အပိုင်း ၈၉
ခန္ဓာကိုယ် သေးငယ်သည်ဆိုသော်လည်း မှော်ဝင်သားရဲကို ချစ်စရာကောင်းသည်ဟု တွေးမိသူက ယူဂျင်းတစ်ယောက်တည်းသာ ဖြစ်လောက်ပေသည်။ ဤနေရာမှ လူများအတွက် လာ့ခ်က ဘယ်လိုမှ ချစ်ခင်နှစ်သက်ဖွယ်အရာ မဟုတ်နိုင်ပေ။
အာဘူက လာ့ခ် အမဲလိုက်ခြင်း၏ ပြယုဂ်အဖြစ် နာမည်ကြီးသော မှော်ဝင်သားရဲပင်။ လူတို့က ကြီးမားကြံ့ခိုင်ပြီး အသိဉာဏ်ရှိသော မှော်ဝင်သားရဲ၏ ပုံပန်းသဏ္ဌာန်ကို မျှော်လင့်ကြမည်ဖြစ်သော်လည်း ယခုလက်ရှိ အာဘူ၏ပုံစံကို ကြည့်ပြီး ဘုရင်မင်းမြတ်ကို ဩဇာကြီးသူဟု တွေးမိသူ တစ်ယောက်မှရှိလေမည်မဟုတ်။
'ဘုရင်မင်းမြတ်အတွက် မှော်ဝင်သားရဲဆိုတာက အထူးအလေးထားရတဲ့ အရာဆိုတော့ သူ့ရဲ့မှော်ဝင်သားရဲကို ရယ်စရာလို့ မြင်ကုန်ကြရင် ဘယ်သဘောကျပါ့မလဲ။'
ယူဂျင်းတစ်ယောက် ယခင်တစ်ခါ သေးငယ်သွားသော အာဘူကို ပထမဆုံးအကြိမ် မြင်ခဲ့စဉ်က ခါဆယ်ရ်၏ မျက်နှာထားကို သတိရလိုက်သည်။ အဓိပ္ပာယ်မရှိလိုက်တာဟူသောအကြည့်ဖြင့် အာဘူကို ကြည့်နေသည့် သူ့မျက်နှာထားက ကြည်လင်နေပုံမရပေ။
'ငါ့ကိုတော့ ဘာမှမပြောပေမဲ့... တကယ်တမ်း သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတာများလား။'
ထိုစဉ်က အာဘူ၏ အသွင်အပြင်နှင့် သူ၏ခံစားချက်ကို ဘယ်လိုမှ ဆက်စပ်တွေးမိခြင်းမရှိခဲ့။ အာဘူနှင့် ရင်းနှီးခင်မင်စွာနေရန် ခွင့်ပြုချက်ရလိုက်ပြီဟုသာ ထင်ခဲ့မိ၏။
'ငါလည်း တကယ်ကို လက်လွတ်စပယ် နေခဲ့တာပါလား။'
ရုတ်တရက် သဘောပေါက်သွားကာ သက်ပြင်းချလိုက်မိသည်။
'အာ... ဒါကြောင့်များလား။'
လွန်ခဲ့သည့် ရက်ပိုင်းက 'အသေးလေး သခင်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ' ဟု နောက်လိုက်စဉ် မာရီအန်း၏ ကျေနပ်ပုံမရသည့် တုံ့ပြန်မှုကို အခြားအဓိပ္ပာယ်နှင့် ပြန်ပြီးအနက်ဖွင့်လိုက်မိ၏။
'မာရီအန်းက မတော်လို့ မှော်ဝင်သားရဲရဲ့ သခင်ပြောင်းသွားခဲ့ရင် နောက်ဆက်တွဲ ဖြစ်လာမဲ့ ကိစ္စတွေကို စိုးရိမ်ခဲ့တာပဲ။'
ထိုနေ့က မာရီအန်းတစ်ယောက် ဘုရင်မင်းမြတ်ဘက်မှ ခံစားပေးကာ 'မှော်ဝင်သားရဲ အလုခံရမှာကို စိုးရိမ်နေတာများလား' ဟု ယူဂျင်း ထင်ခဲ့ဖူး၏။ သို့ရာတွင် ထိုသို့သော ကိုယ်ရေးကိုယ်တာ စိုးရိမ်ပူပန်မှုမျိုးထက် ပိုပြီးအရှည်ကိုကြည့်ခဲ့တာပဲဟု တွေးလိုက်တော့ ဤသည်က မာရီအန်း၏ ပုံမှန်စိတ်နေစိတ်ထားနှင့် ပို၍ကိုက်ညီသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်မည်ဟု မှတ်ယူမိတော့သည်။
မှော်ဝင်သားရဲကြောင့် ဘုရင်နှင့် မိဖုရားကြားတွင် ထိပ်တိုက်ရင်ဆိုင်ရမည့် ခံစားချက်မျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေခဲ့ခြင်းပင်။ ထိုနေ့က ယူဂျင်းကို ပေးခဲ့သော အကြံပေးစကား၏ အဓိပ္ပာယ်က နောက်ဆုံးတော့ အတူတူသာဖြစ်၏။
ယူဂျင်းတစ်ယောက် ထိုနေ့က မာရီအန်း၏ စကားကို ကြားခဲ့ရပြီးနောက် ရက်ပိုင်းလောက်ကြာအောင် အတွေးများခဲ့ရသည်။ ရင်ထဲတွင် တစ်မျိုးဖြစ်ရသလို၊ နည်းနည်းလည်း စိတ်မကောင်းဖြစ်ရကာ မာရီအန်းကို အင်မတန် အထိမခံဖြစ်လွန်းသည်ဟု စိတ်ထဲမှ ညည်းတွားမိရာမှ မာရီအန်း၏ အကြံပေးစကားကို ပေါ့ပေါ့တန်တန် သဘောမထားရန် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆုံးမခဲ့ရ၏။
'သတိထားတာက အကောင်းဆုံးပဲပေါ့။'
ယူဂျင်းက ထိုသို့ နိဂုံးချုပ်လိုက်သည်။
'အဲ့ဒီလူက ငါ့ရဲ့ ရည်ရွယ်ချက်ကို သူစိတ်ထင်ရာအတိုင်း မဟုတ်မမှန် အထင်လွဲသွားလောက်တဲ့သူမျိုးတော့ မဟုတ်ပေမဲ့... ပြီးမှ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး နောက်ကျတော့မှ လိုက်ဖြေရှင်းရတာထက်စာရင် ကြိုပြီးသတိထားနေတာက ပိုကောင်းတယ်လေ။'
ယူဂျင်းက 'ငါ့ရည်ရွယ်ချက်က အဲ့ဒီလိုမဟုတ်ဘူး' ဟု အချည်းနှီး မာန်မာန မထောင်လွှားရန် ဆုံးဖြတ်လိုက်သည်။ သူ့အနေအထားအရ မရဏဘုရင်နှင့် အထင်လွဲမှုများဖြစ်လာလျှင် ဖြေရှင်းလိုက်ရုံနှင့် ပြီးသွားနိုင်သည့် ရိုးရှင်းသော ဆက်ဆံရေးမျိုး မဟုတ်ပေ။ ဘုရင်နှင့် မိဖုရားတို့၏ ပတ်ဝန်းကျင်တွင် လူအမြောက်အမြားရှိ၏။ ပတ်ဝန်းကျင်က မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်းဖြစ်စေ၊ ကွဲလွဲသော စကားများကို သယ်ဆောင်လာခြင်းဖြစ်စေ အခြေအနေအမျိုးမျိုးကို ထည့်တွက်ရပေမည်။
"အာဘူ။"
ယူဂျင်းက အာဘူကို ပွတ်သပ်နေသည့် လက်ကို ရုပ်လိုက်သည်။
"အရေးကြီးတဲ့စကား ပြောစရာရှိလို့ ထိုင်ပါဦး။"
မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အာဘူက နားရွက်လေးကိုထောင်ကာ ကိုယ်ကို ထူမတ်ပြီး တင်ပါးကိုသာ မြေပေါ်တွင်ကပ်လျက် ထိုင်လိုက်သည်။ ဝိုင်းစက်နေသော မျက်လုံးနီနီလေးများဖြင့် သူ့အား မော့ကြည့်နေသည့် ပုံစံလေးက ချစ်စရာကောင်းလွန်းလှ၍ ယူဂျင်းတစ်ယောက် ဖက်ပြီးဆွဲထားချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ချုပ်တည်းထားရ၏။
"ငါတို့တွေ တစ်ခုလေးပဲ ကတိထားကြရအောင်။ အခုလိုမျိုး နင်က သေးသေးလေးဖြစ်သွားပြီး ငါနဲ့ ရင်းရင်းနှီးနှီးနေတာကို ငါနဲ့ပဲ... ဟင့်အင်း နင့်သခင်ရှိနေတဲ့အချိန်ဆိုရင်လည်း အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ငါနဲ့ နင့်သခင်ကလွဲပြီး တခြား ဘယ်သူ့အရှေ့မှာမှ ဒီလိုမျိုးမလုပ်နဲ့နော်။"
အာဘူက ယူဂျင်းကို စိုက်ကြည့်နေခဲ့သည်။ 'ဘာဖြစ်လို့လဲ' ဟု မေးနေသယောင်လည်း ရှိကာ 'ဘာတွေ ပြောနေတာလဲ' ဟု မသိနားမလည်သယောင်လည်း ရှိနေ၏။ ထို့ကြောင့် ယူဂျင်းက ပို၍အသေးစိတ်ကျပြီး၊ နားချရလွယ်မည့် အကြောင်းပြချက်ကို စဉ်းစားလိုက်သည်။
"အာဘူ။ တခြားလူတွေအမြင်မှာ နင့်ကို ကြီးမားကြံ့ခိုင်တဲ့ မှော်ဝင်သားရဲကြီးလို့ပဲ ထင်စေချင်တယ်။ ဒါပေမဲ့ ငါက သေးသေးလေးဖြစ်နေတဲ့ နင့်ကို ပွေ့ချီထားရင် ဘယ်သူမှ နင့်ကို ကြောက်ကြတော့မှာ မဟုတ်ဘူးလေ။ လူတွေဆိုတာ နဂိုကတည်းက သတ္တဝါ သေးသေးလေးတွေဆိုရင် အထင်သေးတတ်ကြတာ။ ငါပြောတာ နားလည်တယ်မဟုတ်လားဟင်။"
အာဘူက ဂယောင်းဟု အော်သံလေးပေးကာ ပြန်ဖြေခဲ့သည်။ ခန္ဓာကိုယ် အရွယ်အစားဖြင့် အသာစီးရယူမှုကို ဆုံးဖြတ်သည့် သဘောတရားက လာ့ခ်ကမ္ဘာ၏ အခြေခံမူဖြစ်၍ အာဘူက သေးငယ်သော သတ္တဝါကို လူတို့က အထင်သေးကြလိမ့်မည်ဟူသော စကားအား ချက်ချင်းပင် နားလည်သွား၏။
သူက တောက်ပကြည်လင်သော မျက်လုံးလေးများဖြင့် ယူဂျင်းကို ကြည့်ရင်း ခေါင်းလေးကို ငဲ့စောင်းလိုက်သည်။ 'ဒါပဲလား'၊ 'ထပ်ရှိသေးလား' ဟု မေးနေသလိုပင်။ ယူဂျင်းလည်း မထိန်းနိုင်တော့ဘဲ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ အာဘူကို ပွေ့ချီပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်တော့သည်။
"အမလေး၊ ဒီချစ်စရာကောင်းတဲ့ ကောင်လေးကတော့။ အာဘူ၊ ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ။ ဟင်။ ဘယ်သူမို့လို့ ဒီလောက်တောင် ချစ်စရာကောင်းရတာလဲလို့။"
ယူဂျင်းက အသံသေးသေးလေးနှင့် ကလေးဆန်ဆန်စကားများကို ရွတ်ရင်း အာဘူ၏ အမွေးများပေါ်သို့ ပါးကိုအပ်ကာ အကြမ်းပတမ်း ပွတ်သပ်နေခဲ့သည်။ အာဘူက မသက်မသာဖြစ်ရသလို ညည်းတွားသည့်အသံနှင့်အော်မြည်ရင်း ကိုယ်ကို လူးလွန့်နေ၏။ လူသားမိန်းမ ပွတ်သပ်ပေးသည်ကို ခံရခြင်းက ကောင်းသော်လည်း ရံဖန်ရံခါ တအားကပ်တွယ်လာလျှင်တော့ စိတ်အနှောင့်အယှက်ဖြစ်ရပေသည်။
သေးငယ်သော်လည်း တုတ်ခိုင်သော ခြေဖဝါးလေးက ယူဂျင်း၏မျက်နှာကို တွန်းထုတ်ခဲ့၏။ ယူဂျင်းလည်း တခစ်ခစ် ရယ်မောရင်း အာဘူကို မြေပြင်ပေါ် ပြန်ချပေးလိုက်သည်။
ထို့နောက် ခါးဆန့်ပြီး မတ်တပ်ရပ်လိုက်ကာ မျက်နှာကို ညင်သာစွာ ထိတွေ့သွားသည့် လေညင်းလေးကို ခံစားကြည့်လိုက်၏။ ဒီအတိုင်း ရဲတိုက်ထဲ ဝင်သွားရမည်ကို နှမြောမိသည်။ ယူဂျင်းက အာဘူကို ငုံ့ကြည့်ရင်း ပြုံးလိုက်၏။
"အာဘူ။ အတူတူ လမ်းလျှောက်မလား။"
အာဘူ၏ အမြီးရှည်ရှည်လေးက အပေါ်သို့ မြောက်တက်လာကာ ဟိုဘက်ဒီဘက် ယိမ်းထိုးလှုပ်ခါသွားသည်။ ယူဂျင်း လမ်းစလျှောက်တော့ ကျားသစ်နက်လေးက ဘေးမှယှဉ်တွဲကာ အတူတူ လိုက်လျှောက်လာခဲ့၏။
~~~~
ဆူရာန် ဘုရင့်တိုင်းပြည်မှ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံသည့် အကြောင်းကြားစာ ရောက်လာသည်။ ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် နယ်နိမိတ်ချင်း ထိစပ်နေသော တိုင်းပြည်များကြား၌ လာ့ခ်အမဲလိုက်ခြင်း၊ ပြည်သူတို့၏ လုံခြုံရေးကိစ္စများနှင့် ပတ်သက်ပြီး ကြိုတင်သဘောတူညီချက်များ ချုပ်ဆိုလေ့ရှိ၏။ ဟာရှီတိုင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တိုင်းပြည်က ဆူရာန်တိုင်းပြည် တစ်ခုတည်းသာ။
ဤသည်က ပုံမှန်ဖြစ်ပြီး စည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်၍ အသေးစိတ် စစ်ဆေးစရာ ဘာမှမရှိခဲ့။ ဘုရင်မင်းမြတ်က အတည်ပြုသည့် တံဆိပ်ကိုသာ ရိုက်နှိပ်ပေးရန် လိုအပ်ပေသည်။ သို့ရာတွင် ခါဆယ်ရ်က တံဆိပ်တုံးခတ်နှိပ်ပြီးနောက် စာရွက်စာတမ်းများကို ကိုင်ထားရင်း အတွေးထဲ နစ်မျောသွား၏။ မိဖုရားနှင့် ကတိပေးထားသည့်ကိစ္စကို သတိရသွားသောကြောင့်ပင်။
'ဆူရာန်ရဲ့ ကြင်ရာတော်မင်းသမီးကို ဖိတ်ခေါ်မယ်လို့ ပြောခဲ့တာပဲ။ တဖြည်းဖြည်းနဲ့ သံတမန်စေလွှတ်ဖို့ သင့်တော်တဲ့အချိန်တောင် ရောက်နေပြီ။'
ခါဆယ်ရ် မျက်မှောင်ကြုတ်ရင်း အကြည့်ကို ပင့်လိုက်သည်။
'အာဘူလား။'
သူ၏ အာရုံကို ညင်သာစွာ ထိပါးသွားသော ဤခံစားချက်က အာဘူ ခေါ်လိုက်သည့် အသံလိုပင်။ ဘုရင်မင်းမြတ်နှင့် မှော်ဝင်သားရဲတို့က အချင်းချင်း စိတ်ချင်းဆက်သွယ်၍ရသဖြင့် သိပ်မဝေးလျှင် တစ်ဖက်လူကို ခေါ်နိုင်ပေသည်။ သို့ရာတွင် ယခုအချိန်အထိ အာဘူက သူ့အား တစ်ခါမှ ခေါ်ဖူးခြင်းမရှိသေး။
'ဘာကိစ္စများပါလိမ့်။'
ရဲတိုက်ထဲတွင် ဘာမှ ထွေထွေထူးထူး ဖြစ်နိုင်မည်မဟုတ်သော်လည်း မလုပ်ဖူးသည့် လုပ်ရပ်ကို လုပ်နေသဖြင့် စိတ်ပူသွား၏။ ခါဆယ်ရ်လည်း စာရွက်စာတမ်းများကို ချထားကာ စားပွဲမှ ထရပ်လိုက်သည်။ ဘုရင်မင်းမြတ် လှုပ်ရှားသွားသည်ကိုမြင်ပြီး အလျင်အမြန် ချဉ်းကပ်လာသည့် အပါးတော်မြဲက ဘုရင်မင်းမြတ် အသာလေး လက်ဝှေ့ယမ်းပြလိုက်သောအခါ နောက်ဆုတ်သွား၏။
ခါဆယ်ရ်က လသာဆောင်သို့ထွက်သည့် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ လသာဆောင်လက်ရန်းအောက်ဘက်သို့ ငုံ့ကြည့်လိုက်သည့်အခါ အောက်မှ အပေါ်သို့ မော့ကြည့်နေသော ယူဂျင်းနှင့် မျက်လုံးချင်း ဆုံသွားတော့၏။
~~~~
ယူဂျင်းက အာဘူနှင့် လမ်းလျှောက်ရင်း ရဲတိုက်၏ အပြင်ဘက်နံရံ တစ်နေရာစီမှ ထိုးထွက်နေသော လသာဆောင်များကိုမြင်တော့ ရုတ်တရက် ဘုရင်မင်းမြတ်၏ ရုံးခန်းက ဘယ်နားလောက်မှာပါလိမ့်ဟု သိချင်မိသွားသည်။
ရဲတိုက်အတွင်းပိုင်း အဆောက်အအုံဖွဲ့စည်းပုံကို အကြမ်းဖျင်းသိထားသော်လည်း အပြင်ဘက်မှ အတွင်းပိုင်းဖွဲ့စည်းပုံကို မြင်ယောင်အောင် မှန်းဆနိုင်လောက်သည်အထိတော့ ကျွမ်းကျင်ခြင်း မရှိခဲ့ပေ။
အာဘူကို 'နင့်သခင် ဘယ်မှာရှိလဲ သိလား' ဟု မေးလိုက်တော့ အာဘူက ယုံကြည်မှုအပြည့်နှင့် လမ်းကြောင်းကို ဦးတည်ပြီး ယူဂျင်းကို ရုံးခန်း၏ လသာဆောင်အောက်သို့ ခေါ်သွားခဲ့သည်။
လသာဆောင်က တော်တော်မြင့်လှ၏။ သူ့အသံကို ခါဆယ်ရ် ကြားနိုင်လောက်မည်မထင်ပေ။ ကြားနိုင်လျှင်ပင် အလုပ်ရှုပ်နေသည့် ဘုရင်မင်းမြတ်ကို ရပ်ကွက်ထဲ သူငယ်ချင်းခေါ်သလို ခေါ်၍မသင့်တော်ဟု တွေးမိ၏။ သို့သော် ဒီအထိ လာခဲ့ပြီးမှ လက်ချည်းဗလာ ပြန်သွားရမည်ကိုလည်း နှမြောမိပြန်သည်။
ယူဂျင်းက အာဘူအား သခင်ကို ခေါ်ကြည့်ခိုင်းပြီး စောင့်နေလိုက်၏။ အာဘူက ဟိန်းဟောက်ခြင်း၊ ထူးခြားသော အပြုအမူများ လုပ်ခြင်းမရှိဘဲ ရုံးခန်း၏ လသာဆောင်ကိုသာ အသာလေး မော့ကြည့်နေသည်။ သို့သော် ခဏအကြာတွင် ခါဆယ်ရ် ခေါင်းကို အပြင်ဘက် ထုတ်ကြည့်လာတော့ ယူဂျင်းတစ်ယောက် အံ့ဩပြီး ဝမ်းသာသွားရ၏။
"အာဘူ။ တကယ် ခေါ်လို့ရတာပဲ။ တော်လိုက်တာ။"
ယူဂျင်းက အာဘူကို ချီးကျူးရင်း ခါဆယ်ရ့်ဘက်သို့ လက်နှစ်ဖက်စလုံး ဝှေ့ယမ်းပြလိုက်သည်။ ခဏလောက် ယူဂျင်းအား အံ့ဩတကြီး မျက်လုံးများဖြင့် ကြည့်နေခဲ့သည့် သူက ဘာတုံ့ပြန်မှုမှမလုပ်ဘဲ ချက်ချင်း အတွင်းဘက်သို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
"နင့်သခင်က တော်တော်အလုပ်များနေတဲ့ပုံပဲ။"
ယူဂျင်းက အားမပါစွာ ပြုံးရင်း အာဘူကို ပြောလိုက်သည်။ စိတ်မကောင်းဖြစ်မိသည့်အတိုင်း သူရှိခဲ့ရာ လသာဆောင်ကို မော့ကြည့်လိုက်တော့ မျက်လုံးများပြူးသွားရ၏။ သိတောင်မသိလိုက်ခင်မှာပင် သူက လသာဆောင် လက်ရန်းပေါ်တက်ကာ ရပ်နေပေပြီ။
ခုန်ချလိုက်၍ အောက်သို့ပြုတ်ကျလာသော သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်ကို အပြာရောင်မြွေပုံသဏ္ဌာန်က ရစ်ပတ်ထားလျက်ရှိသည်။ ဆွဲငင်အား၏ သက်ရောက်မှု လုံးဝမရှိသလိုပင်။ မြေပြင်ပေါ်သို့ ချောချောမွေ့မွေ့ ဆင်းသက်လိုက်သည့် အခိုက်အတန့်တွင် ဘာအသံမှ မကြားရသလောက်ရှိ၏။
ယူဂျင်းတစ်ယောက် ဤအဖြစ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်သော်လည်း အံ့ဩသွားခဲ့သည်။ ထိုစဉ် ခါဆယ်ရ်၏ကိုယ်ကို ရစ်ပတ်ထားသော အပြာရောင်မြွေက ရုတ်တရက် သူ့ထံသို့ ကိုယ်ကို ဆန့်ထုတ်ကာ ပြေးလာသဖြင့် ယူဂျင်းလည်း လန့်ဖျပ်ကာ အနောက်ဆုတ်လိုက်မိ၏။
အပြာရောင်မြွေက ယူဂျင်းကို မထိနိုင်ခင်မှာပင် မှေးမှိန်ကာ ပျောက်ကွယ်သွားတော့သည်။ ခါဆယ်ရ်က ရုတ်တရက် ထင်ရာစိုင်းပြီး လှုပ်ရှားခဲ့သည့် ပရာ့ဂ်ျကို တင်းတင်းချုပ်ကိုင်ကာ သူ၏ကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းပြီးနောက် ယူဂျင်းကို မေးလိုက်၏။
"အဆင်ပြေရဲ့လား။"
"ဟုတ်ကဲ့...အဆင်ပြေပါတယ်။ ဘာဖြစ်လို့ ရုတ်တရက် အဲ့ဒီလို ဖြစ်သွားတာလဲဟင်။ ကျွန်မကို ဒေါသထွက်နေသလိုမျိုး။"
"မဟုတ်ဘူး။ တစ်ခါတစ်လေ ဒီလိုမျိုးဖြစ်တတ်လို့ စိတ်ထဲမထားနဲ့။"
'ဒေါသတဲ့လား။ အဲ့ဒါထက် ဆန့်ကျင်ဘက်ဖြစ်မှာကို။'
ခါဆယ်ရ်တစ်ယောက် ယူဂျင်း ဖန်တီးပေးခဲ့သော ရေ၏ ပုံရိပ်ထဲတွင် ပျော်ရွှင်စွာ ကူးခပ်ကစားနေခဲ့သည့် ပရာ့ဂ်ျကို သတိရသွားသည်။
ရှင်ဘုရင်ဖြစ်လာပြီးကတည်းက ယခုတလောလောက် ပရာ့ဂ်ျကို မထိန်းချုပ်နိုင်ခြင်းမျိုး မရှိဖူးခဲ့။ ယခုတလော သူ၏ထိန်းချုပ်မှုအောက်မှ မကြာခဏ လွတ်ထွက်သွားနေသော်လည်း ထူးဆန်းစွာပင် အန္တရာယ်ရှိသည်ဟုတော့ မခံစားခဲ့ရပေ။
ထို့အပြင် ယခု သူက ပရာ့ဂ်ျကို အပြစ်တင်နိုင်သည့် အနေအထားတွင် ရှိမနေခဲ့။ မနေ့က အချိန်သတ်မှတ်ထားသည့် ညီလာခံကိုပင် ရွှေ့ဆိုင်းကာ ရုံးခန်းအပြင်သို့ ခုန်ဆင်းလာခဲ့သည်ကိုး။ ဤကဲ့သို့ ပုံမှန်မဟုတ်သည့်လုပ်ရပ်ကို လုပ်ခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမည့်အစား ထင်မှတ်မထားသည့်အချိန်တွင် ယူဂျင်းကို ရုတ်တရက် မြင်လိုက်ရ၍ စိတ်လှုပ်ရှားနေခဲ့၏။
"ကိစ္စတစ်ခုခု ရှိနေတာတော့ မဟုတ်ဘူးမဟုတ်လား။"
ယူဂျင်းက ခေါင်းယမ်းလိုက်သည်။
"အာဘူခေါ်လိုက်တဲ့ အသံကို ကြားလိုက်လို့။"
ယူဂျင်းက အိုးတိုးအမ်းတမ်း မျက်နှာထားနှင့် ပြောလိုက်သည်။
"ကျွန်မက အာဘူကို အရှင်မင်းကြီးကို ခေါ်ပေးဆိုပြီး ခိုင်းလိုက်တာပါ။"
ခါဆယ်ရ်က အာဘူကို ငုံ့ကြည့်လိုက်သည်။ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေသော မှော်ဝင်သားရဲကို ပြောစရာအပြည့်ရှိနေသည့် မျက်နှာထားနှင့် စိုက်ကြည့်နေခြင်းပင်။
သူက ပုံမှန်အားဖြင့် အာဘူသာ သူ့ကို ခေါ်သည်ဆိုလျှင် သေလုနီးပါး အန္တရာယ်ရှိသည့် အခြေအနေမျိုးမှာသာ ဖြစ်မည်ဟု တွေးထား၏။ ထိုမျှအထိ အာဘူက ကိုယ့်အားကိုယ်ကိုးသော မှော်ဝင်သားရဲဖြစ်သည်။
ခါဆယ်ရ် ငယ်ငယ်က အခြားဘုရင်၏ မှော်ဝင်သားရဲကို မြင်ဖူးခဲ့၏။ ယင်းဘုရင်၏ မှော်ဝင်သားရဲက ဘုရင့်အပါးမှ ခေတ္တလေးမျှပင် မခွာလိုပေ။ သခင်ဖြစ်သူကို နာခံပြီး သခင်ကို အင်မတန် ခင်တွယ်လေသည်။
ထို့ကြောင့် သူသည်လည်း မှော်ဝင်သားရဲ ရသည့်အခါ ရင်းနှီးသော ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မည်ဟု ထင်ထားခဲ့မိ၏။ တကယ်တမ်း သူရလိုက်သော မှော်ဝင်သားရဲကမူ ခေါ်မှသာ အနားကပ်သည့်ကောင် ဖြစ်နေသည်။ မကျေနပ်ခြင်းမျိုးတော့ မဖြစ်မိ။ အကယ်၍ အနားတွင် ကပ်တွယ်နေလျှင်ပင် စိတ်အနှောင့်အယှက် ဖြစ်မိရပေမည်။ ဤကဲ့သို့ ခပ်ခွာခွာ အနေအထားက အနေတော်ပင်။
"တောင်းပန်ပါတယ်။"
ခါဆယ်ရ်က ယူဂျင်းဆီသို့ အကြည့်ပြန်လွှဲလိုက်သည်။
"အာဘူကို အဲ့ဒီလိုကိစ္စမျိုး ခိုင်းမိတဲ့အတွက်ပါ။ ထူးခြားတဲ့ အခြေအနေမျိုးမှာမှ မှော်ဝင်သားရဲက သခင်ကိုခေါ်တာ မဟုတ်လားရှင့်။"
"ကိစ္စမရှိဘူး။ အဲ့ဒီကောင်က နဂိုကတည်းက စိတ်ထင်ရာလုပ်တတ်တဲ့ကောင်။"
"အမ်... ဒါပေမဲ့ ဒီတစ်ခေါက်ကိစ္စတင် မဟုတ်ပါဘူး။"
ယူဂျင်းက သူ့မျက်နှာထားကို အကဲခတ်ရင်း ခေါင်းထဲမှ အသည်းအသန် ဖျစ်ညှစ်စဉ်းစားကာ ဝေ့လည်ကြောင်ပတ် ပြောလိုက်သည်။
"အာဘူက အရှင့်မင်းကြီးရဲ့ ထူးခြားတဲ့ မှော်ဝင်သားရဲဆိုတော့လေ။ ကျွန်မက ပိုပြီးတော့ သင့်တော်တဲ့ ဆက်ဆံရေးမျိုး လုပ်သင့်တယ်မဟုတ်ဘူးလားဆိုပြီး အတွေးဝင်လာလို့ပါ။ နည်းနည်းလောက် ခပ်ခွာခွာနေတာမျိုးဖြစ်ဖြစ်ပေါ့။"
ခါဆယ်ရ်က ချီတုံချတုံ တွေဝေတုံ့ဆိုင်းနေသည့် ယူဂျင်းကိုကြည့်ရင်း ခပ်ဖွဖွ ရယ်လိုက်သည်။ လျင်မြန်စွာ ချဉ်းကပ်လာသော ခါဆယ်ရ်၏နှုတ်ခမ်းများက ယူဂျင်း၏နှုတ်ခမ်းလေးများကို ခဏလေး နမ်းရှိုက်ပြီးမှ ပြန်ခွာသွား၏။ ရုတ်တရက် နမ်းလိုက်သဖြင့် အံ့အားသင့်သွားသော ယူဂျင်း၏ မျက်နှာလည်း နီမြန်းလာတော့သည်။
"ငါက မင်း အာဘူနဲ့ တည့်တည့်ရှုရှုရှိတာကို သဘောကျတယ်။ ရှုပ်ရှုပ်ထွေးထွေးတွေ စဉ်းစားနေစရာ မလိုဘူး။ မင်းလုပ်နေကျအတိုင်းသာလုပ်။"
လုံးဝ ဂရုမစိုက်ဘူးဟု ပြောနေသည့် သူ့မျက်နှာထားကို ကြည့်ပြီး ယူဂျင်းက စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ ဤလူ၏ စိတ်ထဲတွင် မနှစ်မြို့လောက်သော်လည်း ဟန်ဆောင်နေခြင်းမဟုတ်သလို ထင်ရ၏။
ယူဂျင်းလည်း နောက်ထပ် ကောက်ချက်တစ်ခု ချလိုက်မိသည်။ အရာအားလုံးကို သတိထားပြီး စဉ်းစားဆင်ခြင်ရမည်ဆိုသော်လည်း တအားဆတ်ဆတ်ထိမခံဖြစ်နေရန်မလို။ ဤလူ၏ ဖြောင့်မတ်သည့်ပုံစံကို ယုံကြည်လိုက်မည်ဟူ၍။
"မော်လီက ရိုဒရစ်ဂ်နဲ့ တွေ့ပြီး ပြန်လာပါပြီ။"
ယူဂျင်းက ရိုဒရစ်ဂ်နှင့် တွေ့ဆုံရန်စီစဉ်သည့် အဆင့်တိုင်းကို ခါဆယ်ရ်နှင့် တိုင်ပင်ပြီး ဆောင်ရွက်ခဲ့သည်။ ရိုဒရစ်ဂ်နှင့် တွေ့မည့်ရက်ကိုလည်း သူနှင့်တိုင်ပင်ပြီး သတ်မှတ်ခဲ့၏။
"သူက အမြန်ဆုံး တွေ့ချင်နေတယ်ရှင့်။"
"ဘယ်တော့လဲ။"
"နောက်သုံးရက်နေရင်ပါ။ ဒါပေမဲ့ ကျွန်မက အဲ့ဒီနေ့မှာပဲ တွေ့ချင်တယ်ရှင့်။"
"နောက်သုံးရက်ဆိုရင် အရမ်းစောသေးတာပဲ။"
ခါဆယ်ရ်က ယူဂျင်း ကိုယ်ရံတော်မပါဘဲ ရိုဒရစ်ဂ်နှင့် တွေ့ဆုံရမည့်ကိစ္စကို စိုးရိမ်နေသဖြင့် ယူဂျင်းကို အသိမပေးဘဲ လျှို့ဝှက်စွာ ကိုယ်ရံတော်ထားနိုင်မည့် နည်းလမ်းကို ရှာဖွေနေခဲ့သည်။
သို့ရာတွင် စစ်သည်တော်များကို ရွေးချယ်စရာ စာရင်းထဲမှ လုံးဝ ဖယ်ထုတ်လိုက်မည်ဆိုလျှင် အသုံးဝင်သည့် ကိုယ်ရံတော် ရှိတော့မည်မဟုတ်ပေ။ လျင်မြန်ဖျတ်လတ်ပြီး ပုန်းအောင်းရာတွင် ကျွမ်းကျင်သူများ ရှိသော်လည်း သူတို့၏ အဓိက ကျွမ်းကျင်ရာက သတင်းအချက်အလက် ခိုးယူခြင်းဖြစ်နေသည်။
သူက ယူဂျင်း ရိုဒရစ်ဂ်နှင့် ဘာပြောသလဲဆိုသည်ကို စိတ်မဝင်စားပေ။ သူလိုချင်သည်က ယူဂျင်း၏ လုံခြုံရေးသာဖြစ်၏။
အမှတ်တမဲ့ အောက်ငုံ့ကြည့်လိုက်တော့ လက်နှစ်ဖက်နှင့် မေးထောက်ပြီး လဲလျောင်းနေသည့် ကျားသစ်နက်ငယ်လေးက သူ့မျက်လုံးထဲ ဝင်လာလေသည်။ အကြံကောင်းတစ်ခု ရသွားတော့၏။
~~~~
Miel's Translations