no

Font
Theme

အပိုင်း ၅၀

ရံရွေတော်နှင့်အတူ ဝင်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားကိုကြည့်ရင်း ယူဂျင်းတစ်ယောက် အဝတ်အစားဝတ်ဆင်ထားသည့် ဘောလုံးကို စိတ်ကူးထဲတွင် မြင်ယောင်မိသွားသည်။ ခပ်ပုပုအရပ်၊ ဝိုင်းစက်သော မျက်နှာ၊ တုတ်ခိုင်သည့် ခါးနှင့်ယှဉ်လိုက်လျှင် သေးငယ်သော ခန္ဓာကိုယ် အပေါ်ပိုင်းနှင့်အောက်ပိုင်းက ဘောလုံးတစ်လုံးနှင့် ဆင်တူ၏။

ဘဏ်မန်နေဂျာ ဂျိမ်းစ်က ဆိုဖာပေါ်တွင် ထိုင်နေသော ယူဂျင်းနှင့် သင့်တော်သော အကွာအဝေးတွင် နေရာယူကာ ဦးညွှတ်ခဲ့သည်။

“အရှင် မိဖုရားကို ဂါရဝပြုပါတယ်။ ကျန်းမာပါရဲ့လားခင်ဗျ။”

ယူဂျင်းက ဘဏ်မန်နေဂျာနှင့် ပတ်သက်သော အချက်အလက်အနည်းငယ်ကို ကြိုတင်သိထားပြီးသားဖြစ်သည်။ ယခင်က ဂျင် ဘဏ်မန်နေဂျာကို သီးသန့်ခေါ်တွေ့ဖူးခြင်းမရှိခဲ့။ ဘဏ်မန်နေဂျာက နှစ်တစ်နှစ်၏ နောက်ဆုံး ခြောက်သွေ့ရာသီပြီးဆုံးတိုင်း ပုံမှန်အစီရင်ခံစာ လာရောက်တင်ပြလေ့ရှိသည်ဟု သိရ၏။

ဆာရာက ဘဏ်မန်နေဂျာ မိဖုရားထံ အခစားဝင်စဉ် ရှိမနေရသဖြင့် သူတို့တွေ ဘာပြောကြမှန်းလည်း မသိပေ။ ဘဏ်မန်နေဂျာက အကြာကြီးနေခြင်းမရှိဘူးဟုလည်း သိရ၏။ ထို့ကြောင့် ဂျင်နှင့် ဘဏ်မန်နေဂျာကြားတွင် ရင်းနှီးသော ဆက်ဆံရေးမျိုးမရှိဟု ယူဂျင်း ခန့်မှန်းခဲ့သည်။

ယခုနှစ်၏ နောက်ဆုံးခြောက်သွေ့ရာသီက မစသေးပေ။ တော်သေး၍ ဘဏ်မန်နေဂျာ မိဖုရားနှင့် နောက်ဆုံးတွေ့ခဲ့ချိန်မှာ လွန်ခဲ့သော ခြောက်လခန့်က ဖြစ်ပေလိမ့်မည်။ ဘဏ်မန်နေဂျာသာ မကြာသေးခင်ကပဲ ဂျင်နှင့် တွေ့ခဲ့မည်ဆိုလျှင် ယူဂျင်းသည်လည်း ဘဏ်မန်နေဂျာနှင့် တွေ့ဆုံရန် သတိထားရပေမည်။

“ကြိုဆိုပါရဲ့။ လာထိုင်လေ။”

“ကျေးဇူးကြီးလှပါတယ်။ အာနီခါ….အရှင်မိဖုရား။”

ဘဏ်မန်နေဂျာက အသုံးအနှုန်းကို မြန်မြန်ပြန်ပြင်ခဲ့သည်။ အထဲဝင်မလာခင် ပြောင်းလဲသွားသည့် အသုံးအနှုန်းကို သတိထားရန် အကြံပေးခံခဲ့ရပုံပင်။

“စစ်ဆေးစရာလေးတစ်ခုရှိလို့ အစီရင်ခံဖို့ပြောလိုက်တာ။”

“ပြောသာပြောပါခင်ဗျ။”

“ငါ မောင်မင်းကို ပထမဆုံးအကြိမ်တွေ့ခဲ့တာ ဘယ်တုန်းကလဲ။”

“လွန်ခဲ့တဲ့သုံးနှစ် အရှင်မိဖုရား နန်းတော်ကို ရောက်လာပြီး သိပ်မကြာခင် အချိန်လောက်ကပါ။”

“အင်း။ အဲ့ဒီတုန်းကပေါ့။”

ယူဂျင်းက မှတ်မိသယောင် ဟန်ဆောင်လိုက်သည်။

"သုံးနှစ်တောင် ရှိသွားပြီကိုး။ ငါ မောင်မင်းဆီမှာ ငွေအပ်ထားခဲ့တာလည်း တော်တော်ကြာပြီဆိုတော့ အခုအချိန်အထိ ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီလဲဆိုတာကို ကြည့်ချင်တယ်။”

"အရှင်မိဖုရား၊ ဧကန္တ ကျွန်တော်မျိုး အမှားတစ်ခုခုများ လုပ်မိလို့ပါလား။"

"ဟင့်အင်း၊ ဒီအတိုင်း စစ်ဆေးကြည့်ရုံသက်သက်ပဲ။"

ထိုလူက စကားပြောနေစဉ် တစ်လျှောက်လုံး ဂနာမငြိမ်ဖြစ်နေသည်။ သူ၏ ပျာယာခတ်နေပုံကိုကြည့်ရင်း ယူဂျင်းလည်း ဤနေရာက အဆင့်အတန်းခွဲခြားထားသည့် လူ့အဖွဲ့အစည်းဖြစ်ကြောင်း တစ်ဖန်ပြန်၍ သတိရလိုက်၏။

မူလ ဂျင်နှင့် ပုံမှန်မဟုတ်သော အထက်အောက်ဆက်ဆံရေးရှိသည့် ရိုဒရစ်ဂ်မှလွဲ၍ ဘဏ်မန်နေဂျာက ယူဂျင်းတွေ့ဖူးသည့် ပထမဆုံးသော အပြင်လူပင်။

လူတိုင်း ယူဂျင်းအရှေ့တွင် ဘဏ်မန်နေဂျာကဲ့သို့ ပြုမူမည်လားတော့ မသိနိုင်သော်လည်း သူ၏ ထူးထူးခြားခြား တုန်လှုပ်ချောက်ချားနေပုံကား မူမမှန်ပေ။

ထိုလူသာ အလွန်အကျွံပြုမူနေခြင်းဆိုလျှင် မာရီအန်းက တစ်ခွန်းတစ်လေ ပြောဆိုသတိပေးပေလိမ့်မည်။ သို့သော် ယူဂျင်း၏ နားထဲတွင် ဘာစကားမှမကြားရ။

'ဘဏ်မန်နေဂျာဆိုတာ လူမှုရေးအသိုင်းအဝိုင်းမှာ အောင်မြင်သူပဲ။'

ဘဏ်မန်နေဂျာမှာ နဂိုကတည်းက မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူမဟုတ်ဟုဆိုသည်။ ထို့ကြောင့်ပင်ပဲလား။

သူ့အရှေ့တွင် မျက်လုံးချင်းဆုံအောင်ပင် ကောင်းကောင်းမကြည့်ရဲသည့် သက်လတ်ပိုင်းအရွယ်လူကိုကြည့်ရင်း ယူဂျင်း၏ စိတ်ထဲတွင် မတင်မကျဖြစ်နေရသည်။

"အခု ဒီနေရာမှာပဲ အချက်အလက်တွေကို စစ်ဆေးကြည့်လို့ရမလား။"

"ရပါတယ် အရှင်မိဖုရား။ သံသယဝင်စရာ ဘာမှမရှိစေရအောင် မှန်ရာမှန်ကြောင်း အရှိအတိုင်း အားလုံးကို တင်ပြပါ့မယ်။"

ဂျိမ်းစ်က ကိုယ်ကို အနည်းငယ် လှည့်ကာ နောက်ဘက်သို့ လက်ယပ်ခေါ်လိုက်သည်။ ဂျိမ်းစ်နှင့်အတူပါလာသော လူငယ်က တံခါးဝတွင် ရပ်နေဆဲရှိ၏။ ထိုလူငယ်က ဂျိမ်းစ်၏ လက်ရိပ်လက်ကဲကို ချက်ချင်းနားလည်ကာ ချဉ်းကပ်လာပြီး သူကိုင်ထားသော အစိမ်းရောင်သားရေအိတ်ကို ပေးခဲ့သည်။

ဂျိမ်းစ်က အိတ်ကိုယူ၍ အတွင်းမှ စာရွက်စာတမ်းများကို ထုတ်လိုက်၏။ ဆင့်ခေါ်စဉ်က အကြောင်းရင်းကို ကြိုတင်မပြောပြခဲ့သော်လည်း ဘဏ်မန်နေဂျာ၏ စေ့စေ့စပ်စပ်ပြင်ဆင်ထားမှုကား ချီးကျူးစရာပင်။

"ဒါက ပထမဆုံး အပ်နှံငွေလက်မှတ်ပါ။ ဒါကတော့ နောက်ဆုံးထုတ်ယူမှုအထိ စစ်ဆေးပြီး လက်ကျန်ငွေကို မှတ်တမ်းတင်ထားတဲ့ ရှင်းတမ်းပါခင်ဗျ။"

ဘဏ်မန်နေဂျာက ရှင်းပြချက်များကို ဖြည့်စွက်ပြောကြားရင်း စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် စားပွဲပေါ်တင်ခဲ့သည်။ နောက်ဆုံးတွင်တော့ အတော်လေးထူထဲသော စာရွက်စာတမ်းအတွဲကို တင်လိုက်၏။

"ဒါကတော့ ဒီအတောအတွင်း ငွေထုတ်ယူမှုမှတ်တမ်းနဲ့ ဆက်စပ်စာရွက်စာတမ်းတွေကို အသေးစိတ်ရှင်းပြထားတာပါ။"

စစ်ဆေးရမည့် စာရွက်စာတမ်းများက မျှော်လင့်ထားသည်ထက် ပိုများနေ၏။ မူလက ငွေမည်မျှရှိသည်ကိုသာ သိအောင်လုပ်ရန် တွေးခဲ့သော်လည်းယူဂျင်း စိတ်ပြောင်းသွားသည်။

"ငါ အချိန်ယူပြီး ဖြည်းဖြည်းချင်းကြည့်ရမှာပဲ။ ထားခဲ့ပြီး သွားတော့။"

ဘဏ်မန်နေဂျာက ချက်ချင်းမဖြေဘဲ ချီတုံချတုံဖြစ်နေသည်။

"အဲ့ဒီလိုလုပ်လို့မဖြစ်တဲ့ အကြောင်းရင်းရှိလို့လား။"

"ဒီစာရွက်စာတမ်းတွေကို ငွေထုတ်ဖို့အတွက် မဖြစ်မနေ လိုအပ်ပါတယ်ခင်ဗျ။"

"ငါ သီးသန့်အမိန့်မပေးမချင်း အကောင့်ကို ဆိုင်းငံ့ထားလိုက်။ ဘယ်သူ့ဆီကမှ ငွေလွှဲလက်မှတ်ယူပြီး ငွေမထုတ်ပေးနဲ့။"

ငွေလွှဲလက်မှတ်ထုတ်ပေးခြင်းမှာ ဘဏ်၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပြဿနာပင်။ အခြားသူသာ ဤကဲ့သို့ တောင်းဆိုခဲ့မည်ဆိုလျှင် ဘဏ်မန်နေဂျာအနေနှင့် ဒေါသထွက်မိမည်ဖြစ်သော်လည်း သူက ဘာမှမပြောဘဲ ဦးညွှတ်လိုက်သည်။

"အမိန့်တော်အတိုင်းပါ အရှင်မိဖုရား။"

ယူဂျင်းက အားလုံးကို အပြင်လွှတ်လိုက်ပြီးနောက် တုန်လှုပ်နေသောစိတ်ဖြင့် အပ်နှံငွေလက်မှတ်ကို စယူလိုက်သည်။

ဤနေရာမှ ဂဏန်းများက အာရေဗျ ဂဏန်းများနှင့် ရေးသားပုံ အင်မတန်ဆင်တူ၏။ ကမ္ဘာမြေတွင် ပုံမှန်အားဖြင့်အသုံးပြုသော ဆယ်လီကိန်းစနစ်ကို အသုံးပြုထားသဖြင့် ကြည့်ရလွယ်ကူပေသည်။

ငွေကြေး ယူနစ်ကား ရွှေဒင်္ဂါးပင်။ ယူဂျင်းက ဘဏ်မန်နေဂျာ ပြောခဲ့သော အပ်နှံငွေပမာဏကို ကမ္ဘာမြေပေါ်မှ ငွေကြေးယူနစ်သို့ ပြောင်းလဲတွက်ချက်လိုက်သည်။ သူ့နှုတ်ခမ်းများ အနည်းငယ်ဟသွားတော့၏။

'ကိုရီးယားဝမ်နဲ့ဆိုရင်....ဘီလီယံ ၂၀၀နီးပါးပဲ။'

ဤသည်မှာ အိတ်ဆောင် မုန့်ဖိုးပဲဖိုးအဆင့်မဟုတ်ပေ။ ဂျင်က ဤမျှအထိ ချမ်းသာခဲ့သည်လား။

'ဒါဆို စာအုပ်တွေစုဆောင်းဖို့ မတတ်နိုင်လို့ မရဏဘုရင်နဲ့ လက်ထပ်ခဲ့တယ်ဆိုတဲ့ ယူဆချက်က အဓိပ္ပာယ်မရှိဘူးပေါ့။'

ဤမျှလောက် ငွေအများကြီးရှိလျက်နှင့် သူ့ဝါသနာအတွက် ရဲတိုက်ဘဏ္ဍာငွေများကို သုံးခဲ့သတဲ့လား။ ကိုယ့်ပိုက်ဆံကိုယ် မသုံးချင်သည့် ကပ်စေးနှဲပဲလား၊ သို့မဟုတ် အရှက်မရှိသူပဲလား။

'ဘယ်လောက် ကျန်ဦးမလဲ။ အစားအသောက်၊ အဝတ်အစား ကုန်ကျစရိတ်အားလုံးကို ရဲတိုက်က ထောက်ပံ့ပေးနေတာဆိုတော့ ပိုက်ဆံသုံးစရာ ဘာရှိဦးမှာလဲ။'

ယူဂျင်းက နောက်ဆုံးလက်ကျန်ငွေပါသည့် စာရင်းရှင်းတမ်းကို ထပ်စစ်ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူ့မျက်လုံးများ တုန်လှုပ်သွားကာ လက်တစ်ဖက်ဖြင့် စာရင်းရှင်းတမ်းကို ပစ်ချလိုက်မိ၏။

'ဘာလို့ တစ်ဝက်အပြင် မရှိတော့တာလဲ။'

ယူဂျင်းတစ်ယောက် ငွေထုတ်စာရင်း အထူကြီးကို ကမန်းကတန်း ဖွင့်လိုက်သည်။ တရားဝင်ထုတ်ယူခဲ့သည်ဟူသော အထောက်အထားစာရွက်များ အများအပြားပူးတွဲပါနေ၍သာ ထူနေခြင်းဖြစ်ပြီး အထဲတွင်ပါသည့် အကြောင်းအရာက များများစားစားမရှိပေ။

လွန်ခဲ့သော ၃ နှစ်အတွင်း ငွေက အဆက်မပြတ်ထွက်နေခဲ့သည်။ တစ်ကြိမ်ထုတ်သည့်ပမာဏက အနိမ့်ဆုံး သန်း ဆယ်ဂဏန်းမှ အများဆုံး ဘီလီယံအထိရှိ၏။ အခြောက်ခံထားသော တည်သီးများကို နည်းနည်းချင်းစီ တစ်တိတစ်တိ ယူစားသကဲ့သို့ အများကြီးရှိသောငွေများက သုံးနှစ်အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။

"ဂျင်..."

ယူဂျင်း အံတင်းတင်းကြိတ်ကာ စာရွက်စာတမ်းများကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

ဝမ်ငွေ ထောင်ဂဏန်းလောက်လေးကိုပင် ချွေတာခဲ့ရသည့် ကမ္ဘာမြေပေါ်မှ သူ၏ပုံရိပ်က ထပ်တူကျလာ၏။ ရှိမှန်းပင်မသိခဲ့သည့်ငွေများဖြစ်သော်လည်း နှမြောလွန်း၍ မျက်ရည်ကျချင်လာသည်။

"ဒီလောက်များတဲ့ငွေတွေကို သုံးနှစ်အတွင်းမှာ ဘယ်လိုလုပ်ပြီး ဖြုန်းပစ်ရတာလဲ။ အား၊ စိတ်တိုလိုက်တာ။"

ယူဂျင်းတစ်ယောက် တစ်ချက်လောက် ဒေါသတကြီးပေါက်ကွဲပြီးမှ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းပြီး ငွေထုတ်စာရင်းကို ပြန်ဖွင့်လိုက်သည်။ ငွေထုတ် အထောက်အထားစာရွက်များတွင် ငွေလွှဲလက်မှတ်များ ပါရှိ၏။

ငွေလွှဲလက်မှတ်၏ ပုံစံက ရိုးရှင်းပေသည်။ မဟာတွင်သုံးသည့် ငွေလွှဲလက်မှတ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း မည်သို့အသုံးပြုရမည်ကို သိနေသလိုပင်။

ငွေလွှဲလက်မှတ် အာမခံသူ၏ နာမည်ရေးသည့်နေရာတွင် ဂျင်၏တံဆိပ်တုံး ရိုက်နှိပ်ထားသည်။ ယူဂျင်း ပြီးခဲ့သည့်တစ်ခေါက် အစိုးရစာရွက်စာတမ်းများတွင် တံဆိပ်တုံးရိုက်နှိပ်ခဲ့စဉ်က သုံးခဲ့သည့် တံဆိပ်တုံးမဟုတ်ပေ။

'ဒီပုံစံက... အိပ်ခန်း အံဆွဲထဲက တံဆိပ်တုံးနဲ့ တူတာပဲ။'

အပ်နှံငွေလက်မှတ်ကို ပြန်ကြည့်တော့လည်း ပုံစံတူတံဆိပ်တုံး ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ ဤသည်က ဂျင် ကိုယ်ရေးကိုယ်တာအတွက်သုံးသည့် တံဆိပ်တုံးဖြစ်မည့်ပုံပင်။

ယူဂျင်းက ငွေထုတ်စာရင်းအသေးစိတ်ကို အစကနေ ပြန်ဖတ်ကြည့်လိုက်သည်။ ငွေထုတ်သည့် ရက်စွဲများရော၊ ပမာဏများပါ တစ်ခုနှင့်တစ်ခု မတူကြပေ။

'ပိုက်ဆံကို ရိုဒရစ်ဂ် သုံးတာပဲဖြစ်မယ်။ ဂျင်က တစ်ခါတည်းနဲ့ ငွေလွှဲလက်မှတ်တွေ အများကြီး ကြိုပေးထားပြီး သူက လိုအပ်တဲ့အချိန်တိုင်း နည်းနည်းချင်း ထုတ်သုံးခဲ့တာကိုး။'

ယူဂျင်းက ဝပ်တွားစွာ ခစားခဲ့သည့် ထိုလူကိုပြန်တွေးရင်း နှာခေါင်းရှုံ့လိုက်သည်။

'သူတော်စင်အရှင်မဆိုတာက ဘာလဲ။ ငွေထုပ်ကြီးလား။'

ဤငွေများကို အကုန်သုံးပစ်လိုက်သည့် အကြောင်းရင်းကိုတွေးလိုက်တော့ ယူဂျင်းလည်း တစ်စုံတစ်ယောက်က လည်ပင်းညှစ်ထားသည့်အလား အသက်ရှူကျပ်လာတော့သည်။ ဂျင်က ရှေးဟောင်းစာအုပ် အချက်အလက်များ ဝယ်ယူသည်ဟုဆိုကာ ငွေများပေးခဲ့သော်လည်း ယင်းက တကယ့်ရည်ရွယ်ချက် မဖြစ်နိုင်ပေ။

'ဘာသာရေးစွန်းရောက်ဂိုဏ်းထဲ ဝင်ခဲ့တာပဲ။ ဂျင်က ရန်ပုံငွေတွေ ထောက်ပံ့နေခဲ့တာ။'

ကမ္ဘာမြေပေါ်မှ ငွေကြေးယူနစ်နှင့်ဆိုလျှင် ဘီလီယံရာနှင့်ချီသော ငွေများပင်။ ဤမျှရှိသော ပမာဏနှင့် မည်သို့သောအဖွဲ့အစည်းမျိုး တည်ထောင်ထားမည်ကို မှန်းဆကြည့်၍ပင်မရခဲ့။

ယခုမှစ၍ ပိုက်ဆံချေးပြီး ပြဿနာကို ဖြေရှင်း၍ရမည်လား။

'...ဘယ်ဖြစ်နိုင်ပါ့မလဲ။'

တော်သေးသည်က ဤအစွန်းရောက်ဂိုဏ်းကို ဤနေရာမှလူများက အင်မတန် မုန်းတီးကာ ရန်သူဟုသဘောထားပြီး မကောင်းသည့်အဖွဲ့အစည်းအဖြစ် သတ်မှတ်မထားသောအချက်ပင်။ ပိုက်ဆံထောက်ပံ့ခဲ့ခြင်းသာ ပေါ်သွားမည်ဆိုလျှင် လမ်းပေါ်တွင်ခဲနှင့်ပေါက်သတ်ခံရမည်တော့မဟုတ်။

'ငွေတွေရဲ့ မူလရင်းမြစ်ကိုလည်း စုံစမ်းရမယ်။'

ဂျင် လက်ထပ်ပြီး ရဲတိုက်သို့ ရောက်လာစဉ်က ယူလာသောငွေများမှာ မိသားစုကပေးလိုက်သည်ဟုပြောရန် အင်မတန် လွန်ကဲလှသော ပမာဏပင်။ ဂျင်က အထွတ်အမြတ်မြို့တော်ရှိ နာမည်ကျော်ပြီး ချမ်းသာကြွယ်ဝသည့်မျိုးရိုးမှ မွေးဖွားလာသူဖြစ်သော်လည်း မိသားစု၏ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်လျှင်ပင် ဤပမာဏ ရှိမည်မဟုတ်ပေ။

ယူဂျင်းက ဆိုဖာတွင် ကျောမှီကာ လေဟာနယ်ထဲသို့ကြည့်ရင်း သက်ပြင်းချလိုက်သည်။ လုပ်စရာများ များလွန်း၍ ဘယ်ကစရမည်မှန်းပင် မသိတော့။

'လုပ်စရာတွေများတော့ ထိုင်နေဖို့တောင် အချိန်မရတော့ပါလား။'

သူက သရော်ပြုံး ပြုံးလိုက်သည်။ တော်သေးသည်ဟုပဲ ဆိုရမည်လား။

~~~~

ယူဂျင်းတစ်ယောက် ယနေ့ အလုပ်ရှုပ်နေသည်။ ဘဏ်မန်နေဂျာနှင့်တွေ့ပြီးနောက် တရားဝင် ရဲတိုက်၏ ဘဏ္ဍာရေးအခြေအနေကို စတင်စုံစမ်းမေးမြန်းခဲ့၏။

နဂိုကတော့ မိဖုရားလုပ်ရမည့်အလုပ်ကို ယခုထက်ထက်ထိ အထိန်းတော်ချုပ်က လုပ်ဆောင်နေခဲ့သည်။ ထို့ကြောင့် ယူဂျင်းက တစ်နေ့လယ်ခင်းလုံး အထိန်းတော်ချုပ်နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ တာဝန်လွှဲပြောင်းမှုကို လက်ခံနေခဲ့ရ၏။

သူ့အိပ်ခန်းနှင့် မဝေးသည့်နေရာတွင် ရုံးခန်းနေရာတစ်ခု ဖန်တီးနေဆဲရှိသေးသည်။ စာကြည့်ခန်းက အိပ်ခန်းနှင့် အလှမ်းဝေးသဖြင့် ရုံးခန်းအဖြစ် အသုံးပြုရန် မသင့်တော်ပေ။

ထို့အပြင် ဂျင်က ထိုစာကြည့်ခန်းတွင် သူမတွေ့ရသေးသည့် လျှို့ဝှက်ချက်တစ်ခုခုကို ဝှက်ထားတာလည်း ဖြစ်နိုင်၏။ အခြားလူကိုတော့ ဤအကြောင်း ထုတ်မပြောချင်ပေ။

ယူဂျင်း တရားဝင်ရုံးလုပ်ငန်းများ စလုပ်ရန်အတွက် အကူအညီပေးမည့် အမှုထမ်းများလည်း လိုအပ်ပေသည်။ လူရွေးချယ်ရန်အတွက် ပြန်သုံးသပ်ရမည့် အမှုထမ်း ကိုယ်ရေးအကျဉ်း စာရွက်စာတမ်းများကလည်း တော်တော်များ၏။

ဤအလုပ်များအားလုံးက တစ်ရက်နှစ်ရက်နှင့်ပြီးသွားမည့် အလုပ်များမဟုတ်ဘဲ တစ်ချိန်လုံးလုပ်နေရမည့် အလုပ်များပင်။

အလုပ်များသည့်နေ့ရက်များ ကုန်ဆုံးသွား၍ အချိန်ပိုရလာတော့ တွေးစရာများလည်း များလာသည်။ ယူဂျင်းတစ်ယောက် ညစာစားနေစဉ် အာရုံမစိုက်နိုင်ဘဲ အခြားအရာများကို စဉ်းစားနေမိ၏။ မာရီအန်းက သူ့မျက်နှာကို စိုးရိမ်တကြီးကြည့်နေမှန်းပင် သတိမထားမိခဲ့။

ညနေခင်းတွင် ဘုရင်မင်းမြတ်၏အစေခံ ရောက်လာသည်။ ဘုရင့်အစေခံ မိဖုရားထံသို့ လာခြင်းက အမှုထမ်းများကြားတွင် နေ့စဉ်ပုံမှန်ဖြစ်နေကျ ကိစ္စတစ်ခုလိုဖြစ်လာခဲ့ပေပြီ။

ယူဂျင်းက 'အရှင်မင်းကြီး အစေခံ စေလွှတ်လိုက်ပါတယ်' ဟု မာရီအန်း ပြောလာချိန်တွင် ယနေ့တော့ ယခင်လို သဘောကျစိတ်မခံစားခဲ့ရပေ။ သို့သော် အကြောင်းရင်းမရေရာသည့် စိုးရိမ်စိတ်ကြောင့် တုန်လှုပ်မနေလိုသဖြင့် လက်ခံကြောင်း ပြောလိုက်၏။

ညက လုံးဝမှောင်မိုက်လာချေပြီ။

ရံရွေတော်များက နောက်ဆုံးလက်စသတ်စရာများပြီး၍ ပြန်သွားကြ၏။ သက်သောင့်သက်သာရှိအောင် မီးထွန်းထားသည့် အိပ်ခန်းထဲတွင် ယူဂျင်းတစ်ယောက်တည်းသာ ကျန်ခဲ့သည်။

အပြင်ဘက်မှ အသံကြားလိုက်ရ၏။

"မရဏဘုရင် အရှင်မင်းမြတ် ကြွချီလာပါပြီ။"

ခုတင်ပေါ်တွင် ထိုင်နေသော ယူဂျင်းလည်း ထရပ်လိုက်သည်။ အမြဲတမ်း ပုံမှန်လုပ်နေကျ လုပ်ငန်းစဉ်ဖြစ်သော်လည်း ဤအခိုက်အတန့်က ကြောင်အမ်းအမ်းအဖြစ်ရဆုံးပင်။

ဘုရင်မင်းမြတ်က ယူဂျင်းရှိရာဘက်ကို လျှောက်လာခဲ့သည်။ သူ့ပခုံးမှကျော်၍ အလျင်အမြန် ဆုတ်ခွာသွားကြသည့် နန်းတွင်းအမှုထမ်းများကို မြင်လိုက်ရ၏။

အမြဲတမ်း ဤအတိုင်းပဲလား။ နန်းတွင်းအမှုထမ်းများ ထွက်မသွားခင်ကတည်းက စိတ်လောနေသော သူ၏အပြုအမူကြောင့် နန်းတွင်းအမှုထမ်းများကိုကြည့်ရန်ပင် ရှက်မိရသည်။

အနားသို့ တဖြည်းဖြည်းချဉ်းကပ်လာသည့် သူက ယူဂျင်း၏ကျောပြင်ကို လက်ဖြင့်ထွေးပွေ့ကာ ဆွဲယူခဲ့၏။ ထို့နောက် ခေါင်းကို အနည်းငယ်စောင်းကာ ယူဂျင်း၏ နှုတ်ခမ်းလေးများကို ငုံ့နမ်းလေတော့သည်။

နှုတ်ခမ်းများကို နူးညံ့စွာနမ်းရှိုက်ပြီးနောက် ဖွဖွလေး စုပ်ယူခဲ့၏။ ဟနေသည့် နှုတ်ခမ်းနှစ်လွှာကြားကိုဖြတ်ကာ သူ၏လျှာက ကျူးကျော်ဝင်ရောက်လာသည်။

မျက်လုံးများကို မှေးမှိတ်ထားသည့် ယူဂျင်း၏မျက်တောင်များက တဖျပ်ဖျပ်တုန်ခါလျက်။ အသက်ရှူသံက ညည်းသံလေးများနှင့် ရောစွက်လျက်။ သူက ပို၍နက်ရှိုင်းစွာ နှုတ်ခမ်းလေးများကြားကို ထပ်မံထိုးခွင်းကာ သူ၏လျှာကို နက်နက်ရှိုင်းရှိုင်း သွင်းခဲ့သည်။

ယူဂျင်းလည်း သူ့ပခုံးပေါ်တွင်တင်ထားသော လက်ဖျားလေးများတွင် အားထည့်လိုက်မိ၏။ ရမ္မက်ဆန္ဒများ တရစ်ရစ်တက်လာသော သူထံလျှာကိုအပ်ထားခဲ့ရာမှ ယူဂျင်း မျက်လုံးများကို အနည်းငယ်ဖွင့်လိုက်သည်။ မျက်စိရှေ့တွင် အရိုင်းဆန်ဆန် စိတ်လှုပ်ရှားနေသော မျက်နှာကို တွေ့လိုက်ရ၏။

နဖူးအောက်သို့ တစ်ဖြောင့်တည်းဆင်းသွားသည့်နှာတံနှင့် မျက်လွှာချထားသော မျက်တောင်များက ရှင်းလင်းပြတ်သားစွာ မျက်လုံးထဲဝင်လာသည်။ လက်ရှိ ဤအခိုက်အတန့်၊ သူနှင့်အနမ်းချင်းဖလှယ်နေသော ထိုလူ၊ ထိုလူနှင့် ကိုယ်ငွေ့ချင်းဖလှယ်နေသော သူကိုယ်တိုင်၊ အားလုံးက တကယ့်လက်တွေ့ပင်။

ရုတ်တရက် ရင်ထဲတွင် လှိုက်ခနဲဖြစ်သွားကာ တစ်ကိုယ်လုံး မီးလောင်သလို ပူတက်လာတော့သည်။ ထွက်ပြေးချင်စိတ် ပေါ်လာ၏။ သို့သော် ထိုလူကို မကြိုက်၍မဟုတ်။ ယခု သူခံစားနေရသည့် ခံစားချက်ကို မည်သို့ရှင်းပြရမည်မှန်း မသိပေ။

ယူဂျင်းက လက်တွင်အားထည့်ကာ သူ့ကို တွန်းထုတ်လိုက်သည်။ နှုတ်ခမ်းများကိုခွာပြီး နောက်ဆုတ်သွားသည့် သူက တစ်ဖန်အနားပြန်တိုးလာတော့ ယူဂျင်းက ခေါင်းလေးအနည်းငယ်ငဲ့ကာ ရှောင်လိုက်၏။

"ဒီနေ့တော့... မလုပ်ချင်ပါဘူး။"

ခါဆယ်ရ်က တစ်ချက်လေး အံ့အားသင့်သွားရာမှ ယူဂျင်းကိုကြည့်လိုက်ရင်း သတိထားပြီး ပြောခဲ့သည်။

"ငါ့ကို စိတ်ဆိုးနေတာလား။ ဒါမှမဟုတ် နေမကောင်းလို့လား။"

ယူဂျင်းက ခေါင်းခါလိုက်သည်။

"နှစ်ခုစလုံး မဟုတ်ပါဘူး။ ဒီနေ့တော့... စိတ်မပါလို့ပါ။"

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment