အပိုင်း ၅၁
ခါဆယ်ရ်၏ ရင်ဘတ်နားကို ကြည့်နေသည့် ယူဂျင်းက ယခု ခါဆယ်ရ် မည်သို့သော မျက်နှာထားမျိုးဖြစ်နေမှန်း မသိနိုင်ပေ။ သူ၏ငြင်းဆန်မှုကြောင့် စိတ်ထိခိုက်သွားနိုင်သော်လည်း ယခုအချိန်တွင်တော့ ခါဆယ်ရ်နှင့်စကားမပြောချင်သေး။
"တောင်းပန်ပါတယ်။"
"ယူဂျင်း။"
ခပ်နိမ့်နိမ့်ခေါ်လိုက်သည့် အသံတွင် ခံစားချက်မပါခဲ့။ ယူဂျင်းလည်း မျက်လုံးကို ပင့်ကြည့်လိုက်သည်။
သူ့မျက်နှာထားက တည်ငြိမ်နေ၏။ သို့သော် မျက်နှာထားကိုကြည့်ပြီး သူ၏ခံစားချက်ကို ခန့်မှန်းရန်ခက်ပေသည်။ ခါဆယ်ရ်ကား ခံစားချက်ကို ရှင်းလင်းတိကျစွာ ပြတတ်သူမဟုတ်ပေ။
"မင်းက တောင်းပန်ရမဲ့ကိစ္စမဟုတ်ဘူး။ မင်းဆန္ဒမရှိတာကို အတင်းအကျပ်လုပ်ခိုင်းဖို့လည်း စိတ်ကူးမရှိဘူး။"
"...ကျွန်မရဲ့တာဝန် မဟုတ်လားရှင့်။"
ခါဆယ်ရ်၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူက ဘာမှမပြောဘဲ ယူဂျင်းကိုကြည့်နေရာမှ တိုးညင်းညင်းအသံဖြင့် ပြောလာ၏။
"မင်းမှာ ရှောင်ချင်တဲ့ရည်ရွယ်ချက် ရှိနေတာမဟုတ်ဘူးဆိုရင် ရပြီ။"
"ဟုတ်ကဲ့..."
နှစ်ယောက်ကြားတွင် အနေခက်စရာ တိတ်ဆိတ်မှုတစ်ခု နေရာယူသွားသည်။ ကြမ်းတမ်းသော စကားများ ပြောဆိုခဲ့ခြင်းမဟုတ်သော်လည်း တအားနီးစပ်ခဲ့သလို ခံစားချက်က ရုတ်တရက် ဝေးကွာသွားသလိုပင်။
"ဒါဆိုရင်..."
ခါဆယ်ရ် စကားဆက်မပြောနိုင်ခဲ့။ 'အေးအေးဆေးဆေး နားလိုက်ပါ' ဟူသော စကားလုံးက လည်ချောင်းဝတွင် တစ်နေကာ ထွက်မလာချေ။ သူ့ခြေလှမ်းများကလည်း မရွေ့တော့။
ယခုတလော နေဝင်လျှင် ဝမ်းသာရလောက်အောင် ယူဂျင်းနှင့် အတူကုန်ဆုံးရသော ညများကို နှစ်သက်မိခဲ့သည်။ သို့သော် သူ ကျေနပ်နေသည့်အရာက ရုပ်ပိုင်းဆိုင်ရာ ဆန္ဒပြည့်ဝမှုတစ်ခုတည်းတော့ မဟုတ်ပေ။
ငယ်စဉ်ကတည်းက အမြဲတမ်း တစ်ယောက်တည်း အိပ်ပြီး တစ်ယောက်တည်း နိုးထခဲ့ရသည်။ လက်ထပ်ပြီးနောက်ပိုင်းတွင်လည်း တစ်လတစ်ကြိမ် အတူအိပ်သည့်အခါ ကျယ်ဝန်းလှသော အိပ်ရာပေါ်တွင် မိဖုရားနှင့် အကွာအဝေးအကျယ်ကြီးခြားကာ အိပ်ရခြင်းက အဆင်မပြေသဖြင့် ညလုံးပေါက် အိပ်မပျော်ပေ။
အိပ်ရေးဆတ်သူဟု ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့မိ၏။ ယင်းမှာ မကြာသေးခင်ကအထိပင်။
ခါဆယ်ရ်တစ်ယောက် ယခုတလော အိပ်ရေးပျက်ဖူးခြင်းမရှိခဲ့။ အိပ်ချိန်က တကယ်တမ်း တိုးလာခြင်းမဟုတ်သော်လည်း မနက်အိပ်ရာနိုးလျှင် ခန္ဓာကိုယ်က ပေါ့ပါးနေသည်။ ဘေးတွင် အခြားသူတစ်ယောက် လဲလျောင်းအိပ်စက်နေသည်ဟူသော အချက်က သူ့ကို ပို၍လုံခြုံမှုခံစားရစေ၏။
"ယူဂျင်း။"
"ရှင်။"
"တစ်ယောက်တည်း နားချင်လို့လား။"
"မဟုတ်ပါဘူး။"
ယူဂျင်းက ချက်ချင်းခေါင်းခါလိုက်သည်။ ဤအတိုင်းသာ ဘုရင်မင်းမြတ် အိပ်ခန်းထဲမှ ထွက်သွားမည်ဆိုလျှင် အတင်းအဖျင်းစကားတွေ ပြန့်ကုန်ပေမည်။ သူ့ကို အတင်းနှင်ထုတ်ပြီး ဂုဏ်သိက္ခာထိခိုက်အောင်လုပ်ရန်လည်း မလိုလားပေ။
"အိပ်ရာက ကျယ်ပါတယ်။ အမ်... အရှင်မင်းကြီးက စိတ်ဆိုးပြီးတော့ ဟိုတံခါးကို ကန်ဖွင့်ပြီး ထွက်မသွားဘူးဆိုရင်ပေါ့။"
ခါဆယ်ရ်က အသာလေး ရယ်လိုက်သည်။ ပညာသားပါပါနှင့်သိမ်မွေ့ခြင်းမရှိသလို ရိုင်းပျညစ်ညမ်းတာမျိုးလည်းမဟုတ်သည့် ယူဂျင်း၏ ထူးခြားသော စကားပြောပုံက သူ့အတွက် ရယ်စရာဖြစ်နေ၏။
"အိပ်ရာတစ်ဝက် မျှပေးလို့ ကျေးဇူးတင်တယ်၊ မိဖုရား။"
"ကျေးဇူးတင်စရာ မလိုပါဘူး၊ အရှင်မင်းကြီး။"
အနည်းငယ် လေးလံနေခဲ့သော အခြေအနေက တစ်ဖန်ပြန်ပြီး ပျော့ပျောင်းသွားတော့၏။
ယူဂျင်းက အေးအေးဆေးဆေး တုံ့ပြန်လာသည့် ခါဆယ်ရ်၏ပုံစံကို အမြင်အသစ်နှင့် ပြန်ကြည့်လိုက်သည်။ ဤနေရာကို ဝတ္ထုထဲမှ ကမ္ဘာဟု ယူဆခဲ့စဉ်က သူပြောခဲ့သော စကားများ၊ လုပ်ခဲ့သောအပြုအမူများကို 'ဇာတ်ကောင်၏ ပုံသေစရိုက်' အဖြစ် လက်ခံခဲ့မိ၏။
သို့သော် ဤနေရာက တကယ်လက်တွေ့ဘဝဖြစ်ပြီး သူ့ကိုလည်း ယူဂျင်းလိုပဲ အသက်ရှူနေသော လူတစ်ယောက်အဖြစ် မြင်လာချိန်တွင် သူ့စကားနှင့် အပြုအမူများက သူ၏ လူပုဂ္ဂိုလ်စရိုက်ကို ပြသနေခြင်းဖြစ်ကြောင်း သဘောပေါက်လာသည်။
အစကတော့ သူ၏ ပြီးပြည့်စုံသော ရုပ်ရည်ကိုသာ မြင်ခဲ့၏။ သို့သော် သူ့အကြောင်း ပိုသိလာလေ၊ သူ၏ စိတ်နေစိတ်ထားကို ပို၍ နှစ်သက်မိလာလေပင်။
'ငါက ဒီနေရာမှာ မွေးဖွားကြီးပြင်းလာတဲ့ ဂျင်သာဆိုရင်...ဘယ်လောက်ကောင်းလိုက်မလဲ။'
ဘာအတားအဆီးမှမရှိဘဲ သူနှင့်အတူ ဇနီးမောင်နှံအဖြစ် ပေါင်းသင်းနေထိုင်ကာ ဘဝတစ်ခုကို ပုံဖော်နိုင်ပေမည်။
သို့သော် ယခု ယူဂျင်းတစ်ယောက် ဘာကိုမှ သေချာမသိတော့ပေ။ ဂျင်က ဘယ်နေရာတွင်၊ ဘယ်အချိန် ပေါက်ကွဲမည်မှန်းမသိရသည့် ဗုံးတစ်လုံး မြှုပ်ထားလေသလားဟူသည်ကို မသိခဲ့။ နေ့ချင်းညချင်း လူတိုင်း၏ လက်ညှိုးထိုးခြင်းကိုခံရသော အခြေအနေမျိုးလည်း ဖြစ်လာနိုင်ပေသည်။
'အခုက ခံစားချက်တွေနဲ့ ယိမ်းယိုင်နေရမဲ့အချိန်မဟုတ်ဘူး။'
မဟာသို့ ရောက်မလာခင် ယူဂျင်းတစ်ယောက် အမြဲတမ်း တစ်စုံတစ်ရာက အနောက်မှလိုက်နေသလို ခံစားခဲ့ရသည်။ သို့သော် ဤနေရာကိုရောက်တော့လည်း စိတ်အေးလက်အေး အိပ်၍မရပြန်ပေ။ ကိုယ့်အဖြစ်ကိုယ် စိတ်မကောင်းဖြစ်ရ၏။
~~~~
နှစ်ယောက်သား အိပ်ရာပေါ်တွင် ဘေးချင်းယှဉ်ပြီး လဲလျောင်းနေကြသည်။ အိပ်ဖို့ကြိုးစားသည့်အလား မျက်လုံးများကို မှိတ်ထားကြသော်လည်း နှစ်ယောက်စလုံး အိပ်မပျော်နိုင်ကြပေ။
ယူဂျင်းက ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်တွေးနေသည်။ သူ မဟာကိုရောက်လာပြီးနောက်တွင် အလုပ်အရှုပ်ဆုံးနေ့ပင်။
'အယ်လီဆိုတဲ့ ရံရွေတော်က တာနီယာပဲဖြစ်မယ်ထင်တယ်။'
စောစောက အထိန်းတော်ချုပ်ထံမှ နားထောင်ခဲ့သည့် အစီရင်ခံစာထဲတွင် ရံရွေတော်ရွေးချယ်မှု၊ စီမံခန့်ခွဲမှုတို့နှင့်ပတ်သက်သော အကြောင်းအရာများလည်း ပါဝင်နေသည်။ ထိုစဉ် ယူဂျင်းလည်း ရုတ်တရက် သတိရသွားကာ ရံရွေတော် အယ်လီ ဘယ်ပုံဘယ်နည်းနှင့် ရံရွေတော်ဖြစ်လာသလဲဆိုသည်ကို မေးလိုက်မိ၏။
ဆာရာက ထိုအချိန်က အဖြစ်အပျက်ကို အသေးစိတ်မှတ်မိနေသည်။
「အယ်လီက နဂိုကတည်းက တရားဝင် ရံရွေတော်အဖြစ် ဝင်လာခဲ့တဲ့ကလေး မဟုတ်ပါဘူး။ နန်းတွင်းသူ အရေအတွက်ကို ထိန်းထားလေ့ရှိပေမဲ့ တချို့အချိန်တွေမှာ မထင်မှတ်ဘဲ အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအခါတွေမှာ လုပ်သားလိုအပ်လို့ ယာယီအတွက်ပဲ အမှုထမ်းခန့်တာပါ။」
「ဒါဆို အယ်လီ အလုပ်လုပ်ရမဲ့ ကာလကို အကန့်အသတ်နဲ့ သတ်မှတ်ထားတယ်ဆိုတဲ့ သဘောလား။」
「ဟုတ်ပါတယ် အရှင်မိဖုရား။」
「ဒါဆို ဘယ်လိုဖြစ်ပြီး အယ်လီက ကျွန်မရဲ့ ရံရွေတော်ဖြစ်လာတာလဲ။」
「အရှင်မိဖုရားက အဲ့ဒီကလေးကို ရံရွေတော်အဖြစ်ထားမယ်လို့ ပြောခဲ့တာပါ။」
「ယာယီအလုပ်ဝင်လာတဲ့သူ ရံရွေတော်ဖြစ်သွားတာမျိုးက မကြာမကြာဖြစ်နေကျကိစ္စလား။」
ဆာရာက သတိထားပြီး ပြောခဲ့သည်။
「အဲ့ဒီလိုတော့ မဟုတ်ပါဘူးရှင့်။ အရင်က မရှိခဲ့ဖူးပါဘူး။」
「အစဉ်အလာများလား။」
ဆာရာက တုံ့ဆိုင်းနေရာမှ 'တင်းကျပ်တဲ့ အရည်အချင်းစစ်ဆေးမှုအဆင့်တွေ အောင်မြင်မှသာ ရံရွေတော်အဖြစ် ရွေးချယ်ပါတယ်' ဟု သွယ်ဝိုက်ပြီး ပြောခဲ့သည်။ ယူဂျင်းလည်း ဆာရာ၏ အပြုအမူများမှတစ်ဆင့် ရံရွေတော်ရွေးချယ်ခြင်း လုပ်ငန်းစဉ်က သတ်မှတ်ထားသည့် ထုံးတမ်းဥပဒေအတိုင်း လိုက်နာရမည်ဖြစ်သော်လည်း ဂျင်က ထိုဥပဒေကို ချိုးဖောက်ကာ အယ်လီကို ရံရွေတော်အဖြစ် ခန့်ခဲ့သည်ဟု ခန့်မှန်းလိုက်သည်။
အထိန်းတော်ချုပ်ကတော့ မိဖုရားအရှေ့တွင် 'မှတ်မိလောက်မှာမဟုတ်ပေမဲ့ အရှင်မိဖုရားက စည်းကမ်းကို ချိုးဖောက်ခဲ့ပါတယ်' ဟု ပြောရဲမည်မဟုတ်။
「ကျွန်မက ဘာဖြစ်လို့ အယ်လီကို ရံရွေတော်အဖြစ်ခန့်ဖို့ ပြောခဲ့တာလဲ။」
「အကြောင်းရင်းကိုတော့ မပြောခဲ့ပါဘူး။」
「အယ်လီက နဂိုကရော ကျွန်မကို ခစားခဲ့တာလား။」
「မဟုတ်ပါဘူး။ ယာယီဝင်လာတဲ့သူကို ရာရာစစ ဘယ်လိုများ အရှင်မိဖုရားကို ခစားခိုင်းဝံ့ပါ့မလဲ။」
အထိန်းတော်ချုပ်၏ ရှင်းပြချက်အရ ယာယီအမှုထမ်းများကို အသေးအဖွဲအလုပ်များသာပေးကြောင်း သိလိုက်ရသည်။ အခြေခံအကျဆုံး အစားအသောက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ခိုင်းခြင်းဖြစ်စေ၊ မသုံးတာကြာပြီဖြစ်သည့် အခန်းများကို သန့်ရှင်းရေးလုပ်ခိုင်းခြင်းဖြစ်စေ ခိုင်းစေလေ့ရှိ၏။ အမြင့်ကြီးတွင်ရှိသူများနှင့် မည်သို့မှ ဆုံနိုင်စရာအကြောင်းမရှိပေ။
အထိန်းတော်ချုပ်က အယ်လီကို မိဖုရား ဘယ်လိုလုပ် မျက်စိကျသွားမှန်း နားမလည်ကြောင်းပြောခဲ့သည်။
ယူဂျင်းကတော့ နည်းလမ်းဆိုလျှင် ဘယ်နည်းနှင့်ဖြစ်ဖြစ် ရှိနိုင်သည်ဟု တွေးလိုက်၏။
'အရင်ဆုံ နန်းတော်ထဲကို အောင်အောင်မြင်မြင် ဝင်လာနိုင်ခဲ့ရင် မိဖုရားရဲ့ အိပ်ခန်းက ဘယ်မှာလဲဆိုတာ ချက်ချင်းသိနိုင်မှာပဲ။ ဂျင်ဆီ သွားပြီးတော့ ကြိုတင်သတ်မှတ်ထားတဲ့ အချက်ပြတစ်ခုခုပေးပြီး သူ့ရဲ့အထောက်အထားကို ပြောပြခဲ့မှာပေါ့။'
ထိုသို့ဆိုလျှင် ရိုဒရစ်ဂ် အသစ်ပို့မည့်သူကလည်း အလားတူနည်းလမ်းနှင့် သူ့ကို ချဉ်းကပ်ပေလိမ့်မည်။
ယူဂျင်းတစ်ယောက် အတွေးပေါင်းစုံနှင့် အိပ်မပျော်နိုင်ဖြစ်နေစဉ် ခါဆယ်ရ်ကလည်း စိတ်ရှုပ်ထွေးနေသဖြင့် အိပ်မရခဲ့။
[ကျွန်မရဲ့တာဝန်မဟုတ်လားရှင့်။]
စောစောက ယူဂျင်းပြောခဲ့သည့်စကားကို အာရုံထဲစွဲနေသည်။
သူပြောတာ မမှားပေ။ ဆက်ခံသူကို မွေးဖွားပေးမည်ဟု ကတိပေးခဲ့ပြီး ယင်းမှာ မိဖုရား၏တာဝန်တစ်ရပ်လည်း ဖြစ်ပေသည်။ တာဝန်ကို ထမ်းဆောင်မည်ဆိုသည့် ယူဂျင်း၏စကားက ဘာကြောင့်များ သူ့ကို စိတ်မသက်မသာဖြစ်စေရသနည်း။
ယူဂျင်း၏စိတ်ထဲတွင် ဤအချက်ကို တာဝန်ဟု မှတ်ယူပေးသည့်အတွက် သူက ကျေးဇူးပင်တင်သင့်သေးသည်။ စာချုပ်ပါသဘောတူချက်အတိုင်း လုပ်သည်ထက်စာလျှင် တာဝန်တစ်ခုအဖြစ် ခံယူထားခြင်းက ပိုမကောင်းပေဘူးလား။
မိဖုရားနှင့် လက်ထပ်စဉ်က ဆက်ခံသူကိုသာ မျှော်လင့်ခဲ့သည်။ အခြားဘာကိုမှ မမျှော်လင့်ခဲ့။ ဘာမှမမျှော်လင့်ခဲ့သဖြင့် လွန်ခဲ့သော သုံးနှစ်အတွင်း မိဖုရားအပေါ် စိတ်ပျက်မိခြင်းမရှိခဲ့ပေ။
သို့သော် ယခုတလောတွင်တော့ ဆက်ခံသူအပြင် အခြားအရာများကိုပါ လိုချင်လာမိသည်။ ယူဂျင်းက ရဲတိုက်၏ မိဖုရားနေရာကို လက်ခံပြီး တာဝန်ယူပေးသည်ကို လိုချင်၏။ ထို့ကြောင့် နန်းတော်၏ ဘဏ္ဍာရေးကို ယူဂျင်းထံ အပ်နှံခဲ့ခြင်းပင်။ ယူဂျင်း စိတ်အားထက်သန်စွာ စတင်ဆောင်ရွက်သည်ကို မြင်ရတော့ တော်သေးသည်ဟု တွေးမိ၏။
သို့ဆိုလျှင် ထိုမျှလောက်နှင့် ရပြီလား။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တော့ 'ရပြီ' ဟူသည့် အဖြေကို လွယ်လွယ်ကူကူ မပေးနိုင်ခဲ့။ သို့ဆိုလျှင် ယင်းအပြင် ဘာတွေများထပ်လိုချင်သေးလဲဟု မေးလိုက်တော့ သူ့ခေါင်းထဲတွင် ရှုပ်ထွေးလာ၏။
ခါဆယ်ရ်က အသံမထွက်ဘဲ သက်ပြင်းချလိုက်သည်။ သို့သော် သူ့ဘေးမှ သက်ပြင်းချသံ ကြားလိုက်ရ၏။ ခေါင်းလှည့်လိုက်တော့ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေသည့် ယူဂျင်းနှင့် မျက်လုံးချင်းဆုံသွားသည်။
"ကျွန်မကြောင့် နိုးသွားတာလားရှင့်။ တောင်းပန်ပါတယ်။"
"တစ်ခုခု ဖြစ်ခဲ့လို့လား။"
"မဟုတ်ပါဘူး။ တွေးပူစရာလေးတွေ ရှိနေလို့ပါ..."
"မင်းမှာ ဘာတွေများ ဒီလောက်တောင် တွေးပူစရာတွေ ရှိနေရတာလဲ။"
"ဘာမှအထွေအထူးမဟုတ်ပါဘူး။"
ခါဆယ်ရ်က မရေမရာပြန်ပြောသည့် ယူဂျင်း၏အပြုအမူကြောင့် ဘဝင်မကျဖြစ်သွားသည်။ စကားမပြောလိုသူကို အတင်းမေးမြန်းခြင်းက ယဉ်ကျေးမှုမရှိရာရောက်၏။ သို့သော် ယခုအချိန်တွင် ယဉ်ကျေးမှုတွေဘာတွေ ဂရုမစိုက်နိုင်တော့ဘဲ သူ့ရင်ထဲတွင် ဗလောင်ဆူနေတော့သည်။
'မဟုတ်မှလွဲရော။'
ခါဆယ်ရ့်မျက်နှာထားက တင်းမာသွား၏။
"ယူဂျင်း။"
"...ရှင်။"
"မင်း၊ တစ်ခုခု ပြန်သတိရတာ... "
"မဟုတ်ပါဘူး။ ပြန်မှတ်မိတာမျိုး မရှိပါဘူး။"
ဘေးမှ ခါဆယ်ရ် ထလာသည့် အရိပ်အယောင်ကို ခံစားလိုက်ရတော့ ယူဂျင်း အလျင်အမြန် ပြန်ဖြေမိသည်။ ကိုယ်ကို အနည်းငယ်ထူမတ်ပြီး တံတောင်ဆစ်ထောက်ထားသည့် ခါဆယ်ရ်ကိုကြည့်ရင်း ခေါင်းထပ်ခါလိုက်၏။
"ပြန်မှတ်မိတယ်ဆိုရင် ကျွန်မက ဘာဖြစ်လို့ ဒီပြဿနာကို တွေးပူနေရမှာလဲရှင့်။ စောစောက ဘဏ်မန်နေဂျာနဲ့ တွေ့ခဲ့တယ်လေ။"
သက်ပြင်းချမိစေသည့်ကိစ္စ မဟုတ်သော်ငြား ဤပြဿနာကလည်း စဉ်းစားရမည့်ကိစ္စဖြစ်သဖြင့် ယူဂျင်းက ယင်းကို အကြောင်းပြချက်အဖြစ် သုံးလိုက်သည်။
"ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေ ရှိတယ်ဆိုပြီးပြောလို့ အဲ့ဒါကို သေချာအောင် ခေါ်စစ်ဆေးခဲ့တာကို။"
"ပြီးတော့ ဘာဖြစ်လဲ။"
"အမ်... အရမ်းများနေလို့ပါ။ ဒါက ကျွန်မရဲ့ပိုင်ဆိုင်မှု ဟုတ်ရဲ့လားဆိုပြီးတော့လေ..."
"မင်းပိုင်တာ မှန်တယ်။ ဆန်းဂျယ်က မင်းကိုပေးထားတဲ့ ဂုဏ်ပြုငွေပေါ့။"
"ရှင်။ ဂုဏ်ပြုငွေတဲ့လား။ ဘာကိုဂုဏ်ပြုတဲ့ငွေလဲဟင်။"
"ထိမ်းမြားလက်ထပ်မှုအတွက် ဂုဏ်ပြုတဲ့ငွေ။ အာနီခါတွေက လက်ထပ်ရင် ဆန်းဂျယ်ဆီကနေ ဂုဏ်ပြုငွေ ရတယ်လေ။"
သူက စကားပြောရင်း ခနဲ့တဲ့တဲ့ ရယ်ခဲ့သည်။
"ပိုင်ဆိုင်မှုငွေက အရမ်းများနေလို့ တွေးပူနေတာတဲ့လား။ ဘာလို့ အဲ့ဒါမျိုးကို တွေးပူနေရတာလဲ။"
ယူဂျင်းက မကျေမနပ် ရေရွတ်လိုက်သည်။
"ဘယ်ကလာမှန်းမသိတဲ့ ပိုက်ဆံဆိုတော့ ကျိန်းသေပေါက် သံသယဖြစ်တာပေါ့ရှင့်။"
"မင်းနာမည်နဲ့ ဘဏ်ထဲမှာရှိနေရင် မင်းပိုင်တာပဲပေါ့။ ဘယ်ကလာတယ်ဆိုတာက ဘာအရေးလဲ။"
ယူဂျင်းက သူ့ကို စောင်းငဲ့ကြည့်ကာ နှုတ်ခမ်းလေးစူလိုက်သည်။ ဤမျှများပြားသည့် ပိုင်ဆိုင်မှုရှိသော လူချမ်းသာများ၏ စိတ်ဓာတ်က ဤအတိုင်းပေပဲလား။ ခါဆယ်ရ်က ဆန်းဂျယ်မှလွဲ၍ မဟာတွင် အချမ်းသာဆုံး ခြောက်ယောက်ထဲ တစ်ယောက်အပါအဝင်ဖြစ်သည်။
'ဒါဆို အာနီခါတိုင်း လက်ထပ်ရင် အဲ့ဒီလို ငွေအများကြီး ရတာလား။'
စိတ်ထဲတွင် ခပ်ခွာခွာနေခဲ့သော ဆန်းဂျယ်အပေါ် စိတ်ဝင်စားမှုများ တိုးလာတော့သည်။ အာနီခါများကို တကယ်ချစ်သည့် ဆန်းဂျယ်၏ စိတ်ရင်းအမှန်ကို ယုံကြည်မိသွား၏။
သူ့စိတ်ထဲတွင် အရင်းရှင်စနစ်၏ အတွေးအခေါ်များ ဝင်နေ၍ပဲလားမသိသော်လည်း စိတ်သွားရာနေရာသို့ ငွေလည်းသွားမည်ဟု တွေးလိုက်မိသည်။ အာနီခါတိုင်း လက်ထပ်သည့်အခါ ထိုမျှများပြားသည့် ငွေများကို တန်းပေးနိုင်သည်ဆိုတော့ ဆန်းဂျယ်က ယူဂျင်းထင်ထားသည်ထက် ပို၍ လူကောင်းဖြစ်သည့်ပုံပင်။
"ဒါပေမဲ့ မင်းကတော့ ပိုရလောက်တယ်။"
"ရှင်။ ဘာဖြစ်လို့လဲ။"
"ဘုရင်နဲ့ လက်ထပ်ခဲ့တာမို့လို့။"
"ဘုရင်နဲ့ လက်ထပ်ရင် ဂုဏ်ပြုငွေ ပိုရတာလားရှင့်။"
"အထွတ်အမြတ်မြို့တော်ကနေ အဝေးကြီးကို ထွက်သွားရမဲ့ အာနီခါအတွက် ဆန်းဂျယ်ပေးတဲ့ နှစ်သိမ့်မှုနဲ့ အကူအညီပေါ့။ ဒါပေမဲ့ ဒါကို ဘယ်သူ့မှ လိုက်မပြောနဲ့နော်။ မမှတ်မိတော့ မသိလောက်ဘူးထင်လို့ ပြောရဦးမယ်။ ဒါက လူတိုင်းသိထားတဲ့ အချက်အလက်် မဟုတ်ဘူး။"
"အာ... ဒါဆို အရှင်မင်းကြီးက ဘယ်လိုလုပ်သိတာလဲဟင်။"
"ဒီလိုပဲ သိသွားတာ။"
သူက ဘာမှထပ်မမေးနဲ့ဟု ပြောနေသည့်အလား ပြတ်ပြတ်သားသားပြောခဲ့သည်။ ယူဂျင်းက သူ သိသိသာသာ စိတ်မသက်မသာ ဖြစ်နေသည့်ပုံစံကို တွေ့ရခဲသည်ဟု တွေးလိုက်၏။ သို့သော် မရမက မေးမြန်းချင်ရလောက်အောင် စိတ်မဝင်စားသဖြင့် ဂရုစိုက်မနေတော့။
'သံသယဖြစ်စရာ ပိုက်ဆံမဟုတ်ဘူးဆိုတော့ တော်သေးတာပေါ့။'
အပူတစ်ခု လျော့သွားတော့ စိတ်ထဲမှ လေးလံမှု အနည်းငယ် ပေါ့ပါးသွားသည်။
"ယူဂျင်း။"
"ရှင်။"
"ခုနက မင်းပြောတဲ့စကား။"
ခါဆယ်ရ်က စကားစပြီးမှ ခဏကြာအောင် တိတ်သွားသည်။ ယူဂျင်းလည်း စိတ်ရှည်လက်ရှည် စောင့်နေလိုက်၏။ ပြောထွက်ရန် ဤမျှအထိ ခက်ခဲနေသည့်စကားက ဘာမှန်း သိချင်မိသည်။
"မင်းကို အပြစ်ပြောချင်တဲ့ သဘောမဟုတ်ဘူး။ တာဝန်တစ်ခုလို သဘောထားတဲ့ မင်းရဲ့အတွေးကို ပြောင်းလဲစေချင်တာလည်း မဟုတ်ဘူး။"
ရုတ်တရက် ပြောင်းသွားသည့် စကားလမ်းကြောင်းကြောင့် ယူဂျင်း ကြောင်သွားခဲ့သည်။ ဦးနှောက်ကို အလုပ်ပေးကာ စောစောက ခါဆယ်ရ်ပြောခဲ့သည့်စကားကို တော်တော်လေး ကြိုးစားပြီး ပြန်တွေးလိုက်ရ၏။
"ဒါပေမဲ့ မလိုချင်ဘဲနဲ့တော့ အတင်းအကျပ် ကလေးမယူစေချင်ဘူး။ အဲ့ဒီလို မွေးလာတဲ့ကလေးက ပတ်ဝန်းကျင်အခြေအနေကို ပိုဆိုးစေမှာ။"
ယူဂျင်းက သူပြောလိုသော ရည်ရွယ်ချက်ကို ချက်ချင်းနားမလည်နိုင်ခဲ့။ သို့သော် ခဏနေတော့ အထွတ်အမြတ်မြို့တော်တွင် နေထိုင်နေသည့် ယခင်မိဖုရားကို သတိရသွားကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဘာမှမလိုအောင် ပြီးပြည့်စုံသည့်လူ၏ ဖုံးကွယ်ထားသော ဒဏ်ရာကို မြင်လိုက်ရသလို ခံစားရသဖြင့် စိတ်ထဲတွင် တစ်မျိုးဖြစ်သွားတော့၏။
"အခုအထိ ကျွန်မရဲ့ စိတ်နေစိတ်ထားကို အကုန်မပြရသေးလို့ မသိလောက်ပေမဲ့ ကျွန်မက မလုပ်ချင်တဲ့အရာဆိုရင် မလုပ်တတ်ပါဘူး။"
ယူဂျင်းက တမင်ပဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သူ့အဖြေကိုတော့ မကြားခဲ့ရ။
တိတ်ဆိတ်မှုထဲတွင် အချိန်အတန်ကြာအောင် ကုန်ဆုံးသွား၏။ မျက်လုံးမှိတ်ပြီး အိပ်ရန်ကြိုးစားနေစဉ် ယူဂျင်း မျက်လုံးပြန်ဖွင့်လိုက်သည်။
'ဟုတ်သားပဲ။ အဲ့ဒါကို မေးရဦးမယ်။'
ဂျင် ကန္တာရထဲသို့ ထွက်သွားသည့်နေ့က ဘာကိုယူသွားခဲ့သလဲဟူသောအချက်။
~~~~
Miel's Translations