no

Font
Theme

အပိုင်း ၉၆

ယူဂျင်း တံတားမှ ဆင်းလာကာ ရုံးခန်းဆီသို့သွားရာ စင်္ကြံတွင် အပါးတော်မြဲ အကြီးအမှူးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည်။ အပါးတော်မြဲအကြီးအမှူးက ဘုရင်မင်းမြတ်၏ စကားကို တစ်လုံးတစ်ပါဒမျှ မချန်ဘဲ မိဖုရားအား လျှောက်တင်ခဲ့၏။

ခါဆယ်ရ် သူ့အား သဲလွန်စပေးလိုက်ကြောင်း ယူဂျင်း သဘောပေါက်လိုက်တော့သည်။ 'သူရဲကောင်း ဖီဒက်စ်' ဟု နာမည်ကို ထုတ်ဖော်ခဲ့ပြီး ထိုသူရဲကောင်းကို ယူဂျင်း၏ ရုံးခန်းသို့ မဟုတ်ဘဲ ဧည့်ခန်းမဆောင်သို့ စေလွှတ်ခြင်းဖြင့် အချိန်ဆွဲပေးခဲ့ခြင်းပင်။

“အရင်ကရော သူရဲကောင်းက ငါနဲ့တွေ့ဖို့ တောင်းဆိုခဲ့ဖူးလား။”

“အရှင်မင်းကြီးနဲ့ လက်ထပ်ထိမ်းမြားတဲ့နှစ်မှာ သူရဲကောင်းက ဆန်းဂျယ် အရှင်မြတ်ရဲ့ နှုတ်ဆက်သဝဏ်လွှာတစ်စောင် ယူလာဖူးပေမဲ့ အပါးတော်မြဲမိန်းကလေးကနေ တစ်ဆင့်ပဲ စာကို ပေးပို့ခဲ့တာပါ။ ကိုယ်တိုင် တွေ့ဆုံခွင့်တောင်းဆိုတာကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။”

“မောင်မင်းရဲ့အမြင်အရရော ဒီနေ့ သူရဲကောင်း လာရောက်တွေ့ဆုံတာက အရင်ကနဲ့မတူဘဲ ထူးခြားတာနေမျိုးရှိလား။”

ယူဂျင်း အခြေအနေကို စူးစမ်းမေးမြန်းလိုက်တော့ အပါးတော်မြဲ အကြီးအမှူး၏ မျက်နှာထားသည်လည်း လေးနက်သွားခဲ့သည်။ သူက စောစောက အခြေအနေကို ပြန်တွေးရင်း အလေးအနက်ထားကာ ပြန်ဖြေကြားခဲ့၏။

“ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အမြဲလာနေကျ သူရဲကောင်း မဟုတ်ပါဘူး။”

“မောင်မင်းက သူရဲကောင်း ဖီဒက်စ်ကို ဒီနေ့မှ ပထမဆုံး မြင်ဖူးတာလား။”

“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”

ယူဂျင်းတစ်ယောက် အပါးတော်မြဲအကြီးအမှူးက 'သူရဲကောင်း ဖီဒက်စ်' ဟု ပြောလိုက်သော အခိုက်အတန့်တွင် ဂျင်၏ မှတ်ဉာဏ်တစ်ခုကို အမှတ်ရသွားခဲ့သည်။ အတိအကျပြောရလျှင် အသံတစ်သံပင်။

「အာနီခါ။ သူရဲကောင်း ဖီဒက်စ်က တွေ့ဆုံခွင့် တောင်းနေပါတယ်။」

「အာနီခါ။ စောစောကပဲ သူရဲကောင်း ဖီဒက်စ်က ဆန်းဂျယ်အရှင်မြတ် ပေးလိုက်တဲ့ လက်ဆောင်ကို ပို့ပေးသွားပါတယ်။」

「အာနီခါ။ သူရဲကောင်း ဖီဒက်စ် စောင့်ဆိုင်းနေပါတယ်။」

တစ်စုံတစ်ယောက်က ဂျင်အား သူရဲကောင်း ဖီဒက်စ် ရောက်ရှိလာကြောင်း အသိပေးသည့် အသံများပင်။ ဂျင် အထွတ်အမြတ်မြို့တော်တွင် ရှိနေစဉ်က မကြာခဏ လာရောက်တွေ့ဆုံခဲ့ဟန်တူ၏။

“ဆာ ဖီဒက်စ်ဆီသွားပြီးတော့ ငါ အခု လုပ်စရာကိစ္စရှိလို့ ခဏစောင့်ရမယ်ဆိုပြီး သတင်းပို့လိုက်။”

“အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်။”

ယူဂျင်းလည်း ရုံးခန်းထဲသို့ ဝင်သွားကာ အတွေးများကို စုစည်းရန် အခန်းထဲတွင် ဖြည်းညင်းစွာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။

‘ဆန်းဂျယ်အရှင်မြတ်က ဘာလို့ ပုံမှန်နဲ့မတူတဲ့ သူရဲကောင်းကို စေလွှတ်လိုက်တာဖြစ်မလဲ။ ဂျင်ရဲ့ ဝိညာဉ် အစားထိုးလဲလှယ်ခံလိုက်ရတာကို သတိထားမိသွားတာများလား။’

ဤကမ္ဘာမှ ဆန်းဂျယ်က ယူဂျင်း၏ ဝတ္ထုထဲမှ ဆန်းဂျယ်လိုပင် သာလွန်ထူးကဲသော စွမ်းရည်များ ရှိနေမည်ဆိုပါက ဝေးလံသောနေရာမှ အဖြစ်အပျက်ကို ခံစားသိရှိနိုင်တယ်ဆိုလျှင်ပင် အံ့ဩစရာမရှိပေ။

ရုတ်တရက်ဆန်သော်လည်း သူရဲကောင်းက ဆန်းဂျယ်၏စကားကို တစ်ဆင့်ပါး လျှောက်တင်မည်ဟုဆိုကာ တွေ့ဆုံရန် တောင်းဆိုလာသည်ကို ငြင်းပယ်စရာ အကြောင်းရင်းလည်း မရှိခဲ့ပေ။

‘ဂျင်ကို သိတဲ့သူနဲ့ ပထမဆုံး တွေ့ဆုံခြင်းပဲ။’

ဤရဲတိုက်တွင် ဂျင်က မည်သို့သော လူစားမျိုးမှန်း သိသူမရှိသလောက်ပင်။ ထို့ကြောင့် ဂျင် ဤတိုင်းပြည်သို့ရောက်လာသည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်သော်လည်း ယူဂျင်းက ဤခန္ဓာကိုယ်ကို အလွယ်တကူ ဝင်ရောက်မောင်ပိုင်စီးပြီး တကယ့်လူဟန်ဆောင်ကာ သဘာဝကျကျလေး အံဝင်ခွင်ကျ နေနိုင်ခဲ့ခြင်းဖြစ်ပေသည်။

‘တစ်သက်လုံးတော့ ရှောင်လွှဲနေလို့မရဘူး။’

ယူဂျင်းလည်း စိတ်ကို ခိုင်မာစွာပိုင်းဖြတ်ကာ အလုပ်ခန်းမှ ထွက်လာခဲ့၏။ သူရဲကောင်းက တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိခဲ့မည်ဆိုလျှင် မှတ်ဉာဏ်ပျောက်ဆုံးသွားသည်ဟု ဆင်ခြေပေးလိုက်ရုံပင်။

‘ငါက ဂျင် မဟုတ်ဘူးဆိုတဲ့ အချက်ကိုတော့ ခဏလောက် ဖုံးကွယ်ထားရမယ်။ အခုအထိ ဆန်းဂျယ်ကိုတွေ့ဖို့ စိတ်ကူးမရှိသေးဘူးဆိုတော့။’

~~~~

အခစားဝင်သည့် ခန်းမဆောင်က စားပွဲနှစ်လုံး မျက်နှာချင်းဆိုင် ချထားသည့် ပုံစံရှိသည်။ ရှင်ဘုရင် သို့မဟုတ် မိဖုရားက အခစားဝင်ခွင့် တောင်းခံသူနှင့် စားပွဲတစ်လုံးစီတွင်ထိုင်ကာ စကားပြောလေ့ရှိ၏။ ထိုစားပွဲများမှာ လိုအပ်သည့် စာရွက်စာတမ်းများ တင်ထားရန်အတွက်သာမက အရိုက်အရာဂုဏ်ပုဒ်ချင်း ကွာခြားသော နှစ်ဦးကြားမှ တံတားထိုး၍မရသည့် ခြားနားချက်ကိုလည်း ကိုယ်စားပြုပေသည်။

ယူဂျင်း ဧည့်ခန်းဆောင်သို့ ဝင်လိုက်သည်နှင့် မတ်တတ်ရပ် စောင့်နေသူ ဖီဒက်စ်က ခေါင်းလှည့်ကြည့်လာသည်။ ယူဂျင်းနှင့် မျက်လုံးချင်းဆုံသည်နှင့် ဖီဒက်စ်က ဦးညွှတ်ဂါရဝပြုလေ၏။

ဖီဒက်စ်၏ ပုံရိပ်ပေါ်တွင် ဂျင်၏ မှတ်ဉာဏ်တစ်ခု ထပ်ဆင့်၍ ပေါ်လာသည်။

「ဆာ ဖီဒက်စ်။ ဘာကိစ္စများလဲ။ ဆန်းဂျယ် အရှင်မြတ်ရဲ့ အမိန့်နဲ့ ကျွန်မကို တွေ့ဖို့လာတာ မဟုတ်တဲ့ပုံပဲနော်။」

ယူဂျင်းက စိတ်ထဲမှ 'အို’ ဟု စိတ်ဝင်တစား ရေရွတ်လိုက်မိသည်။ မရဏဘုရင်အား စကားပြောသည့်အခါ လှောင်ပြောင်ရိပ်စွက်နေသလို အသံဖြင့် ဟန်ဆောင်ပြောဆိုခြင်းမျိုးလည်းမဟုတ်၊ ရဲတိုက်အမှုများအား ပြောသည့်အခါလို အာဏာသံဆန်သော လေသံမျိုးလည်း မဟုတ်ဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ စိတ်လှုပ်ရှားနေသည့် ဂျင်၏ အသံက အသစ်အဆန်းတစ်ခုလိုပင်။

ဂျင်၏ မှတ်ဉာဏ်ထဲတွင် မြင်နေရသည့် ဖီဒက်စ်က ယနေ့လို ချပ်ဝတ်တန်ဆာနှင့်မဟုတ်ဘဲ ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားသည့် သက်သောင့်သက်သာ ပုံစံမျိုးနှင့်ရှိနေသည်။ အတော်ကြာခဲ့ပြီဖြစ်သော မှတ်ဉာဏ်ဖြစ်၍ပဲလားမသိ ဖီဒက်စ်၏ အသက်က ယခုထက် ပို၍ငယ်ရွယ်ပုံပင်။ ဖီဒက်စ်က တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောခဲ့သည်။

「မှန်ပါတယ်။ အရှင်မြတ်က ကျွန်တော် ဒီကို ရောက်နေမှန်း မသိပါဘူး။ အာနီခါ။ မနေ့ညနေက နောက်ကျမှ အပြင်ထွက်ခဲ့တယ်မဟုတ်လားဗျ။」

「အဲ့ဒါဘာဖြစ်လဲရှင့်။」

ဖီဒက်စ်ကို တွေ့ရ၍ ဝမ်းသာအားရဖြစ်နေသော ဂျင်က စူးစူးရဲရဲ တုံ့ပြန်ပြောဆိုလိုက်သည်။

「မနေ့က လမ်းမှာ မတော်တဆ တွေ့လိုက်ရပါတယ်။ အဲ့ဒီလို ဆိုးသွမ်းကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးလုပ်တာက မင်းအတွက်လည်း မကောင်းပါဘူး။」

「ဆိုးသွမ်းကြမ်းကြုတ်တယ်၊ ဟုတ်လား။ ဆိုးသွမ်းကြမ်းကြုတ်တယ်လို့ ပြောလိုက်တာလား။ အဲဒီ ရူးနေတဲ့ အဘိုးကြီးက ကျွန်မကို ဘာလုပ်ခဲ့လဲဆိုတာ သိရဲ့လား။ သူက ကျွန်မကို ကျိန်စာတိုက်ခဲ့တာလို့။ ကျွန်မက အာနီခါပါ။ ဘယ်သူမှ ကျွန်မကို အဲ့ဒီလို လာလုပ်လို့မရဘူး။」

ဂျင်က အော်ဟစ်လိုက်သည်။ ဂျင်၏ အသက်က ငယ်သေးသည်ကို ထည့်တွက်လျှင်ပင် လိုအပ်သည်ထက် ပို၍စိတ်လှုပ်ရှားနေပုံရ၏။

「အာနီခါ။ နတ်ဝင်သည်က ဟောကိန်းထုတ်ရုံသက်သက်ပါပဲ။ အမြဲတမ်း ကောင်းတဲ့အနာဂတ်ကိုပဲ ဟောပေးမှာမဟုတ်လို့ အပျော်သဘောလေး နားထောင်ပြီး ကျော်သွားလိုက်ရင် ရပါပြီ။」

「ကျွန်မကို လာပြီး ဆုံးမဖို့ မကြိုးစားပါနဲ့။ ဆာမှာ ကျွန်မကို အဲ့ဒီလိုလုပ်ဖို့ အရည်အချင်းမရှိပါဘူး။ ကျွန်မက အာနီခါပါ။」

「မင်းကို အာနီခါမှန်း မသိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။」

「အဲ့ဒီ ရူးနေတဲ့ အဘိုးကြီးကတော့ အဲ့ဒီအချက်ကို မသိဘူး ထင်ပါရဲ့။ အပြစ်ကျူးလွန်ထားရင် အကျိုးဆက်ကို ခံစားရမှာပေါ့။」

နှာခေါင်းရှုံ့ ရယ်လိုက်သော ဂျင်၏ လေသံက အဆိပ်ပြင်းလှသည်။

မြင်ကွင်းက ပြောင်းသွား၏။ ကပွဲခန်းမ ဖြစ်မည့်ပုံပင်။ ရောင်စုံအဝတ်အစားများ ဝတ်ဆင်ထားသည့် လူများကို နေရာအနှံ့တွင် တွေ့နေရသည်။ လူများက တီးတိုးတီးတိုးပြောရင်း တစ်စုတစ်ဝေးတည်း စုရုံးသွားကြ၏။

ဂျင်လည်း သူတို့နောက်သို့ လိုက်ပါသွားသည်။ ငွေရောင် တောက်ပြောင်နေသော ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် သူရဲကောင်းများ ဝင်လာသည်နှင့် လူအများက အံ့သြချီးကျူးစကားများ ပြောကုန်ကြ၏။ ဂျင်၏ အကြည့်က ထိုသူရဲကောင်းများအနက်မှ တစ်ဦးထံတွင် စွဲမြဲစွာရှိနေသည်။ ဂျင် အတော်ကြာအောင် ကြည့်နေသော ပစ်မှတ်ကား သူရဲကောင်း ဖီဒက်စ်ပင်။

‘အော၊ ဘာလဲဟ။’

ရုတ်တရက် ပေါ်ထွက်လာသော အချစ်ဇာတ်လမ်းကြောင့် ယူဂျင်းတစ်ယောက် အံ့အားသင့်သွားရသည်။

‘ဂျင်က ဒီလူကို တစ်ဖက်သတ် ချစ်နေခဲ့တာလား။’

သူတစ်ပါး၏ ဒိုင်ယာရီကို ခိုးဖတ်လိုက်ရသလိုပင်။ ဂျင်တွင် ထိုကဲ့သို့ စိတ်ရင်းစစ်မှန်သော ခံစားချက်မျိုး ရှိခဲ့သည်မှာ အံ့ဩစရာကောင်းလှ၏။

‘ဒါပေမဲ့ ယောက်ျားရွေးတဲ့ အကြိုက်ကတော့ ငါနဲ့ တော်တော်လေး ကွာတာပဲ။’

ဖီဒက်စ်က ဖြောင့်မတ်တည်ကြည်ကာ သစ္စာစောင့်သိသော ရုပ်ရည်မျိုးရှိသည်။ အနည်းငယ် ကိုင်းကျနေသော မျက်လုံးများကြောင့် နူးညံ့သိမ်မွေ့ပုံပေါ်နေ၏။ ရုပ်ရည်ချောမောသော်လည်း ယူဂျင်း နှစ်သက်သည့် ပုံစံမျိုးတော့ မဟုတ်ပေ။

ယူဂျင်းက သူ့ကို ကျော်ပြီး လျှောက်သွားလိုက်သည်။ စားပွဲရှေ့တွင် ထိုင်လိုက်ပြီးနောက် သူ့ကို ပြောလိုက်၏။

“ထိုင်ပါ၊ ဆာ ဖီဒက်စ်။”

ဆာ ဖီဒက်စ်က ဦးညွှတ်အရိုအသေပေးပြီး ယူဂျင်း၏ မျက်နှာချင်းဆိုင် စားပွဲရှေ့တွင် ထိုင်ခဲ့သည်။

“အကြာကြီးနေမှ နှုတ်ဆက်ဂါရ၀ပြုရတာပါ။ ဒီအတောအတွင်း အေးအေးချမ်းချမ်းရှိပါရဲ့လား၊ အာနီခါ။”

“တော်တော်ကြာသွားပြီပဲ။ နှစ်အတော်ကြာမှ မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ရတော့ ဝမ်းသာပါရဲ့။ ဒါပေမဲ့ ဆာ ဖီဒက်စ်။”

“ဟုတ်ကဲ့၊ အာနီခါ။”

“ကျွန်မက ဒီတိုင်းပြည်ရဲ့ မိဖုရားပါ။ ဒီနေရာမှာ ကျွန်မကို ခေါ်တဲ့အခါ မိဖုရားလို့ပဲ ခေါ်ပါ။”

“……ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”

“ကျွန်မကို သီးသန့်တွေ့ဆုံခွင့်တောင်းရတဲ့ အကြောင်းရင်းက ဘာများလဲ။”

ဖီဒက်စ်က ယူဂျင်းအား ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက် ဝတ်ရုံ၏ အတွင်းအိတ်ကပ်မှ စာအိတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုင်ရာမှ ထရပ်ကာ ယူဂျင်း လက်လှမ်းမီသောနေရာတွင် စာအိတ်ကို ချထားလိုက်၏။

“ဆန်းဂျယ် အရှင်မြတ်က နှုတ်ဆက်သဝဏ်လွှာ ပေးပို့ခိုင်းလိုက်ပါတယ်။ ပြီးတော့ အရှင်မိဖုရား စာဖတ်ပြီးတဲ့အခါ အဖြေကိုပါ ပြန်ယူလာဖို့ မှာကြားထားပါတယ်ခင်ဗျ။”

ယူဂျင်းလည်း ချက်ချင်းပင် စာအိတ်ကိုဖွင့်ကာ စာကို ဖြန့်ကြည့်လိုက်သည်။

—အာနီခါ ဂျင်။

ဝေးကွာနေခဲ့တာလည်း ကြာသွားခဲ့ပြီ။ ဝေးလံခေါင်ဖျား ဒေသမှာရှိနေပေမဲ့ အမြဲတမ်း မယ်မင်းရဲ့ ဘေးကင်းလုံခြုံရေးကိုပဲ ဆုတောင်းပေးနေတယ်...

အထူးသတိထားစရာ အကြောင်းအရာ မပါဝင်သော နှုတ်ဆက်သဝဏ်လွှာတစ်စောင်သာ။ သို့သော် နှုတ်ဆက်စကားပြီးနောက် နောက်ဆက်တွဲ ရေးထားသည့် စာကြောင်းကို မြင်လိုက်ရသောအခါ ယူဂျင်း၏ ရင်ဘတ်ထဲမှ နှလုံးက ဒုတ်ခနဲ ပြုတ်ကျသွားတော့သည်။

—လိုချင်တာကို ရှာတွေ့ပြီလား။

‘ဘာလဲဟ။ ဆန်းဂျယ်က ဘာတွေ သိနေတာလဲ။ ဂျင်က ဘာကို ရှာနေခဲ့တာလဲ။ မဟုတ်မှ…… ဘဏ္ဍာတိုက်ကနေ ပျောက်သွားတဲ့ အစေ့ကို ပြောနေတာလား။ ဂျင်ကို အဲ့ဒီအစေ့အကြောင်း သတင်းပေးခဲ့တာက ဆန်းဂျယ်ပဲ ဖြစ်နေတာလား။ ဘာလို့လဲ။’

ကျောပြင်တစ်လျှောက် စိမ့်ခနဲ အေးစက်သွားတော့သည်။ ယူဂျင်းက စိတ်လှုပ်ရှားနေသည့် အသွင်ကို မပြမိစေရန် အပြင်ပန်းတွင် အေးဆေးတည်ငြိမ်ဟန်ဆောင်ရင်း ပါးစပ်စေ့ထားကာ အံသွားများကို တင်းတင်းကြိတ်ထားလိုက်၏။

“ရှာမတွေ့သေးတဲ့ကြောင်း ဆန်းဂျယ် အရှင်မြတ်ကို သတင်းပြန်ပို့ပေးပါ။”

“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”

သံသယ စပြီးပေါ်လာသည်နှင့် ယူဂျင်းလည်း ဆန်းဂျယ် သူရဲကောင်း ဖီဒက်စ်ကို အထူးတလည် စေလွှတ်လိုက်ရသည့် ရည်ရွယ်ချက်ကိုပါ မသင်္ကာဖြစ်လာသည်။ ဂျင်က ဖီဒက်စ်ကို တစ်ဖက်သတ် ချစ်နေကြောင်း ဆန်းဂျယ်သာ သိနေခဲ့မည်ဆိုပါက လက်ထပ်ပြီး အထွတ်အမြတ်မြို့တော်မှ ထွက်ခွာကာ သုံးနှစ်တိုင်တိုင် တိုင်းတစ်ပါးမြေတွင် နေထိုင်ခဲ့ရသော ဂျင်တစ်ယောက် ဖီဒက်စ်ကို မြင်သည့်အခါ စိတ်လှုပ်ရှားလာမည်ဟု ကြိုတင်ခန့်မှန်းနိုင်သည်မဟုတ်ပါလား။

“ဒီဟာအပြင် တခြားမှာကြားလိုက်တာရော မရှိဘူးလား။”

“အရှင်မိဖုရားက အထွတ်အမြတ်မြို့တော်မှာရှိတဲ့ မိသားစုရဲ့သတင်းကို သိချင်တယ်ဆိုရင် ပြောပြပေးဖို့ မှာကြားလိုက်ပါတယ်။”

‘တကယ် ထူးဆန်းလိုက်တာ……’

ဆန်းဂျယ်က ပေါ်တင်ပြောကြားခြင်း မဟုတ်ပေ။ သို့ရာတွင် ‘အချစ်ဦးကို အကြာကြီးနေမှ ပြန်တွေ့ရတော့ ကိုယ့်ရဲ့ ဇာတိမြေကို မလွမ်းဘူးလား။ မိသားစုသတင်းကို မသိချင်ဘူးလား။ အထွတ်အမြတ်မြို့တော်ကို ပြန်လာမလား။’ ဟု အားပေးတိုက်တွန်းနေသလိုပင်။

ပိုပိုကဲကဲ တွေးမိနေခြင်းများလားဟု ထင်လိုက်မိသော်လည်း စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။

“ဆန်းဂျယ် အရှင်မြတ်က ဒီလောက်အထိ စေတနာထားပြီး စီစဉ်ပေးတာ ကျေးဇူးတင်စရာပဲပေါ့။ မိသားစုတွေ ဘယ်လိုနေထိုင်ကြလဲဆိုတာ ပြောပြပေးပါဦး။”

သတင်းအချက်အလက်ပေးမည်ဟု ပြောသည်ကို လက်မခံဘဲ ငြင်းပယ်စရာ အကြောင်းမရှိပေ။

