အပိုင်း ၉၀
ကေ့ဂ်ျက တိုလီမိုလီပစ္စည်းလေးများရောင်းသည့် ဆိုင်ငယ်လေးတစ်ခုကို ဖွင့်ထားသည်။ အပြင်ပန်းတွင် ကုန်စုံဆိုင်ဖြစ်သော်လည်း တကယ်တမ်းတော့ ကေ့ဂ်ျ သတင်းအချက်အလက်များကို ဝယ်ယူရောင်းချရာ နေရာပင်။ တကယ်တမ်း ပစ္စည်းလာဝယ်သည့် ဧည့်သည်များရှိသော်လည်း သူတို့ကိုတော့ ဆိုင်ဝန်ထမ်းများကသာ ဧည့်ခံကိုင်တွယ်ကြ၏။
ယနေ့မနက်ကတည်းက ကေ့ဂ်ျတစ်ယောက် တဟွတ်ဟွတ် တရစပ်ချောင်းဆိုးကာ နေမကောင်းသည့်ပုံပေါ်နေသည်။ ညနေစောင်းတော့ ဝန်ထမ်းကို လိုအပ်သည်များ ဆက်လက်လုပ်ဆောင်ရန် တာဝန်ပေးပြီး အိမ်စောစောပြန်သွား၏။ ခဏနေတော့ သူ့အိမ်မှ အစေအပါးတစ်ဦး ထွက်လာကာ ဆေးဆရာတစ်ဦးကို ခေါ်ဆောင်လာလေသည်။
အိမ်ထဲဝင်သွားသည့် ဆေးဆရာက ခဏအကြာမှ ပြန်ထွက်လာ၏။ ဘယ်သူပဲကြည့်ကြည့် အိမ်သို့ကြွကာ ကုသမှုပြီးစီး၍ ပြန်သွားသော ဆေးဆရာပုံစံပင်။
စောစောလေးကတင် အိမ်ထဲဝင်သွားသော ဆေးဆရာနှင့် အဝတ်အစားချင်းတူသော်လည်း အမှန်တော့ ထိုဆေးဆရာမှာ ရုပ်ဖျက်ထားသော ရိုဒရစ်ဂ်သာ။
ရိုဒရစ်ဂ်က ပုံမှန်အားဖြင့် သတိထားတတ်သူဖြစ်သော်လည်း ယခုတလောတွင် အထူးသဖြင့် ပို၍သတိကြီးစွာ ထားနေရသည်။ ထူးဆန်းသော ကောလာဟလများ ထွက်ပေါ်နေသောကြောင့်ပင်။ ထိုကောလာဟလများကြောင့် သူ့အာရုံများ တင်းမာကာ စိတ်ဖိစီးမှုများနေရ၏။
'ဘာသာရေးအစွန်းရောက်ဂိုဏ်းကို အသိအမှတ်ပြုပေးမယ်တဲ့။ ဒါက အဓိပ္ပာယ်ရှိတဲ့ကိစ္စလား။'
မာရာ ကိုးကွယ်သူများကို ဟာရှီ ဘုရင့်တိုင်းပြည်က အသိအမှတ်ပြုပေးလောက်သည်ဟူသော ဘယ်ကမှန်းမသိရသည့် ထူးထူးဆန်းဆန်း ကောလာဟလက နောက်လိုက်များကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ နောက်လိုက်များက မယုံမရဲဖြစ်နေကြသည့်တိုင် ယုံကြည်ချင်စိတ်ကလည်း ရှိနေကြပြန်၏။
ဘုရင့်တိုင်းပြည်က မာရာကိုးကွယ်သူများကို အင်တိုက်အားတိုက် ညှဉ်းပန်းနှိပ်စက်ခြင်း မရှိလျှင်ပင် မိမိကိုယ်ကိုယ် မာရာကိုးကွယ်သူဖြစ်ကြောင်း ဘယ်တော့မှ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်၍မရပေ။ ဘေးနားမှ တစ်ယောက်ယောက်က သတင်းပေးလိုက်လျှင် စစ်သည်တော်များ ချက်ချင်းရောက်လာကြပေမည်။ မာရာကိုးကွယ်သူမှန်း ပေါ်သွားခဲ့လျှင် တရစပ် စောင့်ကြည့်ခံရမည့်သူများ ဖြစ်သွားမည်သာ။
မာရာ ကိုးကွယ်သူများက သူတစ်ပါး၏ မမြင်ကွယ်ရာတွင် အမြဲတမ်း ပုန်းအောင်းနေကြရ၏။ မာရာ၏ နောက်လိုက်အများစုက တောက်ပသော နေမင်းထွက်သည့် နေ့ခင်းဘက်တွင် လူအများနှင့်အတူ ဝင့်ဝင့်စားစား စုဝေးကာ ဆုတောင်းဝတ်ပြုနိုင်ရန် ဆန္ဒရှိကြသည်။
သို့ရာတွင် ရိုဒရစ်ဂ်၏ အမြင်ကတော့ မတူခဲ့ပေ။
'ဘုရင့်တိုင်းပြည်က ငါတို့ကို အသိအမှတ်ပြုပေးစရာ အကြောင်းမရှိဘူး။'
ဟာရှီဘုရင့်တိုင်းပြည်က မာရာကိုးကွယ်သူတွေကို အသိအမှတ်ပြုပေးလို့ ဘာအကျိုးအမြတ်များ ရမှာမို့ ဆန်းဂျယ်ကို ကျောခိုင်းပြီး တခြားဘုရင့်တိုင်းပြည်တွေနဲ့ ဆက်ဆံရေး ပျက်ပြားစရာကိစ္စကို လုပ်မှာလဲ။
ဖြစ်နိုင်သည်ဆိုလျှင်ပင် ရိုဒရစ်ဂ်တွင် ဆန္ဒမရှိပေ။
'ဒုက္ခဆင်းရဲဆိုတာ ယုံကြည်ကိုးကွယ်မှုအပေါ် သစ္စာရှိစေတဲ့ နည်းလမ်းပဲမဟုတ်လား။ ကိုယ်နဲ့ စိတ်မှာ ဆင်းရဲဒုက္ခမရှိဘဲ ဘုရားသခင်ကို ဘယ်လိုများ ကိုးကွယ်နိုင်မှာလဲ။'
အသင့်အတင့် ဖိနှိပ်ခံထားရသည့် ဤအခြေအနေကသာ စံနမူနာဖြစ်ပေသည်။ သို့မှသာ နောက်လိုက်များကို ထိန်းချုပ်သည့် သူ၏အာဏာက ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို အကြောင်းပြကာ ဤသို့သောကိစ္စမျိုးကို စီမံဆောင်ရွက်ရန် ပိုမိုလွယ်ကူစေပေလိမ့်မည်။
'အချည်းနှီး အိပ်မက်မက်ပြီး ပျော်နေကြတာပဲ။ ချီးထုပ်တွေ။ အဲ့ဒီလိုကောလာဟလ ထွက်နေတယ်ဆိုတာကိုက မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်လာတော့မဲ့ နိမိတ်ကို။'
အာရုံများနေသော ရိုဒရစ်ဂ်တစ်ယောက် သူ၏ ဦးတည်ချက်ဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာက လမ်းဘေးတွင် ဆိုင်ခန်းငယ်လေးများ စီတန်းကာရှိနေသော လမ်းပင်။ အလုပ်ချိန်က ညနေဘက်တွင် ဖွင့်ပြီး ညဉ့်နက်မှ ပိတ်လေ့ရှိသဖြင့် ဆိုင်များက မီးထိန်ထိန်လင်းနေကာ ရောင်းဝယ်ဖောက်ကားပြီး အလုပ်များနေကြသည်။
ရိုဒရစ်ဂ်က ဆိုင်များကြားရှိ လမ်းကြားလေးသို့ ဝင်ရောက်ကာ အနောက်ဘက် တံခါးပေါက်မှတစ်ဆင့် ဒုတိယထပ်သို့ တက်သွားလိုက်၏။ ထိုနေရာက အစွန်းရောက်ဂိုဏ်းမှ ပြင်ဆင်ထားသော ကွန်းခိုရာဗိမာန်တော်များအနက် တစ်ခုဖြစ်ပေသည်။
အစွန်းရောက်ဂိုဏ်း နောက်လိုက်များ လျှို့ဝှက်လှုပ်ရှားမှုများလုပ်ရန်ဖြစ်စေ၊ ခဏတာ ပုန်းရှောင်နေရန်ဖြစ်စေ ပြင်ဆင်ထားသည့် နေရာများကို ကွန်းခိုရာဗိမာန်တော်ဟု ခေါ်ဆိုကြ၏။ လူသူကင်းမဲ့သော နေရာများမဟုတ်ဘဲ မြို့လယ်ခေါင်တွင် ပြင်ဆင်ထားသော အစွန်းရောက်ဂိုဏ်း၏ ဗိမာန်တော်များမှာ အနည်းငယ်သာရှိသည်။ ယင်းတို့ကိုပင် လွန်ခဲ့သော နှစ်ပိုင်းလောက်ကမှ စီစဉ်နိုင်ခဲ့ခြင်းဖြစ်၏။
အဆောက်အအုံ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းက ငွေကြေးအမြောက်အမြား ကုန်ကျသည့်ကိစ္စပင်။ သို့ရာတွင် နောက်လိုက်အများစုက လူမှုရေးအဆင့်အတန်းနိမ့်ပြီး ဆင်းရဲနွမ်းပါးသူများသာဖြစ်သည့် မာရာ၏ အစွန်းရောက်ဂိုဏ်းက မွဲတေလှ၏။ တစ်နေ့လုပ်မှ တစ်နေ့စားရသူများထံမှ အလှူခံလျှင်ပင် မဖြစ်စလောက်ငွေလေးသာ ရနိုင်ပေမည်။
သို့ရာတွင် မကြာသေးမီက ရိုဒရစ်ဂ်၏ ကျေးဇူးကြောင့် ဤသို့သော ဗိမာန်တော်များ၏ အရေအတွက်က အများအပြား တိုးလာခဲ့သည်။ နောက်လိုက်များကြားတွင် ဘုန်းတော်ကြီး ရိုဒရစ်ဂ်က အင်မတန်တော်ပြီး စွမ်းဆောင်နိုင်သည့် ကုန်သည်ကြီးတစ်ဦးအဖြစ် လူသိများလာ၏။ ငွေကြေးအင်အားနှင့် အစွန်းရောက်ဂိုဏ်းထဲတွင် ရိုဒရစ်ဂ်၏ သြဇာအာဏာသည်လည်း လျင်မြန်စွာ မြင့်တက်လာလေတော့သည်။
ရိုဒရစ်ဂ်က အိမ်မှထွက်လာကတည်းက လွယ်ထားခဲ့သော အထုပ်ကို ချလိုက်ရင်း ပူပန်ကြောင့်ကြနေသော မျက်နှာဖြင့် အခန်းငယ်လေးကို လှည့်ပတ်ကြည့်လိုက်၏။ ဤနေရာက ယခုမှ အသစ်စက်စက် ပြင်ဆင်ထားသော ဗိမာန်တော်ပင်။ တစ်နှစ်စာ ငှားရမ်းခကို တစ်ခါတည်းပေးထားခြင်းဖြစ်၍ ခေတ္တခဏတော့ အဆင်ပြေသော်လည်း ထိုနောက်ပိုင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုသည်က မသေချာပေ။ ငွေကြေးအရင်းအမြစ်များ ခန်းခြောက်သွားသဖြင့် ရိုဒရစ်ဂ် အကျပ်တွေ့နေရ၏။ ငွေကြေးရရှိလာမည့် အရင်းအမြစ်ကို ယုံကြည်ပြီး စီစဉ်ထားသော အလုပ်များ အမြောက်အမြားရှိနေပေသည်။ သုံးစွဲစရှိထားတော့ ရုတ်တရက် ချွေတာရန်က ခက်ခဲရ၏။ ရိုဒရစ်ဂ်တွင် မကျေနပ်ချက်များ အမြောက်အမြားရှိသော်လည်း မိဖုရားကို သူတော်စင်အဖြစ် ဦးထိပ်ထားကာ ကိုးကွယ်နေရသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိပေသည်။ မိဖုရား လှူဒါန်းထားသော အလှူငွေက အစွန်းရောက်ဂိုဏ်းအတွက် အသုံးပြုရန် ပိုလျှံနေသေးသည့်အပြင် ရိုဒရစ်ဂ် ထိုအထဲမှ မိမိကိုယ်ကျိုးအတွက် လျှို့ဝှက်ငွေများ ယူထားလျှင် ပြဿနာမရှိလောက်အောင် လုံလောက်သောကြောင့်ဖြစ်၏။
ကျိန်းသေပေါက် ငွေလက်ခံရယူသည့်အတိုင်း အဖိုးအခကိုလည်း ပေးဆပ်ခဲ့ရသည်။
'တာနီယာကို သုံးယောက်တောင် လွှတ်ပေးခဲ့ရတယ်၊ ဗိမာန်တော်နှစ်ခုကိုလည်း ပေးလိုက်ရသေးတယ်။ အစွန်းရောက်ဂိုဏ်းက ဆယ်စုနှစ်နဲ့ချီပြီး ပြင်ဆင်ခဲ့ရတဲ့ ဗိမာန်တော်တွေကို။'
မော်လီနှင့် အဘွားဖြစ်သူ နေထိုင်ရာအိမ်နှင့် ထိုအိမ်၏ မြေအောက်မှ ဆက်သွယ်ထားသောအိမ်။ ထိုနေရာနှစ်ခုမှာ အစွန်းရောက်ဂိုဏ်းက စိတ်ရောကိုယ်ပါ မြှုပ်နှံပြင်ဆင်ထားခဲ့သော လျှို့ဝှက်ခြေကုပ်များ ဖြစ်ပေသည်။
မော်လီ၏အိမ်က အစွန်းရောက်ဂိုဏ်း ပထမဆုံး စီစဉ်ခဲ့သည့် ဗိမာန်တော်ပင်။ ထိုနေရာတွင် လျှို့ဝှက်စုဝေးရာ အခန်းတစ်ခုလုပ်ရန် ဂိုဒေါင်၏ မြေအောက်ကိုတူးရင်း ပိတ်ထားသည့် မိလ္လာပိုက်လိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကာ ထိုပိုက်လိုင်းကို အသုံးပြုပြီး လျှို့ဝှက်လမ်းကြောင်းတစ်ခု ဖန်တီးခဲ့၏။ မြေအောက်လမ်းကြောင်းမှ ဗိမာန်တော်နှစ်ခုကို အောင်မြင်စွာ ဆက်သွယ်နိုင်သည်အထိ ဆယ်နှစ်ကျော် ကြာခဲ့သည်။ သို့ရာတွင် အစွန်းရောက်ဂိုဏ်း၏ သမိုင်းများရှိနေသည့် ထိုနေရာများက မိဖုရားနှင့် အဆက်အသွယ်လုပ်သည့်နေရာအဖြစ် အသုံးပြုချိန်တွင်တော့ အသုံးမဝင်တော့ပေ။ ရဲတိုက်ထဲသို့ တာနီယာကိုလွှတ်ရန် ကြိုးစားခဲ့သည့်ကိစ္စက အင်မတန် အန္တရာယ်များပေသည်။ ရိုဒရစ်ဂ်က မိဖုရားကို မယုံကြည်နိုင်သဖြင့် ဗိမာန်တော်နှင့် အစွန်းရောက်ဂိုဏ်း၏ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ရှင်းလင်းခဲ့၏။ ဘယ်အချိန် ဖမ်းမိဖမ်းမိ အမြီးဖြတ်ပြေးနိုင်စေရန်ဖြစ်သည်။ ရိုဒရစ်ဂ်က ထိုဗိမာန်တော်နှစ်ခု၏ တန်ဖိုးကို မိဖုရားပေးသော အလှူငွေထက် ပိုသည်ဟု ယူဆထား၏။
'တာနီယာ မော်လီက မိဖုရားကို မဖြစ်မနေ ခေါ်ဆောင်လာရမှာပဲ။'
သူက မိဖုရား သတင်းပါးလိုက်သည့်ရက်အထိ မစောင့်နိုင်တော့။ အဖြစ်အပျက်အချို့ကြောင့် စိတ်လောနေမိသည်။ အရေးအကြီးဆုံးက ငွေပင်။ အလှူငွေ ရရှိရေးအတွက် မည်မျှပင် မျက်နှာငယ်ရပါစေ ဦးညွှတ်ဝပ်တွားနိုင်၏။
'ဒီလောက်ဆိုရင် စိတ်ရင်းစစ်မှန်တဲ့သဘောထားကို ပြသရာရောက်လောက်ရောပေါ့။'
သူက အထုပ်ကိုဖွင့်ပြီး သားရေနှင့် ထုပ်ပိုးထားသည့် ပစ္စည်းတစ်ခုကိုထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
'အထွတ်အမြတ် ဘုန်းတော်ကြီးက ဘယ်လိုမှ အကြောင်းမပြန်ဘူးဆိုတော့......'
ရိုဒရစ်ဂ် စိတ်မလုံမခြုံဖြစ်နေရသည့် နောက်ထပ်အကြောင်းရင်းကား အထွတ်အမြတ်ဘုန်းတော်ကြီး ရှိမနေခြင်းပင်။ မိဖုရားကို သူတော်စင်အဖြစ် ကိုးကွယ်ပြီးသည့် နောက်ပိုင်းတွင် အထွတ်အမြတ်ဘုန်းတော်ကြီးက လျှို့ဝှက်ဆန်းကြယ်သော သံတမန်တစ်ယောက်ကို ရိုဒရစ်ဂ်ထံ မကြာခဏ စေလွှတ်ခဲ့၏။ ရိုဒရစ်ဂ် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်အတွင်း အထွတ်အမြတ်ဘုန်းတော်ကြီး၏ စကားကို ကြားခဲ့ရသည့် အကြိမ်အရေအတွက်က လွန်ခဲ့သော ဆယ်စုနှစ်များစွာထက်ပင် ပိုများခဲ့သည်။ သို့ရာတွင် မကြာသေးမီကစကာ ရုတ်တရက် မည်မျှပင် တောင်းပန်ခေါ်ဆိုပါစေ အထွတ်အမြတ်ဘုန်းတော်ကြီးက အဖြေပေး အကြောင်းပြန်ခြင်းမရှိတော့။
'အဲ့ဒီနေ့က စတာပဲ။'
အတော်လေးကြာမှ အထွတ်အမြတ်ဘုန်းတော်ကြီးကိုယ်တိုင် ကြွရောက်လာ၍ သူ့အား ဖူးမြော်ခွင့်ရသည့်နေ့နှင့် လာ့ခ်သုံးကောင် မြို့လယ်ခေါင်တွင် ပေါ်လာပြီး တစ်မြို့လုံး ဆူပူအုံကြွမှုဖြစ်စေခဲ့သော ထိုနေ့မှစကာ အထွတ်အမြတ်ဘုန်းတော်ကြီး ပျောက်ကွယ်သွားခြင်းပင်။
'လာ့ခ် သစ်ပင်......'
ရိုဒရစ်ဂ် မျက်မှောင်ကြုတ်လိုက်သည်။
ပထမတော့ ရိုဒရစ်ဂ်တစ်ယောက် ကြောက်ရွံ့သဖြင့် လာ့ခ်သစ်ပင်ရှိသည့် ပတ်ဝန်းကျင်သို့ လုံးဝမသွားရဲခဲ့။ မဟာ၏ ကောင်းချီးကိုရထားသော ထူးခြားအံ့ဖွယ် သစ်ပင်က မာရာ၏ အစွမ်းကို ပိုင်ဆိုင်ထားသည့် သူ့အပေါ် မည်သို့သော သက်ရောက်မှုများ ရှိလာမလဲဟု တွေးခဲ့၏။
သို့ရာတွင် ငွေရေးကြေးရေးပြဿနာနှင့် အထွတ်အမြတ်ဘုန်းတော်ကြီး မရှိတော့သည့် စိုးရိမ်ပူပန်မှုများက တွန်းအားပေးသလို ခံစားရသဖြင့် သတ္တိမွေးယူခဲ့သည်။ အဝေးမှကြည့်စဉ် ဘာမှမခံစားရ၍ သစ်ပင်ပတ်ပတ်လည်တွင် ကာထားသော ခြံစည်းရိုးရှေ့အထိ သွားခဲ့သော်လည်း ဘာမှမဖြစ်ခဲ့ပေ။
'ဒါက တကယ်ရော လာ့ခ် သစ်ပင်အစစ် ဟုတ်ရဲ့လား။'
မသင်္ကာစရာများရှိနေသော်လည်း မိဖုရားက လာ့ခ်ကို သစ်ပင်အဖြစ် ပြောင်းလဲလိုက်သည်ဟူသော ကောလာဟလကို လူတိုင်းက အမှန်တရားဟု ယုံကြည်နေကြလေသည်။ ထိုကောလာဟလက အမှန်သာဆိုလျှင် သူ နားမလည်နိုင်တော့။
'ဘာလို့ မိဖုရားက သူတော်စင် ဖြစ်နေရတာလဲ။'
အာနီခါဖြစ်သူ မိဖုရားကို သူတော်စင်အဖြစ် ကိုးကွယ်ခစားရန် အထွတ်အမြတ်ဘုန်းတော်ကြီးထံမှ အမိန့်ရကတည်းက အံ့သြစရာဖြစ်ခဲ့၏။ မိဖုရားပေးသော အလှူငွေများကို လက်ခံယူနေခဲ့စဉ်က မြှုပ်နှံထားခဲ့သော မေးခွန်းလည်း အစပြန်ပေါ်လာတော့သည်။
'မိဖုရားက သူတော်စင်ဆိုရင် ဘာလို့ လာ့ခ် သစ်ပင်ကို ဖန်တီးပြီး မဟာရဲ့ အရှိန်အဝါကို ပံ့ပိုးပေးနေရတာလဲ။'
ရာမီတာက မဟာ၏ စွမ်းအားဖြစ်နေသည်ကို မဟာ၏ကောင်းချီး အပြည့်အဝရရှိထားသူက ဘယ်လိုများ မာရာ၏ သူတော်စင် ဖြစ်နိုင်မည်နည်း။
ရိုဒရစ်ဂ်က အထွတ်အမြတ်ဘုန်းတော်ကြီးကို ဆက်သွယ်၍ရသည်နှင့် ဤသံသယကို မဖြစ်မနေ ဖြေရှင်းလို၏။
'ဒေါက် ဒေါက်' ဟု တံခါးခေါက်သံကြားတော့ ရိုဒရစ်ဂ် ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများထဲတွင် နီညိုရောင်အလင်းတန်းများ လည်နေ၏။ သူစိမ်းတစ်ယောက်သာ ဝင်လာလျှင် အိပ်မွေ့ချသည့် မှော်ပညာကို အသုံးပြုရန် အသင့်ပြင်ထားခဲ့သည်။
“လူကြီးမင်း၊ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကို ခေါ်လာခဲ့ပါပြီ။”
ရိုဒရစ်ဂ်၏ မျက်လုံးများက ပုံမှန်အရောင်သို့ ပြန်ရောက်သွား၏။ စားပွဲရှေ့တွင် ထိုင်နေသည့် သူက ချက်ချင်းထရပ်ကာ တံခါးကို ဖွင့်လိုက်သည်။ တံခါးဝတွင် လူနှစ်ယောက်ရပ်နေ၏။
ရိုဒရစ်ဂ်က မော်လီ၏ဘေးတွင် ရပ်နေကာ ခြင်းတောင်းလေးကို ကိုင်ထားသည့် အမျိုးသမီးအား ကိုယ်ကိုကိုင်းညွှတ်၍ အရိုအသေပေးလိုက်သည်။
“အရှင်မရဲ့ အဖိုးမဖြတ်နိုင်စရာ ကြွရောက်လာမှုအတွက် ကျေးဇူးတင်ပါတယ်။”
ငယ်ထိပ်ကို မြင်နေရသည့် ရိုဒရစ်ဂ်ကို ငုံ့မိုးကြည့်နေရာမှ ယူဂျင်းက သူ့အရှေ့တွင် ပေါ်လာသော ဂျင်၏မှတ်ဉာဏ်များကို တစ်ချက်ကြည့်လိုက်သည်။
ပတ်ဝန်းကျင်နောက်ခံက ဆိုင်အတွင်းပိုင်းလိုပင်။ ကျဉ်းမြောင်းသော ဆိုင်လေးထဲတွင် တိုလီမိုလီ ပစ္စည်းအမျိုးမျိုး ရှုပ်ပွကာ ပြန့်ကျဲနေ၏။ ရိုဒရစ်ဂ်က ယနေ့လိုပင် ခါးကိုတစ်ဝက်နီးပါးကွေးပြီး ဦးညွှတ်ထားရင်း ပြောခဲ့သည်။
[အရှင်မရဲ့ အဖိုးမဖြတ်နိုင်စရာ ကြွရောက်လာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကို ဧည့်ခံခွင့်ရတာက တစ်သက်တာ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ ကျွန်တော်မျိုးက ရိုဒရစ်ဂ်ပါ။ သူတော်စင်အရှင်မကို ဦးညွှတ်ဂါရဝပြုပါတယ်။ မာရာရဲ့ ကောင်းချီး ထာဝရတည်ပါစေ။]
[သူတော်စင်တဲ့လား။]
[သူတော်စင်အဖြစ် ကိုးကွယ်ခစားဖို့ အမိန့်တော် ရထားပါတယ်။]
ဤသည်က နှစ်ယောက်သား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည့် မှတ်ဉာဏ်ပုံရိပ်ဖြစ်မည့်ပုံပင်။
[ငါက သူတော်စင်ဆိုရင် နင်က ငါ့အတွက် ဘာတွေလုပ်ပေးနိုင်လဲ။]
[ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပြီး သူတော်စင်အရှင်မရဲ့ အလိုတော်အတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်။]
[ထူးခြားတဲ့နယ်ပယ်ရဲ့ သတင်းအချက်အလက် ပွဲစားဆို။ အဲ့ဒီဘက်မှာ နင်က အတော်ဆုံးပဲလို့ ကြားထားတယ်။]
[အမြင့်ကြီး တန်ဖိုးထားပြီး ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ်။]
[နင် ရှေ့လျှောက် ဒီစွမ်းရည်ကို ငါ့အတွက်ပဲ အပြည့်အဝ အသုံးပြုသွား။]
မှတ်ဉာဏ်ပြီးဆုံးသွားသည့်နောက် ယူဂျင်းက ရိုဒရစ်ဂ်အရှေ့မှ ဖြတ်ကာ အထဲသို့ ဝင်လာခဲ့သည်။ သူက ကျဉ်းမြောင်းပြီး ဟောင်းနွမ်းနေသည့် အခန်းကို ဖြည်းဖြည်းချင်း တစ်ပတ်လောက် ကြည့်လိုက်၏။ မော်လီက စားပွဲမှ ခုံကို လျင်မြန်စွာ ဆွဲထုတ်ပေးကာ ဂါရဝပြုသည့် အနေအထားနှင့် စောင့်ဆိုင်းနေခဲ့သည်။
ယူဂျင်းလည်း ကိုင်ထားသော ခြင်းတောင်းကို စားပွဲပေါ်တင်ကာ ခုံတွင်ထိုင်လိုက်၏။ သူ့အကြည့်က ခြင်းတောင်းကို မသိမသာလေး ဖြတ်သန်းသွားသည်။ ထိုခြင်းတောင်းထဲတွင် စစ်သည်တော် အနည်းငယ်၏ အခန်းကဏ္ဍကို လုပ်ဆောင်ပေးနိုင်သော အခိုင်အမာ အားကိုးရသည့် ကိုယ်ရံတော်လေး ပုန်းအောင်းနေလေ၏။
‘တော်လိုက်တာ။ ပြန်ရောက်ရင် ဆုချရမယ်။’
လွန်ခဲ့သော ရက်ပိုင်းလောက်က ကြိုတင်လေ့ကျင့်ကြည့်မည်ဟုဆိုကာ အာဘူကို ခြင်းတောင်းထဲထည့်ပြီး လျှောက်သွားခဲ့စဉ်က ခြင်းတောင်းထဲတွင် မကျေမနပ်အသံများဖြင့် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။ စိတ်ထဲမှ သံသယဝင်ခဲ့သော ယူဂျင်း၏ စိုးရိမ်ပူပန်မှုနှင့်ဆန့်ကျင်စွာ ဤနေရာအထိ လာခဲ့စဉ်တစ်လျှောက်လုံး အာဘူက အသံမပြုသည့်အပြင် သူ့အား ဖုံးထားသည့် အဝတ်စပင် လှုပ်ရှားသွားသည့် အရိပ်အယောင်မရှိဘဲ ငြိမ်သက်နေ၏။
ရိုဒရစ်ဂ်က တံခါးပိတ်ပြီးနောက် ယူဂျင်း၏ရှေ့မှောက်တွင် မျက်နှာအပ်ကာ ဝပ်တွားခဲ့သည်။
“မာရာရဲ့ ကျေးကျွန်က သူတော်စင်အရှင်မကို ဂါရဝပြုပါတယ်။ နောက်တစ်ခါ ဖူးမြော်ခစားခွင့်ရမဲ့နေ့ကို မျှော်လင့်တကြီး စောင့်စားနေခဲ့တာပါ။ ကျွန်တော်မျိုး တောင်းဆိုထားတဲ့အတိုင်း ဒီနေရာအထိ ကြွရောက်လာပေးတဲ့အတွက် အင်မတန် ကျေးဇူးတင်မိပါတယ်။”
“ထတော့။”
“သူတော်စင်အရှင်မရဲ့ ရက်ရောမှုကို ကျေးဇူးတင်ပါတယ်။ သူတော်စင်အရှင်မအပေါ် မာရာရဲ့ ကောင်းချီး ထာဝရတည်ပါစေ။”
ရိုဒရစ်ဂ်က နေရာမှ ထရပ်လိုက်သည်။ ဘယ်လိုနေရမှန်းမသိဟန်ဖြင့် လက်နှစ်ဖက်ကိုယှက်ကာ ခါးကိုညွှတ်ပြီး ကိုယ်ကို ရှေ့သို့ကိုင်းလိုက်၏။
“ဘာလို့ ဒီနေရာမှာ စောင့်နေရတာလဲ။”
ယူဂျင်းက ပထမဆုံးအကြိမ် ရိုဒရစ်ဂ် ပေါ်လာခဲ့သော မှတ်ဉာဏ်ကို မြင်ခဲ့ရသည့် ဂိုဒေါင်အဆောက်အအုံများ စီတန်းနေရာ လမ်းပေါ်မှ အဆောက်အအုံတွင် တွေ့မည်ဟု ထင်ထားခဲ့၏။ သို့ရာတွင် လမ်းပြပေးသော မော်လီက လမ်းမှားကို လျှောက်ခဲ့သဖြင့် အံ့သြသွားရသည်။ ခြင်းတောင်းထဲမှ အာဘူသာ မရှိခဲ့ဘူးဆိုလျှင် အင်မတန် ပူပန်ကြောင့်ကြနေမိပေမည်။
“စစ်သည်တော်တွေက အနီးအနားမှာ ချောင်းမြောင်းနေတဲ့အတွက် နေရာပြောင်းလိုက်တာပါ။ သတိထားနေရလို့ နေရာကို ကြိုတင်မပြောပြနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ။”
‘ဒီလိုနေရာမျိုးတွေ အများကြီး ရှိနေတာလား။’
“တာနီယာကို ရဲတိုက်ထဲ စေလွှတ်ပြီးတဲ့နောက်ပိုင်း သတင်းစကားကိုပဲ စောင့်နေခဲ့ပါတယ်။ တာနီယာက သူတော်စင်အရှင်မရဲ့ အသုံးဝင်တဲ့ အလုပ်အကျွေးဖြစ်ဖို့ လုံလောက်မှု မရှိဘူးလားခင်ဗျ။”
“မပြောတတ်သေးဘူး။ ဆက်ပြီး စောင့်ကြည့်သွားဖို့ပဲ စဉ်းစားထားတယ်။”
“သူတော်စင်အရှင်မ။ တာနီယာက သူတော်စင်အရှင်မရဲ့ သစ္စာရှိ နောက်လိုက်ပါ။”
ယူဂျင်းက စားပွဲကို လက်ဖြင့်ရိုက်ချကာ ကြမ်းတမ်းခက်ထန်စွာ ပြောလိုက်သည်။
“သစ္စာရှိနောက်လိုက်ပေါ့လေ၊ ဟုတ်လား။ နင်လွှတ်လိုက်တဲ့ လူတွေကြောင့် ငါ ဘယ်လိုတွေ ဒုက္ခ ရောက်ခဲ့ရသလဲဆိုတာ သိရဲ့လား။”
“ခင်ဗျာ။ အဲ့ဒီကလေးက ဘယ်လိုအမှားမျိုးကို လုပ်ခဲ့တာပါလဲ။”
“အဲ့ဒီကလေးရဲ့ အရင်က။”
ယူဂျင်းက ပျောက်ဆုံးသွားသော ရံရွေတော် တာနီယာ အယ်လီကို ဆွဲသွင်းလိုက်သည်။ ဂျင်နှင့်အတူ ကန္တာရထဲသို့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားသော အယ်လီ၏ အခြေအနေကို ရိုဒရစ်ဂ်လည်း သိနိုင်မည်မဟုတ်ပေ။ လိမ်လည်ပယောဂရှာပြီး ရိုဒရစ်ဂ်ကို အပြစ်တင်ရန် အကြောင်းပြချက်အဖြစ် အသုံးဝင်ခဲ့၏။
“ငါ့အနေအထားက တော်တော်လေး အခက်အခဲဖြစ်နေပြီ။ နင့်ကို သတိထားပြီး စောင့်နေဖို့ ပြောခဲ့တာရော၊ ငွေလွှဲလက်မှတ်တွေ ပေးတာကို ရပ်လိုက်တာရော အဲ့ဒီအကြောင်းရင်းကြောင့်ပဲ။”
ရိုဒရစ်ဂ်တစ်ယောက် လွန်ခဲ့သော ရက်ပိုင်းလောက်က တွေ့ခဲ့သည့် မော်လီထံမှ မိဖုရား၏ လတ်တလောအခြေအနေကို ကြားသိထားခဲ့သည်။ ယူဂျင်း ထင်ထားသည့်အတိုင်း မော်လီက ယူဂျင်းကို နာခံသလို ရိုဒရစ်ဂ်ကိုလည်း နာခံ၏။
ရိုဒရစ်ဂ်လည်း မိဖုရား ယခင်ကနှင့်မတူဘဲ တက်ကြွစွာ ကိစ္စအမျိုးမျိုးကို စတင်လုပ်ဆောင်နေသည်ဟု ကြားလိုက်ရတော့ မိဖုရား၏ရည်ရွယ်ချက်က ဘာဖြစ်မလဲဟု စဉ်းစားခဲ့သည်။ မာရာ၏ အစွန်းရောက်ဂိုဏ်းကို နောက်ထပ် အသုံးမလိုတော့၍ သစ္စာဖောက်ရန် ကြံစည်နေခြင်းပဲလားဟု သံသယဝင်ခဲ့ပြီးမှ ထင်မှတ်မထားသည့် စကားကို ကြားလိုက်ရသဖြင့် မျက်လုံးပြူးသွားရ၏။
“သူတော်စင်အရှင်မ။ အဲ့ဒီကလေးက ဘယ်လိုအမှားများ လုပ်ခဲ့လို့ပါလဲ။”
~~~~
Miel's Translations