂျင်း။”
ခေါ်သံကြား၍ ခေါင်းလှည့်လိုက်သည်။ ဘေးနားသို့ ရောက်နေသည့် ခါဆယ်ရ်နှင့် မျက်လုံးချင်း ဆုံလိုက်ရ၏။
အနောက်သို့ လှည့်ကြည့်လိုက်တော့ ဂျီးန်နှင့် ဆဗဲန်တို့က ခပ်လှမ်းလှမ်းတွင် အကွာအဝေးတစ်ခုခြားကာ ရပ်နေကြလေသည်။
~~~~
Miel's Translations