~~~~

ဖီဒက်စ်က ယူဂျင်းနှင့် နှစ်ဦးတည်း တွေ့ဆုံပြီးသည့်နောက် ရဲတိုက်မှ ချက်ချင်း ထွက်ခွာခဲ့သည်။ ဆန်းဂျယ်၏ အမိန့်တော်ဖြင့် ဘုရင့်တိုင်းပြည်သို့ လာရောက်သည့် သူရဲကောင်းက ရဲတိုက်တွင် တစ်ညတာမျှပင် မနေထိုင်ခဲ့ပေ။ အချိန်အနည်းငယ်မျှပင် မဆွဲချင်တော့သည့်အလား ချက်ချင်းပင် အထွတ်အမြတ်မြို့တော်သို့ စတင်ထွက်ခွာခဲ့၏။

သို့ရာတွင် ဖီဒက်စ်က အထွတ်အမြတ်မြို့တော်သို့ သွားရာလမ်းမဟုတ်ဘဲ၊ အခြားဘက်သို့ ဦးတည်လိုက်သည်။ သူက အမိန့်တော်ကို အဆုံးမသတ်ရသေးပေ။

ဖီဒက်စ်က အာနီခါ ဂျင်နှင့် တွေ့ဆုံ၍ စာပေးပို့ခြင်းအပြင် တရားဝင်မဟုတ်သော အမိန့်နှစ်ခုကို ရရှိခဲ့သည်။

ပထမတစ်ခုမှာ အာနီခါ ဂျင်သာ အထွတ်အမြတ်မြို့တော်သို့ လာရောက်လိုကြောင်း ပြောလာပါက ပတ်ဝန်းကျင် အခြေအနေများကို ဂရုမစိုက်ဘဲ ရရာနည်းလမ်းကိုသုံးကာ အာနီခါ ဂျင်အား အထွတ်အမြတ်မြို့တော်သို့ ဘေးကင်းစွာ စောင့်ကြပ်ခေါ်ဆောင်လာရန်ဖြစ်၏။

ဒုတိယတစ်ခုမှာ အာနီခါ ဂျင်နှင့် ပတ်သက်ပြီး ဟာရှီ ဘုရင့်တိုင်းပြည်အတွင်း ပျံ့နှံ့နေသည့် ထူးဆန်းသော ကောလာဟလများရှိခဲ့လျှင် မည်မျှပင် သေးငယ်ပါစေ ရှာဖွေစုံစမ်းလာရန်ဖြစ်သည်။

ဆန်းဂျယ်က ညွှန်ကြားချက်များ ပေးရာတွင် အကြောင်းပြချက်ကို ရှင်းပြခြင်းမရှိခဲ့သော်လည်း ဖီဒက်စ်က ဂရုမစိုက်ပေ။ သူ့အဖို့ ဆန်းဂျယ်၏ စကားက ဘုရားသခင်၏ စကားနှင့်အတူတူပင်။

သူက ရဲတိုက်ထဲသို့ မဝင်ရောက်မီ ကြိုတင်စီစဉ်ထားသည့် ဟောင်းနွမ်းသော အိမ်တစ်လုံးထဲသို့ ဝင်သွားခဲ့သည်။ ခဏအကြာတွင် အိမ်ထဲမှ ထွက်လာသော ဖီဒက်စ်က သာမန် ခရီးသွားကုန်သည်အဖြစ် ရုပ်ဖျက်ထား၏။

သို့ရာတွင် ဖီဒက်စ်၏ လူမသိသူမသိ ရုပ်ဖျက်မှုမှာ သူ လုံးဝမထင်ထားသည့်နေရာတွင် ပေါ်သွားတော့သည်။ သူရဲကောင်း၏ အစွမ်းကို အာရုံခံနိုင်သည့် မာရာ၏ ဘုရားသခင်ပေးသော စွမ်းအားကို ပိုင်ဆိုင်ထားသူ၊ ရိုဒရစ်ဂ်က သူရဲကောင်း ပြန်လာပြီဟူသော အချက်ကို သတိပြုမိသွား၏။

မာရာ အစွန်းရောက်ဂိုဏ်း၏ ဘုန်းတော်ကြီးများအဖို့ အနှောင့်အယှက် အဖြစ်ဆုံး ပစ်မှတ်မှာ ဆန်းဂျယ်၏ သူရဲကောင်းများပင်။ ဘုန်းတော်ကြီးက သူရဲကောင်းကို အာရုံခံနိုင်သကဲ့သို့ သူရဲကောင်းကလည်း ဘုန်းတော်ကြီးကို အာရုံခံနိုင်စွမ်းရှိပေသည်။ ယင်းမှာ ရှင်ဘုရင်နှင့် စစ်သည်တော်များတွင် မရှိသော စွမ်းရည်ပင်။

သို့ရာတွင် တစ်ဦးကိုတစ်ဦး အာရုံခံနိုင်သည့် အကွာအဝေးက ကွာခြားပေသည်။ သူရဲကောင်းက ဘုန်းတော်ကြီး အနီးအနားတွင်ရှိမှသာ သိရှိနိုင်ပြီး ဘုန်းတော်ကြီးကမူ ထိုထက် အဆပေါင်းများစွာ ဝေးလံသည့်နေရာမှပင် ခံစားသိရှိနိုင်၏။ ထို့ကြောင့် လျင်မြန်စွာ ထွက်ပြေးနိုင်ပေသည်။

‘ဘာပဲဖြစ်ဖြစ် ခဏလောက်တော့ ရှောင်နေမှဖြစ်မယ်။’

ရိုဒရစ်ဂ်က မဟာ၏ခွေး ပတ်ဝန်းကျင်တွင် ရစ်သီရစ်သီလုပ်နေကြောင်း သတိပြုရန် သူ့နောက်လိုက်များအား သတိပေးပြီး မြို့တော်မှ လစ်ထွက်လာခဲ့သည်။

~~~~

‘ပစ်မှတ်က လှုပ်ရှားနေပြီ။’

နန်းရင်းဝန်၏ ညွှန်ကြားချက်အရ ရိုဒရစ်ဂ်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြသူများလည်း လိုက်ပါ၍ အလုပ်များခဲ့ကြသည်။ အချို့က ရိုဒရစ်ဂ်ကို နောက်ယောင်ခံလိုက်ပြီး အချို့ကမူ ရိုဒရစ်ဂ် ရုတ်တရက် အလျင်စလို လှုပ်ရှားရသည့် အကြောင်းရင်းကို ဖော်ထုတ်ခဲ့ကြ၏။

—မဟာရဲ့ခွေးက မြို့တော်မှာ ရစ်သီရစ်သီလုပ်နေတဲ့အတွက် သတိထားဖို့ အမိန့်ထုတ်ထားတယ်လို့ ပြောပါတယ်။

သတင်းပေးသူက အစွန်းရောက်ဂိုဏ်းဝင်တစ်ဦးထံမှ သိရှိလာသော အကြောင်းအရာကို နန်းရင်းဝန်ထံသို့ ပေးပို့ခဲ့သည်။ ဘယ်ရုစ်က အစီရင်ခံစာကို ဖတ်ပြီးနောက် အံ့အားသင့်သွား၏။

‘မာဟာရဲ့ခွေးပေါ့လေ။’

ယင်းမှာ မာရာ အစွန်းရောက်ဂိုဏ်းဝင်များက သူရဲကောင်းတို့ကို ခေါ်ဝေါ်သည့် မုန်းတီးစက်ဆုပ်ဖွယ် နာမည်ဖြစ်ကြောင်း သိထား၏။

‘သူရဲကောင်းတစ်ယောက် ရောက်လာပြီး ပြန်သွားပြီလို့ ကြားထားတာကို။ ဘာလို့ သူရဲကောင်းက ဘုရင့်တိုင်းပြည်ရဲ့ မြို့တော်မှာ ရစ်သီရစ်သီ လိုက်သွားနေရတာလဲ။ အကြောင်းရင်းတော့ ရှိကောင်းရှိမှာပဲ။ ဒါပေမဲ့ အရှင်မင်းကြီးကို အစီရင်ခံတာ ပိုကောင်းမယ်။’

သူရဲကောင်းဟူသည်မှာ ဆန်းဂျယ်၏ အလိုတော်အတိုင်းသာ နာခံသော သစ္စာရှိ နောက်လိုက်အလုပ်အကျွေးဖြစ်ပေသည်။ ဆန်းဂျယ်က ဘုရင့်တိုင်းပြည်အတွက် ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။ ဘယ်ရုစ်က ဖြူစင်ရိုးအလွန်းခြင်း မဟုတ်ဘဲ၊ မနက်ခင်းတွင် နေထွက်ပြီး ညနေတွင် နေဝင်သည့်အလား သဘာဝကျစွာ ကမ္ဘာနှင့်အဝန်း လက်ခံထားသည့် ယုံကြည်ချက်ပင်။

ဘယ်ရုစ်က ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်ရထားပြီးသားကိစ္စဖြစ်သည်ဟု ယူဆကာ အရေးပါမှု အဆင့်နိမ့်သည့် အစီရင်ခံစာအဖြစ် ခွဲခြားပြီး ရဲတိုက်သို့ ပေးပို့ခဲ့သည်။

~~~~

မနက်စောစောကတည်းကစ၍ တပ်သားများက လမ်းများကို ပိတ်ဆို့ထားကြသည်။ မြို့တော်၏ တစ်နေ့တာလှုပ်ရှားမှုများ စတင်ခါစဖြစ်သောကြောင့် မနက်အစောပိုင်းကတည်းက အလုပ်များနေကြသည့် လူများက တပ်သားများအား ဖမ်းဆွဲမေးမြန်းကြလေ၏။

“ဘာကိစ္စများရှိလို့လဲဟင်။”

“မရဏဘုရင် အရှင်မင်းမြတ်က ယဇ်ပူဇော်ပွဲလုပ်ဖို့အတွက် အထွတ်အမြတ်နေရာကို ခရီးထွက်မှာမို့လို့ပါ။”

မကြာမီ မိဖုရားလည်း ယခုတစ်ခေါက် ယဇ်ပူဇော်ပွဲသို့ အတူလိုက်ပါမည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားလေသည်။ လာ့ခ်သစ်ပင်၏ အံ့ဖွယ်ရာအား ဖန်တီးခဲ့သည့် မိဖုရားကို အဝေးမှပင်ဖြစ်စေ တစ်ချက်လေး မြင်တွေ့လိုသော ပြည်သူများက လမ်းများပေါ်တွင် ပြည့်နှက်နေတော့၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment