အပိုင်း ၆၆
အနောက်မှ လာ့ခ်က လိုက်နေပြီဖြစ်ရာ စတင်ပြေးနေပြီဖြစ်သော ခန္ဓာကိုယ်ကို ရပ်တန့်၍ မရတော့ပေ။ ဆဗဲန်လည်း ရင်ပြင်ကို မျှားခေါ်ရန်ဟူသော မိဖုရား၏ အစီအစဉ်ကို လိုက်နာရတော့သည်။ ရင်ပြင်သို့ရောက်လျှင် စစ်သည်တော်များ စောင့်နေလောက်ပေမည်။
သူက မကြာခဏဆိုသလို ဘေးဘက်ကို လှည့်ကြည့်နေသည်။ လမ်းပြရန်အတွက် နည်းနည်းလေး အရှေ့မှ ပြေးလာခဲ့၏။ မိဖုရား၏မြင်းထက် ခြေတစ်လှမ်းစာ ကျော်လွန်သည့် အမြန်နှုန်းကို ထိန်းထားသည်။
သို့သော် တမင်အရှိန်မလျှော့ပေးလျှင်ပင် မိဖုရားက နည်းနည်းလေးမှ နောက်ကျမကျန်ခဲ့ပေ။ ‘မိဖုရားရဲ့ မြင်းစီးကျွမ်းကျင်မှုအဆင့်က အမြင့်ကြီးပဲ’ ဟု မှတ်သားထားလိုက်ရသည်။
“ညာဘက်။”
ဆဗဲန်က မကြာခင်ရောက်မည့် လမ်းဆုံ၌ ချိုးရမည့်ဘက်ကို အော်ပြောလိုက်သည်။ မြင်းနှစ်ကောင်က ထောင့်ချိုးတွင် လမ်းကြောင်းပြောင်းလိုက်ကြ၏။ ရင်ပြင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သည့် လမ်းတစ်လမ်း ပေါ်လာတော့သည်။ ခပ်လှမ်းလှမ်းရှိ ရင်ပြင်အလယ်မှ သစ်ပင်ကို မြင်နေရပေပြီ။
‘ရပြီ။’
ယခု သူ၏ လမ်းညွှန်မှုကို လိုအပ်တော့မည်မဟုတ်ပေ။ ဆဗဲန်က လာ့ခ်ကို သူ့ထံသို့ အာရုံလွှဲရန် ခေါင်းကို နောက်ပြန်လှည့်လိုက်သည်။
သူက သွားချင်းတင်းတင်းကြိတ်ထားလိုက်၏။ အကွာအဝေးတစ်ခုခြားအောင် ချန်ထားနိုင်ခဲ့ပြီဟု ထင်ထားခဲ့သော်လည်း မကြာမီမှာပင် လာ့ခ်က ကပ်ပါလာပြန်သည်။ မိဖုရား၏ မြင်းအမြီးက လာ့ခ်၏ပါးစပ်ထဲသို့ ဝင်လုဝင်ခင်ဖြစ်နေ၏။ ရင်ပြင်က မျက်စိရှေ့တွင် ရှိနေသော်လည်း မိဖုရား၏ဘေးမှ လာ့ခ်ကို ဖယ်ရှားပစ်ရန်က ပိုအရေးကြီးပေသည်။
ဆဗဲန်က မြင်းကိုအရှိန်လျှော့လိုက်ကာ ခါးပတ်တွင်ချိတ်ထားသည့် ဓားမြှောင်ကို လာ့ခ်ဆီသို့ ပစ်လိုက်သည်။ စစ်သည်တော်များ အမြဲဆောင်ထားလေ့ရှိသော အရေးပေါ် လက်နက်ပင်။ ရှည်လျားသည့် ဆူးချွန်ပုံစံ ဤအထူးလက်နက်က လာ့ခ်၏ အကာအကွယ်အလွှာကို ဖြတ်ကျော်ကာ ထိခိုက်စေနိုင်ပေသည်။
ဓားမြှောင်က ချက်ချင်းဆိုသလို လာ့ခ်၏ နားထဲသို့ ထိမှန်သွား၏။ အရေးပေါ် လက်နက်က အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဒဏ်ရာမျိုး မဖြစ်စေသော်လည်း လာ့ခ်ကို အာရုံလွှဲရာတွင်တော့ ထိရောက်ပေသည်။ ဆဗဲန်က ဆက်တိုက်ပါလာမည့် လာ့ခ်၏ တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားလိုက်၏။
သို့ရာတွင် လာ့ခ်က ဆဗဲန် မျှော်လင့်ထားသည့် တုံ့ပြန်မှုကို မပြခဲ့ပေ။ လက်နက်ထိမှန်သွားသည့် နားရွက်ကို အနည်းငယ် လှုပ်လိုက်ရုံသာရှိကာ ဆဗဲန်ကို လှည့်တောင်မကြည့်ခဲ့။
‘သေစမ်း။’
ဆဗဲန်က မြင်း၏ နံဘေးကို အားကုန်ကန်လိုက်သော်လည်း မြင်းက သူ့ညွှန်ကြားချက်ကို လိုက်နာမည့်အစား အရှိန်လျှော့သွားသည်။ လာ့ခ်ကို မျက်စိနှင့်တပ်အပ်မြင်လိုက်ရသည့် မြင်းခမျာ သားရဲနှင့် ရင်ဆိုင်လိုက်ရသည့် အသီးအရွက်စားသတ္တဝါအလား အနားသွားရန် ငြင်းဆန်ခဲ့၏။ ဆဗဲန်လည်း အရှေ့သို့ ပြေးနေသော ယူဂျင်း၏ မြင်းနှင့် ခဏတွင်းချင်းမှာပင် အကွာအဝေးချင်း ကွာဟသွားရတော့သည်။
‘နောက်ထပ် နည်းနည်းလေးပဲ။’
စောစောက ထောင့်ချိုးကွေ့စဉ် ရင်ပြင်မှ သစ်ပင်ကို ယူဂျင်း မြင်ခဲ့ရ၏။ ထို့နောက် လေဖိအားကို လျှော့ချရန်အတွက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ငုံ့ထားလိုက်သည်။ တည့်တည့်သွားလိုက်လျှင်ရပြီဖြစ်၍ မြင်း၏အရှိန်ကို မြှင့်တင်ရန်သာ အာရုံစိုက်ထား၏။
လေတိုက်ခတ်သံက နားထဲတွင် ဆူညံနေပြီး လမ်းဘေးမှ မြင်ကွင်းများက မျက်လုံးဘေးမှဖြတ်ကာ ပျံသန်းသွားသည်။ စက်ဘီးပင် မစီးတတ်ခဲ့သည့် သူက ကျွမ်းကျင်စွာ မြင်းကို မောင်းနှင်နေ၏။ မြေပြင်ကို ခြေထောက်ဖြင့်ကန်နေသော ဆူဆူညံညံ မြင်းခွာသံများက လက်တွေ့မကျသလိုပင်။
ညာဘက်ဘေးတွင် အနောက်မှ လိုက်လာသော လှုပ်ရှားမှုကို ခံစားလိုက်ရ၏။
‘ဆာ ဆဗဲန် ဘယ်တုန်းက အဲ့ဒီဘက်ကို သွားလိုက်တာပါလိမ့်။’
ယူဂျင်းက မျက်လုံးကို ဘယ်ဘက်သို့ တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ စောစောက သူနှင့်အတူယှဉ်တွဲလျက် ပြေးနေသော ဆာ ဆဗဲန်ကို မတွေ့တော့ပေ။ ယခုတစ်ခါ ညာဘက်သို့ ပြောင်းကြည့်လိုက်၏။
ကြီးမားလှသော အရွယ်အစားနှင့် မီးခိုးရောင် အမွေးများက မြင်းစီးလာသူဟုထင်စရာ လုံးဝအကြောင်းမရှိပေ။
ဆာ ဆဗဲန်မဟုတ်ဘဲ လာ့ခ်က သူနှင့်ဘေးချင်းယှဉ်ကာ ပြေးနေမှန်း သိလိုက်သည်နှင့် သူစီးနင်းလာသည့် မြင်းသည်လည်း လာ့ခ်၏ ဖြစ်တည်မှုကို သတိထားမိသွားလေသည်။
အင်မတန်ထိတ်လန့်သွားသည့်မြင်းက ကြက်သီးမွေးညင်းထကာ အကျင့်အတိုင်း ရှေ့ခြေနှစ်ဖက်ကို လေထဲသို့ မြှောက်လိုက်၏။ သို့သော် ပြေးနေသည့် အရှိန်ကြောင့် သူ့ခန္ဓာကိုယ်သူ စိတ်တိုင်းကျ မလှုပ်ရှားနိုင်တော့ပေ။ ခေါက်သွားသည့် ခြေထောက်ပေါ်တွင် ချော်လဲအံ့ဆဲဆဲမြင်းက ကိုယ်ကို သွေးရူးသွေးတန်း လှည့်လိုက်သည်။
“အ”
ယူဂျင်းလည်း မြင်းပေါ်မှ လွင့်စဉ်ကျသွားတော့၏။ သူ့ခန္ဓာကိုယ်သည်လည်း အရှိန်ဖြင့် လေထဲသို့ ပျံတက်သွားသည်။ မျက်စိတစ်မှိတ်စာ တိုတောင်းသည့်အချိန်လေးအတွင်းမှာပင် ပြောင်းပြန်မြင်လိုက်ရသော ကမ္ဘာကြီးက သူ့မျက်စိရှေ့တွင် ပနိုရာမာအလား ပေါ်လာ၏။
ပထမဆုံး ခံစားရသည့် ခံစားချက်က အင်မတန် မနှစ်မြို့စရာပင်။ စကားအဖြစ်သာကြားဖူးသော မသေခင် ဘဝဖြစ်စဉ်က မျက်စိရှေ့လျှပ်တစ်ပြက်ပေါ်လာခြင်းဆိုသည်မှာ ဒါမျိုးပဲလားဟု တွေးလိုက်မိသည်။ ထို့နောက်တွင် လောကကြီးတစ်ခုလုံး အမှောင်ကျသွားကာ သူလည်း သတိလစ်သွားတော့၏။
~~~~
ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင် သားရဲကြီးက မြေပြင်ပေါ်သို့ လွင့်စင်ကျသွားသည့် ယူဂျင်းကို ဖမ်းလိုက်သည်။ ဧရာမ ကျားသစ်နက်ကြီးက ယူဂျင်းကို ပါးစပ်တွင် ကိုက်ထားသည့်အတိုင်း အသာဖွဖွလေး မြေပြင်ပေါ်သို့ သက်ဆင်းလာ၏။
အာဘူက ယူဂျင်းကို ဂရုတစိုက် မြေပြင်ပေါ်သို့ ချပေးခဲ့သည်။ ယူဂျင်း၏ ခန္ဓာကိုယ်က ပျော့ခွေနေ၏။ အာဘူက မလှုပ်မယှက်ရှိနေသည့် ယူဂျင်းကို သူ့နှာခေါင်းဖျားလေးနှင့် တွန်းလိုက်သည်။ သို့သော်လည်း ယူဂျင်းက တုံ့ပြန်မလာသည့်အခါ အာဘူက ညည်းသံပြုလေ၏။
တစ်ချက်လေး သတိလစ်သွားသည့် ယူဂျင်းတစ်ယောက် ခဏနေတော့ သတိပြန်ဝင်လာသည်။ သူ့ကို ငုံ့ကြည့်နေသည့် မျက်လုံးနီနီများနှင့် အကြည့်ချင်း ဆုံသွားတော့၏။
ခေါင်းထဲတွင် ဘာမှမရှိတော့သလို ထုံထိုင်းလျက်။ ကလေးငယ်၏ ဦးခေါင်းလောက်ရှိသည့် မျက်လုံးများကို မြင်နေရသော်လည်း မကြောက်မိပေ။ သွေးကဲ့သို့နီရဲသော မျက်လုံးများ သူ့ကို ကြည့်နေသည့် အကြည့်က နွေးထွေးသလိုခံစားရသည်။
“...အာဘူ။”
“ဂရား...”
အာဘူ၏ ပြင်းထန်သော ဟိန်းသံကို ကြားလိုက်ရသည့်အခါ ယူဂျင်းလည်း လုံးဝ သတိဝင်သွားတော့သည်။
လာ့ခ်က အာဘူ၏အမြီးကို ကိုက်လိုက်ခြင်းပင်။ အာဘူက ယခု သူ၏ မူလခန္ဓာကိုယ်ပုံစံသို့ ပြန်ရောက်နေပြီဖြစ်ကာ ရေဆိုးမြောင်းကြွက် လာ့ခ်၏ အရွယ်အစားက အာဘူထက် ပိုသေးနေသည်။ သေးငယ်သော လာ့ခ်က ကြီးမားသော လာ့ခ်ကို အရင်စ၍ မတိုက်ခိုက်ရဟူသော အခြေခံစည်းမျဉ်းကို ချိုးဖောက်သည့် ထူးဆန်းဖြစ်ရပ်တစ်ခုဖြစ်၏။
သေးငယ်သောကောင်က အတင့်ရဲစွာ အရင်တိုက်ခိုက်လိမ့်မည်ဟု လုံးဝထင်မထားသည့် အာဘူလည်း အံ့အားသင့်သွားတော့သည်။ သွားဖြဲပြီး သတိပေးနေသော အာဘူအား ရေဆိုးမြောင်းကြွက် လာ့ခ်ကလည်း ချွန်ထက်သော ရှေ့သွားများကို ဖြဲပြကာ ပြန်လည်မာန်ဖီလေ၏။
အာဘူက လက်သည်းများထုတ်ကာ ရေဆိုးမြောင်းကြွက်ကို လက်ဖဝါးနှင့် ပုတ်ချလိုက်သည်။ လက်ဖဝါးဖြင့် အားပြင်းပြင်း လွှဲရိုက်ခံလိုက်ရသော လာ့ခ်သည်လည်း မြေပြင်ပေါ် လဲကျသွားတော့၏။
လာ့ခ်က ပစ်တိုင်းထောင်ရုပ်အလား ပြန်ထလာကာ အာဘူကို မဆိုင်းမတွ တိုက်ခိုက်လေသည်။ ဓားကဲ့သို့ချွန်ထက်သော ရှေ့သွားများက အာဘူ၏ ရှေ့ခြေထောက်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။
အာဘူ ဒေါသထွက်လာလေပြီ။ သခင်၏ ခွင့်ပြုချက်မရှိဘဲ လာ့ခ်အမဲလိုက်ခြင်းကို တားမြစ်ထားသဖြင့် သခင်ရောက်လာသည့်အချိန်အထိ အခြေအနေကို ထိန်းချုပ်ထားရန်သာ ကြိုးစားခဲ့၏။ ယခုတော့ သည်းမခံနိုင်တော့ပေ။
“ဂရားးးး”
“ကျွီးးးး”
ဧရာမ မိစ္ဆာကြီးနှစ်ကောင် ထိပ်တိုက်တွေ့ကာ တိုက်ခိုက်ကြတော့သည်။ သူတို့နှစ်ကောင်၏ လှုပ်ရှားမှုများကြောင့် မြေပြင်က တုန်ခါနေ၏။ သူသေကိုယ်သေ တိုက်ခိုက်နေကြသော လာ့ခ်နှင့် အာဘူ၏ တိုက်ပွဲက လွယ်လွယ်နှင့် ပြီးဆုံးမသွားချေ။
မည်သို့ပင်ဖြစ်စေ အာဘူ အနိုင်ရမည်မှာ ကျိန်းသေသော်လည်း ယူဂျင်းကမူ စိုးရိမ်တကြီးနှင့် ခြေတဆောင့်ဆောင့်ဖြစ်နေရသည်။
အာဘူ၏ခန္ဓာကိုယ်က မည်မျှပင် ကြီးမားပါစေ ယူဂျင်းအဖို့တော့ အာဘူက သေးငယ်ပြီး ချစ်စရာကောင်းသည့် ကျားသစ်နက်လေးပင်။ အာဘူ စက်ဆုပ်ဖွယ် ဧရာမ ရေဆိုးမြောင်းကြွက် အကိုက်ခံရသည့်အခါတိုင်း ယူဂျင်းထံမှ စိတ်နှလုံးမချမ်းမြေ့သော အော်ဟစ်သံများ ထွက်ပေါ်လာရ၏။
အာဘူက လေထဲသို့ ခုန်တက်လာသည့် လာ့ခ်၏ လည်ကုပ်ကို အတိအကျ ကိုက်ချကာ ရှည်လျားသော အစွယ်များကို နက်ရှိုင်းစွာ စိုက်သွင်း၍ အားကုန်လှုပ်ခါလွှဲယမ်းလိုက်သည်။ လာ့ခ်က မခုခံတော့သည့်အခါ အေးစက်ခက်ထန်သော လှုပ်ရှားမှုဖြင့် လွှင့်ပစ်လိုက်၏။
“ဂရားးးး”
ဖြစ်ချင်တော့ လွှင့်ပစ်လိုက်သည့် လာ့ခ်က ယူဂျင်း၏ အနီးသို့ တည့်တည့်ကျရောက်သည်။ လည်ပင်း တစ်ဝက်ခန့် ပြတ်ပြီး စုတ်ပြဲနေသည့် ထိုကြွက်ကြီးကို မြင်လိုက်ရချိန်တွင် ယူဂျင်းတစ်ယောက် အော်ဟစ်လေတော့၏။
ဗဟိုချက် မပျက်စီးသရွေ့ လာ့ခ်သည်လည်း ပျက်စီးမည်မဟုတ်ပေ။ လာ့ခ်၏ မျက်လုံးနီများက ယူဂျင်းကို တွေ့လိုက်ရသည့်အခါ ပို၍ပင် နီရဲတောက်ပလာသည်။ လာ့ခ်က ယူဂျင်းဆီသို့ တစ်ဟုန်ထိုး တွားလာ၏။
"အားးး... မလာနဲ့။”
ယူဂျင်း တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ လာ့ခ်ကို ကြောက်သည်ထက် ကြွက်ဖြစ်နေ၍ စက်ဆုပ်မသတီခြင်းပင်။
နောက်ဆုတ်၍ ထွက်ပြေးနေသော ယူဂျင်းထက် တွားသွားနေသည့် လာ့ခ်က ပို၍ မြန်ခဲ့သည်။ သွေးရူးသွေးတန်း လွှဲယမ်းလိုက်သည့် သူ၏ လက်ဖျားလေးများက လာ့ခ်ကို ထိမိသွား၏။ မနှစ်မြို့မှုကို ပြင်းပြင်းထန်ထန် ဖော်ပြလိုက်သည့် အခိုက်အတန့်တွင် သူ၏ ကိုယ်ထဲမှ ပူနွေးသောအရာတစ်ခု ရုတ်တရက် ထွက်ခွာသွားသလို ခံစားလိုက်ရသည်။
ထူးဆန်းသည့် ခံစားမှုပင်။ လွတ်မြောက်သွားခြင်းနှင့် ဆင်တူ၏။ ခါးကိုတင်းကျပ်စွာ တုပ်နှောင်ထားသော ကြိုးတစ်ချောင်း ရုတ်တရက် ပြတ်တောက်သွားသည့် ခံစားချက်မျိုးပင်။
‘ဟင်။’
သူ့လက်နှင့် ထိမိသွားသည့် နေရာမှစကာ လာ့ခ်၏ မီးခိုးရောင်အမွေးများက မီးလောင်သည့်အလား ကျုံ့ဝင်သွားတော့သည်။ အမွေးများ ပျောက်ကွယ်သွားသော မကောင်းဆိုးဝါး၏ သားရေက မာကျောသွားကာ အက်ကွဲလာ၏။
အက်ကွဲကြောင်းများကြားမှ ရှည်လျားသော ရိုးတံတစ်ခု ထိုးထွက်လာသည်။ ရိုးတံ၏ အဖျားပိုင်းက ဖောင်းကြွလာကာ အရွက်နှစ်ရွက်အဖြစ် ကွဲသွား၏။
‘သစ်ပင်...လား။’
ယူဂျင်းက ရုတ်တရက် စတင်ပြောင်းလဲသွားသည့် လာ့ခ်၏ အခြေအနေကို ကြောင်တောင်တောင် မျက်လုံးများဖြင့် ကြည့်နေမိသည်။ ခြောက်သွေ့မာကျောသွားသော လာ့ခ်၏ခန္ဓာကိုယ်က နေရာအနှံ့အပြားတွင် အက်ကွဲသွားကာ အက်ကွဲကြောင်းများကြားမှ အညှောက်ငယ်လေများ ထိုးထွက်လာ၏။
ပထမတော့ လာ့ခ်က မံမီအဖြစ် ပြောင်းသွားသည်ဟု ထင်ခဲ့မိသည်။ သို့သော် ဆက်ကြည့်နေသည့်အခါ နဂိုက ကြွက်တစ်ကောင်ဖြစ်ကြောင်းကိုပင် ခွဲခြားကြည့်၍ မရနိုင်တော့သည်အထိ ပုံသဏ္ဌာန်က တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
‘သစ်ပင်... ဟုတ်နေတာပဲ။’
လာ့ခ်က သစ်ပင်အဖြစ် ပြောင်းလဲနေခြင်းပင်။ နောက်ဆုံးအထိ ကျန်နေခဲ့သည့် မျက်လုံးနီနီတို့က အရည်ပျော်သွားသည့်အလား ပျောက်ကွယ်သွားကာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ ထိုနေရာတွင် သစ်ပင်၏ အဖုအထစ် အမှတ်အသားများ ပြည့်သွား၏။
ယူဂျင်းက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ပြီးမှ ပြန်ဖွင့်လိုက်သည်။ မြင်နေရသည့်အရာက ဘာကိုဆိုလိုမှန်း မသိပေ။ သူက လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။ ခံစားမှုအရ သူ့လုပ်ရပ်ကြောင့် ဖြစ်နိုင်၏။ သို့သော် သေချာတော့မသိ။ တကယ် သူကြောင့် ဖြစ်သွားခြင်းပဲလား။
‘ဟူး...’
ယူဂျင်း၏ ကိုယ်ထဲမှ အားအင်များ အကုန်ပြတ်လပ်သွားတော့သည်။ သူက ထိုနေရာမှာပင် ထိုင်ချလိုက်ကာ သစ်ပင်အဖြစ် ပြောင်းလဲသွားသည့် လာ့ခ်ကို မှီထားလိုက်၏။ ထိန်းသိမ်းမရအောင် အိပ်ချင်စိတ်က ဝင်လာသည်။ ယူဂျင်းတစ်ယောက် သတိလစ်သလို အိပ်ပျော်သွားလေတော့၏။
~~~~
ထိုအချိန်တွင် မဟာ၏ ဒေသအနှံ့အပြား၌ ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။ နေရာဒေသအသီးသီးတွင် လာ့ခ်များနှင့် တိုက်ခိုက်နေကြသူများက လာ့ခ်များ ရုတ်တရက် တိုက်ခိုက်ခြင်းကို ရပ်တန့်ပြီး ကောင်းကင်သို့ကြည့်ကာ ထူးဆန်းသည့် အသံများနှင့် အော်ဟစ်နေကြသည်ကို တွေ့ခဲ့ကြရ၏။
သွားများကိုဖြဲကာ ရန်လိုမှုကိုပြနေသော ဧရာမကြွက်ကြီးက ရုတ်တရက် လှုပ်ရှားမှုကို ရပ်လိုက်ပြီး ကောင်းကင်သို့ ကြည့်ခဲ့သည်။ တကယ်တော့ ယူဂျင်းရှိရာဘက်သို့ ကြည့်နေခြင်းဖြစ်သော်လည်း ထိုနေရာမှ လူတို့၏အမြင်တွင် ကောင်းကင်ကို မော့ကြည့်နေသည့်အလား ထင်ရ၏။
ဂီး...ဂီး...
လာ့ခ်က ယခုအချိန်အထိ ခါဆယ်ရ် တစ်ခါမှ မကြားဖူးသော အသံဖြင့် အော်ဟစ်မြည်တမ်းနေသည်။ ဝမ်းနည်းနေသလို၊ တမ်းတငိုကြွေးနေသလို၊ စိတ်ထိခိုက်ဖွယ် ခံစားချက်ကို ဖော်ဆောင်နေသည့်အသံမျိုးပင်။
‘စိတ်ထိခိုက်စရာတဲ့လား။’
ခါဆယ်ရ်က လက်ခံနိုင်ဖွယ်မရှိသော ခိုင်းနှိုင်းမှုဟု ယူဆလိုက်သည်။ လာ့ခ်များတွင် ခံစားချက်မရှိပေ။ ယင်းတို့မှာ တိုက်ခိုက်လိုသည့် စိတ်ဗီဇသာရှိသော မကောင်းဆိုးဝါးများဖြစ်၏။
လာ့ခ်၏ ရုတ်တရက် ပြောင်းလဲမှုကို သူ့စိတ်ထဲတွင် သံသယရှိနေသော်လည်း ယခုအချိန်တွင် လာ့ခ်ကို သတ်ဖြတ်ခြင်းက ပို၍အရေးကြီးသည်။ ဤအကောင်ကို မြန်မြန်ရှင်းလင်းပြီး တတိယမီးရှူး ပေါက်ကွဲသည့်နေရာသို့ သွားရပေမည်။
‘ဟိုကောင် အာဘူ အမဲမလိုက်ခင်။’
သူက အာဘူအား လာ့ခ်ကို မတိုက်ခိုက်အောင် ထိန်းချုပ်ရုံသာထိန်းချုပ်ရန် အမိန့်ပေးထား၏။ လာ့ခ်ကို အမဲလိုက်ခွင့်ရကာ ယင်း၏ ဗဟိုချက်ကို စားသုံးရသည့် အရသာကို စွဲလမ်းသွားပါက အဝေးသို့ ထွက်သွားတတ်၍ အခက်တွေ့စေနိုင်ပေသည်။ ထို့ကြောင့် မလွှဲမရှောင်သာ အခြေအနေမျိုးမှလွဲ၍ အာဘူအား လာ့ခ် တိုက်ရိုက်အမဲလိုက်ခြင်းကို တားမြစ်ထား၏။
ခါဆယ်ရ်က ကိုယ်ကို တစ်ဟုန်ထိုး တိုးဝင်ကာ လာ့ခ်၏ လည်ပင်းကို ဓားဖြင့် ခုတ်ချလိုက်သည်။ လာ့ခ် လည်ပင်းပြတ်သွားသော်လည်း တုံ့ပြန်ခြင်းမရှိပေ။ သူက လည်ပင်းပြတ်သွားသော ကြွက်၏ကိုယ်ကို နှစ်ပိုင်းခွဲကာ ဗဟိုချက်ကို ဖျက်ဆီးလိုက်၏။ လာ့ခ်သည်လည်း ဖုန်မှုန့်များကဲ့သို့ ကြေမွကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
‘ထူးဆန်းတယ်။’
ခရမ်းရောင်အဆင့်တောင်ရှိသည့် လာ့ခ်ပင်။ သို့သော် သူ အမဲလိုက်ခဲ့သမျှတွင် အလွယ်ဆုံး အမဲလိုက်ခြင်းဖြစ်နေ၏။
“အရှင်မင်းကြီး။”
စစ်သည်တော်တစ်ဦးက မြင်းယူလာပေးခဲ့သည်။ ခါဆယ်ရ်က ချက်ချင်း မြင်းပေါ်ခုန်တက်လိုက်၏။ လောလောဆယ် အခြားအတွေးများ တွေးနေရန် အချိန်မရှိပေ။ ဘုရင်နှင့် စစ်သည်တော်များကို တင်ဆောင်လာသည့် မြင်းတို့က အလျင်အမြန် ဒုန်းစိုင်းနှင်လေတော့သည်။
~~~~
ယူဂျင်းက မျက်လုံးကို ပိတ်လိုက် ဖွင့်လိုက် လုပ်ရင်း ကောင်းကင်ပြာကို စိုက်ကြည့်နေသည်။ နေ့လယ်ခင်းလို လင်းထိန်နေသော ကောင်းကင်တွင် နေလုံးတော့ မရှိပေ။ ဤသို့သောမြင်ကွင်းမျိုးကို မမြင်ဖူးခြင်းတော့မဟုတ်။
သူက လဲလျောင်းနေလျက်မှ ခြေနှစ်ဖက်ကို ရုန်းကန်လိုက်သည်။ ဘာမှမခံစားရသော်လည်း ရေပွက်သံကိုတော့ ကြားနေရ၏။ ဤတစ်ကြိမ်လည်း ယခင်လို သတိရှိနေသည့် အိပ်မက်လား၊ အဓိပ္ပာယ်မရှိသည့် အိပ်မက်လား မသိရသော ထူးဆန်းသည့် အိပ်မက်ထဲ ရောက်နေပြန်ပေပြီ။
ယူဂျင်းက အိပ်မပျော်ခင် နောက်ဆုံးမြင်ကွင်းကို သတိရရင်း ရုတ်တရက် ထထိုင်လိုက်သည်။ လာ့ခ်က သစ်ပင်အဖြစ် ပြောင်းလဲသွားသည့် ဖြစ်ရပ်ကား ရာမီတာ၏ အစွမ်းကြောင့်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
‘ရာမီတာက ရေပဲ။’
ရေကို ခပ်ယူလိုက်လျှင် လျော့နည်းသွားပေမည်။
‘ဒီအိပ်မက်က သတိရှိနေတဲ့အိပ်မက် ဆိုရင်တော့...’
လာ့ခ်ကို သစ်ပင်အဖြစ် ပြောင်းလဲပစ်နိုင်လောက်အောင် ရာမီတာအစွမ်းကို သုံးလိုက်သည်ဆိုလျှင် ခြေမျက်စိလောက်သာနက်သည့် ရေက ကြမ်းပြင်အထိ ခန်းခြောက်သွားသင့်ပေသည်။
ယူဂျင်း ထရပ်ကာ သူ့ခြေထောက်များကို ငုံ့ကြည့်လိုက်၏။ သို့သော် ဘာမှပြောင်းလဲမသွားပေ။ ရေက သူ့ခြေမျက်စိအထိ ဆက်ရှိနေဆဲပင်။ မျက်လုံးကိုပင့်ကာ ဘေးပတ်လည်ကို ကြည့်လိုက်တော့ ကောင်းကင်နှင့် ထိနေသည့် အဆုံးမဲ့သော မိုးကုပ်စက်ဝိုင်းက အရင်အတိုင်းရှိနေသည်။
‘ကျယ်လို့ မနက်ပေမဲ့ ပမာဏများနေတာပဲလား။’
ယူဂျင်း ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သည်။ ရေက ခြေမျက်စိလောက်သာ နက်သော်လည်း ဤနေရာကို ပင်လယ်ဟု ထင်မိရခြင်းမှာ ရေ၏အရောင်ကြောင့်ဖြစ်၏။ ရေအောက်ပိုင်းက အပြာရင့်ရောင်ရှိကာ မှောင်မိုက်နေသည်။ ခြေချထားသည့် အောက်ဘက်တွင် ပိုနက်သောနေရာတစ်ခုခု ရှိနေသလိုပင်။
ယူဂျင်းလည်း ခြေတစ်ဖက်ကိုမကာ ပိုနက်သည့်နေရာသို့ ဝင်တော့မည်ဟုတွေးရင်း ခြေထောက်ကို ရုတ်တရက် ထိုးထည့်လိုက်သည်။ ခိုင်မာသည့် ကြမ်းပြင်ကို ထိမည်ဟု ထင်ထားသော်လည်း ခြေထောက်က အောက်သို့ ရုတ်တရက် နစ်ဝင်သွား၏။ လန့်သွားသည့် ယူဂျင်းတစ်ယောက် ခြေထောက်ကို ပြန်ဆွဲတင်လိုက်တော့သည်။
~~~~
Miel's Translations