no

Font
Theme

အပိုင်း ၉၁

ယူဂျင်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

“ဘာကိစ္စလဲဆိုတာသိရင် နင်က ဖြေရှင်းပေးနိုင်မှာမို့လို့လား။”

“ဒါ...ဒါပေမဲ့ သူတော်စင်အရှင်မ။ အဲ့ဒီကလေး ဘာပဲလုပ်လုပ် အားလုံးက သူတော်စင်အရှင်မအပေါ် သစ္စာစောင့်သိမှုနဲ့…”

“ပါးစပ်ပိတ်ထား။ နင်က ငါ့ကို စိတ်ပျက်အောင်လုပ်ခဲ့တာ။”

ရိုဒရစ်ဂ်လည်း ပါးစောင်ကို တင်းတင်းကိုက်ကာ ဒေါသကို မျိုချပြီးနောက် ဦးခေါင်းကို နက်နက်ရှိုင်းရှိုင်း ညွှတ်လိုက်သည်။ ယခင်အတွေ့အကြုံများအရ အကြောင်းမဲ့ အပြစ်တင်ခံရသည့်တိုင် သူတော်စင်အရှင်မကို ရိုရိုကျိုးကျိုး တောင်းပန်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း သိထား၏။

“ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုးရဲ့ ကြိုးပမ်းအားထုတ်မှုက သူတော်စင်အရှင်မရဲ့ မျှော်လင့်ချက်ကို မမီခဲ့ပါဘူး။”

ယူဂျင်း၏ မျက်စိရှေ့တွင် မှတ်ဉာဏ်အသစ်တစ်ခု ပေါ်လာသည်။ ယခုလိုပင် ရိုဒရစ်ဂ်က နှာခေါင်းနှင့် ကြမ်းပြင်ထိလုမတတ် ရှက်ဖွယ်ကောင်းသော အမူအရာဖြင့် တောင်းပန်နေသောမြင်ကွင်းပင်။

[အသုံးမကျတဲ့ကောင်။]

ဂျင်က စူးရှသောအသံဖြင့် အော်ပြောလိုက်တော့ ရိုဒရစ်ဂ်က ခါးကိုကိုင်း၍ ဝပ်တွားသွား၏။

[သူတော်စင်အရှင်မ။ ခဏလေးပဲ စောင့်ဆိုင်းပေးတော်မူပါ။ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးပမ်းပြီး စုံစမ်းနေပါတယ်။]

[ခဏလေးပဲ၊ ခဏလေးပဲနဲ့။ ငါ့ကို အဲ့ဒီလို စကားတွေ နားထောင်ဖို့ ဒီအထိ လာခဲ့တယ်များ မှတ်နေတာလား။ နင် ပစ္စည်းယူလာနိုင်မယ်လို့အာမခံပြီး ပြောခဲ့တာ အခု နှစ်လတောင်ကျော်သွားပြီလေ။]

[သူတော်စင်အရှင်မ။ ဒါက တကယ့်ကို ရင်းမြစ်အတိအကျသိဖို့ ခက်ခဲတဲ့ပစ္စည်းမို့လို့…]

[ဆင်ခြေတွေ မလိုချင်ဘူး။ ဆယ်ရက်။ အဲ့ဒီထက် ပိုပြီး မစောင့်နိုင်ဘူး။]

မှတ်ဉာဏ်ထဲမှ ဂျင်၏အသံမှာ အင်မတန် စိတ်လှုပ်ရှားကာ ဒေါသထွက်နေပုံပင်။ ဂျင်တစ်ယောက် ရိုဒရစ်ဂ်ကို စိတ်ရင်းအမှန်ဖြင့် ဒေါသထွက်နေခြင်းဖြစ်မည်ဟု ယူဂျင်း မှန်းဆလိုက်သည်။

‘အဲ့ဒီပစ္စည်းက ဘာများပါလဲ။ ရှေးဟောင်းစာအုပ်များလား။’

ဂျင်က ရိုဒရစ်ဂ်နှင့် ပထမဆုံး တွေ့ဆုံချိန်ကတည်းကပင် သတင်းပေး 'ကေ့ဂ်ျ' အဖြစ် သူ၏ စွမ်းဆောင်ရည်ကို ထုတ်ပြောခဲ့သည်။ ယူဂျင်း ထင်ထားသည့်ဘက်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။ ဆန်းကြယ်သော အယူအဆတစ်ခု ရုတ်တရက် ပေါ်လာသဖြင့် ယူဂျင်း အံ့သြသွားမိသည်။ ဂျင် ရိုဒရစ်ဂ်နှင့် တွေ့ဆုံရသည့် အဓိကရည်ရွယ်ချက်မှာ ရှေးဟောင်းစာအုပ်များ စုဆောင်းရန်ဖြစ်သည့်ပုံပင်။

'မဟုတ်မှ။ အဲ့ဒီစာအုပ်အတွက်ကြောင့်ပဲ အစွန်းရောက်ဂိုဏ်းနဲ့ ဆက်သွယ်ပြီး ငွေတွေပေး၊ သူတော်စင်အရှင်မဆိုပြီး နာမည်ခံရမဲ့ အန္တရာယ်ကိုတောင် ရင်ဆိုင်ခဲ့တာပေါ့လေ။'

ရိုဒရစ်ဂ်နှင့် မတွေ့ဆုံမီ ယူဂျင်းက မေးမြန်းလိုသည့် အဖြေများကို ကြားရစေရန် မည်သို့ မေးခွန်းထုတ်ရမလဲဟု စဉ်းစားကာ ရုန်းကန်ခဲ့ရသည်။

အထောက်အထားများစွာ ဖန်တီးထားရလောက်သည်အထိ သတိကြီးသော ရိုဒရစ်ဂ်က တစ်ခုခု ထူးခြားသည်ဟု အနံ့ခံမိသည်နှင့် ချက်ချင်း ပါးစပ်ပိတ်သွားမည်မှာ သေချာ၏။

"နင့်အတွက် အကြာကြီး အချိန်ပေးရလောက်အောင် ငါ့မှာ အချိန်မရှိဘူး။ အလောတကြီး ငါ့ကို တွေ့ချင်ရတဲ့ အကြောင်းရင်းကိုပြော။”

ယူဂျင်းက ရိုဒရစ်ဂ် ပူပန်ကြောင့်ကြစေရန် ချက်ချင်း ထွက်ခွာတော့မည့်ပုံစံဖြင့် ပြောလိုက်သည်။ ယင်းမှာ ရိုဒရစ်ဂ်နှင့် တွေ့ဆုံရန်အတွက် ယူဂျင်း စီမံထားသော နည်းလမ်းများထဲမှတစ်ခုပင်။

“သူတော်စင်အရှင်မ။ ကျွန်တော်မျိုး သူတော်စင်အရှင်မကို ဆက်သဖို့ လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်။ သစ္စာစောင့်သိစိတ်နဲ့ ပြင်ဆင်ထားတဲ့ သဘောတွေ့ ကျေနပ်လောက်စရာပစ္စည်းမို့လို့ လက်ခံပေးတော်မူပါ။”

ယူဂျင်း၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာသည်။

‘ဒေါသထွက်နေတဲ့သူကိုပေးတဲ့ လာဘ်ထိုးပစ္စည်းဆိုတော့…’

ရိုဒရစ်ဂ်က ဤအခြေအနေမျိုးတွင် စွန့်စားလုပ်ဆောင်မည် မဟုတ်ပေ။ ကျိန်းသေပေါက် အတိတ်က ဂျင်အား ပေးခဲ့ဖူးပြီး အကျိုးသက်ရောက်မှု ရှိခဲ့ဖူးသည့် လက်ဆောင်ဖြစ်ပေမည်။

ရိုဒရစ်ဂ်က ယူဂျင်း၏ မျက်နှာထားကို အကဲခတ်ရင်း ခေါင်းထောင်လိုက်သည်။ ယူဂျင်းက ဘာစကားမှမပြောဘဲ စိုက်ကြည့်နေတော့ သူ၏လက်ဆောင်က အလုပ်ဖြစ်သွားပြီဟုထင်ကာ ကိုယ်ကိုလှည့်ပြီး စားပွဲဆီသို့ သွားလေ၏။ သူက ယူဂျင်း ကောင်းစွာမြင်ရမည့်ဘက်သို့ဦးတည်ကာ စားပွဲပေါ်ရှိ ပစ္စည်းကို ပတ်ထားသော သားရေကို ဖြန့်လိုက်သည်။

အတွင်းမှ ထွက်ပေါ်လာသည်က ဟောင်းနွမ်းနေသော သားရေဖုံးနှင့် ရောင်စုံကျောက်မျက်ငယ်များဖြင့် အလှဆင်ထားသည့် စာအုပ်တစ်အုပ်ပင်။

'ထင်တဲ့အတိုင်း တကယ် ရှေးဟောင်းစာအုပ် ဖြစ်နေတာပဲ။'

ယူဂျင်းက ထိုရှေးဟောင်းစာအုပ်ကို စိုက်ကြည့်နေသည်။ ရိုဒရစ်ဂ်က ရှေးဟောင်းစာအုပ်များကို ရှာဖွေနိုင်မည့် သတင်းအချက်အလက်များကိုသာမက ရံဖန်ရံခါတွင် စာအုပ်များကိုပါ ကိုယ်တိုင်ပေးတတ်ပုံပင်။ စိတ်ထဲတွင် အတွေးများရှုပ်ထွေးနေသော ယူဂျင်း၏ တုံ့ပြန်မှုကို ရိုဒရစ်ဂ်က လက်ဆောင်ရ၍ မိဖုရား အမျက်ပြေသွားပြီဟု တွေးလိုက်၏။

“သူတော်စင်အရှင်မ အဲ့ဒီလောက်တောင် ရှာဖွေနေခဲ့တဲ့ ပစ္စည်းပါပဲ။ အထဲမှာ ပုံသေနည်းတွေ အတော်များများ စုစည်းထားပါတယ်။”

‘ဘာ’

ယူဂျင်း၏ လက်ဖျားလေးများ တုန်ယင်သွားတော့သည်။ မသိစိတ်ဖြင့်ပင် အံ့အားသင့်သွားသည့် အမူအရာကို မပြမိစေရန် မျက်နှာထားကို ပို၍တင်းမာအောင် ထိန်းချုပ်လိုက်၏။

‘ပုံသေနည်းတွေတဲ့။ ဂျင် ရှေးဟောင်းစာအုပ်တွေ စုဆောင်းရတဲ့ အကြောင်းရင်းက ပုံသေနည်းတွေကြောင့်များလား။’

“ကောင်းကောင်းလုပ်ခဲ့တာပဲ။”

ယူဂျင်းက အေးစက်စက်အသံဖြင့် ချီးကျူးပြီးနောက် မော်လီအား သိမ်းဆည်းရန် ညွှန်ကြားလိုက်သည်။

‘ကောင်းတဲ့ သဲလွန်စတစ်ခုတော့ ရလိုက်ပြီ။’

ဤရှေးဟောင်းစာအုပ်တစ်ခုတည်းနှင့်တင် ဒီအထိ လာရကျိုးနပ်ပေသည်။

မော်လီက ရှေးဟောင်းစာအုပ်ကို သားရေဖြင့် သေချာထပ်ပတ်ပြီး ကြိုးချည်နေစဉ် ရိုဒရစ်ဂ်က လက်နှစ်ဖက်ကို စုစည်းထားကာ သတိထား၍ ပြောလာ၏။

“သူတော်စင်အရှင်မ။ တခြား တန်ဖိုးကြီးပစ္စည်းတစ်ခုရှိတယ်ဆိုတဲ့ သတင်းကို ကျွန်တော်မျိုး ရရှိထားပါတယ်… ဒါပေမဲ့ လူအများကြီးကိုကျော်ပြီး သတင်းအချက်အလက် စုဆောင်းရမှာမို့လို့…”

ငွေကြေးလိုအပ်နေသည့် အရိပ်အယောင်ကို ယူဂျင်း ကောင်းစွာ နားလည်သဘောပေါက်လိုက်သည်။ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။

‘ငွေပြတ်နေလို့ အလျင်လိုနေတာကိုး။’

ရိုဒရစ်ဂ် တွေ့ဆုံမည့်ရက်ကို ရှေ့တိုးခဲ့သည့် အကြောင်းရင်းများထဲတွင် ငွေကြေးပြဿနာတစ်ခု အပါအဝင်ဖြစ်မည်ဟု ခါဆယ်ရ်နှင့် ယူဂျင်းတို့ ထင်ထားခဲ့သည်။ ယူဂျင်းက ‘တကယ် အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့ကောင်ပဲ’ ဟု ရိုဒရစ်ဂ်ကို အပြစ်တင်သောအခါ ခါဆယ်ရ်က ပြောခဲ့၏။

“စည်းစိမ်ဥစ္စာ လိုချင်သူကို စည်းစိမ်ဥစ္စာလောက် မျက်စိကန်းစေနိုင်တာမရှိဘူး။”

သူက ရိုဒရစ်ဂ် ငွေတောင်းလျှင် ပေးလိုက်ပါဟုဆိုကာ ယူဂျင်းအား ကျောက်မျက်ရတနာများ ပေးခဲ့သည်။

ယူဂျင်းလည်း စားပွဲပေါ်တင်ထားသော ခြင်းတောင်း၏ အဖုံးအဝတ်စကြားသို့ လက်ကို ထိုးသွင်းလိုက်၏။ နူးညံ့သော အာဘူ၏ အမွေးလေးများကို လက်ဖြင့်ထိမိတော့ အမှတ်တမဲ့ ထွက်ပေါ်လာအံ့ဆဲဆဲ ရယ်သံကို အောင့်အီးထားလိုက်ရသည်။ သူက ခြင်းထောင့်တွင်ရှိသော ကျောက်မျက်ရတနာအိတ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ ပစ်ချလိုက်၏။

အိတ်အတွင်း၌ ကျောက်မျက်ရတနာ အတော်အတန် ပါဝင်သော်လည်း ယင်းက ရိုဒရစ်ဂ်ကို ထောင်ဖမ်းနိုင်မည့် မက်လုံးတစ်ခု ဖြစ်လာမည်ကို သိထားသောကြောင့် နှမြောတသခြင်းမရှိပေ။

“လတ်တလောတော့ အခက်အခဲရှိတော့မှာမဟုတ်ဘူး။”

“သူတော်စင်အရှင်မ အစွန်းရောက်ဂိုဏ်းကို ပေးကမ်းစွန့်ကြဲခဲ့တဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။”

ပိုပိုကဲကဲ ဦးညွှတ်အရိုအသေပေးနေသော ရိုဒရစ်ဂ်၏ အမူအရာက စိတ်ရင်းမှန်ဟု ထင်ဖွယ်ရာရှိ၏။

‘ဒီကမ္ဘာပဲဖြစ်ဖြစ်၊ ဟိုကမ္ဘာပဲဖြစ်ဖြစ် ငွေသာလျှင် အခရာပါလား။’

ယူဂျင်းတစ်ယောက် ရယ်စရာကောင်းသည်ဟု ခံစားမိသည်။ သူ နေရာမှထရပ်လိုက်တော့ ရိုဒရစ်ဂ်လည်း စိုးရိမ်တကြီး ဖြစ်သွားတော့၏။

“သူတော်စင်အရှင်မ။ ခဏလောက်လေး အချိန်ထပ်ပေးပါဦး။”

“ကြာကြာနေလို့ မဖြစ်ဘူး။”

ယူဂျင်းက ရိုဒရစ်ဂ်၏အရှေ့မှ ဖြတ်လျှောက်သွားခဲ့သည်။

"လိုရင်းပဲ ပြော။ အချိန်မရှိဘူး၊ အရေးကြီးတာပဲ ပြော။"

အတတ်နိုင်ဆုံး ရိုဒရစ်ဂ်နှင့် စကားများများ မပြောမိစေရန် ရှောင်ရှားခဲ့သည်။ စကားဝိုင်းရှည်လာလျှင် ရိုဒရစ်ဂ်ကဲ့သို့ သံသယများသူက ထူးခြားမှုကို ချက်ချင်း ခံစားမိပေလိမ့်မည်။

“နောက်ထပ် အခမ်းအနားနေ့ကို သတ်မှတ်လိုက်ပါပြီ၊ သူတော်စင်အရှင်မ။”

ယူဂျင်း၏ ခြေလှမ်း ရပ်တန့်သွားသည်။ သူက အသက်ကို တစ်ချက်ရှူသွင်းပြီးနောက် ရိုဒရစ်ဂ်ကို ပြန်လှည့်ကြည့်လိုက်၏။ ခေါင်းငုံ့ထားသော ရိုဒရစ်ဂ်က သူ့မျက်နှာထားကို အသေးစိတ် ကြည့်ရှုနိုင်ခြေ နည်းပေသည်။ သို့သော်လည်း ယူဂျင်းက သွားကိုတင်းတင်းစေ့ကာ တင်းမာသော မျက်နှာထားကို ထိန်းထားဆဲပင်။

“နောက်ထပ် ခြောက်သွေ့ရာသီနဲ့ အဲ့ဒီနောက်ပိုင်း ရုန်းကန်လှုပ်ရှားရတဲ့ရာသီ မကုန်ခင် စပ်ကြားကာလမှာလုပ်မဲ့ အခမ်းအနားနေ့မှာ သူတော်စင်အရှင်မကို ခေါ်ဆောင်လာပြီး အစွန်းရောက်ဂိုဏ်းထဲမှာ သူတော်စင်အရှင်မရဲ့ မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ကို လူသိရှင်ကြား ကြေညာသွားပါမယ်။ အဲ့ဒါအပြင် သူတော်စင်အရှင်မ အလိုရှိတဲ့အခါတိုင်း အထွတ်အမြတ်ဘုန်းတော်ကြီးကိုယ်တိုင် သူတော်စင်အရှင်မနဲ့ တွေ့ဆုံမယ်လို့ မိန့်ကြားထားပါတယ်။”

~~~~

ယူဂျင်းနှင့် မော်လီတို့ ရင်ပြင်မှ လုံးဝ ထွက်ခွာ၍ လမ်းကြားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားချိန်တွင် တပ်သားများ ရင်ပြင်သို့ စုပြုံရောက်ရှိလာကာ လူတို့ကို စတင်မောင်းထုတ်ကြလေသည်။

“ဆီအိုးစစ်ဆေးရေး လုပ်ငန်းကြောင့် ရင်ပြင်ကို ထိန်းချုပ်ထားပါတယ်။”

“ရင်ပြင်ကို ရှင်းရမှာမို့လို့ အားလုံး နေရာဖယ်ပေးကြပါ။”

ကြီးကြပ်ကွပ်ကဲသူ၏ ဦးဆောင်မှုအောက်တွင် တပ်သားများက ရင်ပြင်အနှံ့အပြားသို့ ဖြန့်ကြက်သွားကာ လမ်းလျှောက်ထွက် အနားယူနေသူများကို ရင်ပြင်အပြင်သို့ ထွက်ခွာစေခဲ့ကြသည်။ ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်းတွင် ရင်ပြင်က နေဝင်ပြီးနောက်ပိုင်းမှ သန်းခေါင်ယံနီးပါးအထိ စည်ကားလေ့ရှိ၏။ အပန်းဖြေအနားယူနေကြသူများလည်း ရုတ်တရက် မောင်းထုတ်ခံရသဖြင့် မကျေမနပ်ဖြစ်ကာ တီးတိုးတီးတိုးရေရွတ်ကြလေသည်။

“ဘာလို့ ထွက်သွားခိုင်းရတာလဲ။”

“ဆီအိုးတွေ စစ်ဆေးမလို့တဲ့။”

“ဆီအိုး စစ်ဆေးရေးက ခြောက်သွေ့ရာသီ စပြီးတော့မှ လုပ်တာမဟုတ်ဘူးလား။”

“မပြောတတ်ဘူး၊ နောက်နှစ်ရက်ဆို ခြောက်သွေ့ရာသီ စတော့မှာဆိုတော့ ဒီတစ်ခါ စောပြီးလုပ်တာဖြစ်မယ်ထင်တယ်။”

ရင်ပြင်၏ အစွန်းပတ်လည်တွင် လာ့ခ်အမဲလိုက်ရန်အတွက် ဆီအိုးများကို မြှုပ်နှံထားသည်။ ရုန်းကန်လှုပ်ရှားရသည့်ရာသီအတွက် ကြိုတင်ပြင်ဆင်ရန် ဆီအိုးစစ်ဆေးခြင်းမှာ လုံးဝ ပေါ့ဆ၍မရသော လုပ်ငန်းစဉ်ပင်။ ဆီအိုးစစ်ဆေးမှုကို ရုန်းကန်လှုပ်ရှားရသည့်ရာသီ မစတင်မီနှင့် ရုန်းကန်လှုပ်ရှားရသည့်ရာသီ ပြီးဆုံးပြီးနောက်တွင် ချက်ချင်းဆောင်ရွက်လေ့ရှိသည်။

ရုတ်တရက်ဆန်သော်လည်း စစ်ဆေးမှု၏ အရေးပါမှုကိုသိနေကြသော လူတို့က တပ်သားများ၏ ထိန်းချုပ်မှုကို အသာတကြည် လိုက်နာခဲ့ကြ၏။ အချို့က လမ်းလျှောက်ထွက်ခွာသွားကြကာ အချို့က ရင်ပြင်အစွန်းတွင် ရပ်ထားသော မြင်းရထားများပေါ်သို့ တက်ကြသည်။ ဈေးတန်းအလား စည်ကားနေသော ကျယ်ပြန့်သည့် ရင်ပြင်လည်း မကြာမီမှာပင် ဗလာကျင်းသွားတော့၏။

မြင်းရထားအများစု ရင်ပြင်မှ ထွက်ခွာသွားသော်လည်း နောက်ဆုံးအထိ မထွက်ခွာသေးဘဲ ကျန်နေသည့် မြင်းရထားတစ်စီး ရှိနေသည်။ ထိုမြင်းရထားက ယူဂျင်းနှင့် မော်လီတို့ ရဲတိုက်အနီးမှ ဤနေရာအထိ စီးလာခဲ့သော မြင်းရထားပင်။

‘ဘယ်လိုလုပ်ရမလဲ။’

မြင်းရထားမောင်းသူလည်း စိုးရိမ်စိတ်ဝင်လာသည်။ သူက ခရီးသည်များကို စီးနင်းလာခဲ့သည့် နေရာသို့ ပြန်ပို့ပေးရန် သဘောတူထား၏။ သူတို့ ကိစ္စပြီးဆုံး၍ ပြန်လာသည်အထိ ဤနေရာတွင် မလှုပ်မယှက် စောင့်ဆိုင်းနေမည်ဟု ကတိပေးကာ မြင်းရထားခ မြိုးမြိုးမြက်မြက် ရရှိထားခဲ့ပြီး ပြန်ပို့ပြီးနောက်တွင်လည်း ထပ်မံရရှိပေဦးမည်။

မြင်းရထားမောင်းသူက ခေတ္တမျှ ပေတေနေကာ တပ်သားတစ်ဦးဦး တစ်စုံတစ်ရာ ပြောလာပါက အနီးအနားသို့ သင့်လျော်သလို ရွှေ့ပြောင်းရန် ဆိုင်းငံ့နေခဲ့သည်။ သို့ရာတွင် ရင်ပြင်အနှံ့အပြား၌ လူများနှင့် မြင်းရထားများကို ရှင်းလင်းနေကြသော တပ်သားများက မြင်းရထားမောင်းသူထံသို့ ချဉ်းကပ်မလာခဲ့ပေ။

‘ဒီနေရာက ထောင့်ကပ်နေတာဆိုတော့ ဒီအတိုင်းနေလည်း ရတာများလား။’

အနီးအနားမှ ဖြတ်သွားသော တပ်သားများကလည်း မြင်းရထားမောင်းသူနှင့် မြင်းရထားကို မမြင်ချင်ယောင် ဆောင်နေကြသည်။ မြင်းရထားမောင်းသူက စိတ်ထဲတွင် မတင်မကျဖြစ်နေသော်လည်း နက်နက်နဲနဲ စဉ်းစားမနေတော့။ နေရာမရွှေ့ရဘဲ ခရီးသည်ကို ဤနေရာမှာပင် ဆက်၍စောင့်နေချင်၏။

'နေရာမရွှေ့ဘဲ စောင့်နေရမယ်' ဟူသော အချက်ကို သူက စိတ်ပူနေခြင်းပင်။ အချို့သော မချေမငံ ဧည့်သည်များက အသေးအဖွဲကိစ္စလေးများနှင့် အပြစ်ရှာကာ မြင်းရထားခ အပြည့်အဝ မပေးချင်ကြပေ။

မြင်းရထားမောင်းသူလည်း မောင်းသူထိုင်ခုံမှာပင် ထိုင်ရင်း အလုပ်သမားများ အလုပ်လုပ်နေသည်ကို ငေးကြည့်နေခဲ့သည်။

အလုပ်သမားများက ရင်ပြင်၏ အစွန်အဖျားတစ်လျှောက်တွင် ကြီးမားသော စက်ဝိုင်းပုံစံအတိုင်း သူတို့ တာဝန်ကျနေရာများတွင် နေရာယူထားကြ၏။ သုံးယောက်တစ်ဖွဲ့ ဖွဲ့ထားသော အလုပ်သမားများက မြေကြီးထဲ မြှုပ်ထားသည့် သစ်သားသေတ္တာ၏ အဖုံးကိုဖွင့်ကာ အတွင်းထဲမှ ဆလင်ဒါပုံစံ ဖန်ပုလင်းများကို ဆွဲထုတ်ကြလေသည်။

‘ဟော... ဆီအိုးတွေက အဲ့ဒီလိုပုံစံမျိုး ဖြစ်နေတာကိုး။’

ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည့် မြင်ကွင်းကြောင့် စိတ်ဝင်စားနေသော ရထားမောင်းသူက မြင်းရထားပတ်လည်ကို ဝန်းရံလာသည့် လျှို့ဝှက်လှုပ်ရှားမှုများကို လုံးဝ သတိမထားမိလိုက်ပေ။

တဒေါက်ဒေါက် တံခါးခေါက်သံကြားမှ မြင်းရထားမောင်းသူလည်း ခေါင်းလှည့်လိုက်မိ၏။ ထိုအချိန်မှာပင် မြင်းရထားမောင်းသူ၏ အနောက်မှ အလျင်အမြန် ချဉ်းကပ်လာသော လူတစ်ယောက်က အဝတ်ရှည်တစ်ထည်နှင့် မြင်းရထားမောင်းသူ၏ ပါးစပ်ကို ပိတ်လိုက်လေသည်။

“ဘာ…..အစ်။”

အော်သံပင်မထွက်နိုင်ဘဲ ပါးစပ်ပိတ်သွားသည့် မြင်းရထားမောင်းသူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုက အပြည့်နေရာယူသွားတော့၏။ မျက်စိရှေ့တွင် ပေါ်လာသူက မြင်းရထားမောင်းသူ၏လက်ကို တုပ်နှောင်လိုက်သည်။

မြင်းရထားမောင်းသူလည်း တစ်ခဏအတွင်းမှာပင် အနိုင်ယူခံရကာ မောင်းသူထိုင်ခုံမှ မြေပြင်ပေါ်သို့ ဆွဲချခံလိုက်ရ၏။ အင်အားမသုံးနိုင်ဘဲ အချုပ်ခံလိုက်ရသည့် မြင်းရထားမောင်းသူကို ကြည့်နေသော စစ်သည်တော်များ၏ မျက်လုံးများက နူးညံ့သွားတော့သည်။ ကောင်းကောင်းမခုခံနိုင်သော မြင်းရထားမောင်းသူ၏ လှုပ်ရှားမှုများတွင် လေ့ကျင့်မှုရရှိထားသည့် အရိပ်အယောင် လုံးဝမတွေ့ရပေ။

‘ကယ်ပါဦး။ ကယ်ကြပါဦး။’

မြင်းရထားမောင်းသူက အနီးအနားတွင် အလုပ်လုပ်နေကြသော အလုပ်သမားများကို မျက်လုံးဖြင့် အကူအညီတောင်းလိုက်သည်။ မလှမ်းမကမ်းတွင် တပ်သားများလည်းရှိ၏။ သို့ရာတွင် ဘယ်သူမှ မြင်းရထားမောင်းသူကို လှည့်မကြည့်ကြပေ။

ရုတ်တရက် ကျရောက်လာသော ဘေးဆိုးကြောင့် မြင်းရထားမောင်းသူလည်း ဘာကိုမှ မစဉ်းစားနိုင်တော့။ ခဏအကြာတွင် တစ်ကိုယ်လုံး တုပ်နှောင်ခံလိုက်ရကာ မြေပြင်ပေါ်တွင် ဒူးထောက်ခိုင်းခြင်းခံရလေတော့သည်။

‘ဘာလဲ။ ဘာဖြစ်လို့လဲ။ ဘာလို့ ငါ့ကို ဒီလိုလုပ်ကြတာလဲ။’

ခေါင်းမော့ကြည့်ရန် ကြိုးစားခဲ့သော်လည်း မေးစေ့အောက်မှ ဖမ်းဆုပ်ထားသော လက်က အားနှင့် ဖိချထားလေသည်။ ခေါင်းကိုလိမ်ပြီး လှည့်ကြည့်လိုက်သည့် မြင်းရထားမောင်းသူလည်း ထိုလူ၏လက်ကို မြင်လိုက်ရတော့ မျက်လုံးအဝိုင်းသား ဖြစ်သွား၏။

‘စစ်သည်တော်လား…’

ပုလဲလုံးများသီထားသော သားရေလက်ပတ်ကို ထိုလူ၏ အင်္ကျီလက်ဖျားကြားတွင် မြင်နေရသည်။ ယင်းမှာ စစ်သည်တော်၏ သက်သေခံအထောက်အထားပင်။

‘စစ်သည်တော်က ဘာလို့လဲ။’

စိတ်သက်သာရာ ရသွားသလို ကြောက်ရွံ့မှုကိုလည်း ခံစားလိုက်ရသည်။ မြင်းရထားမောင်းသူခမျာ သူကိုယ်တိုင်ပင် မသိသည့် မိမိ၏ အပြစ်ကို အသည်းအသန် ပြန်စဉ်းစားရန် ကြိုးစားရတော့၏။ မြေပြင်သို့ ငုံ့ကြည့်နေသော မြင်းရထားမောင်းသူ၏ မျက်စိရှေ့သို့ ချဉ်းကပ်လာသည့် ခြေထောက်တစ်စုံကို မြင်လိုက်ရသည်။

အနောက်တွင် ရပ်နေသော စစ်သည်တော်က မြင်းရထားမောင်းသူ၏ လည်ကုပ်ကို ပို၍ဖိချထားရင်း ပြောခဲ့၏။

“အရှင်မင်းကြီး။”

မြင်းရထားမောင်းသူလည်း နှလုံး ရင်ဘတ်ထဲမှ လွင့်ထွက်သွားတော့မလို ခံစားလိုက်ရသည်။ ယခု သူ့အရှေ့တွင် ရပ်နေသူကို စိတ်ထဲမှပင် နာမည်မခေါ်ဝံ့ခဲ့။ တစ်ကိုယ်လုံး တောင့်တင်းသွားကာ ချွေးစေးများ စီးကျလာရ၏။

“ခေါ်သွား။”

မြင်းရထားမောင်းသူအဖို့ တစ်သက်တွင် ပထမဆုံးနှင့် နောက်ဆုံး ကြားရခြင်းဖြစ်မည့် ဘုရင်မင်းမြတ်၏အသံ ဖြစ်ရန်များပေသည်။

“နားလည်ပါပြီ၊ အရှင်မင်းကြီး။”

စစ်သည်တော်က မြင်းရထားမောင်းသူကို အတင်းအကျပ် ဆွဲထူလိုက်ကာ တစ်ကိုယ်လုံး တုန်ယင်ပြီး ယိမ်းထိုးနေသည့် ထိုလူအား ဆွဲခေါ်သွားလေသည်။ ရိုးရှင်းသော စစ်ဆေးမေးမြန်းမှုများ လုပ်ပြီးသည့်နောက် မြင်းရထားမောင်းသူသာ မာရာ၏ အစွန်းရောက်ဂိုဏ်းနှင့် မသက်ဆိုင်သည့် သာမန် မြင်းရထားမောင်းသူ ဖြစ်ခဲ့မည်ဆိုလျှင် ဘာပြဿနာမှမရှိဘဲ ပြန်လွှတ်ပေးခြင်းခံရပေမည်။

ခါဆယ်ရ်က စစ်သည်တော် ခေါ်သွားသော မြင်းရထားမောင်းသူ၏ နောက်ကျောကို ခဏလေး စိုက်ကြည့်လိုက်ပြီးမှ မြင်းရထားထဲသို့ ဝင်သွားခဲ့သည်။ ခဏနေတော့ မြင်းရထားတံခါး ပိတ်သွား၏။ စစ်သည်တော်များက မြင်းရထားကို စောင့်ကြည့်နိုင်မည့် သင့်တော်သော နေရာကို ရှာဖွေပုန်းအောင်းနေခဲ့ကြကာ မြင်းရထားမောင်းသူအဖြစ် အသွင်ယူထားသူက မောင်းသူထိုင်ခုံပေါ် တက်ထိုင်လိုက်သည်။

သူက မှောင်မိုက်သော မြင်းရထားထဲတွင်ထိုင်ကာ ပြန်လာမည့် ယူဂျင်းကို စောင့်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်ခုံးများကြားမှ ကျုံ့ရာက ပို၍နက်ရှိုင်းလာကာ မျက်လုံးမှထွက်ပေါ်လာသော အပြာရောင်အလင်းတန်းများက ပိုပို၍ အားကောင်းလာတော့သည်။ သူ၏စိတ်ရှည်မှု ကုန်လုနီးပါးဖြစ်နေပြီဟု ခံစားရချိန်တွင် အပြင်ဘက်မှ မြင်းရထားနံရံကို သုံးကြိမ်ခေါက်လာ၏။ ယူဂျင်း ရောက်လာပြီဟူသော အချက်ပြမှုပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment