အပိုင်း ၆၅
“အား၊ ဖယ်ကြစမ်းပါ။”
တန်းစီနေသော အနောက်ဘက်မှ လူအချို့က အော်ဟစ်ကာ အရှေ့မှလူများကို တွန်းတိုက်ရင်း ခိုလှုံရာနေရာဆီကို ပြေးသွားကြတော့သည်။ တန်းစီမှုကလည်း ခဏတွင်းချင်းမှာပင် ပျက်စီးသွား၏။
သူ့ထက်ငါ အရင်ဝင်ရောက်နိုင်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် တွန်းတိုက်ကြရင်း တစ်ခဏအတွင်း ရုတ်ရုတ်သဲသဲမြင်ကွင်း ဖြစ်သွားခဲ့သည်။ သွေးရူးသွေးတန်းဖြစ်နေသည့် ရာနှင့်ချီသော လူအုပ်ကြီးကို စစ်သည်တော်အနည်းငယ်လောက်နှင့် ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
စစ်သည်တော်များ၏ အကြည့်က ယူဂျင်းဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်လာတော့သည်။ အမိန့်ပေးနိုင်သူ၏ ညွှန်ကြားချက်ကို လိုချင်နေသောမျက်လုံးများပင်။
‘ဘယ်လိုလုပ်ရမလဲ။’
လာ့ခ်၏ အော်ဟစ်သံ၊ ဆဗဲန်၏ အလျင်လိုမှု၊ တည်ငြိမ်စနစ်ကျမှု ပျက်ပြားသွားသော နေရာ။ အားလုံးက တစ်ပြိုင်နက်တည်းနီးပါး ဖြစ်ပျက်သွားခဲ့၏။
ယူဂျင်းအတွက် အချိန်က တိုတောင်းလှပေသည်။ နက်နက်နဲနဲ စဉ်းစားရမည့်အချိန် မဟုတ်ဘဲ ယခုချက်ချင်း ဆုံးဖြတ်ချက်ချရန် လိုအပ်နေ၏။
သူက လူများ စတင်တန်းစီချိန်တွင် ဆဗဲန်၏ အကြံပြုချက်အတိုင်း မြင်းပေါ်တက်ထားခဲ့၏။ မြင်းကို ချက်ချင်းမောင်းပြီး ရဲတိုက်သို့သွားရန် ရွေးချယ်မှုက အမြန်ဆုံးနှင့် အလွယ်ကူဆုံး ဖြစ်ပေမည်။
တစ်သက်လုံး ကိုယ့်ကိုယ်ကိုယ် လုံးဝ ပရဟိတသမား မဟုတ်ဟု တွေးထား၏။ ကမ္ဘာကို ကယ်တင်မည့် သူရဲကောင်းကြီးလည်း မဖြစ်လိုပေ။
သို့သော် တာဝန်ယူမှုရှိသည့် စိတ်ဓာတ်ကတော့ အသုံးဝင်သည်ဟု ယုံကြည်ထားသည်။ အမြဲတစေ ကိုယ်စတင်သည့်အရာတစ်ခုကို ကျိန်းသေပေါက် အဆုံးအထိ လုပ်ဆောင်ခဲ့၏။ မျက်စိရှေ့တွင် ရှိနေသော လူများကို ဤအတိုင်း ထားခဲ့၍ မရပေ။ သူ ထွက်သွားပြီးသည့်နောက်ပိုင်း မကောင်းဆိုးဝါးများ ဒီဘက်သို့ ရောက်လာမည်ဆိုလျှင် ဤလူများက ငါးစာဖြစ်ကာ စတေးခံရပေလိမ့်မည်။
‘ငါးစာ... ငါသာ ငါးစာ လုပ်မယ်ဆိုရင်ရော။’
ယူဂျင်း မြင်းဇက်ကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ထိခိုက်ဒဏ်ရာရနိုင်ခြေမရှိဘဲ အထိရောက်ဆုံးသော ငါးစာကား သူပင်ဖြစ်၏။
‘အဲ့ဒီလူရောက်လာတဲ့အထိ အချိန်ဆွဲထားရအောင်။’
ယူဂျင်းက မကောင်းဆိုးဝါးကြီး၏ အော်သံကြားလိုက်ရာဘက်သို့ စိုက်ကြည့်လိုက်သည်။
‘ငါကတော့ မဟုတ်ဘူး။’
လာ့ခ်က လူသားများအပေါ် အထူးတလည် ရန်လိုတတ်၏။ လူနှင့် တိရစ္ဆာန် တစ်ပြိုင်နက်တည်းရှိနေသည့်အခါ လာ့ခ်က လူကိုသာ ဦးစားပေး တိုက်ခိုက်လေ့ရှိသည်။ လူကို သတ်ရမယ်ဟူသော တာဝန်ကို ဦးနှောက်ထဲ စွဲမှတ်ထားသည့်အလား ပြုမူခြင်းပင်။
သို့သော်လည်း ခြွင်းချက်များရှိ၏။ လူသားများကို အရင်စပြီး မတိုက်ခိုက်သည့် မှော်ဝင်သားရဲများနှင့် လာ့ခ်များ အရင်စပြီး မတိုက်ခိုက်သည့် အာနီခါ။
ယူဂျင်း၏ ဝတ္ထုထဲတွင် ပေါ်လာသော အာနီခါ နှစ်ဦးမှာ အကောင်းနှင့်အဆိုးကို ကိုယ်စားပြုသူများဖြစ်ကြ၏။ ဂျင်က မာရာ၏ ပြယုဂ်ဖြစ်လာကာ ဖလော်ရာကတော့ ဂျင်ကို ရင်ဆိုင်ခဲ့သည်။
သို့သော် ဖလော်ရာက ဂျင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ ဘုရင်ခြောက်ပါးက ဂျင်နောက်သို့ လိုက်နေကြချိန်တွင် ဖလော်ရာက လာ့ခ် စစ်တပ်ထံမှ လူသားများကို ကာကွယ်ပေးသည့် တာဝန်ကို ယူခဲ့သည်။
ဖလော်ရာက အစေ့များကို အပင်ပေါက်စေပြီး ရာမီတာကို ထုတ်လွှတ်လိုက်သည့်အခါ လာ့ခ်များက သူတို့၏ လှုပ်ရှားမှုအားလုံးကို ရပ်လိုက်ကြကာ သကြားလုံးဆီသို့ လာကြသော ပုရွက်ဆိတ်များသဖွယ် ဖလော်ရာ၏ ပတ်ဝန်းကျင်သို့ ဝိုင်းအုံလာကြ၏။
လာ့ခ်များက ဖလော်ရာနှင့် အနီးဆုံးနေရာကို ရွေးရန်အတွက် တစ်ကောင်နှင့်တစ်ကောင် အချင်းချင်း ကိုက်ခဲကြတော့သည်။ သေးငယ်သည့် လာ့ခ်များက ကြီးမားသော လာ့ခ်များကြောင့် ရက်ရက်စက်စက် နင်းခြေခံရကာ ပေါက်ကွဲသွားကြ၏။
ထို့နောက်တွင် လူတို့လည်း ရှောင်တိမ်းကြကာ စစ်သည်တော်များက လာ့ခ်များကို သတ်ပစ်ခဲ့ကြသည်။ လာ့ခ်များက စိတ်အာရုံ လွင့်ပြယ်နေချိန်တွင် တိုက်ခိုက်ခံရလျှင်လည်း တုံ့ပြန်မှုက မရှိသလောက်ပင်။
ဖလော်ရာ၏ အစွမ်းထက်သည့် ရာမီတာက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ထုတ်လွှတ်ကာ လာ့ခ်ကို မျှားခေါ်ခဲ့သည်။ လာ့ခ် စစ်တပ်ကို အင်အားမရှိအောင် လုပ်နိုင်ခဲ့သဖြင့် လာ့ခ်တို့၏ အကြီးစား တိုက်ခိုက်မှုများကြား၌ပင် လူသားတို့ ထိခိုက်ဆုံးရှုံးမှုကို အများကြီး လျှော့ချနိုင်ခဲ့၏။
ကျိန်းသေပေါက် ဖလော်ရာ ဖြစ်နေ၍သာ ဖြစ်နိုင်ခြေရှိသည့် အံ့ဖွယ်ရာ ဖြစ်ရပ်တစ်ခုပင်။ သို့ရာတွင် ဖလော်ရာလောက် စွမ်းအား မကြီးသော်လည်း လာ့ခ်က အာနီခါကို အခြေခံအားဖြင့် တုံ့ပြန်ပေမည်။ ယူဂျင်း ရေးခဲ့သော ဝတ္ထုထဲတွင် ထိုအချက်ကို ဖော်ပြထားသော စာပိုဒ်တစ်ခုရှိ၏။
ဝတ္ထု၏ နောက်ဆုံးပိုင်းသို့ ရောက်လာသည့်အခါ အထွတ်အမြတ်မြို့တော်က အန္တရာယ်ကင်းသော နေရာတစ်ခုကဲ့သို့ လုံးဝ ဘေးကင်းလုံခြုံခဲ့သော်လည်း လာ့ခ် စစ်တပ်၏ ကျူးကျော်မှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားသော အထွတ်အမြတ်မြို့တော်၏ မြင်ကွင်းက ကမ္ဘာပျက်တော့မည့်အလား ပွက်လောရိုက်နေ၏။
ယူဂျင်းက ကြောက်ရွံ့မှု လွှမ်းမိုးနေသော လူသားအမျိုးမျိုးအစားစားကို ဖော်ပြထားသည်။ ထိုအထဲတွင် အာနီခါမိန်းကလေးတစ်ယောက်က လာ့ခ်၏ အရှေ့မှ ပိတ်ရပ်ကာ အချိန်ဆွဲထားစဉ် သူ့မိသားစုက ဘေးကင်းလုံခြုံစွာ ရှောင်တိမ်းသွားသည့် မြင်ကွင်းလည်း ပါဝင်၏။
လျှပ်တစ်ပြက် ပေါ်လာသည့် ဇာတ်ဝင်ခန်း ဖြစ်သော်လည်း “လာ့ခ်က အာနီခါကို မတိုက်ခိုက်ဘူး” ဟူသည့် အချက်အပေါ် အခြေခံထားသော အကြောင်းအရာပင်။ သို့ဆိုလျှင် ယူဂျင်းသည်လည်း ဝတ္ထုထဲမှ အာနီခါ မိန်းကလေးငယ်လိုပင် လာ့ခ်တစ်ကောင်လောက်ကိုတော့ ဆွဲထားနိုင်ပေလိမ့်မည်။
သို့ရာတွင် သူ့စိတ်ထဲမှ အနက်ရှိုင်းဆုံးသံသယက တီးတိုးပြောလာ၏။
‘တကယ်ပဲ လာ့ခ်က နင့်ကို မတိုက်ခိုက်ဘဲနေပါ့မလား။’
ယူဂျင်း၏ သံသယက အကြာကြီး စွဲမြဲနေခဲ့သည်။ သူက ဤကမ္ဘာမှ ဂျင် အာနီခါ ဖြစ်လာသည်ဟု သိလိုက်ရချိန်မှစကာ သံသယက ပျောက်ကွယ်မသွားခဲ့ပေ။
သူက တကယ်ပဲ အာနီခါတစ်ယောက် ဟုတ်ပါ့မလား။
အာနီခါ၏ ရာမီတာက ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် စွမ်းအားလား၊ ဝိညာဉ်ထဲတွင် ထွင်းထုထားသော စွမ်းအားလား။
ခန္ဓာကိုယ်ထဲတွင်ရှိသည့် စွမ်းအားဆိုလျှင် မူလပိုင်ရှင် မဟုတ်သည့် သူက ဤအစွမ်းကို ဆွဲထုတ်ပြီး သုံးနိုင်ပါ့မလားဟု သံသယဝင်နေသည်။ ဝိညာဉ်တွင် ထွင်းမှတ်ထားသည့် စွမ်းအားသာဆိုလျှင် ‘ယူဂျင်း’ ၏ ဝိညာဉ်က အာနီခါ၏ ပုံပန်းသဏ္ဌာန် လက္ခဏာရပ်များရှိသည့် အခွံကို ခြုံရုံထားခြင်းသာဖြစ်၏။
တစ်နေ့ ဆန်းဂျယ်နှင့် တွေ့ဆုံလျှင်ပင် ဆန်းဂျယ်က သူ့ကို ခင်မင်ရင်းနှီးစွာ ဆက်ဆံမလား၊ သို့မဟုတ် ယူဂျင်းကို အကျပ်တွေ့အောင် လုပ်မလားဟူသည်ကို ခန့်မှန်းကြည့်၍မရ။ လာ့ခ်က ယူဂျင်း၏ မေးခွန်းကို ဖြေပေးနိုင်မည့် တစ်ခုတည်းသော ဖြစ်တည်မှု ဖြစ်မည်လားပင်မသိပေ။ လာ့ခ်က ဗီဇအရ သူ့ကို အာနီခါ ဟုတ်၊ မဟုတ် သိပေလိမ့်မည်။
ဤသည်မှာ အန္တရာယ်ရှိသော အလောင်းအစားတစ်ခုပင်။ ယူဂျင်းသာ အာနီခါမဟုတ်ခဲ့လျှင် လာ့ခ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားနိုင်ပေသည်။
‘ငါက အာနီခါမဟုတ်ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ ဆက်နေရင်တောင် သေတာထက် ဆိုးမှာပဲ။’
သူ့ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်မျိုး ရုန်းကန်နေလေသည်။ စောစောက ကြားလိုက်ရသော မကောင်းဆိုးဝါး၏ အသံကြောင့် ကျောချမ်းနေသေးသော်လည်း ယူဂျင်းက တိုက်ရိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။ သူ့ထံတွင် ဤသို့သော ရဲရင့်သည့်အပိုင်းရှိနေမှန်း ကိုယ်တိုင်ပင်မသိခဲ့။
ယူဂျင်းက တကွဲတပြားဖြစ်နေသည့် စစ်သည်တော်များကို လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
“မောင်မင်းတို့တွေက ဒီနေရာကို စောင့်ကြပ်ကာကွယ်ထားကြ။ လူတွေ အကုန်လုံး ဘေးကင်းကင်းနဲ့ ခိုလှုံရာနေရာကို ရောက်တဲ့အထိ။”
စစ်သည်တော်များက ပြန်ဖြေသည့်အနေနှင့် ဦးညွှတ်လိုက်ကြသည်။
“ဆာ ဆဗဲန်ကတော့ ကျွန်မနဲ့ လိုက်ခဲ့ပါ။”
ယူဂျင်းက ဆဗဲန်၏ အဖြေကိုပင် မကြားရသေးခင် မြင်း၏နံဘေးကို ကန်လိုက်သည်။ ဆဗဲန်က လျင်မြန်စွာ အရှေ့သို့ ပြေးနေသည့် ယူဂျင်းနောက်သို့ အလျင်စလို လိုက်သွား၏။ မိဖုရားက ရဲတိုက်ကို သွားလိမ့်မည်ဟု ထင်ထားခဲ့သဖြင့် လုံးဝ အခြားဘက်သို့သွားနေမှန်း သိလိုက်ရသည့်အခါ ဆဗဲန်လည်း အော်ဟစ်လိုက်တော့သည်။
“အရှင်မိဖုရား။ အဲ့ဒီဘက် မဟုတ်ပါဘူး။ အရှင်မိဖုရား။”
ယူဂျင်းက ဆဗဲန်၏ အော်သံကို ကြားသော်လည်း ဆက်ပြေးသွားခဲ့သည်။ ဆဗဲန်ကို ရှင်းပြနေရန် အချိန်မရှိပေ။ မြင်းစီးခြင်းအတတ်ကို သင်ယူခဲ့ခြင်းမရှိသော်လည်း မြင်းလှုပ်ရှားသွားသည့် စည်းချက်အတိုင်း သူ့ခန္ဓာကိုယ်က အလိုလို တုံ့ပြန်နေ၏။ ဂျင်၏ မြင်းစီးကျွမ်းကျင်မှုက တော်တော်လေး ကောင်းခဲ့ပုံပင်။
“အရှင်မိဖုရား။”
ဆဗဲန်က စိုးရိမ်တကြီးနှင့် ယူဂျင်းကို ခေါ်လိုက်သည်။ မိဖုရားက ကြောက်ရွံ့မှုကြောင့် မှန်ကန်သည့်ဆုံးဖြတ်ချက်ကို မချနိုင်တော့ဟု သူ ယူဆလိုက်၏။ အရှိန်အပြည့်နှင့် ပြေးနေသော မိဖုရား၏ မြင်းနှင့် အကွာအဝေးကို နီးအောင်မလုပ်နိုင်သဖြင့် စိုးရိမ်ပူပန်နေရသည်။
ဂီး....
နောက်ထပ် မကောင်းဆိုးဝါး၏အသံကို ကြားလိုက်ရပြန်သည်။ အသံလာရာနေရာက ယခင်ကထက် ပိုနီးနေသလို ခံစားရကာ လူသံတချို့လည်း ရောထွေးနေ၏။ သိပ်မဝေးသည့် နေရာတွင် လာ့ခ်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့်ပုံပင်။
ယူဂျင်းက မှန်ကန်သည့် လမ်းကြောင်းကို ခန့်မှန်းရန် အမြန်နှုန်းကို အနည်းငယ် လျှော့လိုက်စဉ် ဆဗဲန်က အမီလိုက်လာကာ ယူဂျင်း၏ဘေးတွင် ရပ်လိုက်၏။
“အရှင်မိဖုရား။ လမ်းကြောင်းကို...”
ဆဗဲန်နှင့် မျက်လုံးချင်းဆုံသွားသည့် ယူဂျင်းက ခေါင်းကို တစ်ချက်လေး ခါလိုက်သည်။ ဆဗဲန်က ကြောက်ရွံ့နေမည့် မိဖုရား၏ မျက်နှာကို စိတ်ကူးမြင်ယောင်ကာ မိဖုရားကို နှစ်သိမ့်ရန်သော်လည်းကောင်း၊ သူ့ခန္ဓာကိုယ်ကိုပစ်ပြီး မြင်းကို အတင်းအကျပ် ရပ်တန့်ရန်သော်လည်းကောင်း စဉ်းစားနေဆဲပင်။ သို့သော် ယူဂျင်းက ရှင်းလင်းပြတ်သားသည့် မျက်လုံးများနှင့် သူ၏ ရည်ရွယ်ချက်ကို ဖော်ပြသောအခါ ဆဗဲန်လည်း တုန်လှုပ်သွားရတော့သည်။
ထောင့်ချိုးတွင် ကွေ့ပြီးသည်နှင့် ယူဂျင်းက မြင်းဇက်ကြိုးကို အားကုန်ဆွဲလိုက်၏။ သူက မြင်းကို လုံးဝရပ်တန့်လိုက်ကာ မောဟိုက်စွာ အသက်ရှူသွင်းလိုက်သည်။ ရင်ဘတ်ထဲမှ ဗလောင်ဆူနေသော ခံစားချက်က ကြောက်ရွံ့မှုကြောင့်ဖြစ်မလား၊ ပထမဆုံးအကြိမ် မြင်းစီးပြီးသည့်နောက် စိတ်လှုပ်ရှားမှုကြောင့်ပဲလားဟူသည်ကိုမူ မသိနိုင်ပေ။
အဝေးတွင် လာ့ခ်တစ်ကောင်ကို မြင်လိုက်ရသည်။ ပတ်ပတ်လည်၌ ဝန်းရံထားကြသော တပ်သားများက အရပ်လေးမျက်နှာမှ မြားတို့ဖြင့် ပစ်ခတ်နေကြ၏။ အချက်ပြမီးရှူးပေါက်ကွဲပြီး သိပ်မကြာသေးသည့်အချိန် ဖြစ်သဖြင့် အင်မတန်လျင်မြန်လှသော တုံ့ပြန်မှုပင်။
‘အီး…’
ယူဂျင်း မျက်မှောင်ကြုတ်လိုက်သည်။
‘ဘာကြီးလဲ။ ရွံစရာကြီး။’
ဧရာမ ရေဆိုးမြောင်းကြွက်တစ်ကောင်ပင်။ တပ်သားများ ပစ်ခတ်လိုက်သည့် မြားတို့က လာ့ခ်၏ ခန္ဓာကိုယ်ကိုမထိဘဲ လေထဲသို့ လွင့်စဉ်သွားသည်။
တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများကြောင့် လာ့ခ်က ဘယ်နေရာမှ စတင်တိုက်ခိုက်ရမည်မှန်း ဆုံးဖြတ်၍မရဘဲ အော်ဟစ်နေသည်။ မြားများ ပျံသန်းလာရာ လမ်းကြောင်းဆီသို့ ခေါင်းကို လျင်မြန်စွာ လှည့်လိုက်ချိန်တွင် လုံးဝ ဆန့်ကျင်ဘက် လမ်းကြောင်းမှ မြားတို့ ထပ်ရောက်လာ၏။ ကျွမ်းကျင်သော တပ်သားတို့၏ လက်ချက်ကြောင့် အခွင့်အရေး အကြိမ်ကြိမ်ဆုံးရှုံးနေသည်။
လောလောဆယ် တပ်သားများက ကောင်းကောင်းထိန်းချုပ်ထားနိုင်၏။ ယူဂျင်းက ဘုရင်မင်းမြတ် ရောက်လာသည်အထိ တပ်သားများ အချိန်ဆွဲထားနိုင်သည်ဆိုလျှင် ရှေ့ဆက်တိုးရန်စိတ်ကူးမရှိပေ။ သို့သော် တပ်သားများက ကြာကြာခံနိုင်လောက်မည်မဟုတ်။ သူတို့အတွက်တော့ ဤသည်မှာ ခက်ခဲသော ရန်ဘက်ပင်။
‘ခရမ်းရောင်အဆင့်။’
ယူဂျင်း၏ မြင်ကွင်းထဲသို့ လာ့ခ်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အကာအကွယ်အလွှာ ဝင်လာသည်။ အကာအကွယ်အလွှာမှ ပျံ့လွင့်ထွက်လာသော ခရမ်းရောင် မီးခိုးများက မြူခိုးအလား တလူလူလွင့်ထွက်နေ၏။ ဤရုန်းကန်လှုပ်ရှားရသော ရာသီတွင် ပေါ်လာသော လာ့ခ်များအနက် အစွမ်းအထက်ဆုံးပင်။
ဘုရင်မင်းမြတ် ပြေးသွားရာနေရာ၌လည်း ဤမကောင်းဆိုးဝါးနှင့် အဆင့်တူသည့် လာ့ခ်သာ ရှိခဲ့မည်ဆိုလျှင် ဘုရင်မင်းမြတ်က ထိုအကောင်ကိုသတ်ရန် အချိန်အများကြီး ယူရပေလိမ့်မည်။ ဘုရင်မင်းမြတ် ဤနေရာသို့ ချက်ချင်းရောက်လာနိုင်ခြေ နည်းသည်ဟူသောသဘောပင်။
‘ဘယ်လို များခေါ်ရမလဲ။’
ဝတ္ထုထဲတွင် ဖလော်ရာက အထူးပြုပြင်ထိန်းသိမ်းထားသည့် အစေ့များကို ယူဆောင်သွားခဲ့သည်။ ဖလော်ရာ အစေ့များကို အပင်ပေါက်အောင်လုပ်လိုက်ချိန်တွင် လာ့ခ်များ တုံ့ပြန်လာ၏။ သို့သော် ယခု ယူဂျင်းတွင် ဘာအစေ့မှရှိမနေချေ။ ဘယ်နေရာတွင် ရှာရမည်ကိုလည်း မသိပြန်ပေ။
‘အနားကပ်သွားရုံအပြင် မရှိတော့ဘူးလား။’
"ဆာ ဆဗဲန်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
ဆဗဲန်က မိဖုရား ဤနေရာအထိ မည်သို့သောစိတ်ကူးနှင့် ရောက်လာမှန်း နားမလည်နိုင်ခဲ့။ အကယ်၍ ထိုလာ့ခ်ကို သွားသတ်ရန် အမိန့်ပေးမည်ဆိုလျှင် ယင်းအမိန့်ကိုတော့ မလိုက်နာဘူးဟု တွေးလိုက်သည်။
မိဖုရား၏အပါးမှ လုံးဝခွာ၍မဖြစ်ပေ။ သူ၏ တာဝန်မှာ မိဖုရားကို ရဲတိုက်သို့ ဘေးမသီရန်မခ ခေါ်ဆောင်သွားရန်ဖြစ်၏။
“ကျွန်မ လာ့ခ်ကို မျှားခေါ်လာပြီးရင် ဆာ ဆဗဲန်က ကျွန်မရှေ့ကနေ ရင်ပြင်ဆီ လမ်းပြပေး။”
“...ခင်ဗျာ။”
ဆဗဲန်တစ်ယောက် အော်ဟစ်သလို ပြန်မေးလိုက်မိ၏။
“လာ့ခ်တွေကို အတတ်နိုင်ဆုံး ရင်ပြင်ဆီ မျှားခေါ်သွားရမယ်ဆို။”
အနီရောင် အချက်ပြမီးရှူး ပေါက်ကွဲသည့်အခါ ဘုရင်မင်းမြတ်နှင့် စစ်သည်တော်များ ရောက်လာချိန်အထိ တပ်သားများက လာ့ခ်များကို အတတ်နိုင်ဆုံး ရင်ပြင်သို့ ခေါ်သွားရန် သင်ကြားထားသည်။
ရင်ပြင်က ပတ်ပတ်လည် ပွင့်နေသဖြင့် လာ့ခ်ကို ဝိုင်းရံပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် အဆင်ပြေ၏။ မကောင်းဆိုးဝါးများ ပြေးလွှားသောင်းကျန်းလျှင်ပင် အဆောက်အအုံများ ပြိုကျမည်ကို စိုးရိမ်စရာမလိုပေ။ ထို့အပြင် ရင်ပြင်အစွန်းရှိ မြေအောက်၌ လက်နက်များတွင်သုတ်လိမ်းရန် ဆီပုံးများ မြှုပ်ထားသည်။ အရေးပေါ်အခြေအနေတွင် အချိန်မရွေး ထုတ်သုံးနိုင်၏။
“ဟုတ်ကဲ့၊ အဲ့ဒီလို...အရှင်မိဖုရား၊ အခု တကယ်ပဲ ဘာအဓိပ္ပာယ်နဲ့ ပြောတဲ့စကားမှန်း....။”
“အသေးစိတ် ရှင်းပြဖို့ အချိန်မရှိဘူး။ ကျွန်မက ရင်ပြင်ဆီ သွားရမဲ့လမ်းကို မသိလို့...”
ဂီး....
လာ့ခ်က စိတ်ရှုပ်စရာ တိုက်ခိုက်မှုများနှင့် သူ့ကို စိတ်အနှောင့်အယှက်ပေးနေကြသူများအား အော်ဟစ်လိုက်သည်။ ဆီသုတ်ထားသည့် မြားတို့ဖြင့် တိုက်ခိုက်မှုကြောင့် အစပိုင်းတွင် တွန့်ဆုတ်နေခဲ့သော်လည်း မြားများက သူ၏ အကာအကွယ်အလွှာအတွက် သိပ်ပြီး အန္တရာယ်မရှိမှန်း သိသွားသည့်အခါ တိုက်ခိုက်လိုစိတ်များ ပြန်ရလာတော့သည်။
လာ့ခ်က သူ၏ကိုယ်ကို နှိမ့်လိုက်ကာ မြေပြင်ပေါ်ရှိ ရှည်လျားပြီး ကြီးမားသော အမြီးကို အသုံးပြု၍ ပြင်းထန်မြန်ဆန်သောအားနှင့် လွှဲရိုက်လိုက်၏။
အမြီးနှင့် ရိုက်မိသွားသည့် တပ်သားအချို့ လွင့်ထွက်သွားတော့သည်။ လေထဲသို့ မြောက်တက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည့် တပ်သားများက ထိခိုက်မှုပြင်းထန်သဖြင့် ချက်ချင်း ပြန်မထနိုင်ကြပေ။ မြေပြင်ပေါ်တွင် တုန်ယင်နေသည့် တပ်သားတစ်ဦးကို လာ့ခ်၏ မျက်လုံးနီနီများက စူးစိုက်ကြည့်နေလေသည်။
သားကောင်ကို ဆုံးဖြတ်ပြီးသွားသည့် လာ့ခ်က ချက်ချင်းပင် တပ်သားထံသို့ ပြေးဝင်သွား၏။
“မဖြစ်ဘူး။”
ယူဂျင်းတစ်ယောက် မသိစိတ်မှ တုန်လှုပ်ကာ အော်ဟစ်လိုက်မိသည်။ သွားများဖြီးပြီး တပ်သား၏ လည်ပင်းကို ကိုက်ရန်ပြင်နေသည့် လာ့ခ်လည်း ရပ်တန့်သွားတော့၏။ လာ့ခ်က ခေါင်းကို ပင့်ကာ ယူဂျင်းနှင့် ဆဗဲန်ရှိရာ နေရာဆီသို့ တိတိကျကျ ကြည့်လာသည်။
ဝေးလံသောနေရာမှ ကြားရသည့် အော်သံကို တုံ့ပြန်နိုင်လောက်သည်အထိ လာ့ခ်က အာရုံခံတုံ့ပြန်နိုင်မှုအားကောင်းသော သတ္တဝါမဟုတ်ပေ။ မျက်စိရှေ့တွင် ရှိနေသည့်လူကို တွေ့ရာနေရာမှ တိုက်ခိုက်တတ်သောသတ္တဝါပင်။
‘ဟင်။’
ယူဂျင်းလည်း လာ့ခ်ကို အာရုံလွှဲနိုင်ပြီမှန်း ချက်ချင်း သိလိုက်တော့၏။
“ရင်ပြင်ကို။”
ယူဂျင်းက ဆဗဲန်ကို အော်ပြောရင်း မြင်း၏နံဘေးကို ကန်လိုက်သည်။ စစ်သည်တော်ဖြစ်သည့် ဆဗဲန်၏ တုံ့ပြန်မှုကလည်း မြန်ဆန်လှ၏။ လာ့ခ် လိုက်လာရဲ့လားဟု မျက်လုံးနှင့် အရင်ကြည့်ပြီးမှ လှုပ်ရှားမည်ဆိုလျှင် နောက်ကျသွားပေလိမ့်မည်။ သူက ယူဂျင်း ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက်တည်းနီးပါး ပြေးလိုက်ခဲ့သည်။
လာ့ခ်၏ မျက်လုံးနီနီများက လင်းလက်သွား၏။ ကျောကို အပြည့်ကွေးလိုက်ပြီးနောက် အရှိန်ယူကာ ခုန်ထွက်လာသည်။ ဧရာမ ကြွက်ကြီးက ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ယူဂျင်းနောက်သို့ လိုက်လာ၏။ အရှေ့သို့ ပြေးနေသော မြင်းနှစ်ကောင်နှင့် အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းလာတော့သည်။
ဆဗဲန်က သွားချင်းကြိတ်ပြီး မြင်းကို အရှိန်တင်လိုက်၏။ ကျောပြင်တွင် ကြက်သီးမွေးညင်းများ ထသွားတော့သည်။ အနောက်သို့ လှည့်မကြည့်ဘဲနှင့်ပင် လာ့ခ် လိုက်လာသည်ကို ခံစားမိနေ၏။
‘ဘာလို့ပါလိမ့်။’
ဘာကြောင့် လာ့ခ်က ပတ်ပတ်လည်မှ ကျန်တပ်သားများကို ထားခဲ့ကာ သူနှင့် မိဖုရားနောက်သို့သာ လိုက်နေမှန်း နားမလည်နိုင်ခဲ့။ သူ သိထားသည့် လာ့ခ်၏ အပြုအမူပုံစံက ရိုးရှင်းပေသည်။ အနီးအနားတွင် ရှိနေသည့်လူကို အရင်တိုက်ခိုက်တတ်၏။
သို့သော် လောကတွင် ထင်မှတ်မထားသည့်အရာများ အမြဲရှိနေတတ်ကြောင်းကို သူ မေ့နေခဲ့သည်။ တပ်သားများက ငါးစာအဖြစ် အချိန်ဆွဲပေးလိမ့်မည်ဟု ယုံကြည်ကာ ပေါ့ပေါ့ဆဆနေခဲ့မိသော ကိုယ့်ကိုယ်ကိုယ်သာ စိတ်ပျက်မိရတော့၏။
~~~~
Miel's Translations