အပိုင်း ၅၇
“လိုအပ်နေတဲ့ အမှုထမ်းတွေကို ခြောက်သွေ့ရာသီမှာ အပြည့်အစုံ ခေါ်ယူဖို့ လုပ်ဆောင်မှာဆိုတော့ ဒီတစ်ကြိမ် ယာယီဝန်ထမ်းခန့်အပ်တာကို အထိန်းတော်ချုပ်ကိုယ်တိုင်ပဲ ဆောင်ရွက်လိုက်ပါ။”
“အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်။”
“ဪ၊ နန်းရင်းဝန်နဲ့ တွေ့ဖို့ချိန်းထားတာ အခု ဘယ်အချိန်တောင် ရှိနေပြီလဲ…”
မာရီအန်းက ပြန်ဖြေခဲ့သည်။
“အချိန်မလွန်သေးတာမို့လို့ စိတ်မပူပါနဲ့။”
“အခု ထွက်သွားမှ အချိန်မီမှာပေါ့နော်။”
“ဟုတ်ကဲ့၊ အရှင်မိဖုရား။”
ယူဂျင်းက ရုံးခန်းထဲမှထွက်ရန်ပြင်နေရာမှ ရုတ်တရက် ရပ်လိုက်သည်။
“မာရီအန်း။ နန်းရင်းဝန်က ကျွန်မ ရဲတိုက်အတွင်းရေး စီမံခန့်ခွဲမှုကို တာဝန်ယူရမဲ့အကြောင်း သိထားလား။”
“ကျွန်မ ပြောမပြထားပါဘူး။ အရှင်မင်းကြီးသာ ပြောပြမထားရင်တော့ သိမှာမဟုတ်ပါဘူးရှင့်။”
“နန်းရင်းဝန်ကို ဒီမှာပဲ တွေ့လိုက်မယ်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
ယူဂျင်းက ဂျင်နှင့် နန်းရင်းဝန်၏ ဆက်ဆံရေးအကြောင်းကို အထိန်းတော်ချုပ်ထံမှ အကြမ်းဖျင်း ကြားထား၏။ တရားဝင် အခမ်းအနားများမှလွဲ၍ သူတို့နှစ်ယောက် တွေ့ဆုံဖူးခြင်းမရှိသလို၊ ရိုးရိုးရှင်းရှင်း နှုတ်ဆက်ဂါရဝပြုစကားများမှလွဲ၍ ပြောဆိုဆက်ဆံခြင်းမျိုးလည်းမရှိခဲ့ဟု သိရသည်။
'နန်းရင်းဝန်က ဂျင်ကို ဒီအတိုင်းပဲ သွေးရ်ိုးသားရိုး စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် မုန်းတီးနေတာလား။'
ယူဂျင်းက နန်းရင်းဝန်နှင့်ဆက်ဆံရေးကို ပိုကောင်းအောင် လုပ်လိုသည်။ အင်အားအာဏာအကြီးကြီး ပိုင်ဆိုင်သော အာဏာရှိသူတစ်ဦးဖြစ်ပြီး ဘုရင်မင်းမြတ်၏ ယုံကြည်မှုကိုလည်း ရထားသူဖြစ်၍ သူနှင့်ဆက်ဆံရေးကောင်းမည်ဆိုလျှင် များစွာအထောက်အကူဖြစ်စေပေမည်။
ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမှုလည်းရှိ၏။
မိဖုရားဟူသည်မှာ နောင်တစ်ချိန်နန်းတက်မည့် ဘုရင်၏ မိခင်ဖြစ်လာမည့်သူပင်။ ဘုရင့်၏ဇနီးမယားထက် ပို၍မြင့်မြတ်သော ရာထူးအရိုက်အရာမှာ ဘုရင့်မယ်တော် အရိုက်အရာဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် နန်းရင်းဝန်အနေဖြင့် မိဖုရားနှင့် ဆက်ဆံရေး မကောင်းပါက အသက်အရွယ်ကြီးရင့်လာချိန်တွင် စိုးရိမ်ပူပန်စရာများ ရှိလာနိုင်၏။
သို့သော် နန်းရင်းဝန်က ရှေ့ရေးအတွက် ကြိုတင်စီမံခြင်းမရှိဘဲ ဂျင်နှင့် အဆက်အသွယ် ဖြတ်ကာ နေခဲ့သည်။ နန်းရင်းဝန်၏ ဤသို့သော ပြုမူပုံက စိတ်ဝင်စားစရာ ကောင်းနေ၏။ တစ်မူထူးခြားသော လူတစ်ယောက်လိုပင်။
အခစားဝင်ခွင့်တောင်းထားသည့်အချိန် မရောက်သေးသော်လည်း ကြိုတင်ရောက်ရှိကာ စောင့်ဆိုင်းနေခဲ့လေသလားမသိ၊ သိပ်မကြာလိုက်ခင် နန်းရင်းဝန်က အခစားဝင်ခွင့်တောင်းခံကြောင်း ရံရွေတော်မိန်းကလေးက လျှောက်တင်လာသည်။
ယူဂျင်း အခစားဝင်ခွင့်ပြုလိုက်ပြီး ခဏအကြာမှာပင် ရံရွေတော်မိန်းကလေးနှင့်အတူ လူငယ်တစ်ဦး ဝင်လာသည်။ ပုံတူပန်းချီကားများမှတစ်ဆင့် သူ့မျက်နှာကို သိနေခဲ့သော်လည်း ကိုယ်တိုင်တွေ့မြင်လိုက်ရသည့် ခံစားချက်က တစ်မူကွဲပြား၏။ ထင်ထားသည်ထက် ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းကာ သူ့ဘေးတွင် ရပ်နေသော ရံရွေတော်မိန်းကလေးထက် တော်တော်လေး အရပ်ပိုမြင့်သည်။
"အရှင်မိဖုရားကို ဂါရဝပြုပါတယ်။ ကျန်းကျန်းမာမာရှိပါရဲ့လား။"
"ကျန်းကျန်းမာမာပါပဲ။ ထိုင်ပါဦး၊ လော့ဒ် ရစ်ဆန်။"
နန်းရင်းဝန်ကို နယ်စားမင်းတစ်ယောက်နှင့် တန်းတူသတ်မှတ်ကာ ပြောဆိုဆက်ဆံခဲ့သည်။
"ကျေးဇူးကြီးလှပါတယ်။...အရှင်မိဖုရား။"
ဘယ်ရုစ်တစ်ယောက် အခေါ်အဝေါ်ကို မှားခေါ်မိမလို ဖြစ်သွားသည်။ 'အာနီခါ' ဟူသော အခေါ်အဝေါ်ကို မသုံးတော့ဘူးဟု ယခင်က ကြားဖူးထားသော်လည်း ပထမဆုံးအကြိမ် 'အရှင်မိဖုရား' ဟု ခေါ်ရတော့ ပါးစပ်ဖျားတွင် ထော်လော်ကန့်လန့်ဖြစ်နေ၏။ ရံရွေတော်မိန်းကလေးများကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး ထိန်းသိမ်းခဲ့သည့် အခေါ်အဝေါ်ကို နေ့ချင်းညချင်း ဘာကြောင့် ပြောင်းလဲလိုက်မှန်း နားမလည်နိုင်ခဲ့။
"ဒါက ကျွန်မရဲ့ ရုံးခန်းလေ။ ရဲတိုက်အတွင်းရေး စီမံခန့်ခွဲမှု တာဝန်ကို အရှင်မင်းကြီးက ကျွန်မဆီ လွှဲအပ်ထားတယ်ရှင့်။"
"ခင်ဗျာ။"
ဘယ်ရုစ်က အံ့အားသင့်သွားကာ ပတ်ဝန်းကျင်ကို မျက်လုံးများဖြင့် လျင်မြန်စွာ လိုက်ကြည့်နေရာမှ မျက်နှာထားကို အလျင်အမြန် ပြုပြင်ကာ ဦးညွှတ်ခဲ့သည်။
"အင်မတန်အရေးကြီးတဲ့ တာဝန်ကို လက်ခံရရှိလိုက်ခြင်းပါပဲ။ ကျွန်တော်မျိုးရဲ့ အကူအညီ လိုအပ်တဲ့အခါတိုင်း လာရောက်တွေ့ဆုံနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကြိုးစားကူညီပေးပါ့မယ်။"
ယူဂျင်းက ဘယ်ရုစ်နှင့် စကားအနည်းငယ် ပြောကြည့်ရုံဖြင့် ယခင်က တွေ့ခဲ့ဖူးသော ဘဏ်မန်နေဂျာနှင့် သူ၏ ကွာခြားချက်ကို သိသွားခဲ့သည်။ နန်းရင်းဝန်က ယဉ်ကျေးသော်လည်း သူ့ကိုယ်သူ အလွန်အမင်း မနှိမ့်ချဘဲ အသံနှင့်မျက်နှာထားတွင်လည်း တုန်လှုပ်မှုမရှိပေ။
ထိုဘဏ်မန်နေဂျာက အသက်ပိုကြီးပြီး လူမှုရေးအတွေ့အကြုံလည်း ပိုများပေလိမ့်မည်။ သို့သော် ဟောဒီ ငယ်ငယ်ရွယ်ရွယ် နန်းရင်းဝန်က ပို၍အတွေ့အကြုံရင့်ပုံပေါ်နေ၏။
'နန်းရင်းဝန်ရာထူးဆိုတာ ဘယ်သူမဆို လုပ်နိုင်တာမဟုတ်ဘူးပဲ။'
"ကျွန်မ ပြောမဲ့စကားကို ကိုယ်စားပြောပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒီနေ့ လော့ဒ် ရစ်ဆန်ကို တွေ့ချင်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဒါလည်း ပါတယ်ရှင့်။"
"ကျေးဇူးကြီးလှကြောင်းပါ။"
ဘယ်ရုစ်က ဦးညွှတ်လိုက်ကာ သူ၏ နားမလည်နိုင်သောစိတ်ကို ဖုံးကွယ်လိုက်သည်။
'ဟင်။'
ထူးဆန်းသော ခံစားချက်တစ်မျိုး ခံစားလိုက်ရ၏။ မိဖုရားနှင့် စကားကြာကြာပြောဖူးခြင်းမရှိသော်လည်း ဤသို့သော ခံစားချက်မျိုးကို ပေးသည့်သူတော့ မဟုတ်ပေ။
မိဖုရားက ရိုင်းရိုင်းပျပျ မပြုမူလျှင်ပင် ဝတ်ကျေတမ်းကျေ ယဉ်ကျေးမှုမျက်နှာဖုံးနောက်မှ သူ့ကို နှိမ့်ချပြီးကြည့်သည့် ခံစားချက်ကို ဖုံးကွယ်မထားခဲ့သူပင်။ အမှန်အတိုင်းပြောရလျှင် ဘယ်ရုစ်တစ်ယောက် သူ့ကို မိဖုရားလောက် မထီမဲ့မြင်လုပ်သူမျိုး တစ်ခါမှမမြင်ဖူးခဲ့။
ဘယ်ရုစ်က နာမည်ကျော်မျိုးရိုးမှ မွေးဖွားလာသူဖြစ်ကာ ဘယ်နေရာပဲသွားသွား လေးစားခံရသူပင်။ နန်းရင်းဝန်ဖြစ်လာပြီးနောက် သူ့အရှေ့တွင် ဘယ်သူမှ စကားကို မဆင်မခြင် မပြောရဲကြပေ။ သူ၏အရှင်သခင် ဘုရင်မင်းမြတ်ကလည်း မိမိ၏အရိုက်အရာကို အလွဲသုံးစားလုပ်ကာ အခြားသူများကို အနိုင်ကျင့်တတ်သည့် စရိုက်ရှိသူမဟုတ်ခဲ့။
ထို့ကြောင့် မိဖုရား၏ မောက်မာပလွှားမှုက စိတ်အနှောင့်အယှက်ဖြစ်စေရသော်ငြား တစ်ဖက်တွင်လည်း အံ့ဩမိရပြန်၏။ 'အာနီခါရဲ့ မာနက ကြီးကျယ်လိုက်လေခြင်း' ဟု ချီးကျူးကာ အကောင်းမြင်ရန် ကြိုးစားခဲ့သည်။
"ပြီးတော့ အရင်တစ်ခါကလည်း ကျွန်မရဲ့ အပြုအမူတွေနဲ့ လော့ဒ် ရစ်ဆန်ကို ဒုက္ခပေးမိခဲ့တယ်လေ။ အဲ့ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး။ လော့ဒ် ရစ်ဆန်မှာ ကျွန်မအပေါ် မကျေနပ်ချက်တွေရှိခဲ့ရင်လည်း ပြေလည်စေချင်တယ်ရှင့်။"
‘ဟင်။’
ဘယ်ရုစ်တစ်ယောက် သူ့နားသူပင် သံသယဖြစ်မိရတော့သည်။ ယခု ဤစကားကို ပြောနေသူက မိဖုရားမှန်း မယုံနိုင်သဖြင့် မော့ကြည့်လိုက်မိ၏။ ခပ်ရေးရေးပြုံးနေသော မိဖုရားနှင့် မျက်လုံးချင်းဆုံမိသွားသည်။ မိဖုရား၏ အပြုံးတွင် စိတ်ရင်းအမှန်ကို မြင်လိုက်ရတော့ အံ့အားသင့်သွားရ၏။
"....မကျေနပ်ချက်တဲ့လားဗျ။ မလျော်ကန်တဲ့စကားပါပဲ။ အရှင်မိဖုရား ဘေးကင်းလုံခြုံနေတာမို့လို့ ကျွန်တော်မျိုးက ဒီကိစ္စကို မေ့ပစ်ပြီးသားပါ။"
"ဒါဆို ကောင်းတာပေါ့။"
သဘာဝကျသည့် မျက်နှာထားနှင့် ဘယ်ရုစ်ရဲ့အတွေးများ လျင်မြန်စွာ လည်ပတ်နေတော့သည်။ မိဖုရား၏ သဘောထားက ဘာကြောင့် ပြောင်းလဲသွားရသလဲ။ သုံးနှစ်လုံးလုံး ငြိမ်နေခဲ့သော မိဖုရားက ယခုမှ နိုင်ငံရေးအင်အားစုများ စုစည်းရန် ကြိုးပမ်းနေခြင်းများလား။
အပြင်းအထန် သတိထားနေသော်လည်း ထိုသတိကိုတော့ နက်ရှိုင်းစွာ ဖုံးကွယ်ထားလိုက်သည်။ ဘယ်ရုစ်က မည်သို့သော အခြေအနေမျိုးတွင်မဆို အခြားသူများအပေါ် ဖော်ရွေသော မျက်နှာထားနှင့် ဆက်ဆံနိုင်သူပင်။
"ပြီးတော့ လော့ဒ် ရစ်ဆန်ဆီကနေ ပုဂ္ဂိုလ်ရေးအရ အကူအညီတစ်ခု တောင်းချင်တယ်ရှင့်။ လူတစ်ယောက်အကြောင်း လျှို့ဝှက်စုံစမ်းချင်တာဆိုပေမဲ့ ကူညီပေးနိုင်မလားမသိဘူး။"
"ကျွန်တော်မျိုး တတ်စွမ်းသလောက် စိတ်ရင်းအပြည့်နဲ့ ကူညီပေးပါ့မယ်။ မိန့်တော်မူပါ။"
"နာမည်က ကေ့ဂ်ျ။ သတင်းအချက်အလက်ပွဲစား။"
ယူဂျင်းက သူသိထားသလောက် ကေ့ဂ်ျ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖွင့်ချလိုက်သည်။ ထိုလူ ဘာတွေလုပ်ခဲ့သည်မှစကာ သတင်းအချက်အလက်များ ရယူရန် သူနှင့် မကြာခဏ တွေ့ဆုံခဲ့သည့်အကြောင်းများအထိ။
"ကျွန်မကတော့ သူ့ကို အပေါ်ယံပြထားသလို ရိုးရိုးသာမန် သတင်းအချက်အလက်ပွဲစားမဟုတ်ဘဲ တခြားအင်အားစုတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိနေတယ်။ သူ့နောက်ကြောင်းကို လိုက်နေမှန်း သူမရိပ်မိအောင် စုံစမ်းစေချင်တာလေ။"
"အဲ့ဒီလူက ဘယ်လိုအင်အားစုမျိုးနဲ့ ပတ်သက်နေတယ်ဆိုတာရယ်၊ အရှင်မိဖုရားက သူ့ကို ဘာကြောင့် နောက်ကြောင်းလိုက်ချင်ရတာလဲဆိုတာရယ်၊ အကြောင်းရင်းနှစ်ခုကြားက ဆက်စပ်မှုရယ်ကို ပြောပြပေးလို့ရမလားခင်ဗျ။"
ဘယ်ရုစ်က ဘာမှတုံ့ပြန်ခြင်းမရှိသည့် ယူဂျင်း၏ မျက်နှာကိုကြည့်နေရာမှ ဆက်ပြောခဲ့သည်။
"ကျွန်တော်မျိုးသိထားတဲ့ အချက်အလက်တွေ များလေလေ၊ သူ့ကို စုံစမ်းဖို့ ဦးတည်ချက်ကို ပိုအာရုံစိုက်နိုင်လေမို့လို့ပါ။"
ယူဂျင်းလည်း မာရီအန်းနှင့် နန်းရင်းဝန်ကြားမှ ကွာခြားချက်ကို သတိထားမိသွားတော့သည်။ သူက အမိန့်ကို ခွန်းတုံ့ပြန်ခြင်းမရှိဘဲ 'ဟုတ်ကဲ့' ဟု ပြန်ဖြေလေ့ရှိသော မာရီအန်းနှင့် မတူပေ။
ယူဂျင်းက ရှုပ်ထွေးသော စိတ်ချင်းယှဉ်ပြိုင်တိုက်ခိုက်စမ်းသပ်ရသည့် ကိစ္စများတွင် မိမိကိုယ်ကိုယ် ကျင်လည်သည်ဟု ယုံကြည်မှုမရှိ။ ဤနေရာမှ ဘဝနှင့် ပို၍ရင်းနှီးအသားကျလာသည့်အခါ တတ်မြောက်လာမည်ဖြစ်သော်လည်း ယခုလက်ရှိတွင်တော့ နမော်နမဲ့ လိမ်ပြောမည်ဆိုလျှင် အတွေ့အကြုံရင့်သူ နိုင်ငံရေးသမား၏ မျက်လုံးထဲ၌ ရှင်းလင်းမြင်သာနေပေလိမ့်မည်။
“ကျွန်မ သူ့ဆီကနေ သတင်းအချက်အလက်တွေ ဝယ်ခဲ့တယ်လေ။ ဒါပေမဲ့ ကျွန်မ ပေးလိုက်တဲ့ငွေတွေက မဟုတ်မမှန်တဲ့နေရာကို ရောက်သွားနိုင်တယ်ဆိုတဲ့ အခြေအနေကို တွေ့လိုက်ရလို့။”
ယူဂျင်းက အချို့သောအချက်များကို အမှန်အတိုင်းပြောပြီး အချို့သောအချက်များကို လုံးဝမပြောဘဲထိန်ချန်ထားသည့် နည်းလမ်းကို ရွေးချယ်လိုက်သည်။
“လောလောဆယ်တော့ သူ့ကို ချက်ချင်း အရေးယူတာမျိုးမလုပ်ဘဲ နောက်ကွယ်ကနေ စုံစမ်းခိုင်းရတဲ့ အကြောင်းရင်းကို မပြောပြနိုင်သေးပါဘူး။ လော့ဒ် ရစ်ဆန်။ ကျွန်မသာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ဖို့လူတစ်ယောက် လိုအပ်တယ်ဆိုရင် လော့ဒ် ရစ်ဆန်မဟုတ်ဘဲ အရှင်မင်းကြီးနဲ့ပဲ တွေ့ခဲ့မှာပေါ့။”
ဘယ်ရုစ်၏ မျက်လုံးများ တဒင်္ဂ တုန်ယင်သွားသည်။ မိဖုရား၏ လေသံတွင် ဘုရင်မင်းမြတ်အပေါ် ယုံကြည်မှုများ ပါဝင်နေခြင်းမှာ သူ့စိတ်အထင်သက်သက်လား။
'ရဲတိုက်အတွင်းရေးကိစ္စတွေကို စိတ်မဝင်စားနဲ့' ဟု ပြတ်ပြတ်သားသား ပြောခဲ့သည့် ဘုရင်မင်းမြတ်၏ စကားကို သတိရလိုက်တော့ စိတ်က အေးစက်သွားခဲ့သည်။ တကယ်ပင် တစ်ခုခု ရှိနေ၏။ လွန်ခဲ့သော လပိုင်းအတွင်း တစ်ခုခုဖြစ်ခဲ့သည်မှာ သေချာသည်။
“ပြီးတော့ ဒီကိစ္စကိုလည်း ကျွန်မ ကိုယ်တိုင် အရှင်မင်းကြီးကို ပြောပြမှာပါ။”
ဘယ်ရုစ် ကြောက်ရွံ့သူက ဘုရင်မင်းမြတ်တစ်ပါးတည်းသာ။ အကယ်၍သာ မိဖုရား၏ နောက်ကွယ်တွင် ဘုရင်မင်းမြတ်ပါဝင်ခဲ့မည်ဆိုလျှင် သူ ဘယ်တော့မှ နိုင်မည်မဟုတ်ပေ။
သူက ဦးညွှတ်ကာ ပြောလိုက်သည်။
“အမိန့်အတိုင်း လျှို့ဝှက်စုံစမ်းပြီး ပြန်လျှောက်တင်ပါ့မယ်။”
ဘယ်ရုစ် ပြန်သွားပြီးသည့်နောက်တွင် ယူဂျင်းလည်း စိတ်မောလူမော နွမ်းနယ်သည့်ခံစားချက်နှင့် ထိုင်နေခဲ့သည်။ နေရာမှရှောင်ပေးခဲ့သော မာရီအန်းလည်း ပြန်ဝင်လာ၏။ ယူဂျင်းက မာရီအန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ထူးဆန်းလိုက်တာ။ နန်းရင်းဝန်နဲ့ ဘာစကားမှလည်း ထွေထွေထူးထူး ပြောခဲ့ရတာ မဟုတ်တာကို အားပြတ်သွားသလိုပဲ ခံစားနေရတယ်။”
မာရီအန်းက ရယ်ခဲ့သည်။
“စိတ်လှုပ်ရှားသွားတာ ဖြစ်ပါလိမ့်မယ်။ သက်တောင့်သက်သာပဲ ပြောဆိုဆက်ဆံလို့ ရပါတယ်။ နန်းရင်းဝန်ကလည်း အရှင်မိဖုရားရဲ့ လက်အောက်ငယ်သားပါပဲ။”
“သူက သက်တောင့်သက်သာ ဆက်ဆံလို့ရတဲ့လူ မဟုတ်ဘူးလေ။”
ယူဂျင်းက တီးတိုးရေရွတ်လိုက်သည်။ ပုံမှန်အားဖြင့် ပတ်ဝန်းကျင်မှလူများ၏ တလေးတစားဆက်ဆံမှုကိုသာ ရရှိနေကျ သူက ယနေ့ နန်းရင်းဝန်နှင့် တွေ့ကြည့်လိုက်တော့မှ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ရ၏။
'သူနဲ့ တွေ့လိုက်တာလည်း ကောင်းသားပဲ။'
လူမှုရေးလှုပ်ရှားမှုများ မစတင်မီ သင်ခန်းစာကောင်းတစ်ခု ရလိုက်၏။
ယူဂျင်းက သူနှင့်မတွေ့ခင် မှတ်ဉာဏ်ပျောက်ဆုံးသွားသည့်အကြောင်း ပြောရမလား၊ မပြောရဘူးလားဟု စဉ်းစားခဲ့သော်လည်း မာရီအန်း၏ အကြံပေးချက်အတိုင်း မပြောဘဲနေလိုက်ခြင်းက ကောင်းသွားသည်။
“နန်းရင်းဝန်က ပေါင်းသင်းဆက်ဆံရလွယ်ကူတဲ့လူ မဟုတ်ဘူးဆိုတဲ့ အရှင်မိဖုရားရဲ့ စကားကို ကျွန်မလည်း သဘောတူပါတယ်။ သူ့အသက်အရွယ်နဲ့မလိုက်အောင် ဉာဏ်ပညာအမြော်အမြင်က အင်မတန် နက်ရှိုင်းတဲ့သူပါ။”
“နန်းရင်းဝန်က သူ့အသက်အရွယ်နဲ့ ဒီလို ရာထူးအမြင့်ကြီးကို ရောက်လာခဲ့တာဆိုတော့ လောကမှာ ကြောက်စရာ ဘာမှရှိမှာမဟုတ်ဘူးပေါ့နော်။”
“အရှင်မိဖုရား၊ ဒီတိုင်းပြည်ရဲ့ အရှင်သခင်က အတိအကျ ရှိနေပြီးသားပါ။”
“နန်းရင်းဝန်က အရှင်မင်းကြီးရဲ့ ရှေ့မှာလည်း ခေါင်းမာမဲ့ပုံကို။”
“လုံးဝ မဟုတ်ပါဘူး။ တစ်နေ့ကျလို့ နှစ်ယောက်အတူရှိနေတာကို မြင်ရင် သိရပါလိမ့်မယ်။ အရှင်မင်းကြီးရဲ့ရှေ့မှာတော့ နန်းရင်းဝန် လောကမှာ အဖြူစင်ဆုံး၊ အပြစ်ကင်းဆုံးလူတစ်ယောက် ဖြစ်သွားတာပါ။”
“ဟုတ်လား။”
ယူဂျင်းက အံ့အားသင့်သွားသလို အမူအရာနှင့် ပြုံးလိုက်သည်။ နန်းရင်းဝန်ကို ဖြောင့်မတ်ပြီး အရည်အချင်းရှိသော လူငယ်ခေါင်းဆောင်တစ်ဦးဟု ထင်ခဲ့မိ၏။
“စိတ်ကူးကြည့်လို့တောင် မရပါဘူး။ နန်းရင်းဝန်နဲ့ယှဉ်ရင် အရှင်မင်းကြီးကမှ တော်တော်လေး သက်သောင့်သက်သာရှိတဲ့လူ ဖြစ်နေသေးတာကို။”
မာရီအန်းက ခပ်တိုးတိုး ရယ်ခဲ့သည်။
“အရှင်မိဖုရား၊ ကျွန်မကတော့ အရှင်မင်းကြီးကို သက်သောင့်သက်သာရှိတဲ့သူလို့ တစ်ခါမှ မတွေးဖူးပါဘူး။”
မာရီအန်းက နားမလည်နိုင်ဖြစ်နေသည့် ယူဂျင်း၏မျက်နှာကိုကြည့်ကာ ပြုံးလိုက်သည်။
“အရှင်မိဖုရားနဲ့ အတူရှိနေတဲ့အချိန်မှာ အရှင်မင်းကြီးက ကျွန်မသိတဲ့ အရှင်မင်းကြီး မဟုတ်ဘူးထင်ပါရဲ့။”
ယူဂျင်းတစ်ယောက် အကြည့်ကို မြန်မြန်လွှဲလိုက်သည်။ မျက်နှာတွေ ထူပူလာကာ ရင်ထဲတွင် ကလိကလိဖြစ်လာ၏။
သူ့မျက်နှာကို မမြင်ရသည်မှာ သုံးရက်ရှိပေပြီ။ သိုလှောင်ရုံသို့ ထွက်သွားခဲ့သော ဘုရင်မင်းမြတ်က ပြန်မလာသေးပေ။
ပထမဆုံးနေ့တွင်သာ မသက်မသာဖြစ်နေသော ခံစားချက်ဖြင့် သူနှင့် မျက်နှာချင်းမဆိုင်ရသည်ကို တော်သေးသည်ဟု တွေးခဲ့သော်လည်း ဒုတိယနေ့မှစကာ တစ်ခုခု လစ်ဟာနေသလို ခံစားခဲ့ရသည်။ သုံးရက်သာရှိသေးသော်လည်း သူနှင့်မတွေ့ရသည်မှာ တော်တော်ကြာသွားသလိုပင်။
"ဒီနေ့ရော လာပါ့မလား။"
"လာချိန်တန်ပါပြီ။ အခုအထိ ရုန်းကန်လှုပ်ရှားရတဲဲ့ရာသီပဲရှိသေးတာမို့လို့ ဒီထက်ပိုပြီး ရဲတိုက်မှာ မရှိတာမျိုး ဖြစ်မှာမဟုတ်လို့ပါ။"
ယူဂျင်းတစ်ယောက် သူ ဘာလုပ်နေမလဲဟု သိချင်နေမိသည်။ ယခု သူခံစားနေရသော ခံစားချက်က လွမ်းဆွတ်တမ်းတမှုများလားမသိဘူးဟု တွေးလိုက်မိ၏။
~~~~
မနက်ခင်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေစဉ် ယူဂျင်းက ဂျီးန်ကို မေးလိုက်သည်။
“အရှင်မင်းကြီးရဲ့ သတင်းရော ဘာမှမရှိဘူးလား။”
“အခု ညီလာခံလုပ်နေပါတယ်။”
“ဘာ။”
ယူဂျင်းလည်း အံ့ဩတကြီး လှည့်ကြည့်လိုက်မိသည်။ ဂျီးန်က ဘာလုပ်လို့လုပ်ရမှန်းမသိသောမျက်နှာနှင့် ပြောလာ၏။
“စိုးရွံ့မိပါတယ်၊ အရှင်မိဖုရား။ ညသန်းခေါင်ကျော်မှာ အရှင်မင်းကြီး ပြန်ရောက်လာတာပါ။ အရှင်မိဖုရားကို ပြောပြဖို့ မေ့သွားခဲ့ပါတယ်။”
ဘုရင်မင်းမြတ်က အရေးကိစ္စ တစ်စုံတစ်ရာပေါ်လာလျှင် ရုတ်တရက် ထွက်သွားကာ အသိမပေးဘဲ ပြန်လာခြင်းမျိုး မကြာခဏ ဖြစ်လေ့ရှိ၏။ ဘုရင်က သူတို့၏ သဘောထားကို ဂရုမစိုက်သဖြင့် ရဲတိုက်အမှုထမ်းများကလည်း သူ ထွက်သွားသည်၊ ပြန်လာသည်ကို အာရုံစိုက်မနေဘဲ သူတို့လုပ်စရာရှိသည့် အလုပ်ကိုသာ အာရုံစိုက်ခဲ့ကြသည်။
ဂျီးန်သည်လည်း ထိုသို့သော အခြေအနေမျိုးကို အသားကျနေသဖြင့် မိဖုရားအား အရင်ဆုံး သတင်းပေးရမည်ဟူသည့် အချက်ကို မေ့သွားခြင်းပင်။ ဂျီးန်တစ်ယောက် စိတ်ပျက်နေသော်လည်း သူ့အမှားကြောင့် ကြောက်ရွံ့တုန်လှုပ်နေခြင်းမျိုး မရှိခဲ့။ သူကိုယ်တိုင်ပင် သတိမထားမိသည့် ကြီးမားသောပြောင်းလဲမှုတစ်ရပ်ပင်။
"ဒီလို မနက်အစောကြီးကတည်းက ညီလာခံလုပ်တယ်ပေါ့လေ။"
“ရဲတိုက်ကနေ တစ်ရက်ကျော်ကြာအောင် ထွက်သွားရတဲ့အခါတိုင်း ပြန်ရောက်တာနဲ့ ညီလာခံလုပ်လေ့ရှိပါတယ်။”
“ကောင်းပြီလေ... ညီလာခံပြီးသွားရင် အသိပေးပေး။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
ယူဂျင်းက ဘယ်ဘက်ရင်အုံပေါ်သို့ လက်တင်လိုက်သည်။ နှလုံးခုန်နှုန်းက ရုတ်တရက် မြန်ဆန်လာ၏။ သူ၏သတင်းကို သိချင်နေသော်လည်း ပြန်လာပြီဟူသည့်အချက်ကြောင့် သူနှင့်တွေ့လျှင် အိုးတိုးအမ်းတမ်း ပြုမူမိမည့်ပုံပင်။ မရေမရာဖြစ်နေသော မိမိ၏ခံစားချက်များကို ကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့။
ယူဂျင်း နံနက်စာ စားပြီးသည့်အချိန်အထိ ညီလာခံ မပြီးဆုံးသေးပေ။ နံနက်စာစားပြီးသည့်နောက်တွင် ရုံးခန်းသို့ သွားလိုက်သည်။ စားပွဲကျယ်ကျယ်၏ တစ်ဖက်တွင် သူကြည့်ရှုစစ်ဆေးရမည့် စာရွက်စာတမ်းများ ရှိနေ၏။ ယင်းတို့မှာ အကြံပေးအရာရှိ ခန့်အပ်ရန်အတွက် အမှုထမ်းကိုယ်ရေးအကျဉ်း စာရွက်စာတမ်းများနှင့် မကြာမီရောက်လာမည့် ခြောက်သွေ့ရာသီအတွက် ဘဏ္ဍာငွေစာရင်းများဖြစ်သည်။
လက်ရှိတွင် ရှုပ်ထွေးသော ဂဏန်းများကိုကြည့်ရန် စိတ်မပါသဖြင့် ကိုယ်ရေးအကျဉ်းစာရွက်စာတမ်းများကို အရင်ဖွင့်ကြည့်လိုက်၏။ ဆန်ကာတင် အကြံပေးအရာရှိလောင်း အမျိုးသား၊ အမျိုးသမီးများပင်။
'အားလုံးက အရည်အချင်းရှိတဲ့သူတွေပဲ လျှောက်ကြမှာကို... ဘယ်အချက်အပေါ် အခြေခံပြီး ရွေးရပါ့မလဲ။'
သူတို့၏ နောက်ခံက မည်သို့ပင်ဖြစ်စေ၊ မှူးမတ်မျိုးရိုး ဟုတ်ဟုတ် မဟုတ်ဟုတ် ယင်းမှာ ယူဂျင်းအဖို့ ထည့်သွင်းစဉ်းစားရမည့် အခြေအနေများ မဟုတ်ခဲ့ပေ။
ဒေါက်၊ ဒေါက်...
အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရ၏။
~~~~
Miel's Translations