no

Font
Theme

အပိုင်း ၈၂

နေ့လယ်ပိုင်းတွင် ဘယ်ရုစ်က မိဖုရား၏ ရုံးခန်းသို့ ချိန်းထားသည့်အချိန်ထက် အနည်းငယ်စောကာ ရောက်လာသည်။ ရံရွေတော်မိန်းကလေး ပြန်ထွက်လာသည်အထိ ခဏစောင့်နေစဉ် ဘယ်ရုစ်က ရှုပ်ထွေးသော ခံစားချက်နှင့် ပိတ်ထားသည့်တံခါးကို ကြည့်နေမိ၏။

ယခင်တစ်ခါ လာခဲ့ပြီးသည့်နောက်တွင် ဆယ်ရက်လောက် ကြာသွားခဲ့ပေပြီ။ ထိုကြားထဲတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့၏။ လောလောဆယ် မိဖုရားက လူတို့၏ အကြီးမားဆုံးသော စိတ်ဝင်စားမှုကို ခံနေရသည်။ ရုန်းကန်လှုပ်ရှားရသောရာသီတွင် တိုင်းပြည်၏ ဘုရင်မဟုတ်သော အခြားသူတစ်ဦး ဤမျှအထိ အာရုံစိုက်ခံရခြင်းမျိုး မရှိဖူးခဲ့။

ယခုတလော ဘယ်သွားသွား နာမည်ကြီး လာ့ခ်သစ်ပင်အကြောင်းသာ ပြောနေကြ၏။ တစ်ခါမှ မမြင်ဖူးသူက ခေတ်နောက်ကျသူအဖြစ် သဘောထားခံရသည်။ ထို့ကြောင့် ဘယ်ရုစ်လည်း စပ်စုလိုစိတ်ဖြင့် သွားရောက်ကြည့်ရှုခဲ့၏။

သူက ကိုယ်တိုင် မြင်ရ၊ ကြားရသည့်ကိစ္စမဟုတ်လျှင် အလွယ်တကူ မယုံကြည်တတ်ပေ။ အထူးသဖြင့် ကောလာဟလများတွင် ချဲ့ကားမှုများ ရောနှောနေတတ်သည်။ မျက်မြင်သက်သေ အများအပြားရှိနေလျှင်ပင် ဘယ်ရုစ်က လူတို့၏ သက်သေထွက်ဆိုချက်များကို ယုံကြည်စရာမဟုတ်ဟု တွေးခဲ့၏။

ဤတစ်ကြိမ် အဖြစ်အပျက်ကိုမူ လိမ်ညာလှည့်ဖြား၍ ဖန်တီးထားခြင်းဟုသော်လည်းကောင်း၊ အထင်မှားကာဖြစ်ပျက်ခဲ့ခြင်းဟုသော်လည်းကောင်း ပြောရန်မှာ အတိုင်းအဆက ကြီးမားလွန်းပေသည်။

ဘယ်ရုစ်က ထိုအချိန်တွင် အခင်းဖြစ်ပွားရာနေရာ၌ ရှိခဲ့သော ဆဗဲန်ကိုခေါ်ပြီး မေးမြန်းခဲ့၏။ ရိုးသားဖြောင့်မတ်သော ဆဗဲန်၏စကားသာဆိုလျှင် ယုံကြည်နိုင်လောက်ပေသည်။

"မင်း အဲ့ဒီနေရာမှာ ရှိခဲ့တယ်ဆို။ လာ့ခ်က သစ်ပင်အဖြစ် ပြောင်းသွားတဲ့ပုံစံကို မင်းကိုယ်တိုင် မြင်ခဲ့တာလား။"

ဆဗဲန်က မကျေမနပ် မျက်နှာထားဖြင့် ပြန်ပြောခဲ့သည်။

"ကျွန်တော့်ကိုခေါ်ပြီး အဲ့ဒီကိစ္စအကြောင်း မေးမြန်းရတဲ့ ရည်ရွယ်ချက်ကို နားမလည်ပါဘူး။ ကျွန်တော့်အဖြေပေါ် မူတည်ပြီး ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်လို့ပါ။"

သူ၏ စကားပြောဟန်နှင့် မျက်နှာထားက 'ရာရာစစ မိဖုရား ဖန်တီးခဲ့တဲ့ အံ့ဖွယ်ရာကို သံသယဝင်ရဲရသလား' ဟု ကဲ့ရဲ့ရှုတ်ချနေသည့်ပုံပင်။

"မင်းကို တခြားရည်ရွယ်ချက်ရှိလို့ ခေါ်လိုက်တာမဟုတ်ဘူး။ ကွင်းကွင်းကွက်ကွက် မြင်ခဲ့ရတဲ့ အကြောင်းအရာကို နားထောင်ချင်ရုံသက်သက်ပဲ။"

ဘယ်ရုစ်က ထိုနေရာတွင် စကားကို သဘာဝကျကျ လမ်းကြောင်းပြောင်းလိုက်သော်လည်း အတော်လေး အံ့အားသင့်ခဲ့ရ၏။ ဆဗဲန်က အတိုက်အခံသဘောထားကို ပေါ်တင်ပြသသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

ဆဗဲန်တစ်ယောက် မိဖုရား၏လူ အပြည့်အဝဖြစ်သွားပြီဟု ခံစားရသော အသွင်အပြင်ကိုပြနေသည်။ ဆဗဲန်ကို အာဏာတို့၊ စည်းစိမ်ဥစ္စာတို့ဖြင့် ယိမ်းယိုင်အောင် လုပ်၍ရမည့်သူမဟုတ်ဟု ထင်ထား၍ အတော်လေး နားမလည်နိုင်ဖြစ်ခဲ့ရ၏။

ယနေ့ မိဖုရားထံ အခစားဝင်ရန် ခွင့်ပန်ခြင်းမပြုမီ ဘယ်ရုစ်တွင် တွေးတောစရာများ အများအပြားရှိခဲ့သည်။ သူ စုံစမ်းသိရှိခဲ့ရသော အကြောင်းအရာများက အရင်တစ်ခါ မိဖုရား စုံစမ်းခိုင်းခဲ့သော ကိစ္စနှင့် ဘုရင်မင်းမြတ်ထံ ချက်ချင်း အစီရင်ခံတင်ပြသင့်သည့် အကြောင်းအရာကြားရှိ ဝေဝါးသော နယ်နိမိတ်ပေါ်တွင် ရှိနေ၏။

လွန်ခဲ့သော ဆယ်ရက်လောက်ကသာဆိုလျှင် တုံ့ဆိုင်းမနေဘဲ ဘုရင်မင်းမြတ်ထံ သွားတွေ့မိလောက်မလားမသိပေ။ သို့သော် လာ့ခ်သစ်ပင်က ဘယ်ရုစ်၏ အတွေးအမြင်အပေါ် မသိမသာ သက်ရောက်မှုရှိစေခဲ့၏။ ဤသို့သော အံ့ဖွယ်ရာမျိုးကို ဖန်တီးနိုင်သည့် မိဖုရားက ဘာကြောင့်များ ဘာသာရေးအစွန်းရောက်ဂိုဏ်းနှင့် ဆက်သွယ်ရန် လိုအပ်မှာလဲဟု တွေးမိခဲ့သည်။

မိဖုရား၏ ညွှန်ကြားချက်များက အတိအကျသီးသန့်ရှိနေကာ ဘုရင်မင်းမြတ်က 'ကိုယ့်ဘာသာ ကြည့်ကြပ်စုံစမ်း' ဟု ပြောခဲ့သဖြင့် မိဖုရား မျှော်လင့်နေသောအဖြေကို အရင်ဆုံး တင်ပြခြင်းက ပို၍အစီအစဉ်တကျဖြစ်မည်ဟု ယူဆလိုက်၏။

တံခါးပွင့်လာကာ ရံရွေတော်မိန်းကလေး ထွက်လာပြီး ဦးညွှတ်အရိုအသေပေးခဲ့သည်။

"အထဲကိုကြွပါရှင့်။"

ဘယ်ရုစ်လည်း ရံရွေတော်မိန်းကလေးနှင့်အတူ အထဲသို့ ဝင်လာခဲ့သည်။ ဆိုဖာပေါ်တွင် ထိုင်နေသော မိဖုရားကို ဂါရဝပြုပြီးနောက် ခွင့်ပြုချက်ရယူကာ မျက်နှာချင်းဆိုင်နေရာတွင် ထိုင်လိုက်၏။

"အရင်တစ်ခါ အရှင်မိဖုရား စုံစမ်းခိုင်းခဲ့တဲ့ ကိစ္စမှာ တိုးတက်မှုရှိလို့ အစီရင်ခံဖို့ လာခဲ့တာပါခင်ဗျ။"

ယူဂျင်း စိတ်ထဲမှ ချီးကျူးမိသည်။ ရုတ်တရက် နန်းရင်းဝန်က အခစားဝင်တောင်းလာတော့ စုံစမ်းစစ်ဆေးရေးအတွက် နောက်ထပ်မေးခွန်းများ မေးလိမ့်မည်ဟုသာ ထင်ထားခဲ့၏။ ဆယ်ရက်အတွင်း ရလဒ်ကိုယူလာနိုင်သည်က အံ့သြစရာကောင်းလောက်အောင် မြန်ဆန်သော အရှိန်အဟုန်ပင်။

ယူဂျင်းက ဤကမ္ဘာ၏ နှေးကွေးသော အရှိန်အဟုန်နဲ့ တဖြည်းဖြည်း အသားကျလာပေပြီ။ ရံရွေတော်မိန်းကလေးကို ရိုးရှင်းသောအမိန့်မျိုးပေးလျှင်ပင် အချိန်အတော်ကြာယူရ၏။ ဤကမ္ဘာတွင် ဆယ်ရက်တာဆိုသည်မှာ သိပ်ပြီးရှည်လျားသည့်အချိန် မဟုတ်ပေ။ နန်းရင်းဝန်က တော်တယ်ဟူသော နာမည်ကောင်းရသင့်သူပဲဟု တွေးလိုက်မိသည်။

"အရှင်မိဖုရားက ကေ့ဂျ်လို့ခေါ်တဲ့ သတင်းအချက်အလက် ပွဲစားက ပွဲခတွေကို မလိုအပ်တဲ့ ရည်ရွယ်ချက်အတွက် သုံးနေတယ်လို့ ပြောခဲ့တယ်မဟုတ်လားခင်ဗျ။ အဲ့ဒါကြောင့် ကျွန်တော်မျိုးလည်း အဲ့ဒီလူ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေရဲ့ မှတ်တမ်းကို အဓိကထားပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။"

လျှို့ဝှက်စွာစုံစမ်းရန် သတိပေးခံထားရသဖြင့် ပို၍ဂရုတစိုက် သတိထားခဲ့သည်။ သို့သော်လည်း အစပိုင်းတွင် သူက ပြင်းထန်သည့်ကိစ္စဟု မယူဆခဲ့။ ထိုလူက အခြားအင်အားစုများနှင့် ပတ်သက်နေလျှင်ပင် ကုန်သည်များ၊ မှူးမတ်အနွယ်တော်များ၏ နောက်ကွယ်မှ ထောက်ပံ့မှုသာဖြစ်မည်ဟု တွေးခဲ့မိ၏။

ကျူးကျော်၍မရသော ဘုရင်မင်းမြတ်၏ အာဏာသာ ခိုင်မာတည်မြဲသည့် စနစ်အောက်တွင် ဂိုဏ်းဂနများကွဲကာ အပြန်အလှန် သတ်ဖြတ်ကြသော ကြောက်မက်ဖွယ်ကောင်းသည့် အာဏာလုပွဲများ သိပ်ပြီးဖြစ်လေ့ဖြစ်ထမရှိပေ။ တိုင်းပြည်အသီးသီးတွင် အခြေအနေက နည်းနည်းစီ ကွာခြားသော်လည်း အခြေခံအုတ်မြစ်ကတော့ ဆင်တူ၏။

သို့ရာတွင် အကျိုးအမြတ်လုကြသော တိုက်ပွဲကတော့ ပြင်းထန်ပေသည်။ ကုန်သည်များကြားတွင် ပူးပေါင်းလုပ်ဆောင်မှုများ အလွန်အဖြစ်များကာ ကုန်သည်များက မှူးမတ်အနွယ်တော်များနှင့် ပူးပေါင်းပြီး လိမ်လည်လှည့်ဖြားခြင်းဖြစ်စေ၊ ကုန်သည်အဖွဲ့အစည်းများက ပြိုင်ဘက်များကို ဖယ်ရှားရန် လူသတ်သမားငှားရမ်းခြင်းမျိုးဖြစ်စေ မကြာခဏ ဖြစ်လေ့ရှိ၏။

ထိုလမ်းကြောင်းအတိုင်း လိုက်ခဲ့ရာမှ ဘယ်ရုစ်တစ်ယောက် ထူးဆန်းသည့်အရာကို တွေ့ရှိခဲ့သည်။

"သတင်းအချက်အလက်ပွဲစား ကေ့ဂျ်ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ အာရုံစိုက်ရလောက်တဲ့အရာတွေ မရှိပါဘူး။ ဒါပေမဲ့ သူက နာမည်ဝှက်နဲ့ ကုန်သည်အဖွဲ့လေးတစ်ခုကို လုပ်နေတဲ့အကြောင်း သိလိုက်ရပါတယ်ခင်ဗျ။"

ယူဂျင်းလည်း အင်မတန် စိတ်လှုပ်ရှားစွာနှင့် ဘယ်ရုစ်၏ စကားကို အာရုံစိုက် နားထောင်ခဲ့သည်။ ရိုဒရစ်ဂ်က အခြေအနေပေါ် မူတည်၍ အမျိုးမျိုးသော ပုံစံနှင့် တုံ့ပြန်ရန်အတွက် သရုပ်မှန်အထောက်အထားကို အများအပြား ဖန်တီးထားသည့်ပုံပင်။

"ရောင်းအားက လုံးဝနီးပါးမရှိတဲ့ ကုန်သည်အဖွဲ့လေးပါ။ ဒါပေမဲ့ အဲ့ဒီ ကုန်သည်အဖွဲ့ ပိုင်ဆိုင်တဲ့ ဂိုဒေါင်တစ်ခုတော့ ရှိပါတယ်။"

ဘယ်ရုစ်တွင် အစွဲအလမ်းကြီးသောအပိုင်းရှိသည်။ သူက စပြီးတူးဆွလိုက်သည်နှင့် ဇွဲရှိရှိ တူးဖော်တတ်၏။ တစ်ညလုံး အပင်ပန်းခံပြီး တစ်ခုခုကို ရှာတွေ့သွားသည့်အခါ ပင်ပန်းနွမ်းနယ်မှုများ အကုန်ပျောက်ကွယ်သွားသည်အထိ ဝမ်းသာပီတိကို ခံစားလေ့ရှိသူပင်။

ရောင်းအားသိပ်မရှိသော ကေ့ဂျ်၏ ကုန်သည်အဖွဲ့က ထိုဂိုဒေါင်ကို အသုံးပြုပြီးရလာသည့် ဝင်ငွေလည်းရှိမည်မဟုတ်ဟု သံသယဝင်မိ၏။

ကုန်သည်အဖွဲ့ပိုင်ရှင်က သူ့ကုန်သည်အဖွဲ့၏ ပစ္စည်းများဖြင့် ဂိုဒေါင်ကို မဖြည့်နိုင်လျှင် ဂိုဒေါင်ကို အလွတ်ထားပြီး ပစ်ထားမည့်အစား ငှားရမ်းကာ ငွေရှာခြင်းက ပို၍ယုတ္တိရှိပေသည်။ ကုန်သည်သာဆိုလျှင် မိမိ၏ အကျိုးအမြတ်ကို ပထမဦးစားပေးအဖြစ် သတ်မှတ်၍ တွက်ချက်ရမည် မဟုတ်ပေဘူးလား။

ဘယ်ရုစ်တစ်ယောက် ထိုဂိုဒေါင်ကို မကြာသေးမီကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။ ဂိုဒေါင်ကို ဆောက်လုပ်ချိန်က ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခဲ့သည့် အခြေအနေကို စုံစမ်းစစ်ဆေးရာမှ နောက်ထပ် ထူးဆန်းသည့်အချက်တစ်ခုကို ထပ်မံတွေ့ရှိခဲ့လေသည်။

"အဲ့ဒီဂိုဒေါင်က အမှောင်ခန်းဂိုဒေါင် ဖြစ်မယ်ထင်ပါတယ်ခင်ဗျ။"

"အမှောင်ခန်းဂိုဒေါင်ဆိုရင် ပြဿနာရှိလို့လား။"

"အမှောင်ခန်းဂိုဒေါင်က ငှားရမ်းခ ဈေးကြီးပါတယ်။ အဲ့ဒါအပြင် ဈေးကွက်ထဲမှာလည်းရှားပါးလို့ ခေါ်တဲ့ဈေးက တန်ဖိုးပါပဲ။"

ရောင်းအားညံ့ဖျင်းသော ကုန်သည်အဖွဲ့ကို ဖျက်သိမ်းကာ ဂိုဒေါင်ငှားရမ်းသည့် လုပ်ငန်းကိုသာ လုပ်ကိုင်ခြင်းက ပို၍ပင် အကျိုးအမြတ်ရှိပေလိမ့်မည်။

"ဒါပေမဲ့ အမှောင်ခန်းဂိုဒေါင်ဆိုပြီး မှတ်ပုံတင်ထားတာလည်း မရှိပါဘူး။ အဲ့ဒီဂိုဒေါင်ရဲ့ ရည်ရွယ်ချက်ကို သံသယဝင်မိပါတယ်။"

"အမှောင်ခန်းဂိုဒေါင်ဆိုတာ အတည်ပြုပြီးပြီလား။"

"မပြုရသေးပါဘူး။ ဒါပေမဲ့ အဲ့ဒီဂိုဒေါင်ကို ဆောက်တုန်းက လိုအပ်တဲ့ပစ္စည်းတွေကို စစ်ဆေးကြည့်တော့ သေချာပါတယ်ခင်ဗျ။"

'ရိုဒရစ်ဂ်က အဲ့ဒီဂိုဒေါင်မှာ ဘာတွေလုပ်ခဲ့တာလဲ။'

ယူဂျင်းက ရိုဒရစ်ဂ် ပြောခဲ့သော အရေးကြီးသည့် အခမ်းအနား ကျင်းပရာနေရာက ထိုဂိုဒေါင်နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ယူဆလိုက်သည်။

"အရှင်မိဖုရား။ အမှောင်ခန်းဂိုဒေါင် ဆောက်ဖို့ဆိုရင် ကုန်ကျစရိတ် အများကြီးလိုအပ်ပါတယ်။ အဲ့ဒီ ကုန်သည်အဖွဲ့ရဲ့ ငွေကြေးအခြေအနေနဲ့ဆိုရင် မဖြစ်နိုင်သလို ဘာအကြွေးမှလည်း တင်မနေပါဘူး။ အဲ့ဒီလူကို သတင်းအချက်အလက်အတွက် အခကြေးငွေအဖြစ် ဘယ်လောက်ပေးခဲ့ပါသလဲ။"

ယူဂျင်း စကားမပြောနိုင်ဖြစ်သွားသည်။ ကျောဘက်မှ ချွေးစေးများ ထွက်လာ၏။

လိမ်ပြောလိုစိတ် ဖြစ််မိသော်လည်း ဘဏ်မှ ငွေထုတ်ယူခဲ့သော မှတ်တမ်းများ ကျန်ရှိနေသေးသည့်အတွက် စုံစမ်းလိုက်လျှင် ဘာပဲဖြစ်ဖြစ် အကုန်လုံး ပေါ်လာမည်သာ။

မိဖုရား၏ ဘဏ်အကောင့်ဖြစ်သဖြင့် ယူဂျင်း၏ ခွင့်ပြုချက်မရှိဘဲ စုံစမ်းရဲမည်မဟုတ်ပေ။ သို့သော် နန်းရင်းဝန်ကို လိမ်ညာလိုက်၍ ဘာမှအကျိုးရှိမည်မဟုတ်ဟု ကောက်ချက်ချလိုက်၏။

ယူဂျင်းတစ်ယောက် သက်ပြင်းချကာ သုံးနှစ်တာကာလအတွင်း သုံးစွဲခဲ့သည့် ကုန်ကျစရိတ်ကို အမှန်အတိုင်း ပြောပြလိုက်လေသည်။

"..."

ဘယ်ရုစ်လည်း မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားကာ မျက်တောင်တစ်ချက်နှစ်ချက်ခတ်ခဲ့၏။

"အရှင်မိဖုရား။"

သူက ခေါ်လိုက်ပြီးမှ ခဏလောက် စကားမပြောဘဲ နေနေသည်။ ယူဂျင်းက နန်းရင်းဝန်၏ မျက်နှာကိုကြည့်ရင်း အနေခက်လာသဖြင့် အကြောင်းမဲ့ ချောင်းဟန့်လိုက်မိ၏။

"အဲ့ဒီလူက အရှင်မိဖုရားပေးခဲ့တဲ့ ငွေတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့တဲ့ပုံပါပဲ။"

ဘယ်ရုစ်က မိဖုရား၏ လက်ဖွာလှသော သုံးစွဲမှုကြောင့် အလွန်အံ့အားသင့်သွားသော်လည်း ပုဂ္ဂိုလ်ရေး ခံစားချက်နှင့် ဆုံးဖြတ်ချက်မချခဲ့။ မိဖုရားက တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့လျှင် ကြီးမားသည့်ပြဿနာဖြစ်သော်လည်း ကိုယ်ပိုင်ငွေကို မည်သို့ပင် သုံးစွဲပါစေ ဤသည်က လုံးဝ ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်ပေသည်။

မိဖုရားက လောကဓမ္မတာကို နားမလည်ဘဲ ထိုလူပြောသမျှအတိုင်း အဓိပ္ပာယ်မရှိသည့်ဈေးနှုန်းများ ပေးချေခဲ့ခြင်းဖြစ်မည်ဟု ယူဆခဲ့၏။

"ဒါပေမဲ့ အရှင်မိဖုရား ပြောခဲ့တဲ့ ပမာဏဆိုရင် ဂိုဒေါင်ဆောက်လုပ်ရေး ကုန်ကျစရိတ်အတွက် လိုအပ်တာထက် ပိုလျှံနေပါတယ်။ အဲ့ဒီလူက ဂိုဒေါင်အပြင် တခြားနာမည်ခံပြီး အလွဲသုံးစားလုပ်ခဲ့တဲ့ အခြေအနေတွေ ရှိ၊ မရှိ နောက်ထပ် စုံစမ်းစစ်ဆေးပါဦးမယ်။ အခုအချိန်အထိ ပေါ်လာတဲ့ အခြေအနေတွေနဲ့တင် အဲ့ဒီလူကို စစ်ဆေးမေးမြန်းဖို့ အကြောင်းပြချက် လုံလောက်ပါတယ်ခင်ဗျ။ ဘယ်လို လုပ်ဆောင်စေချင်ပါသလဲ။"

ယူဂျင်းတွင် ရိုဒရစ်ဂ်ကို ချက်ချင်း ထိပါးရန် စိတ်ကူးမရှိပေ။ ထိုလူမှတစ်ဆင့် စုံစမ်းစစ်ဆေးရမည့် ကိစ္စများ အများကြီးရှိသေး၏။

"စဉ်းစား...ကြည့်ရပါဦးမယ်။ အဲ့ဒီလူကို သတင်းအချက်အလက် အဖိုးအခအနေနဲ့ ပေးခဲ့တဲ့ငွေတွေကို သူက ဘာရည်ရွယ်ချက်အတွက် သုံးခဲ့သလဲဆိုပြီး ဝင်စွက်ဖက်ဖို့ကလည်း အခက်သား။ ကျွန်မကို သတင်းအမှား ပေးခဲ့တာတို့၊ ငွေကိုပဲယူပြီး ထွက်ပြေးသွားတာတို့ မဟုတ်ဘူးလေ။"

"အဲ့ဒီလူကို ချက်ချင်း ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ ဆန္ဒမရှိသေးဘူးဆိုရင် ဒီအတိုင်းပဲ စုံစမ်းစစ်ဆေးတာကို ဆက်လုပ်သွားလို့ရမလားခင်ဗျ။"

ယူဂျင်း စိုးရိမ်တကြီး ပင့်သက်ကို မျိုချလိုက်တော့ လည်ချောင်းထဲတွင် ပူစပ်သွား၏။ သူက တည်ငြိမ်ဟန်ဆောင်ကာ မေးလိုက်သည်။

"အဲ့ဒီလူက ဘာတွေလုပ်နေခဲ့တာလဲ။"

"ကျွန်တော်လည်း မသိရသေးပါဘူး။"

ဘယ်ရုစ်က သီးခြားစုံစမ်းနေသည့် အစွန်းရောက်ဂိုဏ်း အဖွဲ့ဝင်များနှင့် ကေ့ဂျ်ကြားတွင် ငွေကြေးလွှဲပြောင်းမှုများရှိနေသည့် အခြေအနေကို တွေ့ရှိခဲ့သည်။ ကေ့ဂျ်က အစွန်းရောက်ဂိုဏ်းဝင် ဖြစ်နိုင်သည်ဟူသော သံသယနှင့် ပို၍စုံစမ်းစစ်ဆေးရန် ရည်ရွယ်ထား၏။ သို့သော် လောလောဆယ်တော့ စကားကို ဆင်ခြင်ပြောခဲ့သည်။

"ထူးခြားတဲ့ အခြေအနေတွေရှိရင် ကျွန်မကိုလည်း အသိပေးပါဦး။"

ယူဂျင်းက စိုးရိမ်ပူပန်မှုနှင့် ရင်တုန်နေသော်လည်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။"

"ကိုင်တွယ်ဖြေရှင်းရမဲ့ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့တင် နားချိန်တောင်ရမှာမဟုတ်တာကို။ ဒါပေမဲ့လည်း ကျွန်မ တောင်းဆိုခဲ့တဲ့ကိစ္စကို ဒီလောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပင်ပန်းသွားခဲ့ပြီ။ လော့ဒ် ရစ်ဆန်။"

"အလွန်အကြူး ချီးမွမ်းနေပါပြီ။ ကျွန်တော်မျိုးက လုပ်ရမဲ့အရာကို လုပ်ဆောင်ရုံပါ။"

ဘယ်ရုစ် ပြန်သွားပြီးနောက် ယူဂျင်းက လက်နှစ်ဖက်ဖြင့် သူ့ခေါင်းသူ ဆုပ်ကိုင်ထားပြီး ဧည့်ခန်းထဲတွင် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။

'ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။'

ဂျင်က ပိုက်ဆံအများကြီးသုံးပြီး ဂိုဒေါင် ဆောက်ခဲ့သည်ဆိုတော့။ ထိုအမှောင်ခန်းဂိုဒေါင်က အင်မတန် သံသယဖြစ်ဖွယ်ပင်။

ယူဂျင်း ရိုဒရစ်ဂ်ကို စုံစမ်းရန် နန်းရင်းဝန်ကို အကူအညီတောင်းခဲ့စဉ်က လူသိရှင်ကြား အသုံးပြုသော သရုပ်မှန်အထောက်အထားဖြစ်သည် ကေ့ဂျ်ဟူသောလူကို သိရှိရန် ရည်ရွယ်ခဲ့၏။ သို့သော် နန်းရင်းဝန်က တစ်ခါတည်းနှင့် အကြောင်းအရာကို ဆွဲထုတ်လိမ့်မည်ဟု ဘယ်သူကထင်မည်နည်း။

'ဟား...ရိုဒရစ်ဂ်။ ဒီလောက်လေးပဲလား။ နန်းရင်းဝန်က ရက်ပိုင်းလောက်လေး စုံစမ်းလိုက်တာနဲ့ အမြီးကို တန်းမိသွားပြီပေါ့လေ။'

နန်းရင်းဝန်က ရိုဒရစ်ဂ်၏ သရုပ်မှန်ကို မသိသေးဘူးဟု ထင်ရသော်လည်း အချိန်မရွေး သိသွားနိုင်ပေသည်။ ထိုအခါ သူနှင့် ဂျင် ပတ်သက်ခဲ့သည့် ကိစ္စများအားလုံး အတူတူ ပေါ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် မိဖုရားက အစွန်းရောက်ဂိုဏ်းကို ကာလရှည်ကြာ ထောက်ပံ့ပေးခဲ့ကာ သူတော်စင်အရှင်မဟု အခေါ်ခံခဲ့ရသည့်အဖြစ်ကို မည်သို့ချေပရမည်နည်း။

အကြီးဆုံး ပြဿနာမှာ ဂျင် အစွန်းရောက်ဂိုဏ်းမှတစ်ဆင့် ဘာတွေလုပ်ခဲ့လဲဆိုသည်ကို လုံးဝ မသိရှိရသေးခြင်းပင်။ ဘာမှမသိသဖြင့် ရိုဒရစ်ဂ် မည်သို့သော အဓိပ္ပာယ်မရှိသည့် ဆင်ခြေကို ပေးလာပါစေ ပြန်လည်ချေပရန် မဖြစ်နိုင်ပေ။

ထို့အပြင် တာနီယာ မော်လီကို မည်သို့ကိုင်တွယ်ရမလဲဟူသော ပြဿနာလည်းရှိနေ၏။ ဘယ်နေရာမှ စ၍ ကိုင်တွယ်ရမည်မှန်း မသိလောက်အောင် စိတ်ပျက်နေရသည်။

လက်ပိုက်ပြီး အချိန်အတော်ကြာ စဉ်းစားနေခဲ့သော ယူဂျင်းက ခေါင်းမော့လိုက်၏။

'အဲ့ဒီလိုလုပ်ရုံအပြင် မရှိတော့ဘူး။'

~~~~

ထိုညတွင် ပုံမှန်အတိုင်း ဘုရင်မင်းမြတ် စေလွှတ်လိုက်သော အစေခံ ရောက်လာပြီးနောက် ဘုရင်မင်းမြတ်က မိဖုရား၏ အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။

ယူဂျင်းက အခြားရက်များကလို ခုတင်ပေါ်တွင်ထိုင်ပြီး သူ့ကို စောင့်နေခြင်းမဟုတ်ဘဲ ဆိုဖာပေါ် ထိုင်နေကာ သူ ဝင်လာသည်နှင့် ထရပ်လိုက်၏။ အကျင့်အတိုင်း ခုတင်ဆီသို့ အရင်ဆုံး လှမ်းကြည့်လိုက်သည့် ခါဆယ်ရ်က ယူဂျင်းကို မတွေ့ရသည်နှင့် ခေါင်းလှည့်လိုက်သည်။ ဆိုဖာရှေ့တွင် ရပ်နေသည့် ယူဂျင်းကိုမြင်တော့ အဲ့ဒီဘက်သို့ လျှောက်သွားခဲ့၏။

"အရှင်မင်းကြီး။ ကျွန်မမှာ ပြောစရာရှိပါတယ်။"

"အခုလား။"

"ဟုတ်ကဲ့၊ အခုပါပဲ။"

ခါဆယ်ရ်က ပြန်မေးခဲ့သည်။

"ဆက်ဆက် အခုလား။"

"မဖြစ်မနေ အခုပဲ ပြောမှဖြစ်မှာပါ။"

ယူဂျင်းက သူ့ကို ထိုင်ခိုင်းသည့် ပုံစံမျိုးဖြင့် လက်နှစ်ဖက်နှင့် ဆိုဖာကို ညွှန်ပြခဲ့သည်။ ခါဆယ်ရ်က သိပ်မကြည်သလို မျက်နှာထားနှင့် ဆိုဖာပေါ်တွင် ထိုင်လိုက်၏။

ယနေ့ နေ့လယ်စာ အတူစားပြီးသည့်နောက် ယခုမှသာ နှစ်ယောက်ပြန်တွေ့ရခြင်းပင်။ ဇနီးသည်၏ မျက်နှာကို မြင်ရရန် ဘာကြောင့်များ ဤမျှအထိ ခက်ခဲနေရသလဲ။ ခါဆယ်ရ်က တော်တော်မတရားဘူးလို့ တွေးလိုက်မိသည်။ ချက်ချင်း ယူဂျင်းကို ထွေးပွေ့ကာ ခုတင်ပေါ် လှဲချပြီး အနမ်းများခြွေချင်၏။ အချိန်အနည်းငယ် ကြန့်ကြာနေရသည်ကိုပင် နှမြောနေမိသည်။

"အရှင်မင်းကြီး။"

ယူဂျင်းက ချက်ချင်း စကားမစနိုင်ဘဲ တုံ့ဆိုင်းနေ၏။ ပြောရခက်နေသော အမူအရာကိုပြနေတော့ ခါဆယ်ရ်၏ မျက်လုံးထဲတွင် သိလိုစိတ်များ ပေါ်လာတော့သည်။

"အမ်... ကျွန်မလေ။ ပြဿနာ ရှာထားပါတယ်...ဟင့်အင်း၊ ရှာထားမိတယ်လို့ ထင်ပါတယ်။"

နောက်မှထပ်ထွက်လာသော စကားက ပို၍ပင် စိတ်ဝင်စားစရာကောင်းလာသည်။ ခါဆယ်ရ်က ဆိုဖာနောက်မှီကိုမှီကာ ယူဂျင်းကို စိုက်ကြည့်နေ၏။ သူပြောမည့် စကားကို အသာလေး နားထောင်မည်ဟူသော သဘောထားကို ပြလိုက်ခြင်းပင်။

"အခု မဟုတ်ဘဲ အရင်တုန်းကပါ။ မှတ်ဉာဏ်တွေ မပျောက်ခင်က လုပ်ခဲ့တဲ့ကိစ္စပါ။"

ယူဂျင်းက နန်းရင်းဝန်ကို သတင်းပွဲစား ကေ့ဂျ်နှင့် ပတ်သက်ပြီး စုံစမ်းခိုင်းခဲ့သည့် ကိစ္စရော၊ ယနေ့ နန်းရင်းဝန် လာရောက်အစီရင်ခံသွားသည့် အကြောင်းအရာများကိုပါ အကုန် ပြောပြလိုက်သည်။

"ဒါဆို အဲ့ဒီလူက မင်းပေးတဲ့ ပိုက်ဆံနဲ့ ဂိုဒေါင် ဆောက်လိုက်တာ ဘာပြဿနာရှိလို့လဲ။ အဲ့ဒီလူက မင်းကို လှည့်စားခဲ့တယ်ဆိုရင် သူ့ကို အပြစ်ပေးလိုက်ရုံပဲလေ။"

ယူဂျင်းက ခါဆယ်ရ်၏ မျက်နှာထားကို အကဲခတ်ရင်း ပြောလိုက်သည်။

"အဲ့ဒီလူက... သာမန်သတင်းပွဲစား မဟုတ်ဘူးဆိုတဲ့အချက်ကို ကျွန်မ မှတ်မိသွားပါပြီ။"

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment