no

Font
Theme

အပိုင်း ၇၂

ယူဂျင်းက သစ်ပင်ကို အံ့ဩမှင်တက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ အပြင်ပန်း ပုံသဏ္ဌာန်က သာမန်သစ်ပင်တစ်ပင်လိုပင်။ မသိဘဲကြည့်လျှင် ယင်းကို နဂိုက လာ့ခ်ဖြစ်ခဲ့မှန်း မည်သူမျှ သိနိုင်မည်မဟုတ်ပေ။

‘တကယ်ပဲ ငါလုပ်ခဲ့တဲ့ကိစ္စလား။’

ယူဂျင်းက သူ့လက်ဖြင့် ထိတွေ့ခဲ့သော လာ့ခ် သစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်နေစဉ်အတွင်း အိပ်ပျော်သွားခဲ့သည်။ သစ်ပင်အဖြစ် အပြည့်အဝ ကြီးထွားလာသောပုံစံက... ထင်ထားသည်ထက်ပို၍ ကြီးမားလှ၏။

‘ငါ့ရဲ့ ရာမီတာက...’

နဂို ဂျင်သာဆိုလျှင် ဤကဲ့သို့သော လုပ်ရပ်ကို လုပ်နိုင်ပါ့မည်လား။

ယူဂျင်းက ဤကမ္ဘာမှ ဇာတ်ကောင်များကို အကဲဖြတ်သောအခါ သူရေးထားသည့် ဝတ္ထုထဲမှ ဇာတ်ကောင်များနှင့် နှိုင်းယှဉ်၍ မည်သည့် အတိုင်းအတာအထိ ကိုးကားနိုင်မလဲဟု စဉ်းစားလေ့ရှိသည်။

သူ၏နောက်တွင် ကပ်လျက်ရှိသောလူ၊ မရဏဘုရင် ခါဆယ်ရ်ဟူသော နာမည်၊ အဆင့်အတန်းအရိုက်အရာ၊ ပိုင်ဆိုင်သော စွမ်းရည်များက သူရေးသားခဲ့သော အကြောင်းအရာနှင့် ကိုက်ညီနေ၏။

ယူဂျင်း ဝင်ရောက်နေသော ဤခန္ဓာကိုယ်၊ အာနီခါ ဂျင်ဟူသော နာမည်၊ အဆင့်အတန်းအရိုက်အရာ၊ မရဏဘုရင်နှင့် လက်ထပ်ပြီး ဘုရင့်တိုင်းပြည်သို့ ရောက်ရှိလာပုံကလည်း ဝတ္ထုပါအကြောင်းအရာနှင့် တူညီနေသည်။

ဝတ္ထုထဲတွင် အခွင့်ထူးခံလူတန်းစားအဖြစ် လိုလေသေးမရှိ ခံစားနေထိုင်ခဲ့သော ဂျင် မာရာ၏ အစွမ်းကို လိုလားတောင့်တခဲ့သည့် အကြောင်းရင်းမှာ ဂျင်က အာနီခါပင် ဖြစ်လင့်ကစား အာနီခါများကဲ့သို့ အစွမ်းကို မပိုင်ဆိုင်နိုင်သည့် သိမ်ငယ်စိတ်ကြောင့်ပင်။

ယူဂျင်းက သူကိုယ်တိုင် ရေးသားခဲ့သော ဝတ္ထုစာသားကို သတိရလိုက်သည်။

—အာနီခါ ဂျင်၏ မွေးရာပါ ရာမီတာအစွမ်းမှာ မှေးမှိန်ပေသည်။ သူ၏ ဗလာဖြစ်နေသောအိုးကဲ့သို့ ခန္ဓာကိုယ်က အမိုက်အမှောင်စွမ်းအင်ကို တောင့်တကာ ထို့ကြောင့်ပင် မာရာနှင့် ပို၍အားကောင်းစွာ ပေါင်းစည်းခဲ့၏။

‘ငါ ဒီခန္ဓာကိုယ်ထဲကိုမဝင်ခင် ဂျင်ရဲ့ ရာမီတာက ဘယ်အဆင့်လောက်အထိ ရှိခဲ့မလဲ။’

ယူဂျင်းတစ်ယောက် အဆုံးသတ်ကို မမြင်ရ သော ပင်လယ်ရေအောက်တွင် ကူးခတ်ခဲ့ရသည့် အိပ်မက်ကို ယခုအချိန်အထိ ရှင်းလင်းစွာ မြင်ယောင်နေဆဲဖြစ်သည်။ ယင်းသတိရှိနေသော အိပ်မက်က သူ၏ ကိုယ်ပိုင်ပင်။ အကြောင်းရင်းကို ရှင်းပြ၍မရသော်လည်း ထိုအိပ်မက်ထဲတွင် ကမ္ဘာကြီးက သူ့အတွက် အပြည့်အဝ တည်ရှိနေသည်ဟု ခံစားခဲ့ရသည်။

‘ဂျင်က မာရာရဲ့နောက်လိုက်တွေနဲ့ ဘာလို့ ဆက်သွယ်ခဲ့တာလဲ။’

‘ဝတ္ထုထဲက အကြောင်းအရာအတိုင်း မာရာရဲ့အစွမ်းကို လိုချင်ရုံသက်သက်ပဲလား။ တခြားအကြောင်းရင်း ရှိလို့လား။’

‘မရဏဘုရင်နဲ့ လက်ထပ်ခဲ့တဲ့ အကြောင်းရင်းကိုပဲ သိရရင်တောင် အရေးကြီးတဲ့ သဲလွန်စဖြစ်မှာကို။’

ဂျင်က မရဏဘုရင် ခါဆယ်ရ်နှင့် သုံးနှစ်တာ လက်ထပ်ထိမ်းမြားခြင်းမှ မည်သည့်အရာကို ရယူရန် ရည်ရွယ်ခဲ့သလဲဟူသော မှတ်ဉာဏ်က ယခုတိုင် ပြန်ပေါ်မလာသေးပေ။ သို့သော် ယူဂျင်းက ဤ မပြည့်စုံသော မှတ်ဉာဏ်အတွက် နှမြောတသခြင်းမဖြစ်မိ။

ပြီးပြည့်စုံသည့် မှတ်ဉာဏ်ပေါင်းစည်းမှုဟူသည်မှာ ‘ဂျင်’ နှင့် ‘ယူဂျင်း’ တို့ ခွဲခြား၍မရအောင် ရောနှောသွားသည်ဟူသော သဘောပင်။ ယူဂျင်းက ထိုသို့သောအဖြစ်ကို မလိုချင်ပေ။ ယခုကဲ့သို့ သူ့ကိုယ်သူ ဘယ်သူမှန်း ရှင်းရှင်းလင်းလင်း သိမြင်ထားသည့်အတိုင်း တစ်လှမ်းခွာကာ ‘အာနီခါ ဂျင်’ ကို ကြည့်ရှုနေရသည့် လက်ရှိအခြေအနေက ပိုကောင်း၏။

“ဒါဆို ကျုပ်တို့ရဲ့ အာနီခါ မိဖုရားကြီးက ကမ္ဘာပေါ်မှာ အကြံ့ခိုင်ဆုံးဖြစ်နေတာ မဟုတ်ဘူးလား။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ လာ့ခ်အားလုံးကို သစ်ပင်ဖြစ်အောင် လုပ်ပစ်နိုင်တာဆိုတော့။”

“အဲ့ဒီလို ဖြစ်သွားမလား။”

ယူဂျင်းတစ်ယောက် မကြားချင်ယောင်ဆောင်ရန် မည်မျှပင် ကြိုးစားပါစေ လူအများ၏ ပြောဆိုသံများက သူ့နားထဲသို့ ဆက်တိုက်ဝင်လာသည်။ သူတို့၏ စကားများထဲတွင် တဖြည်းဖြည်းနှင့် ကြီးမြတ်သော သူရဲကောင်းကြီးဖြစ်လာသည့် သူ့ပုံစံကို တရစပ် နားထောင်ရခြင်းက ခက်ခဲလာ၏။

ယူဂျင်း ခေါင်းကို အနောက်လှည့်ကာ သူ့ဘက်သို့ အနည်းငယ် ဦးညွှတ်လာသော ခါဆယ်ရ်ကို တိုးတိုးလေး တီးတိုးပြောလိုက်သည်။

“ဒီလောက်နဲ့ပဲ ပြန်ကြမယ်ရှင့်။”

“သစ်ကိုင်းကရော။”

ယူဂျင်းက လာ့ခ်သစ်ပင်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုပြီးနောက် သစ်ကိုင်းတစ်ကိုင်း ချိုးယူရန် စီစဉ်ထား၏။ ရာမီတာ၏ သက်ရောက်မှုကြောင့် ပြောင်းလဲသွားသော သစ်ပင်တွင် ထူးခြားသော စွမ်းအားများ ပါဝင်နေမလားဟု သိချင်ခဲ့သည်။

သို့သော် သစ်ပင်ကို မြင်လိုက်ရသည့်အချိန်တွင် သိလိုက်ရ၏။ ယင်းမှာ လာ့ခ်မဟုတ်တော့ပေ။

လာ့ခ်က သူ၏ တစ်မူထူးခြားသော ကွဲပြားသည့် ခံစားမှုတစ်မျိုးကို ထုတ်လွှတ်လေ့ရှိ၏။ ခါဆယ်ရ်ကို မေးကြည့်တော့ သူ လည်း ခံစားရသည်ဟုဆိုသည်။ ခြောက်သွေ့ရာသီမှ ရုန်းကန်လှုပ်ရှားရသည့် ရာသီသို့ ပြောင်းလဲသည့်အခါ လေစီးကြောင်းပြောင်းလဲမှုကို ခံစားသိရှိနိုင်သကဲ့သို့ ထူးခြားသောစွမ်းရည်ရှိသူများ၏ အာရုံခံစားနိုင်စွမ်းပင်။

ယခုလို ပတ်ဝန်းကျင်မျိုးတွင် သစ်ပင်အနားသို့ ကပ်သွားပါက ချက်ချင်း လူအများ၏ အာရုံစိုက်မှုကိုခံရပေမည်။ သစ်ကိုင်းကိုချိုးလျှင် ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်၏။ သစ်ပင်တွင် ထူးခြားသောစွမ်းအားများ ပါဝင်နေသည်ဆိုလျှင်ပင် ထိုသို့သော ရုတ်ရုတ်သဲသဲဖြစ်မှုကို ရင်ဆိုင်ရသည်အထိ လေ့လာကြည့်ရှုရန် တန်သည့်အရာတော့မဟုတ်ပေ။

“မရှိလည်း ရပါတယ်။ အခု ချိုးဖို့လည်း ခက်နေပါပြီ။ နောက်ကျလို့ လူနည်းသွားမှ သေချာလေး စစ်ဆေးကြည့်ချင်တယ်ရှင့်။”

‘နောက်မှပဲဆိုရင်။ ဖြစ်နိုင်ပါ့မလားတော့ မပြောတတ်ဘူး။’

ခါဆယ်ရ်က ခြံစည်းရိုးကို အချိန်အတန်ကြာသည်အထိ ဖယ်ရှားရန် ခက်ခဲလိမ့်မည်ဟု ထင်ခဲ့၏။ ရုန်းကန်လှုပ်ရှားရသည့်ရာသီ ဖြစ်နေ၍သာ ဤမျှပဲရှိနေခြင်းဖြစ်ပြီး ခြောက်သွေ့ရာသီရောက်လျှင် လူပိုများလာပေမည်။ ကောလာဟလများ ပျံ့နှံ့ကုန်မည်ဖြစ်သဖြင့် တိုင်းတစ်ပါးမှလည်း အလုံးအရင်း ရောက်လာကြမည်သာ။

နှစ်ယောက်သား လူအုပ်ကို တိုးဝှေ့ကာ ပြန်ထွက်လာကြသည်။ လူအုပ်၏ အလယ်ဗဟိုမှ ထွက်ခွာလာခြင်းဖြစ်သောကြောင့် အတော်အသင့် လွယ်ကူခဲ့၏။

သူတို့နှစ်ယောက် လူအုပ်အပြင်သို့ ရောက်သည်နှင့် စောင့်ဆိုင်းနေကြသော ကိုယ်ရံတော်များ ချက်ချင်း လိုက်ပါလာကြသည်။ တရားဝင် ခရီးစဉ်အဖြစ် လမ်းပိတ်ပြီး သွားခဲ့မည်ဆိုလျှင် ပို၍သက်တောင့်သက်သာရှိပေမည်။ သို့သော် မိဖုရားက ယခုပုံစံဖြင့် မျက်နှာထွက်ပြပါက လူအုပ်ကြီး ပို၍စုပြုံလာမည်မှာ စိုးရိမ်စရာပင်။

ရင်ပြင် အစွန်အဖျားတွင် ရပ်ထားသော မြင်းရထားပေါ်သို့ မတက်မီ ယူဂျင်းက နောက်သို့ လှည့်ကြည့်လိုက်သည်။ ကိုယ်ရံတော် အားလုံးက မျက်နှာစိမ်းများဖြစ်နေ၏။ ရဲတိုက်မှ စတင်ထွက်ခွာလာကတည်းက ဆာ ဆဗဲန်အပါအဝင် မျက်နှာသိ စစ်သည်တော်တစ်ဦးမျှ မတွေ့ ရသဖြင့် ထူးဆန်းနေခဲ့သည်။

မြင်းရထားအတွင်းသို့ ဝင်ထိုင်လိုက်သည်နှင့် မြင်းရထားက ချက်ချင်းပင် စတင်ထွက်ခွာတော့၏။ ယူဂျင်းလည်း ခါဆယ်ရ်ကို မေးလိုက်။

“အရှင်မင်းကြီး။ အဲ့ဒီနေ့က ကျွန်မကို ကိုယ်ရံတော်အဖြစ် စောင့်ကြပ်ပေးခဲ့တဲ့ စစ်သည်တော်တွေထဲမှာ ဒဏ်ရာရတဲ့သူများ ရှိလားရှင့်။”

“မရှိဘူး။”

တဒင်္ဂ စိုးရိမ်မိသွားသော ယူဂျင်း၏ မျက်နှာထားက တစ်ဖန်ပြန်ပြီး သက်တောင့်သက်သာဖြစ်သွား၏။ ထိုနေ့က သူ မှားသွားခဲ့သည်။ စစ်သည်တော်များအား လူထုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်သာ အမိန့်ပေးခဲ့ပြီးနောက် ဘာဆက်လုပ်ရမည်ကို မပြောမိခဲ့။ အမိန့်က တစ်ဝက်တစ်ပျက်နှင့် မပြည့်စုံခဲ့ပေ။

“ဆာ ဆဗဲန်က ဘယ်သွားလို့လဲရှင့်။ မတွေ့မိဘူးနော်။”

“မင်းရဲ့ ကိုယ်ရံတော်တွေကို အသစ်ထပ်ရွေးမယ်။”

ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွား၏။

“ဘာဖြစ်လို့လဲရှင့်။”

“ကိုယ်ရံတော်အနေနဲ့ သင့်တော်တဲ့ပညာရေး ရှိထားတဲ့သူကို ရွေးတာပဲ ပိုကောင်းမယ်။ အရင်က မင်းရဲ့ကိုယ်ရံတော်တွေမှာ ကိုယ်ရံတော်တာဝန် ထမ်းဆောင်ဖူးတဲ့ အတွေ့အကြုံ မရှိကြဘူးလေ။”

“အားလုံး ကောင်းကောင်း လုပ်ပေးခဲ့ကြတာကို...”

ယူဂျင်းက မျက်နှာငယ်လေးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုနေ့က ကိုယ်ရံတော်များသာဖြစ်သည့် သူတို့အား မဆင်မခြင် အမိန့်အမျိုးမျိုး ပေးခဲ့ခြင်းက ပြဿနာဖြစ်ခဲ့သည်မှာ သေချာ၏။

“ဆာ ဆဗဲန်က ကျွန်မရဲ့ကိုယ်ရံတော် မလုပ်ချင်တော့ဘူးဆိုပြီး ပြောလို့လားဟင်။”

“မင်းရဲ့ ကိုယ်ရံတော် လုပ်မယ်၊ မလုပ်ဘူးဆိုတာက ဆဗဲန် ဆုံးဖြတ်ရမဲ့ကိစ္စ မဟုတ်ဘူး။”

ယူဂျင်းတစ်ယောက် ခါဆယ်ရ်၏ လေသံက ထူးဆန်းစွာ အေးစက်နေသည်ဟု ထင်လိုက်မိသည်။ ရုတ်တရက် မနေ့က သူ ပြစ်တင်ပြောဆိုခဲ့သော စကားကို သတိရသွား၏။

‘မင်း မြင်းပေါ်က ပြုတ်ကျသွားတာလေ။ မြင်းပေါ်က ပြုတ်ကျတာ ဘယ်လောက်အန္တရာယ်များမှန်း မသိဘူးလား။’

ယူဂျင်း မြင်းပေါ်မှ ပြုတ်ကျသည့်နေရာတွင် ရှိနေခဲ့သူမှာ ဆဗဲန် တစ်ဦးတည်းသာဖြစ်၏။ ထိုစဉ်က အခြေအနေကို ဆဗဲန်က ခါဆယ်ရ်အား ပြောပြခဲ့သောကြောင့် သိသွားသည်ဟူသော သဘောပင်။

သူ မြင်းပေါ်ကပြုတ်ကျခြင်းမှာ ဆဗဲန်၏ အမှား လုံးဝမဟုတ်။ သို့ရာတွင် ဘေးတွေ့လုနီးပါးဖြစ်ခဲ့ခြင်းမှာ အမှန်ဖြစ်ကာ ဘုရင့်အမိန့်ကို တစ်သဝေမတိမ်း မလိုက်နာခဲ့ခြင်းမှာလည်း အမှန်ပင်။ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

“အရှင်မင်းကြီး။ ဆာ ဆဗဲန် အပြစ်ပေးခံထားရတာလားဟင်။”

ခါဆယ်ရ်က ပြန်မဖြေခဲ့။ သူ၏ နှုတ်ဆိတ်မှုက အတည်ပြုခြင်းနှင့် အတူတူပင်။ ယူဂျင်းတစ်ယောက် သူ့ကြောင့် အပြစ်ပေးခံရမည့် ဆဗဲန်ကို တွေးမိသောအခါ ဘာလုပ်လို့လုပ်ရမှန်းမသိသော ခံစားချက်တစ်မျိုး ဖြစ်လာတော့သည်။

“အရှင်မင်းကြီး။ ဆာ ဆဗဲန်ရဲ့အမှား မဟုတ်ပါဘူး။ ကျွန်မကသာ ခေါင်းမာခဲ့မိတာ။ ဆာ ဆဗဲန်က ကျွန်မကိုတားဖို့ အသည်းအသန် ကြိုးစားခဲ့တာပါ။ တခြားစစ်သည်တော်တွေကလည်း ကျွန်မရဲ့အမိန့်ကို လိုက်နာခဲ့ရုံပဲ ရှိပါတယ်။”

သူတို့အတွက် ရွေးချယ်စရာမရှိခဲ့။ ဘုရင့်အမိန့်ကို နာခံရန် မိဖုရား၏ အမိန့်ကို လျစ်လျူရှုခဲ့ပါက မနာခံမှုကြောင့် ပြစ်ဒဏ်ခံရပေလိမ့်မည်။

“...”

ယူဂျင်းတစ်ယောက် သူ့အား စကားမပြောဘဲ ကြည့်နေသည့် ခါဆယ်ရ်ကို ပထမဆုံးအကြိမ်အဖြစ် ကြောက်လာမိသည်။

ထိုလူကား ပြည့်ရှင်ဘုရင်ဖြစ်၏။ လူတန်းစားခွဲခြားမှုစနစ်ရှိသော လူ့အဖွဲ့အစည်းတွင် ဘုရင်ပိုင်ဆိုင်သည့် အာဏာက ယူဂျင်း နေထိုင်ခဲ့ရာကမ္ဘာနှင့် အတိုင်းအဆချင်း ကွာခြားပေသည်။ သူ့စကားတစ်ခွန်းတည်းဖြင့် လူတစ်ယောက်က သေနိုင်၊ ရှင်နိုင်၏။

ယူဂျင်းလည်း ဆဗဲန်အပါအဝင် စစ်သည်တော်များ ကြုံတွေ့နေရသည့် အခြေအနေကို အတိတ်က သူ့ဘဝနှင့် ယှဉ်တွဲမြင်ယောင်ကြည့်မိသည်။ သူက မြင်ပင်မမြင်ဖူးသော ငွေ ကြောင့် ငွေတိုးချေးသူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရကာ ကုမ္ပဏီရှေ့တွင် ရန်ပြုဆူပူခဲ့သော လောင်းကစားသမား အစ်ကိုကြောင့် အလုပ်ထုတ်ခံခဲ့ရ၏။

မိမိသဘောဆန္ဒနှင့် မသက်ဆိုင်ဘဲ အခြားသူများ၏ ဩဇာအောက်တွင် လွှမ်းမိုးခံရသည့် ဘဝကား အင်မတန် ဝမ်းနည်းခံပြင်းဖွယ်ပင်။

အလားအလာကောင်း ရှိသူများ၏ အနာဂတ်ကို ပိတ်ဆို့သည့် ကျူးလွန်သူတစ်ဦး ဖြစ်သွားမည်ကို ယူဂျင်း ကြောက်မိသည်။

“ကျွန်မကိုပဲ အပြစ်တင်ပါ။ ကျွန်မရဲ့အမှားကို အပြစ်မရှိတဲ့သူတွေအပေါ် လွှဲချတာကိုတော့... တကယ် မလိုချင်ပါဘူး။”

ခါဆယ်ရ်က သက်ပြင်းဖွဖွလေး တစ်ချက်ချလိုက်သည်။ ‘တကယ် မလိုချင်ပါဘူး’ ဟု ပြောနေသော ယူဂျင်း၏ မျက်နှာထားက ဒီအတိုင်း သူ့လူကို ကာကွယ်ပေးခြင်းထက် မမျှတသော လုပ်ရပ်အပေါ် စက်ဆုပ်မုန်းတီးခြင်းနှင့် ပိုနီးစပ်၏။

စစ်သည်တော်များကို အကျဉ်းချရန် အမိန့် ပေးခဲ့သော သူ၏စိတ်ထဲတွင်လည်း မသက်သာခဲ့။ ယူဂျင်း ဘေးမသီရန်မခ နိုးလာပြီဖြစ်၍ ကြီးလေးသောပြစ်ဒဏ်မျိုး ချမှတ်ရန် စိတ်ကူးမရှိပေ။

အချိန်တစ်ခုအထိ တာဝန်ရပ်ဆိုင်းခြင်း၊ ကိုယ်ရံတော် အပြောင်းအလဲလုပ်ခြင်းလောက်နှင့်သာ အဆုံးသတ်ရန် ရည်ရွယ်ထား၏။ သို့သော် ယူဂျင်းက ဤမျှအထိ ပြင်းထန်သော သဘောထားကို ပြသနေချိန်တွင် ဤစစ်သည်တော်များအား အပြစ်ပေးခြင်းကို အတင်းအကျပ် ဆက်လုပ်ရန် လိုအပ်ပါဦးမည်လား။

“ဒါဆို မင်း လိုချင်တာက ဘာလဲ။”

“စီရင်ချက် ချပြီးပြီလားဟင်။”

“မချရသေးဘူး။ တာဝန် ခေတ္တရပ်ဆိုင်းခံထားရတုန်းပဲ။”

“ခေတ္တ တာဝန်ရပ်ဆိုင်းရုံနဲ့ လုံလောက်ပါပြီ။ သူတို့ကို နဂိုရာထူးအတိုင်း ပြန်ထားပေးပါ။ ကျွန်မရဲ့ ကိုယ်ရံတော်အဖြစ်လည်း ဆက်ပြီးထမ်းဆောင်သွားစေချင်ပါတယ်။”

“အဲ့ဒီလိုလုပ်တာပေါ့။”

ယူဂျင်းက ခါဆယ်ရ် ရှောရှောရှူရှူ သဘောတူခဲ့သည်ကို မယုံသင်္ကာဖြစ်ကာ သူ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။ ခါဆယ်ရ်က ပေါ့ပါးပါးပါးရယ်ရင်း ပြောလာ၏။

“မင်းဖြစ်စေချင်သလို လုပ်ပေးမယ်လို့ ပြောထားပြီးသားကို ဘာဖြစ်လို့လဲ။”

တဖြည်းဖြည်း အရှိန်လျော့လာသော မြင်းရထားက ရပ်တန့်သွားသည်။ ခဏအကြာတွင် အပြင်ဘက်မှ ‘တံခါး ဖွင့်ပေးပါ့မယ်၊ အရှင်မင်းကြီး’ ဟူသော အသံကို ကြားလိုက်ရ၏။

ယူဂျင်းက နေရာမှထရန် ပြင်နေသည့် ခါဆယ်ရ်ကို ခေါ်လိုက်သည်။ ခေါင်းလှည့်ကာ သူ့အားကြည့်လာသည့် ခါဆယ်ရ်ကို ကျေးဇူးတင်ပြီး အားနာသည့်မျက်နှာထားဖြင့် ပြောလိုက်၏။

"ကျွန်မ အတင်းအကျပ် ပူဆာမိသွားတာလားဟင်။ အရှင်မင်းကြီးကို အခက်တွေ့ရအောင်လုပ်ဖို့ တွေးထားတာမဟုတ်ပါဘူး။"

"မင်း အတင်းအကျပ်ပူဆာလို့ မဖြစ်နိုင်တဲ့အရာက ဖြစ်နိုင်သွားမှာ မဟုတ်ဘူးလေ။"

ခါဆယ်ရ်၏ မျက်နှာထက်တွင် ပုံရိပ်တစ်ခု ထပ်၍ပေါ်လာသည်။ ဂျင်၏ မှတ်ဉာဏ်ပင်။

[လိုချင်တာရှိရင် ဒီအတိုင်း ပြောလိုက်။ ငါ့ကို မျက်နှာချိုသွေးနေလို့ မဖြစ်နိုင်တဲ့ကိစ္စက ဖြစ်နိုင်သွားမှာမဟုတ်ဘူး။]

[စိတ်ဝင်စားဖို့မကောင်းတဲ့ ပုဂ္ဂိုလ်ပါလား။ ဘဏ္ဍာတိုက်ကို ကြည့်ချင်ပါတယ်။]

မြင်လိုက်ရသည့် ပုံရိပ်ကို ယူဂျင်း အဓိပ္ပာယ်မဖွင့်နိုင်မီ ခါဆယ်ရ်က မြင်းရထားအပြင်သို့ထွက်ကာ လက်ကမ်းပေးခဲ့သည်။ ယူဂျင်းလည်း သူ့လက်ကိုကိုင်ကာ မြင်းရထားထဲမှ ထွက်လိုက်၏။

"ပြန်ရောက်ပါပြီလားရှင့်။"

သူတို့နှစ်ယောက်ကို ခရီးဦးကြိုပြုသည့် မာရီအန်းက အနူးအညွတ် ဦးညွှတ်ခဲ့သည်။ ယူဂျင်းက မာရီအန်းကို ခပ်ရေးရေး ပြုံးပြလိုက်၏။ မနေ့ကတည်းက မာရီအန်းကိုမြင်တိုင်း ထူးဆန်းသလို ခံစားနေရသည်။ သူ့ကို မြင်လိုက်ရတိုင်း ဂျင်၏ မှတ်ဉာဏ်များ ပြန်ပေါ်လာသောကြောင့်ပင်။

သတိရှိနေသောအိပ်မက် မက်ပြီးသည့်နောက်ပိုင်းတွင် ယူဂျင်းတစ်ယောက် ဂျင်၏ မှတ်ဉာဏ်များကို ပို၍များပြားစွာ မြင်တွေ့ခဲ့ရသည်။ ထိုမတိုင်မီက ရင်းနှီးနေသလို ခံစားချက်မျိုး၊ သို့မဟုတ် ဓာတ်ပုံကဲ့သို့ ရပ်တန့်နေသော မြင်ကွင်းများကိုသာ မြင်ရခြင်းဖြစ်သော်လည်း ယခုတွင်မူ လှုပ်ရှားနေသော ဗီဒီယိုများအဖြစ် မြင်ရကာ စကားသံများပါ ကြားလာရ၏။

နည်းလမ်းကား ယခင်ကနှင့် မခြားပေ။ မှတ်ဉာဏ်များ ပေါ်လာစေရန်အတွက် အစပျိုးပေးမည့် အကြောင်းအရာတစ်ခုခု ရှိရပေမည်။ လူ၊ နေရာ၊ စကားဝိုင်း အစရှိသဖြင့်။

မနေ့က မာရီအန်းကို မြင်လိုက်ရစဉ် ပေါ်လာသော မှတ်ဉာဏ်က လုံးဝ နှစ်လိုဖွယ်မရှိပေ။ ပထမဆုံး မြင်ကွင်းတွင် မာရီအန်း၏ မျက်နှာပေါ်သို့ လက်ဖက်ရည်ခွက်ကို ပစ်ပေါက်လိုက်သည့် အခိုက်အတန့်က အပြည့်အဝ စီးဆင်းလာသည်။

[လူပါးဝလိုက်တာ။ မျိုးရိုးဇာစ်မြစ်တောင် မရှိတဲ့ဟာကများ ဘယ်ကိုလာပြီး ပြောင်ပြောင်တင်းတင်း ပြန်ခံပြောနေတာလဲ။]

ထို့နောက်တွင် ဆက်လက်၍ ပေါ်လာသော မှတ်ဉာဏ်အများစုမှာ ဂျင် မာရီအန်းကို စော်ကားနေသည့် ပုံရိပ်များပင်။

ဂျင်က သူ့ထက် များစွာအသက်ကြီးသော မရဏဘုရင်၏ နို့ထိန်းအား ရိုင်းစိုင်းသော စကားလုံးများဖြင့် ပေါ်ပေါ်တင်တင် ပြောဆိုခဲ့သည်။ မှူးမတ်မျိုးရိုးမဟုတ်သည့် မာရီအန်း၏ နိမ့်ကျသော ဇာစ်မြစ်ကို မထီမဲ့မြင်ပြုလိုသော သဘောထားမှာလည်း ထင်ရှားလှ၏။

ယူဂျင်းတစ်ယောက် သူကျူးလွန်ခဲ့သည့် လုပ်ရပ်မဟုတ်သော်လည်း အင်မတန် အားနာစိတ် ဖြစ်မိရသည်။ ထိုသို့သော စော်ကားမှုကို ခံခဲ့ရသော်လည်း လုံးဝ ဖော်ပြခြင်းမရှိဘဲ စိတ်ရင်းအမှန်ဖြင့် သူ့အား အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသည့် မာရီအန်း၏ ပင်ကို စိတ်နေစိတ်ထားကိုလည်း အံ့ဩမိရ၏။

အသစ်ရရှိလာသော မှတ်ဉာဏ်များကြောင့် ယူဂျင်းလည်း ဂျင်၏ စကားပြောဆိုပုံကို သိ လိုက်ရသည်။ လက်တွေ့ဘဝတွင် ဤကဲ့သို့သောလူနှင့် ရင်ဆိုင်ရပါက တကယ်ပင် ကြက်သီးထစရာကောင်းလိမ့်မည်ဟု တွေးမိ၏။

ဘုရင်မင်းမြတ်နှင့် စကားပြောသည့်အခါ နှာသံဖြင့် အကဲပိုပို ခံစားချက်မျိုးပေးပြီး မာရီအန်းကို အမိန့်ပေးသည့်အခါ မောက်မာပလွှားသော အထက်စီးဆန်ဆန် အငွေ့အသက်က အထင်အရှား ပေါ်လွင်နေသည်။

တင်ပြစရာကိစ္စရှိသော အပါးတော်မြဲ အကြီးအမှူးနှင့်အတူ ဘုရင်မင်းမြတ်က အရှေ့မှသွားကာ ယူဂျင်းက မာရီအန်းနှင့်အတူ ဖြည်းဖြည်းချင်း ဝင်လာခဲ့၏။

“သစ်ပင်ကို ကြည့်ခဲ့ပါရဲ့လားရှင့်။”

“ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ လူတွေ အများကြီးပဲ။”

“အခုတော့ ဘယ်သွားသွား အဲ့ဒီအကြောင်းချည်းပါပဲ။ ကျွန်မလည်း ကြည့်ချင်လိုက်တာ။”

“ဒီအတိုင်း သစ်ပင်တစ်ပင်ပဲကို။ မျှော်လင့်ထားရင်တော့ စိတ်ပျက်သွားမှာပဲ။”

“စိတ်ပျက်စရာဆိုတာက ဘာစကားပါလဲရှင့်။ မျက်စိနှစ်လုံးနဲ့ မြင်တွေ့ခွင့်ရတာတောင် ဂုဏ်ယူစရာဖြစ်နေပါပြီ။"

ယူဂျင်း မနေ့က ခါဆယ်ရ်ထံမှ အိပ်ခန်းထဲတွင် ပြည့်လျှံနေခဲ့သော ရေ၏ ပုံရိပ်ယောင်အကြောင်း ကြားခဲ့ရသည်။ ထိုမြင်ကွင်းကို မာရီအန်းလည်း မြင်ခဲ့ရမည်ဟု ထင်ခဲ့သော်လည်း မာရီအန်းက ထိုကိစ္စနှင့်ပတ်သက်သည့် စကားကို မပြောဘဲ မေးလည်း မမေးခဲ့။ သဘောထားလည်း မပြောင်းလဲခဲ့ပေ။

“စောစောက အပါးတော်မြဲတစ်ယောက် အရှင်မိဖုရားရဲ့ ရုံးခန်းကို လာသွားပါတယ်။ အရှင်မင်းကြီး ပို့လိုက်တဲ့ စာရွက်စာတမ်းတွေ ယူလာတာမို့လို့ စားပွဲပေါ်မှာ တင်ထားပေးပါတယ်ရှင့်။”

“ဟုတ်လား။ ဘာတွေပါလိမ့်။”

ယူဂျင်း ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ စားပွဲပေါ်တွင် တင်ထားသော စာအိတ်ကိုဖွင့်၍ စာရွက်စာတမ်းများ ထုတ်ယူလိုက်၏။ ယခင်က မြင်ဖူးထားသော စာရွက်စာတမ်းများပင်။ အကြံပေးအမှုထမ်းလောင်းများ၏ ကိုယ်ရေးအကျဉ်း စာရွက်စာတမ်းများကို ဘုရင်မင်းမြတ်က ကြည့်မည်ဟုဆိုကာ ယူသွားခဲ့သည်ကို မှတ်မိ၏။ သို့ရာတွင် စာရွက်အရေအတွက်က သိသိသာသာ လျော့နည်းနေသည်။

‘ဘာလို့ သုံးယောက်တည်းလဲ။ အာ...ငါက ထောက်ခံပြီး ရွေးချယ်ပေးဖို့ တောင်းဆိုခဲ့တာပဲ။ ဒီလူတွေများလား။’

ယူဂျင်းက သုံးယောက်၏ စာရွက်စာတမ်းများကို လှန်လှောကြည့်လိုက်သည်။ အသက်နှစ်ဆယ်ကျော်အရွယ် နှစ်ဦးနှင့် အသက်သုံးဆယ်ကျော်အရွယ် တစ်ဦး။ သုံးယောက်စလုံး အမျိုးသမီးများပင်။

‘ဒီလူတွေက အရည်အချင်းပြည့်ကြတာလား။’

ယူဂျင်းက မည်သူ့ကို မည်သူမှန်း မသိပေ။ ခါဆယ်ရ်က အလုပ်ကောင်းကောင်းလုပ်နိုင်မည့်သူများကို ရွေးချယ်ပေးလိမ့်မည်ဟု ယုံကြည်ထား၏။

ယူဂျင်းလည်း မာရီအန်းသိနေသည့် လူတွေများဖြစ်မလားဟုတွေးကာ မာရီအန်းကိုခေါ်၍ မေးကြည့်လိုက်သည်။ မာရီအန်းက မသိပါဘူးဟု ခေါင်းခါခြင်းမျိုးမရှိဘဲ 'နာမည်ကောင်း ရှိ၊ မရှိ စုံစမ်းကြည့်ပါ့မယ်' ဟူသော အဖြေဖြင့် ယူဂျင်းကို ကျေနပ်စေခဲ့၏။

“ကျေးဇူးပါပဲ၊ မာရီအန်း။”

“ဒါက ကျွန်မလုပ်ရမဲ့ တာဝန်ပါ၊ အရှင်မိဖုရား။”

“အာ၊ ပြီးတော့။”

ယူဂျင်းတစ်ယောက် စောစောက မြင်းရထားထဲတွင် ပေါ်လာခဲ့သော မှတ်ဉာဏ်ကို ခဏတာ မေ့နေခဲ့ရာမှ ရုတ်တရက် ပြန်သတိရလာသည်။

“ဘဏ္ဍာတိုက်ဆိုတာ ဘာလဲဟင်။ ဘယ်မှာရှိတာလဲ။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment