no

Font
Theme

အပိုင်း ၇၉

ရက်ပိုင်းလောက် ကုန်လွန်သွားလေသည်။ ကြီးမားသည့် အဖြစ်အပျက်များမရှိဘဲ ငြိမ်းချမ်းသောနေ့ရက်များဖြစ်သဖြင့် ခါဆယ်ရ်ရော ယူဂျင်းပါ ကိုယ့်အလုပ်နှင့်ကိုယ် မအားရပေ။ ဘုရင်မင်းမြတ်၏ ရုံးခန်းရှေ့တွင် အရာရှိများ တန်းစီနေကြကာ၊ မိဖုရား၏ ရုံးခန်းတွင်တော့ အကြံပေးအရာရှိ လက်ထောက်အကူများက ဘတ်ဂျက်ဆိုင်ရာ စာရွက်စာတမ်းများကို တစ်ထပ်ကြီးကိုင်ပြီး မကြာခဏ ဝင်လိုက်ထွက်လိုက် လုပ်နေကြ၏။

နေ့လယ်စာ စားပြီးသည့်နောက် ယူဂျင်းက ရဲတိုက်အတွင်းပိုင်း ဥယျာဉ်ကို ပတ်လည်မြင်နေရသော လသာဆောင်တွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း အနားယူချိန်ကို သက်သောင့်သက်သာ ခံစားနေသည်။ အေးမြသော လေညင်းက စိတ်ကြည်နူးစရာကောင်း၏။ ဤကဲ့သို့ လတ်ဆတ်သော ရာသီဥတုကို ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်းမှာပင် ခံစား၍ရနိုင်သည်က နှမြောစရာပင်။

'ချဉ်းကပ်လာတာ မရှိသေးပါလား။'

ယာယီအမှုထမ်းများ ရောက်လာသည်ဟူသော စကားကိုကြားပြီးသည်မှာ ရက်ပိုင်းလောက်ကြာပြီဖြစ်သော်လည်း ရိုဒရစ်ဂ်၏ အဆက်အသွယ် ချဉ်းကပ်လာသည့် အရိပ်အယောင် မရှိသေးပေ။ ယခုအထိ အခွင့်အရေးကို ချောင်းနေခြင်းပဲလား။

“အရှင်မိဖုရား။ ရှာနေပါသလားရှင့်။”

ယူဂျင်း ခေါင်းလှည့်လိုက်သည်။ အကြည့်ချင်းဆုံသွားသည့် မာရီအန်းက ဦးညွှတ်အရိုအသေပေးခဲ့၏။ စောစောက မာရီအန်းကိုခေါ်ရန် ရံရွေတော်တစ်ဦးကို စေခိုင်းထားခြင်းဖြစ်ရာ ယူဂျင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။

“လာပါ။”

ယူဂျင်း ရုံးခန်းထဲတွင် အကြံပေးအမှုထမ်းများနှင့် တကယ်တမ်း အလုပ်စလုပ်သည့်အခါ မာရီအန်းက မသိမသာလေး နောက်ဆုတ်သွားသည်။ ယခင်ကသာဆို တစ်နေကုန်လုံးနီးပါး ယူဂျင်း၏အနားတွင်သာ ကပ်နေခဲ့သော်လည်း ယခုတော့ မနက်၊ ည ဂါရဝပြုရုံသာ လုပ်တော့၏။ မခေါ်လျှင် ပေါ်မလာတော့ပေ။

အစပိုင်းတွင်တော့ အံ့အားသင့်ကာ မာရီအန်း၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့။ သို့ရာတွင် 'ဘာဖြစ်လို့လဲ' ဟု တိုက်ရိုက်မေးရန်ကလည်း မာရီအန်း၏ အပြုအမူက ပြောင်းလဲသွားခြင်းမျိုး ရှိမနေပြန်ပေ။ ထို့ကြောင့် အထိန်းတော်ချုပ်ကိုခေါ်ကာ အကြံဉာဏ်တောင်းခဲ့၏။

အထိန်းတော်ချုပ်က မာရီအန်း၏ လက်ထောက်တပည့်ပီသစွာ ဆရာသမား၏စိတ်ကို ဖတ်နိုင်သည်ဟူသောပုံစံဖြင့် ယုံကြည်မှုအပြည့်ရှိသည့် လေသံမျိုးနှင့် ပြောခဲ့သည်။

“ဘယ်ရွန် ဝေးဇ်က အရှင်မိဖုရားကို အကူအညီတွေအားလုံး ပေးပြီးပြီလို့ ဆုံးဖြတ်လိုက်တဲ့ပုံပါပဲ။”

“ဒါပေမဲ့ ကျွန်မက ဘယ်ရွန်ရဲ့ အကူအညီကို လိုအပ်နေတုန်းပဲလေ။”

“ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အရှင်မိဖုရားက ဘယ်ရွန်ရဲ့ အကူအညီကို လိုအပ်တယ်ဆိုရင်တော့ သက်သောင့်သက်သာ ခေါ်လိုက်ရင်ရပါပြီ။ ဘယ်ရွန်က အရှင်မိဖုရားအနားမှာ သြဇာလွှမ်းမိုးမှု ကြီးကြီးမားမားရှိတဲ့လူတစ်ယောက် ရှိနေတယ်ဆိုတဲ့ပုံစံမျိုး ထင်ဟပ်သွားမှာကို သတိထားနေရုံပါ။”

ထိုနေ့က စကားဝိုင်းမှ ယူဂျင်းတစ်ယောက် မာရီအန်းကို တကယ်ပင် သိုသိုသိပ်သိပ်ရှိသူဖြစ်ကြောင်း အသစ်တစ်ဖန် သဘောပေါက်လိုက်ရပြန်၏။ မာရီအန်းက မှူးမတ်အနွယ်တော်မဟုတ်ပါဘဲ နှစ်ပေါင်းများစွာကြာအောင် ဘုရင့်နို့ထိန်းနှင့် အထိန်းတော်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက် ဘာကြောင့် အရှုပ်အထွေး မရှိခဲ့သလဲဆိုသည်ကို နားလည်သွားသလိုပင်။

“ထိုင်ပါ။”

“ကျေးဇူးကြီးလှပါတယ်။”

မာရီအန်းက စားပွဲရှေ့တွင် ထိုင်လိုက်သည်။ ခဏကြာတော့ ဂျီးန် ရောက်လာကာ မာရီအန်း၏ အရှေ့တွင် လက်ဖက်ရည်ခွက် ချပေးပြီး ပြန်ထွက်သွား၏။

ယူဂျင်းက အပြင်ဘက်ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်သည်။

“ရာသီဥတုက တအားသာယာလို့လေ။ မာရီအန်းကို လက်ဖက်ရည်နဲ့ ဧည့်ခံချင်လို့ပါ။”

ထို့နောက် မာရီအန်းကို ကြည့်ရင်း ပြုံးလိုက်၏။

“အကူအညီတောင်းစရာလေးလည်း ရှိပါတယ်။”

အလုပ်ခိုင်းရန်အတွက် လက်ဖက်ရည် ဧည့်ခံခြင်းကို ဆင်ခြေအဖြစ် သုံးလိုက်ပုံရသော်လည်း မာရီအန်းက ရုတ်တရက် ပြုံးခဲ့သည်။

လက်ဖက်ရည်ခွက် ကုန်ခါနီးမှ ယူဂျင်းက အကူအညီတောင်းလိုသည့် ကိစ္စကို စပြောလေ၏။

“သတင်းအချက်အလက်တစ်ခု လိုအပ်နေပေမဲ့....ဒါကို ဘယ်လို ရှင်းပြရမယ်မှန်း စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မဖြစ်သေးလို့ပါ။”

ယူဂျင်းက မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသော သဲလွန်စများဖြစ်သည့် ‘ယဇ်ပူဇော်ပွဲအစီအရင်၊ လက်ခံသူ၊ ကြားခံ’ အစရှိသည်တို့နှင့် ပတ်သက်ပြီး စုံစမ်းရန် နည်းလမ်းကို စဉ်းစားနေခဲ့သည်။ မာရာ၏ ဘာသာရေးအစွန်းရောက်ဂိုဏ်းကို သုံးမလားဟု တွေးကြည့်သော်လည်း ထိုအဖွဲ့အစည်းနှင့် ထပ်ပြီးပတ်သက်ရမည်ကိုတော့ စိတ်မပါပေ။

“သာမန် သတင်းအချက်အလက် မဟုတ်ပါဘူး။ လျှို့ဝှက်ချက်တော့ မဟုတ်ပေမဲ့ သာမန်လူတွေ သိပ်မသိတဲ့ သတင်းအချက်အလက်လည်းဖြစ်ပြီး... အယူသီးမှုလို့ပြောမလား၊ အောက်လမ်းပညာလို့ပြောမလား။ အဲ့ဒီလိုအရာတွေနဲ့ ဆက်စပ်နေမယ် ထင်တယ်ရှင့်။”

မာရီအန်းက သေချာစဉ်းစားပြီးမှ ပြောခဲ့သည်။

“ဒဏ္ဍာရီအမျိုးမျိုး ဒါမှမဟုတ် ကောလာဟလတွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့ ပုံပြင်ဆရာတွေကို ရှာကြည့်လိုက်ရမလားရှင့်။”

ယူဂျင်းက အံ့သြနှစ်သက်သည့် မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

“နောက်တစ်ခု ရှိပါသေးတယ်။ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင် မဟုတ်ဘဲ ဘာသာရေးအစွန်းရောက်ဂိုဏ်းအကြောင်း ပညာရပ်ဆိုင်ရာနည်းလမ်းနဲ့ ချဉ်းကပ်ပြီး သုတေသနလုပ်တဲ့သူတွေရော ရှိလားရှင့်။”

“သေချာမသိပါဘူးရှင့်။”

“စာကြည့်ခန်းက ရှေးဟောင်းစာအုပ်တွေကို ကြည့်လိုက်တော့ ဟိုးနှစ်ပေါင်းများစွာကတည်းက ရေးခဲ့တဲ့ စာအုပ်တွေရဲ့ အရည်အသွေးက အရမ်းမြင့်မားလွန်းလို့ပါ။ အနုပညာတန်ဖိုး တော်တော်လေး မြင့်ရုံမကဘဲ ထည့်ထားတဲ့ စေတနာကလည်း အံ့ဩလောက်စရာပဲလေ။ စိတ်ဝင်တစား သုတေသနလုပ်နေကြသူတွေ ရှိကိုရှိမှာပဲ။”

“ဟုတ်ကဲ့၊ စုံစမ်းကြည့်လိုက်ပါ့မယ်။”

မာရီအန်း ပြန်သွားပြီးနောက် ယူဂျင်းက လသာဆောင် လက်ရန်းကိုမှီကာ ဥယျာဉ်ကို ငုံ့ကြည့်ခဲ့သည်။ သို့ရာတွင် ဥယျာဉ်ကို အာရုံစိုက် ခံစားနိုင်ခြင်းမရှိဘဲ သူ့ခေါင်းထဲတွင် အခြားအတွေးများနှင့် ပြည့်နှက်နေ၏။

‘မှတ်ဉာဏ်က မပြောပြရင် ငါ့ဘာသာ သိအောင်လုပ်ရမယ်။’

စာကြည့်ခန်းသို့ နောက်ထပ် အကြိမ်အနည်းငယ် သွားခဲ့သော်လည်း ထပ်ပေါ်လာသည့်မှတ်ဉာဏ် မရှိခဲ့ပေ။ ဘဏ္ဍာတိုက်သို့ တစ်ခါထပ်သွားခဲ့သော်လည်း မည်သည့်အကျိုးအမြတ်မှ မရှိခဲ့။ ဘယ်တော့ ပေါ်လာမည်မှန်းမသိရသော မရေရာသည့် မှတ်ဉာဏ်ကိုသာ မှီခိုပြီး လက်ပိုက်ထိုင်နေ၍ မဖြစ်ဘူးဟု တွေးလိုက်၏။

'ထောက်' ဟု စားပွဲပေါ်မှ အသံကို ကြားလိုက်ရသည့်အခါ ယူဂျင်း ခေါင်းလှည့်လိုက်သည်။ စားပွဲပေါ် တင်ထားသော ငှက်လှောင်အိမ်နှင့် ထိုလှောင်အိမ်ပေါ် လက်တင်ထားသည့်လူ။ ဘုရင်မင်းမြတ် ရုတ်တရက် ပေါ်လာသဖြင့် ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

“အရှင်မင်းကြီး။”

ခါဆယ်ရ်က ယူဂျင်း၏ရှေ့သို့ ခြေလှမ်းကျဲများဖြင့် တိုးကပ်လာသည်။ သူက လက်နှစ်ဖက်ဖြင့် ယူဂျင်း၏မျက်နှာလေးကို ထွေးဆုပ်ကာ ချက်ချင်းပင် သူ့နှုတ်ခမ်းများကို ဖိကပ်လိုက်၏။ နှုတ်ခမ်းချင်းထိရုံ တိုတောင်းသော အနမ်းတစ်ပွင့် ပေးပြီးနောက် သူက နှုတ်ခမ်းများကို ခွာသွားခဲ့သည်။ ယူဂျင်းက ကြောင်တောင်တောင် မျက်နှာထားနှင့် မေးလိုက်၏။

“ညီလာခံ ပြီးသွားပြီလားရှင့်။”

ယနေ့မနက်ကတည်းက ဘုရင်မင်းမြတ် အချိန်ကြာမြင့်စွာ ညီလာခံထိုင်နေသည်ဟု ကြားခဲ့ရ၏။ မနေ့က အလုပ်များသည့်ကြားမှ နေ့လယ်စာ အတူစားခဲ့သော်လည်း ယနေ့တော့ ထိုသို့ပင် မလုပ်နိုင်ခဲ့။

“ခဏနားတာလေ။ ချက်ချင်း ပြန်သွားရမှာ။”

“မှော်ဝင်သားရဲကို ဘာဖြစ်လို့ယူလာတာလဲဟင်။”

ယူဂျင်းက လှောင်အိမ်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ လှောင်အိမ်ထဲမှ ရှဉ့်မှော်ဝင်သားရဲက ယူဂျင်းကို ကြည့်ရင်း လှောင်အိမ်ထဲတွင် အပေါ်တက်လိုက် အောက်ဆင်းလိုက် တက်ကြွစွာ ပြေးလွှားနေ၏။

“မင်းက အသေးလေးအကြောင်း သိချင်တဲ့ပုံမို့လို့ ခေါ်လာတာ။”

မနေ့က နေ့လယ်စာ စားနေစဉ် ယူဂျင်းက ပုတ်သင်ညို မှော်ဝင်သားရဲအကြောင်း တစ်ချက်ပြောခဲ့မိသည်။ မှော်ဝင်သားရဲ၏ ကလေးဘဝက အရေးကြီးသဖြင့် အလုပ်များနေလျှင်ပင် စိတ်ပိုင်းဆိုင်ရာနီးစပ်မှုကို မျှဝေရန် အကြံပေးခဲ့၏။

“အ​သေးလေးပေါ့လေ။ မှော်ဝင်သားရဲ နာမည်လားဟင်။”

ခေါင်းတစ်ချက်ညိတ်ပြသည့် သူ့ကို ယူဂျင်းက အဓိပ္ပာယ်မရှိလိုက်တာဟူသော ပုံစံမျိုးဖြင့်ကြည့်ရင်း ပြောလိုက်သည်။

“လေးနက်တဲ့နာမည်မျိုး ပေးမှပေါ့။”

“မင်း ပေးထားတဲ့ နာမည်ပဲကို ဒီလောက်ဆို လေးလေးနက်နက်ရှိပြီလေ။”

“အဲ့ဒါက နာမည်မှ...”

ခါဆယ်ရ်က နောက်တစ်ကြိမ် ခေါင်းငုံ့ကာ အနမ်းပေးခဲ့သဖြင့် ယူဂျင်း၏ စကားများ ပြတ်တောက်သွားတော့သည်။

“ချက်ချင်း ပြန်သွားရမယ်လို့ ပြောထားတယ်လေ။ ငါ့အပေါ်ပဲ အာရုံစိုက်။”

ယူဂျင်းက တိုးတိုးလေး ရယ်လိုက်သည်။ သူ၏ မျက်ဝန်းပြာပြာများထဲတွင် အပြည့်ရှိနေသော ကလေးဆန်ဆန် ဇွတ်တရွတ်ပြုမူမှုက အစိမ်းသက်သက်ဖြစ်နေသလို ဆန်းကြယ်နေသည်။

'ဒီလူမှာ ဒီလိုပုံစံမျိုးလည်း ရှိတာလား။'

မှော်ဝင်သားရဲကို အကြောင်းပြပြီး ယူဂျင်းကို လာတွေ့ရန် အချိန်ယူခဲ့သော ဤလူ၏စိတ်ကို ခန့်မှန်းမိတော့ ဘာရယ်မဟုတ် ကျေနပ်ဝမ်းမြောက်မိ၏။

ယူဂျင်းက လက်နှစ်ဖက်ကို ဆန့်တန်းကာ ခါဆယ်ရ်၏လည်တိုင်ကို သိုင်းဖက်လိုက်သည်။ ခါဆယ်ရ်၏လက်များက သူ့ခါးကို ရစ်ပတ်ကာ အားပြင်းစွာ ဆွဲယူလိုက်တော့ ယူဂျင်း ရင်ခုန်လာ၏။ မျက်လုံးမှိတ်လိုက်တော့ နှုတ်ခမ်းနှစ်လွှာကို ဖြတ်သန်းပြီး ခါဆယ်ရ်၏ လျှာက နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာသည်။

ပြင်းပြသော အနမ်းက ရှည်ကြာစွာ ဆက်လက်ဖြစ်ပေါ်နေ၏။ အသက်ရှူရခက်လောက်အောင် ဖိအားပေးနေသော အနမ်းက ပြီးဆုံးမည့်အရိပ်အယောင် မရှိပေ။ ယူဂျင်းက ထပ်ခါတလဲလဲ တိုးဝင်လာသော သူ့နှုတ်ခမ်းများကို ရှောင်ရင်း ခေါင်းလွှဲပြီး သူ့အား တွန်းဖယ်လိုက်သည်။

“ချက်ချင်း ပြန်သွားရမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”

ခါဆယ်ရ်က နှမြောတသမှု အပြည့်စွက်နေသော မျက်နှာထားဖြင့် သက်ပြင်းချလိုက်၏။

“သွားပါတော့။ အကုန်စောင့်နေကြပါတော့မယ်။”

ခါဆယ်ရ် စိတ်မပါ့တပါ ခြေလှမ်းများဖြင့် ပြန်သွားပြီးနောက် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ယူဂျင်းက လက်ချောင်းလေးများဖြင့် သူ့နှုတ်ခမ်းသူ ပွတ်သပ်လိုက်သည်။ ခါဆယ်ရ် နှုတ်ခမ်းဖြင့်ပွတ်သပ်ပြီး စုပ်ယူသွားသည့် ခံစားချက် အကြွင်းအကျန်များ ကျန်နေသေး၍ အနည်းငယ် ကျဉ်နေ၏။ စိတ်အားထက်သန်စွာနှင့် တိုးဝင်လာသော ထိုလူကိုတွေးမိရင်း ယူဂျင်းတစ်ယော​က် နီမြန်းနေသော မျက်နှာလေးနှင့် တစ်ယောက်တည်း ရယ်လိုက်မိသည်။

ထို့နောက် လှောင်အိမ်ဆီသွားကာ ခေါင်းငုံ့လိုက်၏။

“ဟိုင်း။ အသေးလေး။ နေကောင်းရဲ့လား။”

လှောင်အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ချက်ချင်း ခုန်ထွက်လာသည့် ရှဉ့်က ယူဂျင်း၏ လက်မောင်းပေါ်သို့တက်ကာ ပခုံးပေါ် ရောက်လာသည်။

“ဒီရက်ပိုင်း နင့်သခင်က အလုပ်များနေလို့ နင့်ကို သိပ်ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအစား ငါ နင့်ကို မကြာမကြာ လာကြည့်မယ်နော်။ ရတယ်မဟုတ်လား။”

ယူဂျင်းက အသေးလေးနှင့် ခဏလောက် ကစားပြီးနောက် လှောင်အိမ်ထဲကို ပြန်ထည့်ပေးလိုက်သည်။ မှော်ဝင်သားရဲက သခင်မဟုတ်သူကို ခင်မင်တွယ်တာခြင်းမှာ သာမန်အခြေအနေ မဟုတ်ပေ။ ပိုဆိုးသည်က အသေးလေးမှာ ယခုမှ မွေးခါစ မှော်ဝင်သားရဲဖြစ်သဖြင့် ဦးနှောက်ကိုအသုံးမပြုဘဲ ဗီဇကိုသာ လိုက်နာခြင်းဖြစ်၍ ယူဂျင်းကို ဗီဇအရ ရင်းနှီးမှုခံစားရသည်ဟူသော သဘောကို ဖော်ပြနေ၏။

‘အသေးလေးရော၊ အာဘူရော နှစ်ကောင်စလုံး မရဏဘုရင်ရဲ့ မှော်ဝင်သားရဲတွေဆိုတဲ့ အချက်က အတူတူပဲ။ အဲ့ဒီလူ ငါ့အပေါ်ထားတဲ့ နှစ်သက်သဘောကျမှုက မှော်ဝင်သားရဲတွေအပေါ် လွှမ်းမိုးမှုရှိသွားတာ ဖြစ်နိုင်တယ်။’

အခြားဘုရင်များ၏ မှော်ဝင်သားရဲများနှင့်တွေ့လျှင် မည်သို့ တုံ့ပြန်ကြမလဲဟု စူးစမ်းချင်လာမိသည်။

ယူဂျင်းက ငှက်လှောင်အိမ်ကို သူ၏ ဧည့်ခန်းထဲသို့ ယူသွားခဲ့ပြီးနောက် အာဘူကိုတွေ့ရန် သွားလိုက်၏။ ဖြူစင်အပြစ်ကင်းသော အသေးလေးကို တွေ့လိုက်ရတော့ ထက်မြက်ပါးနပ်သော အာဘူကို တွေ့ချင်လာသည်။

ထုံးစံအတိုင်း အာဘူကို သွားတွေ့သည့်အခါ ယူဂျင်းက ရံရွေတော်များကို ခေါ်မသွားခဲ့။ နေ့ခင်းဘက် ခဏတာ လမ်းလျှောက်ခြင်းက ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်နေပေပြီ။

အမိုးပါသော စင်္ကြံလမ်းဆီထွက်သည့် ကော်ရစ်ဒါထဲသို့ ဝင်ရောက်လိုက်သောအခါ ယူဂျင်းတစ်ယောက် ရံရွေတော်တစ်ဦးကို တွေ့လိုက်ရ၍ ရပ်တန့်လိုက်သည်။ ရဲတိုက်အတွင်းတွင် ရံရွေတော်များ ဖြတ်သန်းသွားလာရာ လမ်းကြောင်းများကို သတ်မှတ်ထား၏။ ဤနေရာက သူတို့၏ လမ်းကြောင်းမဟုတ်သဖြင့် ယခုအချိန်အထိ ယူဂျင်းလည်း လမ်းလျှောက်နေသော ရံရွေတော်များနှင့် တွေ့ဆုံဖူးခြင်း မရှိသေးပေ။

ယူဂျင်းက ချဉ်းကပ်လာသည့် ရံရွေတော်ကိုကြည့်ရင်း မျက်နှာထား တင်းမာသွား၏။ ထိုရံရွေတော်ကို ဘယ်သူဘယ်ဝါမှန်း ခန့်မှန်းမိလိုက်သည်။ ထို့နောက် ခန့်မှန်းထားသည့်အတိုင်းပင် ရံရွေတော်က ခြေနှစ်လှမ်းလောက် အကွာတွင် ရပ်တန့်ကာ မြေပြင်ပေါ်တွင် ဝပ်တွားလိုက်၏။

“တာနီယာ မော်လီ ဂါရဝပြုပါတယ်။”

ရံရွေတော်၏ ပုံရိပ်ပေါ်တွင် ဂျင်၏ မှတ်ဉာဏ်က ထပ်ဆင့်ပေါ်လာသည်။

[တာနီယာ ပေါ်ပီ ဂါရဝပြုပါတယ်။]

မှတ်ဉာဏ်ထဲတွင် ဂျင်က ပြောလိုက်သည်။

[ငါက နင့်ရဲ့ သခင်ပဲ၊ တာနီယာ။]

[ဟုတ်ကဲ့ပါ၊ သခင်မ။]

ယခု ယူဂျင်း၏ အရှေ့တွင်ရှိနေသော မိန်းကလေးက မြေပေါ်တွင် ဆက်လက် ဝပ်တွားနေဆဲပင်။ သို့သော် ပြန်ပေါ်လာသည့်မှတ်ဉာဏ်ထဲတွင် ခေါင်းမော့လာသော ရံရွေတော်ကတော့ တစ်ခါမှ မမြင်ဖူးသည့်မျက်နှာ ဖြစ်နေ၏။

‘ပေါ်ပီတဲ့လား။’

ဤနာမည်ကိုလည်း မရင်းနှီးပေ။ ကန္တာရထဲသို့ အတူတူ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားသော ရံရွေတော်ငါးဦးထဲတွင် ဤသို့သောနာမည်မျိုး မပါခဲ့။

‘ငါ သံသယဝင်ခဲ့တဲ့သူက အယ်လီ ဖြစ်နေတာကို။ ပေါ်ပီက ဘယ်သူလဲ။ ပြီးတော့ ဒီမိန်းကလေးကလည်း တာနီယာတဲ့လား။’

ယူဂျင်း၏ မေးခွန်းကို ဖြေရှင်းပေးသည့်အလား အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာ၏။

[တာနီယာဆိုတာ သစ္စာစောင့်သိတဲ့ အစေအပါးဆိုတဲ့ အဓိပ္ပာယ်ပါ။ သူတော်စင်အရှင်မရဲ့ သစ္စာရှိတဲ့ အစေခံ ဖြစ်လာမဲ့ ကလေးပါပဲ။ သူတော်စင်အရှင်မက သခင်ဆိုတဲ့ ကြေညာချက်ကိုပဲ ထုတ်ဖော်ပေးဖို့ လိုအပ်ပါတယ်။ မိဘကို အမှတ်အသားပြုထားတဲ့ ဘဲလေးလိုပဲ သခင်အပေါ် ခြွင်းချက်မရှိ နာခံပါလိမ့်မယ်။]

ရိုဒရစ်ဂ်၏ အသံနှင့်တူသည်။ ရိုဒရစ်ဂ်က အစွန်းရောက်ဂိုဏ်းဝင်တစ်ဦးကို ရဲတိုက်ထဲ မသွင်းမီ ဂျင်ကို ပြောခဲ့သည့်စကား ဖြစ်နိုင်၏။

ယူဂျင်းက မြေပေါ်တွင် ဆက်လက် ဝပ်တွားနေသည့် မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။ တာနီယာဟူသော နာမည်က လျှို့ဝှက်စကားဝှက် ဖြစ်နေ၏။

တစ်ယောက်ကိုတစ်ယောက် အတည်ပြုသည့် နည်းလမ်းက သာမန်ဖြစ်သော်လည်း ဤကလေးမ ဤနေရာသို့ရောက်လာသည့် နည်းလမ်းကတော့ သာမန်မဟုတ်။ ရဲတိုက်ထဲ ဝင်လာပြီး ရက်ပိုင်းအတွင်းမှာပင် မိဖုရားက ဘယ်အချိန်၊ ဘယ်နေရာ၌ တစ်ယောက်တည်း ရှိတတ်ကြောင်း သိသွားသည်ဟူသော အဓိပ္ပာယ်ပင်။

“...ငါက နင့်ရဲ့ သခင်ပဲ၊ တာနီယာ။”

“ဟုတ်ကဲ့ပါ၊ သခင်မ။”

ခေါင်းမော့လာသော အစိမ်းသက်သက်ဖြစ်နေသည့် ရံရွေတော်၏ ရုပ်ရည်သွင်ပြင်က ရိုးရိုးသာမန်ပင်။ သို့ရာတွင် သူ့မျက်လုံးများက သာမန်လူတို့နှင့် မတူပေ။ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင် စုံလုံးကန်း သစ္စာခံများ၏ မျက်လုံးအကြည့်က ဤသို့ပင်ဖြစ်မည်ဟု ယူဂျင်း တွေးလိုက်မိ၏။

~~~~

“အာနီခါ ဖလော်ရာ။”

ဖလော်ရာ ဆတ်ခနဲတုန်သွားကာ ခေါင်းထောင်လိုက်သည်။ ဖလော်ရာနှင့် ဆံပင်အနက်ရောင်ချင်းဆင်တူသော အမျိုးသမီးငယ်လေးက ရယ်လိုက်၏။

“ဘာတွေ စဉ်းစားနေလို့ ခေါ်နေတာကိုတောင် မကြားရတာလဲရှင့်။”

ဘေးတွင်ရှိနေသော နောက်ထပ် ဆံပင်အနက်ရောင်နှင့် အမျိုးသမီးငယ်လေးကလည်း ထောက်ခံပြောဆိုလေသည်။

“ဟုတ်ပါ့။ ဘာကိစ္စများရှိနေလို့လဲဟင်။”

ဖလော်ရာက ရှက်အမ်းအမ်း ရယ်လိုက်သည်။

“အားနာပါရဲ့ရှင်။ အရှင်မြတ်နဲ့ တွေ့ခဲ့တဲ့ ကိစ္စကို ခဏလောက် စဉ်းစားနေလို့ပါ။”

ဖလော်ရာ၏ စကားကို ကြားလိုက်ရချိန်၌ အခြားသော အာနီခါတို့၏ မျက်နှာထားများတွင် အားကျမှုနှင့် မနာလိုမှုရောနှောနေသော ထူးဆန်းသည့် ခံစားချက်များ ပေါ်လာသည်။

လူအများအပြားထိုင်နိုင်သည့် ဆိုဖာရှည်ကြီးပေါ်တွင် ဖလော်ရာကို ဗဟိုပြုကာ အာနီခါ ဆယ်ယောက်ကျော် စုဝေးနေကြ၏။ ဘယ်နေရာကြည့်ကြည့် ဆံပင်အနက်ရောင်တွေချည်းဖြစ်နေသည်။ ဤနေရာတွင်တော့ ကမ္ဘာပေါ်ရှိ ဆယ်ဂဏန်းလောက်သာရှိသော မြင့်မြတ်သည့် အာနီခါများကို မျက်လုံးဝေ့ကြည့်လိုက်သည်နှင့် မြင်နေရပေမည်။

ယနေ့က အာနီခါများ ပုံမှန်စုဝေးကြသောနေ့ပင်။ ဤစုဝေးပွဲကို အာနီခါများသာ တက်ရောက်ခွင့်ရှိကာ အာနီခါ အားလုံးက တက်ရောက်သူ စာရင်းတွင် နာမည်ထည့်သွင်းရသည့် တစ်ခုတည်းသော သမိုင်းဝင် စုဝေးပွဲဖြစ်၏။ မဖြစ်မနေ တက်ရောက်ရန်မလိုသော်လည်း အများစုက ဤစုဝေးပွဲကို မပျက်မကွက် တက်ရောက်လိုကြသည်။

“အရှင်မြတ်က အာနီခါ ဖလော်ရာကို အထူးတလည် ချစ်ခင်တန်ဖိုးထားတာပဲနော်။”

“လောကီကိစ္စတွေကို စိတ်မဝင်စားတဲ့ အရှင်မြတ်မှာ အနီခါ ဖလော်ရာလောက် စိတ်ဝင်တစား အာရုံစိုက်ရတဲ့သူ ရှိလောက်မှာမဟုတ်ဘူး။”

နေရာအနှံ့အပြားတွင် အုပ်စုသေးသေးလေးများ စုဝေးနေကြသော်လည်း ဖလော်ရာ၏ ပတ်ဝန်းကျင်တွင်တော့ လူအများဆုံး စုရုံးနေကြ၏။ ဖလော်ရာက ထူးခြားသော အာနီခါများထဲမှာပင် ပို၍ထူးခြားသူဖြစ်ပေသည်။

“အတိအကျ ပြောရရင် အာနီခါ ဖလော်ရာနဲ့ အာနီခါ ဂျင်ပေါ့။”

တစ်ယောက်က စကားဖြတ်ခဲ့သည်။ အရှင်မြတ် စိတ်ဝင်စားတဲ့သူက နင်တစ်ယောက်တည်း မဟုတ်ဘူးဟု တမင်ထောက်ပြလိုသည့် ရည်ရွယ်ချက်က အင်မတန် ထင်ရှားနေ၏။

ပတ်ဝန်းကျင်အနေအထားက ချက်ချင်း တင်းမာသွားသော်လည်း ဖလော်ရာက နူးညံ့စွာ ပြုံးလိုက်သည်။

“ကျွန်မနဲ့ အာနီခါ ဂျင်က တစ်နှစ်တည်း၊ တစ်ရက်တည်း မွေးလာတာလေ။ အရင်က မဖြစ်ဖူးတဲ့ကိစ္စဆိုပြီး အရှင်မြတ်လည်း ပြောခဲ့တယ်မဟုတ်လား။ အဲ့ဒါကြောင့် နည်းနည်းလေးပိုပြီး စိတ်ဝင်တစား ကြည့်ရှုပေးနေရုံပါ။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment