အပိုင်း ၅၆
ခြောက်သွေ့ရာသီတွင် အစေ့ပုံစံနှင့် အိပ်ပျော်နေကြသော လာ့ခ်များက ရုန်းကန်လှုပ်ရှားရသည့်ရာသီရောက်လျှင် နိုးလာတတ်ကြသည်။ သို့သော်သန့်စင်ထားသော ပေါင်းခံရေ သို့မဟုတ် ဆီထဲတွင် အစေ့ကို နှစ်ထားလျှင် ရုန်းကန်လှုပ်ရှားရသည့်ရာသီမှာလည်း အစေ့ပုံစံအတိုင်းရှိ၏။
ထို့ကြောင့် ရုန်းကန်လှုပ်ရှားရသည့်ရာသီရောက်လျှင် သိုလှောင်ရုံတွင် ထိန်းချုပ်ပေးနိုင်သောအရည် ထည့်ထားသည့် ပုလင်းထဲတွင် အစေ့များကို သိမ်းဆည်းကြလေ့ရှိသည်။ ပေါင်းခံရေ အငွေ့ပြန်ပြီး စံနှုန်းမပြည့်မီလျှင် လာ့ခ်များ နိုးလာနိုင်သဖြင့် နေ့စဉ်စစ်ဆေးကာ ထိန်းသိမ်းရ၏။
"ထိခိုက်မိတဲ့သူရော။"
"အသေးအမွှား ထိခိုက်ဒဏ်ရာရတာပဲ ရှိပါတယ်။"
"အမှုထမ်းတွေအားလုံးကို ပြန်လွှတ်လိုက်ပြီလား။"
"ဟုတ်ကဲ့၊ အရှင်မင်းကြီး။ တစ်ယောက်မကျန် ပြန်လွှတ်လိုက်ပါပြီ။ အခု သိုလှောင်ရုံထဲမှာ ဘယ်သူမှ မရှိတော့ပါဘူး။"
ခါဆယ်ရ်က ခေါင်းညိတ်ကာ စစ်သည်တော်များကို ပြောလိုက်တယ်။
"နေဝင်သွားရင် အထဲဝင်မယ်။"
"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။"
ယခုဆို အထဲတွင် လာ့ခ်က သောင်းကျန်းနေပေလိမ့်မည်။ နေဝင်ပြီးမှ လာ့ခ်၏တည်နေရာကို စစ်ဆေးကာ မနက်ပိုင်းရောက်မှ ကိုင်တွယ်ဖြေရှင်းခြင်းကသာ အလုံခြုံဆုံး ဘေးအကင်းဆုံး နည်းလမ်းဖြစ်၏။
သိုလှောင်ရုံအတွင်းပိုင်းက ပျားအုံကဲ့သို့ အခန်းများစွာကို ချိတ်ဆက်ထားသည့် ပုံစံပင်။ ပုံမှန်အချိန်တွင် အခန်းအားလုံးက ဆက်နေသော်လည်း တစ်ခန်းနှင့် တစ်ခန်းအကြား ဆက်သွယ်ထားသည့် လမ်းကြောင်းတိုင်းတွင် ကြီးမားသော သံတံခါးတစ်ခုကို တပ်ဆင်ထားသည်။
အရေးပေါ်အခြေအနေတွင် တစ်ချက်လှည့်လိုက်ရုံနှင့် အခန်းအားလုံးကိုပိတ်နိုင်သော သံတံခါးများ အောက်သို့ ကျလာပေမည်။ ထိုသံတံခါးအောက်တွင် လူတစ်ယောက်စာ ငုံ့ပြီးထွက်နိုင်လောက်သည့် တံခါးပေါက်သေးသေးလေးကို ချန်ထားသဖြင့် လူများ အပြင်ထွက်နိုင်၏။
ညအမှောင် လုံးဝကျသွားသည့်အခါ တပ်မှူးက ယန္တရားကို လည်ပတ်စေကာ သံတံခါးများကို အပေါ်သို့ ပြန်တင်လိုက်သည်။ နောက်ဆုံးတွင် သိုလှောင်ရုံ၏ ပင်မ ဝင်ထွက်ပေါက် ဂိတ်တံခါး ပွင့်သွားတော့၏။ ဘုရင်မင်းမြတ်နှင့် စစ်သည်တော်များလည်း အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
"ဒီဘက်ပါ၊ အရှင်မင်းကြီး။"
တပ်မှူးက လမ်းပြပေးခဲ့သည်။
သိုလှောင်ရုံ၏ အတွင်းပိုင်းဖွဲ့စည်းပုံက ရှုပ်ထွေးလှ၏။ အခန်းများအားလုံး ပုံစံတူပြီး ချိတ်ဆက်နေသဖြင့် လမ်းကြောင်းရှာရ ခက်ပေသည်။ အတွင်း၌ အစေ့များကွဲအက်သွားလျှင်ပင် လာ့ခ်များ အပြင်ဘက်သို့ အလွယ်တကူ ထွက်မသွားနိုင်အောင် ဝင်္ကပါပုံစံ ဖန်တီးထား၏။
လုံခြုံရေးအတွက်ပါ ရည်ရွယ်၍ တည်ဆောက်ထားခြင်းပင်။ အဆင့်မြင့် အစေ့များက တန်ဖိုးကြီးသည့်အပြင် ဝယ်ယူရန်လည်း ခက်ခဲသည်။
"နောက်အခန်းပါ၊ အရှင်မင်းကြီး။"
ဦးတည်ရာနေရာကို ရောက်သည်နှင့် ခါဆယ်ရ် ခြေထောက်ဖြင့်ကန်လိုက်မိသည့် ပုလင်းတစ်လုံး လိမ့်သွားသည်။ ခါဆယ်ရ်က လိမ့်သွားသည့်ပုလင်းကို ကောက်ယူလိုက်၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူ့မျက်နှာထား တင်းမာသွားတော့သည်။ လိမ့်နေသည့် ပုလင်းများက တစ်လုံး၊နှစ်လုံး မဟုတ်ပေ။
'ဘယ်ကောင်မှန်းမသိပေမဲ့ တော်တော်လေး သောင်းကျန်းထားတာပဲ။'
လာ့ခ်က အခန်းထဲတွင် ပိတ်မိကာ ရုန်းကန်နေစဉ် ပုလင်းများကို ထိခဲ့ပုံပင်။ ဤအတိုင်းသာဆို အစေ့များ ထပ်မံအက်ကွဲကာ လာ့ခ်များ နိုးလာပေလိမ့်မည်။ ထိုနည်းအတိုင်း လာ့ခ် အများကြီး နိုးလာတော့မှာပဲဟု ခါဆယ်ရ် တွေးလိုက်၏။
စစ်သည်တော်များက ခိုချီ*ကိုရှာရန် နေရာအနှံ့ ခွဲထွက်သွားကြသည်။ သို့သော် စစ်သည်တော် အမြောက်အမြား အတွင်းပိုင်းတစ်ခုလုံးကို နှံ့စပ်အောင် ရှာဖွေပြီးသည့်နောက်မှာပင် ခိုချီကို တွေ့ပြီဟု ပြောသံမကြားရ။
[TL/N : ခိုချီ : cocoon- ပိုးအိမ်
ဒီမှာကတော့ အကာအကွယ်အခွံထဲမှာပိတ်ပြီးနေတဲ့ လာ့ခ်ကို ပြောချင်တာပါ။ လာ့ခ်တွေက ညရောက်ရင် အကာအကွယ်စနစ်ပေါ်လာပြီး အဲ့ဒီအထဲမှာ အိပ်ကြတယ်လို့ အရှေ့မှာ ပြောထားပါတယ်။]
"အရှင်မင်းကြီး။ ခိုချီမရှိပါဘူး။"
"ဘာ၊ ခိုချီမရှိဘူးပေါ့လေ။ ဒါဆို..."
ခါဆယ်ရ်၏ မျက်နှာထား ပျက်ယွင်းသွားတော့သည်။
'သံတံခါးပွင့်တာနဲ့ ဒီကောင် ဒီအခန်းထဲကနေ ထွက်သွားလိုက်တာပဲ။'
သူက တပ်မှူးကို တိုက်တွန်းလိုက်သည်။
"အဆင့်အမြင့်ဆုံး အစေ့ရှိတဲ့အခန်းဆီ လမ်းပြပေး။ အခုချက်ချင်း။"
"ဟုတ်ကဲ့။ ဒီဘက်ပါ။"
တပ်မှူး ညွှန်ပြပြီး ပြေးသွားရာဘက်ကို ဘုရင်မင်းမြတ်နှင့် စစ်သည်တော်များလည်း ပြေးလိုက်သွားကြတော့သည်။
~~~~
ဘယ်ရုစ်က လက်ပိုက်ထားရင်း အတန်ကြာအောင် စဉ်းစားနေ၏။ ပုံမှန်ဆိုလျှင် အလုပ်လုပ်နေချိန်ဖြစ်သော်လည်း မနေ့က မာရီအန်းနှင့် တွေ့ပြီးကတည်းက သူ့လက်ထဲရှိအလုပ်များ ဘာမှမပြီးခဲ့ပေ။
ရဲတိုက်အတွင်းမှ သတင်းအချက်အလက်များကို ရယူရန်၊ ဘုရင်နှင့်မိဖုရားကြားမှ ဆက်ဆံရေးအကြောင်း စုံစမ်းရန်အတွက် မာရီအန်းကို တွေ့ဆုံခွင့်တောင်းခဲ့သည်။ သို့သော် မာရီအန်းနှင့် တွေ့ဆုံမှုက သူထင်ထားပုံနှင့် အတော်လေး ကွဲလွဲခဲ့၏။
ဆယ်စုနှစ်ပေါင်းများစွာ နန်းတော်တွင် နေထိုင်ခဲ့သော မာရီအန်းက အတွေ့အကြုံများသူတစ်ယောက်ပင်။ ထက်မြက်သော်လည်း အတွေ့အကြုံနည်းပါးသည့် ဘယ်ရုစ်အတွက် သူနှင့်ရင်ဆိုင်ရသည်က ခက်ခဲ၏။ ပါးစပ်မဖွာဘဲ အတွင်းစိတ်ကိုလည်း သိပ်မဖော်ပြတတ်သူပင်။
မာရီအန်းက ဆယ်စုနှစ်ပေါင်းများစွာ တော်ဝင်မိသားစုအပေါ် သစ္စာရှိရှိအမှုထမ်းခဲ့ပြီး ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိမှုကလည်း ကြီးမား၏။ အလွယ်တကူ ညှိနှိုင်း၍ရမည့်သူ မဟုတ်ပေ။
ထို့ကြောင့် မည်သို့သော စကားဝိုင်းမျိုး ဖြစ်လာမလဲဟု ဇာတ်ညွှန်းရေးကြည့်ကာ မာရီအန်း၏ တုံ့ပြန်မှုအပေါ် မူတည်ပြီး အမျိုးမျိုးသော မေးခွန်းများနှင့် အဖြေများကို ပြင်ဆင်ထားရန်ကြိုးစားခဲ့သည်။
သို့သော် မာရီအန်းဆီသို့ အစေခံတစ်ယောက် စေလွှတ်လိုက်ပြီး နောက်တစ်နေ့မှာပင် မာရီအန်းက ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့။ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပင် မလုပ်ရသေးပေ။
မာရီအန်းနှင့် စကားဝိုင်းကလည်း သူ၏ဆန္ဒအတိုင်း မဖြစ်ခဲ့။ အသုံးဝင်သော အချက်အလက်ဟူ၍ ဘာတစ်ခုမှ မရခဲ့ပေ။ မာရီအန်းက ဘယ်ရုစ်ကို သူ လုံးဝ ထင်မှတ်မထားသော စကားများနှင့် ရုတ်တရက် ရှော့ခ်ရသွားအောင် လုပ်ခဲ့သည်။
[အရှင်မိဖုရားက နန်းရင်းဝန်နဲ့ တွေ့ဆုံချင်နေပါတယ်။]
[ဘယ်ကိစ္စကြောင့်များ အရှင်မိဖုရားက ကျွန်တော့်ကို...]
[ဘာကိစ္စလဲဆိုတာကတော့ အရှင်မိဖုရားနဲ့ တွေ့လိုက်ရင် သိရမှာပါ။]
မာရီအန်း ပြန်သွားပြီးသည့်နောက် မည်မျှပင် ခေါင်းခြောက်အောင် စဉ်းစားပါစေ ဘာတစ်ခုမှ ခန့်မှန်း၍မရခဲ့။
ဘယ်ရုစ်က ဒီအတောအတွင်း မိဖုရားနှင့် အဆက်အသွယ်မရှိပေ။ တရားဝင်အခမ်းအနားများ၌သာ တွေ့ဆုံခဲ့ကြကာ ထိုသို့သောအချိန်များတွင်လည်း နှုတ်ဆက်ရုံလောက်သာရှိခဲ့ပြီး အထူးတလှယ် ဆက်ဆံရေး နီးစပ်အောင် ကြိုးစားခြင်းမျိုးမရှိခဲ့။
သူက လူများနှင့် ဆက်ဆံရေးထက် အလုပ်ကို ပိုအာရုံစိုက်တတ်သည့် စရိုက်ရှိသူပင်။ နန်းရင်းဝန်ရာထူးက နိုင်ငံရေးနှင့်ဆိုင်သော ရာထူးဖြစ်သဖြင့် လူအများနှင့် ဆက်ဆံရခြင်းကို ရှောင်လွှဲ၍မရသော်လည်း တတ်နိုင်သလောက် အလုပ်နှင့်ပတ်သက်သည့် ဆက်ဆံရေးမျိုးကိုသာ ထိန်းသိမ်းခဲ့၏။
ဘုရင်မင်းမြတ်က သူ့အစွမ်းအစနှင့်သူ အာဏာကိုတည်ဆောက်ကာ နန်းတက်ခဲ့သည်ဟု သတင်းကြားကတည်းက မိဖုရားနှင့် မရင်းနှီးရန် ဆုံးဖြတ်ခဲ့သည်။ မိဖုရားက သူ၏ နိုင်ငံရေးအဆင့်အတန်းကို ပိုမိုခိုင်မာအောင် ပံ့ပိုးပေးနိုင်သော်လည်း တစ်ဖက်တွင် ရှုပ်ထွေးသောကိစ္စများ၌ ပါဝင်ပတ်သက်ရအောင် လုပ်နိုင်ပေ၏။
ဘယ်ရုစ်က အစနှင့်အဆုံး ရှင်းရှင်းလင်းလင်းဖြစ်နေသည်ကို ပိုသဘောကျသည်။ မရေမရာမှုကို လုံးဝမကြိုက်။ သို့သော် လူတို့နှင့်ပတ်သက်လာလျှင် အများစုက ရှုပ်ထွေးကာ ခန့်မှန်းရခက်ပေသည်။
သို့ရာတွင် မိဖုရားက တွေ့ဆုံရန်ဆင့်ခေါ်လာလျှင်တော့ သူ့အနေနှင့် ငြင်းဆန်နိုင်မည်မဟုတ်ပေ။ သို့သော် မိဖုရားက ဘယ်ရုစ်ကိုသာမက အခြားဘယ်သူ့ကိုမှ ခေါ်တွေ့ခြင်းမရှိခဲ့။ မရင်းနှီးသောတိုင်းပြည်တွင် မိမိ၏အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် ပတ်ဝန်းကျင်ကို သြဇာလွှမ်းဖို့ ကြိုးစားလိမ့်မည်ဟူသော ခန့်မှန်းချက်နှင့် ကွဲလွဲနေ၏။
ထို့ကြောင့် ဘယ်ရုစ်လည်း ဘုရင်မင်းမြတ်၏ နန်းစံသက် ကနဦးပိုင်းတွင် မိဖုရားကို သဘောကျခဲ့သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မိဖုရားက တကယ်တမ်း ဘာမှမလုပ်မှန်း သိလာရသဖြင့် စိတ်ပျက်မိခဲ့၏။ မကြာသေးမီက ဖြစ်ခဲ့သော ပျောက်ဆုံးမှုဖြစ်စဉ်တွင် လုံးဝ ယုံကြည်မှု ကင်းမဲ့သွားတော့သည်။
'ဘာဖြစ်လို့ အခုမှလာပြီး ငါ့ကို တွေ့ချင်ရတာပါလိမ့်။'
'ပျောက်သွားတဲ့ ရံရွေတော်မိန်းကလေးအကြောင်း စုံစမ်းနေတာကို သတိထားမိသွားလို့များလား။'
'မဟုတ်လောက်ပါဘူး။'
ဘယ်ရုစ်က ခေါင်းခါလိုက်သည်။ နောက်ကြောင်းမရှင်းသည့် ကိစ္စမျိုးကို သူမလုပ်ခဲ့။ အကယ်၍သာ မိဖုရားတွင် ဤမျှလောက် အချက်အလက်သိနိုင်သည့် အင်အားရှိမည်ဆိုလျှင် သူလည်း အားလုံးကို အစမှ ပြန်လည်စုံစမ်းရပေမည်။ ထိုအတိုင်းသာဆို မိဖုရားက သူ၏အင်အားကို ယခုအချိန်အထိ ဖုံးကွယ်ထားခဲ့သည်ဟု သဘောသက်ရောက်သွားမည်ဖြစ်သောကြောင့်ပင်။
'မိဖုရားက ခေါ်တာကို မသွားဘဲငြင်းဆန်လို့လည်း မရဘူး။ တခြားရွေးချယ်စရာ မရှိဘူး။'
ဘယ်ရုစ်က စာတစ်စောင် ရေးလိုက်သည်။ မိဖုရားထံ အခစားဝင်ခွင့်တောင်းခံပြီး နေ့ရက်နှင့်အချိန်ကို သတ်မှတ်ပေးရန် တောင်းဆိုကြောင်းစာပင်။ ထို့နောက် သူက အိမ်တော်ထိန်းကိုခေါ်ကာ စာကို ပေးလိုက်သည်။
"ဒါက ရဲတိုက်ကို ပို့ရမဲ့စာပဲ။ ဘယ်ရွန် ဝေးဇ်ကို ပေးပေးဖို့ ပြောလိုက်ပါ။"
"ဟုတ်ကဲ့ပါ၊ အရှင်။"
စာပို့ပြီး တစ်နာရီပင်မပြည့်သေးခင် အကြောင်းပြန်စာ ရောက်လာသည်။
"ဘာရောက်လာတယ်။"
"ရဲတိုက်က စာရောက်လာပါတယ်။"
ဘယ်ရုစ်က အိမ်တော်ထိန်း စားပွဲပေါ်တင်လိုက်သည့် စာအိတ်ကိုယူကာ စစ်ဆေးလိုက်သည်။ စည်းတံဆိပ်ပေါ်တွင် ရဲတိုက်၏တံဆိပ်တုံး ရိုက်နှိပ်ထား၏။ ဤတံဆိပ်တုံးကို တော်ဝင်မိသားစုဝင်များသာ ရိုက်နှိပ်နိုင်သဖြင့် ဘုရင်မင်းမြတ် မရှိသည့်အချိန်တွင် မိဖုရားသာ ဖြစ်နိုင်ပေသည်။
စာအိတ်ကိုဖွင့်ကာ စာကို ဖတ်ကြည့်လိုက်တော့ ပို၍ပင် အံ့ဩသွားရ၏။
[နန်းရင်းဝန်ရဲ့ အခစားဝင်ခွင့်တောင်းဆိုမှုကို ခွင့်ပြုပါတယ်။ ဒီနေ့ နေ့လယ် ၂ နာရီ။]
ဘယ်ရုစ်က ယနေ့ ဟုတ်၊မဟုတ်ကို အကြိမ်ကြိမ် ပြန်စစ်ဆေးလိုက်သည်။
အင်မတန်ရင်းနှီးသော ဆက်ဆံရေးမျိုး မဟုတ်လျှင် လူတစ်ယောက်နှင့်တွေ့ဆုံရန် အနည်းဆုံး တစ်ရက်လောက်ကြို၍ ရက်ချိန်းယူရ၏။ အခစားဝင်ခွင့်တောင်းခံခြင်းဆိုလျှင်တော့ အနည်းဆုံး နှစ်ရက်လောက်ကြို၍ ရက်ချိန်းယူခြင်းက အဆင်ပြေဆုံးပင်။
'အထူးသဖြင့် အခု အရှင်မင်းကြီးလည်း ရှိမနေတာကို။'
တစ်စုံတစ်ယောက်က အလကားနေရင်း အပြစ်တင်မည်စိုး၍ ဘယ်ရုစ်က ဘုရင်မင်းမြတ် ရဲတိုက်တွင် မရှိသည့်အချိန်များ၌ ရဲတိုက်ထဲသို့ တတ်နိုင်သမျှ ဝင်လေ့မရှိပေ။
သို့သော် မိဖုရား သတ်မှတ်ထားသည့် တွေ့ဆုံချိန်ကိုတော့ သူက ပြောင်းလဲနိုင်ခြင်းမရှိ။
"ဟမ်း... နောက်ကျရင် ရဲတိုက်ထဲသွားရမှာမို့လို့ အသင့်ပြင်ထားလိုက်။"
ဘယ်ရုစ်က သက်ပြင်းချရင်း အိမ်တော်ထိန်းကို အမိန့်ပေးလိုက်သည်။ စိတ်ထင့်နေသော်လည်း တစ်ဖက်က စိတ်ဝင်စားနေမိ၏။ ဤမျှအထိ အရေးတကြီး တွေ့ဆုံလိုသည်ဆိုလျှင်... ဘာကိစ္စများဖြစ်မလဲ။
~~~~
မိဖုရား၏ ရုံးခန်းပြင်ဆင်မှုများ ပြီးစီးသွားချေပြီ။ နဂိုက ဧည့်တွေ့ခန်းအဖြစ် အသုံးပြုခဲ့သည့် နေရာပင်။
ရဲတိုက်တွင် ဧည့်တွေ့ခန်း အများအပြားရှိ၏။ နဂိုကတော့ အခစားဝင်ခွင့်တောင်းခံသူများ စောင့်ဆိုင်းရန် နေရာဖြစ်သော်လည်း မိဖုရား၏ ကိုယ်ပိုင်ဧည့်ခန်းအနီးရှိ စောင့်ဆိုင်းခန်းကတော့ အသုံးပြုခဲလှသည်။
ရုံးခန်းကို ယူဂျင်း၏ တောင်းဆိုမှုအတိုင်း အလှဆင်ထား၏။ စာအုပ်စင်နှင့် စားပွဲအပြင် လိုအပ်သော ပရိဘောဂများကိုသာ ထားရှိသည်။ အလွန်အကျွံ အလှဆင်ခြင်းကိုရှောင်ကာ အနည်းအကျဉ်းလောက် ထွင်းထုပြုလုပ်ထားသော ပရိဘောဂအသစ်များကို သုံးခဲ့၏။
သူ့မေဂျာက အတွင်းပိုင်းအလှဆင်ခြင်းမဟုတ်သော်လည်း ကုမ္ပဏီတွင် အလုပ်လုပ်စဉ်က CEO ရုံးခန်းကို အလှဆင်ရန် တာဝန်ယူခဲ့ဖူးသည်။
ယူဂျင်း အလုပ်လုပ်ခဲ့သော ကုမ္ပဏီက မကြာခဏ ရွှေ့ပြောင်းလေ့ရှိ၏။ ကုမ္ပဏီက သိပ်မကြီးသော်လည်း ကြွားဝါချင်သည့် သူဌေးကတော့ သူ့ရုံးခန်းသူ အလွန်အကျွံ ခမ်းနားအောင် အလှဆင်ချင်သည်။ သို့သော် ငွေသုံးရမည်ကိုတော့ နှမြောသူပင်။
ဖြစ်ချင်တော့ ယူဂျင်းက ထိုအလုပ်ကို တာဝန်ယူခဲ့ရသည်။ သို့သော် ယူဂျင်းက အထွေထွေလုပ်သားတစ်ယောက်အဆင့်သာ။
'ငါ ဘာလို့များ ဒီအလုပ်မျိုးကို လုပ်ရတာလဲ' ဟု တွေးခဲ့သော်လည်း သူဌေးခိုင်းသမျှကို မငြင်းဆန်နိုင်သည့် ဝန်ထမ်းငယ်လေးတစ်ယောက်သာဖြစ်၏။
စိတ်ထဲမှ သူဌေးကို အမြဲတမ်း ဆဲဆိုရင်း လုပ်ခဲ့သောအလုပ်၏ ရလဒ်ကား 'ကျွမ်းကျင်သူကို ငှားထားတာထက်တောင် ပိုကောင်းတယ်' ဟု ချီးကျူးခံရမှုပင်။ ထိုနောက်ပိုင်းတွင် CEO ရုံးခန်း အလှဆင်သည့်အလုပ်ကို ယူဂျင်းကပဲ အမြဲတမ်း တာဝန်ယူရတော့၏။ ဤအလုပ်နှင့်သက်ဆိုင်သည့် ဘာသာရပ်ကို စနစ်တကျ သင်ယူခဲ့ရင်ကောင်းမလားဟု တိုးတိုးတိတ်တိတ် တွေးခဲ့ဖူးသည်။
ဤနေရာတွင် ခေတ်စားနေသော အခြေခံဒီဇိုင်းများက ယူဂျင်းအတွက်တော့ အင်မတန် ခမ်းနားနေကာ ခေတ်နောက်ကျသလို ခံစားရ၏။ အရောင်အသွေးစုံလင်ပြီး တောက်ပသော အလှတရားနောက် အလိုက်များကြသည့်ပုံပင်။
ခရီးသွားနေရာများတွင် မြင်တွေ့ရသည့် အနုပညာလက်ရာများသာဆိုလျှင် ကြည့်ရကောင်းသော်လည်း မနက်မှညအထိ အရောင်အသွေးစုံစွာ တောက်ပနေသော ရွှေရောင်အဆင်တန်ဆာများကို တစ်လျှောက်လုံး ကြည့်နေရတော့ ငြီးငွေ့လာရသည်။
ယူဂျင်းက ရှင်းလင်းပြီး ခေတ်မီသည့် ဒီဇိုင်းမျိုးနှင့် နေသားကျနေသူပင်။ သို့သော် ထိုအငွေ့အသက်အတိုင်း ဤနေရာတွင် အသုံးချမည်ဆိုလျှင် အင်မတန်ထူးဆန်းနေသဖြင့် လူတိုင်း သဘောကျမည်မဟုတ်ပေ။
ထိုကြောင့် အလယ်အလတ်အနေအထားနှင့် အလျှော့အတင်းလုပ်ခဲ့သည်။ သူ့ရုံးခန်းက ခေတ်ဟောင်းနှင့်ခေတ်သစ် ရောထားသောပုံစံပင်။ ရှေးဟောင်းမူကို မဖျောက်ဘဲ ခေတ်မီသော အငွေ့အသက်ကို ပေါင်းစပ်ကာ ရှင်းလင်းသေသပ်ပြီး ခမ်းနားလှပအောင် ပြင်ဆင်ထား၏။
ပြီးစီးသွားသော ရုံးခန်းကို ပထမဆုံး ပြသရန်အတွက် ယူဂျင်းက မာရီအန်းနှင့် ဆာရာကို ခေါ်လိုက်သည်။
"ကျွန်မ အကြိုက်အတိုင်း အလှဆင်ထားတာပါ။ ဘယ်လိုနေလဲဟင်။ တစ်ခုခုများ ထူးဆန်းနေလား။"
မာရီအန်းနှင့် ဆာရာက စိတ်ဝင်စားမှုအပြည့်ဖြင့် ရုံးခန်းကို လှည့်ပတ်ကြည့်ရှုကြသည်။
မိဖုရားက အသေးအဖွဲကိစ္စများကိုပါ ဝင်ရောက်စွက်ဖက်နေသဖြင့် သူတို့က ရဲတိုက်ကို စနစ်တကျ စီမံခန့်ခွဲရန်အတွက် အားကြိုးမာန်တက် ပြင်ဆင်နေသည်ဟုသာ တွေးထားခဲ့ကြ၏။ ဤကဲ့သို့ ထူးခြားသော အငွေ့အသက်ရှိသည့်နေရာအဖြစ် ပြောင်းလဲပစ်မည်ဟူ၍ကား မထင်ခဲ့ကြပေ။
ဆယ်စုနှစ်ပေါင်းများစွာ ရဲတိုက်တွင် နေထိုင်ခဲ့ကာ မရည်ရွယ်ဘဲ မိဖုရားလုပ်ရမည့် အလုပ်များကိုပါ တာဝန်ယူခဲ့ရသည့် မာရီအန်းတစ်ယောက် သဘာဝကျစွာ မြင်ခဲ့ကြားခဲ့ရသည့်အရာများ အများကြီးရှိ၏။ မာရီအန်းက မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူမဟုတ်သော်လည်း သူ၏ပညာဗဟုသုတက ဘယ်သူနှင့်ယှဉ်ယှဉ် မနိမ့်ပါးပေ။
မာရီအန်းက ရုံးခန်း၏ အတွင်းပိုင်းအပြင်အဆင်ကို အမြင်ဆန်းသလို ခေတ်မီသည်ဟု တွေးခဲ့သည်။
"တကယ်ကို ခမ်းနားပါတယ်။ အရှင်မိဖုရား။"
"ကျွန်မရဲ့ ဗဟုသုတနည်းပါးမှုကြောင့် ဒီလိုမျိုး ဖွဲ့စည်းမှုကို အခုအချိန်အထိ မမြင်ဖူးသေးပါဘူး။ အမြင်ဆန်းလှပါတယ်။"
မာရီအန်းနှင့် ဆာရာတို့နှစ်ဦးစလုံး၏ တုံ့ပြန်မှုက အပြုသဘောဆောင်ပေသည်။ ထူးဆန်းသည်ဟု တွေးလျှင်ပင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်မည်မဟုတ်သော်လည်း ယူဂျင်းက သူတို့နှစ်ယောက်စလုံး သဘောကျနေသည်ကို ခံစားမိ၏။ ဆက်တိုက် မျက်လုံးအပြူးသားနှင့် အခန်းတစ်ခန်းလုံးကို လိုက်ကြည့်နေကြသည့် အမူအရာက စိတ်ရင်းမှန်အတိုင်းပင်။
'ရဲတိုက်ရဲ့ အငွေ့အသက်ကိုလည်း နည်းနည်းချင်းစီ ကိုယ့်ရဲ့ စတိုင်လ်အတိုင်း ပြောင်းလိုက်ရင်ကောင်းမလား။'
ဟောဒီ ဧရာမ ရဲတိုက်ကြီးကို ပြောင်းလဲရန်ဆိုလျှင် လုပ်ရမည့်အလုပ်များ အများကြီးရှိပေမည်။ သို့သော် စိတ်ကူးကြည့်လိုက်တော့ စိတ်အားထက်သန်လာသည်။
သူက ရဲတိုက်၏ စီမံခန့်ခွဲသူ ဖြစ်လာခဲ့ပေပြီ။ ဘယ်သူ့စကားကိုမှ နားထောင်စရာမလိုဘဲ သူအကြိုက်နှင့်အညီ ပြောင်းလဲနိုင်၏။ ကျိန်းသေပေါက် ဘုရင်မင်းမြတ်က သဘောတူမှဖြစ်မည်ဆိုသော်လည်း သူ့စရိုက်အရ သေချာပေါက် ဂရုစိုက်မည်မထင်ပေ။
'သူ့ရဲ့ စရိုက်...'
ယူဂျင်းတစ်ယောက် မသိစိတ်ထဲမှ သူ့ကို ဝေဖန်အကဲဖြတ်မိရာက လန့်သွားတော့၏။ ယခုမဟုတ်သည့် မကြာသေးမီက ဘုရင်မင်းမြတ်ကို ဘယ်လိုလူမှန်း မသိဘူးဟု တွေးခဲ့သည့်အချိန်များ ရှိခဲ့ဖူးသည်။
သူ့စရိုက်၏ တစ်စိတ်တစ်ပိုင်းကို တိကျစွာ ဆုံးဖြတ်နိုင်လောက်အောင် သူနှင့်ရင်းနှီးသွားခဲ့ခြင်းပင်။ ခံစားချက်က ထူးဆန်း၏။
"အရှင်မိဖုရား။ လျှောက်တင်စရာကိစ္စ ရှိပါတယ်။ အခုပဲ လျှောက်တင်လို့ ရပါသလား။"
ဆာရာ၏ စကားကြောင့် ယူဂျင်း ခေါင်းညိတ်လိုက်သည်။
"ဘာကိစ္စများလဲ။"
"ယာယီအမှုထမ်းတွေ ခေါ်ယူတဲ့ကိစ္စပါ။ နဂိုကတော့ ရုန်းကန်လှုပ်ရှားရတဲ့ ရာသီမှာ ယာယီဝန်ထမ်းမခေါ်ပါဘူး။ ဒါပေမဲ့ လစ်လပ်နေရာတွေလည်းများတော့ ရဲတိုက်အမှုထမ်းတွေအတွက် အလုပ်ဝန်ပိနေပါတယ်။"
မိဖုရား ပျောက်ဆုံးမှုဖြစ်စဉ်တွင် တာဝန်ယူပြီး နုတ်ထွက်သွားကြသူများ အတော်လေး များခဲ့၏။ ရုတ်တရက် အမှုထမ်းအများကြီး ထွက်သွားပြီးနောက် ကျန်ရှိနေသူများနှင့် လုပ်ကိုင်ကာ ရုန်းကန်လှုပ်ရှားရသည့်ရာသီ ပြီးဆုံးသည်အထိ တောင့်ခံထားရန် ကြိုးစားခဲ့ကြသည်။
သို့သော် ရုန်းကန်လှုပ်ရှားရသည့်ရာသီ အစပိုင်းတွင်ဖြစ်ခဲ့သော ပြဿနာကြောင့် ယခုအတိုင်း ဆက်ပြီးတောင့်ခံထားဖို့ရန် ခြောက်သွေ့ရာသီရောက်မည့်အချိန်က အတော်လေး ဝေးလွန်းသေး၏။ လူတစ်ယောက်က အလုပ်များလာလျှင် လုပ်ငန်းဆောင်တာများကို သေချာမလုပ်ဆောင်နိုင်ခြင်းမျိုး ဖြစ်လာတတ်ပေသည်။
အထိန်းတော်ချုပ်ပြောသည့် အဆိုပြုချက်က ယူဂျင်းလည်း စိတ်ဝင်စားသော ခေါင်းစဉ်တစ်ခုပင်။ ရိုဒရစ်ဂ်က ဤအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
~~~~
Miel's Translations