အပိုင်း ၆၀
ရိုဒရစ်ဂ်က သူ့နဖူးသူ ကြမ်းပြင်နှင့် တဒုန်းဒုန်း ဆောင့်လိုက်သည်။
“မြင့်မြတ်လှတဲ့ မိန့်မြွက်စကားကို ရိုသေစွာခံယူပါ့မယ်။”
“မာရာက မင်းရဲ့ သစ္စာရှိမှုကို ယုံကြည်ပြီး သံသယမဝင်ပေမဲ့ ဒီတစ်ခါတော့ မင်းကို အင်မတန် စိတ်ပျက်သွားပြီ။ မြင့်မြတ်တဲ့ ယဇ်ပူဇော်ပွဲ အခမ်းအနားကို အဖျက်အမှောင့်မရှိ ဆက်လုပ်ဆောင်ဖို့က မင်းရဲ့ တာဝန်ပဲ။ ဘာဖြစ်လို့ သူတော်စင်အရှင်မကို အခမ်းအနားဆီ ခေါ်မလာရတာလဲ။”
“ရာရာစစ ဆင်ခြေမပေးဝံ့ပါဘူး။ လိုအပ်ချက်တွေရှိတဲ့ ဒီငမိုက်သားကြောင့် ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်ကို ပျက်စီးစေခဲ့ပါပြီ။ ဒီငမိုက်သားကို အပြစ်သာပေးလိုက်ပါ။”
ရိုဒရစ်ဂ်ကို ငုံ့ကြည့်နေသော မျက်လုံးနီနီများက အေးစက်လျက်။
“မင်းရဲ့ ပြစ်မှုကို မေးမြန်းစစ်ဆေးတာက အရေးမကြီးဘူး။ သူတော်စင်အရှင်မ အဆင်ပြေရဲ့လား။”
“မကြာသေးခင်ကပဲ တွေ့ခဲ့ပါတယ်။ သူတော်စင်အရှင်မကတော့ အဆင်ပြေပေမဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ မကြားခဲ့ရပါဘူး။ နောက်မှ ပြန်ခေါ်မယ်လို့ပဲ ပြောခဲ့တာပါ။”
အထွတ်အမြတ် ဘုန်းတော်ကြီး၏ မျက်ခုံးများ တွန့်သွားတော့သည်။
“ဘယ်တော့လဲ။”
“မကြာခင် ဘာသာရေးဂိုဏ်းဝင်တစ်ယောက် စေလွှတ်ပြီး တွေ့ဆုံဖို့ကြိုးစားပါ့မယ်။”
ရိုဒရစ်ဂ်က ရဲတိုက်တွင် ယာယီအမှုထမ်း ခန့်အပ်မည့်သတင်းကို ကြားထားသည်။ ရဲတိုက်ထဲသို့ စေလွှတ်မည့်သူကိုလည်း ပြင်ဆင်ထားပြီးပေပြီ။ ခြေရာအစအနမကျန်အောင် ဟန်ဆောင်နိုင်စေရန်အတွက် အပိုဆောင်းလုပ်ဆောင်မှုများကို လုပ်ဆောင်နေဆဲပင်။
သူ့အနေနှင့်လမ်းကြောင်းများကို ပြင်ဆင်ထားပြီးပြီဖြစ်၍ ရက်ပိုင်းအတွင်း ဘာသာရေးဂိုဏ်းနောက်လိုက်က ရဲတိုက်ထဲသို့ ဝင်ရောက်ပေလိမ့်မည်။
“ငါကိုယ်တိုင် သူတော်စင်အရှင်မကို တွေ့မှဖြစ်မယ်။ နေရာပြင်ဆင်ထား။”
မှောက်လျက်ဝပ်တွားနေသော ရိုဒရစ်ဂ်၏ မျက်နှာထား ပျက်ယွင်းသွားတော့သည်။ မကျေနပ်သည့် ခံစားချက်များ ပြင်းပြင်းထန်ထန် ပေါ်လာ၏။
မျှော်လင့်တကြီး ဆုတောင်းပြီး မာရာ၏ မြွက်ကြားစကားကို နားထောင်ရန်ကြိုးစားခဲ့သော်လည်း အထွတ်အမြတ် ဘုန်းတော်ကြီးက အိပ်မက်ထဲမှာပင် ပြန်မဖြေခဲ့။ သူ့အပေါ် အလွန်အမင်း ရက်စက်သော အထွတ်အမြတ် ဘုန်းတော်ကြီးက သူတော်စင်အရှင်မအပေါ်တွင်တော့ အင်မတန် သဘောထားကြီးရက်ရောလှ၏။
နဂိုကတည်းက ထိုမိန်းမကို သူတော်စင်အရှင်မ ဟုတ်ရဲ့လားဟူ၍ပင် သံသယဝင်မိခဲ့သည်။ ထိုမိန်းမထံတွင် မည်သို့သော မာဂီကိုမှ ခံစား၍မရခဲ့။ ဘာသာရေးဂိုဏ်းနှင့် အတူနေထိုင်ခဲ့သော ဘာသာရေးဂိုဏ်းနောက်လိုက်လည်း မဟုတ်ပြန်ပေ။ မာရာ၏ အလုပ်အကျွေးတစ်ယောက်အနေနှင့် ယုံကြည်သက်ဝင်မှုကို ပြသခြင်းမျိုးလည်း မရှိခဲ့။
အထွတ်အမြတ် ဘုန်းတော်ကြီးသာ သူတော်စင်အရှင်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့မည်ဆိုလျှင် အပြည့်အဝ လေးစားလိုက်နာမိမည်သာ။ အထွတ်အမြတ် ဘုန်းတော်ကြီး ပြသခဲ့သော မာရာ၏ ကြီးကျယ်ခမ်းနားသည့် အံ့ဩဖွယ်ရာတန်ခိုးများက တကယ့် အမှန်အကန်ပင်။
ရိုဒရစ်ဂ်က သူ့ဘဝတစ်ခုလုံးကို ဘာသာရေးဂိုဏ်းအတွက် ပေးဆပ်ထား၏။ တစ်ချိန်တွင် မာရာ ဤမြေပေါ်သို့ ဆင်းသက်လာမည့်နေ့အတွက် သူ့ဘဝကို ပေးဆပ်ရလျှင်ပင် နောင်တမရသော်လည်း ဤဘာသာရေးဂိုဏ်းကို ဦးဆောင်သွားမည့်သူက သူတစ်ယောက်တည်းဖြစ်ရမည်ဟု တွေးခဲ့သည်။
သို့သော် ရုတ်တရက် မိန်းမငယ်လေးတစ်ယောက် ရောက်လာကာ သူတော်စင်အရှင်မရာထူးကို ယူသွားပြီး ရိုဒရစ်ဂ်အပေါ် အထက်လူကြီးကဲ့သို့ ပြုမူခဲ့၏။ အထွက်အမြတ် ဘုန်းတော်ကြီး၏ အမိန့်အရ သူတော်စင်အရှင်မကို အစွမ်းကုန် ဂရုစိုက်ပေးနေသော်လည်း စိတ်ထဲတွင်တော့ အင်မတန် အခဲမကြေ ဖြစ်နေသည်။
ဤအတိုင်းသာဆို ဤအဖွဲ့အစည်းတစ်ခုလုံးကို ထိုမိန်းမက တစ်ခါတည်း မျိုယူသွားနိုင်သည်ဟူသော အန္တရာယ်ကိုခံစားနေရ၏။
“ကြီးမြတ်လှတဲ့ မာရာက သူတော်စင်အရှင်မကို တွေ့ချင်တယ်လို့ပြောလိုက်တာပါလား။”
“မင်းက အခု ငါတစ်ဆင့်ပြန်ပါးပေးတဲ့ မာရာရဲ့ စကားကို သံသယဝင်နေတာလား။”
ဘုန်းတော်ကြီး၏ အသံက ကျယ်လောင်ခြင်းမရှိသော်လည်း လေထုကတော့ တုန်ခါသွား၏။ လေထဲတွင် ပျံဝဲနေကြသော မီးတောက်လေးများမှ မီးပွားများထွက်လာကာ မြေပြင်ပေါ်သို့ လျှပ်စီးငယ်လေးများအဖြစ် ကျရောက်လာသည်။ ယင်းတို့အနက် တစ်ခုက ရိုဒရစ်ဂ်၏ ခြေထောက်နားသို့ တည့်တည့်ကျရောက်သွား၏။
“မဟုတ်...မဟုတ်ပါဘူး။ သံသယဝင်တာ မဟုတ်ပါဘူး။ သူတော်စင်အရှင်မအတွက် အခက်အခဲဖြစ်မှာ စိုးရိမ်လို့ ပြောလိုက်မိတာပါ။”
“ဘာအခက်အခဲလဲ။”
“ရဲတိုက်ထဲမှာ တစ်ခုခု ဖြစ်သွားတဲ့ပုံပါပဲ။ သူတော်စင်အရှင်မကို အပါးကနေ အလုပ်အကျွေးပြုတဲ့ ဘာသာရေးဂိုဏ်းဝင်တစ်ယောက် မတော်တဆဖြစ်ပြီး ဆုံးပါးသွားပါတယ်။ မကြာသေးခင်က တွေ့ကြတော့ ကျွန်တော့်ကို တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ပြောခဲ့ပါတယ်။”
ရိုဒရစ်ဂ်က ယခုအထိ ရင်ထဲတွင် ပွက်ပွက်ဆူနေဆဲ ဒေါသကို လည်ပင်းထဲသို့မျိုချလိုက်၏။ ငွေထုတ်လက်မှတ်ပေးပြီး ဘဏ်သို့စေလွှတ်လိုက်သော လက်အောက်ခံများ လက်ချည်းဗလာ ပြန်လာကြတော့ ဘယ်လောက်တောင် အံ့ဩသွားရမှန်း ပြောပြ၍ပင်မရပေ။
ဘာသာရေးဂိုဏ်းကို လှူဒါန်းသော အလှူငွေလေးတောင်မပေးလျှင် ထိုမိန်းမက သူတော်စင်အရှင်မအနေနှင့် ဘာအလုပ်မှ မလုပ်ဘူးဟူသောသဘောပင်။
ဤသို့သော မကျေနပ်ချက်ကို စောဒကတက်လိုက်မည်ဆိုလျှင် ကိုယ်ရေးကိုယ်တာ မကျေနပ်ချက် ဖြစ်သွားမည်ကို စိုးရိမ်မိ၏။ ရိုဒရစ်ဂ်က ဘာသာရေးဂိုဏ်းအတွက်သာ အဆုံးအထိ လုပ်ဆောင်ခဲ့ကာ ကိုယ်ကျိုးအတွက် လောဘမရှိဟု သူ့ကိုယ်သူ ဂုဏ်ယူထားသူပင်။
အထွတ်အမြတ် ဘုန်းတော်ကြီးက မျက်လုံးကို ကျုံ့လိုက်သည်။
“မဟာရဲ့ ခွေးတွေဝင်လာတဲ့ ခြေရာအစအနရှိလား။”
“ပြီးခဲ့တဲ့ ခြောက်သွေ့ရာသီအကုန်မှာ လာပြီးကတည်းက မရှိတော့ပါဘူး။ သူတို့ကို တွေ့ရင် ချက်ချင်း အသိပေးဖို့ မှာထားတဲ့အတွက် တိုင်းပြည်ထဲကို ဝင်လာနိုင်တဲ့ လမ်းတွေမှာ တစ်စက္ကန့်လေးတောင် မျက်လုံးမခွာဘဲ စောင့်ကြည့်နေပါတယ်။”
ဘာသာရေးအစွန်းရောက်ဂိုဏ်းက 'မဟာ၏ခွေး' ဟု ခေါ်ကြသော ဆန်းဂျယ်၏ သူရဲကောင်းများမှာ ရုန်းကန်လှုပ်ရှားရသည့်ရာသီ စတင်ပြီးကတည်းက ဘုရင့်တိုင်းပြည်၏မြို့တော်သို့ လာရောက်ခြင်း မရှိသေးပေ။
“သူတော်စင်အရှင်မနဲ့ ဆက်သွယ်ဖို့ နည်းလမ်းကို ရှာနေလား။”
“အဆက်အသွယ်အဖြစ် ဆောင်ရွက်မဲ့ ဘာသာရေးဂိုဏ်းနောက်လိုက်ကို ရဲတိုက်ထဲ စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။ သူတော်စင်အရှင်မနဲ့ အဆက်အသွယ်ရတာနဲ့ အထွတ်အမြတ် ဘုန်းတော်ကြီးရဲ့ အမှာစကားကို ပြောကြားပေးပါ့မယ်။”
အထွတ်အမြတ် ဘုန်းတော်ကြီးက တစ်ချက်စဉ်းစားကာ ပြောခဲ့သည်။
“မင်းက ဒီတစ်ခေါက် ယဇ်ပူဇော်ပွဲအခမ်းအနားကို ထပ်ပြီး ပြင်ဆင်ထား။ ဒီတစ်ခေါက် ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ပြီးသွားရင် လာမဲ့ခြောက်သွေ့ရာသီနဲ့ နောက်ထပ်လာမဲ့ ရုန်းကန်လှုပ်ရှားရတဲ့ရာသီကြားက အချိန်အတောအတွင်းမှာ ယဇ်ပူဇော်ပွဲ ကျင်းပမယ်။ အဲ့ဒီအခမ်းအနားမှာ သူတော်စင်အရှင်မကို ရအောင်ခေါ်လာခဲ့။”
“မှတ်သားထားပါ့မယ်။”
“မာရာက ကြင်နာထောက်ထားတတ်ပေမဲ့ အခွင့်အရေးတော့ အများကြီး မပေးတတ်ဘူး။ ဒါက မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ။”
ရိုဒရစ်ဂ်က အဖြေပြန်ပေးသည့်အနေနှင့် သူ့နဖူးသူ ကြမ်းပြင်တွင် တဒုန်းဒုန်းဆောင့်ခဲ့သည်။
“ယဇ်ပူဇော်ပွဲမတိုင်ခင် သူတော်စင်အရှင်မက ငါ့ကို တွေ့ချင်တယ်ဆိုရင် အချိန်မရွေး တွေ့မယ်။ မင်းက သူတော်စင်အရှင်မရဲ့သဘောထားကို ငါ့ဆီ အမြန်ဆုံး အသိပေး။”
“ဟုတ်ကဲ့ပါ။ မှတ်သားပြီး လိုက်နာပါ့မယ်။”
“ရိုဒရစ်ဂ်။”
“ဟုတ်ကဲ့။”
“ခေါင်းမော့စမ်း။”
ချီတုံချတုံဖြစ်နေသော ရိုဒရစ်ဂ်က သူ၏ခန္ဓာကိုယ်ကို သတိထားပြီး မတ်လိုက်သည်။ သူ့အကြည့်က ဖြည်းဖြည်းချင်း အပေါ်သို့ ရောက်လာ၏။
‘အာ...’
ရိုဒရစ်ဂ်၏ မျက်လုံးထဲတွင် ဆွဲဆောင်မှုရှိသော အလင်းရောင်တစ်ခု ပေါ်လာသည်။ မြင့်မြတ်သော တောက်ပသည့် ရွှေရောင်ဆံပင်များမှ ရောင်ခြည်များ ဖြာထွက်နေသလိုပင်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း မြင်ခဲ့ရသည့် အသွင်အပြင်နှင့် လုံးဝ ကွဲပြားသွားခြင်းမရှိသော အထွတ်အမြတ်ဘုန်းတော်ကြီး၏ နုပျိုမှုကား မာရာ၏ အံ့ဩဖွယ်ရာတန်ခိုးတစ်ခုဖြစ်သည်။
ရိုဒရစ်ဂ်တစ်ယောက် ကြည်ညိုလေးစားစိတ်ပေါ်လာသလို တစ်ချိန်ချိန်တွင် သူလည်း ဤကဲ့သို့ မြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်လာနိုင်မည်ဟု အိပ်မက်မက်ခဲ့၏။
“မာရာရဲ့ သစ္စာရှိ အလုပ်အကျွေး၊ ရိုဒရစ်ဂ်။ မာရက မင်းရဲ့ စိတ်ရင်းအမှန်နဲ့ သစ္စာစောင့်သိ ခစားမှုကို ချီးကျူးတယ်။ အဲ့ဒီပုဂ္ဂိုလ်ရဲ့ စေတနာကို ပြန်ပေးဆပ်ချေ။”
ရိုဒရစ်ဂ်က လိပ်ပြာတစ်ဝက်လွင့်သွားသလို မျက်နှာနှင့် ပြန်ဖြေခဲ့သည်။
“မာရာရဲ့ အလုပ်အကျွေးက မာရာရဲ့ ဆန္ဒအတိုင်း နာခံပါ့မယ်။”
အထွတ်အမြတ် ဘုန်းတော်ကြီး ကျောခိုင်းထွက်ခွာသွားတော့ ဝေးကွာသွားသော သူ၏ကျောပြင်ကို မှင်တက်စွာကြည့်နေရာမှ ရိုဒရစ်ဂ်က သူ့ခေါင်းကို ကြမ်းပြင်ပေါ်ပြန်ငုံ့ထားလိုက်သည်။ ဂိုဒေါင်တစ်ခုလုံး ပြည့်နေခဲ့သော အလင်းရောင်များအားလုံး ပျောက်ကွယ်သွားပြီးသည့်နောက်မှာလည်း ရိုဒရစ်ဂ်က အမှောင်ထုထဲတွင် မှောက်လျက်ဝပ်တွားရင်း အကြာကြီး ရှိနေခဲ့၏။
~~~~
အထွတ်အမြတ် ဘုန်းတော်ကြီးက အသွင်ဖျက်ထားသော ဂိုဒေါင်ထဲမှ ထွက်လာကာ လမ်းမပေါ် လျှောက်လာသည်။ နေရောင်အောက်တွင် ပေါ်လွင်ထင်ရှားလှသော သူ့အလှက ပို၍တောက်ပလာ၏။ သူ၏အသားအရေက စကျင်ကျောက်ကဲ့သို့ ဖြူဖွေးကာ ရင်ဘတ်အထိ တိုသွားသည့်ဆံပင်က ရွှေရောင် တောက်ပနေသည်။
ပန်းပုဆရာ ဂရုတစိုက် ထုလုပ်ထားသည့် အနုပညာလက်ရာတစ်ခု အသက်ဝင်လာသလိုပင်။ သို့သော် တစ်စုံတစ်ရာက သဟဇာတဖြစ်မနေချေ။ ဖြူဆွတ်ဆွတ် အသားအရေနှင့် ရွှေရောင်ဆံပင်ရှိသော လှပသည့်လူ၏ သွေးကဲ့သို့နီမြန်းနေသော မျက်လုံးများက ထူးဆန်းနေပေသည်။
အထွတ်အမြတ် ဘုန်းတော်ကြီးက ဆံပင်ညိုညို၊ မျက်လုံးညိုညိုရှိကြသော လူများကြားတွင် ထင်းခနဲပေါ်လွင်နေ၏။ မဟာမှ လူအများစုမှာ မွေးကတည်းက သေသည်အထိ အခြားအရောင်ရှိသော ဆံပင်ကို မမြင်ဖူးကြပေ။ လမ်းလျှောက်နေကြသူများအားလုံး လှည့်ကြည့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသင့်သော်လည်း လမ်းမပေါ်မှ အခြေအနေကား ပုံမှန်အတိုင်းပင်။
အထွတ်အမြတ် ဘုန်းတော်ကြီး၏ မျက်နှာချင်းဆိုင်လမ်းကြောင်းမှ လာနေသောလူက တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးနီးလာသည့်အခါ ဘေးကို ရှောင်သွားသည်။ ခရီးသွားက အထွတ်အမြတ် ဘုန်းတော်ကြီးကိို ခိုးကြောင်ခိုးဝှက်ကြည့်ခြင်းသော်လည်းကောင်း၊ အံ့ဩခြင်းသော်လည်းကောင်း မရှိပေ။ ပတ်ဝန်းကျင်မှ အခြားလူများကလည်း ထိုနည်းအတိုင်းသာ။
လူများက ကိုယ်တိုင်ပင် သတိမထားမိဘဲ သဘာဝကျကျလေး အထွတ်အမြတ် ဘုန်းတော်ကြီး၏အရှေ့မှ လမ်းဖယ်ပေးကြသည်။ အထွတ်အမြတ် ဘုန်းတော်ကြီးက ပုံမှန်အရှိန်အတိုင်း ရပ်တန့်ခြင်းမရှိဘဲ အခြားသူများ၏ အဝတ်အစားကိုပင် မထိစေရကာ ရင်ပြင်သို့ ရောက်လာ၏။
သူ၏မျက်လုံးနီနီများ စိုက်ကြည့်နေရာဘက်တွင် ရဲတိုက်ရှိသည်။
‘အာနီခါမှာ မာဂီ ထည့်ပေးထားခဲ့ရမလား။’
မာဂီ ထည့်ထားခဲ့မည်ဆိုလျှင် ထိုရဲတိုက်၏ တစ်နေရာရာတွင် ရှိနေမည့် အာနီခါ၏ ဖြစ်တည်မှုကို ချက်ချင်း ခံစားနိုင်ပေလိမ့်မည်။ ရိုဒရစ်ဂ်မှတစ်ဆင့် သွားစရာမလိုဘဲ အာနီခါနှင့် တိုက်ရိုက်အာရုံခံဆက်သွယ်နိုင်ပေမည်။
‘ဟင့်အင်း။ အလောတကြီး လုပ်မိပြီး အစီအစဉ် ပျက်သွားလို့ မရဘူး။’
ဘယ်လောက်အထိ အချိန်အကြာကြီး စောင့်ခဲ့ရသလဲ။ ဆက်သွယ်ရေးအတွက်နှင့် အန္တရာယ်ကို မစွန့်စားသင့်ပေ။
မဟာ၏ ခွေးများက အာနီခါတွင် ကိန်းအောင်းနေသော မာဂီကို ချက်ချင်း သတိထားမိပေလိမ့်မည်။ မဟာ၏ ခွေးများက ဘုရင့်တိုင်းပြည်သို့ ပုံမှန် လာရောက်တတ်၏။ ဘုရင်မင်းမြတ်ထံ စာလွှာပေးပို့ပြီးသည်နှင့် ချက်ချင်း ပြန်သွားကြသဖြင့် မိဖုရားနှင့် မျက်နှာချင်းဆိုင်တွေ့စရာ အကြောင်းမရှိသော်လည်း သေချာတွက်ထား၍မရပေ။
အာနီခါ အပြည့်အဝ သူတို့လက်ထဲ မရောက်မီအထိ သတိလျှော့၍မဖြစ်။
‘မဟာ။’
အထွတ်အမြတ် ဘုန်းတော်ကြီး၏ နှုတ်ခမ်းတစ်ဖက်က အပေါ်သို့ပင့်တက်သွားသည်။
'မင်းရဲ့ ဘာမဟုတ်တဲ့ သတ္တဝါတွေအပေါ်အုပ်စိုးပြီး ဘုရားသခင်လုပ်တမ်းကစားရမဲ့ နေ့ရက်တွေက သိပ်မကျန်တော့ဘူး။ အားလုံးက မင်းရဲ့ပေါ့ဆမှုကြောင့်ပဲ။'
သူက ကိုယ်ကို လှည့်လိုက်ကာ ရင်ပြင်ကို ဗဟိုပြုပြီး ကွဲထွက်သွားသော လမ်းသွယ်အမျိုးမျိုးကို ကြည့်လိုက်သည်။
‘အပြင်မှာ ဆူပူအုံကြွမှုလေးဖြစ်အောင် လုပ်ကြည့်ရမလား။’
ငြိမ်သက်အေးချမ်းနေသော အချိန်က အတန်ကြာခဲ့ပေပြီ။ ဘုရင်ကို ရဲတိုက်အပြင်ဘက်သို့ ခေါ်ထုတ်မှသာ မိဖုရားဖြစ်သည့် အာနီခါက အဆင်ပြေပြေ လှုပ်ရှားနိုင်ပေမည်။ အရှုပ်အထွေးကို အခွင့်ကောင်းယူကာ ရိုဒရစ်ဂ်လည်း ဘာသာရေးဂိုဏ်းဝင်ကို ပိုမိုလွယ်ကူစွာ ရဲတိုက်ထဲသို့ လွှတ်နိုင်ပေလိမ့်မည်။
အထွတ်အမြတ်ဘုန်းတော်ကြီး သွားသည့်နေရာက မြို့တော်ရှိ ဆင်းရဲသားများ စုဝေးနေထိုင်ရာ လမ်းကျဉ်းလေးတစ်ခုပင်။ သူက ဤလမ်းတွင် နေထိုင်သူများမှလွဲ၍ မည်သူမှ ဝင်ထွက်ခြင်းမရှိသော အနက်ဆုံးနေရာအထိ ဆက်လျှောက်သွားလိုက်၏။
ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် အခြားလမ်းများလိုမဟုတ်ဘဲ ဤနေရာက လမ်းကျဉ်းကာ အိမ်ငယ်လေးများ တစ်လုံးနှင့်တစ်လုံး ကပ်လျက်ရှိနေပြီး လူသွားလူလာကလည်း မရှိသလောက်ပင်။
သူက ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်လိုက်သည်။ သူ့အကြည့်က အမှိုက်များ စုပုံနေသည့် ထောင့်တစ်နေရာတွင် ရပ်တန့်သွား၏။ မျက်လုံးနီနီများတွင် ပြင်းထန်သော အလင်းရောင်တစ်ခု လက်သွားပြီးသည့်နောက် သူက အမှိုက်ပုံဆီသို့ ချဉ်းကပ်ကာ အပေါ်မှ ဖုံးအုပ်ထားသော သစ်သားပြားကို မလိုက်သည်။
ကြွက်အချို့က ရှေ့ခြေနှစ်ဖက်ကို မြှောက်ထားသည့်ပုံစံနှင့် မလှုပ်မယှက် ထိုင်နေ၏။ ကြီးမားသော လက်တစ်စုံက သူတို့ကို ဆုပ်ကိုင်လိုက်သည်အထိ မလှုပ်ရှားခဲ့ကြ။ နှာခေါင်းထိပ်လေးများသာ တဆတ်ဆတ်တုန်ယင်နေကြပုံက မြွေရှေ့တွင် မလှုပ်မယှက်တောင့်တင်းနေကြသော ဖားသူငယ်များလိုပင်။
“မင်းတို့တွေ တာဝန်တစ်ခု လုပ်ပေးရမယ်။”
အထွတ်အမြတ် ဘုန်းတော်ကြီးက သူ့ရင်ဘတ်အတွင်းထဲသို့ လက်ထည့်ကာ ပြန်ထုတ်လိုက်သည်။ သူ၏ လက်ညှိုးနှင့် လက်မကြားတွင် ခရမ်းရောင်ဖျော့ဖျော့ အစေ့တစ်ခု ညှပ်ပါလာ၏။
~~~~
လက်ဖဝါးအရွယ်အစားခန့်ရှိသော ပုတ်သင်ညိုတစ်ကောင်ပင်။
ယူဂျင်းက ငှက်လှောင်အိမ်ထဲတွင် ပိတ်မိနေသော အညိုရောင် ပုတ်သင်ညိုကို စိတ်ဝင်တစား ကြည့်နေမိ၏။ ပုတ်သင်ညို၏ပါးစပ်ထဲမှ အပြင်သို့ အရှိန်အဟုန်နှင့် ထွက်လာကာ သူ့မျက်နှာကိုလျက်ပြီးနောက် အတွင်းသို့ပြန်ဝင်သွားသည့် လျှာက အမည်းရောင်ဖြစ်သည်။
‘အဲ့...’
ယူဂျင်းတစ်ယောက် မျက်နှာမဲ့သွားသည်။ သူက အမွေးမရှိသော သတ္တဝါများကို မသတီပေ။ ကုန်းနေရေနေ သတ္တဝါများနှင့် တွားသွားသတ္တဝါများကို သိပ်သဘောမကျ။
'ဦးချိုပိစိလေးကတော့ ချစ်စရာကောင်းသားပဲ။'
နဖူးတွင် ချွန်ထွက်နေသော ပုတ်သင်ညို မှော်ဝင်သားရဲ၏ ဦးချိုက လက်ညှိုးတစ်ဆစ်ထက်ပင် ပို၍သေးငယ်၏။
“အဝါရောင် အစေ့ကနေ နိုးထလာတဲ့ မှော်ဝင်သားရဲလို့ ပြောခဲ့တယ်မဟုတ်လားရှင့်။ နဂိုကတည်းက ဒီလို သေးသေးလေးပဲလားဟင်။”
“သိုလှောင်ရုံမှာ တွေ့တုန်းကတော့ ပိုကြီးတာပေါ့။ ခေါင်းကနေ အမြီးအထိကို အရှည်က မင်းအရပ်လောက်ရှိတယ်။”
ယူဂျင်းက အံ့အားသင့်စွာ ပင့်သက်ရှိုက်လိုက်မိသည်။ သူက မျက်နှာရှုံ့မဲ့ကာ စိတ်ထဲမှ 'အီး... တကယ် မုန်းလိုက်တာ' ဟု ရေရွတ်လိုက်၏။ လူတစ်ရပ်စာလောက်ရှိသည့် ပုတ်သင်ညိုကိုတော့ လုံးဝ မတွေ့လိုပေ။
“ဒါဆို အရှင်မင်းကြီးက သေးသွားအောင်နေဖို့ အမိန့်ပေးခဲ့တာလားရှင့်။”
“အဲ့ဒီလောက်ကြီးတဲ့ကောင်ကို ခေါ်လာဖို့ နည်းလမ်းမရှိလို့လေ။”
ခါဆယ်ရ်က ငှက်လှောင်အိမ်ထဲမှ ပုတ်သင်ညိုသေးသေးလေးကို ကြည့်ကာ ဤမှော်ဝင်သားရဲကို ငှက်လှောင်အိမ်ထဲ ထည့်ခဲ့ရသည့် လုပ်ငန်းစဉ်အကြောင်း ပြန်တွေးလိုက်၏။
ဘာကြောင့် အခက်တွေ့ရမှန်း ယခုတော့ နားလည်သွားပေပြီ။ သူ၏ မှော်ဝင်သားရဲ အာဘူကလည်း သေးငယ်သွားရသည်ကို မကြိုက်ပေ။ မြင်းအသွင် ပြောင်းလဲနေစဉ်မှာပင် ကြီးမားသော အရွယ်အစားကိုသာ ခေါင်းမာမာနှင့်ထိန်းထားဖြင့် ပတ်ဝန်းကျင်မှ ကျန်မြင်းများ ကြောက်လန့်တကြားဖြစ်ခဲ့ရ၏။
အာဘူကို စကားနားထောင်အောင် လုပ်ရန်အတွက် အတင်းအကျပ် အင်အားသုံးကာ အားချင်းပြိုင်ဆိုင်ရပေသည်။ ခဲရာခဲဆစ်ကိစ္စမဟုတ်ဘဲ အဆော့သန်သည့်ကလေးနှင့် ဆော့ပေးရသလို ပျော်စရာကောင်းတတ်သော်လည်း တစ်ခါတလေ စိတ်ရှုပ်စရာဖြစ်ရပြန်၏။
သို့သော် ဤပုတ်သင်ညို မှော်ဝင်သားရဲကမူ သေးငယ်သွားရန် အလွယ်တကူ လက်ခံခဲ့ကာ ငှက်လှောင်အိမ်ထဲတွင် ငြိမ်သက်စွာ နေခဲ့သည်။ ဒီကောင်ကို ဖမ်းစဉ်က အင်မတန် ဉာဏ်များသည့်ကောင်ဟု တွေးခဲ့သဖြင့် စိတ်ချလက်ချ မရှိနိုင်ဘဲ သတိလက်လွတ်ဖြစ်အောင်လုပ်ကာ ထွက်ပြေးဖို့ ကြိုးစားလေမလားဟု လမ်းတစ်လျှောက်လုံး သတိထားခဲ့ရ၏။
'ဒါပေမဲ့ မိဖုရားရဲ့စကားအတိုင်းဆိုရင်တော့ နားလည်သွားပြီ။'
ယခုမှ နိုးထလာသော မှော်ဝင်သားရဲက ယခုမှ မွေးဖွားသည့် ကလေးငယ်တစ်ယောက်လိုပဲဟူသော မိဖုရား၏စကားက သံသယဖြစ်မိသော အရာအားလုံးကို ရှင်းပြပေးခဲ့သည်။
“အပြင်ကို ထွက်ချင်နေတဲ့ပုံပါပဲ။”
ယူဂျင်းက ငှက်လှောင်အိမ်ထဲတွင် အပေါ်တက်လိုက် အောက်ဆင်းလိုက် အဆက်မပြတ်လုပ်နေသော မှော်ဝင်သားရဲကိုကြည့်ရင်း ပြောလိုက်သည်။ ပုတ်သင်ညိုက ငှက်လှောင်အိမ်၏ သံတိုင်ကြားမှ လက်ဖဝါးသေးသေးလေးများကို ထုတ်ကာ ပြောင်ချော်ချော်လုပ်နေပုံက ရယ်စရာကောင်း၏။
ခါဆယ်ရ်က လမ်းတစ်လျှောက်လုံး တိတ်ဆိတ်လာခဲ့သော မှော်ဝင်သားရဲ ဂနာမငြိမ်ဖြစ်နေသည်ကို အံ့ဩနေသည်။ မှော်ဝင်သားရဲ သားပေါက်လေးက ကမ္ဘာကြီးအပေါ် စိတ်ဝင်စားမှုများ၍ဖြစ်မည်ဟု တွေးလိုက်သည်နှင့် သူ့စိတ်က ပို၍နူးညံ့လာ၏။ သူက ငှက်လှောင်အိမ်တံခါးကို ဖွင့်တော့မလို ပြင်လိုက်တော့ ယူဂျင်းက ထိတ်လန့်တကြား ပင့်သက်ရှိုက်လိုက်မိသည်။
“ထုတ်ပေးမလို့လားဟင်။”
မနှစ်မြို့သလိုဖြစ်နေသော ယူဂျင်း၏မျက်နှာကိုကြည့်ရင်း ခါဆယ်ရ်လည်း ငှက်လှောင်အိမ်ဆီမှ လက်ကို ဖယ်လိုက်တော့သည်။
~~~~
Miel's Translations