အပိုင်း ၅၈
တံခါးခေါက်သံနောက်တွင် မာရီအန်း သို့မဟုတ် ရံရွေတော်မိန်းကလေး၏ အသံကို ကြားရမည်ဟု ထင်ခဲ့မိသည်။
“မိဖုရား၊ ဝင်လာခဲ့လို့ရမလား။”
အမှုထမ်းခန့်ရန် စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးနေသော ယူဂျင်း၏ ခေါင်းက ငေါက်ခနဲ ထောင်လာသည်။ သူက အလိုအလျောက် တံခါးဆီသို့ကြည့်ကာ အော်ပြောလိုက်၏။
“ဟုတ်ကဲ့၊ ဝင်လာခဲ့ပါ။”
စားပွဲတွင် ထိုင်နေသော ယူဂျင်းတစ်ယောက် တံခါးဖွင့်ကာ ဝင်လာသော ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံသွားသည်။ ခါဆယ်ရ်က ထရပ်ရန်ပြင်နေသော ယူဂျင်းကိုကြည့်ရင်း အခန်းထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းဝင်လာရာမှ ရပ်လိုက်၏။
“အနှောင့်အယှက်ဖြစ်သွားလား။”
“မဖြစ်ပါဘူး။ ရပါတယ်။”
ယူဂျင်းက စားပွဲအရှေ့မှ ဆိုဖာရှိရာဘက်သို့ လျှောက်လာသည်။
“ဒီဘက်...မှာ ထိုင်ပါ။”
အိုးတိုးအမ်းတမ်းဖြစ်နေမှုကို ဖယ်ရှားရန် ကြိုးစားလိုက်ရ၏။ ဘာကြောင့် ရုတ်တရက် စိတ်လှုပ်ရှားနေရမှန်း နားမလည်နိုင်ခဲ့။ နေ့စဉ် တွေ့နေရတုန်းက ကိစ္စမရှိသော်လည်း ရက်ပိုင်းလောက်ကြာပြီးမှ ပြန်တွေ့ရတော့ ခါဆယ်ရ်ကို သတိထားမိနေကာ ရှောင်ရှားမိနေ၏။
‘ထင်တဲ့အတိုင်း ဒီလူနဲ့မတွေ့ခင် ခဏလောက်တော့ စိတ်ကိုပြင်ဆင်ဖို့ လိုအပ်တာပဲ။'
ညီလာခံပြီးလျှင် အသိပေးမည့် ရံရွေတော်ကိုသာ စောင့်နေခဲ့မိသဖြင့် ဘုရင်မင်းမြတ် ကိုယ်တိုင်ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ခါဆယ်ရ်က ယူဂျင်းက သူ့အား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမည်ကို မျှော်လင့်ထားခဲ့၏။ သို့သော် မသက်မသာဖြစ်နေသည့် ယူဂျင်းကိုမြင်တော့ သူ့စိတ်ထဲတွင်လည်း မသက်မသာ ဖြစ်သွားရသည်။ လွန်ခဲ့သောရက်ပိုင်းက အရေးတကြီး ထွက်သွားရသဖြင့် ယူဂျင်းကို အကြောင်းကြားရန် မေ့ခဲ့သောအဖြစ်က သူ့စိတ်ထဲတွင် တနုံ့နုံ့ ရှိနေ၏။
'ကြိုးစားရမှာပေါ့' ဟု ပြောခဲ့သော မာရီအန်း၏ စကားကို ပြန်တွေးလိုက်မိသည်။ မိဖုရားနှင့် ဆက်ဆံရေးက ယခင်ကနှင့် အတော်လေး ကွဲပြားသွားပြီဟု တွေးနေမိသူက သူတစ်ယောက်တည်းဖြစ်နေမလား မသိပေ။
ဆက်ဆံရေးကို ကောင်းမွန်အောင် ကြိုးစားရမည်ဆိုသောကိစ္စက သူ့အဖို့ အင်မတန် အစိမ်းသက်သက်ဖြစ်နေသောအရာပင်။ ယနေ့ထက်ထိ သူက ဘာမှမလုပ်လျှင်တောင် သူ့ပတ်ဝန်းကျင်တွင် လူများ အမြဲတမ်း အုံဖွဲ့နေတတ်သည်။
တစ်ခါမှ မလုပ်ဖူးသောအလုပ်ဖြစ်သဖြင့် ဘယ်ကစရမည်မှန်းလည်း မသိပေ။
"အလုပ်လုပ်နေတာလား။ အလုပ်တွေ အများကြီးလား။"
"များတယ်လို့ ပြောနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ အကြံပေးအရာရှိ ခန့်ရမှာမို့လို့ လျှောက်ထားတဲ့သူတွေကို ကြည့်ရှုစစ်ဆေးနေတာပါ။"
“အကြံပေးအရာရှိဆိုတော့ အရေးကြီးတာပေါ့။”
“ဘယ်သူကောင်းမလဲဆိုပြီး စဉ်းစားနေ...အာ၊ အရှင်မင်းကြီး။ တကယ်လို့ အဆင်ပြေမယ်ဆိုရင်လေ ကြည့်ရှုပြီး အကြံပြုပေးလို့ရမလားရှင့်။”
ခါဆယ်ရ် ခေါင်းညိတ်လိုက်သည်နှင့် ယူဂျင်းက စားပွဲပေါ်မှ စာရွက်စာတမ်းများကို အလျင်အမြန်ယူကာ သူ့ကို ကမ်းပေးလိုက်သည်။
သူက ခါဆယ်ရ်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ စာရွက်စာတမ်းများကို လှန်နေသည့် ခါဆယ်ရ်ကို ငေးကြည့်နေ၏။ တဒင်္ဂခံစားခဲ့ရသော စိတ်လှုပ်ရှားမှုက ပျောက်ကွယ်သွားသော်လည်း ယခုတော့ အခြားခံစားချက်ကြောင့် ရင်တွေခုန်နေသည်။
'အတူရှိရတာ သက်တောင့်သက်သာရှိတဲ့သူလို့ တစ်ခါမှ မတွေးဖူးပါဘူး' ဟူသော မာရီအန်း၏ စကားကို သတိရသွား၏။ ယူဂျင်း သူနှင့်အတူရှိနေစဉ် ခံစားရသော စိတ်လှုပ်ရှားမှုမှာ စိတ်မသက်မသာဖြစ်ခြင်းမျိုး မဟုတ်ပေ။
နန်းရင်းဝန်နှင့် တွေ့ဆုံခဲ့စဉ်ကလို သူ့ကို အထင်ကြီးစေရန် ပူပန်မိခြင်းမျိုး မရှိခဲ့။ ဆန့်ကျင်ဘက်အနေနှင့် အမှားအယွင်းအနည်းငယ်ရှိခဲ့လျှင်ပင် ခါဆယ်ရ့်ထံမှ အကူအညီရနိုင်လိမ့်မည်ဟူသော ယုံကြည်မှုမျိုးရှိနေ၏။
'အာ...'
ယူဂျင်းတစ်ယောက် သူ့စိတ်၏ တစ်ပိုင်းတစ်စကို သဘောပေါက်သွားတော့သည်။ ဤလူကို သူ ယုံကြည်နေမိ၏။ ကိုယ်တိုင်ပင်သတိမထားမိဘဲ မသိစိတ်ထဲမှ သူ့ကို အားကိုးနေမိခြင်းပင်။
“သိုလှောင်ရုံကို သွားတဲ့ကိစ္စရော အဆင်ပြေရဲ့လားရှင့်။ အစေ့ကွဲသွားတယ်ဆို။”
စာရွက်စာတမ်းများကို လှန်ကြည့်နေသည့် ခါဆယ်ရ်က ပေါ့ပေါ့ပါးပါး ရယ်ခဲ့သည်။
“အမေးမြန်လှချည်လား။”
ယူဂျင်း၏ မျက်နှာ နီမြန်းသွားတော့သည်။ ရက်ပိုင်းလောက်ကြာမှ တွေ့ရသူကို သာကြောင်းမာကြောင်း သတင်းမေးနှုတ်ဆက်ရန် မေ့သွားမိ၏။ အားနာမိသလို တစ်ချိန်တည်းမှာပင် ရှက်မိရသည်။
“ဧကန္တများဆိုတာ မသိနိုင်တဲ့ကိစ္စမို့လို့ သွားစစ်ကြည့်တာဆိုပေမဲ့ ထွေထွေထူးထူးကိစ္စမဟုတ်ဘူး။”
“ဒါပေမဲ့ ရက်ပိုင်းလောက်ကြာအောင် နေခဲ့တယ်မဟုတ်လားရှင့်။”
“အလုပ်ရှုပ်စရာကိစ္စ ရှိသွားလို့။ ပုံမှန် လာ့ခ်သာဆိုရင် ညနေစောင်းမှာ နေရာကိုအတည်ပြုပြီး မနက်ခင်းရောက်တာနဲ့ ရှင်းပစ်လိုက်လို့ရတာပေါ့။ ဒါပေမဲ့…”
အမှုထမ်း ကိုယ်ရေးအကျဉ်း စာရွက်စာတမ်းများကို လျင်မြန်စွာ ကြည့်ရှုနေသော ခါဆယ်ရ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ အကြံပေးအရာရှိလောင်း အယောက်နှစ်ဆယ်နီးပါးတွင် တစ်ဝက်လောက် ကျန်နေသေး၏။
“အကြံပေးအရာရှိကို ဘယ်နှစ်ယောက်ခန့်ဖို့ စဉ်းစားထားလဲ။”
“သုံးယောက်လောက်ပါ။”
သုံးယောက်။ သင့်တော်သော အရေအတွက်ပင်။ သို့သော် ခါဆယ်ရ်က 'သုံးယောက်တောင်လား' ဟု တီးတိုးရေရွတ်လိုက်မိ၏။
အကြံပေးအရာရှိဆိုသည်မှာ အမျိုးမျိုးသော လုပ်ငန်းဆောင်တာများကို ကူညီပေးမည့် ခြေလို၊ လက်လို လူများဖြစ်ကြသဖြင့် အချိန်အများကြီး အတူတူ ကုန်ဆုံးရပေမည်။ မိဖုရား အလုပ်နှင့် ရင်းနှီးကျွမ်းဝင်လာသည်အထိ အကြံပေးအရာရှိ၏ မျက်နှာကို တစ်နေကုန် မြင်နေရမည်သာ။
မိဖုရား၏ဘေးတွင် ငယ်ငယ်ရွယ်ရွယ် အမျိုးသားသုံးယောက်တောင်၊ နီးနီးကပ်ကပ်၊ တစ်နေကုန်။
အစားမကြေသလို ခါဆယ်ရ့်ရင်ထဲတွင် မအီမသာ ဖြစ်လာတော့၏။ မိဖုရားက မည်သူ့ကိုပင် အကြံပေးအရာရှိ ခန့်အပ်ပါစေ သူနှင့်ဆိုင်သည့်ကိစ္စမဟုတ်။ မကျေနပ်သော်လည်း အပြစ်ရှာစရာ အကြောင်းရင်းရှိမနေပေ။
“ဒီလျှောက်ထားတဲ့သူတွေကို ဘယ်သူက အကြံပြုထောက်ခံပေးတာလဲ။”
“အထိန်းတော်ချုပ်ပါ။ အရည်အချင်းရှိတဲ့ လူတွေကိုပဲ လျှောက်ထားသူအဖြစ် ထည့်ထားတယ်လို့ ပြောပေမဲ့ ပြဿနာရှိတဲ့သူများ ပါနေလို့လားရှင့်။”
“...ဟင့်အင်း။”
လျှောက်ထားသူများထဲတွင် ခါဆယ်ရ်သိသည့်လူ မရှိပေ။ ဘုရင်က သတိထားမိလောက်အောင် ထူးချွန်ကြသော ပညာရှင်များက လက်ရှိတွင် တာဝန်ထမ်းရွက်နေကြပေပြီ။
သူ အမှုထမ်းကိုယ်ရေးအကျဉ်းများကို ကြည့်သည့်အခါ ဆုံးဖြတ်သည့် အခြေခံကား ထိုလူ၏ အတွေ့အကြုံနှင့် မိသားစုနောက်ခံပင်။ အရည်အချင်းနည်းတူ မိသားစုမျိုးရိုးကလည်း အရေးကြီး၏။
မှူးမတ်မျိုးရိုးမှ ဆင်းသက်လာကြသူများက သာမန်ပြည်သူများထက် အရည်အချင်း ပိုရှိ၍မဟုတ်ဘဲ သူတို့၏ လူမှုဆက်ဆံရေးအသိုင်းအဝိုင်းမှတစ်ဆင့် သတင်းအချက်အလက်ရယူနိုင်သည့် စွမ်းရည်က ပိုကောင်းသောကြောင့်ပင်။ အချို့သောတာဝန်များအတွက် သတင်းအချက်အလက်ရယူနိုင်သည့် စွမ်းရည်က ပိုအရေးကြီးတတ်၏။
သို့သော် လက်ရှိတွင်မူ ခါဆယ်ရ်၏မျက်လုံးထဲ၌ ကျား၊မနှင့် အသက်မှလွဲ၍ ကျန်အချက်အလက်များကို မမြင်တော့ပေ။ အထိန်းတော်ချုပ်က ကိုယ်ရေးကိုယ်တာဆန္ဒမပါဘဲ အရည်အချင်းရှိသူကိုသာ အကြံပြုမည်ဟု ယုံကြည်နေသော်လည်း သူက အပြစ်ရှာနေမိ၏။
ယူဂျင်းက သူ့မျက်ခုံးပေါ်မှ တွန့်နေသော အမူအရာကို လိုက်ကြည့်နေမိသည်။ သူ့မျက်နှာထားအရ အမှုထမ်းကိုယ်ရေးအကျဉ်းတွင် ပြဿနာရှိနေသည့်ပုံပင်။ သို့သော် လက်ရှိတွင် အကြံပေးအရာရှိရွေးချယ်ရေးကိစ္စထက် ခါဆယ်ရ် စောစောက ပြောရင်းရပ်တန့်သွားသည့် စကားကို ပို၍စိတ်ဝင်စားနေမိ၏။
“ဒါပေမဲ့ ဘာဖြစ်လဲဟင်။ ဘယ်လို အလုပ်ရှုပ်စရာကိစ္စလဲ။”
“ဟင်။ အာ။ နေဝင်သွားလို့ ဝင်ကြည့်လိုက်တော့ လာ့ခ်ရဲ့ ခိုချီ ရှိမနေဘူး။ အဲ့ဒါကြောင့်...”
ခါဆယ်ရ်တစ်ယောက် လျှောက်ထားသူများထဲတွင် ရင်းနှီးနေသည့် နာမည်တစ်ခုကို တွေ့သွားတော့သည်။
'ရယ်မီ ဟာရီယိုတဲ့လား။ ဟာရီယို မြို့စားနဲ့ ဘယ်လိုပတ်သက်တာပါလိမ့်။'
ဟာရီယို မြို့စား၏ သားများမှာ အပျော်အပါးလိုက်စားသူများအဖြစ် သတင်းကြီးကြ၏။ သားငါးယောက်စလုံးက သူတို့မိခင်၏ အချောအလှဗီဇကို အမွေရထားကြသဖြင့် လူမှုရေးအသိုင်းအဝိုင်းထဲသို့ မဝင်ခင်ကတည်းကပင် ရုပ်ရည်ချောမောသည်ဟု သတင်းမွှေးကြပေသည်။
သူတို့ အရွယ်ရောက်ပြီးသည့်နောက်ပိုင်း ဟာရီယို မြို့စားအိမ်တော်တွင် အေးချမ်းသောနေ့ဟူ၍ တစ်နေ့ပင်မရှိရလောက်အောင် မိန်းမကိစ္စများဖြင့် အမြဲတမ်း ဆူညံပွက်လောရိုက်နေခဲ့၏။ လူမှုရေးလောကကို စိတ်မဝင်စားသည့် ခါဆယ်ရ်၏နားထဲသို့ပင် ရောက်လာသဖြင့် အထက်တန်းလွှာအသိုင်းအဝိုင်းတွင် မသိသူရှိမည်မဟုတ်ပေ။
“အရှင်မင်းကြီး။”
ဟာရီယိုဟူသော နာမည်ကို စိုက်ကြည့်နေသည့် ခါဆယ်ရ်လည်း အကြည့်ကို ပင့်လိုက်သည်။
“အဲ့ဒီထဲက ဘယ်သူ့ကိုဖြစ်ဖြစ် ရွေးပေးလို့ရတာမို့ ပြောနေတဲ့ စကားကိုပဲ ဆက်ပြောပြပေးပါ။ ခိုချီမရှိဘူးဆို။ အဲဒီတော့ ဘာဆက်ဖြစ်သွားလဲဟင်။”
ယူဂျင်း၏ မျက်နှာတွင် ကျိန်းသေပေါက် ဆက်ဆက်နားထောင်ရမည့် အကြောင်းအရာပဲဟူသော စိတ်ပိုင်းဖြတ်ချက်က အပြည့်ပင်။
ခါဆယ်ရ်က ခပ်တိုးတိုး ရယ်လိုက်ကာ စာရွက်စာတမ်းများကို ဆိုဖာပေါ် ချထားလိုက်ပြီး ကျောမှီကိုမှီ၍ ဇာတ်လမ်းကို အကျအန ပြောပြရန် ပြင်ဆင်လိုက်သည်။
“ဒါက သာမန်လာ့ခ် မဟုတ်ဘူးလို့ တွေးလိုက်တာပေါ့။ နေဝင်ပြီးနောက်မှာလည်း လှုပ်ရှားကြတဲ့ လာ့ခ်တွေရှိတော့...”
“မှော်ဝင်သားရဲ။”
ယူဂျင်းက တီးတိုးရေရွတ်လိုက်သည်။
“အမှန်ပဲ။ မှော်ဝင်သားရဲ။”
“အစေ့ကွဲပြီး ချက်ချင်း မှော်ဝင်သားရဲဖြစ်သွားတယ်ဆိုတော့ ပြီးခဲ့တဲ့ ခြောက်သွေ့ရာသီတုန်းက မှော်ဝင်သားရဲဖြစ်ခါနီး လာ့ခ်ဖြစ်တဲ့ပုံပါပဲ။”
“မှော်ဝင်သားရဲဖြစ်ခါနီး လာ့ခ်ပေါ့လေ။”
“ရုန်းကန်လှုပ်ရှားရတဲ့ ရာသီမှာ အတင်းအကျပ် ဖျက်ဆီးခြင်းမခံရတဲ့ လော့ခ်တွေက ခြောက်သွေ့ရာသီရောက်ရင် အစေ့ဖြစ်သွားကြတယ်လေ။ အဲ့ဒီလို အဆင့်ကို အကြိမ်အနည်းငယ် ဖြတ်သန်းပြီးသွားရင် တချို့လာ့ခ်တွေက မှော်ဝင်သားရဲအဖြစ် ပြောင်းသွားတတ်ကြပါတယ်။ အင်မတန်ရှားပါးတဲ့ ဖြစ်နိုင်ခြေကို…”
သူ့ကို စိတ်ဝင်တစားကြည့်နေသည့် ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံမိတော့ ယူဂျင်း၏ စကားသံများ တဖြည်းဖြည်း တိမ်ဝင်သွားသည်။
“ဆက်ပြောလေ။”
“ကျွန်မ... ထူးဆန်းတဲ့ စကားတွေ ပြောမိသွားတာလားဟင်။”
“စိတ်ဝင်စားစရာ ဗဟုသုတပဲ။ ဘယ်ကနေ ကြားဖူးထားတာလဲ။”
ယူဂျင်းက ကိုယ်သိသလောက် လာ့ခ်နှင့်ပတ်သက်သော အကြောင်းအရာများကို နည်းနည်းပါးပါး ပြောပြလိုက်စဉ် ခါဆယ်ရ်က မသိဘူးဟု ပြန်ပြောလာတော့ ပျာယာခတ်သွားရ၏။
“မ...မပြောတတ်ပါဘူး။ သေသေချာချာ မမှတ်မိတော့ဘူး...တစ်နေရာကနေ ကြားဖူးထားလို့ သိနေတာ ဖြစ်ပါလိမ့်မယ်။ ဒါဆို မှော်ဝင်သားရဲနဲ့ပတ်သက်ပြီး တစ်ခုခု သိထားတာများ ရှိလားဟင်။”
“အစေ့ကနေ မှော်ဝင်သားရဲဖြစ်တယ်၊ လာ့ခ်ကနေ မှော်ဝင်သားရဲအဖြစ် ပြောင်းလဲသွားတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အဖြေမထွက်သေးဘဲ ပညာရှင်တွေက ဆက်ပြီးငြင်းခုံနေကြတုန်း။ ဒီတစ်ခါ ငါ ရှာတွေ့ခဲ့တဲ့ မှော်ဝင်သားရဲက အရေးကြီးတဲ့ သက်သေအထောက်အထားတစ်ခု ဖြစ်လာမှာ။ အစေ့ကနေ မှော်ဝင်သားရဲ တန်းဖြစ်တယ်ဆိုတဲ့ အမြင်ကို ထောက်ခံပေးနိုင်မှာပေါ့။”
“ဒါဆို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိမှုလားဟင်။”
“ပထမဆုံးတော့ မဟုတ်ဘူး။ အစေ့ကနေ မှော်ဝင်သားရဲဖြစ်သွားတယ်ဆိုတဲ့ ရှေးဟောင်း မှတ်တမ်းတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ လာ့ခ်ကနေ မှော်ဝင်သားရဲအဖြစ် ပြောင်းလဲသွားတာကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးတဲ့လူ တစ်ယောက်မှမရှိလို့ အဲ့ဒီအမြင်အတွက်တော့ သက်သေအထောက်အထား မလုံလောက်ဘူးလေ။ ဒါပေမဲ့ မင်းပြောသလိုသာဆိုရင် တကယ်ကို အမြင်သစ်တစ်ခုပဲ။”
“အင်း... ကျွန်မကတော့ အဲ့ဒီပညာရှင်တွေကြားထဲဝင်ပြီး ငြင်းခုံဖို့ စိတ်ကူးမရှိပါဘူး။”
ခါဆယ်ရ်က ရယ်လိုက်သည်။
“အမြော်အမြင်ရှိတဲ့ အတွေးပဲ။ တခြားနေရာတွေမှာ လိုက်မပြောနဲ့ဦးနော်။ ဒါက တားမြစ်ထားတဲ့ အချက်အလက် ဖြစ်နေလောက်မလားမသိဘူး။”
“တားမြစ်ထားတဲ့ အချက်အလက်ဆိုတာက ဘာကိုပြောတာလဲရှင့်။”
“အဲ့ဒီအသုံးအနှုန်းကလည်း ပေါ်ပေါ်ထင်ထင် သုံးလို့ရတဲ့စကားမဟုတ်ဘူး...”
ခါဆယ်ရ်က သက်ပြင်းဖွဖွချပြီးသည့်နောက် ပြောခဲ့သည်။
“ငါတို့တွေ၊ ပြောချင်တာက ဆန်းဂျယ်နဲ့ အာနီခါတွေမပါဘဲ ကျန်တဲ့လူတွေက ဆန်းဂျယ်နဲ့ အာနီခါပဲ ဝင်ထွက်နိုင်တဲ့ လျှို့ဝှက်စာကြည့်တိုက်မှာ အင်မတန်ကို လျှို့ဝှက်တဲ့အရာတွေ ဖုံးကွယ်ထားတယ်လို့ ယုံကြည်ထားကြတယ်။ အဲ့ဒါကို တားမြစ်ထားတဲ့ အချက်အလက်လို့ ခေါ်တာ။ တချို့ဆို အဲ့ဒီစာကြည့်တိုက်မှာ ဒီကမ္ဘာကြီးရဲ့အဆုံးသတ်နဲ့ ပတ်သက်တဲ့ ရှေ့ဖြစ်ဟောကိန်းတွေတောင် ရှိတယ်ဆိုပြီး ပြောကြတာလေ။ တကယ်ပဲ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဲ့ဒီစာကြည့်တိုက်ထဲကို ငါတို့ ဝင်လို့မရတော့ သိခွင့်မရှိတဲ့ ဗဟုသုတကို ဆာလောင်တပ်မက်တယ်ပဲပြောရမလား။”
“အထွတ်အမြတ်မြို့တော်မှာ ဆန်းဂျယ်ရဲ့ ခွင့်ပြုချက်ရတဲ့သူတွေပဲ ဝင်လို့ရတဲ့ အထူးစာကြည့်တိုက်တစ်ခုရှိတယ်လို့ ကြားဖူးပါတယ်။ အဲ့ဒါလားရှင့်။”
“ဟုတ်တယ်။ ဒါပေမဲ့ ဆန်းဂျယ်က အာနီခါတွေကလွဲပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး။”
ခါဆယ်ရ်က “မတရားလိုက်တာ” ဟု ပြောနေသလို ယူဂျင်း၏ မျက်နှာထားကိုကြည့်ကာ ရယ်လိုက်သည်။ ဤကဲ့သို့ ထိလွယ်ရှလွယ် အကြောင်းအရာကို "အာနီခါ" ဖြစ်သည့် ယူဂျင်းအား ပြောပြနိုင်ခြင်းမှာ အံ့ဩစရာပင်။
မှတ်ဉာဏ်ပျောက်ဆုံးသွားခြင်းကြောင့် ဖြစ်သော်လည်း တစ်ခါတလေ အံ့ဩမိရသည်။ မှတ်ဉာဏ်ပျောက်ဆုံးပြီးနောက်တွင် လူတစ်ယောက်က ဤမျှအထိ ပြောင်းလဲနိုင်လေသလား။
“မင်းရဲ့ မှတ်ဉာဏ်ထဲမှာ အရင်းအမြစ် မသေချာတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ပြောဆိုတဲ့အခါ သတိထား။ အာနီခါဖြစ်နေတော့ မင်းပြောလိုက်တာနဲ့ အဓိပ္ပာယ်တွေ ထပ်ဖြည့်ပြီး စကားကိုဦးတည်ချက်လွဲအောင် လုပ်မဲ့သူတွေ အများကြီးပဲမို့လို့။”
“ဟုတ်ကဲ့၊ သတိထားပါ့မယ်။”
ယူဂျင်းလည်း ခေါင်းညိတ်လိုက်တယ်။ ရုတ်တရက် ဤကမ္ဘာကို ရောက်ရောက်ချင်း ဤလူနှင့်တွေ့ခဲ့ရ၍ တကယ် တော်ပါသေးရဲ့ဟု တွေးလိုက်မိ၏။
မှတ်ဉာဏ်ပျောက်ဆုံးသွားသော အခွင့်ထူးခံလူတစ်ယောက်ဆိုလျှင် မည်မျှအထိ အမြတ်ထုတ်၍ကောင်းလိုက်မလဲ။
ယူဂျင်းက မှတ်ဉာဏ်ပျောက်ဆုံးသလို ဟန်ဆောင်နေသော်လည်း တကယ်တမ်း မှတ်ဉာဏ်ပျောက်ဆုံးသွားသူတစ်ယောက်လိုပင် မသိသည့်အရာများ အများကြီးရှိ၏။ တစ်ယောက်ယောက်က သူ့ကို လိမ်ဖို့စီစဉ်ထားလျှင်လည်း ခံရမည်ပင်။
ခါဆယ်ရ်က ခင်ပွန်းဟူသော နေရာကို အသုံးချကာ ယူဂျင်းကို လိမ်ညာခဲ့ခြင်းမရှိသလို သြဇာလွှမ်းမိုးရန်လည်း မကြိုးစားခဲ့။ သူ့ကို တကယ့် လူကောင်းတစ်ယောက်ပါလားဟု တွေးမိလေလေ၊ ယူဂျင်းတစ်ယောက် အပြစ်ရှိသည်ဟု ခံစားရလေပင်။
ဒီအတိုင်း တစ်သက်လုံး မှတ်ဉာဏ်ပျောက်သွားသလို ဟန်ဆောင်ကာ ဂျင် အာနီခါအဖြစ် နေထိုင်သွားလျှင် အဆင်ပြေလောက်ပါ့မလား။
ဟင့်အင်း။ အပြစ်ရှိစိတ်ထက် လောဘစိတ်ဟုပြောခြင်းက ပို၍မှန်ကန်၏။ ဤလူ၏ မှတ်ဉာဏ်ထဲတွင် ဂျင် မဟုတ်ဘဲ ယူဂျင်းအဖြစ် မှတ်မိနေစေချင်သည်။
ယူဂျင်းက ခါးသီးစွာ ပြုံးလိုက်၏။
'ပြောပြလိုက်လို့ ရူးနေပြီဆိုပြီး အပြောမခံရရင်ကိုပဲ ကံကောင်းလှပြီဆိုပေမဲ့။'
“ဒါဆို အဲ့ဒီ နိုးလာတဲ့ မှော်ဝင်သားရဲကိုဖမ်းဖို့ အချိန်အကြာကြီး ယူခဲ့ရတာလားဟင်။ အဲ့ဒီ မှော်ဝင်သားရဲက အဲ့ဒီလောက်တောင် ဖမ်းရခက်တဲ့ မှော်ဝင်သားရဲမျိုးလားရှင့်။”
“တော်တော့်ကို ဉာဏ်များတဲ့ကောင်ပဲ။”
ခါဆယ်ရ်တစ်ယောက် ပြီးခဲ့သည့်ရက်ပိုင်းက အခက်အခဲများကို ပြန်တွေးမိကာ မျက်မှောင်ကြုတ်လိုက်သည်။
“အရင်ဆုံး အဆင့်အမြင့်ဆုံး အစေ့တွေရှိတဲ့ အခန်းဆီ သွားခဲ့တာပေါ့။ အဲ့ဒီမှာ ရှိလိမ့်မယ်လို့ ထင်ထားတာလေ။ ဒါပေမဲ့ ရှိမနေဘူး။ တံခါးတစ်ပေါက်ချင်းစီပိတ်ပြီး အခန်းစေ့ ရှာခဲ့ရတာ။”
မှော်ဝင်သားရဲများက ခြောက်သွေ့ရာသီတွင် အစေ့ကို စားသုံးကာ ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် လာ့ခ်၏ဗဟိုချက်ကို အစာအဖြစ် စားကြ၏။ သာမန်တိရစ္ဆာန်လို အသားစားလျှင်ပင် ရှင်သန်နိုင်ရေးအတွက် အစေ့ သို့မဟုတ် ဗဟိုချက်ကို ပုံမှန်စားရပေသည်။
'ဒါကြောင့် အာဘူကို ခေါ်မသွားတာကိုး။'
ယူဂျင်းက မှော်ဝင်သားရဲ၏ အစာကို အစေ့မှန်းသိသော်လည်း အစေ့သိုလှောင်ရုံနှင့် အာဘူကို ဆက်စပ်တွေးကြည့်နိုင်ခြင်းမရှိခဲ့။
“ဘာလို့ အဆင့်အမြင့်ဆုံး အခန်းကို သွားရတာလဲဟင်။”
“မှော်ဝင်သားရဲက အဆင့်အမြင့်ဆုံး အစေ့ကိုပဲ ပစ်မှတ်ထားတာမို့လို့လေ။”
“လာ့ခ်တွေမှာ အဆင့်ရှိသလို မှော်ဝင်သားရဲတွေမှာလည်း အဆင့်ရှိတယ်မဟုတ်လားရှင့်။ မှော်ဝင်သားရဲတွေက သူ့ထက် အဆင့်ပိုမြင့်တဲ့ အစေ့တွေကို မစားနိုင်ကြပါဘူး။”
သူ့မျက်နှာထားကိုကြည့်ပြီး ဤအချက်ကိုလည်း သူ မသိခဲ့မှန်း ယူဂျင်း သဘောပေါက်လိုက်သည်။
“အာဘူကတော့ ကြိုက်တာကို။”
“အဲ့ဒါကတော့ အာဘူက အင်အားကြီးတဲ့ မှော်ဝင်သားရဲကိုးရှင့်။”
ခါဆယ်ရ်က အလေးအနက်မျက်နှာထားနှင့် စဉ်းစားပြီး ပြောလာသည်။
“မင်းက ကိုယ့်အကြောင်းကိုယ်တော့ ဘာမှမမှတ်မိဘဲ မှော်ဝင်သားရဲနဲ့ပတ်သက်နေတာတွေကိုတော့ မှတ်မိနေတယ်ပေါ့လေ။”
“ဟုတ်...ဟုတ်ပါရဲ့။ နဂိုကတည်းက စိတ်ဝင်စားတဲ့အကြောင်းအရာ ဖြစ်ခဲ့တာထင်ပါတယ်။ အဲ့ဒီမှော်ဝင်သားရဲကို ဘယ်နေရာမှာ ဖမ်းမိခဲ့တာလဲဟင်။”
ယူဂျင်းတစ်ယောက် ဘာကိုဆင်ခြေပေးရပါ့မလဲဟု စိုးရိမ်နေမိ၏။ သို့သော် ခါဆယ်ရ်က ဆက်လက်မေးမြန်းခြင်း မရှိခဲ့။ ဒီအတိုင်း ခေါင်းညိတ်ကာ သူ့ဘာသာသူ ရေရွတ်ခဲ့သည်။
“အဝါရောင်အဆင့် အခန်းမှာ။ အဲ့ဒီကောင် နိုးလာတဲ့ အစေ့က အဝါရောင်အဆင့်ပဲ။ အဲ့ဒါကြောင့် အဲ့ဒီလိုကိုး။ အဲ့ဒီကောင်က လူကိုရှောင်ဖို့ ဉာဏ်သုံးခဲ့တာမျိုး မဟုတ်ဘူးပဲ။”
“နိုးလာတာ မကြာသေးတဲ့ မှော်ဝင်သားရဲက အဲ့ဒီလောက်အထိ ဉာဏ်မသုံးနိုင်ပါဘူး။”
~~~~
Miel's Translations