အပိုင်း ၈၅
"ဟုတ်ကဲ့။ တစ်ခါပဲ တွေ့ပါ့မယ်။"
ယူဂျင်းက ချက်ချင်းပြန်ဖြေလိုက်သည်။ ပိုပြီး လောဘတက်မိလျှင် ဤတစ်ကြိမ်ပါ တွေ့ခွင့်ရတော့မည် မဟုတ်ဟု ထင်မိသောကြောင့် ဤမျှနှင့် သဘောတူလိုက်ခြင်းပင်။
'ဟုတ်ပြီ။ အခု ဘာမှ ပူစရာမရှိတော့ဘူး။'
ရိုဒရစ်ဂ်ကို တွေ့သည့်အခါ စိတ်ပူစရာမလိုတော့သလို၊ ဂျင် မာရာ၏ အစွန်းရောက်ဂိုဏ်းမှတစ်ဆင့် မည်သို့ပင် ကြံစည်ပါစေ သူတစ်ယောက်တည်း ဖြေရှင်းရန်အတွက် အလောသုံးဆယ် လှုပ်ရှားနေစရာ မလိုတော့ပေ။ ရင်ဘတ်ပေါ်မှ အလေးကြီးတစ်ခုကို လွှတ်ချလိုက်ရသလို လွတ်လပ်ပေါ့ပါးသွား၏။
တကယ်တော့ ခါဆယ်ရ်က အဆုံးအထိ မယိမ်းမယိုင်တင်းမာသော သဘောထားဖြင့် တုံ့ပြန်ခြင်း မရှိခဲ့သည်မှာ အပျော်ရဆုံးအချက်ပင်။ သူသာ ယူဂျင်းကို မယုံကြည်ခဲ့လျှင် လုံးဝခွင့်ပြုမည်မဟုတ်ပေ။
အင်မတန် ကြည်လင်ရွှင်လန်းသော မျက်နှာလေးဖြင့် ပြုံးရယ်နေသည့် ယူဂျင်းလိုမဟုတ်ဘဲ သူ့ပခုံးပေါ် မေးတင်ထားသည့် ခါဆယ်ရ်၏ မျက်နှာထားက စိတ်မသက်မသာ ဖြစ်နေသည်။
'ဘယ်လိုပဲတွေးတွေး အန္တရာယ်များတာကို။'
ထိုသို့သော အန္တရာယ်ရှိသူကို ကိုယ်ရံတော်မပါဘဲ ရဲတိုက်အပြင်ဘက်၌ တွေ့ခွင့်ပြုလိုက်မိသည့် မိမိ၏ဆုံးဖြတ်ချက်အတွက် ယခုပင် နောင်တရနေပေပြီ။
'ဇွတ်အတင်းလုပ်ရုံနဲ့ မဖြစ်နိုင်တဲ့ကိစ္စက ဖြစ်လာမှာ မဟုတ်ဘူး' ဟု လွန်ခဲ့သည့် ရက်ပိုင်းကမှ ပြောထားခဲ့ပါလျက် တကယ်တမ်း ယူဂျင်း တောင်းဆိုလာသောအခါ အင်မတန် လွယ်ကူစွာ စိတ်ပြောင်းသွားလေသည်။ ခါဆယ်ရ်တစ်ယောက် မိမိ၏ ယိမ်းယိုင်လွယ်သော စိတ်ပိုင်းဖြတ်မှုကို အားမရနိုင်ဖြစ်နေ၏။
သူက ယူဂျင်း၏ ပခုံးလေးကို ဆွဲကိုင်ကာ ရင်ခွင်ထဲမှ အနည်းငယ် ခွာလိုက်သည်။ တခြားနည်းလမ်း ရှာကြည့်ကြရအောင်ဟုပြောရန် စကားလုံးက လည်ချောင်းထဲအထိ တက်လာသော်လည်း ယူဂျင်းနှင့် မျက်လုံးချင်းဆုံမိတော့ ချက်ချင်းပြန်ဝင်သွား၏။ တဟဲဟဲ ရယ်မောနေသော ယူဂျင်း၏ မျက်နှာထားလေး တင်းမာသွားမည်စိုး၍ မပြောဝံ့ဘဲ ဖြစ်နေရသည်။
နောက်ဆုံး ဆုံးဖြတ်ချက်က အမြဲတမ်း သူ၏အပိုင်းသာ။ သူ၏ လုပ်ရပ်နှင့် စကားများက တစ်ဖက်လူ၏ စိတ်ခံစားမှုအပေါ် မည်သို့သက်ရောက်မှုရှိမည်ကို တစ်ခါမျှ စဉ်းစာခဲ့ဖူးသူမဟုတ်ပေ။ သူ့အတွက် သူတစ်ပါး၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရှုရခြင်းဟူသော ခံစားချက်က အင်မတန် စိမ်းသက်နေ၏။
ယူဂျင်းက တဖြည်းဖြည်းပြည့်လျှံလာသော စိတ်ခံစားချက်များကို မထိန်းနိုင်တော့ဘဲ မျက်နှာလေးကို မဆင်မခြင် ထိုးပေးကာ ခါဆယ်ရ်ကို နမ်းလိုက်သည်။ နှုတ်ခမ်းကို ပစ်မှတ်ထားသော်လည်း ခါဆယ်ရ်၏ အောက်နှုတ်ခမ်းနှင့် မေးစေ့ကြား နယ်နိမိတ်တစ်ဝိုက်သို့ လွဲချော်သွား၏။
ယူဂျင်းက ရယ်မောလိုက်ပြီးမှ နောက်တစ်ကြိမ် ထပ်မံကြိုးစားကာ ယခုတစ်ကြိမ်တွင်မူ နှုတ်ခမ်းချင်းတည့်အောင် တစ်ချက်နမ်းလိုက်သည်။
ခါဆယ်ရ်၏ မျက်လုံးများ လှုပ်ခါသွားရာမှ သူက သက်ပြင်းချသည့်အလား တစ်ချက်ရယ်ကာ ပြောလိုက်၏။
"ဒီလိုမျိုးလုပ်တာ မကောင်းဘူးနော်။"
"ဒီလိုမျိုးဆိုတာက ဘာကိုပြောတာလဲရှင့်။"
"ရည်ရွယ်ချက်ရှိရှိနဲ့ အသားချင်းထိတာလေ။"
ယူဂျင်းက မျက်လုံးလေး အဝိုင်းသားပြူးကာ ပြန်ပြောခဲ့သည်။
"မဟုတ်ပါဘူး။ ဘာရည်ရွယ်ချက်မှ မရှိပါဘူးနော်။"
ထို့နောက် မျက်လုံးလေးများ မှေးမှိတ်သွားသည်အထိ ရယ်မောရင်း လက်နှစ်ဖက်ဖြင့် ခါဆယ်ရ်၏လည်တိုင်ကို သိုင်းဖက်လိုက်၏။ ခါဆယ်ရ် သူ့အား အမြဲတမ်း လုပ်လေ့ရှိသလို ခါဆယ်ရ်၏ နှုတ်ခမ်းကိုငုံထွေးကာ အသာအယာ စုပ်ယူလိုက်ပြီးနောက် လျှာဖြင့် အသာအယာလျက်ရင်း ပြောလိုက်သည်။
"ဘာရည်ရွယ်ချက်မှမရှိပါဘူး။ ဒီအတိုင်း လုပ်ချင်လို့ပါ။"
မျက်လုံးချင်းဆုံမိရာမှ ခါဆယ်ရ့်မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်နှင့် ရုတ်တရက် မျက်စိရှေ့မှ မြင်ကွင်းသည်လည်း လည်ထွက်သွားတော့သည်။ အိပ်ရာပေါ်သို့ နောက်စေ့ထိမိသွားသည်နှင့် တစ်ပြိုင်နက် ဖိအုပ်နမ်းရှိုက်လာသော ခါဆယ်ရ်၏ နှုတ်ခမ်းများကြောင့် အသက်ရှူ ရပ်တန့်သွားရ၏။ ယူဂျင်းလည်း ပါးစပ်ကိုဟကာ သူ၏ အနမ်းကို တက်ကြွစွာ တုံ့ပြန်လိုက်သည်။
လက်ဖဝါးဖြင့် ဆုပ်ကိုင်မိသော သူ့ပခုံးက ကျောက်တုံးကဲ့သို့ မာကျောလှ၏။ တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်ပိုင်ရှင် ဤလူ ပေးအပ်မည့် သာယာမှုကို မျှော်လင့်ရင်း ယူဂျင်း ခပ်သဲ့သဲ့ ညည်းသံလေး ပြုလိုက်မိသည်။ ကြင်စဦးဇနီးမောင်နှံ၏ညကို မျှော်လင့်နေသူကား ခါဆယ်ရ်တစ်ဦးတည်း မဟုတ်ပေ။
~~~~
ခါဆယ်ရ်က ခန္ဓာကိုယ်ထဲမှ ဆူပွက်နေသော အပူဓာတ်ကို ခံစားရင်း အိပ်ရာမှ နိုးလာသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းမှာ သူ့ခန္ဓာကိုယ်ထဲမှ ကြည်လင်သော အပြာရောင်အလင်းများ ထွက်ခွာသွားသည့်မြင်ကွင်းပင်။
ချက်ချင်းဆိုသလို အိပ်ချင်စိတ်လည်း ပျောက်သွားတော့၏။ တင်းမာနေသော သူ၏ မျက်နှာထားက ပရာ့ဂ်ျ ရွေ့လျားသွားသည့် ဦးတည်ရာအတိုင်း ပလုံစီကာ တက်လာသော ရေပွက်လေးများကိုမြင်တော့ ပြေလျော့သွားလေသည်။
သူက မျက်လုံးများကိုသာလှည့်၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ နေစတင်ထွက်လာကာ အမှောင်ထုကို နှင်ထုတ်နေသည့်အချိန်ပင်။ မှိန်ပျပျအိပ်ခန်းအတွင်းပိုင်းက မနက်ခင်း မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဝေဝါးနေသည်။ သို့ရာတွင် အိပ်ခန်းအတွင်း ပြည့်လျှံနေသော ရေကိုတော့ ထင်ရှားစွာ မြင်နေရ၏။
ခါဆယ်ရ် လက်ကို ဆန့်ထုတ်လိုက်သည်။ လက်ကို အသာအယာ လှုပ်ရှားလိုက်သောအခါ ရေထုကြီး လှုပ်ခါသွားသကဲ့သို့ လေဟာပြင်က လှိုင်းဂယက်ထသွား၏။ မည်သို့သော အထိအတွေ့ကိုမှ မခံစားရသော်လည်း မျက်လုံးဖြင့် မြင်နေရသော မြင်ကွင်းကမူ လက်တွေ့အလား အသက်ဝင်နေသည်။
ဒုတိယအကြိမ် မြင်ရသည့် မြင်ကွင်းဖြစ်သော်လည်း ယခင်ကအတိုင်း ဆန်းကြယ်နေဆဲပင်။ သူက ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့အား ကျောတစ်ဝက်ပေးကာ တစ်ဖက်လှည့်အိပ်နေသော ယူဂျင်းကို မြင်လိုက်ရ၏။
ယူဂျင်း၏ ခေါင်းအုံးအောက်တွင် သူ့လက်မောင်းက ရောက်ရှိနေကာ ခေါင်းအုံး၏ အခန်းကဏ္ဍကို အချို့အဝက် ဝင်ယူထားသည်။ လက်မောင်းပေါ်၌ ယူဂျင်း၏ ကိုယ်အလေးချိန်ကို ခံစားနေရ၏။
အစကတည်းက မဟုတ်သော်လည်း မနက်ခင်းမျက်လုံးဖွင့်လိုက်သည့်အခါ ယူဂျင်းကို ပွေ့ဖက်ထားလျက်သော်လည်းကောင်း၊ ယူဂျင်း၏ လက်မောင်းခေါင်းအုံးအဖြစ်နှင့်သော်လည်းကောင်း ဖြစ်နေလေ့ရှိသည်။ ဘယ်အချိန်က စခဲ့သည်ကိုမူ တိတိကျကျ မမှတ်မိ။ အချိန်တိုအတွင်း ဖြစ်ပေါ်လာသည့် အရှိန်အဟုန်ပြင်းသော်ငြား သဘာဝကျသော အပြောင်းအလဲတစ်ခုပင်။
လွန်ခဲ့သော လပိုင်းက ဖြစ်ရပ်များကို အလွန်ဝေးကွာသွားသလိုခံစားရသည်။ လတိုင်း၏ ပထမနေ့တွင် တစ်ညတာ အတူအိပ်စက်ပြီးနောက် မနက်ခင်း မျက်လုံးဖွင့်လိုက်တိုင်း မိဖုရားနှင့် အဝေးကြီးခွာ၍ လဲလျောင်းနေတတ်၏။ တစ်ယောက်တည်း အိပ်ရခြင်းနှင့်မခြား ဝေးဝေးခွာ၍ အိပ်သော်လည်း အဆင်မပြေ၍ အိပ်မပျော်ခဲ့။
သို့သော် ယခုမူ တစ်ဦးနှင့်တစ်ဦး ကိုယ်ငွေ့ချင်း ထိတွေ့နိုင်သည်အထိ ဘေး၌ တစ်စုံတစ်ယောက် အိပ်ပျော်နေသည့်တိုင် သူ အင်မတန် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ယခုအခါ ပုံမှန်လိုပင်ဖြစ်နေသောကြောင့် ခါဆယ်ရ်တစ်ယောက် ရုတ်တရက် ထူးဆန်းသလို ခံစားနေရ၏။
သူက လက်မောင်းကို ဂရုတစိုက် ဆွဲထုတ်ကာ ထထိုင်လိုက်သည်။ အိပ်ခန်းအတွင်း၌ လူးလာကူးခတ်နေသည့် ပရာ့ဂ်ျကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
တစ်ထွာလောက်ရှည်သော မြွေတစ်ကောင်အသွင် ပြောင်းလဲသွားသည့် ပရာ့ဂ်ျက အိပ်ခန်းတွင်းရှိ ရေထုထဲ၌ ကူးခတ်နေလေသည်။ အမြီးတိုတိုလေးကို လှိုင်းဂယက်ထအောင် မလျော်မကန် လှုပ်ခါနေသည့်ပုံစံမှာ ငါးမျှားတံတွင် ချိတ်ထားသော ငါးကလေးလိုပင်။
ခါဆယ်ရ်လည်း စိတ်ပျက်လက်ပျက် အကြည့်ဖြင့် အပြာရောင်မြွေကိုကြည့်ရင်း စုတ်တစ်ချက်သပ်လိုက်ပြီးနောက် ယူဂျင်းထံသို့ အကြည့်ပြန်ရောက်သွားသည်။ ထိုအချိန်တွင် ယူဂျင်းကလည်း လူးလွန့်ကာ တစ်ဖက်သို့ လှည့်အိပ်လာ၏။ သူ ကြည့်နေရာဘက်တွင် ယူဂျင်း၏မျက်နှာလေးကို တည့်တည့်မြင်နေရသည်။
အသက်ရှူသံ သဲ့သဲ့လေးဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရသော ယူဂျင်း၏ ပုံစံလေးကြောင့် သူ ပြုံးမိသွား၏။
"အိပ်ပျော်မှာတောင် မဟုတ်ဘူးဆိုတာက ဘာစကားလဲ။"
ခါဆယ်ရ်တစ်ယောက် အတန်ကြာအောင် ထိုအတိုင်း ထိုင်နေကာ အချိန်ကုန်မှန်းပင်မသိဘဲ ယူဂျင်းကို ငေးကြည့်နေမိသည်။ ငြီးငွေ့ရိုးအီသွားခြင်း အလျဉ်းမရှိပေ။
အချိန် တစ်စတစ်စကုန်လွန်လာ၍ မိုးစင်စင်လင်းလာသည်နှင့်အမျှ အိပ်ခန်းအတွင်း၌လည်း တဖြည်းဖြည်း လင်းလာတော့သည်။ နေရောင်ခြည်၌ အရည်ပျော်သွားသည့်အလား ရေ၏ မြင်သာသောပုံရိပ်ကလည်း တဖြည်းဖြည်း မှေးမှိန်လာ၏။
ရေများ လုံးဝပျောက်ကွယ်မသွားမီ ပရာ့ဂ်ျက သူ၏ ကိုယ်ထဲသို့ ပြန်ဝင်လာသည်။ ယခင်တစ်ခါကအတိုင်း ယူဂျင်း၏ ကိုယ်ထဲသို့ ရေများ စုပ်ယူမခံရဘဲ လေထဲသို့ ပျံ့လွင့်သွားသည့်အလား တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
'ရာမီတာကို ထိန်းချုပ်တဲ့နေရာမှာ ပိုပြီးကျွမ်းကျင်လာတာများလား။'
ခါဆယ်ရ်တစ်ယောက် စောစောက မြင်လိုက်ရသော မြင်ကွင်းကို နောက်မှ ပြောပြရမည်ဟုတွေးရင်း အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ အိပ်ရာထချိန်သို့ ရောက်ရှိလာပေပြီ။ ပုံမှန်ထက် စောစီးစွာ နိုးထလာသော်လည်း ခေါင်းထဲ၌ လန်းဆန်းနေ၏။
~~~~
ခါဆယ်ရ်က လက်ထောက်အကူအား သတ်မှတ်ထားသော စာရွက်စာတမ်းများ ရှာဖွေယူဆောင်လာရန် ညွှန်ကြားလိုက်သည်။ လက်ထောက်အကူက အချိန်အတန်ကြာမှ စာရွက်စာတမ်းအထူကြီးများကို ယူဆောင်လာ၏။
စာရွက်စာတမ်းများ စုပုံထားသည့် ဘေးဘက်မျက်နှာပြင်၏ အရောင်မှာ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အချိန်ကာလကို ပြသနေသကဲ့သို့ အောက်ဆုံးက အဝါရောင်သမ်းနေကာ အလယ်ပိုင်းက အနည်းငယ် အရောင်ပြောင်းနေပြီး အပေါ်ဆုံးက အဖြူရောင်ရှိ၏။
အပေါ်ဆုံးရှိ စာရွက်စာတမ်းများကိုသာ ခါဆယ်ရ် ယခင်က လက်ခံရရှိကာ ဖတ်ဖူးခဲ့သည်။ အရောင်ပြောင်းနေသော စာရွက်စာတမ်းများမှာ သူ နန်းမတက်မီက စီစဉ်ထားသော အရာများဖြစ်၏။ နတ်ရွာစံဘုရင်လက်ထက်က ရေးဆွဲထားသည့် စီမံကိန်းများအပြင် ထိုထက်ပို၍စောသော အရာများလည်း ပါဝင်ပေသည်။
သူက မနက်ပိုင်း လုပ်ငန်းစဉ်များကို နောက်ဆုတ်ဆိုင်းငံ့ထားကာ စာရွက်စာတမ်းများကို ဖြန့်ကြည့်လိုက်သည်။ သိပ်မကြာသေးမီအချိန်က စာရွက်စာတမ်းများကို အစအဆုံး အသေးစိတ်ဖတ်ပြီး ကျန်စာရွက်စာတမ်းများကိုမူ လိုအပ်သော အပိုင်းများလောက်သာ ကောက်နုတ်ဖတ်ရှုခဲ့၏။
ဖတ်ပြီးသောအခါ အတွေးထဲ နစ်မျောသွားသော သူက စားပွဲကို လက်ချောင်းဖြင့် ခေါက်နေခဲ့သည်။ သူဖတ်ခဲ့သော စာရွက်စာတမ်းအားလုံးတွင် မာရာ၏ ဘာသာရေးအစွန်းရောက်ဂိုဏ်းနှင့် သက်ဆိုင်သော အချက်အလက်များကို ဖော်ပြထား၏။
'အထွတ်အမြတ်ဘုန်းတော်ကြီး...'
ခါဆယ်ရ်တစ်ယောက် ယူဂျင်းက မနေ့က 'အထွတ်အမြတ်ဘုန်းတော်ကြီး' အကြောင်း ပြောလာချိန်တွင် စိတ်ထဲမှ အံ့ဩမိခဲ့သည်။ သူက မာရာ၏ အစွန်းရောက်ဂိုဏ်းအတွင်းမှ အဆင့်အတန်းများကို အတိုင်းအတာတစ်ခုအထိ နားလည်ထား၏။
'အထွတ်အမြတ်ဘုန်းတော်ကြီးဆိုတာ အမြင့်ဆုံး အဆင့်ပဲ။'
သူ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များကို သေချာစုံစမ်းထောက်လှမ်းပြီး နှိမ်နင်းခြင်း မပြုရခြင်းမှာ ရိုးရှင်း၏။ ထိုသို့သော ကိစ္စများတွင် လူအင်အားနှင့် အချိန်များ သုံးစွဲခြင်းကို အလဟဿဖြစ်ရသည်ဟု ယူဆသောကြောင့်ပင်။
သို့သော် လုံးဝ ပစ်ပယ်ထားခြင်းတော့ မဟုတ်ပေ။ အသင့်အတင့် လွှတ်ပေးထားသော်လည်း သတင်းအချက်အလက်ရရှိရေးတွင်မူ ပေါ့ဆမှုမရှိသည်က တိုင်းပြည်၏ တစိုက်မတ်မတ်ရှိသော မူဝါဒဖြစ်ပေသည်။
ယင်းတို့မှာ တားမြစ်ပိတ်သိမ်းထားသည့် အဖွဲ့အစည်းဖြစ်သော်လည်း မည်သည့်နေရာတွင်မဆို ဟာကွက်များရှိ၏။ မာရာ၏ အစွန်းရောက်ဂိုဏ်းအား 'မင်းတို့က ထိခိုက်စေမဲ့ဆိုးကျိုးမရှိဘူးဆိုတဲ့ အချက်ကို သက်သေပြနိုင်ရင် အတိုင်းအတာတစ်ခုအထိ မျက်စိမှိတ်ပေးထားမယ်' ဟု ဖိအားပေးကာ သတင်းအချက်အလက်များကို ရယူခဲ့သည်။
ယူဂျင်းအား အရေးမကြီးသည့်ပုံစံဖြင့် ပြောဆိုခဲ့သော်လည်း တကယ်တမ်းတွင် ခါဆယ်ရ်က ယခုကိစ္စကို အတိုင်းအတာတစ်ခုအထိ အလေးအနက်ထား၏။ ယူဂျင်းက ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များကို ထောက်ပံ့ကာ သူတော်စင်အရှင်မဟု အမည်တွင်ခဲ့သည်ဟူသော အချက်သာ လူသိရှင်ကြား ဖြစ်သွားပါက ခေါင်းခဲစရာ ဖြစ်လာနိုင်သည်။
ထို့အပြင် ယူဂျင်း ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များကို ထောက်ပံ့ရသည့် ရည်ရွယ်ချက်က မာရာကို ဆင့်ခေါ်ခြင်းဖြစ်နေပါလျှင် ယခုကိစ္စကို လုံးဝ ဖွင့်ချ၍မဖြစ်ပေ။ နတ်ဆိုးကို ဆင့်ခေါ်နိုင်သည်ဖြစ်စေ၊ မခေါ်နိုင်သည်ဖြစ်စေ ထိုသို့ ကြိုးပမ်းခြင်းက ပြဿနာ ဖြစ်လာမည်သာ။
ကျိန်းသေပေါက် သူက မိဖုရားတွင် နတ်ဆိုးကို ဆင့်ခေါ်ရန် ဆန္ဒရှိသည်ဟု မယုံကြည်ပေ။ ယူဂျင်းတွင် ထိုသို့လုပ်စရာ အကြောင်းရင်းလည်းမရှိချေ။ သူ စိုးရိမ်သည်က ယူဂျင်း မလုပ်ခဲ့သော အရာကို အစွန်းရောက်ဂိုဏ်းဝင်များက စွပ်စွဲလာမည်ဆိုလျှင် အခြေအနေက ကျိန်းသေပေါက် သံသယအဝင်ခံရမည်ဟူသော အချက်ပင်။
ခါဆယ်ရ်က ဘယ်ရုစ်ကို ခေါ်လိုက်သည်။ ဘုရင်မင်းမြတ်၏ ခေါ်ယူခြင်းကိုခံရသော ဘယ်ရုစ်က ချက်ချင်း ရဲတိုက်ထဲသို့ ဝင်လာ၏။
"ဘာသာရေးအစွန်းရောက်ဂိုဏ်းကို စုံစမ်းတာ ဘယ်လောက်အထိ တိုးတက်ပြီလဲ။"
"သိရှိရရုံလေးပဲရှိပါသေးတယ်။ မကြာခင် စုစည်းပြီး သတင်းပို့တင်ပြပါ့မယ်။"
"ဟင့်အင်း။ အခု လုပ်လက်စ အလုပ်တွေအားလုံးကို ရပ်လိုက်တော့။"
"အရှင်မင်းကြီး။ မသင်္ကာစရာ အချက်အလက်တွေ ရှိနေတဲ့အတွက် သူတို့ကို ဂရုတစိုက် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ပြန်လည်စဉ်းစားပေးတော်မူပါ။"
ဘယ်ရုစ်က ချက်ချင်း ပြန်လည်ချေပပြောဆိုခဲ့သည်။ သူက ဘုရင်မင်းမြတ်၏ရှေ့မှောက်၌ ပြားပြားဝပ် ခစားတတ်သူဖြစ်သလို မှန်သည်ဟု ယူဆပါက မဖောက်ပြန်သော ဆုံးဖြတ်ချက်ခိုင်မာမှုကိုလည်း ပြသတတ်သူပင်။
ငယ်ရွယ်စဉ်မှာပင် နန်းရင်းဝန်ရာထူးကိုယူကာ ကြီးမားသော အာဏာကို ကျင့်သုံးနေသော်လည်း ပတ်ဝန်းကျင်မှ မည်သူမျှ သူ့အား မဆန့်ကျင်ဝံ့ရခြင်းမှာ မှူးမတ်အရာရှိအများစု၏ ထောက်ခံမှုကို ရထားသောကြောင့်ဖြစ်၏။ သူသာ ဘုရင်မင်းမြတ်အား အလိုလိုက်အကြိုက်ဆောင်သော ကလိမ်ကကျစ်မှူးမတ် ဖြစ်ခဲ့မည်ဆိုလျှင် အခွင့်အရေးကို အမြဲချောင်းနေကြသူများက အကြောင်းပြချက်ဖန်တီးကာ နန်းရင်းဝန်ရာထူးမှ ဆွဲချပြီးသား ဖြစ်နေပေမည်။
"လုံးဝရပ်လိုက်ဖို့ ပြောနေတာ မဟုတ်ဘူး။ ဦးတည်ရာကို ပြောင်းလိုက်ဖို့ ပြောနေတာ။"
"အရှင်မင်းကြီးရဲ့သဘောထားကို ပြောပြပေးပါ။"
ဘယ်ရုစ်က ရိုသေလေးစားသော အမူအရာဖြင့် ပြန်ပြောခဲ့သည်။
"သူတို့ သတိမထားအောင် လျှို့ဝှက်တဲ့ နည်းလမ်းကို ပြောင်းလိုက်။"
"အရှင်မင်းကြီး။ ဘယ်လောက်အထိ သိုသိပ်တဲ့ လျှို့ဝှက်မှုကို ပြောတာပါလဲ။ သတင်းအချက်အလက် စုဆောင်းတဲ့ အဆင့်ဖြစ်နေလို့ သတိထားပြီး ချဉ်းကပ်နေပါတယ်။"
"သတင်းအချက်အလက် စုဆောင်းတာကို အဓိကထားစရာ မလိုဘူး။ သူတို့ရဲ့ လှုပ်ရှားမှု နယ်ပယ်ကိုသိပြီး လှုပ်ရှားမှု လမ်းကြောင်းကို ခြေရာခံ။ မြို့တော်မှာ လှုပ်ရှားနေတဲ့ အစွန်းရောက်ဂိုဏ်းရဲ့ အဓိကလူတွေအပြင် သာမန် နောက်လိုက်တွေရဲ့ စာရင်းကိုပါ အတတ်နိုင်ဆုံး ရအောင်ယူ။"
ဘုရင်မင်းမြတ်၏ ညွှန်ကြားချက်ကို နားထောင်နေစဉ် ဘယ်ရုစ်၏ မျက်နှာထားက မရေမရာဖြစ်လာသည်။ ဦးတည်ချက်တစ်ခုလုံးက အစွန်းရောက်ဂိုဏ်းဝင်များကို သိရှိရရန်သာ အဓိကထားနေ၏။ ကြီးမားသော ပြဿနာများ မဖန်တီးသရွေ့ အသာလွှတ်ထားပြီး အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းကိုသာ ကိုင်တွယ်ရှင်းလင်းသည့် တိုင်းပြည်၏ လက်ရှိမူဝါဒနှင့် ကွဲပြားနေပေသည်။
"သူတို့ ဘာပဲလုပ်လုပ် စာရင်းရရှိရေးကိုပဲ အာရုံစိုက်ဖို့ ပြောနေတာပါလား။"
"လောလောဆယ်အတွက်တော့ ဟုတ်တယ်။"
ဘယ်ရုစ်၏ ခေါင်းထဲတွင် အကြမ်းဖျင်း အစီအစဉ်တစ်ခု ပေါ်လာသည်။ တိုင်းပြည်က ဘာသာရေးအစွန်းရောက်ဂိုဏ်းကို အသိအမှတ်ပြုပေးမည်ဟူသည့် ကောလာဟလကိုဖြန့်ပြီး သတိလက်လွတ်ဖြစ်အောင် လှုံ့ဆော်သည့် နည်းလမ်းက အဆင်ပြေမည့်ပုံပင်။
"အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော်မျိုး တခြားရည်ရွယ်ချက်တစ်ခုနဲ့ စုံစမ်းနေတဲ့လူ ရှိနေသေးတဲ့အတွက် အဲ့ဒီလူအကြောင်း စုံစမ်းမှုကို ဆက်လက်လုပ်ဆောင်ဖို့ ခွင့်ပြုပေးပါ။"
"သတင်းပွဲစား ကေ့ဂျ်လား။"
ခေါင်းငုံ့ထားသော ဘယ်ရုစ်၏ မျက်လုံးများ တုန်ယင်သွားသည်။
"ဟုတ်ပါတယ်။ အရှင်မင်းကြီး။ အဲ့ဒီလူကို စုံစမ်းနေပါတယ်။"
"မိဖုရားဆီက ကြားပြီးပြီ။ အဲ့ဒီလူအကြောင်း စုံစမ်းတာက ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ။"
မိဖုရားက လျှို့ဝှက်စွာ လူတစ်ဦးကို စုံစမ်းရန် ညွှန်ကြားခဲ့ကာ ထိုလူက သာမန်လူဟုတ်ပုံမရသဖြင့် ဘယ်ရုစ် အနည်းငယ် စိတ်မလုံမလဲဖြစ်နေခဲ့သည်။ သို့ရာတွင် ဘုရင်မင်းမြတ်က သိနှင့်ပြီးသားဖြစ်သောကြောင့် စိတ်သက်သာရာ ရသွား၏။
"အဲ့ဒီလူက အစွန်းရောက်ဂိုဏ်းနဲ့ ဆက်နွှယ်နေတဲ့ပုံပါပဲ။ သူက ဘာသာရေးအစွန်းရောက်ဂိုဏ်းကို ငွေကြေးထောက်ပံ့ပေးနေတဲ့ အဓိကလူဖြစ်နိုင်တယ်လို့ သံသယရှိပါတယ်။"
"အဲ့ဒီလူက အစွန်းရောက်ဂိုဏ်းဝင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရာဇဝတ်သားပဲ။ ကောက်ကျစ်စဉ်းလဲတဲ့ နည်းလမ်းနဲ့ မိဖုရားကို လှည့်စားပြီး စည်းစိမ်ဥစ္စာတွေ လိမ်ယူသွားတာလေ။ ကျိန်းသေပေါက် ဖမ်းဆီးပြီး အပြစ်ပေးရမှာပေါ့။ ငါ သီးခြားအမိန့်မပေးမချင်း အဲ့ဒီလူကို မချဉ်းကပ်ဘဲ စောင့်ကြည့်ရုံကြည့်နေ။ အင်မတန် ကောက်ကျစ်တဲ့သူမို့လို့ ထောင်ချောက်လို စောင့်ကြည့်ကွန်ရက်ကို တင်းတင်းကျပ်ကျပ်ချထား။ ပြီးတော့ စောင့်ကြည့်တဲ့အဖွဲ့ထဲကို စစ်သည်တော်တွေ လုံးဝမထည့်နဲ့။"
ခါဆယ်ရ်တစ်ယောက် မနေ့ညက 'ကိုယ်ရံတော်မပါဘဲ ထွက်သွားမယ်ဆိုရင် ငါ အနီးအနားကနေ နောက်ယောင်ခံပြီး လိုက်ခဲ့မယ်' ဟု ပြောလိုက်တော့ ယူဂျင်းထံမှ အရေးကြီးသော သတင်းအချက်အလက်များကို ရရှိခဲ့သည်။ အစွန်းရောက်ဂိုဏ်းတွင် ဘုန်းတော်ကြီးအဆင့်ရှိသူများက ဘုရင်မင်းမြတ်နှင့် စစ်သည်တော်တို့၏ အစွမ်းကို ခံစားနိုင်သည်ဟူသော အချက်မှာ အင်မတန်အံ့ဩစရာကောင်းသော အချက်အလက်အသစ်တစ်ခုပင်။
"အမိန့်တော်အတိုင်း လိုက်နာပါ့မယ်။"
ဘယ်ရုစ် ပြန်သွားပြီးနောက် ခါဆယ်ရ်က နောက်ထပ် လူအနည်းငယ်ကို ခေါ်ယူကာ တာဝန်များ ပေးအပ်ခဲ့သည်။ သူက ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များအား နှင်ထုတ်ရန်အတွက် အကြိုလုပ်ငန်းများကို အလေးအနက် စတင်လေတော့၏။
~~~~
Miel's Translations