အပိုင်း ၆၇
ယူဂျင်းက မြေကြီးကိုနင်းမည်ဟု စဉ်းစားရင်း မြှောက်ထားသော ခြေထောက်ကို သတိထား၍ ပြန်ချလိုက်သည်။ ခြေဖျားက တစ်စုံတစ်ခုကို ထိမိသွား၏။ ခြေဖျားလေးနှင့် တဖြည်းဖြည်း စမ်းကြည့်ရင်း ခြေဖဝါးကို ပြန့်ပြူးသော ကြမ်းပြင်တွင်ချလိုက်သည်။ ပို၍အားစိုက်ကြည့်သော်လည်း စောစောကလို ထိုးနစ်မသွားတော့ပေ။
သူလည်း ခြေထောက်ကို အသာလေးကြွကာ လေးငါးလှမ်း လျှောက်ကြည့်လိုက်၏။ ခြေမျက်စိအထိ ရောက်နေသော ရေ၏အနက်မှာ ပြောင်းလဲမသွားပေ။ ပိုမို လျင်မြန်စွာ လျှောက်ကြည့်ပြီး ပို၍ရဲတင်းစွာ စတင်ပြေးလွှားလိုက်သည်။
သူ့ခြေထောက် ရေမျက်နှာပြင်အောက်သို့ ဝင်သွားတိုင်း လှိုင်းဂယက်ငယ်လေးများ ဖြစ်ပေါ်လာကာ ရေစက်လေးများ ပျံတက်သွား၏။ ပလပ်ပလပ်နှင့် ရေပွက်သံများလည်း ဆူညံစွာ ထွက်ပေါ်လာသည်။
ပြီးခဲ့သည့် အိပ်မက်များလိုပင် ရေ၏ အထိအတွေ့ကို မခံစားရပေ။ လက်တွေ့နှင့် ခွဲခြားမရနိုင်အောင် အသက်ဝင်လှုပ်ရှားနေသော သုံးဘက်မြင်ရုပ်သံ ဖွင့်ထားသည့် နေရာထဲသို့ ဝင်ရောက်လာရသလိုပင်။
အတန်ကြာအောင် ပြေးပြီးနောက် ယူဂျင်း ရပ်လိုက်သည်။ အကြာကြီး ပြေးခဲ့သော်လည်း မောပန်းခြင်းမရှိပေ။ ယင်းအစား ခန္ဓာကိုယ်က ပို၍ပင် ပေါ့ပါးလာသည်။ တစ်သက်လုံးပင် ပြေးနိုင်မလို ထင်ရ၏။
‘ကျိန်းသေပေါက် သာမန်အိပ်မက်တော့ မဟုတ်တာသေချာတယ်။’
သာမန်အိပ်မက်သာဆိုလျှင် ‘ဒါက အိပ်မက်ပဲ’ ဟု ရှင်းရှင်းလင်းလင်း သတိထားမိနေသည့်တိုင် ဤကဲ့သို့ကြည်လင်ပြတ်သားသော စိတ်အခြေအနေနှင့် အိပ်မက်ဆက်မက်နေမည် မဟုတ်ပေ။
ယူဂျင်းက ထိုနေရာတွင် ထိုင်ချလိုက်သည်။ ကိုယ်ကို လုံးဝန်းစွာကွေးပြီးထိုင်ကာ လက်များကို ဆန့်ထုတ်၍ ရေမျက်နှာပြင်အောက်သို့ ဖြည်းညင်းစွာ နှစ်ချလိုက်၏။
အောက်ခြေရှိသည်ဟု တွေးလိုက်သည့်အခါ လက်ဖဝါးက မာကျောသော မျက်နှာပြင်ကို ထိမိသွားသည်။ နက်နက်ရှိုင်းရှိုင်း ဝင်သွားသည်ဟု တွေးလိုက်သည့်အခါ အောက်သို့ မရပ်မနားဝင်သွား၏။ ယူဂျင်းက ကစားနေသည့်အလား ထိုအပြုအမူကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်။
‘ကောင်းကောင်း မမြင်ရဘူး။’
ထိုင်ချပြီး ငုံ့ကြည့်နေသည့်တိုင် ပြာနက်သော အောက်ခြေကို ရေမျက်နှာပြင်အောက်မှ မြင်နိုင်စွမ်းက မတ်တပ်ရပ်ကြည့်စဉ်ကနှင့် အတူတူပင်။ ယူဂျင်းက ပြန်ထရပ်လိုက်ပြီးနောက် ကြမ်းပြင်တွင် ဒူးထောက်ထိုင်လိုက်သည်။ ထို့နောက် ကိုယ်ကို ရှေ့သို့ကိုင်းကာ လက်ဖဝါးနှစ်ဖက်ဖြင့် မြေကြီးကိုထောက်ပြီး ခြေလေးချောင်းသတ္တဝါကဲ့သို့ ပုံစံပြင်လိုက်၏။ ထို့နောက် ခေါင်းကို အောက်သို့ ဖြည်းညင်းစွာ နှိမ့်ချလိုက်သည်။
မျက်နှာကို ရေမျက်နှာပြင်အောက်သို့ နှစ်ချလိုက်တော့ ဤနေရာက ရေအောက်ကြမ်းပြင်ဖြစ်သည်ဟု ထင်ရသည့်တိုင် မရပ်တန့်ဘဲ ဆက်သွားလေ၏။ အောက်ခြေကို ထောက်ထားသည့် လက်နှစ်ဖက်၏ တံတောင်ဆစ်များကို ကွေးညွှတ်ကာ ပြာနှမ်းပြီး မှောင်မိုက်နေသော အောက်ဘက် သို့ မျက်နှာကို ဖြည်းညှင်းစွာ ထိုးသွင်းလိုက်သည်။
ထို့နောက် မသိစိတ်ဖြင့် မျက်လုံးများကို စုံမှိတ်ပြီး အသက်ရှူရပ်ထားလိုက်၏။ ဂရုတစိုက် အသက်ပြန်ရှူကြည့်သည့်အခါ အသက်ရှူခြင်းတွင် ပြဿနာမရှိပေ။ ယူဂျင်းက မျက်လုံးများကို မှေးစင်းဖွင့်ကြည့်၍ ခေါင်းကို ဘယ်ညာ လှည့်ကြည့်လိုက်တော့ မျက်လုံးများပြူးကျယ်သွားရသည်။ အပြာရောင်တောက်တောက် ရေထုထဲတွင် ရှိနေခြင်းပင်။
‘မဟုတ်မှ... ဒါတွေ အကုန်လုံး ရေတွေလား။’
အသက်ရှူလိုက်တိုင်း ပါးစပ်ထဲမှ ထွက်လာသော ရေပူဖောင်းလေးများက ပလုံစီကာ အပေါ်သို့ တက်သွားသည်။ ဆံပင်များက ရေမှော်များအလား တစ်ချောင်းချင်းစီ မျောလွင့်နေ၏။
သို့ရာတွင် အသက်ရှူရ လုံးဝအဆင်ပြေနေကာ ရေ၏အထိအတွေ့ကိုလည်း မခံစားရပေ။
ထို့အပြင် မြင်နေရသည့်နေရာက သူ့မျက်လုံးနှင့် လယ်ဗယ်လ်တူလောက်ပဲဖြစ်ကာ ပိုနက်သည့် အောက်ဘက်ကတော့ ယခင်အတိုင်း အပြာရောင်တောက်တောက်နှင့် မှောင်မိုက်နေဆဲပင်။
ယူဂျင်းက ကြမ်းပြင်ပေါ် ထောက်ထားသည့်လက်များကိုလွှတ်ကာ ခန္ဓာကိုယ်ဘေးတွင် ကပ်ထားလိုက်သည်။ ရေအောက်သို့ နက်နက်ရှိုင်းရှိုင်း ငုပ်လျှိုးသွားသော ခံစားချက်မျိုးနှင့် ကိုယ်ကို ထိုးသွင်းလိုက်၏။ ဘာအတားအဆီးမှမရှိဘဲ သူ့ခန္ဓာကိုယ်က ရုတ်တရက် နစ်ဝင်သွားသည်။ ခြေမျက်စိလောက်သာနက်သည့် ရေက သူ့ကို အစအနမကျန်အောင် မျိုချသွားတော့၏။
~~~~
တောက်ပသော ငွေရောင်ချပ်တန်ဆာက အမျိုးသား၏ ခန္ဓာကိုယ်နှင့် တိုင်းချုပ်ထားသည့်အလား ကွက်တိတော်နေသည်။ ရင်ဘတ်၊ ကျော၊ ပခုံးနှင့် လက်မောင်းများပေါ်တွင် ပညာရှင်၏ လက်ရာမြောက်မှုကို ခံစား၍ရသည့် အနုစိတ်လက်ရာက အပြည့်နေရာယူထား၏။ ဤသည်မှာ ကာကွယ်ရေး ဝတ်စုံထက် သံချပ်ကာပုံစံ အနုပညာလက်ရာတစ်ခုနှင့် ပို၍နီးစပ်ပေသည်။
ပခုံးတစ်ဖက်တွင် ချိတ်ထားသည့် ရင်ထိုးအောက်မှ ဖြန့်ကြက်သွားသော ဝတ်ရုံက ထိုလူလမ်းလျှောက်တိုင်း လှပစွာ လှုပ်ရှားသွား၏။
ထိုအမျိုးသားက သူရဲကောင်းတစ်ဦးပင်။ မွေးကတည်းက ပေးထားသည့် နာမည်ရှိသော်လည်း ထိုနာမည်ကို မသုံးသည်မှာ ကြာခဲ့ပေပြီ။ သူ့အား 'သူရဲကောင်း ဖီဒက်စ်' ဟု ခေါ်ကြပြီး 'သူရဲကောင်း' ဟူသော ဘွဲ့နောက်တွင် ဆန်းဂျယ် အပ်နှင်းထားသော နှစ်ခြင်းခံနာမည်ကို တွဲ၍ခေါ်ကြခြင်းဖြစ်ကာ မည်သည့်နေရာတွင်မဆို ထိုအမည်ဖြင့်သာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လေ့ရှိသည်။
မဟာတွင် အမြင့်မြတ်ဆုံးနှင့် အလေးစားရဆုံးဖြစ်သည့် ဆန်းဂျယ်ကို ကာကွယ်စောင့်ရှောက်ရသော စစ်သည်တော်တစ်ဦးအနေဖြင့် သူက သူ့ကိုယ်သူ ဂုဏ်ယူထား၏။
ဆန်းဂျယ်၏ သူရဲကောင်းများက သူအပါအဝင် ၉၉ ဦးသာ ရှိသည်။ သူတို့ကိုသာလျှင် 'သူရဲကောင်း' ဟု ခေါ်ကြ၏။ သူတို့တွင် ဂုဏ်သရေသာမက စစ်အင်အားပါ ပိုင်ဆိုင်ထားကြသည်။ ဘုရင်ခြောက်ပါးမှလွဲ၍ ဘုရားသခင်ပေးသောအစွမ်းကိုလက်နက်အဖြစ် ကိုင်လွှဲကြသည့် သူတို့ကို အနိုင်ယူနိုင်မည့်သူ မရှိပေ။
အမျိုးသားက မြေအောက်သို့ ဆင်းသည့် လှေကားများကို နင်းလိုက်သည်။ ဝတ်ပြုဆုတောင်းခန်းရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ စောင့်ကြပ်နေခြင်းမရှိဘဲ လစ်လပ်နေ၏။ နဂိုကတည်းက မြေအောက် ဝတ်ပြုဆုတောင်းခန်းသို့ သွားသည့်အခါ ဆန်းဂျယ်က မည်သူ့ကိုမျှ အတူလိုက်ပါခွင့်မပြုပေ။
မည်သို့ပင်ဆိုစေ မြေအောက်သို့ဆင်းသည့် လှေကားက တစ်နေရာတည်းသာရှိပြီး အပေါ်ဘက်တွင် တင်းကျပ်သော အစောင့်အကြပ်များ ချထား၏။
သူရဲကောင်းက ဝတ်ပြုဆုတောင်းခန်း၏ ကြီးမားသော တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ အတားအဆီးမရှိ အတွင်းသို့ ဝင်ရောက်ကာ အလယ်ဗဟိုတွင်ရှိသော စင်ပေါ်တွင် ဒူးထောက်ထိုင်လျက် ဆုတောင်းနေသည့် ဆန်းဂျယ်အနီးသို့ ချဉ်းကပ်သွား၏။
အထွတ်အမြတ်မြို့တော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်၍ ဆန်းဂျယ်နှင့် တွေ့ဆုံကြသူ အများစုက သူရဲကောင်းများ၏ ရိုင်းပျမှုကြောင့် နားမလည်နိုင်ဖြစ်ကြရသည်။ သူရဲကောင်း၏ လမ်းပြမှုဖြင့် အခစားဝင်ဖူးမြော်ခန်းသို့ ရောက်ရှိသောအခါ သူရဲကောင်းက မိမိ၏ ကိုယ်ပိုင်အခန်းထဲသို့ ဝင်သလိုပင် ဖူးမြော်ခန်း တံခါးကို ဖွင့်လေ့ရှိ၏။ ဖူးမြော်ခွင့် တောင်းခံသူလည်း အတွင်းတွင် အခြားအခန်းတစ်ခု ရှိသေးသည်ဟု ထင်မှတ်၍ ဝင်သွားရာမှ ဆန်းဂျယ်ကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွားကြရသည်။
သို့သော် သူရဲကောင်းများက ကျင့်ဝတ်ထုံးတမ်းကိုမသိ၍ ထိုသို့ပြုမူခြင်း မဟုတ်ပေ။ ဆန်းဂျယ်က သူရဲကောင်းများ ချဉ်းကပ်လာပါက မမြင်ဘဲနှင့်ပင် သိနိုင်သည်။ မည်သူဖြစ်ကြောင်းပင် တိတိကျကျ ပြောနိုင်၏။ ထို့အပြင် ဆန်းဂျယ်က ပုံမှန်လုပ်ရိုးလုပ်စဉ် ကျင့်ဝတ်ထုံးတမ်းများကို အလေးမထားပေ။
ထို့ကြောင့် သူရဲကောင်းများက တံခါးခေါက်ခြင်း၊ ခွင့်တောင်းခြင်း၊ မိမိကိုယ်ကိုယ်မိတ်ဆက်ခြင်း အစရှိသည့် အဆင့်များကို သဘာဝကျကျပင် မပြုလုပ်ဖြစ်ကြတော့။
“အရှင်မြတ်ဘုရား။”
သူရဲကောင်း ဖီဒက်စ်က ဆန်းဂျယ်၏ ကျောပြင်ကိုကြည့်ကာ ပြောလိုက်သည်။ မျက်စိကျိန်းလောက်အောင် တောက်ပသည့် ရွှေရောင်ဆံပင်များက သူ့စိတ်ထဲမှ ကြည်ညိုကိုင်းရှိုင်းသော သဒ္ဓါစိတ်ကို တိုးပွားလာစေ၏။
“အာနီခါ ဖလော်ရာက ဆင့်ခေါ်မှုကိုခံယူပြီး အဆောင်တော်ထဲ ရောက်လာပါပြီ။ ဖူးမြော်ခန်းထဲမှာ စောင့်ဆိုင်းနေပါတယ်။”
ဆန်းဂျယ်က ဖြည်းညင်းစွာ ထရပ်ကာ ကိုယ်ကို လှည့်လိုက်သည်။ ငယ်ရွယ်သည် ဟူသော စကားလုံးနှင့် လိုက်ဖက်လောက်အောင် နုပျိုလှ၏။ ယခင် ဆန်းဂျယ်ထံမှ လက်ရှိ ဆန်းဂျယ် ရာထူးကို ဆက်ခံခဲ့သည်မှာ နှစ်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် အသက်အရွယ်အရ တွက်ချက်လျှင်မူ မဖြစ်နိုင်ပေ။
မဟာ၏ ကောင်းချီးမင်္ဂလာကို ခံယူထားသော ဆန်းဂျယ်အဖို့ အချိန်က ဖြည်းညင်းစွာ စီးဆင်းနေသည်။ အနည်းဆုံး ရာစုတစ်ခုလောက် ရာထူးကို ထမ်းဆောင်ခဲ့သူပင်။ သို့ဆိုလျှင် နှစ်ပေါင်းတစ်ရာလုံးလုံး အိုမင်းခြင်း လုံးဝမရှိခဲ့ဘူးလားဟူသော မေးခွန်းအတွက် အဖြေကို သိသူ မရှိခဲ့ပေ။
ရာထူးလွှဲပြောင်းဆက်ခံသည့် ဆယ်စုနှစ်အတွင်း ဆန်းဂျယ်က အပြင်လောကသို့ ပေါ်ထွက်လာခြင်းမရှိခဲ့။ အနီးကပ် ပြုစုလုပ်ကျွေးသည့် ဘုန်းတော်ကြီးများ သို့မဟုတ် သူရဲကောင်းများက ဆန်းဂျယ်၏ နောက်ဆုံး ပုံပန်းသဏ္ဌာန်ကို မြင်တွေ့ခဲ့ရနိုင်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဖွင့်ဟဖော်ထုတ်ခြင်း မရှိခဲ့သောကြောင့် လျှို့ဝှက်ချက်အဖြစ် ကျန်ရှိနေသည်။
ဆန်းဂျယ်က မအိုမင်းရုံသာမက လှပ၏။ ဝင်းလဲ့တောက်ပသော အသားဖြူဖြူက သွေးရောင်မရှိသော်လည်း ဖြူဖျော့နေခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် လန်းဆန်းပြီး ကြည်လင်သော ခံစားချက်ကို ပေးနေသည်။ မြေပြင်တွင် တရွတ်တိုက် ဆွဲသွားရလောက်အောင် ရှည်လျားသော ရွှေရောင်ဆံပင်က ရွှေဖြင့်သေသပ်စွာ ပြုလုပ်ထားသော ချည်မျှင်များကဲ့သို့ တောက်ပလှ၏။
ဆန်းဂျယ်ကို ဖူးမြော်ခွင့်ရခဲ့သူအားလုံးက ထူးကဲမြင့်မားသည့် အလှတရားတွင် သတိလက်လွတ် ဖမ်းစားခံကြရသည်။ လူသားတစ်ဦး ပိုင်ဆိုင်ရန် မဖြစ်နိုင်သော အလှတရားဖြစ်သဖြင့် အားလုံးက ဆန်းဂျယ်ကို ဘုရားသခင်၏ကောင်းချီး ရရှိထားသော သူတော်စင်တစ်ဦးဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။
သို့သော် အလင်းရှိလျှင် အမှောင်ရှိသည် ဟူသော စကားအတိုင်း နုပျိုလှပသော ဆန်းဂျယ်ခမျာ မမြင်နိုင်သလို၊ စကားလည်းမပြောနိုင်ပေ။ ဘုရားသခင်၏ တောက်ပသော တန်ခိုးရောင်ခြည်ကြောင့် မျက်စိကွယ်သွားကာ ဘုရားသခင်၏ အသံကိုခံယူရင်း အသံအိုးများ လောင်ကျွမ်းသွားသည်ဟူသော ကောလာဟလစကားများ ပျံ့နှံ့နေခဲ့သည်။
လူတို့က စင်ကြယ်မြင့်မြတ်သော ဖြစ်တည်မှု ခံယူသယ်ပိုးထားသည့် လူသား၏ ဝမ်းနည်းဖွယ်အဖြစ်ကို ရင်နင့်စွာ လက်ခံခဲ့ကြ၏။
သူရဲကောင်း ဖီဒက်စ်ကို မြင်ရသည့်ဘက်သို့ လှည့်လာသော ဆန်းဂျယ်က မျက်လုံးများကို မှိတ်ထားလျက်ရှိသည်။ ဖီဒက်စ်က ဆန်းဂျယ် အရှေ့သို့မမြင်နိုင်ကြောင်းကို နေ့စဉ်နှင့်အမျှ မေ့လျော့နေတတ်၏။ ထိုမှိတ်ထားသော မျက်ခွံများ၏ နောက်မှနေ၍ လောကကြီးတစ်ခုလုံးကို ကြည့်ရှုနေသည်ဟူသော ခံစားချက်မျိုး အမြဲရနေသောကြောင့်ပင်။
“အရှင်မြတ်ဘုရား။ အာနီခါ ဖလော်ရာကို ဝတ်ပြုဆုတောင်းခန်းဆီ ခေါ်လာရပါမလားခင်ဗျ။”
—ဟင့်အင်း။ ငါကိုယ်တိုင် ဖူးမြော်ခန်းကို သွားမယ်။
ဆန်းဂျယ်၏ နီမြန်းသော နှုတ်ခမ်းများက တစ်ချက်မျှပင် လှုပ်ရှားသွားခြင်းမရှိပေ။ သို့သော် ကြည်လင်ပြတ်သားသည့် အသံက ဖီဒက်စ်၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
အသံအိုးကို အသုံးပြု၍ စကားမပြောသော်လည်း ဆန်းဂျယ်က သူ၏ စိတ်ဆန္ဒကို အခြားနည်းလမ်းဖြင့် ပြောဆိုနိုင်၏။ ထို့ကြောင့် ဖီဒက်စ်က ဆန်းဂျယ် စကားမပြောနိုင်သည်ကိုပင် သတိမထားမိပေ။
ဖီဒက်စ်၏ဘေးမှ ဖြတ်လျှောက်သွားသော ဆန်းဂျယ်က တုံ့ခနဲ ရပ်လိုက်သည်။
—ဖီဒက်စ်။ ဟာရှီ တိုင်းပြည်က ပို့လိုက်တဲ့စာ ဒီနေ့ရော မရဘူးလား။
“မရပါဘူး၊ အရှင်မြတ်ဘုရား။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း၊ တစ်နေ့ကို နှစ်ကြိမ် စစ်ဆေးပါတယ်။ ရောက်လာတာနဲ့ ချက်ချင်း သတင်းပို့ပါ့မယ်။”
ဤသို့သော မေးခွန်းမျိုးကို ဖီဒက်စ် မကြာခဏ ကြားနေရသည်။ ဆန်းဂျယ်က တစ်စုံတစ်ဦး၏စာကို မျှော်နေသည်က အံ့သြဖွယ် ကိစ္စပဲဟု အတွင်းစိတ်မှ ယူဆမိ၏။
ဆန်းဂျယ်က ဘယ်သူနှင့်မှ အထူးတလှယ် ပြောဆိုဆက်ဆံခြင်းမရှိပေ။ အာနီခါများကို အလေးထား ဆက်ဆံသော်လည်း သူတို့နှင့် ရင်းနှီးသော ပတ်သက်မှုမျိုးမရှိ။
'အာနီခါ ဂျင် ရှိနေတဲ့ တိုင်းပြည်မို့လို့များလား။'
ဆန်းဂျယ်က ဆယ်နှစ်ကြာပြီးမှ မွေးဖွားလာသည့် အာနီခါနှစ်ဦးအပေါ် အထူးတလည် စိတ်ဝင်စားကာ စေ့စေ့စပ်စပ် ဂရုစိုက်ကြောင်း လူတိုင်းသိထား၏။
ဆန်းဂျယ်က မျက်လုံးမှိတ်ထားသည့်အတိုင်း လျှောက်လှမ်းသွားသည်။ သူ့ခြေလှမ်းများက အရှေ့သို့ မြင်နိုင်သည့်သူအလား ဖြည်းဖြည်းမှန်မှန်ရှိ၏။ ဆန်းဂျယ် လှေကားအတိုင်း မသွေမဖည် တိကျစွာ တက်လာသောအခါ အပေါ်တွင် စောင့်ကြပ်နေကြသော သူရဲကောင်းများက ဦးညွှတ်လိုက်ကြတော့သည်။
~~~~
တံခါးပွင့်သွားသည်နှင့် ဆိုဖာပေါ်တွင်ထိုင်နေသော ဆံပင်အနက်ရောင်ရှိသည့် အမျိုးသမီးက ထရပ်ခဲ့သည်။ ထူထဲသော အနက်ရောင် ဆံပင်ကောက်ကောက်များက ပခုံးမှ ဖြာကျသွား၏။ သူ့မျက်လုံးများကလည်း သူ့ဆံပင်အတိုင်း မည်းနက်နေသည်။
အချိုးအစား ညီညွတ်ကျနစွာ ကြီးမားသော သွင်ပြင်လက္ခဏာများရှိသည့် မိန်းမလှတစ်ဦးပင်။ နူးညံ့ပြီး ကြီးမားသော မျက်လုံးများကြောင့် ဖြူစင်အပြစ်ကင်းသည်ဟု အလွယ်လေး ထင်မှတ်နိုင်သော်လည်း ရှည်လျားသော မျက်တောင်များက အရိပ်တစ်ခုဖန်တီးထားကာ နက်ရှိုင်းသော သက်ရောက်မှုတစ်မျိုး ပေးစွမ်းနေလေသည်။
ဖလော်ရာက အတွင်းသို့ ဝင်လာသော ဆန်းဂျယ်အား ဦးညွှတ်အရိုအသေ ပေးလိုက်သည်။
“မဟာရဲ့ ကောင်းချီးမင်္ဂလာ ထာဝရတည်ပါစေ။ အာနီခါ ဖလော်ရာ ဂါရဝပြုပါတယ်။”
—မယ်မင်းအပေါ်မှာလည်း မဟာရဲ့ကောင်းချီးမင်္ဂလာ ထာဝရတည်ပါစေ။
ဖလော်ရာနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဆန်းဂျယ် ထိုင်လိုက်ပြီးနောက် ဖလော်ရာ လည်း လိုက်ထိုင်ခဲ့သည်။ ဖူးမြော်ခန်းတွင် လူနှစ်ဦးတည်းသာရှိ၏။ ဆန်းဂျယ်က အာနီခါနှင့် တွေ့ဆုံသည့်အခါတိုင်း တစ်ယောက်တည်း တွေ့ဆုံလေ့ရှိသဖြင့် အားလုံးက သူ့အလိုလို ဆုတ်ခွာသွားကြလေသည်။
—အာနီခါ ဖလော်ရာ။ ငါ ရုတ်တရက် ခေါ်လိုက်လို့ မယ်မင်းရဲ့ အေးချမ်းတဲ့ အနားယူချိန်မှာ အနှောင့်အယှက်တော့ ဖြစ်မသွားပါဘူးနော်။
“မဟုတ်ပါဘူး။ အရှင်မြတ်ဘုရားရဲ့ ဆင့်ခေါ်မှုကို ဝမ်းမြောက်ဝမ်းသာ မလာဘဲနေစရာ ဘာအကြောင်းများရှိမှာပါလဲ။”
ဖလော်ရာက ပြုံးရွှင်စွာ ပြောလိုက်သည်။
ဆန်းဂျယ်ကို တွေ့ဆုံဖူးမြော်ခွင့်ရရန် တစ်သက်လုံး ဆန္ဒပြုခဲ့ကြသော်လည်း ယင်းဆန္ဒ မပြည့်မြောက်ဘဲ ဘဝဆုံးသွားကြသူများ အများအပြားရှိ၏။ အာနီခါသာလျှင် လိုအပ်သည့်အချိန်တိုင်း ဆန်းဂျယ်နှင့် တွေ့ဆုံနိုင်ခွင့်ရှိပေသည်။
သို့သော် အာနီခါက တောင်းဆို၍ တွေ့ဆုံရခြင်းမဟုတ်ဘဲ ဆန်းဂျယ်က အာနီခါကို ဆင့်ခေါ်၍ တွေ့ဆုံခြင်းမှာ လုံးဝမရှိသလောက်နီးပါးပင်။ အကယ်၍ အာနီခါသာ ဖူးမြော်ခွင့်မတောင်းပါက တစ်သက်လုံးတွင် ဆန်းဂျယ်နှင့် တွေ့ဆုံရမည့် အကြိမ်အရေအတွက်မှာ သုံးကြိမ်သာရှိ၏။
မွေးဖွားပြီးနောက်၊ သတိရှိနေသောအိပ်မက်မြင်မက်ပြီးနောက်နှင့် ထိမ်းမြားမင်္ဂလာပွဲ၌။
သို့သော် အာနီခါများအနက် အထူးအခွင့်အရေး ရရှိထားသူ နှစ်ဦးရှိ၏။ ဆယ်နှစ်အတွင်း ပထမဆုံး မွေးဖွားလာသော အာနီခါနှစ်ဦးဖြစ်သည့် ဂျင်နှင့် ဖလော်ရာပင်။
သူတို့က ဆန်းဂျယ်၏ ဆင့်ခေါ်မှုကို မကြာခဏ ခံယူရသူများဖြစ်၏။ အထူးခြားဆုံးသော အာနီခါများအနက် ပို၍ အထူးခြားဆုံးသော အာနီခါများပင်။
ဖလော်ရာက သူရရှိထားသည့် အခွင့်ထူးကို သဘောကျသည်။ ဆန်းဂျယ်၏ သူရဲကောင်းများ လာသည့်အခါ သူ့အပေါ်သို့ ကျရောက်လာသော အားကျမှုနှင့် မနာလိုမှုများ ပါဝင်သည့် အကြည့်တို့ကြောင့် သူ့ပခုံးများ ဂုဏ်ယူဝင့်ကြွားစွာ ပင့်တက်သွားရ၏။ ဂျင် ဟာရှီတိုင်းပြည်သို့ ထွက်ခွာသွားပြီးသည့်နောက်ပိုင်း၌ စိတ်ဝင်စားမှု အားလုံးကို တစ်ဦးတည်း မောင်ပိုင်စီးကာ ရရှိခဲ့သဖြင့် ဖလော်ရာတစ်ယောက် ထိုနှစ်များအတွင်း အင်မတန် ပျော်ရွှင်စရာကောင်းသော နေ့ရက်များကို ဖြတ်သန်းခဲ့ရသည်။
သို့သော် ယနေ့တွင်မူ ဆန်းဂျယ်၏ ဆင့်ခေါ်မှုကို သူ သဘောမကျပေ။
—အာနီခါ ဖလော်ရာ။ မယ်မင်းကို မေးစရာရှိတယ်။
“မေးမြန်းတော်မူပါ အရှင်မြတ်ဘုရား။”
—နောက်ဆုံးအကြိမ် သတိရှိနေတဲ့အိပ်မက်ကို ဘယ်တုန်းက မက်ခဲ့တာလဲ။
အနည်းငယ် စိုက်ကျသွားသော ဖလော်ရာ၏ မျက်လုံးများက တစ်ခဏအတွင်း တုန်ယင်သွားတော့သည်။ သို့သော် ဖလော်ရာက ကျွမ်းကျင်စွာပင် မျက်နှာထားကို ထိန်းချုပ်ထားနိုင်ပြီး အပြုံးကိုမပျက်စေခဲ့ပေ။
“မနေ့က မက်ခဲ့ပါတယ်။”
အာနီခါများက ပထမဆုံးအကြိမ် သတိရှိသောအိပ်မက် မြင်မက်ပြီးသည့်နောက်တွင် ပုံမှန်ကာလအပိုင်းအခြားမရှိဘဲ အိပ်မက်များ မက်လေ့ရှိသည်။ လအနည်းငယ်ခြား၍ တစ်ကြိမ်ဖြစ်နိုင်သလို၊ ထို့ထက်ပို၍ကြာသော အချိန်ကွာဟမှုလည်း ရှိနိုင်၏။
အာနီခါများ၏ ရာမီတာက သာမန်လူများအတွက် လျှို့ဝှက်သတင်းအချက်အလက် ဖြစ်သော်လည်း အာနီခါ အချင်းချင်းကြားတွင် ဖလှယ်သော သတင်းအချက်အလက်များရှိသည်။ ယင်းတို့မှာ ဆန်းဂျယ်ကပေးသော၊ သို့မဟုတ် လျှို့ဝှက်စာကြည့်တိုက်မှ ရှာဖွေနိုင်သော အချက်အလက်များပင်။
ထိုအချက်အလက်များအရ အာနီခါ၏ သတိရှိသောအိပ်မက် မက်သည့်ကာလအပိုင်းအခြားမှာ ရာမီတာအစွမ်း ပို၍အားကောင်းလျှင် ပိုတိုတောင်းပြီး အားနည်းလျှင် ပို၍ရှည်လျား၏။ သမိုင်းတစ်လျှောက်တွင် အစွမ်းအထက်ဆုံး ရာမီတာကို ပိုင်ဆိုင်သည့် အာနီခါက သုံးလလျှင်တစ်ကြိမ် သတိရှိသောအိပ်မက် မက်ခဲ့ကြောင်း မှတ်တမ်းရှိသည်။
—အဲ့ဒီမတိုင်ခင် သတိရှိတဲ့အိပ်မက်ကို ဘယ်တုန်းက မက်ခဲ့တာလဲ။
လွန်ခဲ့တဲ့နှစ်လလောက်ကပါ။
—မနေ့က မြင်ခဲ့တဲ့ သတိရှိနေတဲ့ အိပ်မက် ရဲ့ အကြောင်းအရာကို ပြောပြပေးလို့ရမလား။
“ရပါတယ်။ အရင်က မက်ခဲ့ဖူးတဲ့ အိပ်မက်တွေနဲ့ မကွာခြားပါဘူး။ ကျွန်မက တအားဝေးတဲ့ ကမ်းစပ်ကို လှမ်းမြင်နေရတဲ့ ရေကန်ကြီးရဲ့ အလယ်မှာ ရပ်နေခဲ့တာပါ။ ရေကန်က ရေတွေတအားပြည့်လျှံနေတဲ့အတွက် ကုန်းမြေပုံစံကို လုံးဝမမြင်ရသလောက်ပါပဲ။”
ဖလော်ရာက အိပ်မက်မက်နေသည့်အလား ထိုမြင်ကွင်းကို မျက်စိဖြင့် မြင်နေရသူကဲ့သို့ ပြောပြခဲ့သည်။
~~~~
Miel's Translations