no

Font
Theme

အပိုင်း ၇၆

ယူဂျင်းက မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသော မျက်နှာဖုံးနှင့် တစ်ထပ်တည်းတူသည့် စာအုပ်ကို ရှာကြည့်လိုက်သည်။ တော်သေး၍ စားပွဲပေါ်တင်ထားသည့် စာအုပ်အနည်းငယ်ထဲတွင် ထိုစာအုပ် ပါနေ၏။ စာအုပ်ကို လှန်ကြည့်လိုက်တော့ ဖြတ်ထားသော စာမျက်နှာကို တွေ့လိုက်ရသည်။ ဓားသွားနှင့် အနည်းငယ်ကွေးကာ ဖြတ်တောက်ခံထားရသည့် အပိုင်းမှာ မှတ်ဉာဏ်ထဲကအတိုင်းပင်။

မှတ်ဉာဏ်ထဲတွင် ဂျင် ဖြတ်ယူသွားသော စာမျက်နှာပါ အကြောင်းအရာကို ပြန်တွေးကြည့်လိုက်သည်။ ဂျင် ဤစာအုပ်အား တစ်ခုချင်းစီ ဖတ်နေသည့် မှတ်ဉာဏ်ကို မြင်ခဲ့ရသော်လည်း စာမျက်နှာကို ဖြတ်သည့်အချိန်က တိုတောင်းလွန်း၍ ခဏလေး မြင်လိုက်ရရုံနှင့် အကြောင်းအရာများကို အသေးစိတ် မမှတ်မိနိုင်ခဲ့။

သို့သော် ထိုစာမျက်နှာတစ်ခုလုံးတွင် ဂျီဩမေတြီပုံသဏ္ဌာန်များနှင့် ပုံကြမ်းများသာ အပြည့်ရှိနေခဲ့သည်။ စာသားများကတော့ ယင်းတို့၏ အဓိပ္ပာယ်ကို ရှင်းပြထားသည့်အလား အပိုင်းလိုက် အကျဉ်းချုပ်လေးများသာ ရေးထား၏။

'ယဇ်ပူဇော်ပွဲအစီအရင်၊ လက်ခံသူ၊ ကြားခံ...'

ဂျင် ရေရွတ်လိုက်သည့် စကားများက နက်နဲလွန်းသည်။ ကျိန်းသေပေါက် အရေးကြီးသည့် အဓိပ္ပာယ်တစ်ခုခု ရှိရပေမည်။

'ဂျင် ဖြတ်ထုတ်သွားတဲ့ စာမျက်နှာနဲ့ ဆက်စပ်မှုရှိမှာပဲ။'

မှတ်ဉာဏ်ကို အသစ်တစ်ဖန် ပြန်မြင်လိုက်ရသဖြင့် ယူဂျင်း၏ ယူဆချက်က အမှန်တရား ဖြစ်လာ၏။ ဂျင်က ဝါသနာအရချည်းသာ ရှေးဟောင်းစာအုပ်များကို စုဆောင်းခဲ့ခြင်းမဟုတ်ပေ။ ရှေးဟောင်းစာအုပ်များမှ တစ်ခုခုကို ရှာဖွေရန်ဖြစ်ကာ သူရှာတွေ့သည့် အရာများကို ဖြတ်ထုတ်ပြီး သီးသန့် စုဆောင်းထားခြင်းပင်။

'ဖြတ်ထုတ်ထားတဲ့ စာမျက်နှာကို ဘယ်မှာထားခဲ့တာပါလိမ့်။'

ယူဂျင်းက စားပွဲပေါ်မှ ရှေးဟောင်းစာအုပ်များကို ဆက်ပြီး ရှာဖွေကြည့်ခဲ့သော်လည်း နောက်ထပ် မှတ်ဉာဏ်များကို မမြင်ရတော့။ သူက ရှေးဟောင်းစာအုပ်ခန်းထဲတွင် ဆက်လက်ရှာဖွေရန်တွေးလိုက်ရာမှ အခန်းငယ်လေးဆီသွားရာ ဝင်ပေါက်တွင် ရပ်တန့်လိုက်သည်။

'ဒီနေ့တော့ ဒီလောက်ပဲလုပ်ရအောင်။'

တစ်နေကုန် ဤနေရာတွင်သာ အောင်းနေ၍လည်း အချိန်ပေးရသည်နှင့်စာလျှင် ရရှိမည့်အရာက များများစားစားရှိမည်မဟုတ်။ မှတ်ဉာဏ်များက မပြည့်စုံသလို၊ သဲလွန်စဖြစ်နိုင်သော်လည်း ရှင်းလင်းချက်တော့ ပေါပေါများများပေးမည်မဟုတ်ပေ။

ထိုထက်စာလျှင် အချက်အလက်သေးသေးလေးများကို အခြေခံကာ အခြားနည်းလမ်းများသုံးပြီး စုံစမ်းစစ်ဆေးခြင်းက ပိုကောင်းပေသည်။

ယခု ယူဂျင်းက ဘာမှမသိဘဲ မဟာသို့ ရုတ်တရက်ရောက်လာခဲ့သည့် ထိုအချိန်က ယူဂျင်း မဟုတ်တော့။ ဤအတောအတွင်း အများကြီး ရခဲ့ပြီးပေပြီ။

ငွေနှင့် အာဏာဟူသော အကောင်းဆုံးနည်းလမ်းများလည်းရှိ၏။ မာရီအန်းအပေါ်ထားသည့် ယုံကြည်မှုကလည်း ယခင်ကထက်ပိုပြီး ခိုင်မာလာပေပြီ။ ရဲတိုက်ကို ထိခိုက်စေမည့်ကိစ္စမဟုတ်လျှင် မာရီအန်းက သစ္စာစောင့်သိသော အကူအညီပေးသူအနေနှင့် စိတ်ရောကိုယ်ပါနှစ်ပြီး ကူညီပေးမည်သာ။

ယူဂျင်းလည်း စာကြည့်ခန်းမှ ထွက်လာခဲ့လိုက်သည်။ ယနေ့လည်း စာကြည့်ခန်းရှေ့တွင် မြဲမြံစွာ ရပ်နေသည့် ရဲတိုက်အစောင့်က သူ့ကိုကျော်ပြီး ဖြတ်သွားတော့ ဦးညွှတ်အရိုအသေပေးလေ၏။

'ကိစ္စအားလုံး ပြီးသွားရင်တော့ ဒီစာကြည့်ခန်းကို ရှင်းပစ်ရမယ်။'

ယူဂျင်းက ဂျင်၏ ခြေရာလက်ရာအားလုံးကို ဖျောက်ဖျက်ပစ်ချင်နေသည်။ ထိုသို့လုပ်နေသော သူက ပြီးပြည့်စုံသည့် ရာဇဝတ်မှုကို ကြံစည်နေသော လူဆိုးတစ်ယောက်လိုပင်။ သို့သော် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသည်ဟုပင် မခံစားရသဖြင့် မချိုပြုံး ပြုံးလိုက်မိ၏။

'တကယ်တော့ ဂျင်က ငါ့အပေါ် ဘာမှလုပ်ခဲ့တာမဟုတ်ဘူးလေ။'

တကယ်ဆို ဂျင်၏ခန္ဓာကိုယ်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အပိုင်စီးထားသော မိမိကသာ ဂျင်ကို တောင်းပန်ရပေမည်။ သို့ရာတွင် သူကိုယ်တိုင်ပင် သတိမထားမိဘဲ ဂျင်အပေါ် ရန်လိုစိတ် ခံစားမိသည့်အခါတိုင်း စိတ်ထဲတွင် တစ်မျိုးဖြစ်ရ၏။

'ယဇ်ပူဇော်ပွဲအစီအရင်...'

ဖြတ်ထုတ်ထားသော စာမျက်နှာပေါ်တွင် ရေးဆွဲထားသည့် အဓိပ္ပာယ်မသိရသော ပုံသဏ္ဌာန်များက ဂျင် ရေရွတ်သွားသည့် စကားလုံးများထဲမှ 'ယဇ်ပူဇော်ပွဲအစီအရင်' နှင့် သက်ဆိုင်နေသည့်ပုံပင်။

ယူဂျင်း နေထိုင်ခဲ့ရာ ကမ္ဘာမြေပေါ်တွင်လည်း ထိုသို့သောအရာများရှိ၏။ အောက်လမ်းပညာတို့၊ နတ်ဆိုးခေါ်ယူခြင်းပညာတို့ အစရှိသဖြင့်။

အများစုက ဤအရာများကို အဓိပ္ပာယ်မရှိသော ယုံတမ်းစကားများဟု သဘောထားကြသော်လည်း ဘာသာရေးက ကမ္ဘာကြီးကို လွှမ်းမိုးထားသည့် အလယ်ခေတ်တွင်တော့ ကျိန်းသေပေါက် ဤအရာများကို စိတ်ရင်းအမှန်နှင့် ယုံကြည်ကာ မှီခိုကြသူများ အများအပြားရှိပေလိမ့်မည်။

ထို့အပြင် သိပ္ပံပညာလွှမ်းမိုးသည့် ကမ္ဘာမြေလိုမဟုတ်ဘဲ မဟာကမူ လက်တွေ့မကျသော ဖြစ်ရပ်များ တကယ် ဖြစ်ပျက်နေသည့် ကမ္ဘာတစ်ခုပင်။

'မာရာဆင့်ခေါ်တာနဲ့ ဆက်စပ်မှုရှိနေမလား။'

အကယ်၍ ထိုသို့ဆိုလျှင်တော့ ရှေ့နောက်မညီပေ။ ရိုဒရစ်ဂ်က အရေးကြီးသည့် အခမ်းအနားမလုပ်မီ ဂျင်က အဆက်အသွယ်ဖြတ်ခဲ့သည်ဟုဆို၏။ ဂျင်က ဘာကြောင့် ကန္တာရထဲသို့ သွားခဲ့မှန်းလည်း မသိသည့်ပုံပင်။ မာရာကို ဆင့်ခေါ်မည်ဆိုလျှင် အထွတ်အမြတ်ဘုန်းတော်ကြီးက သူ၏ဝိညာဉ်ကို ပေး၍ပင် ကူညီမည်ဖြစ်၍ လျှို့ဝှက်ထားစရာအကြောင်းမရှိပေ။

ဂျင်အနေနှင့် ရှေးဟောင်းစာအုပ်များ စုဆောင်းခြင်းကဲ့သို့သော ကိစ္စများကို လုပ်နေစရာမလိုဘဲ ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ အကူအညီကိုယူခြင်းက ပို၍အကောင်းဆုံးဖြစ်ပေမည်။ မသိကြသူများလည်းမဟုတ်ဘဲ သူတော်စင်အရှင်မဟူသော တခမ်းတနား နာမည်ကိုပင် ရထားပြီးပေပြီ။

အတွေးထဲနစ်မျောကာ လျှောက်လာတော့ အမြဲသွားနေကျလမ်းအတိုင်း ခန္ဓာကိုယ်က ရွေ့လျားသွား၏။ စာကြည့်ခန်းသို့သွားသည့်အခါ မည်မျှကြာမည်မှန်း မသိသဖြင့် ရံရွေတော်ခေါ်မလာခဲ့။

ပေါ့ပေါ့ပါးပါး တစ်ကိုယ်တည်း လျှောက်လာရင်း စင်္ကြံနားရောက်တော့ တစ်ယောက်တည်း လမ်းလျှောက်ချင်တယ်ဟူသော ဆင်ခြေဖြင့် အာဘူနှင့် ဆော့ကစားခဲ့သော အမှတ်တရကို သတိရသွားတော့သည်။

'အဲဒီနေ့နောက်ပိုင်း အာဘူကို မတွေ့ရတော့ဘူးပဲ။'

ကျေးဇူးတင်စကားပင် ကောင်းကောင်းမပြောလိုက်ရ။ ထိုနေ့က အာဘူသာမရှိခဲ့လျှင် မြင်းပေါ်မှပြုတ်ကျကာ အပြင်းအထန် ဒဏ်ရာရမည်မှာ ကျိန်းသေ၏။

ယူဂျင်းက အာဘူနှင့် အမြဲတွေ့နေကျနေရာသို့ ထွက်လာခဲ့သည်။ အချိန်ကလည်း အမြဲတွေ့နေကျအချိန်နှင့် သိပ်မကွာပေ။ သူက အာဘူ အမြဲတမ်း ပြေးလာတတ်သည့်အရပ်ကိုကြည့်ရင်း အာဘူကို ခေါ်လိုက်သည်။ ခဏလောက် စောင့်ကြည့်သော်လည်း ကျားသစ်နက်လေးက ပေါ်မလာခဲ့ပေ။

"အာဘူ။"

ယူဂျင်းက တစ်ခါထပ်၍ ခေါ်လိုက်သည်။ သို့သော် အာဘူကိုတော့ ယခုအထိ မမြင်ရသေး။ သို့ရာတွင် ယူဂျင်းက နောက်လှည့်မသွားဘဲ စောင့်နေခဲ့သည်။ အနီးအနားတွင် အာဘူ ရှိနေသည်မှာ သေချာပါလျက်နှင့် ဘာကြောင့် ပုန်းနေပြီး ပေါ်မလာရသလဲဟု အံ့သြနေမိ၏။

မှော်ဝင်သားရဲက လာ့ခ် မျိုးစိတ်တစ်ခုဖြစ်ကာ ယူဂျင်းက လာ့ခ်တို့၏ ထူးခြားသော အငွေ့အသက်ကို အာရုံခံနိုင်သည်။ ယခင်ကလည်း ခံစားဖူးသော်ငြား ဟုတ်ရဲ့လားဟု သံသယဖြစ်ရလောက်အောင် မသိမသာလေးဖြစ်ခဲ့၏။

သို့ရာတွင် သတိရှိသောအိပ်မက်မက်ကာ ရာမီတာကို အသုံးပြုပြီးသည့်နောက်ပိုင်းတွင် သူ၏ အာရုံခံစနစ်က ပို၍ထက်မြက်လာသည့်ပုံပင်။ လာ့ခ်များ ထုတ်လွှတ်တတ်သော သာမန်နှင့်ကွဲပြားသည့်ခံစားချက်ကို ပို၍ပြင်းထန်စွာ ခံစားရ၏။

"အာဘူ။ ထွက်မလာရင် ဒီအတိုင်း သွားလိုက်တော့မှာနော်။"

ခဏအကြာတွင် ဥယျာဉ်ခြံစည်းရိုးအောက်ရှိ ချုံပုတ်ထဲမှ ကျားသစ်နက်လေးက ကိုယ်လေးကျုံ့ကာ တွားသွားပြီး ထွက်လာသည်။ အားမာန်အပြည့်နှင့် ပေါ့ပေါ့ပါးပါး ပြေးလာတတ်သော ယခင်ကပုံစံနှင့် လုံးဝမတူတော့ပေ။

ကျားသစ်နက်လေး၏ နားရွက်များက ဦးခေါင်းနောက်ဘက်တွင် ပြားကပ်နေကာ ပခုံးလေးများကလည်း ကိုင်းကျနေသည်။ အင်မတန် ရွံ့ရွံ့ကုပ်ကုပ်လေးဖြစ်နေသည့်ပုံစံက သနားစရာကောင်းလွန်းလှ၏။

အိမ်တစ်လုံးစာလောက်ရှိသော ဧရာမ ကြွက်ကြီးနှင့် တိုက်ခိုက်ခဲ့သည့် ပုံရိပ်ကို ယခုထိ စိတ်ထဲတွင် စွဲမြဲမြင်ယောင်နေမိဆဲပင်။ ထိုစဉ်က ဝင့်ကြွားပလွှားသောဟန်ပန်ကို လုံးဝ ရှာမတွေ့တော့။

အင်မတန်ချစ်ဖို့ကောင်းလှ၍ ချက်ချင်းပွေ့ဖက်ကာ နူးညံ့သည့် သားမွေးလေးများပေါ်တွင် မျက်နှာကို ပွတ်သပ်လိုက်ချင်သည်။ သို့သော် ယူဂျင်းက ထွက်လုထွက်ခင် ရယ်သံကို အတင်းဖိနှိပ်မျိုသိပ်ထားလိုက်၏။

ဘာကြောင့် ဤသို့ဖြစ်နေမှန်း အကြောင်းရင်းကို မသိရသော်လည်း ယခု အာဘူက စိတ်ရင်းနှင့် အလေးအနက်ရှိချိန်ဖြစ်သည်။ ရယ်လိုက်လျှင် သူ စိတ်ထိခိုက်သွားမည်ကို စိုးရိမ်မိ၏။

"အာဘူ။ ဘာဖြစ်လို့လဲဟင်။ ငါ့ကို စိတ်ဆိုးနေတာလား။"

အာဘူက မြေပြင်ပေါ်တွင် ပြားနေအောင် ဝပ်ချလိုက်ကာ အမြီးလေးကိုသာ ယမ်းပြခဲ့သည်။ မဟုတ်ဘူးဟု ပြောနေသည့်ပုံပင်။

"အဲ့ဒီနေ့ကအတွက် ကျေးဇူးပဲနော်။ ကျေးဇူးတင်စကားပြောတာ တအားနောက်ကျသွားတယ်မဟုတ်လား။ အဲ့ဒါကြောင့် စိတ်ကောက်နေတာလားဟင်။"

အာဘူက အမြီးလေးကိုသာ ဆက်၍ယမ်းပြနေသည်။

"ဟမ်း...ပြဿနာက ဘာပါလိမ့်။ အကြောင်းရင်းကို မသိတော့ဘူး။"

ယူဂျင်းက အာဘူဆီသို့ ချဉ်းကပ်သွားလိုက်သည်။ ထွက်ပြေးသွားမည်စိုး၍ ဖြည်းဖြည်းချင်းသွားခဲ့၏။ ယူဂျင်း သူ့ရှေ့တည့်တည့်သို့ ရောက်လာချိန်မှာပင် အာဘူက တုတ်တုတ်မလှုပ်ခဲ့ပေ။ ယူဂျင်းလည်း လက်နှစ်ဖက်ကို အောက်ချကာ ကျားသစ်နက်လေးကို ပွေ့ချီလိုက်သည်။

"အာဘူ။ ဘာမှမဖြစ်ဘူး။"

ယူဂျင်းက ကလေးတစ်ယောက်ကို ချော့နေသလို အာဘူကို ရင်ခွင်ထဲတွင် ပွေ့ဖက်ကာ ပုတ်ပေးခဲ့သည်။ 'ဂရူး' ဟုအသံပေးရင်း ရင်ခွင်ထဲသို့တိုးဝင်ကာ ပွတ်သီးပွတ်သပ်လုပ်နေသော သားရဲငယ်လေးက ယူဂျင်း၏ နှစ်သိမ့်မှုကြောင့် မကြာခင်မှာပင် အားပြန်တက်လာတော့၏။ ခေါင်းနောက်တွင် ပြားကပ်နေသော နားရွက်လေးများကလည်း ယုံကြည်မှုအပြည့်နှင့် အပေါ်သို့ ပြန်ထောင်သွားသည်။

အာဘူက ထို့နေ့က သူ ပစ်ပေါက်လိုက်သည့်ကြွက် ယူဂျင်းအနားသို့ ပျံသွားချိန်တွင် ယူဂျင်း၏မျက်နှာ ဖြူဖျော့သွားပြီး အော်ဟစ်ခဲ့သည့်ပုံစံကို မြင်လိုက်ရကာ ထိတ်လန့်နေခြင်းပင်။

ထိုအဖြစ်ကြောင့် ယူဂျင်း သူ့အား မုန်းသွားမည်ကို ကြောက်နေမိ၏။ မြင်းပေါ်မှပြုတ်ကျသွားသော ယူဂျင်းကို ကူညီပေးခဲ့သည့်အတွက် သခင့်ထံမှ ချီးကျူးစကား ကြားခဲ့ရသော်လည်း လုံးဝ မပျော်မိပေ။

လူသားမိန်းမက ယခင်အတိုင်း ပွေ့ဖက်ပြီး ရင်းနှီးစွာ ဆက်ဆံပေးသောအခါ အာဘူ၏ စိတ်သည်လည်း အမြင့်ဆုံးသို့ ရောက်သွားလေသည်။ ဝမ်းသာအားရဖြင့် ယူဂျင်း၏ခြေရင်းတွင် လှဲချကာ ချစ်စဖွယ် အပြုအမူလေးများ လုပ်ပြတော့၏။ စကားတော့ မပြောနိုင်သော်လည်း နောက်တစ်ခါ ကြွက်ကို လုံးဝ ပစ်မပေါက်တော့ပါဘူးဟူသော ကတိကို မျက်လုံးများဖြင့် ဖော်ပြခဲ့သည်။

'ချစ်စရာကောင်းတဲ့ ကောင်လေး။'

ယူဂျင်းလည်း ပြုံးလိုက်ရင်း ငုတ်တုတ်ထိုင်ချကာ လက်ဖျားလေးများဖြင့် အာဘူ၏ မေးစေ့အောက်ကို ပွတ်သပ်ပေးခဲ့သည်။

'အာဘူ ငါ့အပေါ်မှာ ကောင်းပေးနေတာက ရာမီတာကြောင့်လား။'

အာဘူက ဂျင်အပေါ် စိတ်ဝင်စားမှု မပြခဲ့ဘူးဟုဆို၏။ ဂျင်က အာနီခါတစ်ယောက်ပင်။ မွေးရာပါ စွမ်းရည် အားမကောင်းဘူးဟု ယူဆလျှင်ပင် ရာမီတာကတော့ ရှိနေမည်သာ။

အာဘူက ရာမီတာတိုင်းကို အလိုအလျောက် တုံ့ပြန်ခြင်းမဟုတ်ဘဲ စွမ်းအားကြီးသည့် ရာမီတာကြောင့်သာ ဆွဲဆောင်ခံရခြင်းဖြစ်နိုင်၏။ ဝတ္ထုထဲက ဖလော်ရာ၏ ပတ်ဝန်းကျင်သို့ လာ့ခ်များ အုပ်လိုက်ကြီး စုပြုံရောက်ရှိလာသကဲ့သို့။

'ရာမီတာက တကယ်ပဲ ဘယ်လို အစွမ်းမျိုးလဲ။'

လာ့ခ်ကို သစ်ပင်အဖြစ် ပြောင်းလဲလိုက်ခြင်းက မည်သို့သောအဓိပ္ပာယ်မှန်း မသိပေ။

'အဲ့ဒါက ဒီအတိုင်း သာမန်သစ်ပင်ပဲကို။'

မနေ့က မြင်ခဲ့ရသည့် သစ်ပင်က ရိုးရိုးသာမန်ပင်။ လာ့ခ်က လုံးဝ မျိုးစိတ်မတူသော သစ်ပင်အဖြစ် ပြောင်းလဲသွားခြင်းမှာ လာ့ခ် ပျက်စီးသွားပြီး သစ်ပင်က မွေးဖွားလာသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်၏။

ပျက်စီးခြင်းကား သေဆုံးခြင်းပင်။ သစ်ပင်အဖြစ် ပြောင်းလဲသွားခြင်းက လာ့ခ်၏ သေဆုံးခြင်းဆိုလျှင် လာ့ခ်များက အာနီခါကို ရန်သူအဖြစ်သဘောထား​ခြင်းသော်လည်းကောင်း၊ ရှောင်ပြေးခြင်းသော်လည်းကောင်း လုပ်မှသာ ဆီလျော်ပေမည်။ သို့သော် လာ့ခ်များက အာနီခါကို ထိခိုက်အောင်မလုပ်ရုံသာမက ဘာကြောင့် စုပြုံလာရခြင်းဖြစ်မည်နည်း။

ဖောင်း...

အချက်ပြမီးရှူး ပစ်ဖောက်သံကြောင့် ယူဂျင်း ချက်ချင်းပင် မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် အဝါရောင်မီးခိုးငွေ့များ ပျံ့နှံ့သွား၏။ ယူဂျင်းလည်း သက်ပြင်းချကာ စိတ်သက်သာရာရသွားတော့သည်။ အဖြစ်အပျက်များစွာ ကြုံခဲ့ရသဖြင့် ယခုတော့ အဝါရောင် မီးရှူးလောက်က အရေးမကြီးတော့ပေ။

လဲလျောင်းနေရင်း ရှေ့ခြေထောက်လေးများနှင့် ယူဂျင်း၏လက်ကို ထိုးဆွကစားနေသော အာဘူက ဆတ်ခနဲ ထလိုက်သည်။ ခေါင်းကိုလှည့်ကာ နားရွက်များကို ထောင်လိုက်ပြီးသည်နှင့် ချက်ချင်းပင် ပြေးသွားတော့၏။ ပြေးသွားနေစဉ် ကျားသစ်နက်လေး၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုကြီးလာတော့သည်။

'သခင်က ခေါ်လိုက်တာကိုး။'

ယူဂျင်းက ဂုဏ်ယူသည့် မျက်လုံးများဖြင့် ဝေးကွာသွားသော အာဘူ၏ ကျောပြင်ကို ကြည့်နေခဲ့သည်။ 'သားရဲလေးက အံ့ဩစရာပဲ' ဟု တွေးလိုက်ရာမှ ရယ်လိုက်မိ၏။

'သားရဲလေးတဲ့လား။ ငါ့ထက်တောင် အသက်ကြီးဦးမှာကို။'

အာဘူ၏အသက်က အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ရှိလောက်ပေမည်။

အတွေ့အကြုံနည်းပါးသော မှော်ဝင်သားရဲများမှာ အများအားဖြင့် နုံအတတ်ကြ၏။ သို့သော် အာဘူကတော့ ဉာဏ်ကောင်းရုံတင်မကဘဲ လိမ္မာပါးနပ်သည့် အစိတ်အပိုင်းလည်း ရှိနေပေသည်။

ထို့အပြင် သူက လူသားတို့၏ စည်းကမ်းနည်းလမ်းများကို ကျွမ်းကျင်စွာ လေ့လာသင်ယူတတ်မြောက်ထား၏။ မရဏဘုရင်ကို လုံးဝနာခံသော်လည်း အခြားလူသားများကိုတော့ အထင်သေးတတ်သည်ဟု ကြားဖူးထားသည်။ ဤသည်မှာ အာဏာ၏ အဆင့်အတန်းအနိမ့်အမြင့်ကို နားလည်သည်ဟူသောသဘောပင်။

ယူဂျင်းက ကျားသစ်ငယ်လေး၏ ပုံစံကိုသာ အမြဲမြင်နေရသဖြင့် အာဘူကို ငယ်သည်ဟု အထင်မှားမိခဲ့ခြင်းဖြစ်ပေသည်။ မသိစိတ်မှ မြင်သည့်အတိုင်း ဆုံးဖြတ်မိသည်ကိုတော့ ဘယ်လိုမှမတတ်နိုင်ပေ။

~~~~

ယူဂျင်း ရဲတိုက်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ရံရွေတော်က ချဉ်းကပ်လာကာ လျှောက်တင်လေ၏။

"အရှင်မိဖုရား။ အကြံပေးအမှုထမ်းတွေ အခစားဝင်ကြပါတယ်။ ရုံးခန်းရဲ့ ဧည့်ခန်းမှာ စောင့်နေကြပါတယ်ရှင့်။"

"ကောင်းပြီ။"

ယူဂျင်းတစ်ယောက် ယနေ့မနက်က ဘုရင်မင်းမြတ် အကြံပြုထောက်ခံခဲ့သည့် အကြံပေးပုဂ္ဂိုလ်သုံးဦးနှင့် ပတ်သက်သော အပိုဆောင်း အချက်အလက်များကို မာရီအန်းထံမှ ကြားခဲ့ရ၏။ နက်နက်နဲနဲ နောက်ကြောင်းလိုက် စုံစမ်း​ခြင်းမျိုးမဟုတ်၍ အချိန်သိပ်မကြာခဲ့ပေ။

သူတို့ သုံးဦးစလုံး၏ ဂုဏ်သတင်းက အဆင်ပြေကာ စိတ်ပူစရာကိစ္စလည်း ထွေထွေထူးထူးမရှိခဲ့။ ထို့ကြောင့် သူတို့ကို ချက်ချင်း အကြံပေးအရာရှိအဖြစ် ခန့်အပ်မည့်အကြောင်း အထိန်းတော်ချုပ်ထံ အကြောင်းကြားခဲ့သည်။

ယူဂျင်း ရုံးခန်းဆီသို့ သွားလိုက်၏။ ရုံးခန်းနှင့် ဆက်နေသည့် ဧည့်ခန်းတွင် တောင့်တင်းနေသော မျက်နှာများနှင့် လူသုံးဦး စောင့်နေသည်။ အမှုထမ်းကိုယ်ရေးအကျဉ်းကို အပြည့်အစုံ ဖြည့်စွက်နိုင်လောက်အောင် အတွေ့အကြုံရှိသူများပင်ဖြစ်လင့်ကစား အလုပ်ဝင်ခါစ ဝန်ထမ်းအသစ်လေးများလို အင်မတန် စိုးရိမ်ပူပန်နေကြ၏။ သူတို့က တစ်ပြိုင်တည်း ဂါရဝပြုကြလေသည်။

"အရှင်မိဖုရားကို ဂါရဝပြုပါတယ်။"

"တွေ့ရတာဝမ်းသာတယ်။ တစ်ယောက်ချင်းစီ နာမည်လေးတွေ မိတ်ဆက်ကြပါဦး။"

စင်ဒီ၊ ရယ်ဂျီနာ၊ ဆန်ဒရာ။

ယူဂျင်းက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့ကြသည့် လူသုံးဦး၏ မျက်နှာကို နာမည်များနှင့်တွဲကာ သေချာမှတ်သားထားလိုက်သည်။ သုံးယောက်စလုံးက ကိုယ်ပိုင်ဆွဲဆောင်မှုရှိသော ရုပ်ရည်မျိုးဖြစ်၍ ရောသွားစရာရှိလောက်မည်မဟုတ်ပေ။

"ကြိုပြောပြီးသားဆိုပေမဲ့ မယ်မင်းတို့ကို အလုပ်သင်ပေးမဲ့ ဝန်ထမ်းဟောင်းမရှိဘူး။ မယ်မင်းတို့က အခုမှစရမှာ။ စနစ်လည်းမရှိသေးသလို ဘယ်လိုအလုပ်မျိုးတွေ လုပ်ရမယ်ဆိုတာကိုလည်း သေချာမပြောနိုင်သေးဘူး။ ထင်ထားတာထက် အလုပ်က ပိုလွယ်ချင်လည်းလွယ်မယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ထင်မှတ်မထားတဲ့ အခက်အခဲမျိုးစုံလည်း အများကြီး ရှိလာနိုင်တာပဲ။ မယ်မင်းတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ယုံယုံကြည်ကြည်နဲ့ ဖေးမကူညီပြီး ငါ့ကို ပံ့ပိုးပေးသွားစေချင်တယ်။ သင့်တော်တဲ့ ပြိုင်ဆိုင်မှုက ကောင်းပေမဲ့ မလိုမုန်းထားစိတ်နဲ့ ပြဿနာတွေဖန်တီးရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်ဆိုတာကို မှတ်ထားကြ။"

ယူဂျင်းက တမင် ခပ်ပြတ်ပြတ်ပြောပြီး အေးစက်သည့် အငွေ့အသက်ကို ဖန်တီးခဲ့သည်။ အကြံပေးအရာရှိများကို ခြောက်လှန့်ရန်၊ အာဏာပြနှိပ်ကွပ်ရန် ရည်ရွယ်ခြင်းမဟုတ်။

သဘောကောင်းပြီး အရောတဝင် ဆက်ဆံ၍ရသော အထက်လူကြီးအဖြစ် မြင်ခြင်းထက်စာလျှင် ချဉ်းကပ်ရခက်၊ နားလည်ရခက်ပြီး နှစ်လိုဖွယ်မရှိသူအဖြစ် ဟန်ဆောင်ခြင်းက ပိုကောင်းသည်ဟု ယူဆ၏။ အကြံပေးအရာရှိများ၏ အမြင်တွင် သူက ငယ်ငယ်ကတည်းက တယုတယပျိုးထောင်ခံခဲ့ရသဖြင့် လောကဓံအကြောင်း ဘာမှမသိသော အမျိုးသမီးငယ်တစ်ယောက် ဖြစ်နေမည်ဖြစ်သောကြောင့်ပင်။

"စိတ်ထဲမှာ မှတ်ထားပြီး လိုက်နာပါ့မယ်၊ အရှင်မိဖုရား။"

"စိုးရိမ်ပူပန်စရာကိစ္စမရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။"

"အရှင်မိဖုရားရဲ့ဘေးမှာ အလုပ်လုပ်ခွင့်ရတာ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။"

အခိုင်အမာ သန္နိဋ္ဌာန်ချသလို ပြောနေကြသော အကြံပေးများ၏ တုံ့ပြန်မှုက ယူဂျင်း မျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေသည်။ သူတို့၏ တောက်ပသော မျက်လုံးများတွင် ယူဂျင်းအပေါ်ထားသော ရိုသေလေးစားမှုများ အပြည့်ပါနေသည်ကို မြင်နေရ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment