no

Font
Theme

အပိုင်း ၅၄

ဘဏ်မန်နေဂျာက နည်းလမ်းရှာရင်း ညည်းတွားသလို ပြောခဲ့သည်။

"လောလောဆယ် ဘဏ်စာရင်းထဲမှာရှိတဲ့ ပိုက်ဆံအားလုံးကို ထုတ်လိုက်ရင်တော့ ရပါတယ်... ဒါပေမဲ့ အဲ့ဒီလိုဆိုရင် အရှင်မိဖုရား ထုတ်ပေးခဲ့တဲ့ ငွေလွှဲငွေထုတ်လက်မှတ်က တန်ဖိုးပျက်သွားပြီး အရှင်မိဖုရားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါလိမ့်မယ်။ ငွေထုတ်လက်မှတ် ကိုင်ထားတဲ့သူက တရားစွဲဆိုတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။"

လူသိရှင်ကြားဖြစ်သွားလျှင် အရှက်ရစရာများဖြစ်လာပေမည်။ အထက်တန်းလွှာ မှူးမတ်အနွယ်တော်တို့အတွက် ဂုဏ်သိက္ခာက အသက်ထက်ပင် ပိုအရေးကြီး၏။ ဘဏ်မန်နေဂျာက ထိုသို့သော အခြေအနေမျိုးကို စိတ်ကူးကြည့်လိုက်ရုံနှင့်တင် မူးမိုက်လာတော့သည်။

"အဲ့ဒီပြဿနာကိုတော့ ငါ့ဘာသာ ကြည့်ကြပ်ဖြေရှင်းတာပေါ့။"

ယူဂျင်းက သူတို့တွေ ဤကိစ္စကို ကြီးကြီးမားမားဖြစ်အောင်လုပ်မည်မဟုတ်ဟု ယုံကြည်သည်။ လူအာရုံစိုက်ခံရမည်ကို မလိုချင်ကြမည်မှာ ကျိန်းသေ၏။

"ဒီတော့ အခုချက်ချင်း ဆောင်ရွက်ပေးနိုင်မလား။"

"ဟုတ်ကဲ့ပါ အရှင်မိဖုရား။"

ယူဂျင်းက ကျန်နေသည့်ငွေအားလုံးကို ထုတ်ပြီး ဘဏ်စာရင်းကို ဗလာဖြစ်အောင်လုပ်ကာ ထုတ်ယူလိုက်​သည့်ငွေများကို ဘဏ်စာရင်းအသစ်တစ်ခုဖွင့်၍ ပြန်လည်အပ်နှံခဲ့၏။

မဟာတွင် ဘဏ်အသုံးပြုသော ဖောက်သည်များမှာ အထက်တန်းလွှာ မှူးမတ်အနွယ်တော်များဖြစ်ကြသည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသော သာမန်လူတန်းစားများအတွက် ဘဏ်မှ တောင်းဆိုသည့် အနည်းဆုံး ငွေအပ်နှံမှုပမာဏက မတတ်နိုင်သော ပမာဏပင်။

ထို့ကြောင့် ငွေရှိလျှင် အသုံးပြုခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမျိုးမရှိချေ။ အထောက်အထား မပြလျှင်ပင် နာမည်အတုနှင့် ငွေအပ်နှံနိုင်၏။

ယူဂျင်းက 'ယူဂျင်း' ဟူသော အမည်နှင့် ဘဏ်စာရင်းအသစ်တစ်ခု ဖွင့်လိုက်သည်။ ငွေအပ်နှံမှု လက်မှတ်ပေါ်တွင် ဂျင်၏ ကိုယ်ပိုင်စည်းတံဆိပ်တုံးကို မသုံးခဲ့။ သူ၏ ကိုယ်ပိုင်နာမည် 'ယူဂျင်း' ကို ကိုရီးယားဘာသာဖြင့် လက်ရေးလှလှရေးခဲ့သည်။ မဟာတွင် ဘယ်သူမှ မသိနိုင်သည့် သူ၏ ကိုယ်ပိုင်လက်မှတ်ပင်။

ငွေအပ်နှံမှု လက်မှတ်ပေါ်တွင် ရေးထားသော မိမိ၏နာမည်၊ လက်မှတ်နှင့် ပမာဏ အများကြီးကိုကြည့်ကာ ယူဂျင်းတစ်ယောက် ပီတိဖြစ်နေ၏။ မူရင်းပမာဏ၏ တစ်ဝက်သာ ပြန်ရခဲ့သော်လည်း ဤမျှနှင့်ပင် တစ်သက်လုံး ဇိမ်ခံပြီးနေထိုင်နိုင်ရန် လုံလောက်နေပေပြီ။

'တကယ်ပဲ၊ လူဆိုတာ အားကိုးစရာတစ်ခုတော့ အခိုင်အမာ ရှိနေမှဖြစ်မှာ။'

မိဖုရားတစ်ပါးအနေနှင့် ဘာမှမလိုအပ်တော့ဘူးဆိုလျှင်ပင် ယခုလက်ရှိ သူ ပိုင်ဆိုင်ထားသော အရာအားလုံးက မိဖုရားအရိုက်အရာမှ ဆင်းလိုက်သည်နှင့် ပျောက်ကွယ်သွားပေလိမ့်မည်။

'ဒါပေမဲ့ ရွှေကတော့ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။'

ဘဏ်ထဲတွင်ကျန်နေသော ငွေများကို တွေးလိုက်သည်နှင့် ယူဂျင်းတစ်ယောက် စိတ်သက်သာရာရသွားသည်။

"ပင်ပန်းသွားပြီ။ ပြန်လိုက်တော့။"

"ဟုတ်ကဲ့ပါ အရှင်မိဖုရား။ ခွင့်ပြုပါဦး။ တစ်ခုခုမေးစရာရှိရင်လည်း ခေါ်နိုင်ပါတယ်ခင်ဗျ။"

ဘဏ်မန်နေဂျာ ပြန်သွားပြီးသည့်နောက်တွင် မာရီအန်း ဝင်လာကာ ဘုရင်မင်းမြတ်၏သတင်းကို ပြောပြခဲ့သည်။ ထိန်းသိမ်းရေး သိုလှောင်ရုံတွင် အဖြစ်ဆိုးတစ်ခု ဖြစ်ခဲ့သည့်အတွက် အလောတကြီး ထွက်သွားသည်ဟု ကြားလိုက်ရတော့ ယူဂျင်း၏မျက်နှာလည်း ညိုမှောင်သွား၏။

"ဘာမှ ကြီးကြီးမားမား မဖြစ်ပါစေနဲ့။ ခဏတာ ငြိမ်းချမ်းမှုက ပြီးသွားပြီကိုး။"

"ရုန်းကန်လှုပ်ရှားရတဲ့ရာသီ မပြီးသေးတဲ့အတွက် အချိန်အကြာကြီး ငြိမ်နေမှာတော့ မဟုတ်ပါဘူး။"

"သိုလှောင်ရုံက ဝေးတယ်ဆိုတော့ ဒီနေ့ပြန်လာဖို့ ခက်မယ်မဟုတ်လားဟင်။"

"ဟုတ်ကဲ့၊ အဲ့ဒီလိုပဲ ထင်ပါတယ်။"

မကောင်းသည့်ကိစ္စကြောင့် အလျင်အမြန် ထွက်သွားရသူအတွက် စိတ်မကောင်းဖြစ်မိသော်လည်း တစ်ဖက်ကတော့ စိတ်သက်သာရာရသွားသည်။ ယူဂျင်း၏ စိတ်က ဟိုဟိုဒီဒီ လွင့်မျောနေဆဲပင်။

ယနေ့ ဘယ်လို အကြောင်းပြချက်မျိုးပေးပြီး သူ့ကို ငြင်းရမလဲ၊ ဘယ်အချိန်အထိ ငြင်းလို့ရမလဲ၊ ငြင်းလို့မရလျှင် အတင်းကြိတ်မှိတ်ပြီး အတူတူအိပ်ရမည်လား။ အဖြေမရှာနိုင်ခင် သူက ထွက်သွားသဖြင့် ပူပန်မှုများ နည်းသွား၏။

ယူဂျင်းက ကိုယ့်ကိုယ်ကိုယ် မသိသာလောက်ဘူးဟု ထင်ခဲ့သော်လည်း မာရီအန်းက ယူဂျင်း၏ ဝမ်းနည်းမှုကို လျင်မြန်စွာ ရိပ်မိခဲ့သည်။ အခြားသူများ၏ ခံစားချက်ကို လျင်မြန်စွာ ဖမ်းယူနိုင်ခြင်းက မာရီအန်း၏ အရည်အချင်းပင်။ ထို့အပြင် မာရီအန်း၏ အာရုံအားလုံးက မိဖုရားထံတွင် စုစည်းလျက်ရှိနေသည်။

မိဖုရားက ကိုယ်တိုင်ရင်ဖွင့်မည်ဆိုလျှင်တော့ မပြောတတ်သော်လည်း မာရီအန်းဘက်မှ အရင်ဆုံး စကားမစရဲခဲ့။ အထက်တွင်ရှိသူများ၏စိတ်ကို နားလည်အောင် ကြိုးစားရခြင်းက သူ့တာဝန်ဟု ယူဆထား၏။

'နောက်ကျမှ ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေများလား။'

မှတ်ဉာဏ်ပျောက်ဆုံးသွားသည့် မိဖုရားက အလျင်အမြန် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခဲ့ခြင်းအပေါ် သူ အံ့အားသင့်ခဲ့ဖူးသည်။ အချိန်ကြာလာသည်နှင့်အမျှ မိဖုရား၏ ပြောင်းလဲသွားသောပုံစံကို တဖြည်းဖြည်း အကျွမ်းတဝင်ရှိလာကာ မေ့သွားခဲ့သော်လည်း ယခင်က သမားတော်ပြောခဲ့သည့်စကားများ ရုတ်တရက် ပြန်ပေါ်လာ၏။

'မှတ်ဉာဏ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပြန်တွေ့သွားတာများလား။'

ကြားခံပွဲစား ကေ့ဂျ်နှင့် တွေ့ပြီးသည့်နောက်ပိုင်းတွင် မိဖုရား၏စိတ်က သိသိသာသာ မှိုင်ကျသွားသည်ဟု ခံစားနေရသည်။

'သူနဲ့ အကြာကြီးစကားပြောခဲ့တာလည်း မဟုတ်တာကို... မိဖုရားရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲအောင်လုပ်ခဲ့တဲ့ တစ်ခုခုတော့ ရှိမယ်ထင်တယ်။'

ဖြစ်ချင်တော့ ဤသို့သောအချိန်မှာမှ ဘုရင်မင်းမြတ်က ရဲတိုက်တွင်ရှိမနေခဲ့။ မိဖုရားကို စိတ်​လက်ပေါ့ပါးအောင် လုပ်ပေးရန် ဘုရင်မင်းမြတ်အား အကြံပေးမည့် အစီအစဉ်ကိုလည်း အသုံးမပြုနိုင်တော့ပေ။

"အရှင်မိဖုရား။ ဒီနေ့ ရာသီဥတု သာယာပါတယ်။ တံတားပေါ်မှာ လက်ဖက်ရည် သောက်နိုင်အောင် ပြင်ဆင်ပေးရမလားရှင့်။"

အတွေးထဲ နစ်မျောနေသည့် ယူဂျင်းက မော့ကြည့်လာသည်။ မျက်လုံးချင်းဆုံတော့ မာရီအန်းက နူးညံ့စွာ ပြုံးပြခဲ့၏။ သူ့ကို နှစ်သိမ့်ပေးလိုသော မာရီအန်း၏စိတ်ကို ခံစားမိနေသည်။

'ဘာမှမသိတာကို ဘာဖြစ်တာလဲလို့လည်း မမေးဘဲနဲ့။'

ယူဂျင်း၏ရင်ထဲတွင် အစိုင်အခဲတစ်ခု စို့နင့်လာသလိုပင်။ ဘဝတွင် ဤကဲ့သို့သော နွေးထွေးသည့်နှစ်သိမ့်မှုမျိုး တစ်ခါမှ မရဖူးခဲ့။ နှာသီးဖျားလေး ရဲလာသဖြင့် ယူဂျင်းက ပို၍ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"လက်ဖက်ရည်တော့ မလိုပါဘူး။ ရာသီဥတုကောင်းတယ်ဆိုတော့ လမ်းလျှောက်ထွက်မှပဲ။"

"အပြင်သွားဖို့ ပြင်ဆင်ပေးရမလားရှင့်။"

ထင်မှတ်မထားသည့် အကြံပြုချက်ကြောင့် ယူဂျင်းတစ်ယောက် မျက်လုံးပြူးသွားတော့သည်။

"ဒီလိုနေ့လယ်ခင်းကြီးကိုလား။"

"လာ့ခ်တွေက အခုအထိ ပေါ်လာဦးမှာ မဟုတ်သေးပါဘူး။ အဲ့ဒါကြောင့် အရှင်မင်းကြီးကလည်း ဒီလိုအချိန်မျိုးမှာ သိုလှောင်ရုံကို ကိုယ်တိုင်ကြွချီသွားခဲ့တာ ဖြစ်နိုင်ပါတယ်။"

ယူဂျင်း သိထားသည့် မာရီအန်းက စည်းမျဉ်းစည်းကမ်းများကို အလေးထားသူတစ်ယောက်ပင်။ ယူဂျင်း အပြင်ထွက်မည်ဆိုလျှင်ပင် တားမြစ်မည့်လူက ယခု ကိုယ်တိုင် တိုက်တွန်းနေသည်မှာ မာရီအန်းနှင့်ပင်မတူတော့။

'မာရီအန်း ဒီလိုတွေပါ လုပ်ရလောက်တဲ့အထိ ငါက သူ့ကို စိတ်ပူရအောင် လုပ်ခဲ့မိတာပဲ။'

ပတ်ဝန်းကျင်အပြောင်းအလဲနှင့် သူ့ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် လုပ်ပေးလိုသော မာရီအန်း၏ ဂရုစိုက်မှုကို နားလည်လိုက်ရ၏။

မနေ့ကတည်းကပင် ယူဂျင်း၏ စိတ်က ခဏခဏ ပြောင်းလဲနေခဲ့သည်။ သူ့ထံသို့ရောက်လာသော အလုပ်အားလုံးကို ဖြေရှင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုများ တိုးလာခဲ့သော်လည်း ရုတ်တရက် ဖြစ်လာသည့် ကြောက်စိတ်နှင့် စိတ်ပျက်မှုကြောင့် အရာအားလုံးကိုလည်း ပစ်ထားချင်ခဲ့မိ၏။

မာရီအန်း၏ ဂရုစိုက်မှုက ပုံလျက်သား ထိုင်ချထားသည့် ယူဂျင်း၏လက်ကိုဆွဲကာ ခွန်အားအပြည့်နှင့် ထူပေးလိုက်သလိုပင်။ အကြောင်းပိုသိရသည်နှင့်အမျှ မာရီအန်းက လူကောင်းတစ်ယောက်မှန်း ပို၍သိလာရသည်။ ဤပုဂ္ဂိုလ်နှင့် ဆက်ဆံရေးကို ဆက်လက်၍ ရှေ့ဆက်သွားလို၏။

'...အဲ့ဒီလူနဲ့ရောပဲ။'

ယူဂျင်းတစ်ယောက် ခါဆယ်ရ်ကို သတိရမိသွားသည်။ ထိုလူကြောင့် စိတ်မသက်မသာဖြစ်ရသည်က သူ့ကို သဘောမကျ၍မဟုတ်။ သဘောကျသဖြင့် ထွက်ပြေးချင်မိသည်ဆိုသည့်အချက်ကို မသိရလောက်အောင် မမိုက်မဲသေးပေ။

ဘာမှမလုပ်ဘဲနေလျှင် ဘာမှရမည်မဟုတ်။

ယူဂျင်းက မာရီအန်းကိုကြည့်ပြီး ခေါင်းခါလိုက်သည်။

"ဟင့်အင်း။ အရှင်မင်းကြီး ရဲတိုက်မှာမရှိတုန်း ကျွန်မကပါ ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ ဥယျာဉ်ထဲ ထွက်ရတာနဲ့တင် လုံလောက်ပါတယ်။ ဒါပေမဲ့...ကျွန်မ တစ်ယောက်တည်း လမ်းလျှောက်ချင်လို့ ဘယ်သူမှ အနောက်က မလိုက်လာပါစေနဲ့။"

မာရီအန်းက နွေးထွေးသည့်အပြုံးနှင့် ပြန်ဖြေခဲ့သည်။

"ဟုတ်ကဲ့ပါ အရှင်မိဖုရား။"

"ပြီးတော့ မာရီအန်း။ ကျွန်မ သိချင်တာလေးတစ်ခု ရှိနေလို့..."

"ဟုတ်ကဲ့ ပြောပါရှင့်။"

"မနေ့က ကျွန်မကို လာတွေ့ခဲ့တဲ့ သတင်းအချက်အလက် ပွဲစား ကေ့ဂျ်လေ။ အဲ့ဒီလူနဲ့ပတ်သက်ပြီး လျှို့ဝှက်စုံစမ်းချင်တယ်။"

တစ်ချိန်ချိန်တွင် ရိုဒရစ်ဂ်နှင့် ပြန်တွေ့ရပေမည်။ တစ်ဖက်လူ၏ အချက်အလက်များကို သိမှသာ တုံ့ပြန်နိုင်မည်ဖြစ်သော်လည်း ထိုလူနှင့်တွေ့ဆုံပြီး စကားပြောခဲ့ရာမှ မှတ်မိသည်က နာမည်တစ်ခုတည်းသာ။

ယူဂျင်းက လွယ်ကူသည့် နည်းလမ်းဖြင့် စတင်ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဘာသာရေးအစွန်းရောက်ဂိုဏ်းမှ ဘုန်းတော်ကြီးဖြစ်သည့် ရိုဒရစ်ဂ်၏ အချက်အလက်များကို ရရှိရန်ခက်ခဲနိုင်သော်လည်း သူ၏ ပြင်ပလှုပ်ရှားမှုများကို သိရလျှင်ပင် အထောက်အကူဖြစ်ပေလိမ့်မည်။

"ဘာများ စုံစမ်းပေးရပါမလဲ။"

"သူနဲ့ပတ်သက်သမျှ ဘာဖြစ်ဖြစ် အားလုံးသာစုံစမ်းပေးပါ။ ဒါပေမဲ့ နောက်ကြောင်းလိုက်နေမှန်း သူ သိသွားလို့ လုံးဝမဖြစ်ဘူးနော်။"

"ရှေးဟောင်းပစ္စည်း သတင်းအချက်အလက် ပွဲစားဖြစ်နေတော့ ခက်ခဲမှာမဟုတ်ပါဘူး။"

"ဟင့်အင်း။ သူက မာရီအန်း ထင်တာထက် သတင်းအချက်အလက်တွေ ပိုသိပြီး၊ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်လို့ ယူဆပြီးတော့ကို သတိထားရမှာ။"

မာရီအန်းက လေးနက်သည့်မျက်နှာနှင့် အတွေးထဲ နစ်မျောသွားသည်။

"အရှင်မိဖုရား။ ဒါဆိုရင်တော့ ကျွန်မရဲ့ အရည်အချင်းနဲ့ မလုံလောက်ပါဘူး။"

ဘာပဲပြောလိုက်ပါစေ အမြဲတမ်း ဖြေရှင်းပေးနိုင်ခဲ့သော မာရီအန်းထံမှ 'မလုပ်နိုင်ဘူး' ဟူသည့်စကားကို ကြားလိုက်ရတော့ ယူဂျင်း အံ့ဩသွားခဲ့သည်။

“အရှင်မိဖုရား စိတ်မရှိဘူးဆိုရင် ကျွန်မ တခြားသူတစ်ယောက်ကို အကြံပြုပါရစေ။”

"ဘယ်သူများလဲ။"

"နန်းရင်းဝန်က အဲ့ဒီလိုကိစ္စအတွက် အသင့်တော်ဆုံးလူပါပဲ။"

"နန်းရင်းဝန်..."

ရုတ်တရက် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး စကားထဲပါလာသည်။ ယူဂျင်းနေထိုင်ခဲ့ရာကမ္ဘာမှ ဝန်ကြီးချုပ်နှင့် ရာထူးချင်းညီသူပင်။

'အဲ့ဒီလောက် အမြင့်ကြီးမှာရှိတဲ့ ပုဂ္ဂိုလ်လား' ဟု တွေးလိုက်သော ယူဂျင်းတစ်ယောက် ညတိုင်း သူနှင့် အတူအိပ်သည့်လူက ထိုအမြင့်ကြီးကလူထက်ပင် ပို၍မြင့်သည့် ဘုရင်မှန်း အမှတ်ရသွားကာ ရယ်လိုက်မိသည်။

"ဒါပေမဲ့ ဒီလို အသေးအဖွဲကိစ္စလေးအတွက်နဲ့...ဖြစ်ပါ့မလား။"

"ဒါက အသေးအဖွဲကိစ္စ မဟုတ်ပါဘူး။ အရှင်မိဖုရား လုပ်နေတဲ့ကိစ္စပဲမဟုတ်ပါလား။"

"ဒါဆို အရှင်မင်းကြီးလည်း သိသွားမှာပေါ့။ အချိန်တန်ရင် ကျွန်မကိုယ်တိုင် အရှင်မင်းကြီးကို ပြောပြမှာဆိုပေမဲ့ လောလောဆယ်တော့ စိတ်မပူစေချင်ဘူး။ အဲ့ဒါကြောင့် မာရီအန်းကို အကူအညီတောင်းရတာ။"

"အရှင်မိဖုရား။ လူတစ်ယောက်ကို နောက်ကြောင်းလိုက်ရုံအဆင့်လောက်ကိုတော့ အရှင်မင်းကြီးဆီ ခရေစေ့တွင်းကျ အကုန်အစင် သတင်းပို့တာမျိုး မရှိပါဘူး။ တကယ်လို့ စိတ်ပူတယ်ဆိုရင်လည်း နန်းရင်းဝန်ကို တာဝန်ပေးပြီးသွားရင် အရှင်မင်းကြီးကိုတော့ အရှင်မိဖုရားကပဲ သီးသန့်ပြောပြမယ်လို့ ပြောထားနိုင်ပါတယ်။"

"အဲ့ဒီလိုဆို တကယ်ပဲ လျှို့ဝှက်ချက်ကို ထိန်းထားနိုင်ပါ့မလား။"

ယူဂျင်းက သိချင်စိတ်နှင့် မေးလိုက်သည်။ မျက်လုံးကိုဖုံးကွယ်ထားလည်း မြင်ရမည့်ကိစ္စ မဟုတ်ပေဘူးလား။ ယူဂျင်းက ရဲတိုက်ထဲတွင် ဖြစ်ပျက်သမျှအားလုံး ဘုရင်မင်းမြတ်ထံ ရောက်သွားလိမ့်မည်ဟု ထင်ထား၏။ ထို့ကြောင့် သူ၏ နေ့စဉ်ဘဝ အကြောင်းအရာများကိုလည်း သူ့ထံ အကုန် သတင်းပို့နေလိမ့်မည်ဟု ယူဆထားသည်။

"လျှို့ဝှက်ပြီး လုပ်တာထက် အဲ့ဒီလိုလုပ်တာက ပိုကောင်းပါတယ်။ နန်းရင်းဝန်က အရှင်မိဖုရားဆီကနေ ညွှန်ကြားချက် ရထားတာတောင်မှ အရှင်မင်းကြီးဆီ သတင်းပို့မယ်ဆိုရင် အပြစ်တင်ခံရမဲ့ကိစ္စပါ။ ဒါပေမဲ့ သူက အကင်းပါးတဲ့သူဖြစ်လို့ အဲ့ဒီလို မိုက်မဲတဲ့လုပ်ရပ်မျိုး လုပ်မှာမဟုတ်ပါဘူး။"

"ဟမ်း... "

နန်းရင်းဝန် ဘယ်ရုစ်နှင့်ပတ်သက်၍ ရဲတိုက်မှ အရေးကြီးသော ပုဂ္ဂိုလ်များအကြောင်း မာရီအန်း ရှင်းပြစဉ်က ကြားခဲ့ဖူး၏။ အသက်ကြီးကြီး လူကြီးမဟုတ်ဘဲ လူငယ်တစ်ဦးဖြစ်သည်ဆိုသဖြင့် အံ့ဩခဲ့ရသေးသည်။

'ဒီတစ်ခေါက်အခွင့်အရေးမှာ တွေ့ကြည့်ရမယ်။'

ရဲတိုက်၏ အတွင်းရေးကိစ္စများကို တာဝန်ယူထားသဖြင့် ရံဖန်ရံခါ နန်းရင်းဝန်၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်မည့်ကိစ္စများ ရှိနိုင်ပေသည်။

ထို့အပြင် ယူဂျင်းက ဂျင်၏ လူမှုဆက်ဆံရေးမရှိသော ဘဝကို လုံးဝစွန့်ပယ်ကာ ဤရုန်းကန်လှုပ်ရှားရသည့်ရာသီ ပြီးသည်နှင့် ပြင်ပလှုပ်ရှားမှုများကို စတင်ရန် စီစဉ်ထား၏။

နန်းရင်းဝန်က ဂျင်နှင့် ရင်းနှီးသူ မဟုတ်သဖြင့် စိုးရိမ်စရာမရှိပေ။ ဂျင်နှင့် ယူဂျင်း၏ ကွာခြားမှုကို သိမည်မဟုတ်။

"နန်းရင်းဝန်နဲ့ တွေ့ပါ့မယ်။ မကြာခင် တွေ့ဆုံဖို့ စီစဉ်ပေးပါ။"

"ဟုတ်ကဲ့ပါ အရှင်မိဖုရား။"

မာရီအန်းက တစ်ယောက်တည်းသွားမည့် ယူဂျင်းကို အိပ်ခန်းတံခါးဝအထိ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ သူက ယူဂျင်း၏ကျောပြင်ကို မမြင်ရတော့သည့်အချိန်အထိ ရပ်ကြည့်နေခဲ့၏။

'ကောင်းကောင်းခံနိုင်ရည်ရှိခဲ့ပေမဲ့ အခုတော့ ပင်ပန်းလာပြီပဲ။'

မိဖုရား၏ ယခင်ကဘဝတွင် လူများနှင့်တွေ့ဆုံခြင်း၊ ဆောင်ရွက်သည့် လှုပ်ရှားမှုများက အကန့်အသတ်ရှိသည်။ မှတ်ဉာဏ်ပျောက်သွားသည်ဆိုလျှင်ပင် နေထိုင်မှုပုံစံကို ရုတ်တရက် ပြောင်းလဲရန် လွယ်ကူမည်မဟုတ်ပေ။

မာရီအန်း၏ မျက်နှာထားတွင် စိုးရိမ်မှုစွက်နေသော်လည်း ပြင်းပြင်းထန်ထန်တော့မဟုတ်။

'လူတစ်ယောက်အကြောင်း စုံစမ်းဖို့ အမိန့်ပေးပြီး နန်းရင်းဝန်နဲ့ တွေ့မယ်လို့လည်း ပြောခဲ့တယ်ဆိုတော့။ လောလောဆယ် စောင့်ကြည့်ရမှာပဲ။'

သမားတော်ခေါ်ခြင်း၊ ဘုရင်မင်းမြတ်နှင့် တိုင်ပင်ခြင်းက ဆိုင်းငံ့ထား၍ရသည်။

မာရီအန်း၏ဘေးကို ရံရွေတော်တစ်ယောက် ချဉ်းကပ်လာ၏။

"ဘယ်ရွန်။ နန်းရင်းဝန်ဆီကနေ အကြောင်းကြားစာတစ်စောင် ပို့လာပါတယ်။"

မာရီအန်းက ရံရွေတော်ပေးသည့် စာအိတ်ကိုဖွင့်ကာ စာကို ချက်ချင်းထုတ်ဖတ်လိုက်သည်။ စာပါအကြောင်းအရာက ရိုးရှင်း၏။ တစ်ခေါက်လောက် တွေ့ဆုံလိုသော ရည်ရွယ်ချက်မှလွဲ၍ တွေ့ဆုံခွင့်တောင်းရသည့်အကြောင်းရင်း၊ တိကျသည့်အချိန်တို့ မပါဝင်ပေ။

'ဘာကိစ္စပါလိမ့်... ဘာပဲဖြစ်ဖြစ် အတော်ပဲဖြစ်သွားတာပေါ့။'

မိဖုရား၏ အမိန့်အရ နန်းရင်းဝန်ထံသို့ ဆက်သွယ်ရန် ကြံနေစဉ် အချိန်ကိုက်ဖြစ်သွားသည်။ မာရီအန်းက မကြာမီအချိန်အတွင်း လာရောက်တွေ့ဆုံမည်ဟု အကြောင်းပြန်စာ ပို့လိုက်၏။

~~~~

ယူဂျင်းက ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် မြေပြင်ပေါ်တွင် လျှောက်လာသည်။ အဆောက်အအုံများနှင့် ချိတ်ဆက်ထားသော လျှောက်လမ်းမှ ဆက်သွားသည့် ဥယျာဉ်မှာ တကယ်တမ်းတော့ လမ်းလျှောက်ရန်နေရာ မဟုတ်သော်လည်း ဤနေရာက အဆင်ပြေ၏။ ရဲတိုက်မှ ထွက်လာပြီး ပထမဆုံးအကြိမ် အပြင်လေကို ရှူရှိုက်ခဲ့ရသော အမှတ်တရကောင်းကြောင့်ပဲ ဖြစ်လေမလား။

အနောက်မှ အမြဲလိုက်နေသော ရံရွေတော်လည်းမရှိသဖြင့် ပေါ့ပါးနေ၏။

'ရယ်စရာတော့ကောင်းသား။'

ကိုယ်ရံတော်များကို ရှောင်ပြေးနေသည့် သူဌေးသမီး၏ ခံစားချက်ကို ကိုယ်တိုင် နားလည်သွားသည့်တစ်နေ့ ရောက်လာလိမ့်မည်ဟု လုံးဝထင်မထားမိခဲ့။ ရုပ်ရှင်များနှင့် ဇာတ်လမ်းတွဲများထဲတွင် ထိုသို့သောမြင်ကွင်းမျိုး မြင်ရတိုင်း ဗိုက်ပြည့်နေတဲ့သူတွေကများ စောဒကတက်နိုင်သေးတယ်ဟု စိတ်ထဲမှ ဆဲဆိုခဲ့ဖူး၏။

ကျယ်ပြောလှသော ဟောဒီ ရဲတိုက်ဥယျာဉ်ထဲတွင် လမ်းလျှောက်ရင်း ကိုယ့်အိမ်ရှေ့က ခြံဝင်းထဲ ရောက်နေသလို သက်သောင့်သက်သာ ခံစားနေရသည့် ကိုယ့်ကိုယ်ကိုယ် အံဩမိရတော့သည်။

ဘယ်တုန်းက စခဲ့တာလဲ။

ယူဂျင်းတစ်ယောက် ယခင်က အရမ်းကြီးသည်ဟု ထင်ခဲ့သော ရဲတိုက်ကို ယခု လုံးဝ မကြောက်တော့။

'ပြန်သွားရင်...သာမန်ဘဝနဲ့ နေနိုင်တော့မှာ မဟုတ်ဘူး။'

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ဤနေရာတွင် ကြွယ်ဝချမ်းသာစွာ နေထိုင်နေရသည်။ အရင်ဘဝက ယူဂျင်းအဖြစ်သို့ ပြန်သွားရလျှင် ဤနေရာကို လွမ်းဆွတ်ပြီး ပြိုလဲရပေမည်။

'ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာမှန်း မသိပေမဲ့ အခု အဲ့ဒါက အရေးကြီးတဲ့ပြဿနာ မဟုတ်တော့ဘူး။'

ယူဂျင်းက သက်ပြင်းချကာ သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။ လက်သီးကို ဖွဖွလေး ဆုပ်လိုက် ဖြန့်လိုက် လုပ်ကြည့်တော့ ဤခန္ဓာကိုယ်က သူ့ဆန္ဒအတိုင်း လှုပ်ရှားနေ၏။ ဂျင် အာနီခါ၏ ခန္ဓာကိုယ်ထဲ ဝင်လာပြီးကတည်းက သူနှင့် မတော်သည့် အဝတ်အစားကို ဝတ်ဆင်ထားရသလို တစ်ခါမှ မခံစားခဲ့ရဖူးပေ။

'ဒီခန္ဓာကိုယ်နဲ့ ဆက်နေသွားဖို့ဆိုရင် ဂျင်ရဲ့အတိတ်ကို ဖြေရှင်းမှဖြစ်မယ်။ ဘာမှမလိုတဲ့ ဂျင်က ဘာဖြစ်လို့ တားမြစ်ထားတဲ့ စာအုပ်တွေကို စုဆောင်းပြီး အန္တရာယ်ရှိတဲ့ ဘာသာရေးအစွန်းရောက်ဂိုဏ်းနဲ့ ဆက်သွယ်ခဲ့ရတာလဲဆိုတဲ့ တကယ့်အကြောင်းရင်းကို ရှာရမယ်။'

ခေါင်းပြန်မော့လိုက်သည့် ယူဂျင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ ခပ်လှမ်းလှမ်းတွင်ရပ်ကာ သူ့ကို ကြည့်နေသည့် မြင်းနက်ကြီးကို တွေ့လိုက်ရ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment