no

Font
Theme

အပိုင်း ၅၃

ခါဆယ်ရ်တစ်ယောက် သူ၏ ရှုပ်ထွေးသော အခြေအနေကို မည်သို့ရှင်းပြရမည်မှန်း မသိခဲ့။

သူက မိဖုရားနှင့် စာချုပ်ချုပ်ဆိုကာ ယင်းစာချုပ်အတိုင်း ကလေးရရန် ကြိုးစားနေခြင်းဖြစ်သည်။ မိဖုရား မှတ်ဉာဏ်များပြန်ရလာမည်ကို စိုးရိမ်နေရသည့် အဓိကအကြောင်းရင်းမှာ မှတ်ဉာဏ်ပြန်ရလာသည့်အခါ စကားပြောင်းသွားမလားမသိဘူးဟု သံသယဝင်နေသောကြောင့်ပင်။

ခါဆယ်ရ်တွင် မိဖုရားနှင့် ချုပ်ဆိုခဲ့သော စာချုပ်အကြောင်း မာရီအန်းကို ပြောပြရန် လုံးဝအစီအစဉ်မရှိပေ။ မာရီအန်း အင်မတန် လန့်သွားပေလိမ့်မည်။ အသက်လည်းရလာပြီဖြစ်သောကြောင့် မာရီအန်း၏ကျန်းမာရေးအတွက်လည်း စိတ်ပူရမည့်ကိစ္စမျိုး မရှိစေလို။

"ကျုပ်ဘာသာ ​ကြည့်လုပ်လိုက်မယ်။"

"အရှင်မင်းကြီး။"

စိတ်ဆိုးနေသလို မာရီအန်း၏ မျက်နှာထားက နောက်ထပ် ပူညံပူညံလုပ်တော့မည်ဟူသည့် လက္ခဏာပင်။ ခါဆယ်ရ်က သက်ပြင်းချသလို အသက်ကို နည်းနည်းပြင်းပြင်း ရှူထုတ်လိုက်သည်။ မာရီအန်းကတော့ ဂရုမစိုက်ဘဲ ဆက်ပြောလေ၏။

"အရှင်မင်းကြီးရဲ့ ကြိုးစားအားထုတ်မှုတွေကို ကျွန်မက ဘယ်လိုလုပ် မသိဘဲနေနိုင်ပါ့မလဲ။ နေ့ရောညပါ တိုင်းရေးပြည်ရေးကိစ္စတွေကို ဆောင်ရွက်နေရလို့ အလုပ်များနေမှန်း သိပါတယ်။ ဒါပေမဲ့ ညတိုင်း အရှင်မိဖုရားရဲ့ အိပ်ခန်းကို သွားဖို့တော့ အချိန်ရှိတယ်မဟုတ်လားရှင့်။"

ကလေးတစ်ယောက်ရရန် ထိုမျှလောက်နှင့် လုံလောက်ပြီ။ ထိုအတိုင်းဖြေပြီး ထွက်သွားခိုင်းလိုက်မည်ဆိုလျှင် မာရီအန်းက စိတ်ပျက်သည့်မျက်လုံးများနှင့်ကြည့်ကာ ပါးစပ်ပိတ်ပြီး ပြန်သွားပေလိမ့်မည်။

သို့သော် ခါဆယ်ရ်က ဘာမှမပြောခဲ့။ မာရီအန်း၏ မျက်လုံးများနှင့် အပြစ်တင်ခြင်းခံရမည့် စကားများကို သူ၏စိတ်ရင်းအမှန်မဟုတ်ဘဲနှင့် မပြောချင်ပေ။

အမှန်အတိုင်းပြောရလျှင် မိဖုရားနှင့် ဆက်ဆံရေးပိုကောင်းအောင်လုပ်ရန်ဟူသော မာရီအန်း၏စကားကို သူ သဘောကျမိသည်။ တကယ်ရော ဖြစ်နိုင်ပါ့မလား။ အတိတ်ကိုမေ့ပြီး ဆက်ဆံရေးအသစ်တစ်ခု ဖန်တီးနိုင်ပါ့မလား။ မိဖုရား မှတ်ဉာဏ်များ ပြန်ရလာလျှင်လည်း ယခုအတိုင်းပဲ အဆင်ပြေပြေနေနိုင်ပါ့ဦးမလား။

နောက်ဆုံး ယခုမှသာ အိမ်ထောင်ပြုပြီးပြီဖြစ်ကြောင်း လက်တွေ့ခံစားလိုက်ရတော့သည်။ လက်ထပ်ပြီး သုံးနှစ်ကြာမှ အတူတူနေသွားရမည့် အိမ်ထောင်ဖက်၏ ဖြစ်တည်မှုကို အလေးအနက်ထားပြီး စဉ်းစားမိလာ၏။

ထိုသို့တွေးလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် အနည်းငယ် အသက်ရှူကျပ်သလို ခံစားလာရသည်။ မိဖုရားနှင့် သူ၏ ဆက်ဆံရေးက နီးစပ်လာမလိုနှင့် ထူးဆန်းစွာ ဝေးကွာနေ၏။

ပုံမှန်အားဖြင့် အ​ချေအတင် စကားများရသည့်ကိစ္စမရှိဘဲ မိဖုရားနှင့် အတူရှိရသည့် ညများကလည်း ပူနွေးသည်။ မိဖုရားက ကောင်းကောင်းရယ်ပြီး၊ စကားကောင်းကောင်းပြောကာ၊ မကျေနပ်ချက်ကိုလည်း မပြပေ။ ပြဿနာမရှိသော်လည်း ပြဿနာရှိနေသလို ခံစားရသည့် ထူးဆန်းသော ဤခံစားချက်ကို လုံးဝ နားမလည်နိုင်ခဲ့။

"လောလောဆယ် ရုန်းကန်လှုပ်ရှားရတဲ့ ရာသီဆိုတော့..."

"ဘုရားရေ၊ အရှင်မင်းကြီး။"

မာရီအန်းက စိတ်ပျက်သလို မျက်နှာထားနှင့် စကားကို ဖြတ်ပြောခဲ့သည်။

"အခု ကျွန်မက တိုင်းရေးပြည်ရေးအကြောင်း ပြောနေတာမဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရတဲ့ တိုင်းပြည်ရေးကိစ္စလည်းမဟုတ်တာကို ဘာလို့များ ဆိုင်းငံ့ချင်နေတာပါလဲ။ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေကစပြီး လုပ်လိုက်ရင် ရပါပြီ။ အရှင်မင်းကြီးက နည်းနည်းလောက်လေး ရေသာခိုလိုက်ရုံနဲ့ တိုင်းပြည်က ရုတ်တရက်ကြီး တစ်ခုခုဖြစ်သွားမှာလည်း မဟုတ်ပါဘူး။ အရှင်မင်းကြီးက နတ်ဘုရားမှမဟုတ်ဘဲ။ ဘယ်လိုလုပ်ပြီး အလုပ်တွေအားလုံးကို လုပ်နိုင်မှာပါလဲ။"

မာရီအန်းတစ်ယောက် စိတ်ပိုင်းဖြတ်ထားသည့်အလား စကားတွေပြောနေရာမှ ကိုယ့်စကားကိုယ် အံ့အားသင့်သွားတော့သည်။

ဘုရင်မင်းမြတ်၏ မျက်နှာက တည်ငြိမ်နေ၏။ ထို့ကြောင့် မာရီအန်း၏ မျက်နှာက ပူတက်လာရသည်။ သူက ဘောင်ကျော်နေပြီဖြစ်သော်လည်း ဘုရင်မင်းမြတ်က စိတ်ဆိုးမှာမဟုတ်ဟု ဘုရင်မင်းမြတ်၏ ရက်ရောမှုအပေါ် အားကိုးပြီး ပြောဆိုမိခဲ့သည့် မိမိ၏ပေါ့လျော့မှုကို သဘောပေါက်သွား၏။

မာရီအန်းက ဦးညွှတ်လိုက်သည်။

"စိုးရွံ့မိပါတယ် အရှင်မင်းကြီး။ မပြောသင့်တဲ့စကားတွေကို ပြောခဲ့မိပါတယ်။ ကျွန်မရဲ့ မရိုမသေပြုမူမှုအတွက် အပြစ်ပေးတော်မူပါ။"

ခါဆယ်ရ်က မာရီအန်းကိုကြည့်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။ သူက မာရီအန်း ပူညံပူညံလုပ်သည်ကို မနှစ်မြို့ခြင်းမျိုး မဖြစ်မိပေ။ ချစ်စရာကောင်းသည်ဟု သတ်မှတ်သော်လည်း...

စိတ်ခံစားမှု ပြင်းထန်သည့် ဆယ့်ငါးနှစ်သားအရွယ်တွင်တော့ မာရီအန်း၏ စကားတိုင်းက စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်တိုစရာ ဖြစ်ခဲ့ဖူးသည်။

ထိုအချိန်က မာရီအန်းအပေါ် ရိုင်းစိုင်းသည့် အပြုအမူနှင့် မဆက်ဆံခဲ့သည်ကလည်း ယခုပြန်တွေးကြည့်လျှင် ကောင်းသည့်အရာတစ်ခုပင်။

"အရှင်မင်းကြီး။ အရေးပေါ်ကိစ္စပါ။"

အပြင်မှ အပါးတော်မြဲ အကြီးအမှူးက အသံကျယ်ကျယ်နှင့် ပြောလာသည်။ ခါဆယ်ရ်က မာရီအန်းနှင့် နှစ်ယောက်တည်းစကားပြောမည်ဟု ပြောထားသဖြင့် အရေးကြီးကိစ္စမဟုတ်လျှင် အနှောင့်အယှက်ပေးမည်မဟုတ်ပေ။ ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်နေကြသော နှစ်ယောက်စလုံး၏ မျက်နှာများ တင်းမာသွားတော့၏။

"ဝင်လာခဲ့။"

ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်ရပြီးသည်နှင့် တံခါးပွင့်လာသည်။ အပါးတော်မြဲအကြီးအမှူးနှင့် အတူလိုက်ပါလာသောလူက အပါးတော်မြဲ အကြီးအမှူးထက် ပို၍မြန်သော ခြေလှမ်းများဖြင့် ဝင်လာ၏။ သူက ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက်ထိုင်ရင်း အနီရောင်စာအိတ်ကိုမြှောက်ကာ ဆက်သခဲ့သည်။

"အရှင်မင်းကြီး။ ဗဟို ထိန်းသိမ်းရေးသိုလှောင်ရုံ ကြီးကြပ်ကွပ်ကဲရေးမှူး ပို့လိုက်တဲ့ အရေးပေါ် သတင်းလွှာပါ။"

ခါဆယ်ရ်က ရုတ်တရက် ထရပ်ကာ ထိုလူဆီသို့ မြန်မြန်လျှောက်သွားလိုက်သည်။ ထို့နောက် ထိုလူ၏လက်ထဲမှ အနီရောင်စာအိတ်ကို ဆွဲယူကာ ဖွင့်လိုက်၏။

အနီရောင်စာအိတ်ထဲတွင် ရှိနေသည့်အရာက စက္ကူအပိုင်းအစလေးတစ်ခုပင်။ အရေးပေါ်သတင်းကို အမြန်ပို့ရန်အတွက် အကြောင်းအရာများ အများကြီးထည့်ရေး၍မရသလို၊ ထိလွယ်ရှလွယ်သည့် လျှို့ဝှက်ချက်များ ပါဝင်၍မဖြစ်ပေ။

- မတော်တဆမှု၊ ကွဲအက်ခြင်း၊ အဝါရောင်အဆင့်

စေ့စေ့စပ်စပ် ထိန်းချုပ်ကွပ်ကဲထားလျှင်ပင် သိုလှောင်ရုံရှိ မျိုးစေ့များ ကွဲအက်ပျက်စီးခြင်းက မကြာခဏ ဖြစ်တတ်သည်။ အထူးသဖြင့် ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် သေးငယ်သည့် အနှောင့်အယှက်လေးများကြောင့်ပင် ကွဲအက်တတ်၏။ ဖြစ်တောင့်ဖြစ်ခဲဆိုသော်လည်း သေချာဂရုစိုက်ထားရင်းမှ ကွဲသွားသည့်အချိန်များလည်း ရှိပေသည်။

ခါဆယ်ရ်က ထိုလူကို အမိန့်ပေးလိုက်သည်။

"မင်းက ဒီလမ်းအတိုင်း အခုချက်ချင်းပဲ စစ်သေနာပတိချုပ်ဆီသွားပြီး ဗဟို သိုလှောင်ရုံကို စစ်သည်တော် မြန်မြန်စေလွှတ်ခိုင်းလိုက်တယ်လို့ အကြောင်းကြားလိုက်။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။"

ထိုလူက ချက်ချင်းထရပ်ကာ နောက်ပြန်လှည့်ပြီး ပြေးထွက်သွားသည်။

"အပါးတော်မြဲ အကြီးအမှူး။ နန်းရင်းဝန်ဆီကို...ဟင့်အင်း၊ ကျုပ်ကိုယ်တိုင်သွားမှဖြစ်မှာ။"

လူတစ်ယောက်ကို စေလွှတ်၊ ရောက်လာသည်အထိစောင့်၊ ပြီးမှတွေ့နေလျှင် အချိန်အရမ်းကြာသွားပေမည်။ ခဏလောက် ထပ်စောင့်လိုက်လျှင် မတော်တဆမှု အသေးစိတ် အခြေအနေများကို ဖော်ပြထားသည့် အစီရင်ခံစာ ရောက်လာမည်ဖြစ်သော်လည်း သူ့စိတ်ထဲတွင် စိတ်မရှည်နိုင်ခဲ့။

သူ နန်းတက်ပြီးနောက်ပိုင်း ဗဟို သိုလှောင်ရုံ၌ ပထမဆုံးအကြိမ်ဖြစ်လာသည့် မတော်တဆမှုပင်။ ယခုချက်ချင်း သိုလှောင်ရုံသို့ သွားကြည့်သင့်သဖြင့် သွားရင်းနှင့်မှ လမ်းမှာဝင်လိုက်မည်ဟူသော အတွေးကို ပြောင်းလိုက်သည်။

မြို့တော်မှ လမ်းလျှောက်သွားမည်ဆိုလျှင် နေ့တစ်ဝက်ကြာသော နေရာတွင်ရှိသည့် ဗဟိုသိုလှောင်ရုံက ဘုရင့်တိုင်းပြည်၏ သိုလှောင်ရုံများအားလုံးထဲတွင် အကြီးဆုံးဖြစ်၏။ အပြာရောင်အဆင့်အထက် အဆင့်မြင့်သော အန္တရာယ်ရှိသည့် မျိုးစေ့များကို ဗဟိုသိုလှောင်ရုံ၌သာ ထိန်းသိမ်းထားသည်။

ရှိသမျှ မျိုးစေ့အားလုံးက ဗဟိုသိုလှောင်ရုံကို တစ်ခါဖြတ်ပြီးမှ နေရာအနှံ့အပြားတွင်ရှိသော အခြားသိုလှောင်ရုံများဆီသို့ ရွှေ့ပြောင်းကြရ၏။ ဗဟိုသိုလှောင်ရုံနှင့် ယှဉ်လိုက်လျှင်တော့ အခြားသိုလှောင်ရုံများက ထောက်ပို့ဌာနနှင့် သဘောတရားချင်း ပို၍နီးစပ်ပေသည်။

ဗဟိုသိုလှောင်ရုံ၏ ထိန်းချုပ်ကွပ်ကဲမှုက ကျန်နေရာများထက် ပိုမိုတင်းကျပ်သဖြင့် မတော်တဆမှု အသေးစားလေးတစ်ခုလောက် ဖြစ်ခဲ့လျှင်ပင် အန္တရာယ်က ကွာခြားလှသည်။ အစကနဦးကတည်းက မဖြေရှင်းနိုင်လျှင် တိုင်းပြည်အတွက် ဘေးအန္တရာယ် ဖြစ်လာပေမည်။

ခါဆယ်ရ်က အပါးတော်မြဲအကြီးအမှူးဘေးမှဖြတ်သွားကာ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။ အပါးတော်မြဲအကြီးအမှူးလည်း ချက်ချင်းပင် သူ့နောက်သို့ လိုက်သွား၏။

"ဓားယူလာဖို့ ပြောလိုက်။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။"

"စစ်သေနာပတိချုပ်ကို အခုချက်ချင်း အကြောင်းကြားလိုက်။ နန်းရင်းဝန် အိမ်တော်ကို လာခဲ့လို့။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။"

စင်္ကြံတွင် လျှောက်လာသော သူ၏ခေါင်းထဲတွင် အတွေးများနေသည်။ ရုန်းကန်လှုပ်ရှားရသည့် ရာသီတွင် ဤနေရာမှ ထွက်သွားရမည်ကို စိတ်တုံးတုံးမချနိုင်။ သူ မရှိတုန်း လာ့ခ်သာပေါ်လာမည်ဆိုလျှင် ထိခိုက်မှု များသွားပေလိမ့်မည်။

တော်သေး၍ လာ့ခ်စစ်တပ်ကြီးကို ရှင်းပြီးသည့်နောက် အေးချမ်းသောကာလက ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

'အခုအထိတော့ အဆင်ပြေနေတုန်းပဲ။'

စနိုးစနောင့်ဖြစ်နေသည့်စိတ်ကိုတော့ လုံးဝဖယ်ရှားပစ်၍မရသေးပေ။ ဤတစ်ကြိမ် ရုန်းကန်လှုပ်ရှားရသည့်ရာသီက တစ်နေရာရာတွင် ထူးဆန်းနေသည်။ အစပိုင်းမှာပင် လာ့ခ်များ ထူးထူးခြားခြား ပို၍ မကြာခဏပေါ်လာကာ စစ်တပ်ကြီးပါ ရောက်လာ၏။

'ရဲတိုက်တံတိုင်းတွေကို ပိုပြီး ဂရုစိုက်ဖို့ လက်စတာကို မှာရမယ်။'

ကျန်ခဲ့မည့်လူများအတွက် ပူပန်နေမိ၏။ ပထမဆုံး သူ့စိတ်ထဲပေါ်လာသူက မိဖုရားပင်။

​အံ့ဩတုန်လှုပ်သွားသည့်စိတ်ကြောင့် သူ၏ခြေလှမ်းများ နှေးကွေးသွားသည်။ သူ မရှိသည့်အချိန်တွင် နောက်ဆက်တွဲကိစ္စများကို တွေးကြည့်သည့်အခါ လူတစ်ယောက်၏ မျက်နှာကိုပဲ ရှင်းရှင်းလင်းလင်း သတိရမိသည့် အတွေ့အကြုံမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

မိဖုရားက အာနီခါဖြစ်၏။ လာ့ခ်၏ တိုက်ခိုက်မှုများကြားတွင် တစ်ဦးတည်းသော ဘေးကင်းလုံခြုံသူရှိမည်ဆိုလျှင် ထိုလူမှာ မိဖုရားပင်ဖြစ်ပေမည်။

'လာ့ခ်ရဲ့ တိုက်ရိုက်တိုက်ခိုက်မှု တစ်ခုတည်းကပဲ ပြဿနာဖြစ်နေတာမှမဟုတ်တာ။'

လာ့ခ်ကြောင့် ပြိုကျလာသော အဆောက်အအုံအောက်တွင် ပိမိကာ ထိခိုက်ဒဏ်ရာရနိုင်သလို၊ အခြားသူများ သေဆုံးသွားသည်ကို တွေ့မြင်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ရနိုင်ပေသည်။

"အပါးတော်မြဲ အကြီးအမှူး။ ကျုပ်မရှိတုန်း အချက်ပြမီးရှူး ပေါက်ကွဲခဲ့ရင် ချက်ချင်း မိဖုရားကို မြေအောက်ဗုံးခိုကျင်းဆီ ပို့ဆောင်ပေး။"

အပါးတော်မြဲအကြီးအမှူက တစ်ချက်ကြောင်အမ်းအမ်းဖြစ်သွားရာမှ အဖြေပြန်ပေးခဲ့သည်။

"စိတ်ထဲမှာ မှတ်ထားပြီး အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ် အရှင်မင်းကြီး။"

နှေးကွေးသွားသည့် သူ၏ ခြေလှမ်းများ တစ်ဖန်ပြန်၍မြန်လာတော့သည်။

ဘုရင်မင်းမြတ် အရေးပေါ်သတင်းလွှာကို လက်ခံရရှိပြီး ထွက်သွားတော့ မာရီအန်းတစ်ယောက်တည်း ကျန်ခဲ့၏။

သူက ခါးသီးစွာ ပြုံးလိုက်သည်။ ဘုရင်မင်းမြတ်က သူ့ကို ဂရုမစိုက်ဘဲ မေ့သွား၍ စိတ်မကောင်းဖြစ်နေခြင်းမဟုတ်။ ယင်းမှာ ဘုရင်မင်းမြတ်က သူ့ကို ရင်းနှီးသည့်လူအဖြစ် သဘောထားသည်ဟူသော အဓိပ္ပာယ်ဖြစ်သဖြင့် ပျော်ခဲ့မိ၏။

အလုပ်လေး နည်းနည်းလျှော့လုပ်ရန်ပြောနေစဉ် အရေးပေါ်အခြေအနေ ပေါ်လာသည်က တကယ် ကံဆိုးခြင်းပင်။

'ဆယ်ကိုယ်လောက်ခွဲရင်တောင် မလောက်တဲ့သူပဲ။ မသိဘဲနေပါ့မလား။'

မာရီအန်းက တစ်ခါတလေ အလုပ်အကျွေးအစေပါးအနေနှင့် မဟုတ်ဘဲ မိခင်တစ်ယောက်၏စိတ်ဖြင့် ဘုရင်မင်းမြတ်ကို ကြည့်လေ့ရှိသည်။ မပြောသင့်သည့်အရာဖြစ်သဖြင့် ပါးစပ်မှ ထုတ်မပြောခဲ့သော်လည်း ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ရသော ဘုရင်မင်းမြတ်က သူ့စိတ်ထဲတွင်တော့ သွေးသားအရင်းအချာထက် ပို၍နီးစပ်သူပင်။

အံ့ဩစရာကောင်းလောက်အောင် ကြီးပြင်းလာကာ တိုင်းပြည်ရေးရာကိစ္စများကို ကျင်လည်စွာ ဆောင်ရွက်နေသော ဘုရင်မင်းမြတ်ကို မြင်ရသည့်အခါ ပီတိဖြစ်ရသလို စိတ်မကောင်းလည်းဖြစ်ရသည်။ သူ၏ပျော်ရွှင်မှုအတွက် အချိန်နည်းနည်းလောက်တော့ သုံးစေချင်မိ၏။

'တစ်ခါတစ်လေ...ဟင့်အင်း၊ အဲ့ဒါထက် မကြာခဏဆိုသလို လမ်းပျောက်နေသူလိုပါပဲ။'

မာရီအန်းက ယခုအချိန်တွင် ဝိုးတဝါး အမှတ်ရစရာလောက်သာ ကျန်တော့သည့် ယခင်မိဖုရားကို အမှတ်ရမိရင်း ရေရွတ်လိုက်သည်။

ဘယ်လောက်ပင် ဂရုစိုက်ပေးပါစေ မိခင်အရင်း၏ မေတ္တာနှင့်တော့ ယှဉ်သာပါ့မလား။

ဘုရင်မင်းမြတ်က ငယ်ငယ်ကတည်းကပင် အတွင်းစိတ် နက်ရှိုင်း၏။ အစောကြီး ရင့်ကျက်ခဲ့ကာ ခံစားချက်ကို အရိပ်အယောင်လေးပင် ထုတ်မပြတတ်သဖြင့် ဘုရင်မင်းမြတ် ခံစားနေရသည့် အထီးကျန်မှုနှင့် ဆွေးမြည့်တမ်းတမှုကို ခန့်မှန်းကြည့်၍မရနိုင်ပေ။

ထုတ်မပြဘဲနှင့်တော့ ကွက်လပ်များက သူ့အလိုလို ပြည့်သွားလိမ့်မည်မထင်။

လတ်တလော တိုင်းပြည်၏ ဘုရင်နှင့်မိဖုရား အတူတူရှိနေပုံကိုကြည့်ပြီး တော်ဝင်မိသားစု၏ အစဉ်အလာဆိုးကို ချိုးဖျက်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့မိ၏။

သို့သော်...

'မနေ့ကတည်းက အရှင်မိဖုရား နည်းနည်း ထူးဆန်းနေတယ်။'

အပူတစ်ခု ထပ်တိုးလာပြန်သည်။

~~~~

ယူဂျင်းက သူ့ကို လာတွေ့သည့် ဘဏ်မန်နေဂျာကို စာရွက်စာတမ်းအားလုံး ပြန်ပေးလိုက်သည်။

"ဒီကြားထဲမှာ ငွေလွှဲလက်မှတ်ယူလာတဲ့သူ မရှိဘူးလား။"

"မရှိပါဘူး အရှင်မိဖုရား။"

"ငွေထုတ်တဲ့အလုပ်ကို ဘယ်သူလုပ်တာလဲ။"

"အချိန်နဲ့တစ်ပြေးညီ အလုပ်လုပ်တဲ့ အမှုထမ်းတွေ ရှိပေမဲ့ အရှင်မိဖုရားရဲ့ ဘဏ်စာရင်းကနေ ငွေထုတ်တာကိုတော့ ကျွန်တော်ပဲ ကိုယ်တိုင် တာဝန်ယူပါတယ်။"

"အမြဲတမ်းလား။"

"ဟုတ်ပါတယ် အရှင်မိဖုရား။"

"ဒါဆို ငွေလွှဲလက်မှတ် ယူလာတဲ့သူက ဘယ်သူမှန်း မှတ်မိလား။"

"မှတ်မိပါတယ် အရှင်မိဖုရား။ လူသုံးယောက် အလှည့်ကျ လာကြတာပါ။"

ဘဏ်မန်နေဂျာက သူတွေ့ခဲ့သည့် လူသုံးယောက်၏ ရုပ်ရည်သွင်ပြင် ပုံပန်းသဏ္ဌာန်ကို ရှင်းပြခဲ့သည်။ ဘဏ်မန်နေဂျာ တွေ့ခဲ့သူများထဲတွင် ရိုဒရစ်ဂ်တော့ မပါပေ။

'သူကိုယ်တိုင် မသွားဘဲနဲ့ လက်အောက်ငယ်သားကို စေလွှတ်ခဲ့တာပဲ။'

"အဲ့ဒီသုံးယောက် လာတဲ့အလှည့်က သတ်မှတ်ထားတာမျိုးရှိလား။"

"ငွေထုတ်တဲ့ ပမာဏအပေါ် မူတည်ပြီး ငွေလွှဲလက်မှတ် ယူလာတဲ့သူက ကွဲပြားသွားပါတယ်။"

မဟာတွင် အဓိကအားဖြင့် ရွှေဒင်္ဂါးနှစ်မျိုး ရှိသည်။ အထွတ်အမြတ်မြို့တော်မှ ဆန်းဂျယ်ထုတ်သည့် ရွှေဒင်္ဂါးနှင့် ဘုရင့်တိုင်းပြည်ခြောက်ပြည်မှထုတ်သည့် ရွှေဒင်္ဂါးများပင်။

အထွတ်အမြတ်မြို့တော်၏ ရွှေဒင်္ဂါးက တစ်မျိုးတည်းရှိပြီး တန်ဖိုးအမြင့်ဆုံးဖြစ်သည်။ ရွှေဒင်္ဂါးတစ်ပြား၏ တန်ဖိုးက ယူဂျင်းနေထိုင်ခဲ့ရာကမ္ဘာမှ ငွေကြေးနှင့်တွက်လျှင် ဝမ် ၁ သန်းလောက် တန်ဖိုးရှိ၏။

တန်ဖိုးအလွန်မြင့်၍ နေ့စဉ်သုံးငွေကြေးအဖြစ် အသုံးရှားပြီး အများစုက ငွေလွှဲလက်မှတ်ဖြင့် ငွေထုတ်သည့်အခါမှသာ စံသတ်မှတ်ငွေအဖြစ် သုံးကြသည်။

ဘဏ်မန်နေဂျာက စံသတ်မှတ်ငွေ ဆယ်ပြားအောက်၊ ဆယ်ပြားမှ ပြားတစ်ရာအောက်၊ ထိုထက်ပိုသော ငွေပမာဏဟူ၍ အဆင့်သုံးဆင့်ခွဲကာ ငွေလွှဲလက်မှတ်ယူလာသူကို သတ်မှတ်ကြောင်း ပြောပြခဲ့သည်။

'သူတို့က ဘာသာရေးအစွန်းရောက်ဂိုဏ်းရဲ့ နောက်လိုက်တွေများလား။ ဒါမှမဟုတ်...ရိုဒရစ်ဂ်က ကေ့ဂ်ျဆိုတဲ့ နာမည်နဲ့ ခိုင်းစေထားတဲ့လူတွေလည်း ဖြစ်နိုင်တာပဲ။'

ဘဏ်မန်နေဂျာက အတွေးနယ်ချဲ့နေသည့် ယူဂျင်းကို စိတ်ချလက်ချ မနေနိုင်သော မျက်လုံးများဖြင့် အကဲခတ်ခဲ့သည်။

"အရှင်မိဖုရား။ ဒီလိုမေးရတာကိုတော့ ခွင့်လွှတ်ပေးပါ။ ဧကန္တ ဒီတစ်လျှောက်လုံး ငွေထုတ်တဲ့နေရာမှာ ပြဿနာရှိခဲ့လို့လားခင်ဗျ။"

တစ်လျှောက်လုံး ဘာမှမပြောဘဲ အပ်ထားသည့် မိဖုရားက ရုတ်တရက် အသေးစိတ် အချက်အလက်များကို မေးလာကာ စာရွက်စာတမ်းများကို သေချာစစ်ဆေးနေသဖြင့် စိုးရိမ်ကြောင့်ကြနေပုံပင်။ မတော်တဆမှုတစ်ခုခုဖြစ်ခဲ့လျှင် သူ၏ အသက်မွေးဝမ်းကျောင်းအလုပ်က လမ်းဆုံးသွားပေမည်။

"ဟင့်အင်း။ ဘာပြဿနာမှမရှိဘူး။ ဒါပေမဲ့ ခဏလောက် ဘဏ်စာရင်းကို ဆိုင်းငံ့ထားချင်တာ။ ဘဏ်က ငွေလွှဲလက်မှတ်ထုတ်ပေးဖို့ကို ငြင်းလို့ရမလား။"

ယူဂျင်းက ရိုဒရစ်ဂ်ဆီရောက်မည့် ငွေကြေးများကို ချက်ချင်းဖြတ်တောက်ပစ်ရန် စဉ်းစားခဲ့သည်။ ဂျင်က အစွန်းရောက်ဂိုဏ်းကို ငွေအမြောက်အမြား ထောက်ပံ့ခဲ့သဖြင့် သူတို့ကငွေကြေးအထောက်အပံ့အပေါ် အများကြီးမှီခိုနေလိမ့်မည်ဟု ယူဆမိ၏။

ချို့ချို့တဲ့တဲ့ နေထိုင်ရင်း ချွေတာရသည်ထက် ပုံမှန် သုံးဖြုန်းနေရာမှ ချွေတာရခြင်းက ပို၍ခက်ခဲသဖြင့် သူတို့အတွက် ဖိအားဖြစ်ပေမည်။

လက်ရှိတွင် ယူဂျင်းက သူတို့နှင့် လွတ်လပ်စွာ ဆက်သွယ်၍မရပေ။ ဂျင်နှင့် သူတို့၏ဆက်ဆံရေးက မည်သို့ရှိမှန်း သိနိုင်မည့်နည်းလမ်းလည်း စဉ်းစား၍မရခဲ့။ ယခုအချိန်တွင် သူတို့ကို ဖိအားပေးကာ မည်သို့တုံ့ပြန်လာမလဲဟု မျှော်လင့်ခြင်းက အကောင်းဆုံးနည်းလမ်းပင်။

"အာ...အရှင်မိဖုရား။ အရှင်မိဖုရားက ပိုင်ရှင်ဖြစ်တဲ့အတွက် ကျိန်းသေပေါက် စိတ်တိုင်းကျ အမိန့်ပေးနိုင်တယ်ဆိုပေမဲ့..."

ဘဏ်မန်နေဂျာက တိကျသည့်အဖြေကို မပေးနိုင်ဘဲ ဇောချွေးပြန်နေသည်။ သူက မိဖုရားနှင့် ပထမဆုံးအကြိမ်တွေ့ပြီး ငွေအပ်နှံမှုကို လက်ခံခဲ့သည့် လွန်ခဲ့သော သုံးနှစ်ကတည်းက 'စိတ်အနှောင့်အယှက်ဖြစ်အောင် သွားလုပ်ရင် ရက်ရက်စက်စက် ဆက်ဆံမဲ့သူပဲ' ဟု မှတ်ထား၏။

ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဘဏ်ဝန်ထမ်းအဖြစ်လုပ်ရင်း ရလာသည့်အတွေ့အကြုံအရ လူကိုကြည့်တတ်သော သူ၏အမြင်ကို ယုံကြည်သည်။ ထို့ကြောင့် စကားပြောရန် အတော်လေး သတိထားနေမိ၏။

"ပေါ့ပေါ့ပါးပါးပြော။ ဘာပြဿနာရှိလို့လဲ။"

"တရားဝင်ထုတ်ပေးထားတဲ့ ငွေလွှဲလက်မှတ်ကို ဘဏ်က ငြင်းပယ်မယ်ဆိုရင်... အရမ်းရှုပ်ထွေးတဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။"

"ငါ့ရဲ့ ငွေအပ်နှံမှုထဲကနေ ဒီထက်ပိုပြီး ငွေထုတ်တာမျိုး မလိုချင်ဘူး။ နည်းလမ်းမရှိဘူးလား။"

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment