no

Font
Theme

အပိုင်း ၈၆

မိဖုရား၏ ရုံးခန်းထောင့်တစ်နေရာတွင် လူလေးငါးယောက်လောက် ထိုင်နိုင်သည့် စားပွဲဝိုင်းတစ်ခုရှိသည်။ မွန်းလွဲ အစောပိုင်းတွင် မိဖုရားနှင့် သူ၏ အကြံပေးအရာရှိသုံးယောက်တို့ အတူထိုင်ကာ မကြာမီစတင်တော့မည့် ခြောက်သွေ့ရာသီအတွက် မိဖုရား၏ စီမံကိန်းမူကြမ်းကို စစ်ဆေးနေကြ၏။

ရုန်းကန်လှုပ်ရှားရသည့်ရာသီ ကုန်ဆုံးရန် သိပ်မလိုတော့ပေ။ တစ်ပတ်ခန့်အကြာတွင် စတင်မည့် ခြောက်သွေ့ရာသီအတွက် အစီအစဉ်များကို ယခုချက်ချင်း အတည်ပြုလျှင်ပင် အလုပ်ကို အချိန်ကပ်သီလေး ပြီးအောင်လုပ်သည်ဟု အပြစ်တင်စကား ကြားရလောက်ပေမည်။ သို့သော်လည်း ဤသည်က မူကြမ်းအဆင့်သာ ရှိသေး၏။ ထိုမူကြမ်းကိုပင် တစ်လစာ အစီအစဉ်လောက်သာ အကြမ်းဖျင်းခြုံငုံ၍ ရေးဆွဲထားနိုင်သေးသည်။

သို့ရာတွင် ဤသည်မှာ သူတို့အဖို့ အကောင်းဆုံးကြိုးစားအားထုတ်မှုပင်။ လွန်ခဲ့သော သုံးနှစ်တာကာလလုံး ဘာအလုပ်မှမလုပ်ခဲ့သည့် စီမံကိန်းစာရင်းဇယားများ၌ ကိုးကားစရာ အကြောင်းအရာ တစ်ခုမှမရှိခဲ့ပေ။ ထို့အပြင် လွန်ခဲ့သည့်သုံးနှစ် တော်ဝင်ထိမ်းမြားမင်္ဂလာပွဲ မကျင်းပမီကတည်းကပင် တိုင်းပြည်၏ မိဖုရားနေရာက အချိန်အတန်ကြာအောင် လစ်လပ်နေခဲ့ခြင်းဖြစ်ပေသည်။ တကယ် ဗလာစာရွက်ပေါ်တွင် အသစ်မှစ၍ ပြန်လည်ရေးဆွဲနေရသည်နှင့်မခြားပေ။

အကြံပေးအရာရှိများက ဥပဒေများ၊ အင်မတန် ရှေးကျသော စာရွက်စာတမ်းဟောင်းများ၊ တိုင်းတစ်ပါးမှ ဖြစ်ရပ်များ အစရှိသဖြင့် ကိုးကားနိုင်သမျှ အချက်အလက်အားလုံးကို ရှာဖွေကာ မိဖုရား၏ အခွင့်အာဏာဖြင့် ဆောင်ရွက်ရမည့် တိုင်းရေးပြည်ရေးကိစ္စရပ်များကို စုစည်းခဲ့ကြ၏။

ရက်ပိုင်းလောက် ကောင်းကောင်းမအိပ်ရဘဲ အလုပ်ထဲတွင်သာ နစ်မြုပ်နေခဲ့ကြသော အကြံပေးအရာရှိများ၏ မျက်ကွင်းများက ညိုမည်းလျက်။ သို့ရာတွင် သူတို့၏ မျက်ဝန်းများကမူ တလက်လက်တောက်ပနေသော အသက်ဝင်မှုများဖြင့် ပြည့်လျှံနေလေသည်။

မိဖုရားက မူကြမ်းကို စစ်ဆေးနေစဉ် အကြံပေးသုံးယောက်စလုံးက အောင်နိုင်သူလို မျက်နှာထားများဖြင့် စိတ်ထဲတွင် အလားတူအတွေးများကို တွေးနေခဲ့ကြ၏။

'ဒီကိုလာခဲ့တာ တကယ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။'

'ငါ့ဘဝရဲ့ အကောင်းဆုံးရွေးချယ်မှုလို့တောင် ပြောရမလား။'

သူတို့ မိဖုရား၏ အကြံပေးအရာရှိလောင်းအဖြစ် လျှောက်ထားခဲ့စဉ်က ပတ်ဝန်းကျင်မှ သွယ်ဝိုက်သောနည်းဖြင့် တားမြစ်ခဲ့ကြသူများ ရှိခဲ့သည်။ သွားကြည့်မှ လုပ်စရာအလုပ်မရှိဘဲ ကိုယ်ရေးမှတ်တမ်းအတွက် အထောက်အကူမဖြစ်သည့်အပြင် သံသယစိတ်သာ ဝင်လာလိမ့်မည်ဟုဆိုကြ၏။

မိဖုရားက တစ်ယောက်တည်း တသီးတသန့် နေထိုင်သည်ဟူသောအချက်က တစ်ဆင့်စကားများဖြင့် ကောလာဟများပျံ့နှံ့နေခဲ့သည်။ လူအများက မိဖုရားတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါ​ဝေဒနာဖြစ်စေ၊ တစ်ခုခုတော့ ပြဿနာရှိသည်ဟု ထင်ခဲ့ကြ၏။

သို့သော် စင်ဒီ၊ ရယ်ဂျီနာနှင့် ဆန်ဒရာတို့ကမူ ကိုယ်စီကိုယ်စီ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းများကြောင့် အကြံပေးအရာရှိလောင်း လျှောက်လွှာကို ပြန်ရုပ်သိမ်း၍မဖြစ်ခဲ့ပေ။ သူတို့က ဘာအလုပ်မှမလုပ်ရဘဲ တစ်နေကုန် စားပွဲတွင်သာ ထိုင်နေရမည့် အခြေအနေကိုပင် ကြိုတင်ပြင်ဆင်ထားခဲ့ကြ၏။

သို့သော် ရုတ်တရက် အခြေအနေများက ပြောင်းပြန်ဖြစ်သွားခဲ့သည်။ 'လာ့ခ်' သစ်ပင်ကိစ္စကြောင့်ပင်။ ထိုကိစ္စဖြစ်ပြီးပြီးချင်း မိဖုရားကို ပထမဆုံးအကြိမ် အခစားဝင်ရချိန်တွင် ပတ်ဝန်းကျင်မှ လူတိုင်းက သူတို့ကို အားကျနေခဲ့၏။

ထိုမျှတင်မကသေးဘဲ သူတို့က ချက်ချင်းဆိုသလို ဘတ်ဂျက်ရေးဆွဲရသည့် ကြီးလေးသောတာဝန်ကိုပါ ယူလိုက်ရပြန်သည်။ ရဲတိုက်အတွင်းပိုင်း၏ ဘတ်ဂျက်အားလုံးကို ပြန်လည်စစ်ဆေးခွင့်ရခဲ့ခြင်းမှာ တန်ဖိုးရှိသော အတွေ့အကြုံတစ်ခုဖြစ်၏။ အကြောင်းမူကား ငွေကြေးစီးဆင်းမှုကိစ္စက အကြောင်းအရာတစ်ခုကို နားလည်ရန်အတွက် အရေးကြီးဆုံး သတင်းအချက်အလက် ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် မိဖုရား၏ စီမံကိန်းကို ရေးဆွဲရသည့်အခါတွင်လည်း လူပင်ပန်းရသော်ငြား အခြေခံအုတ်မြစ်အသစ်တစ်ခုကို တည်ဆောက်နေရသည်ဟူသော အတွေးနှင့် အလုပ်လုပ်ရခြင်းကို ပျော်ရွှင်နေခဲ့ကြ၏။

မူကြမ်းကို ကြည့်နေရင်း ယူဂျင်းက ပြောလိုက်သည်။

"ကုန်သည်အကြီးအကဲနဲ့ တွေ့ဆုံရမယ်။ ဒီအလုပ်ကိုရော ငါက လုပ်ရမှာလား။"

"ဟုတ်ပါတယ်၊ အရှင်မိဖုရား။"

သုံးယောက်သား ပြိုင်တူနီးပါး ပါးစပ်ဟလိုက်ကြသော်လည်း ဆန်ဒရာက အဖြေအမြန်ဆုံးဖြစ်ခဲ့လေသည်။ ကျန်နှစ်ယောက်က ပါးစပ်ပြန်ပိတ်လိုက်ကြ၏။

"ကုန်သည်အဖွဲ့အားလုံးနဲ့ မဟုတ်ရင်တောင်မှ ရဲတိုက်ထဲကို ပစ္စည်းသွင်းတဲ့ ကုန်သည်တွေနဲ့တွေ့ပြီး သဘောထားချင်း ညှိနှိုင်းတဲ့အလုပ်ကိုတော့ အရှင်မိဖုရားက လုပ်သင့်တယ်လို့ ထင်ပါတယ်။"

"လုပ်သင့်တယ်" ဟူသော ဆန်ဒရာ၏ အဖြေထဲမှ အသုံးအနှုန်းကို ယူဂျင်း နားမလည်နိုင်ဖြစ်သွားသည်။

'ငါအလုပ်များလာရင် သူတို့အလုပ်လည်း များလာမှာကို။ ဘာလို့ အလုပ်များလာတာကို ဝမ်းသာနေရတာပါလိမ့်။'

စိတ်ထဲတွင် အနည်းငယ် မတင်မကျဖြစ်မိသော်လည်း ရဲတိုက်တွင်း ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းက မိဖုရား၏ လုပ်ပိုင်ခွင့်ဖြစ်နေပေသည်။ ပစ္စည်းသွင်းသူများနှင့် အနီးကပ်ဆက်ဆံရခြင်းကလည်း သဘာဝမကျသည့်ကိစ္စတော့ မဟုတ်ပေ။

'တော်တော်လေး စိတ်အားထက်သန်နေတဲ့ပုံပါလား။ ကောင်းတာပေါ့၊ စိတ်အားထက်သန်တာက ကောင်းတဲ့ကိစ္စပဲကို။'

ယူဂျင်းလည်း ဆန်ဒရာ၏အမြင်က ကျိုးကြောင်းဆီလျော်သည်ဟုတွေးကာ ဒီအတိုင်း ကျော်သွားလိုက်သည်။

ယူဂျင်းနှင့် အကြံပေးအရာရှိများကြားတွင် မျဉ်းပြိုင်နှစ်ကြောင်းအလား အမြင်ကွာဟမှု ရှိနေ၏။ ယင်းမှာ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုလွဲနေ၍မဟုတ်ဘဲ မွေးရာပါ အတွေးအခေါ်ကွဲပြားမှုကြောင့်ပင်။

ယူဂျင်းက အာဏာကို အထူးတလည် အလေးမထားပေ။ အာဏာ၏ သဘောသဘာဝကို ကောင်းကောင်းနားမလည်သေးဘူးဟု ပြောခြင်းက ပို၍မှန်ပေလိမ့်မည်။

သူက ရဲတိုက်တွင်း ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအပါအဝင် မိဖုရားတစ်ပါးအနေနှင့် ဆောင်ရွက်ရမည့် အမျိုးမျိုးသော ကိစ္စရပ်များကို သူ၏အာဏာဟု သတ်မှတ်မထားခဲ့။ ဘုရင်မင်းမြတ် ဆောင်ရွက်ရမည့်အလုပ်ကို ခွဲဝေယူလိုက်ခြင်းဖြစ်၍ နဂိုကတည်းက အလုပ်များလှသည့် ခါဆယ်ရ်ကို ကူညီပေးခြင်းဟုသာ ယူဆထား၏။

သို့ရာတွင် အကြံပေးအရာရှိများကမူ တတ်နိုင်သမျှ ကျယ်ပြန့်သော လုပ်ပိုင်ခွင့်နှင့် အလုပ်များများကို တာဝန်ယူမှ အာဏာက ပိုမိုခိုင်မာလာမည်ဟု တွေးခဲ့ကြသည်။ မိမိတို့ အလုပ်အကျွေးပြုနေသော အရှင်သခင်၏ လုပ်ပိုင်ခွင့်အာဏာကို ချဲ့ထွင်ရန် အဆက်မပြတ် ကြိုးစားရမည်က လက်အောက်ငယ်သားတစ်ယောက်၏ မွေးရာပါတာဝန်တစ်ရပ်ဟုသာ ယူဆထားကြ၏။

အကြံပေးအရာရှိများအနေနှင့် မိဖုရား၏ စီမံကိန်းကို ရေးဆွဲရာတွင် အခက်အတွေ့ရဆုံး ပြဿနာက ဘုရင်နှင့် မိဖုရား၏ အာဏာချိန်ခွင်လျှာပင်။

ဤအတောအတွင်း မိဖုရား လုပ်ဆောင်ရမည့် အလုပ်များကို ဘုရင်မင်းမြတ်က အကုန်လုံး ဆောင်ရွက်ခဲ့၏။ သို့ရာတွင် လုပ်ပိုင်ခွင့် ပြန်လည်ရယူသည့် လုပ်ငန်းစဉ်က လုံးဝမလွယ်ကူခဲ့ပေ။

နဂိုကတည်းက မိဖုရား၏ လုပ်ပိုင်ခွင့်များပင်ဖြစ်လင့်ကစား ဘုရင်မင်းမြတ်က ပြန်ပေးလေလေ အာဏာလျော့နည်းလေလေ ဖြစ်သွားမည်သာ။ အာဏာလျော့နည်းမှုကို ဝမ်းပန်းတသာ လက်ခံခွင့်ပြုမည့် အာဏာပိုင်တစ်ဦးမျှမရှိပေ။

ဘုရင်နှင့် မိဖုရားတို့ အာဏာချင်းပြိုင်ကြလျှင် အလယ်မှ အပင်ပန်းရဆုံးက ကြားခံအရာရှိများပင်။ ထို့ကြောင့် အကြံပေးအရာရှိများက ဘုရင်မင်းမြတ်ထံ အဆိုပြုလွှာ တင်သွင်းသည့်အခါတိုင်း အင်မတန် ပူပန်ကြောင့်ကြခဲ့ကြရ၏။

သို့သော် ရလဒ်ကား ထင်မှတ်မထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ 'ဒီလိုဒီလိုကိစ္စတွေကို မိဖုရားရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ချင်ပါတယ်' ဟု အဆိုပြုလွှာပို့လိုက်သည့်အခါ မည်သည့်သဘောထားမှမပါဘဲ 'ခွင့်ပြုသည်' ဟူသော အဖြေသာ ပြန်လာ၏။ ဤသို့သော လုပ်ငန်းစဉ်မျိုး အကြိမ်အနည်းငယ် လုပ်ဆောင်ပြီးသည့်နောက်တွင်တော့ အကြံပေးအရာရှိများ၏ ပခုံးများ မြောက်ကြွမြောက်ကြွဖြစ်လာတော့သည်။

ဘုရင်က မိဖုရားကို အားပေးထောက်ခံသည်ဆိုလျှင် မိဖုရား၏အာဏာကို မည်သူမှ လျှာဖျားဖြင့်ပင် ထိဝံ့တော့မည်မဟုတ်ပေ။

“ဘာဖြစ်လို့ ဒီနေ့​မှာ နေ့လယ်ပိုင်း အချိန်ဇယား လုံးဝမရှိရတာလဲ။”

ယူဂျင်း လက်ညှိုးထိုးပြလိုက်သော နေရာကို ရယ်ဂျီနာက ကြည့်လိုက်ကာ ပြန်ဖြေခဲ့သည်။

“အဲ့ဒီနေ့ မတိုင်ခင်နဲ့ နောက်ပိုင်းရက်တွေက အရှင်မင်းကြီး ပြန်ကြွလာမဲ့အချိန်မို့လို့ အချိန်လပ်ထားတာပါ။”

“ပြန်ကြွလာမယ်ဆိုတော့ အရှင်မင်းကြီးက ဘယ်သွားမှာမို့လို့လဲ။”

အကြံပေးအရာရှိများ၏ မျက်လုံးများက တစ်ချက်လေး အံ့အားသင့်ကာ တုန်ယင်သွားသည်။ ယူဂျင်းလည်း သူတို့၏ တုံ့ပြန်မှုကို ကြည့်ပြီး 'ဟာ' ခနဲ ဖြစ်သွားသော်လည်း မသိသာအောင်နေလိုက်၏။ သူက အရှေ့အနောက် မညီသောစကားကို ပြောမိလျှင်ပင် အကြံပေးအရာရှိများက အပြင်မှာ လိုက်ဖွကြမည်မဟုတ်ပေ။

“အသေးစိတ် ပြောပြပါဦး။”

ရယ်ဂျီနာက ပြန်ဖြေခဲ့သည်။

“ခြောက်သွေ့ရာသီ စတင်တဲ့ ပထမဆုံးနေ့မှာ အရှင်မင်းကြီးက ယဇ်ပူဇော်ပွဲလုပ်ဖို့ ကန္တာရထဲကို ကြွချီမှာပါ။”

ရယ်ဂျီနာက ခြောက်သွေ့ရာသီတွင် အမြဲတမ်း အစဉ်အလာမပျက် လုပ်ဆောင်လေ့ရှိသည့် ယဇ်ပူဇော်ပွဲအကြောင်း ရှင်းပြခဲ့သည်။ ထိမ်းမြားလက်ထပ်သည့် ပထမဆုံးနှစ်တွင် မိဖုရားလည်း အတူလိုက်ပါခဲ့သည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ ယူဂျင်း၏ မျက်လုံးများထဲတွင် ထူးခြားသည့် အလင်းရောင်တစ်မျိုး လက်သွား၏။ ဂျင်၏ အတိတ်မှတ်ဉာဏ်များကို ကြည့်ရန် ကန္တာရထဲသို့ ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေနေဆဲအချိန်ပင်။ ယခုတော့ ဟန်မပျက် ထွက်သွားရန်အတွက် အင်မတန်ကောင်းသည့် အကြောင်းပြချက်တစ်ခု ရှိလာပေပြီ။

“ဒီနေ့ မတိုင်ခင်အထိ အစီအစဉ်အားလုံးကို ဖျက်ပြီး နောက်ဆုတ်ထားလိုက်။ ဒီတစ်ခါ ခြောက်သွေ့ရာသီမှာ ငါလည်း အရှင်မင်းကြီးနဲ့အတူလိုက်ပြီး ယဇ်ပူဇော်ပွဲကို တက်ရောက်မယ်။”

အကြံပေးအရာရှိများက အံ့အားသင့်သွားသည့် မျက်နှာထားများကို အမြန်ဆုံး ဖျောက်ဖျက်ပစ်ကာ ပြန်ဖြေခဲ့ကြသည်။

“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။ အမိန့်အတိုင်း ပြင်ဆင်ထားပါ့မယ်။”

“ကျန်တာတော့ ပြင်စရာမရှိတော့ဘူး။ တော်တော်လည်း ပင်ပန်းခဲ့ကြပြီ။ တချို့နေရာလေးတွေ ပြင်ပြီးတာနဲ့ ဒီအတိုင်း အတည်ပြုလိုက်မယ်။ ဒီနေ့တော့ ပြန်သွားပြီး ကောင်းကောင်းအနားယူကြတော့။ အားလုံး ညလုံးပေါက် မအိပ်ရသေးတဲ့ မျက်နှာတွေဖြစ်နေတာပဲ။”

ယူဂျင်း အနည်းငယ်ပြုံးပြီး ပြောလိုက်သည့်အခါ သုံးယောက်စလုံး ပြုစားခံလိုက်ရသလို မျက်နှာများဖြင့် ကြည့်နေမိရာမှ အလန့်တကြား မျက်လွှာချလိုက်ကြသည်။ သူတို့ခမျာ မိဖုရားကို ကြည့်မိတိုင်း ယခုအထိ သတိလက်လွတ် ငေးမောသွားမိကြဆဲပင်။

“ကျေးဇူးကြီးလှပါတယ်၊ အရှင်မိဖုရား။”

အကြံပေးအရာရှိများအားလုံး ထွက်သွားပြီးနောက် ယူဂျင်းလည်း ရုံးခန်းထဲ​၌ တစ်ယောက်တည်း ကျန်ခဲ့ကာ ဆိုဖာပေါ်တွင် မှီထိုင်နေလိုက်သည်။ မနက်ပိုင်းမှစ၍ သူ့အား ဆွဲထားသည့် အလုပ်က ယခုမှပင် ပြီးဆုံးသွား၏။ သူက လက်နှစ်ဖက်ကို အပေါ်ကို အကြောဆန့်ပြီး ပြင်းပြင်းထန်ထန် သမ်းဝေလိုက်သည်။

'အား... ကိုယ်လက်တွေ ညောင်းလိုက်တာ။ ဓမ္မတာလာနေလို့များလား။'

ယူဂျင်းတစ်ယောက် ပြီးခဲ့သည့် နှစ်ရက်ကတည်းက ဓမ္မတာစလာခဲ့ခြင်းဖြစ်သည်။ ယခုလတွင်လည်း ကိုယ်ဝန်မရှိပြန်ပေ။ ဓမ္မတာသွေးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ခံစားလိုက်ရသော ခံစားချက်က ယခင်တစ်ကြိမ်ကအတိုင်း ပြင်းထန်သော စိတ်သက်သာရာရမှုပင်။

သူက ကလေးမွေးပြီး မိခင်တစ်ယောက်ဖြစ်လာရန် လုံးဝအဆင်သင့်မဖြစ်သေးကြောင်း ထပ်မံ၍ သဘောပေါက်လိုက်ရသည်။ မဖြေရှင်းရသေးသော ပြဿနာများ အများအပြား ရှိနေ၏။ ယခုလို အခြေအနေမျိုးတွင် ကလေးမွေးရမည်ဆိုလျှင် မိခင်ကောင်းတစ်ယောက်၏ အခန်းကဏ္ဍကိုပင် ကောင်းကောင်းဆောင်ရွက်နိုင်မည်မထင်ပေ။

သို့ရာတွင် ထူးဆန်းသည်က သူ စိုးရိမ်စရာဟု သတ်မှတ်ထားသည့်အရာများထဲတွင် ကလေး၏ဖခင်ဖြစ်လာမည့် ထိုလူ မပါဝင်ခဲ့။ ကလေးမွေးလာလျှင် သူက ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာမည်ဟူသောအချက်ကို စိုးစဉ်းမျှပင် သံသယမဝင်မိပေ။

ယူဂျင်းက သူ့ဗိုက်လေးပေါ် လက်တင်လိုက်သည်။ ဤဗိုက်ထဲတွင် ကလေးတစ်ယောက် ကြီးထွားလာမည့်အဖြစ်ကိုတော့ ယခုအထိ စိတ်ကူးကြည့်၍မရသေး။

'ဒါပေမဲ့လည်း တစ်နေ့ကျရင်တော့...'

အပြင်ဘက်မှ တံခါးခေါက်သံနှင့်အတူ မာရီအန်း၏အသံကို ကြားလိုက်ရသည်။ ယူဂျင်းလည်း အလန့်တကြား ဗိုက်ပေါ်မှလက်ကို အမြန်ဖယ်ကာ သတိလက်လွတ် မှီထိုင်နေသည့်ပုံစံကို ပြင်ထိုင်လိုက်၏။

“ဝင်ခဲ့ပါ။”

ခဏအကြာတွင် ဝင်လာသည့် မာရီအန်းက စားပွဲကို အရင်ကြည့်ပြီးမှ ဆိုဖာပေါ်တွင် ထိုင်နေသော ယူဂျင်းကို တွေ့သွားသည်။ မာရီအန်းက ဆိုဖာဆီသို့သွားကာ စိုးရိမ်တကြီးမျက်နှာနှင့် ပြောလေ၏။

“အရှင်မိဖုရား၊ ဘယ်နားများ မအီမသာဖြစ်လို့ပါလဲ။”

“နည်းနည်း ပင်ပန်းရုံပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဘာကိစ္စလဲဟင်။”

“အရှင်မိဖုရား ရှာခိုင်းထားတဲ့လူကို ခေါ်လာခဲ့ပါပြီ။ ကောလာဟလအမျိုးမျိုးနဲ့ ပုံပြင်ဇာတ်လမ်းတွေအကြောင်း ကျွမ်းကျင်နှံ့စပ်တဲ့ စကားဝိဇ္ဇာပါ။ အချိန်မရွေး တွေ့မယ်လို့ ပြောထားတဲ့အတွက် ခေါ်လာခဲ့ပါတယ်။ အခု ပင်ပန်းနေတယ်ဆိုရင်တော့ နောက်မှတွေ့ဖို့ ရွှေ့ဆိုင်းလိုက်ပါ့မယ်။”

“အခုပဲ တွေ့လိုက်မယ်။”

ယူဂျင်း ဝမ်းသာအားရ ဖြစ်သွားတော့ မာရီအန်းက ပြုံးလျက် ‘ခေါ်လာခဲ့ပါ့မယ်’ ဟု ဆိုကာ ပြန်လည်ဆုတ်ခွာသွား၏။ ခဏအကြာတွင် မာရီအန်းက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခေါ်လာခဲ့သည်။ ထိုအမျိုးသားမှာ အင်မတန် ထိတ်လန့်ကြောက်ရွံ့နေကာ ပြစ်မှုကျူးလွန်ထားသူအလား ငုံ့ထားသည့်ခေါင်းကိုပင် မဖော်နိုင်ခဲ့ပေ။

“ဒီအထိ လာရတာ ပင်ပန်းသွားပြီ။ မေးချင်တဲ့ ကိစ္စလေးတွေရှိလို့ မောင်မင်းကို ခေါ်လိုက်ရတာ။”

“ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ။ ဘာမ​ဆို ဒီကောင် သိသမျှ အကုန်လုံးကို လျှောက်တင်ပါ့မယ်။”

“မောင်မင်းက ထူးဆန်းတဲ့ အကြောင်းအရာတွေ အများကြီး သိတယ်ဆို။”

“အဲ့ဒါကတော့ ဟိုစပ်စပ် ဒီစပ်စပ် ကြားဖူးနားဝဇာတ်ကြောင်းတွေပဲ များပါတယ်ခင်ဗျ။”

ယူဂျင်းက မာရီအန်းကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ မာရီအန်းက ထိုလူ၏အရှေ့တွင် အိတ်လေးတစ်လုံး ချပေးလိုက်၏။

“ဖွင့်ကြည့်လိုက်။”

ထိုလူက အိတ်ကို ဆုပ်ကိုင်ထားကာ အလကားနေရင်း ဟိုကိုင်ဒီကိုင် အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် အိတ်ကို ဖွင့်လိုက်သည်။ အိတ်ထဲရှိ အရာများကို မြင်လိုက်ရတော့ ထိုလူ၏ ခန္ဓာကိုယ်လည်း ချက်ချင်း တောင့်တင်းသွားလေတော့၏။ 'ဟော့' ဟူ၍ ပင့်သက်ရှိုက်သံ ထွက်လာသည်။

“ဒီအထိ လာခဲ့ရတဲ့ ပင်ပန်းကြေးပဲ။ ငါလိုချင်တဲ့ အကြောင်းအရာကို သိတယ်ဆိုရင် အခုရတဲ့အိတ်ရဲ့ နှစ်ဆ ထပ်ပေးမယ်။”

ထိုလူက အိတ်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ခေါင်းကို အားပါးတရ အပေါ်အောက် ညိတ်ပြခဲ့သည်။

“ယဇ်ပူဇော်ပွဲအစီအရင်။ လက်ခံသူ။ ဒီစကားလုံးတွေကို ကြားလိုက်ရတော့ မောင်မင်းရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့အရာတစ်ခုခု ရှိသလား။ ဘာပဲဖြစ်ဖြစ် ရတယ်။ သေးငယ်တဲ့အရာလေးဆိုရင်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ မဟုတ်မမှန် ပြောတာကိုတော့ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်။ မသိရင် မသိဘူးလို့ အမှန်အတိုင်းသာပြော။”

ယူဂျင်းက ရည်ရွယ်ချက်ရှိရှိ စကားလုံးသုံးလုံးထဲမှ တစ်လုံးကို ချန်လှပ်ထားခဲ့သည်။

ထိုလူက သူ့ခေါင်းထဲတွင်ရှိသမျှ အရာအားလုံးကို ညှစ်ထုတ်နေသကဲ့သို့ ညည်းညူရင်း သက်ပြင်းကို ပြင်းပြင်းထန်ထန် ချလိုက်၏။

“မသိပါဘူးခင်ဗျ။ ကြားဖူးနားဝလည်း မရှိပါဘူး။”

ထိုလူ၏ အသံတွင် နှမြောတသမှုစွက်နေသည်။ ယူဂျင်းလည်း နှမြောတသ ဖြစ်မိသည်က အတူတူပင်။ သို့သော် မည်သို့ပင်ဆိုစေ မကြာမီ သဲလွန်စရလိမ့်မည်ဟု မျှော်လင့်ထားသဖြင့် စိတ်ပျက်မှုက သိပ်မကြီးခဲ့။

“ဒီနေရာမှာ ကြားရတဲ့စကားကို အလေးအနက် လျှို့ဝှက်ထားမှဖြစ်မယ်။ ပြန်သွားလို့ရပြီ။”

ထိုလူက မာရီအန်းနှင့်အတူ ထွက်သွားရန် ပြင်လိုက်ရာမှ တံခါးဝတွင် ရပ်တန့်သွားသည်။ ပြန်လှည့်လာသော ထိုလူ၏ မျက်နှာတွင် မျှော်လင့်တကြီးဖြစ်နေမှုများ အပြည့်ပါနေ၏။

“မှတ်မိပါပြီ။ ကျွန်တော် မှတ်မိတာ တစ်ခုရှိပါတယ်။”

အော်ဟစ်ပြောဆိုလိုက်သော ထိုလူကို မာရီအန်းက ‘အောဟော’ ဟု တိုတောင်းစွာ သတိပေးခဲ့သည်။ ထိုလူလည်း ဆတ်ခနဲတုန်သွားကာ ယူဂျင်း၏ ပခုံးအထိ မြင်နိုင်အောင် မော်ထားခဲ့သော ခေါင်းကို ခြေဖဝါးသာ မြင်ရလောက်သည်အထိ ပြန်ငုံ့လိုက်၏။

ယူဂျင်းက ထိုလူကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

“လိမ်ညာရင် ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောထားတယ်။ စည်းစိမ်ဥစ္စာရဖို့အတွက် မောင်မင်းရဲ့ အသက်ကို လောင်းကြေးထပ်ဖို့ စဉ်းစားနေတာလား။”

“တကယ်ပါ။ မလိမ်ပါဘူးခင်ဗျ။ ကျွန်တော်မျိုးရဲ့ အဘွားက နတ်ဝင်သည်ရဲ့ သွေးကို ဆက်ခံထားတဲ့သူပါ။ အဲ့ဒါကြောင့် အမှန်အတိုင်း ကျိန်းသေပေါက် အမှန်အတိုင်း ပြောခဲ့တာပါခင်ဗျ။”

“နတ်ဝင်သည်တဲ့လား။”

ယူဂျင်းက မာရီအန်းကို လှည့်ကြည့်လိုက်သည်။

“စုန်းကဝေပညာနဲ့ လူတွေရဲ့ ကံကြမ္မာကို ဟောကိန်းထုတ်သူတွေ ရှိပါတယ်။ ထူးခြားတဲ့ စွမ်းရည်ရှိတဲ့သူတွေ ရှားရှားပါးပါး ရှိနေတယ်လို့ ထင်ရပေမဲ့ အများစုကတော့ လူလိမ်တွေပါပဲ။”

ယူဂျင်းက မာရီအန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အစွန်းရောက်ဂိုဏ်းဝင်များနှင့် ဆင်တူသည့် အယူအဆပဲဟု နားလည်လိုက်သည်။

“ဒါဆို မောင်မင်းက ဘာကိုကြားခဲ့လို့ မှတ်မိတယ်ဆိုပြီး ပြောရတာလဲ။”

“အဲ့... အဲ့ဒါက... ကျိန်းသေပေါက်ကြားခဲ့တာပါ။ ‘အစီအရင်’ ဆိုတဲ့ စကားလုံးကို ကြားဖူးတာ သေချာပါတယ်။ ကျွန်တော်မျိုးကို အဘွားနဲ့တွေ့ပြီး ပြန်လာရင် နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးလို့ မရနိုင်ဘူးလားခင်ဗျ။”

ယူဂျင်းက ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။

“မောင်မင်းရဲ့အဘွားကို ငါ တွေ့လို့ရမလား။”

ထိုလူက ချက်ချင်း ပြန်မဖြေနိုင်ခဲ့။ နှုတ်ဆိတ်နေခဲ့ရာမှ အဘွားဖြစ်သူက စိတ်ဆတ်သဖြင့် လူများနှင့် တွေ့ရသည်ကို မကြိုက်ကြောင်း၊ စကားများလျှင် စိတ်ဆိုးမည်ဖြစ်ကြောင်း ဝေ့လည်ကြောင်ပတ်ပြောဆိုခဲ့သည်။

စည်းစိမ်ဥစ္စာကို လိုချင်ကြောင်း ပြသနေရင်းကပင် ချက်ချင်း အဘွားဖြစ်သူကို ခေါ်လာပါမည်ဟု ပြန်မဖြေသည့်အချက်ကြောင့် ယူဂျင်းလည်း ပို၍ ယုံကြည်အားကိုးသွားတော့၏။

“မောင်မင်းရဲ့အဘွားကို ခေါ်လာပေးရုံနဲ့ စောစောက ပြောတဲ့အတိုင်း ငွေနှစ်ဆပေးမယ်။”

ထိုလူလည်း နောက်ဆုံးတော့ စည်းစိမ်ဥစ္စာ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့ပေ။ အဘွားကို မလွဲမသွေ ခေါ်လာခဲ့ပါ့မည်ဟုဆိုကာ ပြန်လည်ထွက်ခွာသွားလေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment