အပိုင်း ၄၃
ကျန်တာတော့ မသိသော်လည်း တစ်ခုကတော့ သေချာပေသည်။ လွန်ခဲ့သော တစ်လအတွင်း ဘုရင်မင်းမြတ်နှင့် မိဖုရားတို့ကြားတွင် ဘယ်ရုစ် မသိသောကိစ္စများ ရှိခဲ့ပေလိမ့်မည်။
‘အဆိုးဆုံး အခြေအနေကိုပါ ပြင်ဆင်ထားရမလား။’
ဘယ်ရုစ်က မရဏဘုရင်၏ ဆင်ခြင်တုံတရားရှိသော စိတ်နေစိတ်ထားကို ယုံကြည်သော်လည်း ကမ္ဘာပေါ်တွင် မပြောင်းလဲတတ်သည့်အရာများရှိ၏။
‘ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးကလည်း ယောက်ျားပဲကိုး။’
လွန်ခဲ့သော သုံးနှစ်၊ ဘုရင်မင်းမြတ်နှင့် မိဖုရား၏ ကြီးကျယ်ခမ်းနားလှသော ထိမ်းမြားလက်ထပ်ပွဲ ပြီးသွားသည့်နောက် မိဖုရား၏အလှက အချိန်အတော်ကြာသည်အထိ လူအများကြားတွင် ပြောစမှတ်တွင်ခဲ့သည်။ မိဖုရားက အမှန်တကယ် လှပသည့် အမျိုးသမီးဖြစ်ကြောင်း ဘယ်ရုစ်လည်း သဘောတူလက်ခံ၏။ ဘုရင်မင်းမြတ်တွင်လည်း ဇနီးသည် အချောအလှအပေါ် စွဲလမ်းသွားနိုင်သည့် အလားအလာ အပြည့်ရှိပေသည်။
‘ဘယ်တော့ဖြစ်ဖြစ် အခွင့်အရေးရရင် အထိန်းတော်ချုပ်ဟောင်းနဲ့ အလေးအနက် စကားပြောကြည့်ရမယ်။’
မာရီအန်းသာဆိုလျှင် ယခင်ကနှင့်မတူဘဲ ပြောင်းလဲသွားသည့် အရာများကို သေချာပေါက် သိပေလိမ့်မည်။
~~~~
ယူဂျင်းက မာရီအန်း ယူလာသည့် အစာကြေဆေးကို သောက်လိုက်သည်။
‘အစာအရမ်းကြေသွားလို့ ဒီအတိုင်းပဲ အိပ်လိုက်ရင် ဗိုက်ဆာလာမလားမသိဘူး။’
ဆေးသောက်ပြီး ခဏကြာတော့ မာရီအန်းက စိုးရိမ်သည့် မျက်နှာနှင့် လမ်းလျှောက်ရန် အကြံပေးခဲ့သည်။
“အရှင်မိဖုရား။ စင်္ကြံလမ်းတစ်လျှောက် ခဏလောက် လမ်းလျှောက်လိုက်မလားရှင့်။ အိပ်နေရင်းနဲ့ လေပွတာ ပိုဆိုးလာရင် ခက်ရပါလိမ့်မယ်။”
ယူဂျင်းလည်း မတတ်သာဘဲ အိပ်ခန်းထဲမှ ထွက်လာခဲ့၏။ သူ့အနောက်တွင်တော့ ရံရွေတော်များ လိုက်ပါလာသည်။
‘ဟူး... ငါ့ကို တစ်ယောက်တည်း လွှတ်ထားမှာမဟုတ်ဘူးပဲ။ တကယ်ပဲ၊ နောက်ဆိုရင် နေမကောင်းဘူးလို့ မပြောတော့ဘူး။’
ဂျင် စာကြည့်ခန်းထဲ၌သာ အောင်းနေခဲ့ရသည့် အကြောင်းရင်းကို သိလိုက်ရပေပြီ။ ဂျင်က သူ့ကိုယ်ပိုင်အချိန်နှင့် နေရာကို ဖန်တီးခဲ့ခြင်းပင်။
