အပိုင်း ၆၁
“မှော်ဝင်သားရဲကို ကြည့်ချင်တယ်ဆို၊ ဘာဖြစ်လို့လဲ။”
“ပုတ်သင်ညိုဆိုတော့...”
မှော်ဝင်သားရဲက သူ့စကားကို နားလည်နိုင်သည့်အတွက် ယူဂျင်းက ပေါ်တင်ထုတ်မပြောခဲ့။
အကျပ်ရိုက်နေသည့် ယူဂျင်း၏ မျက်နှာကိုကြည့်ပြီး ခါဆယ်ရ်က အဓိပ္ပာယ်မရှိတာဟူသောပုံစံဖြင့် ပြောခဲ့သည်။
“ဒီကောင်က မှော်ဝင်သားရဲကို။ တကယ့်ပုတ်သင်ညိုမှ မဟုတ်တာ။”
“ဘာပဲဖြစ်ဖြစ် ပုတ်သင်ညိုပဲလေရှင့်။”
“ပုံစံပြောင်းလိုက်ရင် ရပြီပေါ့။”
“အာ၊ အဲ့ဒီလိုလုပ်လိုက်ရင် ရပြီပဲ။”
ယူဂျင်းက တစ်ချက်လောက် စဉ်းစားပြီး ပြောလိုက်သည်။
“ရှဉ့်။ ရှဉ့်ဆိုရင် ကောင်းမယ်။ ဒီအတိုင်း သာမန်ကြွက်ဆိုရင်တော့ လုံးဝ မဖြစ်ဘူးလို့ ရှဉ့်။ အမ်... ကလေးလေး။ အဲ့ဒီလိုဆိုမှ အခုအထိ နာမည်တောင် မရှိသေးဘူးပဲ။ ရှဉ့်ပုံစံ ပြောင်းလို့ရမလားဟင်။”
ယူဂျင်းရှိရာဘက်သို့ ငှက်လှောင်အိမ်နံရံတွင် ကပ်နေသော ပုတ်သင်ညိုက မျက်လုံးလေးမှိတ်လိုက်ဖွင့်လိုက် လုပ်ပြလာသည်။ ပြီးပြည့်စုံသောပုံစံကို ပြပေးနေသည့် ယူဂျင်း၏စကားကို နားထောင်နေပုံပင်။ သို့သော် ပုတ်သင်ညိုက ယခင်အတိုင်း ထိုပုံစံအဖြစ်သာ ရှိနေ၏။
“ရှဉ့်ဆိုတာ ဘာမှန်းမသိဘူးထင်ပါရဲ့။ ဘယ်လိုတိရစ္ဆာန်မျိုးမှန်း ပြပေးမှဖြစ်မှာပဲ။”
“မြင်ဖူးတဲ့ တိရစ္ဆာန်ပုံစံမျိုးကိုပဲ ပြောင်းလဲနိုင်တာလား။”
“ဟုတ်ကဲ့။ သင်ယူမှ သိနိုင်မှာပါ။ ဒီမှော်ဝင်သားရဲအတွက် အခုအချိန်က အရေးကြီးပါတယ်။ လူတွေလိုပဲ မှော်ဝင်သားရဲတွေကလည်း ငယ်ငယ်က အတွေ့အကြုံတွေရဲ့ လွှမ်းမိုးမှုကို အများကြီး ခံရတာလေ။ မွေးကတည်းက သေဘေးကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရရင် အသက်ကြီးလာတဲ့အခါ စိတ်ထားခက်ထန်တဲ့ မှော်ဝင်သားရဲဖြစ်လာမှာပါ။”
ခါဆယ်ရ်လည်း အာဘူ၏ ငယ်ဘဝက တော်တော်လေး ခက်ခဲခဲ့မှာပဲဟုတွေးရင်း အစေခံကို ခေါ်လိုက်သည်။ သူက အစေခံကို တိရစ္ဆာန်ပုံပါသည့် ကလေးပုံပြင်စာအုပ်တစ်အုပ် ယူလာခိုင်းလိုက်၏။
ပုံပြင်စာအုပ်ကို စောင့်နေစဉ် စားပွဲရှေ့တွင်ရပ်ကာ စကားပြောနေကြသော လူနှစ်ယောက်က လှောင်အိမ်ကိုကိုင်ပြီး ဆိုဖာပေါ်သို့ ရွှေ့လိုက်ကြသည်။
ယူဂျင်းက လှောင်အိမ်ထဲမှ မှော်ဝင်သားရဲကို အဆက်မပြတ် စောင့်ကြည့်နေ၏။ တကယ့်ပုတ်သင်ညိုမဟုတ်သဖြင့် မသတီမှုက သိပ်မပြင်းထန်ပေ။
'မရဏဘုရင်ရဲ့ ဒုတိယမြောက် မှော်ဝင်သားရဲတဲ့။ ဆန်းကြယ်လိုက်တာ။'
သူ့ဝတ္ထုထဲတွင်တော့ တစ်ခါမှ ပေါ်လာခဲ့ခြင်းမရှိပေ။
မှော်ဝင်သားရဲအပေါ် အာရုံစိုက်နေမိသဖြင့် သူ့ထံတွင် မသွေမဖည်ရှိနေသော ခါဆယ်ရ်၏အကြည့်ကို သတိမထားမိခဲ့။ ခါဆယ်ရ်၏မျက်နှာထား တဖြည်းဖြည်း မကောင်းလာသည်ကိုလည်း မသိခဲ့ပေ။
အစေခံက ကလေးပုံပြင်စာအုပ်ကို ရအောင်ရှာလာခဲ့သည်။ ယူဂျင်းက ပုံပြင်စာအုပ်ထဲမှ ရှဉ့်ပုံကိုရှာပြီး လှောင်အိမ်ထဲမှ မှော်ဝင်သားရဲကို ပြလိုက်၏။
“ဒါက ရှဉ့်ပဲ။ ဒီပုံစံလေး ပြောင်းကြည့်ပါဦး။”
ပုတ်သင်ညိုက ပုံပြင်စာအုပ်ထဲမှ ရှဉ့်ကို စိုက်ကြည့်နေသည်။ သူက ခေါင်းသေးသေးလေးကို ဘယ်ညာငဲ့စောင်းလိုက်၏။
ယူဂျင်းက စတင်သင်ယူနေသော မှော်ဝင်သားရဲလေးကို ပျော်ရွှင်စွာ ကြည့်နေသည်။ ဤကမ္ဘာသို့ ရောက်လာပြီးကတည်းက မသိတာတွေများလွန်းသဖြင့် စိတ်ပျက်အားငယ်နေမိ၏။ သို့သော် သူကောင်းကောင်းသိသော နယ်ပယ်မှ ပညာဗဟုသုတကို ပြသရင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက ပြန်လည်အသက်ဝင်လာသည်။
‘မှော်ဝင်သားရဲကို တော်တော်စိတ်ဝင်စားတာပဲ။’
ခါဆယ်ရ်က ယူဂျင်း၏ တက်ကြွသောမျက်နှာလေးကို ကြည့်ကာ တွေးလိုက်သည့်။ စိတ်ဝင်စားမှု ဤမျှအထိ ရှိလိမ့်မည်မှန်း ထင်မထားခဲ့။
သို့ရာတွင် ယူဂျင်း၏ပုံစံလေးက ကြည့်ရကောင်းသော်လည်း သူ့စိတ်က သိပ်မကြည်ပေ။ သူ့မျက်နှာထားက တဖြည်းဖြည်း တင်းမာလာ၏။
သံတိုင်တွင် ကပ်နေသော ပုတ်သင်ညိုက လှောင်အိမ်အောက်ခြေသို့ ဆင်းလာသည်။ သူက အမြီးကိုကိုက်ထားသည့်ပုံစံနှင့် သူ၏ကိုယ်ကို ဝိုင်းခွေလိုက်ကာ နေရာမှာတင် လည်ပတ်နေ၏။ ရှည်လျားသော အမြီးချွန်ချွန်၏အဖျားက လုံးဝန်းလာကာ ပြောင်းလဲစပြုလာတော့သည်။
ချောမွေ့သော ပုတ်သင်ညို၏အရေပြားပေါ်တွင် သားမွေးအင်္ကျီလေး ဝတ်ပေးလိုက်သည့်အလား အမြီးမှစကာ ထိုးထိုးထောင်ထောင် ထွက်လာသော အညိုရောင် အမွေးများက ဦးခေါင်းအထိ ဖုံးအုပ်သွား၏။ မျက်ဆန်ရှည်ရှည် မျက်လုံးများက လုံးဝိုင်းပြီး သေးငယ်သွားသည်။ ရှည်လျားသည့် ခန္ဓာကိုယ်ကလည်း တိုသွားကာ ကျယ်နေသော ခြေထောက်များကြားမှ အကွာအဝေးက ကျဉ်းသွား၏။
ခဏအကြာတွင် ပုတ်သင်ညိုဖြစ်ခဲ့ဖူးသော ခြေရာသဲလွန်စများ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။ မှော်ဝင်သားရဲက ပြီးပြည့်စုံသော ရှဉ့်တစ်ကောင် ဖြစ်လာ၏။
ယူဂျင်းက အံ့အားသင့်စွာ ပင့်သက်ရှိုက်ကာ လှောင်အိမ်တံခါး၏သော့ကို မြန်မြန်ဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် ပြေးထွက်လာသော ရှဉ့်က ယူဂျင်း၏လက်ဖမိုးမှ လက်မောင်းတစ်လျှောက်ပြေးပြီး ပခုံးပေါ်သို့ တက်သွား၏။
ရှဉ့် လှုပ်ရှားရာအတိုင်း ခေါင်းကို ဟိုဘက်ဒီဘက် လှည့်လိုက်တော့ မှော်ဝင်သားရဲက လျှင်မြန်ပေါ့ပါးသော လှုပ်ရှားမှုဖြင့် သူ့လက်မောင်းနှင့် ပခုံးပေါ်တွင် ပြေးလွှားခုန်ပေါက်နေသည်။
ယူဂျင်းက လျှာဖျားလေးကို အာခေါင်မှာထောက်ပြီး ပါးစပ်ကို စက်ဝိုင်းပုံဟကာ ခေါ်သံပေးလိုက်၏။
လက်မောင်းပေါ်တွင် အနားမရစွာ တက်လိုက်ဆင်းလိုက် လုပ်နေသော မှော်ဝင်သားရဲက ယူဂျင်း၏ ဘယ်ဘက်လက်ဖမိုးပေါ်တွင် ရပ်တန့်သွားတော့သည်။ သူက ယူဂျင်း၏အသံကို တုံ့ပြန်ကာ နှာသီးဖျားလေးကို ရှုံ့ချည်နှပ်ချည်လုပ်နေ၏။
ယူဂျင်းက ညာဘက်လက်ကိုမြှောက်ပြီး မှော်ဝင်သားရဲ လန့်မသွားရအောင် ဖြည်းဖြည်းချင်း အနားသို့ချဉ်းကပ်လာသည်။ ထို့နောက် လက်ဖျားလေးနှင့် ရှဉ့်၏ခေါင်းလေးကို ပွတ်သပ်နေရာမှ မေးစေ့အောက်ကို ပွတ်ပေးလိုက်၏။ မှော်ဝင်သားရဲက သူ့အထိအတွေ့ကို ဇိမ်ခံနေသည့်အလား မျက်လုံးလေးများကို မှေးမှိတ်ကာ ယူဂျင်း၏လက်ပေါ်တွင် မျက်နှာလေးကို ပွတ်သပ်ခဲ့သည်။
“ချစ်စရာလေး။”
ယူဂျင်းက ရေရွတ်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။ မှော်ဝင်သားရဲကား တကယ်ကို ပြီးပြည့်စုံသည့် သတ္တဝါပင်။ ဤမျှအထိ ပါးနပ်လိမ္မာပြီး ချစ်ဖို့ကောင်းသတဲ့လား။
ရုတ်တရက် ချဉ်းကပ်လာသော ခါဆယ်ရ်၏လက်က ရှဉ့်၏ ကုပ်သားလေးကို ဆွဲယူသွားသည်။ မှော်ဝင်သားရဲ၏ ချစ်စရာကောင်းလှသော အပြုအမူများကို ကျေနပ်စွာကြည့်နေသည့် ယူဂျင်းလည်း မျက်လုံးလေးပင့်ကြည့်လိုက်မိ၏။
မှော်ဝင်သားရဲက ခါဆယ်ရ်၏လက်ချောင်းများကြားမှ တွဲလောင်းလေးကျနေကာ လေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေသည်။ ယူဂျင်းထံသို့ သနားဖွယ်ပုံစံလေးနှင့် ရှေ့ခြေသေးသေးလေးများကို လွှဲယမ်းကမ်းလင့်နေ၏။
ခါဆယ်ရ်က ဘာမှမဟုတ်သလိုပင် မှော်ဝင်သားရဲကို ကြည့်ကာ လှောင်အိမ်တံခါးကို ဖွင့်လိုက်သည်။ ရှဉ့်က လုံးဝလက်မခံနိုင်ကြောင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဖော်ပြနေ၏။ ခြေလေးချောင်းကိုဖြန့်ကာ လှောင်အိမ်တံခါးဝမှ သံချောင်းများကို ဆုပ်ကိုင်ထားသည်။ ထိုပုံစံလေးမှာ အင်မတန် ချစ်စရာကောင်းသလို သနားစရာလည်းကောင်း၏။
သို့သော် ခါဆယ်ရ်က ရက်စက်လှသည်။ ခုခံနေသော ကောင်လေးကို လက်ဖျားနှင့် ထောက်ခနဲတောက်ကာ လှောင်အိမ်ထဲသို့ ပစ်ထည့်ခဲ့၏။
ယူဂျင်းက စိတ်မသက်သာစွာနှင့် လက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်သည်။ ‘မှော်ဝင်သားရဲအကြောင်းကို ဘယ်သူနဲ့မှ မမျှဝေဘူး’ ဟူသော ခါဆယ်ရ်စကားကို ပြန်သတိရသွား၏။
‘စိတ်ဆိုးသွားတဲ့ပုံပဲ။ အေးလေ၊ မှော်ဝင်သားရဲကို ငါက အိမ်မွေးတိရစ္ဆာန်လို သဘောထားမိခဲ့တာကိုး။’
ဘုရင်နှင့် မှော်ဝင်သားရဲ၏ ဆက်နွှယ်မှုအတိုင်းအတာက လူများ အိမ်မွေးတိရစ္ဆာန် မွေးမြူပြီး ချစ်ခင်သောစိတ်ထက် အများကြီး ပိုပြင်းထန်၏။ မှော်ဝင်သားရဲနှင့် ဆက်နွှယ်နေသော ပရာ့ဂ်ျက ဘုရင်၏ပရာ့ဂ်ျနှင့် ခိုင်မာစွာ ဆက်နွှယ်နေသဖြင့် မှော်ဝင်သားရဲ အကြီးအကျယ် ဒဏ်ရာရလျှင် ဘုရင်ကလည်း ခံစားနိုင်ပေသည်။
“စိတ်ဆိုးသွားတာလားရှင့်။”
“ဟင့်အင်း။”
‘စိတ်ဆိုးနေတာကိုများ။’
ယူဂျင်းက သူ့မျက်နှာကို သတိထားပြီး အကဲခတ်နေသည်။ ပုံမှန်အားဖြင့် သူ၏ခံစားချက်ကို ထုတ်ပြလေ့မရှိသော်လည်း စိတ်မသက်မသာဖြစ်နေသော သူ့မျက်နှာထားကိုတော့ သိနိုင်၏။
“တောင်းပန်ပါတယ်၊ လက်လွတ်စပယ် ထိမိတဲ့အတွက်။”
ခါဆယ်ရ်က အဓိပ္ပာယ်မရှိသော အထင်လွဲမှုဖြစ်သည့်အလား မျက်မှောင်ကြုတ်လိုက်သည်။
“ဒီကောင်ကို မင်း ထိလိုက်လို့ ငါက မင်းကို အပြစ်တင်နေတယ်ဆိုပြီး ထင်နေတာလား။”
“အဲ့ဒီအကြောင်းရင်းမဟုတ်ရင် ဘာလို့များ စိတ်ဆိုးရဦးမှာလဲရှင့်။”
“စိတ်မဆိုးပါဘူးဆို။”
ယူဂျင်းက ဤအခြေအနေကို နားမလည်နိုင်ခဲ့။ သူက မှော်ဝင်သားရဲကို ပြမည်ဆို၍ ရုံးခန်းသို့လာခဲ့ပြီး စောစောလေးကအထိ ကျိန်းသေပေါက် အခြေအနေကောင်းနေသေး၏။
ဤသို့သောအခြေအနေမျိုးကို မည်သို့ကိုင်တွယ်ရမည့်အကြောင်း မာရီအန်းထံမှ သင်ယူခဲ့ဖူးသော အဖြစ်အပျက်တစ်ခုကို သတိရလိုက်သည်။
「လူမှုရေးပွဲတစ်ခုမှာ စကားပြောနေတုန်း ရုတ်တရက် အနေအထားက အေးစက်သွားတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ တစ်ယောက်ယောက်က စကားမှားသွားတာတို့၊ ဒါမှမဟုတ် စကားစ ရုတ်တရက် တန့်သွားတဲ့အချိန်မျိုးတွေပေါ့။」
ဤသို့သောအချိန်တွင် ရှေ့ထွက်မည့်သူကို သတ်မှတ်ထားပြီးသားပင်။ အသက်ငယ်သူကဖြစ်စေ၊ အဆင့်နိမ့်သူကဖြစ်စေ အခြားအကြောင်းအရာတစ်ခုကို ဖြည်းဖြည်းချင်း စကားလမ်းကြောင်းပြောင်းလိုက်လျှင် အကောင်းဆုံးဖြစ်သည်။
မာရီအန်းက လူမှုရေးလှုပ်ရှားမှုများတွင် ကျင်လည်စေရေးအတွက် ဤသို့သော မမြင်ရသည့်စည်းမျဉ်းများကို သင်ယူရမည်ဟုဆို၏။
「အရှင်မိဖုရားက အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားတဲ့သူရဲ့ စကားကို ရိုးရှင်းတဲ့ တုံ့ပြန်မှုနဲ့ လက်ခံပေးတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ရှေ့ထွက်ပြီး အခြေအနေကို အတင်းအကျပ် ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ အောက်ကလူ လုပ်ရမဲ့ အခန်းကဏ္ဍကို အထက်ကလူ လုပ်မိရင် ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။」
ယူဂျင်းက လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားလိုက်သည်။ သက်ဦးဆံပိုင်ဘုရင်စနစ်တွင် တိုင်းပြည်၏ အမြင့်ဆုံးတွင်ရှိသူမှာ ဘုရင်ဖြစ်ပြီး ကျန်ရှိသူအားလုံးက ဘုရင်၏အမှုထမ်းများ နယ်ရုပ်များဖြစ်၏။
သို့သော် စည်းကမ်းချက်တွေ၊ ဘာတွေဖြစ်ဖြစ် သူ၏ စိတ်အပြောင်းအလဲအတိုင်း တစ်ဖက်သတ်လိုက်လျောရမည်ကို ယူဂျင်း မလိုချင်ပေ။ တိုင်းရေးပြည်ရေးကိစ္စများ ဆွေးနွေးနေခြင်းလည်း မဟုတ်သလို ယူဂျင်းက ဘုရင်၏အမှုထမ်းမဟုတ်ဘဲ ဇနီးမယားအဖြစ် ရှိနေသူပင်။
“အရှင်မင်းကြီး။ စိတ်ဆိုးတာမဟုတ်ဘူးဆိုရင် ကျွန်မ အရှင်မင်းကြီးကို စိတ်ဆိုးမှာပါ။ ကျွန်မရဲ့ လက်ဖမိုးပေါ်မှာ ရှိနေတဲ့ မှော်ဝင်သားရဲကို အဲ့ဒီပုံစံနဲ့ ဆွဲယူသွားတာက ကျွန်မကို အရှက်ရစရာဖြစ်အောင် လုပ်လိုက်တာပဲမဟုတ်ဘူးလားရှင့်။”
“...”
မှုန်ကုပ်ကုပ်ပုံစံနှင့် နှုတ်ဆိတ်နေသည့် သူ့ကိုကြည့်ရင်း ယူဂျင်း၏ မကျေမနပ် ခံစားချက်များလည်း တစ်စတစ်စ ပျောက်ကွယ်သွားတော့သည်။ ယခုအချိန်ထိ တစ်ခါမှမမြင်ဖူးသော ခါဆယ်ရ်၏ပုံစံက အစိမ်းသက်သက်ဖြစ်နေသလို ချစ်စရာလည်းကောင်း၏။
နှစ်ဆယ်ကျော် အသက်အရွယ်နှင့်ယှဉ်လျှင် သူက အင်မတန် ရင့်ကျက်သူပင်။ ယူဂျင်းနေထိုင်ခဲ့ရာကမ္ဘာတွင် အသက်နှစ်ဆယ်ကျော်အရွယ်များ၏ အတွေးနှင့် အပြုအမူများက အင်မတန် ကလေးဆန်ကြ၏။
အသက်နှစ်ဆယ်ကျော်အရွယ်တွင် အများစု လက်ထပ်ကြသော ဤကမ္ဘာ၏ လူမှုရေးအသိုင်းအဝိုင်းကို ထည့်သွင်းစဉ်းစားလျှင်ပင် သူ၏စိတ်သက်က ဇာတာသက်ထက် အများကြီး ပိုကြီးရင့်သည်ဟု ယူဂျင်း တွေးမိခဲ့သည်။ တိုင်းပြည်၏ကံကြမ္မာကို ထမ်းပိုးထားရသော ဘုရင်တစ်ပါးအနေနှင့် ရင့်ကျက်လာရမည်ဆိုသည်ကို နားလည်ထားသော်လည်း ယခုတော့ သူ၏ မျက်နှာအမူအရာကြောင့် ပထမဆုံးအကြိမ်အဖြစ် ကလေးတစ်ယောက်လို ထင်ရ၏။
‘စိတ်ဆိုးတာထက်... စိတ်ကောက်တာနဲ့ ပိုတူနေတယ်လေ။’
ယင်းမှာ မရဏဘုရင်နှင့် လုံးဝ မလိုက်ဖက်သည့် အသုံးအနှုန်းပင်။ မည်သည့်အကြောင်းကြောင့် စိတ်မကြည်မသာ ဖြစ်သွားရသလဲဆိုသည်ကို ယူဂျင်း သိချင်မိ၏။ မှော်ဝင်သားရဲကြောင့် မဟုတ်လျှင် အခြားအကြောင်းပြချက် မရှိတော့ပေ။
ခါဆယ်ရ်က ခပ်တိုးတိုး သက်ပြင်းချကာ ပြောလာသည်။
“မင်းကို အရှက်ရစရာဖြစ်အောင် ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ ငါ့အမှားပဲ။ တောင်းပန်တယ်။”
“ကျွန်မလည်း ပေါ့ဆမိခဲ့ပါတယ်။ မှော်ဝင်သားရဲကို မထိခင် အရှင်မင်းကြီးဆီမှာ ခွင့်ပြုချက်တောင်းပါ့မယ်။”
“မှော်ဝင်သားရဲကို အချိန်မရွေး ထိလို့ရတယ်။ သူက သာမန်တိရစ္ဆာန် မဟုတ်ဘူးဆိုတဲ့အချက်ကို မမေ့ဘဲ ပေါ့ပေါ့ဆဆသာ မနေနဲ့။”
“ဟုတ်ကဲ့...”
သူက ဤမျှအထိ အလျှော့ပေးနေတော့ ယူဂျင်းလည်း ထပ်မပြောသာတော့ပေ။
ခါဆယ်ရ်က ရှုပ်ထွေးနေသော ခံစားချက်များနှင့် လှောင်အိမ်ထဲမှ မှော်ဝင်သားရဲကို စိုက်ကြည့်နေသည်။ ဆက်တီစားပွဲကို ကြားခံထားပြီး ယူဂျင်းနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် အနေအထားပင်။ သူ့ဘက်မှကြည့်လျှင် မှော်ဝင်သားရဲ၏ ကျောပြင်ကိုသာ မြင်ရ၏။
ရှဉ့်က သူ့ကို ကျောခိုင်းထားပြီး ယူဂျင်းကိုသာကြည့်ကာ လှောင်အိမ်ထဲတွင် မအားရအောင် လှည့်ပတ်ပြေးလွှားနေသည်။ သခင်က သူမဟုတ်ဘဲ ယူဂျင်းဖြစ်နေသလို အပြုအမူပင်။
သခင်ကိုသာ နာခံတတ်သော မှော်ဝင်သားရဲ၏ ဝိသေသလက္ခဏာအရ နားမလည်နိုင်စရာပုံစံဖြစ်နေသော်လည်း ယခု သူက မတည်ငြိမ်သော ခံစားချက်များကို ထိန်းချုပ်နေရသဖြင့် ယုတ္တိရှိရှိ တွေးတောရန်အချိန်မရှိပေ။
‘အလကား ခေါ်လာခဲ့မိတာလား။’
လက်ဖဝါးသာသာ အရွယ်အစားသာရှိသော ကောင်လေးကြောင့် သူ၏စိတ်များ လွန်စွာရှုပ်ထွေးနေရ၏။ စိတ်တိုင်းမကျသော်လည်း ဒေါသထွက်ခြင်းနှင့် မတူပေ။ ရင်ထဲတွင် တစ်စုံတစ်ရာက ဆူပွက်နေသလို ခံစားချက်က ဒေါသထက် စိတ်တိုခြင်းနှင့် ပိုနီးစပ်၏။
ပုတ်သင်ညို မှော်ဝင်သားရဲကို ဖမ်းမိ၍ သတ်ပစ်အံ့ဆဲဆဲအချိန်တွင် ရုတ်တရက် မိဖုရားကို သတိရလိုက်မိသည်။ မိဖုရားက သိချင်စိတ်ပြင်းပြကာ အာဘူကို ဆက်ဆံသည့်ပုံစံအရ မှော်ဝင်သားရဲများကို မကြောက်သည့်ပုံပင်။
မှော်ဝင်သားရဲကို ခေါ်သွားပြီး ပြလိုက်လျှင် မိဖုရားနှင့် ပုံမှန်အတိုင်း ပြောဆိုနိုင်မည့် အကြောင်းအရာများ ပိုများလာမည်ဟု မျှော်လင့်ခဲ့၏။
သို့သော် မိဖုရားက မှော်ဝင်သားရဲအပေါ် စိတ်ဝင်စားလွန်းကာ သူ့ကို လုံးဝ ဂရုမစိုက်တော့။ ဤသည်မှာ သူမျှော်လင့်ထားသည့်ရလဒ် လုံးဝမဟုတ်ပေ။
ခါဆယ်ရ်က အရှေ့တွင် တိုက်ရိုက်ရောက်ရှိနေသော အရာတစ်ခုအပေါ် အာရုံစိုက်နေသည့်အခါ အခြားအရာများကို မေ့ထားရန်ကြိုးစားတတ်သူပင်။ ရဲတိုက်ထဲမှ ထွက်သွားသည့်အခါ ကျန်ခဲ့သူများကို မစဉ်းစားတတ်။
သို့သော် ယခုတလောတွင်တော့ မတူတော့ပေ။ သိုလှောင်ရုံတွင် မှော်ဝင်သားရဲကို လိုက်ရှာရင်း ခဏနားသည့်အချိန်တိုင်း တစ်ယောက်သောသူ၏ မျက်နှာကိုသာ တွေးနေမိ၏။ ထိုလူကို တွေ့ရရန် မြန်မြန်ပြန်ချင်သည်ဟု တွေးမိခြင်းမှာ ယခုက ပထမဆုံးအကြိမ်ပင်။
သို့ရာတွင် တကယ်တမ်းတော့ ထိုလူက ရက်ပိုင်းလောက်ကြာမှ ပြန်တွေ့ရသော ခင်ပွန်းဖြစ်သူထက် ပုတ်သင်ညိုကို ပို၍ တွေ့ရတာဝမ်းသာနေလေသည်။
‘သေရမဲ့ကောင်ကို အသက်ရှင်ခွင့် ပေးခဲ့မိတာပဲ။’
ခါဆယ်ရ်က ခံစားနေရသော ခံပြင်းမှုနှင့် စိတ်ထိခိုက်မှုကို ကျေးဇူးမသိတတ်သော ပုတ်သင်ညိုကြောင့်ဟု အပြစ်ပုံချလိုက်၏။
“နေ့လယ်စာ မစားရသေးဘူးမဟုတ်လား။”
“ဟုတ်ကဲ့။”
“အတူတူ စားကြမလား။”
“ဟုတ်ကဲ့၊ ကောင်းပါတယ်။”
ဒီအတိုင်း ကျော်သွားလိုက်ရမည်ကို ယူဂျင်း နှမြောမိခဲ့သည်။ သူနှင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးလာပြီဆိုသော်လည်း စိတ်ဝင်စားမှုကို အာသာဖြေရုံအတွက် သူ၏ မှော်ဝင်သားရဲကို အိမ်မွေးတိရစ္ဆာန်လို မြင်ရလောက်သည်အထိ ပေါ့ပေါ့ပါးပါး ဆက်ဆံရေးမျိုး မဟုတ်သေးပေ။
“ဘာလို့ အပြင်မသွားတာလဲ။ မကြာမကြာ အပြင်ထွက်မယ်ဆိုပြီး ကိုယ်ရံတော်တပ်ဖွဲ့တောင် ဖွဲ့ထားပြီးတော့။”
ယူဂျင်းက တစ်ခါသာ အပြင်ထွက်ခဲ့ပြီး နောက်ထပ် အပြင်ထပ်မထွက်တော့။ ရိုဒရစ်ဂ်၏ မျက်လုံးထဲတွင် ထင်သာမြင်သာရှိမနေစေရန် ဂရုစိုက်နေရသည်။
ပထမဆုံးအကြိမ် အပြင်ထွက်သည့်နေ့တွင် ရိုဒရစ်ဂ်က စစ်သည်တော်ငါးယောက်ကို မြင်ခဲ့၏။ နောက်တစ်ခါ အပြင်ထွက်ရာမှ ရိုဒရစ်ဂ်က သူ့ကို မိဖုရားမှန်း သိသွားခဲ့မည်ဆိုလျှင် ထိုနေ့က စစ်သည်တော်များနှင့် အတူရှိနေခဲ့သူက သူ မဟုတ်ဘူးဟု ပြောခဲ့သော လိမ်ညာမှုများ ပေါ်သွားပေလိမ့်မည်။
ဤသို့သော အသေးစိတ်အခြေအနေများကို ရှင်းပြ၍မရသဖြင့် ယူဂျင်းက အခြားအကြောင်းပြချက်တစ်ခု ပေးလိုက်၏။
“ကိုယ်ရံတော်အဖွဲ့နဲ့ အပြင်ထွက်ရတာ အလုပ်ရှုပ်လို့ပါ။ အရှင်မင်းကြီးနဲ့ အပြင်ထွက်တုန်းကမှ ပိုပြီး သက်သောင့်သက်သာရှိပါသေးတယ်။”
ခါဆယ်ရ် နားရွက်ထောင်လာတော့သည်။
“အပြင်ထွက်ကြမလား။ နေ့ခင်းဘက် ရဲတိုက်အပြင်ကို တစ်ခါမှ မသွားဖူးဘူးမဟုတ်လား။ နေ့လယ်စာကို အပြင်မှာ စားလို့ရတာပဲ။”
“နေ့လယ်စာကို အပြင်မှာ စားမယ်ပေါ့လေ။ အပြင်မှာ တစ်ခုခု စားဖူးလို့လားဟင်။”
“ကျိန်းသေပေါက် စားဖူးတာပေါ့။ တစ်နေကုန် အပြင်မှာ နေရတဲ့နေ့တွေ အများကြီးရှိတာကို ဆက်တိုက် အငတ်ခံရမှာလား။”
“ဒါဆို အပြင်မှာ စားပါမယ်။ နေ့ခင်းဘက်က လမ်းပေါ်က မြင်ကွင်းကိုလည်း သိချင်နေတာပါ။”
ယူဂျင်းက တက်ကြွစွာ တုံ့ပြန်လိုက်သည်။ အေးချမ်းနေသည့်အချိန်လေး ဘယ်တော့ပြီးဆုံးမည်မှန်း မသိရသဖြင့် မူနေကာ ငြင်းဆန်ခြင်းမျိုး မလုပ်ချင်ပေ။
အကြံပေးလာသူက ဘုရင်မင်းမြတ်ဖြစ်နေသည်။ သူက သူ့ဘာသာသူ ကြည့်ဆုံးဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။ သူနှင့် အပြင်ထွက်လျှင် အဖော်လိုက်ပါမည့်သူ အများကြီးလျော့သွားမည်ဖြစ်ကာ ဘယ်တော့ထပ်ရမည်မှန်းမသိသည့် ဤအခွင့်အရေးမျိုးကို လက်လွှတ်မခံနိုင်ပေ။
ထို့အပြင် သူနှင့်အတူ အပြင်ကို နောက်တစ်ခါ လည်ပတ်ကြည့်ရှုခွင့်ရသဖြင့် စိတ်လှုပ်ရှားနေမိ၏။ ပြီးခဲ့သည့်တစ်ခေါက်က ဂျင်၏မှတ်ဉာဏ်များကို မြင်ခဲ့ရ၍ သေချာမပျော်လိုက်ရဘဲ ချက်ချင်းပြန်လာခဲ့ရသည်ကို နှမြောနေမိသည်။
“အာ၊ ဒါနဲ့လေ။ အရှင်မင်းကြီး။ ကျွန်မ မှော်ဝင်သားရဲနဲ့ ခင်ခင်မင်မင်နေရင်လည်း တကယ်ပဲ ကိစ္စမရှိဘူးလားဟင်။ စိတ်မသက်မသာဖြစ်ရတာမျိုး မဖြစ်ပါဘူးနော်။”
“ရတယ်။ ကိစ္စမရှိဘူး။”
ယူဂျင်းက ခါဆယ်ရ်၏ မျက်နှာထားကို အကဲခတ်ကြည့်ကာ နှစ်နှစ်ကာကာ ပြုံးလိုက်သည်။
“အပြင်မထွက်ခင် ခဏလေး သွားရမဲ့နေရာ ရှိပါတယ်။ ကတိပေးပြီးသားမို့လို့ပါ။”
ခဏနေတော့ နှစ်ယောက်သား စင်္ကြံလမ်းမှ ဥယျာဉ်ဘက်ကို ထွက်လာခဲ့ကြသည်။
ယူဂျင်းက လက်နှစ်ဖက်ကို ပါးစပ်နားတွင် စုစည်းကာ “အာဘူ” ဟု ခေါ်လိုက်၏။ နာမည်ကို တစ်ခါ ထပ်ခေါ်လိုက်သည်နှင့် ကျားသစ်နက် သေးသေးလေးက ခြေတိုလေးများဖြင့် ခုန်ပေါက်ကာ ပြေးလာခဲ့သည်။
အာဘူက ယူဂျင်းထံသို့ မဆိုင်းမတွ ပြေးလာကာ လက်နှစ်ဖက်ကို ဆန့်တန်းထားသော ယူဂျင်း၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်၏။ သို့သော် ယူဂျင်း၏ ရင်ခွင်ထဲသို့ ရောက်ခါနီးမှာပင် သားရဲကြီးခမျာ လည်ကုပ်မှ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ အဖမ်းခံလိုက်ရတော့သည်။
~~~~
Miel's Translations