အပိုင်း ၈၇
ထိုလူနှင့်အတူ ထွက်သွားသည့် မာရီအန်းက ခဏနေမှ ပြန်ရောက်လာသည်။ မာရီအန်းက သူ့အား ကျောပေးရပ်နေသည့် ယူဂျင်းထံသို့ လျှောက်သွားလိုက်၏။ ယူဂျင်းက ပြတင်းပေါက်နားမှ စင်ကလေးပေါ်တွင် တင်ထားသော လှောင်အိမ်ရှေ့၌ ရပ်နေလေသည်။ လှောင်အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် တံခါးဝတွင် စောင့်နေသည့် အသေးလေးက မြားတစ်စင်းအလား အပြေးထွက်လာကာ ယူဂျင်း၏ လက်ဖမိုးမှတစ်ဆင့် လက်မောင်းပေါ်တက်ပြီး ပခုံးပေါ်သို့ ရောက်သွား၏။
“အရှင်မိဖုရား။ တခြား စကားဝိဇ္ဇာတွေကိုလည်း ရှာဖွေနေဆဲပါပဲ။ နေရာအတည်တကျမရှိဘဲ လှည့်လည်သွားလာနေတဲ့သူတွေဆိုတော့ သူတို့ရဲ့သတင်းအစအနကို သိရဖို့ အချိန်ယူရမှာပါ။”
ယူဂျင်းက မာရီအန်းဘက်သို့ လှည့်လိုက်သည်။
“စောစောကလူကိုလည်း မာရီအန်းပဲ သေသေချာချာ စုံစမ်းပြီး ရှာတွေ့ခဲ့တာလေ။ အဲ့ဒီပုဂ္ဂိုလ်က ဒီနယ်ပယ်မှာ နာမည်အကြီးဆုံးဖြစ်မယ်ထင်တယ်။”
“သောင်းပြောင်းထွေလာ ရှေးခေတ်ကအကြောင်းအရာတွေ၊ ထူးဆန်းတဲ့ ကောလာဟလတွေကို အများကြီးသိတဲ့သူလို့ ပြောပါတယ်။”
“သူ့အဘွားနဲ့ တွေ့ကြည့်ပြီးရင်တော့ ကျွန်မတွေ့ချင်တဲ့ လူအမျိုးအစားက ပြောင်းသွားမလားမသိဘူးရှင့်။ အဲ့ဒါကြောင့် စကားဝိဇ္ဇာတွေကို စုံစမ်းနေတယ်ဆိုပေမဲ့လည်း အဲ့ဒီအလုပ်မှာပဲ စိတ်မနှစ်ထားပါနဲ့။”
"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။"
ယူဂျင်းက လက်ဖမိုးကိုမှောက်ပြီး ဘယ်ဘက်လက်ကို ရင်ဘတ်အထိမြင့်အောင် မြှောက်တင်လိုက်သည်။ ပခုံးပေါ်မှ အသေးလေးက ချက်ချင်းပင် လက်မောင်းပေါ်တွင်လျှောက်ကာ ယူဂျင်း၏ ဘယ်ဘက်လက်ဖမိုးပေါ်သို့ တက်လာ၏။ ယူဂျင်း ကြည့်နေရာဘက်သို့ ခြေထောက်နှစ်ချောင်းနှင့် မတ်တပ်ရပ်ကာ လှပသောအမြီးလေးကို ဘယ်ညာ ယမ်းခါပြခဲ့သည်။
ယူဂျင်းက ဘယ်ဘက်လက်ကို အောက်ချလိုက်တော့ အသေးလေးက လက်မောင်းအတိုင်း ပြန်တက်ပြီး ပခုံးပေါ်သို့ ပြန်ရောက်သွား၏။ ဤတစ်ကြိမ်တွင် ညာဘက်လက်ကို မြှောက်တင်လိုက်သည်။ အသေးလေးက ညာဘက်လက်မောင်းကို တွယ်လျှောက်ကာ လက်ဖမိုးပေါ် တက်လာ၏။
လက်၏ လှုပ်ရှားမှုက အသေးလေး၏ အပြုအမူကို လမ်းညွှန်ပေးနေသည့် အချက်ပြစနစ်တစ်ခုပင်။ ဉာဏ်ကောင်းသော မှော်ဝင်သားရဲက တစ်ခါနှစ်ခါလောက် စကားနှင့် လက်အမူအရာပြပြီး ရှင်းပြရုံဖြင့်ပင် ပြည့်စုံလုံလောက်စွာ နားလည်တတ်မြောက်သွားလေသည်။
ယူဂျင်းက ခပ်တိုးတိုး ရယ်လိုက်ရင်း ဆုချသည့်အလား လက်ဖျားလေးများနှင့် အသေးလေး၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။ အသေးလေးက သူ့ခေါင်းနှင့် မေးစေ့အောက်ကို ပွတ်သပ်ပေးနေသော လက်ချောင်းများ ရွေ့လျားသွားရာဘက်သို့ ခေါင်းသေးသေးလေးကို ဟိုဘက်ဒီဘက် လှည့်ကာ ပို၍ ပွတ်သပ်ပေးပါရန် ပူဆာလေသည်။
မာရီအန်းတစ်ယောက် အသေးလေး လှုပ်ရှားနေသည့်ပုံစံဆီမှ မျက်လုံးကို မခွာနိုင်ခဲ့။ ဘုရင်မင်းမြတ်၏ မှော်ဝင်သားရဲက မိဖုရားအား ဤကဲ့သို့ နားလည်ပြီး လိုက်နာနေသည်ကို မြင်ရတော့ အကြိမ်တိုင်းလိုပင် အံ့ဩမှင်တက်မိရသည်။
“အကြံပေးအရာရှိတွေက အသေးလေးကို ကျွန်မမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လို့ ထင်နေကြတုန်းပဲ။”
ဘုရင်မင်းမြတ် လှောင်အိမ်ကို ယူလာပေးပြီးသည့်နောက်တွင် ဘယ်အချိန်ကစခဲ့မှန်းမသိ အသေးလေး၏ လှောင်အိမ်က ယူဂျင်း၏ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။
အာဘူကိုပင် လာ့ခ်အမဲလိုက်သည့်အခါမှသာ ခေါ်တတ်သည့် ဘုရင်မင်းမြတ်က အချိန်ပေးပြီး အသေးလေးနှင့် ဆော့ကစားပေးမည့်ပုံစံကို မည်သို့မှ စိတ်ကူးကြည့်၍မရပေ။ သူ့ဆီ ပြန်ပို့လိုက်လျှင် အသေးလေးလည်း တစ်နေကုန် လှောင်အိမ်ထဲ၌သာ တစ်ယောက်တည်း ပိတ်မိနေမည့်ပုံပင်။ ထို့ကြောင့် ယူဂျင်းက အသေးလေးကို ခဏလောက် ခေါ်ထားမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
နဂိုက ဧည့်တွေ့ခန်းထဲတွင် ထားခဲ့သော်လည်း ရုံးခန်းတွင် နေရသည့်အချိန်က ပိုကြာလာသဖြင့် ရုံးခန်းထဲသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်၏။ အသေးလေး၏ အတိတ်အဖြစ်မှန်ကို ပြောပြထားခြင်းမရှိသဖြင့် အကြံပေးအရာရှိများက လုံးဝ သတိမထားမိခဲ့ကြပေ။
“စိတ်တောင်မကူးကြည့်ဖူးတာလည်း ဖြစ်နိုင်ပါတယ်။”
“မျက်လုံးနီနီနဲ့ အမွေးနီနီ။ ဒီလိုမျိုး ထင်ရှားတဲ့ ထူးခြားချက်တွေ ရှိနေတာတောင် ဘာလို့ မသိနိုင်ရတာလဲ။”
“မှော်ဝင်သားရဲကို ထူးခြားတယ်လို့ ယူဆထားကြတာကြောင့် ဖြစ်ပါလိမ့်မယ်။”
“ဒီလို ချစ်စရာကောင်းတဲ့ ရှဉ့်လေးက မှော်ဝင်သားရဲဖြစ်စရာ အကြောင်းမရှိဘူး...အဲ့ဒီလိုမျိုးလား။”
မာရီအန်းက ပြုံးလိုက်သည်။
“ကျွန်မလည်း အရှင်မိဖုရားသာ မပြောပြရင် ထူးခြားတဲ့ အိမ်မွေးတိရစ္ဆာန်လေးလို့ပဲ ထင်မိလောက်ပါတယ်။ ပြီးတော့ မှော်ဝင်သားရဲတွေက သခင်ကလွဲရင် တခြားသူကို မလိုက်နာဘူးလို့လည်း သိထားကြလို့ပါ။”
ယူဂျင်းလည်း အာဘူကို သတိရလိုက်သည်။ ဘုရင်မင်းမြတ် မွေးမြူထားသော ဒုတိယမြောက် မှော်ဝင်သားရဲအကြောင်း လူသိပ်မသိသော်လည်း ကျားသစ်နက်ကြီးကတော့ ဘုရင်မင်းမြတ်၏ နာမည်ကျော် မှော်ဝင်သားရဲကြီးပင်။
သို့ရာတွင် သူကတော့ နေ့တိုင်းနီးပါး၊ မနေ့ညနေကပါ လူအများက ကြောက်စရာကောင်းပြီး သန်မာသည်ဟု ထင်ထားကြသည့် မှော်ဝင်သားရဲကြီးနှင့် ဆော့ကစားခဲ့သေးသည်။ ကလေးလေးအလား သေးငယ်လှသည့် အာဘူက သူ၏ခြေရင်းတွင် လဲလျောင်းကာ တကူကူချွဲပြနေသည့် ပုံစံကို မာရီအန်းသာမြင်လျှင် မည်သို့သော မျက်နှာထားမျိုး ဖြစ်သွားမလဲဟု တွေးကြည့်ရင်း သိချင်စိတ်ပေါက်လာ၏။
“ဒီလိုကနေ အသေးလေးက ကျွန်မကို သခင်အဖြစ် ပြောင်းလိုက်ရင် ဘယ်လိုလုပ်မလဲဟင်။"
ယူဂျင်းက အပြောင်အပြက်သဘောဖြင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း ရယ်မောပြီး တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ထားသည့် မာရီအန်း၏ မျက်နှာထားက ထူးခြားနေခဲ့သည်။
“အဲ့ဒီလို ဖြစ်နိုင်ပါ့မလားရှင့်။”
ထိုအဖြစ်မျိုး ဖြစ်လာခဲ့လျှင် အခက်တွေ့နိုင်သည်ဟူသော အရိပ်အယောင်မျိုးပင်။
‘ငါက ဘုရင်မင်းမြတ်ရဲ့ မှော်ဝင်သားရဲကို ခိုးသွားမှာစိုးလို့များလား။’
ယူဂျင်းက စိတ်ထဲတွင် တစ်ချက်လောက် တစ်မျိုးဖြစ်သွားသော်လည်း ဟန်မပျက် ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
“နောက်ပြောလိုက်တာပါ။ မှော်ဝင်သားရဲရဲ့ ပထမဆုံးသခင်က ထာဝရသခင်ပါပဲ။”
ဘုရင်မင်းမြတ်အား ငယ်စဉ်ကတည်းက စောင့်ရှောက်ခဲ့သည့် နို့ထိန်းက စိတ်ပိုင်းဆိုင်ရာအရ ဘုရင်မင်းမြတ်ဘက်ကို ပိုပြီးအလေးသာသည်မှာ သဘာဝကျပေသည်။ ယူဂျင်းအနေနှင့် နားလည်ပေးနိုင်သော်လည်း နည်းနည်းတော့ ဝမ်းနည်းမိရ၏။
“အဲ့ဒီမိန်းကလေး၊ မော်လီရော ဘယ်လိုနေလဲဟင်။”
ယူဂျင်းက အသေးလေးကို လှောင်အိမ်ထဲ ထည့်ပေးရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
“သိပ်ပြီး ထူးခြားတဲ့ အပြုအမူမျိုး မလုပ်ပါဘူး။ တခြားဘယ်သူနဲ့မှလည်း အဆက်အသွယ်လုပ်တာမျိုး၊ စကားပြောတာမျိုး မရှိပါဘူး။ သူ တာဝန်ယူထားတဲ့ အလုပ်ကိုတော့ ရိုးသားကြိုးစားပြီး လုပ်ဆောင်နိုင်ပါတယ်။”
ယူဂျင်းက ရိုဒရစ်ဂ်၏ အဆက်အသွယ်ဖြစ်သည့် မော်လီကို ရံရွေတော်အဖြစ် ခေါ်ထားခဲ့၏။ နဂိုက ယူဂျင်းရဲ့ဘေးတွင် အမြဲနေသည့် ရံရွေတော်က ဂျီးန်တစ်ယောက်သာ ရှိခဲ့သော်လည်း ယခုတော့ ဂျီးန်နှင့် မော်လီ နှစ်ယောက်စလုံး မိဖုရား၏ အနီးကပ် ရံရွေတော်များ ဖြစ်လာခဲ့လေပြီ။
သူတို့နှစ်ယောက်မှလွဲ၍ ကျန်ရံရွေတော်များကိုတော့ မကြာခဏ အပြောင်းအလဲ လုပ်လေ့ရှိ၏။ မှတ်ဉာဏ် ပျောက်ဆုံးနေသော မိဖုရားကို အလေးထားသည့်အနေနင့် မာရီအန်း ဆောင်ရွက်ခဲ့သော ကိစ္စက စည်းမျဉ်းတစ်ခုလို အခိုင်အမာ ဖြစ်သွားတော့သည်။
ယူဂျင်းက မော်လီ၏ အတိတ်အဖြစ်မှန်ကို ‘မိဖုရားနဲ့ အဆက်အသွယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ တစ်ယောက်ယောက်က လွှတ်လိုက်တဲ့သူ’ ဟု အဆင်ပြေအောင် လုပ်ကြံဖန်တီးကာ မာရီအန်းနှင့် အထိန်းတော်ချုပ်ကို ရှင်းပြထား၏။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ မော်လီကို စောင့်ကြည့်နိုင်မည်ဖြစ်သောကြောင့်ပင်။
သို့ရာတွင် မော်လီကို ရံရွေတော်အဖြစ် ခေါ်ပြီးသည့်နောက် အဆင်မပြေစရာ ပြဿနာတစ်ခု ပေါ်လာ၏။ မော်လီက သူ့ကိုယ်သူ မိဖုရား၏ ယုံကြည်မှုကို ရရှိနေပြီဟု မှတ်ယူအောင် လုပ်ရမည်ဖြစ်သော်လည်း ယူဂျင်းက မော်လီကို အနားတွင်ထားပြီး အသုံးပြုရန် ခက်ခဲနေခဲ့သည်။
မော်လီကို အရေးမပါသော အစေခံအလုပ်မျိုးလောက်သာ အပ်နှံထားကာ အဓိက အနီးကပ် အကြံပေးအဖြစ် လုပ်ပေးနိုင်မည့် အခြားသူတစ်ယောက်ကို လိုအပ်နေသောကြောင့်ပင်။ မော်လီအနေနှင့် ယှဉ်ပြိုင်လိုစိတ် လုံးဝမထားနိုင်လောက်သည့် အခြေအနေရှိသူတစ်ယောက်။
ထို့ကြောင့် ရာထူးမှ အနားယူထားသော မာရီအန်းကသာ ယူဂျင်းကို ပြန်လည်၍ အလုပ်အကျွေးပြုပေးခဲ့၏။
“အထိန်းတော်ချုပ်က သူ့ဘာသာ အကောင်းဆုံး ဆောင်ရွက်မှာဆိုပေမဲ့ ရုတ်တရက် အပြောင်းအလဲမလုပ်ဖို့ ပြောပေးပါ။ မာရီအန်းရဲ့ သဘောထားလိုမျိုး ပြောပေးပါ။”
မိဖုရားနှင့် အဆက်အသွယ်လုပ်ရန် ရည်ရွယ်ချက်ရှိသူတစ်ဦး ရဲတိုက်ထဲ ရောက်လာသည်ဟူသော အချက်ကိုကြားတော့ အထိန်းတော်ချုပ်က အင်မတန် ထိတ်လန့်သွားခဲ့သည်။ တမင်ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းမဟုတ်သော်လည်း ယာယီအမှုထမ်းများကို နောက်ဆုံးရွေးချယ်ကာ ရဲတိုက်ထဲ ဝင်ခွင့်ပြုခဲ့သူက သူကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်။
တာဝန်ယူပြီး အထိန်းတော်ချုပ် ရာထူးမှ နုတ်ထွက်လိုသည့် ဆာရာကို မနည်းနှစ်သိမ့်ဖျောင်းဖျခဲ့ရ၏။
ဆာရာက စိတ်မကောင်းခြင်းကြီးစွာသော မျက်နှာဖြင့် ခိုင်မာပြတ်သားစွာ ပြောခဲ့သည်။
[အားလုံး ကျွန်မရဲ့ အမှားပါ။ ပြောစရာ စကားမရှိတော့ပါဘူး။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မရှိစေဖို့ သေသေချာချာ စစ်ဆေးပြီး အသေးစိတ် ကြည့်ရှုသွားပါ့မယ်။]
ယူဂျင်းက အထိန်းတော်ချုပ် ရုတ်တရက် လုပ်ငန်းစဉ်များကို တင်းကျပ်စွာ ပြောင်းလဲလိုက်သဖြင့် ရိုဒရစ်ဂ် သံသယဝင်သွားမည်ကို စိုးရိမ်နေမိသည်။
“စိုးရိမ်စရာမရှိစေဖို့ ကျွန်မ သေချာဂရုစိုက်ပြီး ကြည့်ရှုသွားပါမယ်။”
ယူဂျင်း ခေါင်းညိတ်လိုက်သည်။ မာရီအန်းက ယုံကြည်မှုရှိရှိ ပြောဆိုလာတော့ ယုံကြည်စိတ်ချထားလိုက်၏။
ဖောင်း....
အချက်ပြမီးရှူး ပေါက်ကွဲသွားသည်။ နှစ်ယောက်စလုံး တစ်ချက်ကလေး ဆတ်ခနဲတုန်သွားသော်လည်း အံ့အားသင့်နေသည့်ပုံစံတော့ မဟုတ်ခဲ့။ ရက်ပိုင်းလောက် အဝါရောင် အချက်ပြမီးရှူး ပေါက်ကွဲပြီး ဘုရင်မင်းမြတ်က အခင်းဖြစ်ပွားရာနေရာသို့ ပြေးသွားလိုက်လျှင် ခဏအကြာတွင် အပြာရောင် အချက်ပြမီးရှူး ပေါက်ကွဲသည့်အဖြစ်က ထပ်ခါတလဲလဲ ဖြစ်နေခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိခဲ့သဖြင့် ဤအခြေအနေက အင်မတန် ငြိမ်းချမ်းသည့် ရုန်းကန်လှုပ်ရှားရသောရာသီ၏ နေ့စဉ်ဘဝပင်။
ယူဂျင်း ကိုယ်ကိုလှည့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တော့ မျက်နှာထား တင်းမာသွား၏။
“အနီရောင် အချက်ပြမီးရှူးပါ။”
ကောင်းကင်ယံတွင် ပျံ့နှံ့နေသော အနီရောင် မီးခိုးငွေ့များကိုကြည့်ရင်း ယူဂျင်းတစ်ယောက် ဧရာမ ကြွက် လာ့ခ်နှင့် ရင်ဆိုင်ခဲ့ရသည့် ထိုနေ့ကို သတိရလိုက်သည်။ တပ်သားများက လှံတံများကိုင်ပြီး ဧရာမ လာ့လ်ကို ခဲရာခဲဆစ် တန်ပြန်ရင်ဆိုင်နေစဉ် လာ့ခ်၏ တိုက်ခိုက်ခြင်းကိုခံရပြီး မြေပြင်ပေါ် လဲကျသွားသည့် ပုံရိပ်များ မျက်စိထဲပေါ်လာ၏။
တော်သေး၍ ထိုနေ့က ယူဂျင်း၏မျက်စိရှေ့တွင် သေဆုံးသွားသူ တစ်ယောက်မှမရှိခဲ့သော်လည်း အခြားနေရာများတွင်တော့ ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု ကြားခဲ့ရသည်။ ယနေ့လည်း ထပ်မံ၍ ဒဏ်ရာရသူများ ရှိလာဦးမည်ဟု တွေးလိုက်မိတော့ ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပေ။
“ကျွန်မ သွားမှဖြစ်မယ်။”
“အရှင်မိဖုရား။ ဘယ်ကိုသွားဖို့ ပြောနေတာပါလဲ။”
လျင်မြန်စွာ မာရီအန်းကို ကျော်ဖြတ်ပြီး လျှောက်သွားသော ယူဂျင်းက တုံ့ခနဲ ရပ်သွား၏။ မာရီအန်း၏ မေးခွန်းကို မဖြေနိုင်ခဲ့။ ယခု ဘုရင်မင်းမြတ်၏ ရုံးခန်းဆီသို့ သွားလျှင်ပင် သူက အာဘူကို စီးပြီး မြို့ရိုးတံတိုင်းကို ကျော်လွန်သွားပြီးသားဖြစ်နေပေမည်။
မာရီအန်းက ရပ်နေသော ယူဂျင်းထံသို့ တိုးကပ်လာကာ “အရှင်မိဖုရား” ဟု ခေါ်လိုက်သည်။
“အရင်တစ်ခါလိုပဲ လာ့ခ်တွေ ဟိုနေရာ ဒီနေရာကနေ ပေါ်လာရင် ဘယ်လိုလုပ်မလဲရှင့်။”
“အရင်တစ်ခါလို အခြေအနေမျိုးက အင်မတန် ရှားပါးပါတယ်။”
“အကောင်တွေ အများကြီးဖြစ်နေရင် ကျွန်မက အရှင်မင်းကြီးကို ကူညီပေးနိုင်မှာပါ။”
မိဖုရား၏ မျက်နှာထားက ယခုပဲဖြစ်ဖြစ် ချက်ချင်း ပြေးထွက်သွားတော့မလို ဖြစ်နေသည်။
သို့သော် မာရီအန်းက မိဖုရားကို ရဲတိုက်အပြင်ဘက်သို့ လုံးဝ ထွက်သွားခွင့်မပြုနိုင်ပေ။
“အချက်ပြမီးရှူးက တစ်ခါပဲ ပေါက်ကွဲပါသေးတယ်။ အရှင်မင်းကြီးကို ယုံကြည်ပြီး စောင့်ကြည့်လိုက်ပါဦးရှင့်။”
ယူဂျင်းက စိုးရိမ်ပူပန်နေသော မျက်နှာထားနှင့် ကောင်းကင်ကိုသာကြည့်ကာ လုံးဝ မလှုပ်မယှက် ရပ်နေသည်။ တကယ်တမ်းတွင် အချိန်က သိပ်မကြာသော်လည်း အကြာကြီးဟု ခံစားရလောက်အောင် စောင့်ဆိုင်းပြီးသည့်နောက် နောက်ဆုံးတွင် အပြာရောင် အချက်ပြမီးရှူး ပေါက်ကွဲသွား၏။ တစ်ချိန်လုံး အသက်အောင့်ထားခဲ့ရသူတစ်ယောက်အလား ယူဂျင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
မီးခိုးငွေ့များ တဖြည်းဖြည်း ပျံ့လွင့်သွားသည့် ကောင်းကင်ကိုကြည့်ရင်း သူက တီးတိုးရေရွတ်လိုက်၏။
“အကြံကောင်းရပြီ။”
အချက်ပြမီးရှူး ပေါက်ကွဲတိုင်း ဘာကြောင့် နန်းတော်ထဲ၌သာ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေရမည်နည်း။ သူ့တွင်လည်း ဘုရင်မင်းမြတ်နှင့်မတူသော လာ့ခ် အမဲလိုက်နိုင်သည့် စွမ်းရည်ရှိနေသည်ကို။
“အချက်ပြမီးရှူး ပေါက်ကွဲလို့ ဘုရင်မင်းမြတ် အခင်းဖြစ်တဲ့နေရာကို သွားပြီးတာနဲ့ ကျွန်မလည်း ချက်ချင်း အနောက်က လိုက်သွားမယ်။ တကယ်လို့ အချက်ပြမီးရှူး ဆက်တိုက် ထပ်ပေါက်ကွဲတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ရင် ကျွန်မက အဲ့ဒီဘက်ကို သွားပြီး ထိခိုက်မှုတွေကို လျှော့ချပေးလို့ရတယ်လေ။ အချက်ပြမီးရှူးပေါက်တိုင်း အဲ့ဒီလိုလုပ်ဖို့ကတော့ အခက်အခဲရှိနိုင်တယ်ဆိုပေမဲ့ အနီရောင် အချက်ပြမီးရှူးကိုမှပဲ……”
ယူဂျင်းက မာရီအန်းထံမှ သဘောတူညီမှုကို မျှော်လင့်ရင်း ကြည့်လိုက်သည်။ သို့သော် အင်မတန် အကျပ်ရိုက်နေသည့် မာရီအန်း၏ မျက်နှာကို မြင်လိုက်ရသောအခါ စကားကို ရပ်လိုက်ရ၏။ မာရီအန်းခမျာ ခက်ခဲသော တောင်းဆိုမှုကို ရရှိပြီးနောက် မည်သို့ ကောင်းစွာငြင်းပယ်ရမည်ကို တွေးတောနေပုံပင်။
“အရှင်မိဖုရား။ ဘုရင်မင်းမြတ် မရှိတဲ့အချိန်မှာ အရှင်မိဖုရားက ရဲတိုက်ကို စောင့်ရှောက်ရမှာပါ။”
“...အာ၊ ဟုတ်သားပဲ။”
ဘုရင်မင်းမြတ် မရှိသည့်အခါ မိဖုရားက ရဲတိုက်၏ တာဝန်ခံဖြစ်လာသည်။ ယူဂျင်းက သူ၏ အရိုက်အရာနှင့် အခွင့်အာဏာကို တစ်ခါတလေ လက်တွေ့ဟု မခံစားမိသေးပေ။
“အနီရောင် အချက်ပြမီးရှူးက ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာ အများဆုံးမှ နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ပေါက်ကွဲတာ မဟုတ်လား။”
“ဟုတ်ပါတယ်။ အခုအချိန်ထိ မှတ်တမ်းတွေကတော့ အဲ့ဒီလိုပါပဲရှင့်။”
“ဒါဆိုရင် နှစ်ခါ၊ သုံးခါလောက်ကတော့……”
ယူဂျင်း စကားကို ဆက်ပြောနေရာမှ ရပ်တန့်သွားသည်။ ဤသည်မှာ မာရီအန်းနှင့် တိုင်ပင်ပြီး ဆုံးဖြတ်၍ရသည့်ကိစ္စ မဟုတ်ပေ။
“အရှင်မင်းကြီးကို လျှောက်တင်ပြီး အရှင်မင်းကြီးက ဘယ်လိုသဘောထားရှိလဲဆိုတာကို နားထောင်ကြည့်မှဖြစ်မယ်ထင်တယ်။”
“အရှင်မိဖုရား။”
မာရီအန်းက ယူဂျင်းကို အင်မတန် ဂရုတစိုက် ခေါ်လိုက်သည်။ အလွယ်တကူ စကားမပြောနိုင်ဖြစ်နေသည့် မာရီအန်းကိုကြည့်ပြီး ယူဂျင်းလည်း ခပ်တုံ့တုံ့ဖြစ်သွား၏။
“ကိစ္စမရှိပါဘူး။ ပြောပါ။”
မာရီအန်းက အသက်ရှူသွင်းလိုက်ပြီး နောက်ဆက်တွဲ ပြဿနာများကို ကြိုတင်တွက်ဆထားသည့် မျက်နှာထားဖြင့် ပြောလာသည်။
“သစ္စာစောင့်သိမှုကို ရှေးရှုပြီး လျှောက်တင်ခြင်းဖြစ်လို့ နားထောင်ပေးပါ။ ကျွန်မက အရှင်မိဖုရားရဲ့ စိတ်ရင်းအမှန်ကို နားလည်ပါတယ်။ ဒါပေမဲ့ အရှင်မိဖုရားရဲ့ အရိုးခံ ရည်ရွယ်ချက်က အထင်အမြင်လွဲမှားစရာတွေ ဖြစ်လာစေမှာကို စိုးရိမ်မိလို့ပါ။”
“ဘယ်လို အထင်လွဲမှားမှုများလဲ။”
“ဘုရင်မင်းမြတ်က အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်မှုမရှိအောင် လာ့ခ်အမဲလိုက်တဲ့နေရာမှာ ကြိုးပမ်းနေတာပါ။ ပြီးတော့ လာ့ခ်အမဲလိုက်တာက ဘုရင်မင်းမြတ်ရဲ့ အခွင့်အာဏာလည်း ဖြစ်ပါတယ်။ ဘုရင့်အာဏာကို ဘယ်သူကမှ ကျူးကျော်စွက်ဖက်ခြင်း လုံးဝမပြုသင့်ပါဘူး။”
ယူဂျင်းက မျက်မှောင်ကြုတ်ပြီး မာရီအန်း၏ စကားကို အဓိပ္ပာယ်ဖော်လိုက်သည်။ လိုရင်းကို ထိမိအောင် ပေါ်ပေါ်တင်တင် ပြောပေးလျှင် ကောင်းမည်ဆိုသော်လည်း ဤနေရာမှလူများ၏ ပြောဆိုပုံကို ယူဂျင်း ပြောင်းလဲ၍ရမည် မဟုတ်ပေ။ သို့တိုင်အောင် ကြာရှည်စွာ လေ့လာသင်ယူခဲ့ခြင်းက အလဟဿ မဖြစ်ခဲ့၍ မာရီအန်း၏ စကားအဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်လိုက်၏။
“ကျွန်မက လာ့ခ်အမဲလိုက်တဲ့နေရာမှာ ဝင်ပါလိုက်ရင် ဘုရင်မင်းမြတ်ရဲ့ အခွင့်အာဏာကို ကျူးကျော်တယ်လို့ ပြောချင်တာလားဟင်။ ဘယ်သူက အဲ့ဒီလို အထင်လွဲမှာလဲရှင့်။”
“……”
မာရီအန်းကို ကြည့်နေသော ယူဂျင်း၏မျက်လုံးများက တဖြည်းဖြည်း ပို၍ကျယ်လာ၏။
“မဟုတ်မှ……အရှင်မင်းကြီးကလားဟင်။”
ယူဂျင်းက အဓိပ္ပာယ်မရှိတာဟုပြောသလို ရယ်လိုက်သည်။
“မာရီအန်းရယ်။ အရှင်မင်းကြီးက အဲ့ဒီလို အထင်လွဲစရာ အကြောင်းမရှိပါဘူး။ အဲ့ဒီပုဂ္ဂိုလ်က အဲ့ဒီလို……”
မာရီအန်း၏ မျက်နှာထားကား တည်ကြည်လေးနက်လှ၏။
“အရှင်မိဖုရား။ ရာရာစစ ဒီလိုစကားမျိုး လျှောက်တင်ရတာ ကျွန်မအတွက်လည်း အင်မတန် သတိထားရပါတယ်။ ဒါပေမဲ့ အရှင်မိဖုရားက မှတ်ဉာဏ် ပျောက်သွားပြီးတဲ့နောက်မှာ အရင်ကနဲ့ မတူတော့ပါဘူး။ အရှင်မင်းကြီးကလည်း အရှင်မိဖုရားရဲ့ စိတ်ရင်းနဲ့ ရည်ရွယ်ချက်ကို တွေးပြီးတော့ သံသယဖြစ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အရှင်မိဖုရားသာ သာမန်အိမ်ရဲ့ အိမ်ရှင်မဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီအိမ်က ကျိန်းသေပေါက် ငြိမ်းချမ်းနေမှာပါပဲ။ ဒါပေမဲ့ အရှင်မိဖုရားက ဒီတိုင်းပြည်ရဲ့ အလယ်ဗဟိုမှာ ရပ်တည်နေတဲ့သူပါ။ အရှင်မိဖုရားရဲ့ စိတ်ရင်းမှန်နဲ့ ရည်ရွယ်ချက်တွေက အမြဲတမ်း ကောင်းမွန်တဲ့ ရလဒ်ဆီကို ဦးတည်မှာမဟုတ်ပါဘူး။ အထင်လွဲမှုဆိုတာ အင်မတန်သေးငယ်တဲ့ အရာလေးကနေလည်း စပြီးပေါ်လာတတ်ပါတယ်။”
~~~~
Miel's Translations