အပိုင်း ၉၅
စင်္ကြံလမ်းထောင့်ကို ကွေ့လိုက်သည်နှင့် ခါဆယ်ရ်၏ ခြေလှမ်းတို့ ရပ်တန့်သွားသည်။ အဝေးမှ ချဉ်းကပ်လာသော ယူဂျင်းကို တွေ့လိုက်ရသည်တွင် သူ့နှုတ်ခမ်းတို့က အသာလေး ပင့်တက်သွား၏။ သူက ဆက်လက်၍ လျှောက်လှမ်းလိုက်သည်။
နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက် မြင်နိုင်သည့်အကွာအဝေးသို့ ရောက်အောင် ချဉ်းကပ်လာကာ ရပ်တန့်လိုက်ကြ၏။ ခါဆယ်ရ်က ယူဂျင်း၏ မျက်နှာထားကို အမြန်ဆုံး စစ်ဆေးအကဲခတ်ကြည့်ခဲ့သည်။ တော်သေး၍ မျက်နှာလေးက ကြည်လင်ရွှင်ပျနေ၏။
“ဘယ်ကို သွားမလို့လဲ၊ မိဖုရား။”
“တံတားပေါ်ကို သွားမလို့ပါ၊ အရှင်မင်းကြီး။”
“အနားယူဖို့ထင်တယ်။”
တံတားပေါ်က ယူဂျင်း မကြာခဏ လက်ဖက်ရည်သောက်လေ့ရှိသည့် နေရာပင်။ မြင့်သောနေရာဖြစ်၍ တစ်ခါတစ်ရံ လေပြင်းများ တိုက်ခတ်တတ်သောကြောင့် မမျှော်လင့်သော အခြေအနေမျိုးကို ကြိုတင်ကာကွယ်ရန် စားပွဲကို အမြဲတမ်း ခင်းထားလေ့မရှိပေ။ တံတားနှင့် ဆက်စပ်နေသော ရဲတိုက်၏ အတွင်းဘက်ထောင့်တွင် ခေါက်သိမ်းနိုင်သော စားပွဲခုံအသေးကို ထားရှိလေရာ ယူဂျင်း ညွှန်ကြားမှသာ ပြင်ဆင်ကြလေ့ရှိ၏။
‘ဧကန္တ ငါနဲ့တွေ့စရာကိစ္စရှိလို့ လာခဲ့တာများလား။’
ယူဂျင်းက 'အတူတူသွားကြမလား' ဟု လွှတ်ခနဲ ထွက်လာလုနီးပါး စကားကို အတင်းအကျပ် မျိုချလိုက်သည်။ သူက ပတ်ဝန်းကျင်မှ နန်းတွင်းအမှုထမ်းများကို သတိထားပြီး ပြောမည့်စကားကို ပြန်လည်ပြင်ဆင်လိုက်၏။
ယခင်ကဆို ဘာကိုမှ အထွေအထူး စဉ်းစားလေ့မရှိခဲ့။ ထီးဟန်နန်းဟန်ပါသော ပြောဆိုမှုပုံစံကို အသုံးပြုခြင်းက ပြဇာတ်လို ခံစားရသဖြင့် ခေတ်ဆန်ဆန် ပြောဆိုပုံကိုသာ အသုံးပြုလိုခဲ့သည်။ ဘုရင်မင်းမြတ်က သိပ်ဂရုမစိုက်သဖြင့် မိဖုရားဖြစ်သည့် သူ့ကို ဘယ်သူက ဘာပြောရဲမှာလဲဟု တွေးကာ အဆင်ပြေသလို နေခဲ့ခြင်းပင်။
သို့ရာတွင် အကြံပေးအရာရှိများ ရောက်လာပြီးသည့်နောက်တွင်မူ အထက်လူကြီး၏ ဂုဏ်သိက္ခာကို ပြသရန်အတွက် ထုံးတမ်းအစဉ်အလာနှင့်ညီသော စကားပြောဟန်က မရှိမဖြစ်လိုအပ်ကြောင်းကို သိလာခဲ့သည်။
ခါဆယ်ရ်နှင့် နှစ်ယောက်တည်းရှိနေချိန်မှလွဲ၍ ပတ်ဝန်းကျင်တွင် လူရှိနေပါက စည်းမျဉ်းစည်းကမ်းများနှင့် အလေ့အထများကို ဂရုစိုက်ရမည်ဟု ဆုံးဖြတ်လိုက်၏။
“အရှင်မင်းကြီး။ တိုင်းရေးပြည်ရေးကိစ္စတွေကို စစ်ဆေးနေရတာနဲ့ ပင်ပန်းနေရောပေါ့။ အကယ်၍များ ခဏလောက် အချိန်ပေးနိုင်မယ်ဆိုရင် အပြင်က လေကောင်းလေသန့်လေးရှူမလားရှင့်။။”
ခါဆယ်ရ်က ယူဂျင်းကို ခဏမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
“ငါ့ကို ဖိတ်ခေါ်နေတာလား။”
“ဟုတ်ပါတယ်၊ အရှင်မင်းကြီး။ လက်ဖက်ရည်ကောင်းကောင်းလေး ရှိပါတယ်။”
ခါဆယ်ရ်က ပေါ့ပါးစွာ ရယ်လိုက်သော ယူဂျင်းနှင့် မျက်နှာချင်းဆိုင် ရပ်နေရာမှ ယူဂျင်း၏ဘေးသို့ ခြေလှမ်းကိုရွှေ့လိုက်သည်။ သူက လက်ဖမိုးကိုမြင်ရအောင် လက်မောင်းကိုပင့်ပြီး ပြောခဲ့၏။
“မင်းကတော်ရဲ့ ဖိတ်ခေါ်မှုကို ရထားပြီဆိုတော့ ငါက စောင့်ကြပ်ပို့ဆောင်ပေးရမှာပေါ့။”
ယူဂျင်းက ပြုံးလိုက်ကာ သူ၏လက်ဖမိုးပေါ်သို့ လက်ကို တင်လိုက်သည်။
သူတို့ လျှောက်သွားသည့် အနောက်တွင် နန်းတွင်းအမှုထမ်းများက တစ်သီတစ်တန်း အရှည်ကြီးပါလာ၏။ ယနေ့လည်း ထုံးစံအတိုင်း ဆက်ဆံရေးခိုင်မာကောင်းမွန်သော အထက်လူကြီးနှစ်ဦး၏ နောက်သို့ လိုက်ပါနေကြရသည့် နန်းတွင်းအမှုထမ်းများက စိတ်ထဲတွင်ကျိတ်ကာ ပြုံးစိစိ ဖြစ်နေကြသည်။
နန်းတွင်းအမှုထမ်းများကို အနားကပ်မလာရန် အမိန့်ပေးပြီးနောက် ဘုရင်နှင့် မိဖုရားတို့က တံတားအလယ်တွင် ပြင်ဆင်ထားသည့် စားပွဲဆီသို့ လျှောက်လှမ်းသွားကြ၏။ ခြေမြန်လက်မြန်ဖြင့် အရင်ရောက်လာသော အစေခံက ထိုင်ခုံတစ်လုံးကို ယူလာကာ နဂိုကတည်းက ထိုင်ခုံနှစ်လုံးရှိခဲ့သည့်အလား ပြင်ဆင်ပေးခဲ့သည်။
နှစ်ယောက်သား ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အစေခံမိန်းကလေးက လက်ဖက်ရည်နှင့် မုန့်များကို စားပွဲပေါ်သို့ တင်ပေးပြီးနောက် ဆုတ်ခွာသွား၏။ နန်းတွင်းအမှုထမ်းများက သူတို့နှစ်ဦး၏ စကားဝိုင်းကို မကြားရလောက်သော အကွာအဝေးတွင် ရပ်နေခဲ့ကြသည်။
ယူဂျင်းက လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ကောင်းကင်ယံကိုမော့ကြည့်ကာ ဟိုဟိုဒီဒီ အကဲခတ်လိုက်သည်။
“လေငြိမ်သွားပြီပဲ။”
မနေ့ကအထိ လေအေးများ တိုက်ခတ်နေခဲ့သည်။ သို့သော် ယခုတွင်မူ လေစီးကြောင်းများ ရပ်တန့်သွားသည့်အလား လေတစ်ချက်မျှပင် မတိုက်ခတ်တော့။
ဤကြားထဲ စိုထိုင်းမနေသည့်အတွက် ငြိမ်ငြိမ်လေးနေရုံဖြင့် ချွေးရွှဲရမည့် ပူအိုက်မှုမျိုး မဟုတ်ပေ။ သို့ရာတွင် ယနေ့ မနက်ခင်းထက်တော့ လေထုအပူချိန်က သိသာစွာ မြင့်တက်လာ၏။
“တဖြည်းဖြည်းနဲ့ ပိုပူလာမှာ။”
“ဆန်းကြယ်လိုက်တာ။ ရုတ်တရက်ကြီး နေ့ချင်းညချင်း ပြောင်းလဲသွားတယ်ဆိုတာ...။ စောစောက လမ်းလျှောက်ဖို့ပြင်တုန်း ခံစားရတဲ့ ခံစားချက်က... တကယ်ကို ထူးဆန်းတာပါ။”
“မပင်ပန်းဘူးလား။”
ယူဂျင်းက ခေါင်းခါပြလိုက်သည်။
“တကယ်ပဲ ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ပြီးသွားတာ အမှန်ပဲလားဟင်။”
“ပြီးသွားပြီ။”
ယူဂျင်းက စိတ်သက်သာရာရသွားသလို မျက်နှာထားဖြင့် သက်ပြင်းချလိုက်သည်။ တောင်ကြီးတစ်လုံးကို ကျော်ဖြတ်ပြီးသွားသလို ခံစားချက်ပင်။ ဤကာလက သူ့တစ်သက်တာလုံး မေ့နိုင်မည်မဟုတ်သည့် ရုန်းကန်လှုပ်ရှားရသောရာသီ ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သည့် နှစ်လအတွင်း အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပျက်ခဲ့၏။
“ဒါပေမဲ့ အားလုံးက ဒီအတိုင်း နိစ္စဒူဝကိစ္စလို တအားကို တည်ငြိမ်နေကြသလိုပဲနော်။ ရဲတိုက်အမှုထမ်းတွေမှာ ထူးထူးခြားခြား မျက်နှာထား ပြောင်းလဲသွားတာမျိုးလည်း မရှိကြဘူး။”
“အဲ့ဒါတော့ သူတို့က ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ပြီးသွားပြီဆိုတာကို မသိသေးလို့လေ။”
“ရှင်။”
“လူတချို့ပဲ ခံစားသိရှိနိုင်တာ။ ငါတို့လိုလူတွေပေါ့။”
"အာ...”
ယူဂျင်း သူ ယခင်က ပြောခဲ့ဖူးသော စကားကို သတိရလိုက်သည်။
“ဒါဆို တခြားလူတွေက ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ပြီးသွားတာကို ဘယ်လိုလုပ် သိနိုင်မှာလဲဟင်။”
“ငါက ကြေညာပေးရမှာပေါ့။”
“မကြေညာပေးရင် မသိကြဘူးလား။”
“အချိန်ကြာလာရင်တော့ သိသွားကြမယ် ထင်တယ်။ အခုလည်း ရာသီဥတု အပြောင်းအလဲကြောင့် သတိထားမိတဲ့သူ တော်တော်များများ ရှိမလားမသိဘူး။”
“ဒီနေ့ကစပြီး ခြောက်သွေ့ရာသီ စတင်ပြီလို့ အရှင်မင်းကြီးက ရှင်းရှင်းလင်းလင်း အတည်ပြုပေးတယ်ဆိုတဲ့ သဘောပေါ့။ တကယ်တော့ အခုကစပြီး တော်တော်ကြာအောင် လာ့ခ်တွေ ပေါ်မလာတော့ဘူးဆိုတာ သေချာသိရရင် ခံစားချက်က ထူးခြားမှာပဲနော်။ နေ့ခင်းဘက် အပြင်ထွက်တာကိုလည်း စိတ်ချလက်ချ လုပ်နိုင်မှာ။”
“ရုန်းကန်လှုပ်ရှားရတဲ့ ရာသီအတွက်ဖြစ်ဖြစ်၊ ခြောက်သွေ့ရာသီအတွက်ဖြစ်ဖြစ် သီးသန့် အသုံးပြုတဲ့ ဥပဒေတွေရှိတယ်။ ငါက ကြေညာပေးလိုက်ရင် အဲ့ဒါက စံနှုန်းတစ်ခု ဖြစ်သွားတာပေါ့။”
“ဒါဆို အခု ခြောက်သွေ့ရာသီရဲ့ ဥပဒေကို ချိုးဖောက်ရင်တောင် အရှင်မင်းကြီးက မကြေညာရသေးတော့ ဥပဒေချိုးဖောက်ရာ မရောက်သေးဘူးလားဟင်။”
ခါဆယ်ရ်က ခေါင်းညိတ်ရင်း ပြောခဲ့သည်။
“အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ ရှင်းလင်းတိကျတဲ့ ကာလသတ်မှတ်ချက်က အရေးကြီးတယ်။ ရုန်းကန်လှုပ်ရှားရတဲ့ ရာသီမှာဆိုရင် အဝေးကိုသွားလာပြီး ကုန်သွယ်မှုလုပ်တာမျိုးက မလုပ်နိုင်သလောက်ပဲ။ ရုန်းကန်လှုပ်ရှားရတဲ့ ရာသီနဲ့ ခြောက်သွေ့ရာသီကိုလိုက်ပြီး ဈေးနှုန်းအပြောင်းအလဲ ကြီးတဲ့ ကုန်ပစ္စည်းတွေလည်း များတာပေါ့။ လုပ်ငန်းအမျိုးအစားအပေါ်လိုက်ပြီး အလုပ်သမားခ ကွာဟချက်ကလည်း ကြီးတယ်။”
ခါဆယ်ရ်က အတွေးထဲ နက်နက်နဲနဲ နစ်မျောနေသော ယူဂျင်းကို စိုက်ကြည့်ရင်း လက်ဖမိုးလေးကို သူ့လက်ဖျားဖြင့် တို့လိုက်သည်။ အကြည့်ကိုပင့်ကာ ငေးကြည့်လာသော ယူဂျင်းနှင့် မျက်လုံးချင်းဆုံသွား၏။
“ဘာတွေ စဉ်းစားနေတာလဲ။”
တကယ်ပင် သိလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ တစ်ဖက်လူ၏ ပရိယာယ်ကို ဖတ်ရှုရန် မဟုတ်ဘဲ မည်သည့် အကျိုးအပြစ်ကိုမျှ ထည့်သွင်းမစဉ်းစားဘဲ ဒီအတိုင်း တစ်ဖက်လူ၏ အတွေးကိုသာ ရိုးရိုးရှင်းရှင်း သိလိုစိတ် ဖြစ်မိသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
သူ၏ လောဘက တဖြည်းဖြည်း ပိုကြီးလာသလို ခံစားနေရသည်။ ရဲတိုက်ထဲတွင် အတူရှိနေရုံ၊ ညတိုင်း ယူဂျင်း၏ အိပ်ခန်းသို့ သွားရရုံမျှဖြင့် ကျေနပ်ရောင့်ရဲနိုင်တော့မည် မဟုတ်ပေ။
အမြဲတမ်း မျက်စိအောက်တွင်သာ ရှိစေလိုကာ ယူဂျင်း၏ခေါင်းထဲတွင် မည်သည့်အတွေးများ တွေးနေသည်ကို အကုန်အစင် သိလို၏။
မျက်ကွယ်ပြုထားချင်သော်လည်း တစ်ခါတစ်ရံ ပေါ်လာသော အတွေးတို့က သူ့အား နှောင့်ယှက်နေလေသည်။ ယူဂျင်းက အာနီခါဖြစ်ကာ သူက ဘုရင်ဖြစ်နေ၏။ တစ်ချိန်ချိန်တွင် ယူဂျင်း ဤတိုင်းပြည်မှ၊ သူ့အပါးမှ ထွက်သွားနိုင်ပေသည်။ သမိုင်းတစ်လျှောက် ဖြစ်ရပ်များကို ထောက်ရှုလျှင် ဖြစ်နိုင်ခြေရှိသည်ထက် သေချာမှုနှင့် ပို၍နီးစပ်၏။
မိဖုရားဖြစ်လာသည့် အာနီခါများ ဘုရင့်တိုင်းပြည်များ၌ နောက်ဆုံးအချိန်အထိ နေထိုင်ခဲ့ကြသော အဖြစ်မျိုးက မရှိသလောက်ပင်။ အများစုက အထွတ်အမြတ် မြို့တော်သို့ ပြန်သွားကြသည်သာ။ ထိုအထဲတွင် ဟာရှီတိုင်းပြည်က အဆိုးဆုံးဖြစ်၏။ သမိုင်းတစ်လျှောက် တိုင်းပြည်တွင် ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့သော မိဖုရားဟူ၍ တစ်ပါးမျှမရှိခဲ့ပေ။
ယူဂျင်း ထွက်သွားမည်ဆိုလျှင် သူ လွှတ်ပေးနိုင်ပါ့မလား။
“ခြောက်သွေ့ရာသီမှာ လုပ်ရမဲ့ကိစ္စတွေကို စဉ်းစားနေတာပါ။ လုပ်စရာတွေက တော်တော်လေး များလို့လေ။”
ခါဆယ်ရ်က ယူဂျင်း၏ ကြည်လင်သော မျက်နှာလေးကိုကြည့်ရင်း သူ၏ မှောင်မိုက်သော အတွေးများကို နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်၏။
“မနက်ဖြန်ကစပြီး စတင်မှာဆိုတော့လေ၊ ယဇ်ပူဇော်ပွဲကို တက်ရောက်ဖို့ ထွက်ခွာရမယ်မဟုတ်လား။”
ခါဆယ်ရ်က ရှုပ်ထွေးသော ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ ယူဂျင်း အတူလိုက်ပါမည်ဟု ပြောလာစဉ်က ဝမ်းသာအားရ သဘောတူခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိုးရိမ်ပူပန်လာတော့၏။
“လွယ်ကူတဲ့ ခရီးတော့မဟုတ်ဘူး။”
“အရှင်မင်းကြီးက နှစ်ရက်အတွင်း အသွားအပြန် လုပ်ခဲ့တယ်မဟုတ်လား။ ဒီတစ်ခါက ငါးရက်အထိတောင် တိုးသွားတာလေ။”
ခါဆယ်ရ်က အသံမထွက်ဘဲ ရယ်လိုက်သည်။
“အဲ့ဒါကိုတော့ သွားယှဉ်လို့ဘယ်ရမလဲ။”
ယဇ်ပူဇော်ပွဲသို့ မိဖုရား လိုက်ပါခြင်းမှာ ရုတ်တရက် ဆုံးဖြတ်လိုက်ရခြင်းဖြစ်၍ ဘုရင်မင်းမြတ်၏ ညွှန်ကြားချက် ထွက်လာသည်နှင့် အရေးပေါ်အခြေအနေ ဖြစ်သွားတော့သည်။ ဘုရင်တစ်ပါးတည်း အလွယ်တကူ သွားရောက်ခြင်းနှင့် လုံးဝမတူသည့် ပြင်ဆင်မှုမျိုးလိုအပ်လာ၏။ ယခင်ကဆိုလျှင် ရိုးရှင်းသည့်ပုံစံမျိုးဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ တရားဝင်ပုံစံမျိုး ဖြစ်သွားလေသည်။
တိုင်းပြည်၏ တော်ဝင်ဇနီးမောင်နှံအပြင် အခြွေအရံများနှင့် ပစ္စည်းထမ်းသူများပါမကျန် လူတစ်ရာခန့်နီးပါး ပါဝင်သည့် ကြီးမားသော ခရီးသွားကို ဖွဲ့စည်းခဲ့ရ၏။ အိပ်စက်နားနေရန် ယာယီတဲနန်းများ၊ လူ ဒါဇင်ပေါင်းများစွာအတွက် အစားအသောက်များနှင့် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများ အပါအဝင် သယ်ဆောင်သွားရမည့် ပစ္စည်းပမာဏက ကြီးမားလှပေသည်။
ယူဂျင်းက သူလိုက်ပါမည်ဟု ပြောလိုက်သဖြင့် ရှုပ်ထွေးမှုများ ရှိသွားသလားဟု မာရီအန်းကို မေးမြန်းခဲ့၏။ မာရီအန်းက ‘နဂိုမူလ အတိုင်းအတာပါ’ ဟု ခိုင်မာပြတ်သားစွာ ပြန်ဖြေခဲ့သည်။
[အထွတ်အမြတ်နေရာမှာ ပူဇော်ပသရမဲ့ မြင့်မြတ်တဲ့ ထုံးတမ်းအစဉ်အလာပါ။ နောက်ဆုံးတော့ မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခွင့်ရလို့ ကျွန်မလည်း ကျေနပ်မိပါတယ်၊ အရှင်မိဖုရား။]
“ညဘက်ဆို တဲထိုးပြီးအိပ်မယ်လို့ ပြောခဲ့တယ်မဟုတ်လားရှင့်။”
“အင်း။”
“တစ်နေ့တာရဲ့ နေအပူဆုံးအချိန်မှာလည်း နားမယ်ဆို။”
ခါဆယ်ရ်က ခေါင်းညိတ်လိုက်သည်။
“အချိန်တန်ရင် ထမင်းလည်းရမယ်၊ မျက်နှာသစ်ဖို့နဲ့ ရေချိုးဖို့အတွက် ရေကိုလည်း ယူသွားမယ်ဆိုတော့ ခက်ခဲစရာ ဘာများရှိမှာလဲ။”
မယိမ်းမယိုင်သော သန္နိဋ္ဌာန်ကို ထုတ်ဖော်ပြသနေသည့် ယူဂျင်းကို ကြည့်နေသော ခါဆယ်ရ်၏ အကြည့်က ထူးဆန်းနေ၏။
သူက လက်ထပ်ပြီးစ ပထမနှစ်တွင် တစ်ကြိမ်တည်းသာ အတူလိုက်ပါခဲ့သော ယခင်က မိဖုရား၏ ယဇ်ပူဇော်ပွဲကို သတိရလိုက်မိသည်။ ထိုစဉ်က ချီတက်ခဲ့သော စီတန်းလှည့်လည်မှု အတိုင်းအတာက ယခုနှင့် အနီးစပ်ဆုံး တူညီ၏။ ကွာခြားချက်မှာ ထိုစဉ်ကတော့ အသင့်ပြင်ဆင်ရန် အမိန့်သာပေးခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင် ပို၍ စေ့စေ့စပ်စပ် စစ်ဆေးစီစဉ်ခဲ့ခြင်းပင်။
ထိုစဉ်ကမူ မိဖုရားက ယာယီတဲနန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် လုံးဝ ပြန်မထွက်လာတော့ပေ။ ခရီးသွားနေစဉ် ကုလားအုတ်ကျောပေါ်၌ အထူးသယ်ဆောင်လာသော ဝေါပေါ်မှလည်း မဆင်းခဲ့ဘဲ မြေပေါ်သို့ မလွှဲမရှောင်သာ ဆင်းလျှောက်ရမည်ဆိုလျှင် သဲပြင်ပေါ်တွင် ကော်ဇောခင်းခိုင်းရသည်အထိပင်။
မိဖုရား မှတ်ဉာဏ်ပျောက်ဆုံးသွားပြီးသည့်နောက်ပိုင်းတွင် မိဖုရားကို ကြည့်သည့်အခါ တစ်ခါတစ်ရံ ခံစားရသော ထူးဆန်းသည့် သဟဇာတမဖြစ်မှုကို ခံစားမိရသည်မှာ တော်တော်ကြာခဲ့ပေပြီ။ လူတစ်ယောက်တည်းဖြစ်သော်လည်း တစ်ယောက်တည်းမဟုတ်သလို ထူးဆန်းသော ခံစားချက်ပင်။
ခါဆယ်ရ်က ချဉ်းကပ်လာသော အပါးတော်မြဲ အကြီးအမှူးထံသို့ ခေါင်းလှည့်လိုက်သည်။ အပါးတော်မြဲ အကြီးအမှူးက ဦးညွှတ်အရိုအသေပေးခဲ့၏။
“အရှင်မင်းကြီး။”
“ဘာကိစ္စလဲ။”
“ဆန်းဂျယ် အရှင်မြတ်ရဲ့ သဝဏ်လွှာ ရောက်ရှိလာပါပြီ။ သူရဲကောင်းက အရှင်မင်းကြီးကို အခစားဝင်ခွင့်တောင်းနေပါတယ်။”
ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ ခြောက်သွေ့ရာသီ စတင်သောအခါ ရလေ့ရှိသည့် ဆန်းဂျယ်၏ သဝဏ်လွှာက ယခင်ကထက် စောနေ၏။ ယခင်က ယဇ်ပူဇော်ပွဲသို့သွားရာမှ ပြန်ရောက်လာသည့်နောက် တစ်ရက် သို့မဟုတ် နှစ်ရက်အကြာမှ ရရှိခြင်းပင်။
သူက ယူဂျင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“သွားရတော့မယ်ထင်တယ်။ မင်းကတော့ နားပြီးမှ ဆင်းလာခဲ့ပေါ့။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ယူဂျင်းလည်း ထရပ်ကာ ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် သူ၏ပုံရိပ် ပျောက်ကွယ်သွားမှသာ ပြန်ထိုင်လိုက်သည်။
‘သူရဲကောင်း......’
ဂျင်နှင့် ရင်းနှီးသော သူရဲကောင်းများဖြစ်နေမလားဟုတွေးကာ သိချင်လာမိတော့သည်။
~~~~
တောက်ပသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ထိုလူက ဦးညွှတ်ခဲ့သည်။
“သူရဲကောင်း ဖီဒက်စ် မရဏဘုရင် အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်။”
“မတွေ့တာကြာပြီပဲ၊ ဆာ ဖီဒက်စ်။”
“ဟုတ်ပါတယ်၊ အရှင်မင်းကြီး။ တော်တော်လေးကြာမှ အခစားဝင်ရခြင်းပါ။”
“ဆာ၊ ဘာကိစ္စများလဲ။”
ဆန်းဂျယ်ကို ကာကွယ်ပေးသည့် သူရဲကောင်း ၉၉ ဦးတွင် အပြင်ပန်းအားဖြင့် ရာထူးအနိမ့်အမြင့် မရှိသော်လည်း အတွင်း၌ ရာထူးအနိမ့်အမြင့်ရှိ၏။ ရာထူးအနိမ့်အမြင့် စံနှုန်းက ရိုးရှင်းပေသည်။ သူရဲကောင်းဘွဲ့ အပ်နှင်းခံရသည့် အစဉ်လိုက်အတိုင်းပင်။
သူရဲကောင်း ၉၉ ဦးက ထိုအရေအတွက်ကို အမြဲတမ်း ထိန်းသိမ်းထားကြ၏။ သက်တမ်းအရှည်ဆုံး သူရဲကောင်းက အသက်ကြီး၍ သူရဲကောင်း အရိုက်အရာမှ အနားယူသောအခါ အသစ်အသစ်သော ဘွဲ့အပ်နှင်းခံရသူ သူရဲကောင်းက နေရာယူလေသည်။
နှစ်ပေါင်းများစွာ ငယ်ရွယ်နုပျိုသောပုံစံကို မပြောင်းမလဲ ထိန်းသိမ်းထားသည့် ဆန်းဂျယ်၏ဘေးတွင် သူရဲကောင်းများက အသက်အရွယ်ကြီးလာကာ တဖြည်းဖြည်း ပြောင်းလဲသွားကြ၏။
ထို့အပြင် နောက်ကျပြီးမှ ဝင်ရောက်လာသော သူရဲကောင်းပင်ဖြစ်လင့်ကစား ဆန်းဂျယ်၏ ယုံကြည်ကိုးစားမှု ခိုင်မာပါက အဆင့်အတန်း တက်သွားလေ့ရှိပေသည်။ သူရဲကောင်း ဖီဒက်စ်က ဆန်းဂျယ်၏ ယုံကြည်ကိုးစားမှုကို ရရှိထားသော လူငယ် သူရဲကောင်းဖြစ်ပြီး ဆန်းဂျယ်၏ဘေးတွင် အမြဲတမ်း အနီးကပ် ခစားရသူပင်။
ထို့ကြောင့် ဖီဒက်စ်က ဆန်းဂျယ်၏ သဝဏ်လွှာကို ပေးရုံအတွက်နှင့် ဤမျှဝေးလံသော နေရာသို့ လာမည့်သူမဟုတ်ပေ။
“မရဏဘုရင် အရှင်မင်းမြတ်ကို ဆက်သဖို့ ဆန်းဂျယ် အရှင်မြတ်ရဲ့ သဝဏ်လွှာကို ယူဆောင်လာခဲ့ပါတယ်။”
အပါးတော်မြဲ အကြီးအမှူးက ဖီဒက်စ်ထံမှ ရွှေရောင်စာအိတ်ထဲတွင် ထည့်ထားသော သဝဏ်လွှာကို လက်ခံယူပြီး ခါဆယ်ရ်အား ပေးခဲ့သည်။ ခါဆယ်ရ်က မယုံသင်္ကာ မျက်နှာထားဖြင့် ဖီးဒက်စ်အား အထက်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီးနောက် စာအိတ်၏ ချိပ်တံဆိပ်ကို ဖွင့်ကာ သဝဏ်လွှာကို ထုတ်ယူလိုက်၏။ ထို့နောက် အကြောင်းအရာကို လျင်မြန်စွာ အပေါ်ယံ ဖတ်ရှုလိုက်သည်။ ယင်းမှာ ပုံမှန် ရရှိနေကျဖြစ်သော ထုံးတမ်းအစဉ်အလာမပျက် နှုတ်ဆက်သဝဏ်လွှာပင်။
-သာသနာပိုင် ဘုရားကျောင်းတော်က အမြဲတစေ တံခါးဖွင့်ထားလျက်နဲ့ အသင့်ရဲ့ဒုက္ခကို လျစ်လျူရှုမည်မဟုတ်။ အာနီခါ ဂျင်ကိုလည်း နှုတ်ခွန်းဆက်စကား ပါးပေးပါ။
ထို့နောက် နိဂုံးချုပ်လိုက်သည့် နောက်ဆုံးစာကြောင်းကလည်း မပြောင်းမလဲ ရှိနေခဲ့သည်။ ခါဆယ်ရ်က အကြောင်းမဲ့ စိတ်နှောက်ယှက်ဖြစ်စေသော စာကြောင်းကို ကြည့်နေရင်း ခေါင်းမော့လိုက်၏။
“အရှင်မြတ် ကျုပ်ကို ပေးခိုင်းလိုက်တဲ့ သဝဏ်လွှာက ဒါပဲလား။”
“ဟုတ်ပါတယ်၊ အရှင်မင်းကြီး။”
“သီးသန့်မှာကြားချက်ရော မရှိဘူးလား။”
“အရှင်မင်းကြီးကို သီးသန့် စကားပါးရမဲ့ မှာကြားချက်တော့ မရှိပေမဲ့ ကျွန်တော်မျိုးကို ညွှန်ကြားထားတဲ့ ကိစ္စတွေရှိပါတယ်။”
ခါဆယ်ရ်၏ မျက်ခုံးများ ဆတ်ခနဲ လှုပ်ရှားသွားတော့သည်။ ဖီဒက်စ် ဘာပြောမည်ကို သူ သိလိုက်၏။
“အာနီခါ ဂျင်ကို အခစားဝင်ပြီး တစ်ဆင့်ပါးပေးရမဲ့ ဆန်းဂျယ် အရှင်မြတ်ရဲ့ စကားတွေ ရှိပါတယ်။ အာနီခါ ဂျင်နဲ့ နှစ်ယောက်တည်း တွေ့ဆုံခွင့်ပေးတော်မူပါ။”
ထင်သည့်အတိုင်းပင်။ သဝဏ်လွှာကို ဆုပ်ကိုင်ထားသည့် ခါဆယ်ရ်၏ လက်တွင် အားဝင်လာတော့သည်။ သူ့ရင်ဘတ်၏ အနက်ရှိုင်းဆုံးနေရာမှ မနှစ်မြို့ဖွယ် ခံစားချက်တို့က လှိုက်ခနဲ တက်လာ၏။ ရုတ်တရက် ယူဂျင်းနှင့် နှစ်ယောက်တည်း တွေ့ဆုံရန် တောင်းဆိုလာသော ဖီဒက်စ်၏ အတင့်ရဲသည့် အပြုအမူသည်လည်းကောင်း၊ မိဖုရားမဟုတ်ဘဲ အာနီခါဟူသော အခေါ်အဝေါ်သည်လည်းကောင်း စိတ်တိုင်းမကျစရာ ဖြစ်နေသည်။ ခွင့်မပြုနိုင်ဘူးဟူသော စကားက မေးဖျားအထိ တက်လာသော်လည်း ခါဆယ်ရ်က တွန့်ကြေသွားသော သဝဏ်လွှာကို စာအိတ်ထဲ ပြန်ထည့်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
“ဆာက ဆန်းဂျယ်ရဲ့ စကားကို တစ်ဆင့်ပါးဖို့ မိဖုရားနဲ့ တွေ့ဆုံမှာဆိုတော့ ကျုပ်က ခွင့်ပြုမယ်၊ မပြုဘူး လုပ်ပိုင်ခွင့်ရှိတာမှမဟုတ်ဘဲ။ အပါးတော်မြဲအကြီးအမှူး။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
“ဆာ ဖီဒက်စ်ကို ရဲတိုက် ဧည့်ခန်းဆောင်ဆီ လမ်းညွှန်ပို့ဆောင်ပေး။ ပြီးရင် မိဖုရားဆီသွားပြီး သူရဲကောင်း ဖီဒက်စ်က အခစားဝင်ခွင့်တောင်းတဲ့အကြောင်း လျှောက်တင်လိုက်။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ဖီဒက်စ်က လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။
“မဟာရဲ့ဘုန်းတန်ခိုးတော် အတူရှိပါစေ။ သူရဲကောင်း ဖီဒက်စ်၊ သွားခွင့်ပြုဖို့ ခွင့်တောင်းပါတယ်။”
~~~~
Miel's Translations