အပိုင်း ၉၂
ဝတ်ရုံခြုံကာ ခေါင်းဆောင်း ဆောင်းထားသည့် အမျိုးသမီးနှစ်ယောက် ညဘက်လမ်းမပေါ်တွင် လျှောက်လာကြသည်။
ထိုနှစ်ဦး၏ဘေးမှ ကင်းလှည့်နေသော တပ်သားနှစ်ယောက် ဖြတ်လျှောက်သွား၏။
"ဒါဆို ဟန်းစ်က ဘယ်လိုဖြစ်သွားပြီလဲ။"
"မပြောတတ်ဘူး။ မနက်ကျမှ သိရမှာပေါ့။"
အတွေးထဲ နစ်မျောနေခဲ့သော ယူဂျင်းက နိစ္စဓူဝစကားများ ပြောနေကြသည့် တပ်သားများ၏ အသံကိုကြားတော့ အနည်းငယ် ခေါင်းလှည့်ကာ သူတို့ကို တစ်ချက် ဝေ့ဝဲ့ကြည့်လိုက်သည်။ အမြင်လွှာကိုမြှင့်ကာ လမ်းမပေါ်ရှိ ပတ်ဝန်းကျင် အလှအပကိုလည်း အထူးတလည် စူးစမ်းစနည်းနာလိုက်၏။
လမ်းမပေါ်တွင် တစ်ညီတစ်ညာတည်း အကွာအဝေးခြားလျက် မီးများထွန်းညှိထားသဖြင့် မလုံမခြုံ ခံစားချက် မရှိခဲ့ပေ။ ယူဂျင်းနှင့် တစ်ဖက်တည်း လျှောက်နေကြသူများ၊ သို့မဟုတ် ဆန့်ကျင်ဘက်အရပ်မှလာကာ ဖြတ်သွားကြသူများ အင်မတန်များပြား၏။
လမ်းသွားလမ်းလာများမှာ ကျား၊ မ အသက်အရွယ် အမျိုးမျိုး ကွဲပြားသောကြောင့် အမျိုးသမီးနှစ်ယောက်တည်း လျှောက်သွားနေသည်မှာ သိသာထင်ရှားခြင်းမရှိခဲ့။
စောစောက ရိုဒရစ်ဂ်ကို သွားတွေ့ခဲ့စဉ် စိတ်လှုပ်ရှားနေခဲ့ရသဖြင့် မခံစားမိခဲ့သည့် ညလမ်းမ၏ စည်ကားမှုနှင့် ငြိမ်းချမ်းမှုတို့ကို နောက်ကျမှ မြင်နိုင်တော့သည်။
'အရင်က ဂျင်လည်း ဒီလိုပုံစံမျိုးနဲ့ပဲ ရဲတိုက်က ထွက်လာပြီး ရိုဒရစ်ဂ်ကို တွေ့ခဲ့မှာပေါ့။'
ညဉ့်နက်ချိန်တွင် ကိုယ်ရံတော်မပါဘဲ ရံရွေတော်တစ်ယောက်တည်းကိုသာခေါ်ပြီး အပြင်ထွက်နိုင်သည်မှာ ဤနေရာ၏ ညလမ်းမက ဘေးကင်းလုံခြုံသည်ဟူသော သဘောပင်။
'ညလမ်းမ လုံခြုံတဲ့ နိုင်ငံဆိုတာ ဟိုဘက်ကမ္ဘာမှာတောင် အများကြီးမရှိတာကို... တခြားဒေသတွေရော ဒီလိုပဲလား။'
ယူဂျင်း ပထမတစ်ခါ အပြင်ထွက်စဉ်က ကိုယ်ရံတော် စစ်သည်ငါးယောက်တောင် လိုက်ခဲ့ရပြီး ယနေ့ အပြင်မထွက်ခင်ကလည်း ခါဆယ်ရ်တစ်ယောက် အင်မတန်စိုးရိမ်ပူပန်နေသော မျက်နှာထားကို ပြခဲ့သဖြင့် ညဘက်တွင် ရဲတိုက်အပြင်ဘက်က အင်မတန် အန္တရာယ်များလိမ့်မည်ဟု တွေးခဲ့မိ၏။ အထူးအဆန်း ပြုမူခဲ့ကြသော သူတို့ကို သတိရလိုက်တော့ အပြုံးတစ်ပွင့် ပေါ်လာတော့သည်။
နဂိုကပင် မြို့တော်၏ လုံခြုံရေးက ကောင်းမွန်ခဲ့သော်လည်း ယနေ့မှ လူများ အထူးတလည် များပြားနေသည်ကို ယူဂျင်း မသိခဲ့။
နီးကပ်လာသော ခြောက်သွေ့ရာသီကို ကြိုဆိုသည့် အထိမ်းအမှတ်အနေဖြင့် ဆိုင်များက တစ်ပြိုင်နက်တည်း ဈေးလျှော့ပေးခြင်း အပါအဝင် ပွဲလမ်းသဘင်အမျိုးမျိုးကိုလည်း စတင်ခဲ့ကြလေသည်။ ညဘက် အပြင်ထွက်သူဦးရေ တိုးလာသလို ကင်းလှည့် တပ်သားများကိုလည်း ပုံမှန်ထက် များစွာပိုချထားခဲ့၏။
ရုန်းကန်လှုပ်ရှားရသည့်ရာသီ မပြီးဆုံးသေးမီအချိန်တွင် ကျင်းပသည့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပွဲလမ်းသဘင်မှာ ယနေ့က ပထမဆုံးအကြိမ် ဖြစ်သည်ဟူသောအချက်၊ ယင်းမှာ ဘုရင်မင်းမြတ်၏ ညွှန်ကြားချက်အရ ရုတ်တရက် စီစဉ်ခဲ့သည့် ပွဲဖြစ်သည်ဟူသောအချက်တို့ကိုလည်း ယူဂျင်း မသိခဲ့ပေ။
ယူဂျင်းက ကိုင်ထားသည့် ခြင်းတောင်းဆီသို့ အကြည့်ကိုလွှဲလိုက်သည်။
'ကျေးဇူးပဲ။ အာဘူ။ နည်းနည်းလေးပဲ ထပ်ပြီးသည်းခံထားဦး။'
တော်သေး၍ ယနေ့တွင် အာဘူအဖို့ လှုပ်ရှားစရာ အကြောင်း မရှိခဲ့။ သို့သော်လည်း သူ၏ ဖြစ်တည်မှုတစ်ခုတည်းဖြင့်ပင် ယုံကြည်အားကိုးရပေသည်။ အာဘူကြောင့် ရိုဒရစ်ဂ်နှင့် တွေ့ဆုံစဉ်တစ်လျှောက်လုံး လုံးဝ စိတ်မလှုပ်ရှားခဲ့။
ရင်ပြင်သို့ဝင်ရာ လမ်းထိပ်တွင် နှစ်ယောက်သား ရပ်တန့်လိုက်ကြသည်။ စောစောလေးကအထိ လူများဖြင့် စည်ကားနေခဲ့သော ရင်ပြင်က ဗလာကျင်းလျက်။ မျက်စိရှေ့တွင် ကွယ်နေသူမရှိသောကြောင့် ရင်ပြင်အလယ်မှ သစ်ပင်ကို အင်မတန် ကောင်းမွန်စွာ မြင်တွေ့နိုင်ပေသည်။
မော်လီက ရင်ပြင်၏ တစ်နေရာစီတွင် နှစ်ယောက် သုံးယောက်စီတွဲ၍ အလုပ်လုပ်နေကြသော လုပ်သားများကိုကြည့်ကာ ပြောလိုက်သည်။
"ဆီအိုးတွေ စစ်ဆေးနေကြတဲ့ပုံပါပဲ။ သခင်မ။"
"ဟုတ်လား။"
မော်လီက စိုးရိမ်ပူပန်သော မျက်နှာဖြင့် ရင်ပြင်၏ အစွန်အဖျားကို အလျင်အမြန် ဝေ့ဝဲအကဲခတ်လိုက်သည်။
'ဒီနေ့မှ ဘာလို့ စစ်ဆေးရေး လုပ်ငန်းတွေ စရတာလဲ။'
မြင်းရထားပျောက်သွားလျှင် ပြဿနာအကြီးကြီး ဖြစ်သွားပေမည်။ မော်လီက ရဲတိုက်သို့ မဝင်ရောက်မီကပင် မိဖုရားက အမှားကို ခွင့်မလွှတ်တတ်သည့် ရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကြားသိထားခဲ့၏။ ထို့ကြောင့် မိဖုရားအရှေ့တွင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကာ သတိထားခဲ့သည်။
ရင်ပြင်တွင် မြင်းရထား တစ်စီးတည်းသာ ရပ်နေပါက အင်မတန် သံသယဖြစ်ဖွယ်ကောင်းမည်ဖြစ်ရာ ဘုရင်မင်းမြတ်၏ ညွှန်ကြားချက်အရ အသွင်ဖျက်ထားသည့် မြင်းရထားများကို ရင်ပြင်တစ်နေရာစီတွင် ဖြန့်ကြက်ကာ ရပ်ထားခဲ့၏။ မော်လီလည်း မှတ်မိနေသော ထိုနေရာတွင် စောစောက စီးနင်းလာခဲ့သည့် မြင်းရထားက ထိုအတိုင်းလေး ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားခဲ့သည်။
“သခင်မ။ မြင်းရထားက ဟိုဘက်မှာပါ။”
“ကောင်းပြီလေ။ သွားကြတာပေါ့။”
မော်လီက ယူဂျင်းထက် ခြေတစ်လှမ်း အလျင်စလိုဖြင့် မြင်းရထားဆီ ချဉ်းကပ်ကာ ခေါက်လိုက်သည်။ အချက်ပြလိုက်သော်လည်း ချက်ချင်း ဆင်းလာပြီး တံခါးဖွင့်ပေးရမည့် မြင်းရထားမောင်းသူဘက်မှ တုံ့ပြန်မှု မရှိခဲ့ပေ။
မော်လီလည်း စိတ်ပျက်စွာဖြင့် မြင်းရထားမောင်းသူထိုင်ခုံကို ဝေ့ကြည့်လိုက်ပြီးနောက် ကိုင်ထားသည့် ရှေးဟောင်းစာအုပ်ကို လက်တစ်ဖက်ဖြင့်ပွေ့ကာ မြင်းရထားတံခါးကို ဖွင့်လိုက်သည်။
“သခင်မ။ အထဲကို။ ဟမ့်....”
မြင်းရထားအတွင်းသို့ မဆင်မခြင် ကြည့်လိုက်သော မော်လီလည်း ထိုနေရာ၌ပင် တောင့်ခနဲ ဖြစ်သွားတော့သည်။ အားလျော့သွားသည့် မော်လီ၏လက်ထဲမှ ပစ္စည်းသည်လည်း လျှောခနဲထွက်သွားတော့၏။ ရှေးဟောင်းစာအုပ်က ဘုန်းခနဲအသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ခါဆယ်ရ်က စိတ်ပျက်စရာ ကြွက်အား အေးစက်စွာ စိုက်ကြည့်လိုက်၏။ ယနေ့ပြီးလျှင် ထိုအစွန်းရောက်ဂိုဏ်းနောက်လိုက် သူလျှိုက တောက်ပသော နေရောင်ကို နောက်တစ်ကြိမ် မြင်တွေ့ရတော့မည် မဟုတ်ပေ။
အေးစက်ကြမ်းကြုတ်သော ဘုရင်မင်းမြတ်၏ အကြည့်ကိုခံယူရင်း မော်လီ၏ မေးရိုးအောက်ပိုင်းလည်း တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ သားရဲတိရစ္ဆာန်ရှေ့ ပစ်ချထားခံရသည့် အစာကဲ့သို့ လှုပ်ရှား၍ပင်မရတော့။
အနားသို့ ချဉ်းကပ်လာသော ယူဂျင်းက မော်လီ၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်ကာ မြင်းရထားအတွင်းသို့ ကြည့်လိုက်၏။ မျက်လုံးချင်းဆုံသည့်အခိုက်အတန့်တွင် မော်လီအပေါ် ကျရောက်နေခဲ့သော ခါဆယ်ရ်၏ သတ်ဖြတ်လိုစိတ်က လုံးဝ ပျောက်ကွယ်သွားလေသည်။ သူက နှုတ်ခမ်းထောင့်စွန်းကို အနည်းငယ်ပင့်ကာ ပြုံးလိုက်ပြီး ယူဂျင်းအား လက်ကမ်းပေးခဲ့၏။
ယူဂျင်းလည်း ‘ရှင်က ဘာလို့ ဒီမှာ ရှိနေတာလဲ’ ဟု မေးနေသလို ကြောင်တောင်တောင် အမူအရာ ပြသလိုက်ရာမှ ခပ်တိုးတိုးရယ်ကာ မြင်းရထားထဲ ဝင်လိုက်သည်။ ခါဆယ်ရ် ကမ်းပေးထားသည့် လက်ပေါ်သို့ ယူဂျင်း အသာလေး လက်တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူက မြဲမြံစွာဆုပ်ကိုင်ကာ အားဖြင့်ဆွဲယူခဲ့၏။
“အား။”
