အပိုင်း ၅၅
"ဘုရားရေ...နင်က..."
ယူဂျင်းက အာဘူဆီသို့ သွားလိုက်သည်။ မြင်းနက်ကြီးက ငြိမ်ငြိမ်လေးရပ်ကာ ယူဂျင်းကို ကြည့်နေ၏။
"အာဘူ။"
သူ့နာမည်ကိုခေါ်လိုက်တော့ မြင်းနက်ကြီး၏ နားရွက်များ ထောင်လာသည်။
"နင်က ဘာလို့ ဒီမှာရှိနေတာလဲ။ အရှင်မင်းကြီးနဲ့အတူတူ ထွက်သွားတာ မဟုတ်ဘူးလား။"
ယူဂျင်းက ပြုံးပြီးစကားပြောလိုက်တော့ အာဘူက 'ဖူး' ဟုအသံပြုကာ တုံ့ပြန်လာ၏။ အာဘူ ထွက်ပြေးသွားမည်စိုးသဖြင့် ယူဂျင်း ဖြည်းဖြည်းလေး ချဉ်းကပ်လိုက်သည်။ သို့သော် သူ့လက်က မြင်း၏နှာတံကို ထိလိုက်ရသည်နှင့် ထူးဆန်းသောအတွေးတစ်ခု ဝင်လာ၏။
သူက အာဘူကို သတိထားပြီး ချဉ်းကပ်သကဲ့သို့ အာဘူကလည်း 'မကြောက်ပါနဲ့။ ဘာမှမလုပ်ပါဘူး' ဟု ပြောနေသည့်အလား ငြိမ်ငြိမ်လေး စောင့်နေသလို ခံစားခဲ့ရသည်။
ဉာဏ်ကောင်းသည့်တိရစ္ဆာန်ဖြစ်သော်လည်း ယူဂျင်းက တအားများ လူလိုပဲ သဘောထားမိခဲ့လေလားဟုတွေးရင်း ရယ်လိုက်မိ၏။
"အာဘူ။ မတွေ့တာကြာပြီနော်။ နေကောင်းရဲ့လား။"
ယူဂျင်းက တစ်ခါပြန်ကြည့်လျှင်လည်း လှပသည့် မြင်းနက်ကြီး၏ လည်ဆံမွေးကို လက်ဖဝါးနှင့် ပွတ်သပ်လိုက်သည်။ မြင်းတိုင်း၏ အမွေးက အကုန် ဤအတိုင်းဖြစ်မည်မထင်။ လွန်ခဲ့သော နှစ်အတော်ကြာက ထိတွေ့ခဲ့ဖူးသည့် ခွေးလေး၏ အမွေးထက်ပင် ပို၍နူးညံ့ကာ တောက်ပနေ၏။
"အဲ့ဒီလူက ဘာလို့ နင့်ကို ထားခဲ့ပြီး သွားရတာလဲ။ နင့်ကို စီးသွားရင် ပိုမြန်မှာကို။ ဒါပေမဲ့ နင့်ကို မတော်တဆ မေ့ခဲ့တာတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မဟုတ်လား။"
ယူဂျင်း စကားပြောလိုက်တိုင်း အာဘူက နှာမှုတ်ပြီး အဖြေပြန်ပေး၏။
ယူဂျင်း၏ မျက်လုံးများက မြင်းနက်ကြီး၏ နားနှစ်ဖက်ကြားတွင် ဖောင်းကြွနေသည့် ဦးချိုနှစ်ချောင်းဆီ ရောက်သွားတော့သည်။
'ချိုနှစ်ချောင်း...'
တားမြစ်ထားသောစာအုပ်ကိုကြည့်လျှင် ဦးချိုနှစ်ချောင်းပါသည့် နွားပုံတစ်ပုံ အမြဲပါနေသည်။ ယင်းမှာ မာရာကိုးကွယ်သော အန္တရာယ်ရှိသည့် ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ မာရာကို ပုံဖော်ထားသော ပုံရိပ်ပင်။ မြင်း၏ ဦးချိုက ဒီအတိုင်း တိုက်ဆိုင်မှုပါဟု ပြောနိုင်မည်လား။
လာ့ခ်များ၏ မူလဇာစ်မြစ်မှာ သတ်ဖြတ်လိုသော ဗီဇ၏လွှမ်းမိုးခြင်းကိုခံရသော မိစ္ဆာများပင်။ သို့သော် သာမန်လာခ်များနှင့်မတူသော ရှားပါးမျိုးနွယ်များလည်း ရှိပေသည်။
သူတို့တွင် ဗီဇကို ထိန်းချုပ်နိုင်သည့် ဉာဏ်ရည်ရှိပြီး သူတို့၏ပုံစံကို လွတ်လပ်စွာ ပြောင်းလဲနိုင်သည့်အပြင် အသွင်ပြောင်းထားသည့်အတိုင်းလည်း လှုပ်ရှားနိုင်၏။ လူတို့က ထိုသို့သော လာ့ခ်များကို မှော်ဝင်သားရဲဟု ခေါ်ကြသည်။
မှော်ဝင်သားရဲများက လူသားများကို ခြွင်းချက်မရှိ တိုက်ခိုက်ခြင်းမျိုး မလုပ်ကြပေ။ လူများသွားလာရန် ခက်ခဲသော နေရာများတွင်သာ နေထိုင်ကျက်စားကြသည်။ သာမန်လူသာဆိုလျှင် ချဉ်းကပ်ဖို့ပင် စိတ်ကူးရဲမည်မဟုတ်သော်လည်း ဘုရင်ကတော့ မှော်ဝင်သားရဲကို ထိန်းချုပ်ကာ လိုသလိုခေါ်၍ အမိန့်ပေးခိုင်းစေနိုင်၏။
ဘုရင်မှန်လျှင် မှော်ဝင်သားရဲကို ပိုင်ဆိုင်ရမည်ဟူသော အသိမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသောအသိပင်။ မရဏဘုရင်၏ မှော်ဝင်သားရဲက တစ်ကောင်တည်းဖြစ်သော်လည်း မှော်ဝင်သားရဲ အမြောက်အမြားပိုင်ဆိုင်သည့် ဘုရင်များလည်း ရှိပေသည်။
'မာရာက လူတွေကို တိုက်ခိုက်ဖို့အတွက် လာ့ခ်တွေ စေလွှတ်လိုက်တဲ့အခါမှာတောင် မှော်ဝင်သားရဲတွေက ဘုရင်တွေရဲ့အမိန့်ကိုပဲ ဆက်ပြီး နာခံခဲ့ကြတာ။'
ယူဂျင်းတစ်ယောက် သူ့ဝတ္ထုထဲမှ အကြောင်းအရာများကို သတိရလိုက်သည်။ ဤနေရာက ဝတ္ထုထဲမှကမ္ဘာ မဟုတ်လျှင်ပင် အင်မတန်ဆင်တူသည့် အသေးစိတ်အချက်များ အမြောက်အမြားရှိ၏။ အခြေခံ ကမ္ဘာဖွဲ့စည်းတည်ဆောက်ပုံက ကိုးကား၍ရသော ရည်ညွှန်းချက်တစ်ခုပင်။
'မှော်ဝင်သားရဲတွေက ဘုရင်တွေရဲ့လက်အောက်ခံဖြစ်ပြီးသားမို့လို့ မာရာရဲ့ အမိန့်ကို မနာခံကြတာများလား။ ဒါပေမဲ့ ဘုရင်က လူသား၊ မာရာက နတ်ဘုရားလေ။ ဘုရင်ရဲ့ လွှမ်းမိုးနိုင်မှုက နတ်ဘုရားထက် ပိုအစွမ်းထက်တယ်ဆိုတာ ဖြစ်နိုင်လို့လား။'
ကိုယ်တိုင် ဖန်တီးခဲ့သည့် ဇာတ်လမ်းဖြစ်သော်လည်း ရှေ့နောက်မညီပေ။
'ငါ ဘာလို့ အဲ့ဒီလိုရေးခဲ့တာပါလိမ့်။'
ယူဂျင်းတစ်ယောက် သူ ဘာကြောင့် ဝတ္ထုစရေးခဲ့ရသလဲဟု အတိတ်ကို ပြန်ပြောင်းတွေးလိုက်သည်။
အတိအကျ ဘယ်တုန်းက စခဲ့သလဲဆိုသည်ကို မသိတော့ပေ။ တစ်နေ့တွင် ဆိုင်းမဆင့်ဗုံမဆင့် လုံးဝကွဲပြားသော ကမ္ဘာတစ်ခု၏ ဇာတ်လမ်းကို စိတ်ကူးမိခဲ့သည်။ ထိုစဉ်က စိတ်ကူးယဉ်ဝတ္ထုများကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခြင်းများ ခေတ်စားနေသောကြောင့် ထိုခေတ်ရေစီးကြောင်း၏ လွှမ်းမိုးမှုကိုခံခဲ့ရသည်ဟု ယူဆထားခဲ့၏။
မျက်စိဖြင့် ကိုယ်တိုင်မြင်ရသလို တစ်စစီပေါ်လာသော ရှင်းလင်းတိကျသည့် မြင်ကွင်းများကို တစ်စုတစ်စည်းတည်း စုစည်းချင်မိသည်။ ထိုသို့ဖြင့် စရေးလိုက်သည့် ဇာတ်လမ်းက အဆိုးနှင့်အကောင်း အားပြိုင်သော စိတ်ကူးယဉ်စွန့်စားခန်းဝတ္ထုအဖြစ် ပုံပေါ်လာ၏။
စိတ်ကူးများကို စာအဖြစ် ရေးသားပြီး အသေးစိတ် ဖော်ပြရသည့်အလုပ်က ပျော်စရာကောင်းပေသည်။ ခက်ခဲသော လက်တွေ့ဘဝမှ ထွက်ပြေးရန်အတွက် အားထားရာတစ်ခုလည်း ဖြစ်ခဲ့၏။
သို့သော် သူက စာရေးဆရာတစ်ယောက်အနေနှင့် အရည်အချင်းမရှိဘူးဟု တွေးမိသည်။ ထိုဝတ္ထုအပြင် အခြားဇာတ်လမ်းများရေးရန် လုံးဝ စိတ်ကူးမရှိခဲ့။
ထိုဝတ္ထုတစ်ခုတည်းကိုသာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ရေးခဲ့၏။ အချိန်ရတိုင်း ပြန်ဖတ်ကာ စာကြောင်းများကို ပြုပြင်၊ အပိုင်းအသစ်များကို ထည့်သွင်းခဲ့သည်။
သူ့ဝတ္ထုက နေ့စဉ်မှတ်တမ်းလိုပင်။ စာရေးဆရာရော စာဖတ်သူပါ သူတစ်ယောက်တည်းသာ။
အာဘူက သူ့လက်ကို လျှာဖြင့်လျက်ခဲ့သဖြင့် ယူဂျင်းလည်း လန့်သွားကာ အတွေးထဲမျောနေရာမှ သတိဝင်လာသည်။ မျက်လုံးနီနီနှင့် သားရဲကြီးက ကစားချင်နေသော ခွေးပေါက်လေးတစ်ကောင်လို ခေါင်းလေးစောင်းပြီး ကြည့်နေသောကြောင့် ရယ်လိုက်မိ၏။
"အာဘူ။ နင်က ဘာလို့ ငါ့အပေါ် သဘောတွေကောင်းနေရတာလဲ။"
ဤနေရာမှလူများ သူ့အပေါ် သဘောကောင်းကြခြင်းမှာ သူက မိဖုရားဖြစ်နေသောကြောင့်ပင်။ သို့သော် တိရစ္ဆာန်များအတွက်တော့ လူ့အဖွဲ့အစည်း၏ အဆင့်အတန်းသတ်မှတ်ချက်က ဘာအဓိပ္ပာယ်မှမရှိပေ။
"အရင်ကတော့ ငါနဲ့ မရင်းနှီးဘူးဆို။"
အထိန်းတော်ချုပ်ကို ဘုရင်မင်းမြတ်၏ မှော်ဝင်သားရဲကြီးက လူတွေအပေါ် ဖော်ရွေလားဟု မေးကြည့်တော့ သူက နားမလည်နိုင်သလိုမျက်နှာထားမျိုးဖြစ်သွား၏။ 'မှော်ဝင်သားရဲကြီးရဲ့ အရှင်သခင်က အရှင်မင်းကြီး တစ်ပါးတည်းပါပဲ' ဟု အထိန်းတော်ချုပ်က ပြောခဲ့သည်။
အကယ်၍ ယခင်ကသာ မှော်ဝင်သားရဲက မိဖုရားကို နာခံသည်ဆိုလျှင် အထိန်းတော်ချုပ်က မလွဲမသွေ ပြောပြပေလိမ့်မည်။ မှော်ဝင်သားရဲကို ကြောက်ရွံ့သော ဂျီးန်၏ တုံ့ပြန်မှုကိုကြည့်လျှင် အာဘူက ယဉ်ပါးဖော်ရွေသော သတ္တဝါဟုတ်ပုံမပေါ်ပေ။
သို့သော် အာဘူက ယူဂျင်းကိုတော့ ခင်မင်ဖော်ရွေ၏။ တိရစ္ဆာန်၏စိတ်ကို ဖတ်နိုင်သည့်အရည်အချင်းမျိုးမရှိသော်လည်း ဤအချက်ကိုတော့ သိသည်။
"နင်က ငါ့ကို တခြားလူမှန်း ခွဲခြားသိနေတာလားဟင်။ ဂျင်ထက် ငါ့ကို ပိုသဘောကျတာလား။"
ယူဂျင်းက လက်နှစ်ဖက်နှင့် အာဘူ၏ ရှည်လျားသော နှာတံကိုကိုင်ကာ ပွတ်သပ်လိုက်သည်။ မျက်လုံးလေးမှေးမှိတ်ပြီး နေနေသော အာဘူ၏ပုံစံက မေးစေ့အောက်ကို ယားအောင်ပွတ်ပေးသည့်အခါ ကျေနပ်နေသည့် ကြောင်ကလေးလိုပင်။ ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းသည့်မြင်းက ချစ်စရာကောင်းလွန်း၍ ယူဂျင်း ရယ်မောလိုက်မိသည်။
"အာဘူ။ ဧကန္တ... ကျားသစ်ပုံ အသွင်ပြောင်းသွားတဲ့ပုံစံလေး ပြပေးလို့ရမလား။ တောင်းဆိုတာ အရမ်းများသွားလားဟင်။"
ငြိမ်ငြိမ်လေးနေနေသည့် အာဘူက နောက်ပြန်ဆုတ်သွားသည်။ ယူဂျင်းလည်း ကိုယ့်အမှားကိုယ် သဘောပေါက်သွား၏။ အသွင်ပြောင်းခြင်းက မှော်ဝင်သားရဲများအတွက် ထိလွယ်ရှလွယ်ကိစ္စ ဖြစ်နိုင်ပေသည်။
စိတ်အနှောင့်အယှက်ဖြစ်ရ၍ အာဘူ ထွက်သွားတော့မည်ထင်ပြီး ချက်ချင်း တောင်းပန်ရန်ကြိုးစားလိုက်သော်လည်း အာဘူက တုန်ခါသွားကာ သူ၏ ခန္ဓာကိုယ်ကို ဝပ်လိုက်၏။ ယူဂျင်းလည်း ရှေ့တိုးရန်ပြင်နေသည့် ပုံစံအတိုင်း ရပ်တန့်သွားသည်။
'အာ...'
အသွင်ပြောင်းမှု စတင်လေတော့သည်။
ယူဂျင်းက မြင်းနက်ကြီးမှ ကျားသစ်နက်ကြီးအဖြစ် လုံးဝကွဲပြားသော သားရဲအသွင် ပြောင်းလဲသွားသည့် မြင်ကွင်းကို အသက်အောင့်ကာ ကြည့်နေမိ၏။ မျက်လုံးနှင့် မြင်နေရသည့်တိုင် မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းသည့် မြင်ကွင်းပင်။
အမွေးများရှည်လာကာ ရှည်လျားသည့် နှာတံက တိုသွားပြီး မြင်း၏ ပိန်သွယ်သောခြေထောက်များ တုတ်ခိုင်သွားသည့် ဖြစ်စဉ်က ရေစီးသည့်အလား သဘာဝကျကျ ဆက်လက်ဖြစ်ပျက်သွားသည်။
နောက်ဆုံးတွင် ဦးချိုနှစ်ချောင်းက ပိုကြီးလာ၏။ အသွင်ပြောင်းသွားသည့် ကျားသစ်နက်ကြီးက ခန္ဓာကိုယ်ကို ဆန့်လိုက်ကာ အကြီးအကျယ် သမ်းဝေပြီး တင်ပါးကိုသာ မြေပြင်ပေါ်ထိ၍ ထိုင်ချခဲ့သည်။ ရှည်လျားသည့် အနက်ရောင်အမြီးက ဘယ်ညာယိမ်းထိုးလှုပ်ရှားလျက်။
"ဝါး..."
ယူဂျင်းတစ်ယောက် အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်မိသည်။
"တကယ်... အကြီးကြီးပဲ။"
မျက်လုံးကို အောက်သို့စိုက်ကြည့်လိုက်စဉ် မြင်ရသည့် ကြောင်မျိုးရင်းဝင် သားရဲကြီး၏ ရှေ့ခြေထောက်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှ၏။ နူးညံ့သောအမွေးများအောက်တွင် ဖုံးကွယ်ထားသည့် ခြေသည်းများ၏ အရွယ်အစားက စိတ်ကူးကြည့်ရုံနှင့် ကျောချမ်းစရာပင်။
'အရင်တစ်ခါကထက် ပိုကြီးနေတယ်မဟုတ်ဘူးလား။'
ယူဂျင်း စိတ်ထင်နေခြင်းမဟုတ်။ ယခင်တစ်ခေါက်ကထက် ခေါင်းကို ပို၍မော့ကြည့်နေရသည်။ ထို့အပြင် အသီးအရွက်စားတိရစ္ဆာန်နှင့် အသားစားတိရစ္ဆာန်က ပုံစံချင်းမတူပေ။
အာဘူကို ပထမဆုံးအကြိမ် မြင်ခဲ့ရသည့်နေ့က ထိုသားရဲကြီးကို လုံးဝ ထိန်းချုပ်ထားသည့် ဘုရင်မင်းမြတ်နှင့် အတူရှိနေ၍ မသိသာခဲ့သော်လည်း တစ်ယောက်တည်း ကြည့်ရသောအခါ ကြောက်စိတ်ဝင်လာသည်။
ကျားသစ်၏ နားရွက်များ တုန်ခါသွား၏။ သေးငယ်သော ထိုလှုပ်ရှားမှုလေးကြောင့် ယူဂျင်းလည်း မသိစိတ်ထဲမှ လန့်သွားကာ နောက်ဆုတ်လိုက်မိသည်။
အာဘူက အတော်လေးကြာမှ သူ၏ နဂိုပုံစံကို ပြန်ပြခဲ့ခြင်းပင်။ သူက သူ၏ ကြီးကျယ်ပြောင်မြောက်ပုံ ယူဂျင်းအရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြလို၏။ သို့သော် ယူဂျင်းက သိပ်မကြိုက်သည့်ပုံပေါ်နေသဖြင့် မျက်နှာငယ်လေးနှင့် မှိုင်ကျသွားတော့သည်။
ပခုံးလေးများ ကိုင်းကျသွားသော ဧရာမကျားသစ်ကြီး၏ပုံစံက သနားစရာကောင်းလှ၏။ ယူဂျင်းက ခပ်အမ်းအမ်းရယ်ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ နင့်ကို သဘောမကျလို့ မဟုတ်ဘဲ... နင်က တအားကြီးလွန်းလို့ စိတ်လှုပ်ရှားသွားတာ။"
အာဘူက ထိုင်နေရာမှထကာ ခန္ဓာကိုယ်ကို ခါလိုက်ပြီး အမြီးကို အပေါ်သို့ မြှောက်လိုက်သည်။ ကျားသစ်နက်ကြီး၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ကျုံ့ဝင်သွား၏။ အရွယ်အစားက တစ်ဝက်လောက် ပိုသေးသွားသည်။
"ဝါး။ အရွယ်အစားကိုလည်း စိတ်ကြိုက် ပြောင်းလို့ရတယ်ပေါ့လေ။ နင်က တကယ် အံ့ဩစရာပဲ။"
သို့သော်လည်း ကြီးနေဆဲပင်။
"အာဘူ။ ဒီထက် ပိုသေးသွားအောင် လုပ်လို့ရသေးလားဟင်။ ဒီလောက်လေးဆိုရင်ရော။"
ယူဂျင်းက လက်နှစ်ဖက်ဖြင့် သူ့ရင်ခွင်ထဲ အံဝင်ခွင်ကျ ဖြစ်လောက်မည့် အရွယ်အစားကို ပုံဖော်လိုက်သည်။
အာဘူ တစ်ချက်တွေဝေသွား၏။ ခန္ဓာကိုယ်အရွယ်အစားမှာ လာ့ခ်များကြားတွင် အသာစီးရယူနိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော ရှင်သန်ရပ်တည်နိုင်ရေး အခြေအနေတစ်ရပ်ပင်။ အကြံ့ခိုင်ဆုံးကသာ အသက်ရှင်နိုင်သော လာ့ခ်တို့၏ကမ္ဘာတွင်လည်း စည်းမျဉ်းတစ်ခုရှိပေသည်။ သေးငယ်သည့်ကောင်က ကြီးမားသည့်ကောင်ကို ဘယ်တော့မှ အရင်စ၍ မတိုက်ခိုက်ပေ။
အာဘူက ဘုရင်၏ မှော်ဝင်သားရဲကြီး ဖြစ်လာပြီးသည့်နောက်ပိုင်းတွင် လက်ရှိဘဝနှင့် နေသားကျနေပေပြီ။ သခင်ကို ရှုံးနိမ့်ပြီးသည့်နောက် အားနည်းသောကောင်က အညံ့ခံရသည်မှာ သဘာဝပင်။
သို့သော် ဘုရင်၏ မှော်ဝင်သားရဲဖြစ်လာလျှင်လည်း အာဘူ၏ သဘာဝဗီဇကတော့ ပျောက်သွားမည်မဟုတ်။ တောတွင်းမှ ဝံပုလွေကို ဖမ်းပြီးမွေးလိုက်ရုံဖြင့် ဝံပုလွေက ခွေးဖြစ်မလာနိုင်သည်နှင့် သဘောတရားချင်း အတူတူပင်။
သခင်ရှိလာပြီးသည့်နောက်တွင် အသက်ရှင်သန်ရေးအတွက် အခြားလာ့ခ်များနှင့် တိုက်ခိုက်ရန်မလိုတော့သော်လည်း ခန္ဓာကိုယ်အရွယ်အစားအပေါ် စွဲလမ်းမှုကတော့ ရှိနေဆဲသာ။ ထို့ကြောင့် ခန္ဓာကိုယ်အရွယ်အစားကို လျှော့ခိုင်းသည့် သခင်၏အမိန့်ကို မကျေနပ်ခဲ့။ သာမန်မြင်းများထက် သိသိသာသာ ပိုကြီးသော ခန္ဓာကိုယ်အရွယ်အစားကို ထိန်းသိမ်းထားခြင်းက သားရဲကြီး၏ ပုန်ကန်မှုတစ်မျိုးပင်။
သို့သော် ဒီထက် ပိုသေးရမည်တဲ့လား။ သားရဲတွင်လည်း ဂုဏ်သိက္ခာတော့ ရှိသေးသည်။
သားရဲကြီး၏ ကြီးကြီးကျယ်ကျယ် ဂုဏ်သိက္ခာကလည်း သူ့အား မျှော်လင့်တကြီးကြည့်နေသော လူသားနှင့် မျက်လုံးချင်းဆုံမိတော့ ပျက်စီးသွားရ၏။ တွန်းလှန်၍မရသော ကောင်းမွန်သည့်စွမ်းအင်များက ထိုအမျိုးသမီးထံမှ ထွက်ပေါ်လာနေသည်။
လာ့ခ်များတွင် ရန်လိုမှုက မွေးရာပါဗီဇပင်။ အာဘူသာ လူစကားနှင့် ဖော်ပြနိုင်မည်ဆိုလျှင် သူခံစားရသော 'တစ်စုံတစ်ရာကို မတိုက်ခိုက်ရဘဲနှင့် တောင့်ခံထား၍မဖြစ်သည့် စိတ်တွန်းအား' အကြောင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
ဘုရင်မင်းမြတ်၏ လက်အောက်ခံဖြစ်လာပြီးနောက်တွင် ဘုရင်၏ ပရာ့ဂ်ျက အာဘူ၏ စိတ်တွန်းအားကို ထိန်းချုပ်ထား၏။ ပြောရလျှင် စိတ်တွန်းအားက လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ထွက်ပေါ်မလာအောင် ဖိနှိပ်ထားရုံသာဖြစ်သည်။
သို့သော် မျက်စိရှေ့တွင်ရှိနေသည့် အမျိုးသမီးထံမှ ထွက်ပေါ်လာသော စွမ်းအင်က အာဘူ၏ စိတ်တွန်းအားကို နူးညံ့ညင်သာစွာ ပြေလျော့စေခဲ့၏။ ဘဝတွင် ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သည့် ဤတည်ငြိမ်မှုကို အာဘူ သဘောတွေ့နေသည်။
အာဘူ သူ၏စွမ်းအင်ကို အတွင်းသို့ စုစည်းလိုက်တော့ ကျားသစ်နက်၏ အရွယ်အစားက တဖြည်းဖြည်း လျော့ကျလာသည်။
ယူဂျင်းက သူ၏ဒူးအောက်ပိုင်းအထိ နိမ့်ဝင်သွားသော ကျားသစ်နက်ကို ငုံ့ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"ဘုရားရေ၊ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ။"
သူက သတိထား၍ လက်နှစ်ဖက်ကို အောက်သို့ ဆန့်ထုတ်ကာ ငြိမ်ငြိမ်လေးရှိနေသည့် အာဘူ၏ ရှေ့ခြေထောက်ချိုင်းအောက်သို့ လက်လျှိုပြီး ပွေ့ချီလိုက်သည်။
အရွယ်အစားသေးသွားလျှင်ပင် အလေးချိန်က ယခင်အတိုင်းပဲဖြစ်မလားဟု တွေးမိသော်လည်း လေးလံသော်ငြား မနိုင်မနင်းတော့ မဖြစ်ခဲ့ပေ။
ယူဂျင်းက ကြောင်တစ်ကောင်စာလောက် သေးငယ်သွားသော ကျားသစ်နက်ကို ရင်ခွင်ထဲပွေ့ကာ သူ့အမွေးများကို မျက်နှာဖြင့် ပွတ်သပ်လိုက်သည်။ နူးညံ့သော သားမွေးများက သူ့ပါးပြင်ကို ပွတ်သပ်သွား၏။
"အား...ချစ်ဖို့ကောင်းလွန်းလို့၊ ဘယ်လိုလုပ်ရမလဲ။"
ယူဂျင်းတစ်ယောက် ခြေထောက်ကို တဒုန်းဒုန်းဆောင့်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်မိသည်။ တော်သေး၍ မိဖုရား၏ မလျော်မကန် အပြုအမူကို မြင်တွေ့သူမရှိခဲ့။
~~~~
ဘုရင်မင်းမြတ်က စစ်သည်တော်များနှင့်အတူ မြင်းကို ဒုန်းဆိုင်းနှင်ကာ ဗဟိုသိုလှောင်ရုံသို့ ရောက်ရှိလာသည်။
ခါဆယ်ရ်က မြင်းကိုရပ်ကာ သိုလှောင်ရုံကို ငုံ့ကြည့်လိုက်၏။ ဘောလုံးကို ဖိထားသည့်အလား မြေကြီးမှ ခွက်ဝင်နေသည့်နေရာ၏ အလယ်ဗဟိုတွင် သိုလှောင်ရုံတည်ရှိသည်။ အနီးအနားတွင် အဆောက်အအုံအချို့ရှိသော်လည်း လူနေအိမ်များ မဟုတ်ပေ။
သိုလှောင်ရုံက အန္တရာယ်ရှိသော အဆောက်အအုံဖြစ်၏။ အစေ့က ပိုကြီးပြီး အရောင်ရင့်လေလေ၊ အရည်အသွေးပိုကောင်းပြီး အန္တရာယ်ပိုများလေလေပင်။
မဟာတွင် အရည်အသွေးအကောင်းဆုံး အစေ့များမှာ ကန္တာရမှ ထွက်လာခြင်းဖြစ်သဖြင့် ဟာရှီတိုင်းပြည်၏ ဗဟိုသိုလှောင်ရုံလောက် အဆင့်မြင့်သော အစေ့ထိန်းသိမ်းရေး သိုလှောင်ရုံမျိုး အခြားတိုင်းပြည်များတွင် မရှိပေ။
အတွင်းမှ လာ့ခ်များ ထကြွလျှင်ပင် ပြိုလဲမသွားစေရန် ကျောက်တုံးများကို ထွင်းထားသော နံရံများဖြင့် အခိုင်အခံ့ တည်ဆောက်ထား၏။ သိုလှောင်ရုံပတ်ပတ်လည်တွင် ဒုတိယ ကျောက်တံတိုင်းကို ခံတပ်ပုံစံ ဝိုင်းပတ်ကာ တည်ဆောက်ထားသည်။
ဗဟိုသိုလှောင်ရုံ၏ သတ်မှတ်ထားသော အချင်းဝက်အတွင်း လူနေထိုင်ခွင့်မရှိပေ။ ဤသို့သော အန္တရာယ်များသည့် အဆောက်အအုံက ရဲတိုက် မနီးမဝေးတွင် ရှိနေသည့်အချက်မှာ တော်ဝင်မိသားစု၏ အင်အားကို ပြနေသော ဓားတစ်လက်သဖွယ်ပင်။
ခါဆယ်ရ်က မြင်းကို ထပ်ပြီးအရှိန်တင်မောင်းနှင်လိုက်သည်။ ပြေးဆင်းသွားသော ဘုရင်မင်းမြတ်၏ အနောက်သို့ စစ်သည်တော်များ ကပ်လိုက်သွား၏။
သိုလှောင်ရုံ၏ ခံတပ်တံတိုင်းပတ်လည်တွင် စစ်သည်တော်များ ကြိုတင်ရောက်နှင့်နေကာ ဝိုင်းရံ၍ ကာကွယ်ပေးထားသည်။ သူတို့ကို ဦးဆောင်သော တပ်မှူးက ဘုရင်မင်းမြတ် ရောက်လာကြောင်း သတင်းကြားသည်နှင့် ပြေးထွက်လာ၏။
"အရှင်မင်းကြီး။"
စကားအပိုတွေ မကြိုက်သော ဘုရင်မင်းမြတ်၏ စိတ်နေစိတ်ထားကို သိနေ၍ တပ်မှူးက ထုံးတမ်းအစဉ်အလာ ဂါရဝပြုမှုများကိုကျော်ကာ ချက်ချင်း အစီရင်ခံ လျှောက်တင်လေသည်။
"ပထမဆုံး မျက်မြင်တွေ့ခဲ့တဲ့ အမှုထမ်းရဲ့ ထွက်ဆိုချက်အရ ပြင်ဆင်ရေးအခန်းထဲက အစေ့ထည့်တဲ့ပုလင်းရဲ့ အခြေအနေကို စစ်ဆေးနေတုန်း မတော်တဆ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ ပထမတော့ သူ့ဘာသာ ကွဲသွားတယ်လို့ ပြောခဲ့ပေမဲ့ စကားတွေက ရှေ့နောက်မညီလို့ မေးမြန်းလိုက်တော့ လိမ်ပြောမိကြောင်းဝန်ခံပြီး အမှန်အတိုင်း ဖွင့်ပြောလာပါတယ်။"
ခါဆယ်ရ်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ သို့သော် အဆိုးဆုံး အခြေအနေတော့ မဟုတ်ပေ။
ဖြစ်ချင်ဖြစ် အမှုထမ်း၏ အမှားဖြစ်နေလျှင် ပိုကောင်း၏။ စီမံခန့်ခွဲမှုတွင် ပြဿနာရှိ၍ အစေ့များကွဲအက်ခြင်းသာဆိုလျှင် သိုလှောင်ရုံထဲမှ အစေ့အားလုံးကို စစ်ဆေးရပေမည်။
~~~~
Miel's Translations