‘ဒီလိုနည်းနဲ့ ဂျင်ရဲ့စိတ်ကို နားလည်ရလိမ့်မယ်လို့ မထင်ထားဘူး။’
ဂျင် စာကြည့်ခန်းထဲ၌ ရှိနေသည့်အချိန်အတွင်း ဘယ်သူမှ စာကြည့်ခန်းအနားကို မချဉ်းကပ်ရဲကြကြောင်း သိခဲ့ရ၏။
‘တကယ်ပဲ အဲ့ဒီအချိန်အတွင်း စာကြည့်ခန်းထဲမှာ ရှိသလား မရှိသလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ။ ဘယ်သူမှ မြင်ခဲ့တာမဟုတ်ဘူးလေ။’
မှောင်မိုက်သည့်အချိန် စင်္ကြံလမ်းတွင် လမ်းလျှောက်ရသည့်ခံစားချက်က ထူးခြားပြီး အဆင်ပြေ၏။ မျက်နှာကြက် အင်မတန်မြင့်သော စင်္ကြံလမ်းက မှောင်နေလျှင်ပင် စိတ်ပူစရာမရှိပေ။
'ဂျင်သာ အပြင်ထွက်ခဲ့တယ်ဆိုရင် အားလုံးကို အစကနေ ပြန်စဉ်းစားမှဖြစ်မယ်။’
ယူဂျင်းတစ်ယောက် ဖြည်းဖြည်းချင်း လှုပ်ရှားမှုပုံစံပြောင်းလဲသွားသည့် ဂျီးန်၏ အရိပ်အတိုင်းလိုက်ရင်း အနောက်မှ လျှောက်လှမ်းခဲ့သည်။ ခေါင်းထဲတွင်တော့ တခြားသောအတွေးများ အပြည့်ပင်။
‘ငါရှာချင်နေတဲ့ ဂျင်ရဲ့ လျှို့ဝှက် ယဇ်စင်က ရဲတိုက်ထဲမှာ မရှိလောက်တာလည်း ဖြစ်နိုင်တယ်။’
ဝတ္ထုထဲတွင် ဂျင် မိဖုရားအဖြစ်ရှိနေစဉ် ပျောက်သွားသောအခါ အားလုံးက ဂျင်ကို ကံမကောင်းအကြောင်းမလှသည့် မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့တာဖြစ်မည်ဟု ထင်ခဲ့ကြ၏။ ဤသို့ဖြင့် ဂျင် ပျောက်သွားခဲ့ကာ ဘယ်သူမှလည်း ဂျင်၏ တကယ့်သရုပ်မှန်ကို မသိခဲ့ကြပေ။
အထိန်းတော်ချုပ် ဆာရာက အင်မတန် စေ့စပ်သေချာစွာ လုပ်ဆောင်တတ်တဲ့သူဖြစ်သည်။ ဂျင် ပျောက်သွားပြီးသည့်နောက်တွင် ရဲတိုက်ထဲရှိ လျှို့ဝှက် ယဇ်စင်ကို ရှာတွေ့မည်သာ။
ရဲတိုက်ထဲတွင် လျှို့ဝှက် ယဇ်စင် ရှိလျက်နှင့် ဂျင်က လျှို့ဝှက်ထားသဖြင့် မဖော်ထုတ်နိုင်ခြင်းမဟုတ်ဘဲ နဂိုကတည်းက မရှိခဲ့ခြင်းဟု ယူဆလိုက်တော့ နားလည်သွား၏။
‘ပြီးတော့ ခုနက မြင်ခဲ့တဲ့ မြင်ကွင်းထဲကလူ။’
ထိုလူ၏ မျက်လုံးက နီနေသည်။ အနီရောင်မျက်လုံးက လာ့ခ်၏ သင်္ကေတပင်။
‘ပြီးတော့ လာ့ခ်ဆိုတာ မာရာရဲ့ အစွမ်းကိုနာခံတဲ့ မာရာရဲ့ ဖန်ဆင်းခံတွေပဲ။’
ထို့ကြောင့် မာရာ ကိုးကွယ်သူများတွင်လည်း အနီရောင်မျက်လုံးများ ရှိကြပေသည်။
ယင်းမှာ မဟာမှလူများ မသိကြသေးသည့် အချက်ပင်။ မဟာမှလူများက လာ့ခ်နှင့် မာရာကို ဆက်စပ်တွေးကြည့်ဖို့ စဉ်းစားနိုင်မည်မဟုတ်ပေ။
မျက်ဆန်က လုံးဝနီသွားခြင်းမျိုးတော့မဟုတ်။ မဟာတွင် ‘မာရာ၏ အလုပ်အကျွေးပြုသူများ’ ဟု ခေါ်သော ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များမှာ အပယ်ခံများဖြစ်၏။ မျက်လုံးများ နီလာပြီး ဘယ်သူမဆို သိနိုင်မည်ဆိုလျှင် မျိုးဆက် ဆက်လက်တည်ရှိသွားရန် ဖြစ်နိုင်မည်မဟုတ်ပေ။
မျက်လုံးနီလာခြင်းက မာရာ၏အစွမ်း ဝင်ရောက်နေသည်ဟူသော သက်သေဖြစ်ပြီး ဘုန်းတော်ကြီးကဲ့သို့ အဆင့်မြင့်သည့်ရာထူးကို ရောက်နေပြီဖြစ်သူများ၏ ထူးခြားသော ဝိသေသလက္ခဏာပင်။
ထိုလူက ပုံမှန်ဆို အညိုရောင်မျက်လုံးရှိရာမှ အနီရောင်မျက်လုံးအဖြစ်သို့ ပြောင်းနိုင်စွမ်းရှိပေလိမ့်မည်။
‘နားမလည်နိုင်တာ တစ်ခုရှိနေတယ်။’
အဖွဲ့အစည်းက ပို၍လျှို့ဝှက်သိုသိပ်လေလေ၊ အတွင်းပိုင်း ရာထူးအဆင့်သတ်မှတ်ချက်က ပို၍တင်းကျပ်လေပင်။ ဘုန်းတော်ကြီးအဆင့်ရှိသော ထိုလူက ဘာသာရေးအစွန်းရောက်ဂိုဏ်းထဲတွင် အတော်လေး အာဏာရှိသူ ဖြစ်ပေလိမ့်မည်။ အပယ်ခံ ဘာသာရေးဂိုဏ်းတွင် ရာထူးမြင့်မြင့် ရထားသဖြင့် အစွန်းရောက်ဖြစ်နိုင်ခြေလည်းမြင့်၏။
ဂျင်က မာရာ၏ အစွမ်းကို မရသေးခင်မှာပင် ထိုလူက ဂျင်၏အရှေ့တွင် ဝပ်တွားနေလေသည်။ ရိုးရိုးသာမန် ပူးပေါင်းဆောင်ရွက်ရုံ ဆက်ဆံရေးမျိုး မဟုတ်ဘဲ ဂျင်ကို အထက်လူအဖြစ် သဘောထားခြင်းဖြစ်လျှင်ဖြစ်၊ မဟုတ်လည်း အနည်းဆုံး လေးစားမှုရှိသည့် သဘောထားမျိုးပင်။
‘ဘယ်လိုပဲဖြစ်ဖြစ် ဂျင်းက တစ်ယောက်တည်းတော့မဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပိုင်အဖွဲ့အစည်း ရှိခဲ့တာ သေချာတယ်။ ပြဿနာက အဖွဲ့ရဲ့အင်အား ဘယ်လောက်ကြီးလဲဆိုတာပဲ။’
ဘယ်ကစ၍ စုံစမ်းရမည်မှန်း မသိတော့ပေ။
ယခု ယူဂျင်းက ဘယ်သူမှမသိအောင် အပြင်ထွက်ရန်ပင် မဖြစ်နိုင်သည့် အခြေအနေတွင်ဖြစ်နေ၏။
ယခင်က ဂျင်နေခဲ့သည့် ဘဝအတိုင်း ပြန်သွားလိုက်လျှင် အဆင်ပြေနိုင်လောက်မလား။ အိပ်ခန်းနှင့် စာကြည့်ခန်းကိုသာ သွားလာကာ မည်သူမျှ ဝင်ရောက်စွက်ဖက်၍မရမည့် ကိုယ်ပိုင်အချိန်ကို ရယူပြီး အနီးကပ် ရံရွေတော်အနည်းငယ်သာထားလျက် အပြင်ထွက်ဖို့ အခွင့်အရေးရအောင် ကြိုးစားမည်ဆိုလျှင်တော့ ဖြစ်နိုင်၏။
‘ဒါပေမဲ့ အဲ့ဒါတော့ မကြိုက်ဘူးလေ။’
မရဏဘုရင်ထံမှ ရဲတိုက်အတွင်းရေးကိစ္စများအား စီမံခန့်ခွဲရမည့်အလုပ်ကို လက်ခံထားပြီးသား ဖြစ်နေပေပြီ။ ယခုမှ စကားတစ်မျိုးပြောင်းတာမျိုး မဖြစ်ချင်ပေ။
မာရီအန်းအပါအဝင် လူများနှင့် ယခုအချိန်အထိ တည်ဆောက်လာခဲ့သော ဆက်ဆံရေးများကို စွန့်လွှတ်ရန်လည်း စိတ်ကူးမရှိ။
‘လောလောဆယ်တော့ အပြင်ထွက်ပြီး အဲ့ဒီတည်းခိုခန်းကို ပြန်သွားကြည့်ရမယ်။ တခြားအတွေးတွေ ထပ်ပေါ်လာနိုင်တာပဲ။’
အရှေ့မှ ရုတ်တရက် ပိတ်ကာခံလိုက်သဖြင့် ယူဂျင်းတစ်ယောက် လန့်ဖျပ်သွားကာ အနောက်ဆုတ်လိုက်မိသည်။ ရုတ်တရက် တိုက်မိသည့်ဒဏ်ကြောင့် ခန္ဓာကိုယ်က ယိမ်းယိုင်သွားသဖြင့် ထိုလူ၏လက်မောင်းက ယူဂျင်း၏ ခါးလေးကို ပွေ့ဖက်ကာ မြဲမြံစွာ ထိန်းပေးခဲ့၏။
“ဘယ်ကိုကြည့်ပြီး လျှောက်နေတာလဲ။”
ယူဂျင်းက သူ့အရှေ့တွင် ရောက်နေသော ခါဆယ်ရ်၏ မျက်နှာကိုကြည့်ကာ အလန့်တကြား ပင့်သက်ရှိုက်လိုက်မိသည်။
“အမှောင်ထဲမှာ အရှေ့ကို သေချာကြည့်ပြီး လျှောက်မှပေါ့။”
“အရှင်မင်းကြီးက ရုတ်တရက် ရှေ့ကနေ ပိတ်ရပ်လိုက်လို့ပါ။”
“ငါက ခုနကတည်းက ဒီနေရာမှာ ရပ်နေတာ။ ငါ့အရှေ့ရောက်ရင် မိဖုရားလည်း ရပ်သွားလိမ့်မယ် ထင်လို့လေ။”
ခါဆယ်ရ်က ရယ်ရင်း ပြောခဲ့သည်။ အရှေ့တွင် ရှိနေသည့်လူကိုမတွေ့ဘဲ ဝင်တိုက်သည့်အဖြစ်ကို ပြန်တွေးလိုက်တော့ ရယ်ချင်သွား၏။
ခါဆယ်ရ်က မျက်နှာကြက်ဆီသို့ အကြည့်လွှဲလိုက်သည်။
“အပေါ်မှာ ဘာရှိလို့လဲ။”
“မရှိပါဘူး။ ဒီအတိုင်း... တွေးနေတာပါ။”
“ဘာတွေများ တွေးနေတာလဲ။”
သူ အနားကို တိုးကပ်လာတော့ သူနှင့် မျက်လုံးချင်းဆုံသွားပြီး ယူဂျင်းလည်း စကားမပြောနိုင်တော့ချေ။ ခဏလောက် ခေါင်းထဲတွင် ဗလာဖြစ်သွားရာက သူ့မေးခွန်းကို ဖြေဖို့မလိုအပ်မှန်း သဘောပေါက်သွားတော့သည်။
ယူဂျင်းက ခါဆယ်ရ်၏ရင်ဘတ်ကို ဖွဖွလေး ပုတ်ကာ နောက်ရွှတ်ရွှတ်နှင့် တွန်းဖယ်လိုက်၏။ ခါဆယ်ရ်က ယူဂျင်းကို လွှတ်ပေးလိုက်ကာ နောက်ဆုတ်၍ လမ်းကြောင်းပြောင်းပြီး ယူဂျင်း၏ဘေးတွင် ရပ်လိုက်သည်။
“လန့်သွားတယ်လေရှင့်။”
“ဘယ်သွားမလို့လဲ။”
“ဘယ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားနေတာ မဟုတ်ပါဘူး။ သမားတော်ခိုင်းတဲ့အတိုင်း လမ်းလျှောက်နေတာပါ။ အရှင်မင်းကြီးကရော ဘယ်သွားမလို့ပါလဲ။”
“ငါလည်း လမ်းလျှောက်နေတာ။”
“အရှင်မင်းကြီးက ဘာဖြစ်လို့လဲရှင့်။”
“လမ်းလျှောက်ဖို့အတွက် အကြောင်းပြချက်မလိုဘူးလေ။”
ဘုရင်နှင့်မိဖုရား အနောက်မှ လိုက်ပါလာကြသော ရံရွေတော်များနှင့် အပါးတော်မြဲများ၏ ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးလာရာမှ အထိန်းတော်ချုပ်၏ အရိပ်အခြည်ပြမှုနှင့်အတူ လုံးဝ ရပ်တန့်သွားတော့သည်။ မှောင်မိုက်သော စင်္ကြံလမ်း၏ တစ်ဖက်တွင် သူတို့နှစ်ဦး၏ နောက်ကျောပုံရိပ်များ ဝေးကွာသွားသည်နှင့်အမျှ သူတို့ ပြောဆိုနေကြသော စကားသံများကလည်း ပိုပြီးတိုးတိတ်သွားတော့၏။
အထိန်းတော်ချုပ်က ဝမ်းသာကြည်နူးနေသော မျက်နှာနှင့် ကြည့်နေရာမှ ခေါင်းကို လှည့်လိုက်သည်။ သူတို့အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည့် ရဲတိုက်အမှုထမ်းများလည်း ပျာယာခတ်သွားသော မျက်နှာများဖြင့် ခေါင်းကိုအမြန်ငုံ့လိုက်ကြ၏။
အထိန်းတော်ချုပ်က စုတ်တစ်ချက်သပ်လိုက်လေသည်။
“မြင်ရင်တောင် မမြင်သလို၊ ကြားရင်တောင် မကြားသလိုနေကြ။ နားလည်လား။”
“ဟုတ်ကဲ့၊ မှတ်သားပြီး လိုက်နာပါ့မယ်။”
အထိန်းတော်ချုပ်လည်း လက်ရိပ်လက်ကဲဖြင့် ပြန်ကြရန်အချက်ပြလိုက်သည်။ ရဲတိုက်အမှုထမ်းများလည်း လာရာလမ်းအတိုင်းပြန်လှည့်ကာ တိတ်တဆိတ် လှုပ်ရှားခဲ့ကြ၏။
ခွင့်ပြုချက်မရှိဘဲ ဘုရင်မင်းမြတ်၏ အမှုထမ်းများကို ထိန်းချုပ်ခြင်းမှာ ရိုင်းပျသည့်လုပ်ရပ်ဖြစ်သော်လည်း အထိန်းတော်ချုပ်ကတော့ စိတ်မပူခဲ့။ ဘုရင်မင်းမြတ်က ဤသို့သောကိစ္စမျိုးအတွက် ဆူပူမာန်မဲမည်မဟုတ်ဟု ယုံကြည်၏။
~~~~
ယူဂျင်းတစ်ယောက် အနောက်တွင် ဘယ်သူမှ လိုက်မလာမှန်း နောက်ကျမှ သတိထားမိသွားခဲ့သည်။ လူရိပ်ပင် မမြင်ရတော့။
“ကျွန်မတို့ ခြေလှမ်းတွေ အရမ်းမြန်သွားလားမသိဘူးရှင့်။”
ခါဆယ်ရ်ကတော့ ဘယ်သူမှ လိုက်မလာမှန်း စောစောကတည်းက သိသော်လည်း မသိဟန်ဆောင်နေခဲ့၏။
“ပြန်ခေါ်လိုက်ရမလား။”
“မခေါ်ပါနဲ့။ တကယ်လည်း မလိုအပ်တာကို။ အရှင်မင်းကြီးကရော အနောက်ကနေ လူတွေ လိုက်နေတာကို စိတ်အနှောင့်အယှက် မဖြစ်ဘူးလားရှင့်။”
“တစ်ခုခုခိုင်းစရာရှိရင် ချက်ချင်းခေါ်လို့ရတော့ အဆင်ပြေတယ်လေ။”
‘လူတွေကို အသုံးချဖို့ဆိုတာ နဂိုကတည်းက တော်ဝင်မျိုးနွယ်တွေအတွက် သဘာဝပဲထင်ပါရဲ့။ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာပဲဖြစ်ရမယ်။’
“အခုအထိ မသက်မသာဖြစ်နေတုန်းပဲလား။”
“မသက်မသာဖြစ်ရတဲ့အဆင့်တော့ မဟုတ်ပါဘူး။ အရင်ကထက်တော့ ပိုရင်းနှီးလာပါပြီ။”
“အဲ့ဒါကို မေးနေတာမဟုတ်ဘူး။ ဗိုက်ထဲက ဘယ်လိုနေသေးလဲလို့ မေးနေတာ။”
“အာ...အဆင်ပြေပါတယ်။”
ယူဂျင်းတစ်ယောက် စောစောက နေမကောင်းဟန်ဆောင်ခဲ့မိသည့်အတွက် အပြစ်ရှိသလို ခံစားရသဖြင့် ထပ်ပြန်တလဲလဲ ထပ်ပြောလိုက်သည်။
“တကယ်ကို လုံးဝ အဆင်ပြေတာပါ။ ဗိုက်ထဲမှာလည်းအဆင်ပြေပြီး ဘာမှမဖြစ်ပါဘူး။”
လျှောက်လာရင်း စင်္ကြံလမ်းအဆုံးသို့ ရောက်လာတော့သည်။ နှစ်ယောက်သား စင်္ကြံလမ်းအဆုံးမှ ဘယ်ဘက်သို့ ချိုးလိုက်တော့ လှေကားနှင့်ဆက်ထားသောအကွေ့ဆီ ရောက်သွား၏။ အကွေ့ နံရံက လုံးဝပိတ်ထားခြင်းမျိုးမဟုတ်ဘဲ လူတစ်ကိုယ်စာလောက် ရှည်သော ပြတင်းပေါက်များ တပ်ဆင်ထားလျက်ရှိသည်။
ပြတင်းပေါက်က ဖွင့်ပိတ်၍ရသော ပုံစံပင်။ အပြင်ဘက်သို့ အနည်းငယ်ထွက်နေသဖြင့် လသာဆောင်အသေးစားလေးနှင့်တူ၏။ ဤသို့သော ပြတင်းပေါက်များ ရဲတိုက်၏ နေရာအနှံ့အပြားတွင် ရှိပေသည်။
ပြတင်းပေါက်မှတစ်ဆင့် လရောင်က တိုးဝင်ဖြာကျလျက်ရှိ၏။ ယူဂျင်းလည်း ပြတင်းပေါက်အနားသို့ တိုးသွားကာ အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
‘အနီရောင် လ...’
ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် အနည်းငယ် ပြောင်းလဲတတ်သော လဖြစ်သော်လည်း လရောင်ကတော့ နီရဲမနေပေ။ လက်နှင့် အသာလေးတွန်းလိုက်မိသည့် ပြတင်းပေါက်က အားပင်မစိုက်ရဘဲ ပွင့်သွားသည်တွင် ယူဂျင်းလည်း လန့်ပြီး နောက်ဆုတ်လိုက်မိ၏။
“ပွင့်နေတာပဲ။”
“ထိန်းသိမ်းမှု ပေါ့လျော့လိုက်တာ။”
ယူဂျင်းက အဆောတလျင် ဆင်ခြေပေးလိုက်သည်။
“ကျွန်မကြောင့် ဖြစ်မှာပါ။ ဒီနေ့ ပြတင်းပေါက်တွေ အကြီးအကျယ် သန့်ရှင်းရေးလုပ်မယ်လို့ ကြားတယ်ရှင့်။ ဒါပေမဲ့ ညနေကျတော့ ကျွန်မ နေမကောင်းဖြစ်လို့ ပွက်လောရိုက်သွားတယ်မဟုတ်လား။ အဲ့ဒါကြောင့် နောက်ဆုံးစစ်ဆေးဖို့ လွတ်သွားတာဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် သွားမဆူလိုက်ပါနဲ့နော်။”
သူ၏ နေမကောင်းဟန်ဆောင်မှုကြောင့် အလုပ်အများကြီး ပိုသွားခဲ့ရသည့် ရဲတိုက်အမှုထမ်းများက ဘုရင်မင်းမြတ်၏ ဆူပူကြိမ်းမောင်းမှုကိုပါ ခံရမည်ဆိုလျှင် တကယ်ပင် အားနာရပေမည်။
ခါဆယ်ရ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
“မင်းကြောင့်ရယ်လို့တော့ ပြောလို့မရပေမဲ့ ငါဝင်စွက်ဖက်ရမဲ့ကိစ္စ မဟုတ်ဘူး။ စီမံခန့်ခွဲမဲ့သူက မင်းပဲမို့လို့။”
“အာ...”
ယူဂျင်းက အရှေ့ကို ပြန်ကြည့်လိုက်သည်။ ကြီးမားလှသော ဤရဲတိုက်၏ အရေးကိစ္စများကို တကယ်ပဲ သူ စီမံခန့်ခွဲရတော့မည်လား။ နည်းနည်းလေး ကြောက်သလိုလိုရှိသော်လည်း ပျော်ရွှင်သည့်ခံစားချက်မျိုး ခံစားရ၏။
ယူဂျင်းက အနည်းငယ်ပွင့်သွားသည့် ပြတင်းပေါက်ကို လက်နှင့်တွန်းကာ အကျယ်ကြီး ဖွင့်လိုက်သည်။ ဤသို့သောဖွဲ့စည်းပုံမျိုးရှိသည့် ပြတင်းပေါက်ကို ဖြတ်သန်းပြီး အပြင်ဘက်ထွက်သွားကြည့်ချင်သည်ဟု အရင်ကတည်းက တွေးခဲ့ဖူး၏။
ပတ်ဝန်းကျင်တွင် ဘယ်သူမှရှိမနေခဲ့လျှင် လုပ်မိလောက်ပေသည်။ သို့သော် အနောက်မှ လိုက်ပါလာတတ်သော ရံရွေတော်များကြောင့် ထူးဆန်းတာတွေလုပ်ပါတယ်ဟု ကောလာဟလ ထွက်လာမည်ကိုတော့ မလိုချင်ပေ။
ယူဂျင်းက ခါဆယ်ရ်ကို လှည့်ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ထားသော်လည်း ဘာမှမပြောဘဲ ရပ်နေသဖြင့် ယူဂျင်းလည်း ပြတင်းပေါက်မှ ရဲရဲဝံ့ဝံ့ ထွက်သွားလိုက်၏။ အပြင်ဘက်သို့ ထွက်နေသောနေရာလေးက အတော်လေးကျယ်ပြီး လက်ရန်းလည်းရှိသဖြင့် မကြောက်မိပေ။
ယူဂျင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ ခါဆယ်ရ် ခုန်ချခဲ့သည့် ဧည့်ခန်းဆောင်အမြင့်နှင့် အတူတူလောက်၊ မဟုတ်လည်း နည်းနည်းပိုမြင့်မည့်ပုံပင်။ သူ့ဘေးတွင် ခါဆယ်ရ်က လာရပ်ခဲ့သည်။
“အရှင်မင်းကြီး။ ဒီနေရာကို ထွက်လာဖူးလားရှင့်။”
“မထွက်ဖူးဘူး။”
“ငယ်ငယ်တုန်းကရော။”
“ငယ်ငယ်တုန်းက ဘာဖြစ်လို့လဲ။”
“ကလေးဘဝမှာ စွန့်စားချင်စိတ်တွေ ပြည့်နေတတ်တာကြောင့်လေ။ စူးစမ်းချင်စိတ်လည်းများပြီး ဘယ်နေရာမဆို သွားချင်တယ်မဟုတ်လားရှင့်။ အထူးသဖြင့် ဒီလို အန္တရာယ်ရှိတယ်လို့ ထင်ရတဲ့နေရာမျိုးကိုပေါ့။”
“မင်းကရော လုပ်ခဲ့လို့လား။”
ယူဂျင်းတစ်ယောက် အမှတ်တမဲ့ ပြန်ဖြေရန်ပြင်လိုက်ရာမှ နောက်ကျောတွင် ချွေးစေးပြန်လာတော့သည်။
“မမှတ်မိလို့ မသိပါဘူး။”
အမှားလုပ်မိတော့မလို့။
ယူဂျင်းက ခါဆယ်ရ်၏ မျက်နှာထားကို အသာလေး အကဲခတ်လိုက်သည်။ သူ့မျက်နှာထားအရ တမင်ရည်ရွယ်ပြီးမေးသည့် မေးခွန်းပဲလားမသိပေ။
“ရုတ်တရက် မြင့်တဲ့နေရာကနေ ခုန်ချရင်လည်း ဘာမှမထိခိုက်ဘူးလားရှင့်။”
“ပရာ့ဂ်ျက သူ့အလိုလို တုံ့ပြန်လိမ့်မယ်။”
“အမြင့်က ဘယ်လောက်အတိုင်းအတာအထိ ရလဲဟင်။ တခြားလူတွေနဲ့ အတူခုန်ချလို့ရော ရလားရှင့်။”
“ငါ မင်းမျက်စိရှေ့မှာ ခုန်ချခဲ့တာကို အဲ့ဒီလောက်တောင် သဘောကျသွားတာလား။”
“ဒီလိုမေးခွန်းမျိုးက....စိတ်ကသိကအောက်ဖြစ်ရလို့လားဟင်။”
ခါဆယ်ရ်က ခဏလောက် စဉ်းစားပြီး ခေါင်းခါလိုက်သည်။ ယခုအချိန်အထိ ပရာ့ဂ်ျကို အသုံးပြုသော သူ၏စွမ်းရည်ကို အံ့ဩစရာကောင်းသည့် အရည်အချင်းတစ်ခုကဲ့သို့ ပြောဖူးသူမရှိပေ။
မိဖုရား၏ မေးခွန်းက အစိမ်းသက်သက်ဖြစ်နေသော်လည်း ဘာရည်ရွယ်ချက်မှမပါသဖြင့် စိတ်မဆိုးမိ။
“မဆန့်ကျင်လောက်ဘူးလား။”
“ကျွန်မကလား။ ဘယ်ဟာကိုပြောတာလဲရှင့်။”
“ဒါကိုလည်း မင်းမှတ်မိမှာမဟုတ်ဘူး။ ပရာ့ဂျ်နဲ့ ရာမီတာက ရေနဲ့ဆီလိုပဲ။ ထိခိုက်ခံစားလွယ်တဲ့ အာနီခါတွေက ဘုရင်တွေရဲ့ ပရာ့ဂျ်ကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တာ။ ဘုရင်က အနားလာတာနဲ့ကို လန့်ပြီးထွက်ပြေးတဲ့ အာနီခါလည်း ရှိတယ်။”
“တကယ်လားဟင်။”
‘ဒါက ပထမဆုံးအကြိမ် ကြားဖူးတာပဲ။’
မသိသော အချက်အလက်များက အရမ်းများလွန်းသဖြင့် ယခု လက်လျှော့ချင်စိတ် တစ်ဝက်လောက်ဝင်လာသလိုပင်။
‘ငါက ဘယ်လိုလုပ်ပြီး ဒါကိုမသိရတာလဲ’ ဟူသော အတွေးမှ ‘အာ၊ မသိခဲ့ဘူးပဲ၊ မှတ်ထားလိုက်မယ်’ ဟူသောဘက်သို့ အတွေးကို ပြောင်းလိုက်တော့ စိတ်က ပို၍သက်သောင့်သက်သာ ဖြစ်လာ၏။
~~~~
Miel's Translations