ယူဂျင်းတစ်ယောက် သူ၏ ရင်ခွင်ထဲသို့ လဲပြိုကျသွားကာ တိုးလျလျရယ်သံလေး ထွက်လာခဲ့သည်။ အနောက်ဘက်မှ မြင်းရထားတံခါး ပိတ်သွားတော့ အတွင်းပိုင်းက လုံးဝ မှောင်မိုက်သွား၏။
ခါဆယ်ရ် ပြတင်းပေါက်၏ လိုက်ကာကို လှစ်ဟလိုက်သောအခါ အပြင်ဘက်မှ အလင်းရောင် စီးဝင်လာပြီး အရိပ်ထင်နေသည့် သူတို့နှစ်ဦး၏ မျက်နှာများကို မြင်တွေ့ရတော့သည်။ ဝင်သက်ထွက်သက်ချင်း ထိမိလောက်သည်အထိ နှစ်ဦးသား၏ မျက်နှာများက နီးကပ်နေ၏။
“ကြိုလည်း ပြောမထားဘဲနဲ့။ ရဲတိုက်မှာပဲ စောင့်နေမယ်လို့ ပြောထားတယ် မဟုတ်ဘူးလားရှင့်။ နဂိုကတည်းက ဒီလိုလုပ်ဖို့ စဉ်းစားထားတာလားဟင်။”
“မင်း မြင်းရထား စီးသွားတယ်ဆိုပြီး ကြားလိုက်ရတဲ့အချိန်မှာ စိတ်ကူးပြောင်းသွားတာ။”
သူ ရဲတိုက်ထဲ၌ လုံးဝ စောင့်မနေနိုင်တော့ပေ။ ရဲတိုက်အတွင်း၌ဖြစ်စေ၊ ဤ မြင်းရထားအတွင်း၌ဖြစ်စေ ယူဂျင်းပြန်လာသည်ကို စောင့်ဆိုင်းရသည့် အခြေအနေချင်း တူသော်လည်း အနည်းငယ် ပို၍နီးသောနေရာတွင် စောင့်ဆိုင်းချင်ခဲ့သည်။ တစ်ခုခု ဖြစ်ခဲ့ပါက ပြေးသွားနိုင်မည့်နေရာ၌။
“ရှင့်မလဲ တော်တော်လေး အပူများတာပဲနော်။ ကျွန်မကို အဲ့ဒီလောက်တောင် မယုံဘူးလား။ လမ်းမပေါ်မှာ လူတွေလည်းများပြီး လင်းချင်းနေတာမှ မိန်းမတစ်ယောက်တည်း လျှောက်သွားရင်တောင် အဆင်ပြေမဲ့ပုံပါ။”
“ဟုတ်လား။”
“မသိဘူးလားရှင့်။ ရှင်ကိုယ်တိုင် ညလမ်းမကို မလျှောက်ဖူးရင်တောင်မှ ဖြစ်ရပ်တွေ၊ မတော်တဆမှုတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတွေတော့ ရမှာပဲကို။ မြို့တော်ရဲ့လုံခြုံရေးက ကောင်းတယ်ဆိုတာ ရှင်လည်း အသိပဲမဟုတ်လား။ မာရီအန်းဆီက ကြားခဲ့ဖူးတာကိုလည်း မှတ်မိနေပါသေးတယ်။ အဲ့ဒီတုန်းကတော့ ဒီအတိုင်း အဲ့ဒီလိုကိုးဆိုပြီး ကျော်သွားခဲ့တာ။ ဒါပေမဲ့ အရင်တုန်းက အပြင်ထွက်မယ်လို့ပြောတော့ ရှင်က စစ်သည်တော်တွေ အလုံအလောက် ခေါ်သွားခိုင်းခဲ့တယ်မဟုတ်ဘူးလား။”
ယူဂျင်းက အသံမြှင့်ကာ သတိလက်လွတ် ပြောဆိုလိုက်မိသည်။ ပတ်ဝန်းကျင်သာ သွေးရောင်ကို မြင်နိုင်လောက်အောင် လင်းနေခဲ့မည်ဆိုပါက ရွှင်ပျနေသော သူ့မျက်နှာထားလေးက ပို၍ပင် အသက်ဝင်လန်းဆန်းနေပေလိမ့်မည်။ ခါဆယ်ရ်က ကျွတ်လုကျွတ်ခင် ငယ်ထိပ်တွင် မတည်မငြိမ် တင်နေသည့် ဝတ်ရုံခေါင်းဆောင်းကို အနောက်ဘက်သို့ လှန်တင်ကာ ပြောလိုက်သည်။
“စိတ်လှုပ်ရှားနေတာပဲ။”
“ရှင်။”
“မင်းရဲ့အသံနဲ့ လေယူလေသိမ်းက အရင်နဲ့မတူဘူး။”
“အာ...”
ယူဂျင်းက ပူနွေးလာသော မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ နှလုံးသားက တဒိတ်ဒိတ် ခုန်နေ၏။ ဖိနှိပ်ထားခဲ့သော ခံစားချက်များက သူ့မျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲထွက်လာခြင်းဖြစ်ပေသည်။
ရိုဒရစ်ဂ်နှင့် လမ်းခွဲပြီး ဤနေရာအထိ လျှောက်လာခဲ့သည့် တစ်လျှောက်လုံး နက်နက်နဲနဲ စဉ်းစားဆင်ခြင်ကြည့်လေလေ၊ ဂျင်က ရှေးဟောင်းစာအုပ်ရရှိရန် ရိုဒရစ်ဂ်ကို အသုံးချခဲ့ရုံမျှသာဖြစ်သည်ဟူသော ကောက်ချက်သို့ ရောက်ရှိလာလေလေပင်။
ဂျင်က မာရာ၏ အစွန်းရောက်ဂိုဏ်းကို အသုံးချရန် အခြားပရိယာယ်ကြွယ်ကြွယ် လျှို့ဝှက်ချက်များ ရှိခဲ့သည်မဟုတ်။ သူတော်စင်အရှင်မဟူသော နာမည်ဖြင့် မကောင်းသော အကြံအစည်များကို ကြံစည်ခဲ့ခြင်းလည်းမဟုတ်။
ထို စိတ်ဝင်စားမှု ဝါသနာကြောင့်သာဖြစ်၏။ များပြားလှသော ရဲတိုက်ဘတ်ဂျက်ကို ဖြုန်းတီးပြီး သူ၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲရှိ ငွေများကိုပါ မနှမြောဘဲ သုံးစွဲခဲ့ရသည့် ထို စိတ်ဝင်စားမှု ဝါသနာကြောင့်သာ။
ယူဂျင်းက ဤအတောအတွင်း ဂျင်က ရှေးဟောင်းစာအုပ် စုဆောင်းခြင်းကို အကြောင်းပြပြီး အစွန်းရောက်ဂိုဏ်းဝင်များနှင့် အဆက်အသွယ်လုပ်ခဲ့သည်ဟု ထင်ခဲ့မိသဖြင့် စာကြည့်ခန်းသို့ ဝင်ရောက်ကာ ရှေးဟောင်းစာအုပ်များကို မြင်လိုက်တိုင်း အမြဲတစေ ဒေါသထွက်ခဲ့ရသည်။ သို့သော်လည်း ယင်းက ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်တဲ့လား။ ယခု စိတ်ခံစားချက်အတိုင်းဆိုလျှင် ‘သိပ်တော်တယ်’ ဟူ၍ ဂျင်ကို အားပေးချင်စိတ်ပေါက်နေ၏။
ဂျင်က ရှေးဟောင်းစာအုပ် စုဆောင်းခြင်းဖြင့် မည်သည့်အရာအား ရယူလိုခဲ့သည်ကို အဖြေမရသေးသော်လည်း မာရာ၏ ဘာသာရေးအစွန်းရောက်ဂိုဏ်းနှင့် နက်ရှိုင်းစွာ ဆက်နွှယ်မှုမရှိခြင်းကြောင့်ပင် လေးလံနေသော စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ပါးသွားသလို ခံစားလိုက်ရသည်။
“အဲ့ဒီလူနဲ့တွေ့ပြီး အရေးကြီးတဲ့ အချက်တစ်ခုကို ပြန်မှတ်မိသွားလို့ပါ။”
ယူဂျင်းက စပ်ဖြီးဖြီးရယ်နေသည့် သူ့မျက်နှာအမူအရာသူ အနည်းငယ် ဆိုးဝါးနေနိုင်သည်ဟု ထင်မိသော်လည်း ထွက်လာသော ရယ်သံကိုမူ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။
“ဘယ်လိုအချက်လဲ။”
သတင်းကောင်းဖြစ်ပေလိမ့်မည်။ ခါဆယ်ရ်က အလင်းပြန်ကာ တလက်လက် တောက်ပနေသော ယူဂျင်း၏ မျက်ဝန်းကို မဖယ်မခွာ ကြည့်နေခဲ့သည်။ ယူဂျင်း စိတ်မှိုင်သွားသည်ထက် ဒီဘက်က ပိုကောင်းသည်မှာ ထင်ရှားသော်လည်း သူ့စိတ်ထဲတွင်တော့ ရှုပ်ထွေးနေ၏။
စောစောက တွေ့ဆုံပြီးပြန်လာခဲ့သော ရိုဒရစ်ဂ်၊ ထိုလူအပေါ် အပျက်သဘောဆောင်သည့် ခံစားချက်များကိုသာ ပို၍ဖော်ပြစေချင်ပြီး အာဘူကိုသာ ခြင်းတောင်းထဲ ထည့်ခေါ်သွားမိခြင်းကို စိတ်ပျက်စေလိုခဲ့သည်။ သူ့အပေါ် ပို၍မှီခိုအားကိုးစေလိုပြီး သူ၏ အကူအညီမပါဘဲ တစ်ယောက်တည်း လုပ်ဆောင်ရသည့် အလုပ်ကို ခက်ခဲစေချင်၏။ ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်စေလောက်သည့် အတိုင်းအတာအထိ သိပ်ဖျင်းသေးနုပ်သော မနာလို သဝန်တိုစိတ်ပင်။
“ရှေးဟောင်းစာအုပ် စုဆောင်းတဲ့ အချက်အလက်တွေ ရယူဖို့အတွက် ကျွန်မက အဲ့ဒီလူကို ပိုက်ဆံပေးခဲ့တာပါ။ အဲ့ဒီလူဆီကနေ စာအုပ်တွေကိုတောင် တိုက်ရိုက် ဝယ်ခဲ့ဖူးတယ်ရှင့်။”
ခါဆယ်ရ်က အံ့အားသင့်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါက ကြိုသိထားပြီးသား အချက်ပဲ မဟုတ်ဘူးလား။ အဲ့ဒီလူက ရှေးဟောင်းစာအုပ်တွေကို တိုက်ရိုက် ပို့ပေးခဲ့တယ်ဆိုတာကိုပဲ မသိခဲ့တာလေ။”
“အာ... ကျွန်မက...”
ယူဂျင်းက ရှုပ်ထွေးနေသော အတွေးများကို ရှင်းလင်းပြီးနောက် ပါးစပ်ကို ဖွင့်လိုက်သည်။
“...ကျွန်မက ပြန်ပြင်လို့မရတော့မဲ့ မကောင်းတာတစ်ခုခုကို လုပ်ခဲ့မိပြီလို့ ထင်ခဲ့တာပါ။”
ယူဂျင်း၏ အသံက မသိမသာတုန်ယင်နေခဲ့သည်။ ခါဆယ်ရ်က ယခင်တစ်ခါ ယူဂျင်း ပြောခဲ့သော စကားကို သတိရကာ ရယ်သံစွက်နေသော လေသံဖြင့် ပြောခဲ့၏။
“မာရာကို ဆင့်ခေါ်တာလား။”
ယူဂျင်း သူ့အား စိုက်ကြည့်လိုက်သည်။
“ကျွန်မက အတည်ပြောနေတာကို။ ရှင်က အဲ့ဒီလို...”
ယူဂျင်းလည်း လည်ချောင်းထဲတွင် စို့နင့်သွားသဖြင့် စကားကို ရပ်တန့်လိုက်သည်။ သူ့အသံလေး တိတ်ဆိတ်သွားသောအခါ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည့် ခါဆယ်ရ်၏ မျက်လုံးများ တုန်ယင်လာတော့၏။
“မင်းစကားကို ဟာသလုပ်ပြီး ကျော်သွားတာမဟုတ်ဘူး။ မင်းက ဘာအမှားမှ လုပ်ခဲ့မှာမဟုတ်ဘူးလို့ တွေးခဲ့တာ။”
“...ဘာလို့လဲရှင့်။ ဘာဖြစ်လို့ ကျွန်မကို ယုံကြည်တာလဲ။”
“မင်းက အဲ့ဒီလို လုပ်မှာမဟုတ်ဘူးဆိုပြီး ယုံကြည်နေလို့။ အတိတ်ရဲ့မင်းကလည်း မင်းပဲလေ။”
“ဘာဖြစ်လို့ ယုံကြည်ရတာလဲလို့။”
“ပြောပြီးပြီလေ။ မင်းဖြစ်နေလို့ပါဆို။”
“လူတစ်ယောက်ရဲ့ စိတ်ထဲကို ဘယ်သူမှ သိနိုင်တာမဟုတ်ဘူးလေ။ ကျွန်မက ရှင်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးနိုင်ခြေရှိတယ်ဆိုပြီး မစဉ်းစားမိဘူးလား။”
ခါဆယ်ရ်က ဟမ့်ခနဲ ရယ်လိုက်သည်။
“မဖြစ်နိုင်တဲ့အရာတွေကို တွေးကြောက်နေမယ်ဆိုရင် လုပ်နိုင်တဲ့အလုပ်ဆိုတာ ဘာများရှိဦးမှာလဲ။”
ယူဂျင်းတစ်ယောက် သူ့ထံ၌ ထင်မှတ်မထားဘဲ ဖြူစင်သည့် အရိုးခံပုံစံလေးရှိနေကြောင်း ရှာဖွေတွေ့ရှိလိုက်ရသည်။ သူက တစ်ကြိမ် ယုံကြည်မှု ပေးလိုက်ပြီးသည်နှင့် နောက်ပြန်ဆုတ်မည့်သူ မဟုတ်ပေ။ ထို့အပြင် သူ၏ ပတ်ဝန်းကျင်တွင် လူကောင်းများ များစွာရှိနေသည်ကလည်း အတော်လေး ကွဲပြား၏။ မိမိကိုယ်တိုင် စိတ်ရင်းဖြင့် ယုံကြည်ခဲ့သည့် လူတစ်ဦးထံမှ သစ္စာဖောက်ခံရသည့် အတွေ့အကြုံကို မကြုံဖူးသေးသည်မှာ သေချာပေသည်။
စိတ်ဓာတ်ခိုင်မာသောလူ၊ ပြီးတော့ ကျောခိုင်းလိုက်ပါက နောက်ကြောင်းပြန်မလှည့်မည့်လူ။ ယူဂျင်းလည်း သူ့ဝတ္ထုထဲမှ မရဏဘုရင်ကို အတော်လေးကြာမှ သတိရမိတော့သည်။
‘ဒီလူသာ အကြီးအကျယ် စိတ်ဒဏ်ရာရသွားမယ်ဆိုရင်... ဝတ္ထုထဲက မရဏဘုရင်လို ပြောင်းလဲသွားမလားမသိဘူး။’
ခြောက်သွေ့သော သဲကန္တာရအလား ဝတ္ထုထဲမှ ခြောက်ကပ်သော မရဏဘုရင်ကို တွေးမိတော့ ရင်ထဲတွင် နင့်ခနဲ အောင့်သွားရသည်။
'အာ။ တော်ပါသေးရဲ့။'
ယူဂျင်းတစ်ယောက် ဒီတစ်လျှောက်လုံး ဘာကိုကြောက်နေခဲ့သလဲ၊ ရိုဒရစ်ဂ်နှင့် တွေ့ပြီးနောက် လေထဲပျံဝဲနေရသလို ပေါ့ပါးသွားသည့်ခံစားချက်၏ အကြောင်းရင်းက ဘာလဲဆိုသည်ကို နားလည်သွားတော့သည်။
'ဒီလူကို စိတ်မပျက်စေချင်လို့။'
ဂျင် အမှားမကျူးလွန်မီ ဤနေရာသို့လာပြီး သူနှင့်တွေ့လိုက်ရ၍ တော်သေးသည်။
“အဲ့ဒီလူကို ခွင့်လွှတ်လို့မဖြစ်ဘူး။”
စကားဝိုင်းက ရုတ်တရက် ပြောင်းလဲသွားသဖြင့် ခါဆယ်ရ်ပြောနေသည့်လူက ရိုဒရစ်ဂ်မှန်း ယူဂျင်း နည်းနည်းနောက်ကျမှ သဘောပေါက်လိုက်ရ၏။ သူ့အဖြေက နောက်ကျနေသဖြင့် ခါဆယ်ရ်က ထပ်ပြောခဲ့သည်။
“လုံးဝမရဘူးနော်။”
“ခွင့်လွှတ်ဖို့လည်း စိတ်ကူးမရှိပါဘူး။”
ဤကိစ္စနှင့်ပတ်သက်လျှင် အလျှော့ပေးစရာ အကြောင်းမရှိဟု တွေးထားသော ခါဆယ်ရ်၏ မျက်ဝန်းများ နူးညံ့သွားတော့၏။
“……မင်းက သူ့ကို သတင်းအချက်အလက်အတွက်နဲ့ ပိုက်ဆံပေးခဲ့တာဆိုပြီး အတွေးပြောင်းသွားပြီထင်လို့။”
“အဲ့ဒီလူဆီက သတင်းဝယ်ခဲ့တာမှန်ပေမဲ့ ကျွန်မကို မတန်မရာဈေးတောင်းခဲ့တာလည်း မှန်ပါတယ်။”
'ဒါဆို ဂျင်းက အဲ့ဒါကို မသိခဲ့တာလား။'
ရိုဒရစ်ဂ်က လွန်လွန်ကဲကဲ ဈေးခေါ်ခဲ့မှန်း မသိရလောက်အောင် ဂျင်က ထိုမျှအထိ အဆင့်အတန်းမနိမ့်သေးပေ။ ဂျင်က သိလျက်နှင့် မသိချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်နိုင်၏။ ရှေးဟောင်းစာအုပ်ကို လိုချင်သောကြောင့်ပင်။
“အရှင်မင်းကြီး။ ကျွန်မ……”
တစ်နေရာမှ ထွက်လာသည့် 'ခရူး' ဟူသော အသံက ယူဂျင်း၏စကားကို တားဆီးလိုက်သည်။ ယူဂျင်းက ရယ်မောလိုက်ရင်း လက်တွင် ချိတ်ထားသော ခြင်းတောင်း၏ အဖုံးကို ဖယ်လိုက်၏။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ အာဘူ။ နင့်ကို မေ့နေတာပဲ။”
အာဘူက မကျေနပ်ကြောင်းပြောသလို သံရှည်ဆွဲကာ ညည်းညူခဲ့သည်။ မည်းနက်နေသော အာဘူ၏ အမွေးလေးများက မှောင်ရိပ်ထဲတွင် ပျောက်ဆုံးနေကာ အနီရောင်မျက်လုံးများ၏ အလင်းရောင်သာ ထင်ရှားစွာပေါ်လွင်နေ၏။
ခြင်းတောင်းထဲသို့ ခါဆယ်ရ်၏လက်က ဝင်သွားကာ သူက လက်တစ်ဖက်နှင့် ဆုပ်ကိုင်နိုင်လောက်အောင် သေးငယ်သည့် အာဘူကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက် အာဘူကို ကုပ်မှဆွဲကာ သူ့မျက်နှာရှေ့သို့ မြှောက်လိုက်၏။
လက်ဖဝါးတစ်ဖက်စာ အရွယ်သာရှိသည့် အာဘူက 'ဂယောင်း' ဟု အသံပြုရင်း ရှေ့ခြေထောက်လေးများကို ယက်ကန်ယက်ကန် ရုန်းနေရှာသည်။
အင်မတန် စိတ်အနှောင့်အယှက်ဖြစ်နေပုံရသော်လည်း ကြောင်လေးတစ်ကောင်အရွယ် မှော်ဝင်သားရဲတွင် အန္တရာယ်အငွေ့အသက် လုံးဝရှိမနေပေ။
“အာဘူ။ ရဲတိုက်ကို သွားနေတော့။”
ခါဆယ်ရ်က ချက်ချင်းပင် မြင်းရထားပြတင်းကိုဖွင့်ကာ အာဘူကို အပြင်ဘက်သို့ ဝှစ်ခနဲ လွှင့်ပစ်လိုက်သည်။ ယူဂျင်း လန့်သွားကာ တိုးတိုးလေး အော်လိုက်ချိန်တွင်တော့ သူက ပြတင်းပေါက်ကို ပိတ်ပြီးသား ဖြစ်နေပေပြီ။
“အရှင်မင်းကြီး။ အာဘူကို ကျေးဇူးတင်စကားတောင် ကောင်းကောင်းမပြောရသေးဘူးလေ။”
“နောက်မှပြော။”
“တရားလွန်ပါတယ်။”
“အာဘူကိုပဲ ခေါ်သွားရင် လုံလောက်ပြီဆိုပြီး ငါ့ကိုကျတော့ လိုက်ပို့ခွင့်လေးတောင်မပေးခဲ့တဲ့ မင်းကရော တရားမလွန်ဘူးလား။”
~~~~
Miel's Translations