အပိုင်း ၇၇
လက်အောက်ငယ်သားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာပင် သူတို့က နှစ်လိုဖွယ်ကောင်းသော မျက်လုံးများဖြင့် ကြည့်နေသည်ကို ယူဂျင်း မနှစ်သက်ဘဲ မနေနိုင်ခဲ့။ ယူဂျင်းက အိုးတိုးအမ်းတမ်း ခံစားချက်ဖြင့် အလကားနေရင်း ချောင်းဟန့်လိုက်သည်။
“ဒီနေ့တော့ နှုတ်ဆက်ရုံနဲ့ ရပြီမို့လို့မနက်ဖြန်ကစပြီး လာခဲ့ကြ။”
“မနက်ဖြန်မှ တစ်ခါထပ်ပြီး ဂါရဝပြုပါ့မယ်၊ အရှင်မိဖုရား။”
အကြံပေးများက တရိုတသေ ဉီးညွှတ်ကာ ဆုတ်ခွာသွားကြသည်။
ယူဂျင်းလည်း ရုံးခန်းထဲ ဝင်လိုက်ကာ မနက်ဖြန် အကြံပေးများနှင့် အရင်ဆုံးဆွေးနွေးပြီး ပြီးမြောက်အောင်ဆောင်ရွက်ရမည့် အရေးကြီးဆုံးကိစ္စများကို ရွေးချယ်လိုက်၏။ မည်သို့ပင်ဖြစ်စေ ဘတ်ဂျက်ကိစ္စကတော့ အရေးအကြီးဆုံးပင်။
ဤအတောအတွင်း ရဲတိုက်၏ ဘတ်ဂျက်ကို အထိန်းတော်ချုပ်က စီမံကိန်းဆွဲပြီး ဘုရင်မင်းမြတ်၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်၏။ သို့သော် အထိန်းတော်ချုပ်က သူ့တာဝန်သူ ကျေပွန်သူတစ်ယောက်ပင်။ ထိုအချက်က အားသာချက်ဖြစ်သလို အားနည်းချက်လည်း ဖြစ်နေပြန်သည်။
အလွဲသုံးစားလုပ်မှုမရှိဘဲ ထိုအစား ဘတ်ဂျက်သုံးစွဲရာတွင် အင်မတန် ခြိုးခြံချွေတာခဲ့၏။ မည်သို့သော ပြောင်းလဲမှုကိုမှ လုံးဝလုပ်ဆောင်ခဲ့ခြင်းမရှိ။
နှစ်ကြာလာသည်နှင့်အမျှ ကုန်ဈေးနှုန်းလည်း နည်းနည်းစီ တက်လာသည်မှာ သဘာဝဖြစ်သော်လည်း သုံးစွဲသောငွေပမာဏက သတ်မှတ်ထားသည့် ပမာဏအတိုင်း အပြောင်းအလဲမရှိသဖြင့် ရဲတိုက်တစ်ခုလုံး၏ ငွေရေးကြေးရေးအခြေအနေက ခါးစည်းကာ တောင့်ခံနေရသည့် အခြေအနေမျိုး ဖြစ်နေသည်။
ဘယ်လောက်အထိ ဆိုးသလဲဆိုလျှင် အပါးတော်မြဲအကြီးအမှူးကိုယ်တိုင် အခစားဝင်ရသည်အထိပင်။
ယူဂျင်းတစ်ယောက် အပါးတော်မြဲအကြီးအမှူ အခစားဝင်သည့်နေ့ကို ပြန်တွေးကာ ရယ်လိုက်မိ၏။ အပါးတော်မြဲအကြီးအမှူးက အကြောင်းအရာအမျိုးမျိုး စကားပလ္လင်ခံကာ ဘတ်ဂျက်တိုးမြှင့်ပေးရန် အသနားခံခဲ့၏။ ကျိန်းသေပေါက် တိုက်ရိုက်မပြောဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေသဖြင့် ယူဂျင်းလည်း ပထမတော့ နားမလည်ခဲ့။
နောက်မှ သိလိုက်ရသည်က ရဲတိုက်အမှုထမ်းများကို ခွဲတမ်းချပေးသည့် ပစ္စည်းများမှ ပိုလျှံသော ပမာဏက ခုဂဏန်းသာ ရှိနေသည်ဟုဆို၏။ ရဲတိုက်အမှုထမ်း အရေအတွက်ကို ထည့်တွက်ကြည့်လျှင် တကယ့်ဆိုးဆိုးဝါးဝါး ချွေတာမှုပင်။
တိုင်းပြည်က ဆင်းရဲနေလျှင်တော့ မသိသော်လည်း ယခုမူ မိဖုရားက မိမိ၏ဝါသနာအတွက် ရဲတိုက်ဘတ်ဂျက်ကို ပမာဏအကြီးကြီး ဖြုန်းတီးနေသော အခြေအနေဖြစ်နေ၏။
ရံရွေတော်က အပြင်ဘက်မှ တံခါးခေါက်ခဲ့သည်။ ခဏနေတော့ ဝင်လာကာ လျှောက်တင်လေ၏။
“အရှင်မိဖုရား၊ အထိန်းတော်ချုပ် အခစားဝင်ပါတယ်။”
“ဝင်လာခိုင်းလိုက်။”
ဆာရာက ဝင်လာကာ ဂါရဝပြုခဲ့သည်။ ယူဂျင်းက နူးညံ့သောအကြည့်နှင့် ဆာရာကို ကြည့်နေ၏။
အထိန်းတော်ချုပ်ထံများ အလုပ်များကို အပြည့်အဝ လွှဲပြောင်းယူပြီး၍ အထူးသဖြင့် ဘဏ္ဍာရေးအခြေအနေကို နားလည်ပြီးသည့်နောက်တွင် အထိန်းတော်ချုပ်ကို ပိုပြီးယုံကြည်လာသည်။ အသုံးစရိတ်စာရင်း အားလုံးတွင် ခိုင်လုံသော အထောက်အထားများရှိနေကာ အနည်းငယ်သော ပမာဏကိုပင် အလွဲသုံးစားလုပ်ထားသည့် လက္ခဏာမျိုး မတွေ့ရပေ။
ဘုရင်မင်းမြတ်က နောက်ဆုံး ခွင့်ပြုချက်ပေးသူဖြစ်သော်လည်း အထိန်းတော်ချုပ်ကို ယုံကြည်ကာ အပ်နှံထားသည့် အခြေအနေဖြစ်သဖြင့် ကြီးမားလှသော ငွေပမာဏအား စိတ်ကြိုက်ကိုင်တွယ်ခွင့်အာဏာကို အပြည့်အဝဆုပ်ကိုင်ထားရသည့် အခြေအနေပင်။
ဤသို့သော အခြေအနေမျိုးတွင် အများစုက မိမိ၏ အကျိုးစီးပွားကို ရှေးရှု၍ ခိုးယူထားကြမည်မှာ ကျိန်းသေပေသည်။ ဘုရင်မင်းမြတ်၏ ယုံကြည်မှုကို ရိုးသားဖြောင့်မတ်သော သစ္စာရှိမှုနှင့် ပြန်ပေးဆပ်ခဲ့သည့် အထိန်းတော်ချုပ်က တကယ် အံ့ဩစရာကောင်းသူပင်။
“ဘာကိစ္စရှိလို့လဲ။”
“ယာယီအမှုထမ်း ခန့်အပ်မှုကို အစီရင်ခံတာပါ။ မနက်ဖြန်ကစပြီး လူအယောက်နှစ်ဆယ် ဝင်လာမှာဖြစ်ပြီးတော့ ခြောက်သွေ့ရာသီ မစခင်အထိ ပုံမှန်မဟုတ်တဲ့ အလုပ်တွေကို တာဝန်ယူ ဆောင်ရွက်ပေးကြပါလိမ့်မယ်။ သူတို့ရဲ့ စာရင်းကို ယူလာခဲ့ပါတယ်။”
“ကျေးဇူးပဲ။”
ဆာရာက ကိုင်ဆောင်လာသော စာရွက်စာတမ်းများကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
“ကျွန်မက သူတို့တွေကို သီးသန့်တွေ့ရမဲ့ကိစ္စ ရှိသေးလား။ အရင်တုန်းကရော ယာယီအမှုထမ်းတွေခေါ်ရင် ကျွန်မကို လာပြီးဂါရဝပြုခိုင်းသေးလား။”
“အရှင်မိဖုရားက သူတို့ရဲ့ ဂါရဝပြုမှုကို ခံယူဖူးခြင်း မရှိပါဘူး။ သူတို့က အရှင်မိဖုရား မှတ်ထားရလောက်အောင် အရေးကြီးတဲ့အလုပ်မျိုးကို တာဝန်ယူရမှာ မဟုတ်လို့ပါ။”
ယူဂျင်းက မနက်ဖြန် ရောက်လာမည့် ယာယီအမှုထမ်းများထဲတွင် ရိုဒရစ်ဂ်၏ အဆက်အသွယ် ပါလာလိမ့်မည်ဟု ယုံကြည်ထားသည်။ သူတို့ ဘယ်လိုနည်းလမ်းနှင့် ချဉ်းကပ်မလဲဆိုသည်ကို သိရရန်အတွက် မည်သည့်အပြောင်းအလဲမှ မလုပ်ဘဲ ထားခြင်းက ပိုကောင်းပေမည်။
အထိန်းတော်ချုပ် ထွက်သွားပြီးသည့်နောက် ယူဂျင်းက စာရင်းကို ဖြန့်ကြည့်လိုက်သည်။ စာရွက်ပေါ်တွင်တော့ ထူးထူးခြားခြား မျက်စိကျစရာ ဘာမှမရှိပေ။
'ဖောင်း...'
အချက်ပြမီးရှူး ပေါက်ကွဲသံကို ကြားလိုက်သည်နှင့် ယူဂျင်းလည်း စားပွဲမှ ချက်ချင်းထွက်လာကာ ပြတင်းပေါက်နားသို့ သွားလိုက်သည်။ အပြာရောင် မီးခိုးငွေ့များ ကောင်းကင်တွင် ပျံ့နှံ့သွားသည့် မြင်ကွင်းကိုကြည့်ကာ ပြုံးလိုက်မိ၏။
မီးခိုးများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာပင် ကောင်းကင်ကို အကြာကြီး ဆက်ကြည့်နေခဲ့သည်။ စောစောက ပြေးသွားခဲ့သည့် အာဘူ ဘုရင်မင်းမြတ်ကို ကျောပေါ်တင်ပြီး ပြန်ရောက်လာတော့မည်ဟု တွေးလိုက်မိတော့ ရုတ်တရက် ထိုလူကို တွေ့ချင်စိတ် ပေါ်လာ၏။
'ဘဏ္ဍာတိုက်။'
ထိုစဉ် သူ့ကို မေးစရာတစ်ခုရှိနေကြောင်း သတိရသွားသည်။ ဆင်ခြေကောင်းတစ်ခု ရှိနေသဖြင့် တုံ့ဆိုင်းနေစရာ အကြောင်းမရှိပေ။ ယူဂျင်းတစ်ယောက် ချက်ချင်း တစ်ဖက်လှည့်ကာ ရုံးခန်းမှ ထွက်လာလိုက်၏။
~~~~
ဘုရင်မင်းမြတ်ရုံးခန်း၏ အပြင်ဘက်စင်္ကြံတွင် မှူးမတ်အရာရှိများ အတန်းလိုက် တန်းစီနေကြသည်။ ယင်းမှာ အမြဲတွေ့ရသည့် မြင်ကွင်းမျိုးမဟုတ်သော်လည်း တစ်ခါတလေတော့ ဖြစ်တတ်သည့်ကိစ္စပင်။
ရုန်းကန်လှုပ်ရှားရသောရာသီ၏ တစ်ဝက်ကျော်ဖြစ်သော နှစ်လတာကို ကျော်လွန်ခဲ့ပေပြီ။ နောက်ထပ် ရက်နှစ်ဆယ်ကျော်လောက်ဆိုလျှင် ရုန်းကန်လှုပ်ရှားရသည့်ရာသီ ပြီးဆုံးပေတော့မည်။
ကန္တာရနှင့်နီးသည့် အထွတ်အမြတ်မြို့တော်မဟုတ်သော အခြားဒေသများတွင် လာ့ခ်များ ပေါ်လာသဖြင့် ဖြစ်တတ်သော ထိခိုက်ပျက်စီးမှုများက ရုန်းကန်လှုပ်ရှားရသည့်ရာသီ အစပိုင်းတွင် အများစု ဖြစ်လေ့ရှိ၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီ စတင်ပြီး တစ်လကျော်သွားလျှင်တော့ ဖိစီးမှုများ အနည်းငယ် ပြေလျော့စပြုလာသော ကာလပင်။ ဤအချိန်ရောက်လျှင် တိုင်းပြည်တစ်ခွင်လုံးမှ ဘုရင်မင်းမြတ်ထံသို့ တင်သွင်းသော အစီရင်ခံစာများ စတင်ရောက်ရှိလာတတ်၏။
မိမိအလှည့်ကို အသာလေး စောင့်ဆိုင်းနေကြသော မှူးမတ်အရာရှိများက တိုးတိုးတိုးတိုးနှင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ပတ်ဝန်းကျင်က ဆူညံလာ၍ ဘာများဖြစ်သလဲဟု ခေါင်းလှည့်ကြည့်လိုက်ကြသော အရာရှိများလည်း မျက်လုံးများပင် ပြူးကျယ်သွားကုန်တော့၏။
ရံရွေတော်များခြံရံကာ မိဖုရား ပေါ်လာခြင်းပင်။ အရာရှိအများစုက မိဖုရား၏ တကယ့်ရုပ်ရည်သွင်ပြင်ကို ပထမဆုံးအကြိမ် တွေ့ဖူးကြခြင်းဖြစ်သော်လည်း မိဖုရား၏ အသွင်အပြင်က အင်မတန် ထင်ရှားကျော်ကြားလှသဖြင့် ချက်ချင်းတန်း၍ မှတ်မိသွားခဲ့ကြသည်။
ဆံပင်အနက်ရောင်၊ မျက်လုံးအနက်ရောင်ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် အသွင်အပြင်က သူပိုင်ဆိုင်ထားသည့် ပင်ကိုအလှကို ပို၍ထင်ပေါ်စေ၏။ မိဖုရားက လာ့ခ်ကို သစ်ပင်အဖြစ် ပြောင်းလဲပစ်နိုင်သည်ဟူသော ကောလာဟလက ကြည်ညိုလေးစားမှုကို ပိုတိုးစေခဲ့သဖြင့် မှူးမတ်အရာရှိများ၏ မျက်လုံးထဲတွင် မိဖုရား၏ပတ်ဝန်းကျင်၌ ရောင်ခြည်များ ထွက်ပေါ်နေသလို မြင်နေရသည်။
မျက်နှာထားကို ထိန်းသိမ်းတတ်သူများကတော့ လျင်မြန်စွာ ခေါင်းငုံ့အရိုအသေပေးလိုက်ကြကာ ငေးမောတွေဝေပြီး မိဖုရားကို ကြည့်နေမိသူအချို့ကတော့ ဘေးမှ လုပ်ဖော်ကိုင်ဖက်က ခါးကိုတံတောင်ဖြင့်တွတ်လိုက်မှသာ နောက်ကျမှ လန့်ဖျပ်ပြီး မျက်နှာလွှဲကုန်ကြ၏။
အပါးတော်မြဲ အကြီးအမှူးက အပြေးတစ်ပိုင်း လျှောက်လာသည်။ သူက ယူဂျင်း၏ အပါးသို့ ချဉ်းကပ်လာကာ ဉီးညွှတ်အရိုအသေပေးခဲ့၏။
“ဂါရဝပြုပါတယ်၊ အရှင်မိဖုရား။”
ယူဂျင်းက မျှော်လင့်ထားသည်နှင့် မတူသော ပတ်ဝန်းကျင်ကြောင့် အံ့အားသင့်သွားသည်။ ဘုရင်မင်းမြတ်၏ ရုံးခန်းရှေ့တွင် ဤမျှအထိ လူရှုပ်နေလိမ့်မည်ဟု ထင်မထားခဲ့။
“ဘာကိစ္စရှိလို့လဲ။”
“ဘုရင်မင်းမြတ်ထံမှာ အစီရင်ခံစာ တင်သွင်းဖို့ စောင့်ဆိုင်းနေကြသူတွေပါ။”
“အမြဲတမ်း ဒီအတိုင်းပဲလား။”
“အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိုးရိမ်ပူပန်ရလောက်တဲ့ အထွေအထူးကိစ္စလည်း မဟုတ်ပါဘူးခင်ဗျ။”
“ဒီနေ့ ဘုရင်မင်းမြတ် အထူးတလည် အလုပ်များနေတယ်ဆိုတဲ့ သဘောပေါ့။"
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။ ဘာကိစ္စများရှိလို့ပါလဲ။”
“အရှင်မင်းကြီးကို လာတွေ့တာ... အရေးကြီးကိစ္စတော့ မဟုတ်ဘူး။ အလုပ်များနေတယ်ဆိုတော့ နောက်မှပဲ လာတွေ့လိုက်တော့မယ်။”
“မဟုတ်ပါဘူး၊ အရှင်မိဖုရား။”
အပါးတော်မြဲအကြီးအမှူးက ချက်ချင်းပင် ယူဂျင်းကို ဆွဲထားခဲ့သည်။ မိဖုရား ဘုရင်မင်းမြတ်၏ ရုံးခန်းသို့ လာရောက်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။ တော်ဝင်ဇနီးမောင်နှံက ယခင်လိုမဟုတ်တော့ဘဲ ပို၍ ရင်းနှီးလာကြပြီဖြစ်ကြောင်းကို သိသင့်တဲ့သူတိုင်း သိနေကြပေပြီ။ ဒီအတိုင်း မိဖုရားကို လွှတ်ပေး၍မဖြစ်ဟု အပါးတော်မြဲအကြီးအမှူး၏ ဆဋ္ဌမအာရုံက ပြောနေ၏။
“အရေးတကြီး လုပ်ရမဲ့ကိစ္စတွေ မရှိပါဘူး။ အရှင်မင်းကြီးကို ချက်ချင်း လျှောက်တင်လိုက်ပါ့မယ်။ အထဲကို ဝင်တော်မူပါ။”
အပါးတော်မြဲအကြီးအမှူးက မိဖုရားကို ဧည့်ခန်းဆီသို့ ပို့ဆောင်ပေးကာ ချက်ချင်းပင် ဘုရင်မင်းမြတ်၏ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။ တံခါးအပြင်တွင် စောင့်နေကြသူများအပြင် ဘုရင်မင်းမြတ်၏ စားပွဲရှေ့တွင်လည်း သုံးလေးယောက် တန်းစီနေ၏။
ခါဆယ်ရ်၏ မျက်လုံးများက စာရွက်စာတမ်းများကို ဖတ်နေရင်း ဘယ်ညာ အထက်အောက် ဆက်တိုက် လှုပ်ရှားနေသည်။ ယနေ့ မနက်စောစောကတည်းက ပုံလာသော အလုပ်များကို ရှင်းနေရသဖြင့် အသက်ရှူရန်ပင် အချိန်မရခဲ့။
အလုပ်များရသည့်ကြားထဲ ကံမကောင်းစွာ အချက်ပြမီးရှူး ပေါက်ကွဲသဖြင့် ထရပ်လိုက်ရသေးသည်။ ယနေ့ ပေါ်လာသော လာ့ခ်က အထွေအထူးမဟုတ်။ အမြန်ဆုံး အမဲလိုက်ပြီး ပြန်လာသည်နှင့် ချက်ချင်း စားပွဲတွင်ထိုင်ကာ အလုပ်ပြန်စခဲ့၏။
ဤသို့သောအချိန်မျိုးတွင် နဂိုကတည်းက အလုပ်များတတ်ပေသည်။ နှစ်စဉ် ပုံမှန်ဖြစ်နေကျ အလုပ်ကိစ္စများပင်။ အမြဲတမ်းလုပ်နေကျ အလုပ်ဖြစ်သော်လည်း လက်ရှိတွင် သူက အလုပ်လုပ်ရသည်ကို သေမတတ် စိတ်ကုန်နေသည်။
နားထင်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားရင်း လေးနက်သော မျက်နှာထားဖြင့် လုပ်နေရသည့် အကြောင်းရင်းမှာ ဖတ်နေသည့် စာရွက်စာတမ်းများ၏ အကြောင်းအရာက ရှုပ်ထွေး၍မဟုတ်။ ယင်းမှာ သူ၏ ရှုပ်ထွေးနေသောစိတ်ကို ဖော်ပြနေခြင်းဖြစ်၏။
အမြဲတစေ နေ့စဉ်ဘဝက ပုံမှန်အတိုင်းလည်ပတ်နေခဲ့သည့် ယခင်ကတော့ ဘုရင်တစ်ပါးအနေနှင့် တိုင်းပြည်ရေးရာကိစ္စများကို စီမံခန့်ခွဲခြင်းက သူ့ဘဝပင်။ သို့ရာတွင် ခါဆယ်ရ်တစ်ယောက် မကြာသေးခင်ကမှ မြည်းစမ်းခဲ့ရသည့် ဘဝ၏ အခြားသော ပျော်ရွှင်မှုထဲတွင် အပြည့်အဝ နစ်မြုပ်နေမိသည်။
ယနေ့ မနက်စောစောတွင် မိဖုရား၏အိပ်ခန်းမှ ထွက်လာသော ခြေလှမ်းများက မည်မျှအထိ လေးလံနေခဲ့သလဲ။ ဘာမှမမှုဘဲ ပြောရလျှင် ခဏလောက် အလုပ်အားလုံးကို ဘေးချိတ်ကာ ယူဂျင်းကို ထွေးပွေ့ပြီး အိပ်ရာထဲတွင် လူးလှိမ့်နေချင်၏။
ယခုအချိန်အထိ သစ္စာရှိစွာ ဘုရင်တစ်ပါး၏ အခန်းကဏ္ဍကို အပြည့်အဝ ဆောင်ရွက်ခဲ့ပြီးပြီဖြစ်၍ ခဏလောက် အဖြစ်မရှိသည့် ဘုရင်တစ်ပါးဖြစ်သွားလျှင်လည်း မရပေဘူးလား။ ခါဆယ်ရ်က ဆန်းကြယ်သော ဆင်ခြေကို ဖန်တီးလိုက်သည်။ မည်သူမျှ မခန့်မှန်းနိုင်သော ဘုရင်မင်းမြတ်၏ အတွင်းစိတ်က ထိုအတိုင်းပင်။
“အရှင်မင်းကြီး။”
“အင်း။”
ခါဆယ်ရ်က မကျေနပ်သည့်စိတ်ဖြင့် အောင့်သက်သက် ပြန်ထူးလိုက်သည်။ အပါးတော်မြဲအကြီးအမှူးက လုပ်စရာအလုပ်တွေ အများကြီး ထပ်ယူလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“အရှင်မိဖုရား ကြွချီလာပါတယ်။”
ခါဆယ်ရ် ဆတ်ခနဲတွန့်သွားကာ ခေါင်းထောင်ကြည့်လိုက်၏။
“အရှင်မိဖုရားမှာ အရှင်မင်းကြီးကို လျှောက်တင်စရာကိစ္စ ရှိနေတဲ့ပုံပါပဲ။ ဧည့်ခန်းထဲကို ပို့ဆောင်ထားပြီးပါပြီ၊ ဘယ်လိုဆောင်ရွက်စေချင်ပါသလဲ။”
“အထဲဝင်ခိုင်းလိုက်။”
ဘုရင်မင်းမြတ်က ချက်ချင်း စာရွက်စာတမ်းများကို ပစ်ချပြီး မတုံ့မဆိုင်း ညွှန်ကြားလိုက်သည်ကိုမြင်တော့ အပါးတော်မြဲအကြီးအမှူးလည်း သူ့ဆုံးဖြတ်ချက် မမှားမှန်း သေချာသွားတော့သည်။ သူက ရုံးခန်းထဲတွင် ရှိနေသော အရာရှိအားလုံးကိုပါ ခေါ်ထုတ်သွား၏။ ခဏနေတော့ ယူဂျင်း အထဲဝင်လာသည်။
ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံတော့ ယူဂျင်းက အိုးတိုးအမ်းတမ်း ပြုံးလိုက်၏။ စိတ်ကူးပေါက်သည့်အတိုင်း ကောက်ကာငင်ကာ ရောက်လာခဲ့သော်လည်း အပြင်တွင် လူအများကြီးရှိနေသည်ကို မြင်လိုက်ရတော့ အလကားနေရင်း ရှက်လာတော့သည်။
“အရှင်မင်းကြီး၊ အလုပ်များနေတဲ့အချိန် ရုတ်တရက် လာနှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။”
“မဟုတ်တာ။ ခဏနားတော့မလို့ လုပ်နေတာကို။”
ခါဆယ်ရ်က စားပွဲမှထရပ်ကာ ယူဂျင်းကို ထိုင်ရန် နေရာပြပေးခဲ့သည်။ ယူဂျင်းက ဆိုဖာတွင်ထိုင်ကာ ရုံးခန်းအတွင်းပိုင်းတစ်ခုလုံးကို လှည့်ပတ်အကဲခတ်လိုက်၏။
ပုတ်သင်ညို မှော်ဝင်သားရဲကို ကြည့်ရန်အတွက် ယခင်တစ်ခါ လာခဲ့ပြီးကတည်းက ပထမဆုံး ပြန်တွေ့ရခြင်းဖြစ်သည့် ဘုရင်မင်းမြတ်၏ ရုံးခန်းမြင်ကွင်းမှာ ယခင်ကအတိုင်းပင်။ ကျယ်ဝန်းသော်လည်း မရှိမဖြစ် လိုအပ်သော ပရိဘောဂများမှလွဲ၍ အခြားအလှဆင်ပစ္စည်းများ မရှိပေ။ လွန်လွန်ကဲကဲအရာများကို မနှစ်သက်သော ဘုရင်မင်းမြတ်၏ စိတ်နေစိတ်ထားကို မြင်နေရ၏။
“ဧကန္တ ကျွန်မ ဒီကိုလာလို့ အရှင်မင်းကြီးအတွက် အခက်တွေ့ရတာများ ဖြစ်သွားမလားရှင့်။”
“အရင်ကလည်း မင်းကို မလာနဲ့လို့မပြောဖူးသလို ရှေ့လျှောက်လည်း ဘယ်လောက်ပဲလာလာ ရတယ်။”
ခဏနားတော့မလို့ လုပ်နေတာဟူသော စကားက သူ့ကို ထောက်ထားစဉ်းစားပေးပြီး ပြောလိုက်ခြင်းပဲဟု ယူဂျင်း ယူဆလိုက်သည်။ အပြင်တွင် တန်းစီစောင့်နေကြသော အရာရှိများ အများအပြားရှိနေကာ၊ လှမ်းကြည့်လိုက်ရုံနှင့် စားပွဲပေါ်တွင် စာရွက်စာတမ်းများ အပြည့်ရှိနေသည်ကို တွေ့ရ၏။ အချိန်က နှမြောစရာကောင်းနေမည်ကို ချက်ချင်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကာ ဘာကိစ္စနဲ့လာတာလဲဟု မမေးသည့်အတွက် ကျေးဇူးတင်မိသည်။
“အသေးလေးကို မတွေ့ပါလား။”
“အသေးလေး။”
“အာ...ကျွန်မဘာသာ စိတ်တိုင်းကျ ခေါ်လိုက်တဲ့နာမည်ပါ။ သိုလှောင်ရုံကနေ ခေါ်လာတဲ့ မှော်ဝင်သားရဲလေ။”
“ငါ့အိပ်ခန်းရဲ့ ဧည့်ခန်းထဲမှာ ထားခဲ့တယ်။ ခေါ်လာခိုင်းလိုက်ရမလား။”
“မခေါ်ပါနဲ့။ မှော်ဝင်သားရဲကို လာကြည့်တာမဟုတ်ပါဘူး။ အရှင်မင်းကြီးကို မေးစရာလေးရှိနေလို့ပါ။ ဒါပေမဲ့ ကြိုပြောရရင် အရေးတကြီးကိစ္စ မဟုတ်ပါဘူး။ ချက်ချင်းဖြေဖို့ ခက်တယ်ဆိုရင်လည်း စောင့်နိုင်ပါတယ်။”
ခါဆယ်ရ် ခေါင်းညိတ်လိုက်သည်။
“ဘဏ္ဍာတိုက်ဆိုတာက ဘာလဲဟင်။ ဘာဖြစ်လို့ ကျွန်မကို ဘဏ္ဍာတိုက်နဲ့ ပတ်သက်ပြီး မသိနိုင်အောင် တားမြစ်ထားတာလဲရှင့်။”
ခါဆယ်ရ် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း မျက်နှာထားတော့ အပြောင်းအလဲသိပ်မရှိခဲ့။ ယူဂျင်း မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို ပြန်ရလာပြီဟု ပြောခဲ့ကတည်းက ဘဏ္ဍာတိုက်နှင့် ပတ်သက်၍လည်း မှတ်မိလာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့၏။
“ဘဏ္ဍာတိုက်ဆိုတာ အရင်က မင်း ခဏခဏ သွားခဲ့တဲ့နေရာပဲ။”
ခါဆယ်ရ်က အမှန်အတိုင်း ဝန်ခံလိုက်သည်။ ယူဂျင်း မှတ်ဉာဏ်များ ပြန်ရလာမည်ကို သူမလိုချင်ခဲ့ကြောင်းနှင့် မှတ်ဉာဏ်ပြန်ရန်အတွက် အရေးကြီးသော ဆက်စပ်ပစ္စည်းတစ်ခု ဖြစ်လာမည့် ဘဏ္ဍာတိုက်အကြောင်း ဖုံးကွယ်ထားခဲ့မိကြောင်းကိုပါ ဝန်ခံလိုက်၏။
“ကျွန်မက အဲ့ဒီကို ဘယ်လောက်အထိ မကြာမကြာ သွားခဲ့တာလဲဟင်။”
“ခဏခဏကို သွားတယ်လို့ ကြားတာပဲ။ နဂိုက ဘဏ္ဍာတိုက် အဖွင့်၊ အပိတ်လုပ်တိုင်း ငါ့ခွင့်ပြုချက် လိုအပ်တယ်။ ဒါပေမဲ့ မင်းကတော့ အဲ့ဒီလို လုပ်ထုံးလုပ်နည်းမျိုးမရှိဘဲ ဝင်ထွက်သွားလာခဲ့တာ။”
“ကျွန်မက အဲ့ဒီကို ခဏခဏသွားပြီး ဘာလုပ်တာလဲရှင့်။”
ခါဆယ်ရ်က 'ငါကမှ မေးကြည့်ချင်နေတာ' ဟု စိတ်ထဲမှတွေးရင်း ပြောလိုက်သည်။
“တိုင်းပြည်ရဲ့ အဖိုးတန်ရတနာတွေကို ကြည့်ချင်တယ်တဲ့လေ။ မင်း ဘဏ္ဍာတိုက်ထဲ ဝင်ချင်ရတဲ့ အကြောင်းရင်းက အဲ့ဒါပဲ။”
“ကြည့်တယ်။ တကယ် ကြည့်ရုံသက်သက်ပဲလားရှင့်။”
“အဲ့ဒီအတောအတွင်းကတော့ အဲ့လိုပဲပေါ့။ မင်း ကန္တာရထဲ ထွက်သွားတဲ့နေ့ကလွဲလို့။”
ယူဂျင်းက ရှေ့နောက် အခြေအနေများကို ဆက်စပ်ခန့်မှန်းကြည့်လိုက်သည်။
“ကျွန်မ ယူသွားတယ်ဆိုတဲ့ လည်ဆွဲက ဘဏ္ဍာတိုက်ထဲမှာ သိမ်းထားတဲ့ ရတနာပေါ့နော်။”
ပျောက်ဆုံးသွားသည့် ပစ္စည်းနှင့်ပတ်သက်ပြီး ဘာကြောင့် စစ်ဆေးမေးမြန်းခြင်းမရှိမှန်း နားလည်သွားတော့သည်။ ခါဆယ်ရ်က ဘဏ္ဍာတိုက်အကြောင်း ဖော်ထုတ်မည့်အစား ခိုးယူခံရသည့်ကိစ္စကို ဖုံးဖိထားရန် ကြိုးစားခဲ့ပုံပင်။ ထိုမျှအထိ အတိတ်က ဂျင်ကို မုန်းခဲ့သည်ကိုး။ ထူးဆန်းသည့် ခံစားချက်တစ်ခု ဝင်လာ၏။
“အမ်... တကယ်က။”
ခါဆယ်ရ်က တုံ့ဆိုင်းသွားရာမှ ယူဂျင်း၏ မျက်နှာထားကို မသိမသာအကဲခတ်ရင်း ပြောခဲ့သည်။
“ပျောက်သွားတဲ့ ပစ္စည်းက လည်ဆွဲ မဟုတ်ဘူး။”
“ရှင်။”
“လည်ဆွဲ မဟုတ်ဘဲ...”
“ခဏလေးပါ။”
ခါဆယ်ရ်က အတွေးထဲ နစ်မျောနေသော ယူဂျင်းကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။ သူ့အား လည်ဆွဲခိုးသူအဖြစ် ယိုးစွပ်သည်ဟု အထင်မလွဲစေရန် မျှော်လင့်မိ၏။
“ပျောက်သွားတဲ့ပစ္စည်းက ဘာလဲဆိုတာကို မပြောပြပါနဲ့။ ကျွန်မ မှတ်မိလာနိုင်လောက်မလား မသိပါဘူး။”
ခါဆယ်ရ် စိုးရိမ်ခဲ့သည့် အထင်လွဲမှုကို ယူဂျင်းက စကတည်းက မလုပ်ခဲ့။ လိုအပ်လျှင် ပိုင်ပိုင်နိုင်နိုင် လိမ်ညာနိုင်သည့် စေ့စပ်သေချာသောလူဖြစ်ကြောင်းကိုသာ တစ်ဖန်ပြန်လည်ပြီး အတည်ပြုလိုက်မိ၏။
“ဘဏ္ဍာတိုက်ကို သွားကြည့်ချင်ပါတယ်။”
~~~~
Miel's Translations