အပိုင်း ၈၀
“လျှို့ဝှက်စာကြည့်တိုက်မှာ တွေ့ခဲ့ပါတယ်။”
ဆံပင်များကို စုစည်းထားသည့် အာနီခါတစ်ဦးက ပြောခဲ့သည်။ သူက အသက်နှစ်ဆယ်ကျော်ခါစရှိမည့် အမျိုးသမီးငယ်လေးတစ်ဦးပင်။
“တစ်နှစ်တည်းမှာ အာနီခါနှစ်ယောက် မွေးဖွားတာက အစဉ်အလာမရှိဘူးတဲ့။”
“ဟုတ်တယ်ရှင့်။ ကျွန်မလည်း တွေ့လိုက်တယ်။ ဆယ်နှစ်တာအတွင်း အာနီခါ မမွေးဖွားတာကလည်း အစဉ်အလာမရှိခဲ့ဘူးတဲ့လေ။”
ပြန်လည်ပြောဆိုလာသော ဆံပင်ကောက်ကောက်နှင့် အာနီခါက အနည်းဆုံး သုံးဆယ်ကျော်လောက် ရှိမည့်ပုံပင်။
“အာနီခါ မမွေးတဲ့နှစ်တွေ တစ်ခါတလေ ရှိတတ်တယ်မဟုတ်ဘူးလား။”
“ရှားပါးတဲ့ ကိစ္စဆိုပေမဲ့ ဆယ်စုနှစ်အနည်းငယ်ကြာရင် တစ်ကြိမ်လောက်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံပါပဲ။ ဒါပေမဲ့ နှစ်နှစ်ထက်ပိုပြီး ဆက်တိုက် မမွေးဖွားတဲ့ ဖြစ်ရပ်တွေကတော့ လက်ချိုးရေလို့ရတယ်ရှင့်။”
“ငါးနှစ်အကြာမှ မွေးလာတဲ့ အာနီခါက တစ်ယောက်ပဲ ရှိခဲ့ဖူးတာလေ။”
“အာနီခါ ရော့ဂ်ဆီ။”
သုံးယောက်စလုံး တစ်ပြိုင်နက်တည်း ပြန်ဖြေမိသွားကြသည်။ အသံများထပ်သွားသော သုံးဦးသားက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တခစ်ခစ် ရယ်လိုက်ကြ၏။
အကြောင်းအရာ ခေါင်းစဉ်တစ်ခုနှင့် စကားပြောနေကြသော ဖလော်ရာ့ ပတ်ဝန်းကျင်မှ အာနီခါများ၏ အသက်အရွယ်က အသီးသီးရှိကြသည်။ အငယ်ဆုံး အာနီခါကို ဆယ်ကျော်သက် မိန်းကလေးဟု ဖော်ပြနိုင်ပြီး အကြီးဆုံးကတော့ သုံးဆယ်ကျော်လောက် ရှိပုံရ၏။
သို့သော်လည်း ဤနေရာတွင် စုဝေးကာ ထိုင်နေကြသော အာနီခါများမှာ အငယ်ဆုံးအုပ်စုထဲတွင် ပါဝင်နေသေးသည်။ နှစ်ယောက်တွဲ သို့မဟုတ် သုံးယောက်တွဲ စကားပြောနေကြသော အခြားအာနီခါများကတော့ အားလုံး သက်လတ်ပိုင်း သို့မဟုတ် ထိုထက် ကြီးရင့်ကြသူတွေချည်းသာ။
ဂျင်နှင့် ဖလော်ရာက ဆယ်နှစ်အကြာမှ မွေးဖွားခဲ့ကြခြင်းဖြစ်သည်။ လက်ရှိတွင် အသက် နှစ်ဆယ်ကျော်မှ သုံးဆယ်ကျော်ကြား အသက်အရွယ်ရှိသော အာနီခါမရှိဘူးဟူသည့်အဓိပ္ပာယ်ပင်။ နဂိုကတည်းက အာနီခါများတွင် သက်တူရွယ်တူ မရှိဟု ဆိုထားသော်လည်း ဆယ်နှစ်တာ အသက်ကွာဟချက်က မျိုးဆက်တစ်ခုစာ ကွာခြားချက်နှင့် နီးစပ်ပေသည်။
ဂျင်နှင့် ဖလော်ရာ ငယ်ရွယ်စဉ်တုန်းကတော့ ပြဿနာမရှိခဲ့။ သို့ရာတွင် နှစ်ယောက်စလုံး အရွယ်ရောက်လာချိန်တွင်မူ အာနီခါများက တဖြည်းဖြည်း အဖွဲ့နှစ်ဖွဲ့ခွဲကာ ပေါင်းသင်းလာကြ၏။ ဂျင်နှင့် ဖလော်ရာကို စံထားကာ ငယ်ရွယ်သည့် အာနီခါများနှင့် သူတို့ထက် အနည်းဆုံး ဆယ်နှစ်ပိုကြီးသော အာနီခါများဟူ၍ ခွဲခြားလာကြသည်။
လက်ရှိတွင် ငယ်ရွယ်သော အာနီခါများ၏ အရေအတွက်က အများကြီး နည်းနေသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တစ်ချိန်ချိန်တွင် အခြေအနေက ပြောင်းပြန်ဖြစ်လာပေလိမ့်မည်။
စုဝေးထိုင်နေကြသော ဤအဖွဲ့ထဲတွင် ဖလော်ရာထက် အသက်ကြီးသူ နှစ်ဦးသာရှိသည်။ ထိုနှစ်ဦးက ဂျင်နှင့် ဖလော်ရာ မမွေးဖွားခင်အထိ အချိန်အတော်ကြာအောင် အငယ်ဆုံးများဖြစ်ခဲ့ကြကာ သူတို့နှစ်ဦးတည်းသာ အာနီခါအားလုံးနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ကြ၏။
ဝင်ပေါက်ဘက်မှ ရုတ်ရုတ်ရုတ်ရုတ် လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရချိန်တွင် စကားဝိုင်းက ရပ်တန့်သွားသည်။ လူတိုင်း၏ အကြည့်များက ဝင်ပေါက်ဆီသို့ ပြိုင်တူကျရောက်သွား၏။
“အရှင်မြတ် ပို့လိုက်တဲ့လက်ဆောင် ရောက်လာတာများလား။ ကျွန်မတို့ သွားကြည့်လိုက်ပါဦးမယ်။”
အသက်ကြီးသော အာနီခါနှစ်ဦးက ထရပ်လိုက်ကြသည်။ သူတို့နှစ်ဦးက အရင်းနှီးဆုံး ညီအစ်မများကဲ့သို့ သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေးရှိသူများအဖြစ် နာမည်ကြီး၏။ သူတို့ ထွက်သွားပြီးသည့်နောက် ကျန်ခဲ့သော အာနီခါများက စကားပြန်စကြတော့သည်။
“ဒီနှစ်ယောက်က အမြဲတမ်း တတွဲတွဲပဲနော်။”
“ဘုန်းတော်ကြီးလုပ်မဲ့လမ်းကို အတူတူလျှောက်ဖို့ ဆုံးဖြတ်ထားကြတာဆိုတော့ ပိုပြီးရင်းနှီးကြတာပေါ့။”
အာနီခါများထဲတွင် အချို့က အိမ်ထောင်မပြုဘဲ ဘုန်းတော်ကြီးလုပ်ကြသည်။ ဘုန်းတော်ကြီးပညာရေး သင်ယူပြီးဆုံးပြီးနောက် အထွတ်အမြတ်နန်းတော်သို့ ပြောင်းရွှေ့နေထိုင်ကာ စည်းစနစ်ကျနသော ဘဝကို ဖြတ်သန်းကြ၏။
အာနီခါတို့၏ ဘဝပုံစံများက အစွန်းရောက်သည်ဟု ဆိုနိုင်လောက်အောင် အုပ်စုနှစ်စု ကွဲပြားနေသည်။ တစ်သက်လုံးရရှိမည့် အခွင့်အရေးနှင့် စည်းစိမ်ဥစ္စာများကို ခံစားရင်း ခမ်းနားထည်ဝါစွာ နေထိုင်သူများ၊ သို့မဟုတ် လောကီကိုစွန့်ခွာကာ ဘုန်းတော်ကြီးလုပ်ပြီး အေးချမ်းတိတ်ဆိတ်စွာ နေထိုင်ကြသူများဖြစ်၏။
“တစ်သက်တာ သူငယ်ချင်းရသွားတဲ့ အဲ့ဒီနှစ်ယောက်ကို အားကျလိုက်တာ။ လေးစားစရာလည်း ကောင်းပါရဲ့။ ဒါပေမဲ့ ကျွန်မကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်... အခုလို ဘဝမျိုးကိုပဲ သဘောကျတယ်။”
လောကကြီးတွင် ပျော်စရာ ဒီလောက်များသည်ကို ငြီးငွေ့စရာ ဘုန်းတော်ကြီးဘဝတွင် မည်သို့များနေထိုင်နိုင်မလဲဟူသော အဓိပ္ပာယ်ကို ဖော်ပြလိုက်ခြင်းပင်။
အခြား အာနီခါတစ်ဦးက တခစ်ခစ်ရယ်ကာ ပြန်ပြောခဲ့သည်။
“ကျွန်မလည်း အတူတူပါပဲ။”
တစ်စုံတစ်ယောက်က ဖလော်ရာကို ပြောလာ၏။
“အာနီခါ ဖလော်ရာ။ အာနီခါ ဂျင် မရှိတော့ အထီးမကျန်ဘူးလားဟင်။ အဲ့ဒီနှစ်ယောက်နဲ့ သိပ်မခြားဘဲ အမြဲတမ်း အတူတူ တွဲသွားတွဲလာ လုပ်ခဲ့ကြတာမဟုတ်လား။”
သိသိသာသာကို သွေးတိုးစမ်းသော မေးခွန်းပင်။ ဤနေရာတွင် ရှိနေကြသူ မည်သူကမှ ဖလော်ရာကို ဂျင်အား လွမ်းဆွတ်နေသည်ဟု မထင်ကြပေ။
ဂျင်၏ အနားတွင် ရှိနေလျှင် မရှိသလို တိတ်ဆိတ်နေခဲ့သော ဖလော်ရာက ဂျင် အထွတ်အမြတ်မြို့တော်မှ ထွက်ခွာသွားပြီးသည့်နောက်ပိုင်းတွင် တက်ကြွစွာ မိမိကိုယ်မိမိ ထုတ်ဖော်ပြသလာသည်။ ဖလော်ရာ၏ သိသာထင်ရှားသော အပြောင်းအလဲကို အချို့က မနှစ်မြို့သောအမြင်ဖြင့် ကြည့်ကြ၏။
“အရွယ်ရောက်လာရင် ဘဝရဲ့ ဦးတည်ချက် ပြောင်းလဲသွားတတ်တာကိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။ အာနီခါ ဂျင် အဲ့ဒီလို ထွက်သွားလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲရှင့်။”
ဖလော်ရာက အပြုံးလေးနှင့် မယုတ်မလွန် အဖြေကို ပေးလိုက်သည်။ ဤအတောအတွင်း ဂျင်၏ နောက်ကိုလိုက်ရင်း မြင်တွေ့သင်ယူခဲ့ရသော အတွေ့အကြုံများက အချည်းနှီးမဖြစ်ခဲ့။ လျှာတွင် ဓားတပ်ထားသည့် အထက်တန်းလွှာ လူမှုရေးအသိုင်းအဝိုင်းမှ လူများနှင့်ယှဉ်လိုက်လျှင် အာနီခါတို့မှာ ခြေသည်းလက်သည်း မဝှက်တတ်သည့် ကြောင်ကလေးများသာ ဖြစ်ပေသည်။
အာနီခါများက သူတို့၏ ဖြစ်တည်မှုတစ်ခုတည်းနှင့်ပင် မြင့်မြတ်သည်ဟုဆိုသော်လည်း မွေးရာပါ ပတ်ဝန်းကျင်ကွာခြားမှုကိုမူ ပယ်ဖျက်နိုင်ခြင်းမရှိပေ။ ဂျင်နှင့် ဖလော်ရာက တစ်ရက်တည်းတွင် မွေးဖွားခဲ့သော်လည်း ချမ်းသာကြွယ်ဝသည့် မှူးမတ်မျိုးရိုးမှ မွေးဖွားလာသူ ဂျင်နှင့်မတူဘဲ ဖလော်ရာ၏ မိသားစုက သာမန်ပင်။
ဂျင်တွင် အထက်တန်းလွှာအသိုင်းအဝိုင်းမှ အဆက်အသွယ်များ အများအပြားရှိပြီး ထိုသို့သော စုဝေးပွဲများသို့ ဖလော်ရာကို မကြာခဏ ခေါ်သွားလေ့ရှိ၏။ ဤသည်မှာ ရိုးရိုးသားသား စေတနာတော့ မဖြစ်နိုင်ပေ။ ဖလော်ရာက သူ့ကိုယ်သူ ဂျင်ကို ပို၍ထင်ရှားပေါ်လွင်အောင် ဖန်တီးပေသည့် အဆင်တန်ဆာအဖြစ် အသုံးချခံရသည်ဟု ယူဆခဲ့သည်။
နဂိုကတည်းက အာနီခါများတွင် မွေးရာပါ လှပသောရုပ်ရည်သွင်ပြင်ရှိကြသော်လည်း ဖလော်ရာကား ထိုအထဲမှာပင် အပြောင်မြောက်ဆုံးအလှရှိသူများအနက် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသူဖြစ်၏။ သို့ရာတွင် ဖလော်ရာ၏ အားသာချက်က ဂျင်၏ အပါးတွင် ရှိနေလျှင် လုံးဝ မှေးမှိန်သွားလေသည်။
ဂျင်က တောက်ပဝင့်ထည်သော နှင်းဆီပန်းဖြစ်ကာ ဖလော်ရာက ညင်သာသော လီလီပန်းလေးဖြစ်၏။ နှစ်ယောက်အတူ ရှိနေချိန်တွင် ခြားနားမှုက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသဖြင့် ဂျင်က ပို၍ထင်ရှားခဲ့သည်။
သူတို့နှစ်ယောက်က စရိုက်လက္ခဏာချင်းလည်း ဆန့်ကျင်ဘက်ပင်။ မိမိ၏အမြင်ကို ရှေ့တန်းမတင်သော ဖလော်ရာလိုမဟုတ်ဘဲ ဂျင်ကမူ လောကတွင် ဘာကိုမှ မကြောက်သူလို ဖြစ်နေ၏။ မာနကြီးပြီး မောက်မာသည်။ ပိုဆိုးသည်က သူ့ကို အမြင်မကြည်အောင်လုပ်သူများအား ဖိနှိပ်ရန်လည်း တွန့်ဆုတ်မနေဘဲ အခြားသူများ၏ ပြစ်တင်ဝေဖန်မှုကိုလည်း မကြောက်ပေ။
ဂျင်၏ တစ်မူထူးသောစရိုက်က သူ၏ လူသိများထင်ရှားမှုကို ပို၍ကျယ်ပြန့်စေခဲ့သည်။ နှင်းဆီပန်း၏ဆူး သို့မဟုတ် အဆိပ်ရှိသောလိပ်ပြာ၏ အဆင်းကဲ့သို့ပင်။ အချို့က အာနီခါ ဂျင်၏ ကိုယ်သင်းနံ့ကို အဆိပ်ရနံ့ဟူ၍ပင် ဖော်ပြကြ၏။
လူတို့က ဂျင်ကို နောက်ကွယ်တွင် ဝေဖန်ကဲ့ရဲ့ကြသော်လည်း ရှေ့တွင်တော့ ပြုံးပြကြသည်။ ဂျင်တွင် ခိုင်မာသော ကျောထောက်နောက်ခံရှိ၏။ အထူးတလည်ဂရုစိုက်ပေးသော ဆန်းဂျယ်၊ သမီးကို သေမတတ် မျက်စိစုံမှိတ်ချစ်ကြသော မိဘများ၊ ဂုဏ်သတင်းကျော်ဇောပြီး ချမ်းသာသော မျိုးရိုးတို့ ရှိနေသူပင်။
ဖလော်ရာကား ငယ်စဉ်ကတည်းက စရိုက်ကြမ်းသော ဂျင် ဆွဲခေါ်ရာနောက်သို့ တကောက်ကောက်လိုက်ခဲ့ရသည်။ ဂျင်နှင့် ရင်းနှီးသလိုလို မရင်းနှီးသလိုလို မရေမရာ ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ရ၏။ ဂျင်က သူ့ကို အသုံးချလျှင် သူကလည်း ဂျင်ကို ပြန်လည်အသုံးချမည်ဟူသော အတွေးဖြင့်။ သူက ဂျင်၏နောက်သို့လိုက်ရင်း အထက်တန်းလွှာ လူမှုရေးအသိုင်းအဝိုင်းတွင် အဆက်အသွယ်များ တည်ဆောက်ခဲ့သည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးက ဂျင် ကန္တာရဘုရင်နှင့် လက်ထပ်ကာ အထွတ်အမြတ်မြို့တော်မှ ထွက်ခွာသွားပြီးသည့်နောက်တွင် လုံးဝ ပြတ်တောက်သွားတော့၏။
ဖလော်ရာတစ်ယောက် ဂျင် ထွက်သွားပြီးသည့်နောက်မှ လွတ်လပ်မှု၏ ခံစားချက်ကို ရင်သပ်ရှုမော ခံစားခဲ့ရပြီး သူ့နှလုံးသား၏ အလိုဆန္ဒကို သဘောပေါက်လိုက်တော့သည်။ သူ့ဘဝထဲမှ ဂျင် ပျောက်ကွယ်သွားစေရန် စိတ်ရင်းဖြင့် မျှော်လင့်ခဲ့မိသော အဖြစ်ကိုပင်။
“နှစ်အနည်းငယ်ကြာနေတဲ့ကိစ္စဆိုပေမဲ့ အခုအထိ အံ့ဩရတုန်းပါပဲ။ အာနီခါ ဂျင်က ဘုရင်နဲ့ လက်ထပ်လိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲနော်။”
“ဟုတ်ပါရဲ့။ ပိုဆိုးတာက ကန္တာရရဲ့ ဘုရင်ဖြစ်နေတာလေ။ အဲ့ဒါက အစွန်အဖျားမှာရှိတဲ့ ကန္တာရက ဘုရင့်တိုင်းပြည်မဟုတ်လား။”
ဂျင်ကို စကားစမြည်ပြောစရာ အကြောင်းအရာအဖြစ်သုံးခဲ့သည့် စကားဝိုင်းက အတော်ကြာသည်အထိ ဆက်သွားခဲ့သည်။ ဖလော်ရာက အမူအရာဖြင့် ထုတ်မပြသော်လည်း စိတ်ထဲတွင်တော့ မသက်မသာ ဖြစ်နေ၏။
‘သုံးနှစ်တောင် ရှိသွားပြီကို။’
လူများက ဂျင်ကို ယခုအထိ မမေ့နိုင်ကြသေးပေ။ ပိုဆိုးသည်က ဂျင်အကြောင်းပြောသည့်အခါ သိလိုစိတ်ဖြစ်စေ၊ လွမ်းဆွတ်မှုဖြစ်စေ ဖော်ပြလေ့ရှိကြ၏။
‘အားလုံးက ဂျင် ဘယ်လောက် ကောက်ကျစ်မှန်း မသိကြဘူး။’
ဂျင်က အခြားနေရာများတွင် ဆိုးသွမ်းသော်လည်း အာနီခါ စုဝေးပွဲတွင်တော့ ယဉ်ယဉ်ကျေးကျေးရှိပေသည်။ နင်းချေ၍ရသူနှင့် သွားထိလျှင် ဒုက္ခပေးမည့်သူကို သေသေချာချာ ခွဲခြားထား၏။
ထို့ကြောင့် ကိုယ်တိုင် အခြေအနေကို မမြင်ရဘဲ ဂျင်၏စရိုက်က သာမန်မဟုတ်ဘူးဟု ကောလာဟလကိုသာ ကြားရသူများက အရေးမပါဘူးဟု ယူဆခဲ့ကြသည်။
အထူးသဖြင့် အာနီခါအငယ်လေးများက ဂျင်၏ ကြမ်းတမ်းသော စရိုက်ကို ရဲရင့်မှုအဖြစ်ပုံဖော်ကာ လေးစားအားကျသည့်အခါတိုင်း ဖလော်ရာတစ်ယောက် ဘာကြောင့်မှန်းမသိ မတရားခံရသူလို ခံစားရ၏။
“အားလုံးပဲ။”
စောစောက ထသွားကြသော အာနီခါများ ပြန်ရောက်လာသည်။ သူတို့နှစ်ယောက်က အသက်ဆယ်နှစ် ဝန်းကျင်လောက်သာရှိသော မိန်းကလေးတစ်ယောက်ကို ခေါ်လာ၏။
“မိတ်ဆက်ပေးမယ်နော်။ ဒီနေ့ကစပြီး စုဝေးပွဲကို တက်ရောက်မဲ့ အာနီခါ မာဂရက်ပါ။”
တဒင်္ဂ တိတ်ဆိတ်သွားပြီးနောက် လူတိုင်း အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။
“အိုး။”
“အာနီခါ မာဂရက်။ ကြိုဆိုပါတယ်။”
“တွေ့ရတာ ဝမ်းသာပါတယ်။ အာနီခါ မာဂရက်။”
ကလေးမလေးက အင်မတန် တင်းမာနေသော မျက်နှာထားနှင့် ရှက်ကိုးရှက်ကန်း ပြုံးခဲ့သည်။ အာနီခါ အများကြီးကို တစ်ပြိုင်နက်တည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းက သူ့အတွက် ဆန်းကြယ်နေ၏။
အာနီခါများက အငယ်ဆုံး အာနီခါကို ဆိုဖာပေါ်တွင် ထိုင်စေကာ ပတ်လည်ဝိုင်း၍ မေးခွန်းများ မေးမြန်းကြလေသည်။ အသက်ဘယ်လောက်လဲ၊ သတိရှိသည့်အိပ်မက်ကို ဘယ်အချိန်က မက်ခဲ့သလဲ အစရှိသဖြင့်။
“အာနီခါအသစ် ရောက်လာပြီဆိုတော့ ဒါကို တော်တော်လေးကြာမှ တစ်ခါ ပြန်လုပ်ကြည့်ရအောင်လား။”
ခဏလေး ပျောက်သွားသည့် အာနီခါတစ်ယောက်က ခြင်းတောင်းသေးသေးလေးကိုကိုင်ကာ ပြန်ပေါ်လာသည်။ တဒင်္ဂအတွင်းမှာပင် လူတိုင်း၏ မျက်နှာထားတွင် ထူးဆန်းသော ခံစားချက်များ ဖြတ်ပြေးသွား၏။
ခြင်းတောင်းထဲတွင် စက္ကူပါးပါးလေးနှင့်ပတ်ကာ အဖျားနှစ်ဖက်ကို စည်းထားသော သကြားလုံးများ တစ်ဆုပ်စာပါရှိသည်။ သူတို့အားလုံး ခြင်းတောင်းထဲမှ သကြားလုံးကို တစ်လုံးစီ ထုတ်ယူလိုက်ကြ၏။ မာဂရက်လည်း ဘုမသိဘမသိနှင့် သူတို့အတိုင်းလိုက်ပြီး သကြားလုံးကို ထုတ်လိုက်သည်။
“ဘယ်သူကနေ စလုပ်မလဲ။”
“ကျွန်မကနေစပြီး ဘယ်ဘက်ကို လှည့်သွားရအောင်။”
သူက မာဂရက်၏ ဘယ်ဘက်တွင် ထိုင်နေသဖြင့် နောက်ဆုံးအလှည့်က မာဂရက် ဖြစ်သွားသည်။
စလုပ်မည်ဟု ကြေညာလိုက်သည့် အာနီခါက ကြိုးကိုဖြေကာ စက္ကူထုပ်ကို ဖြန့်လိုက်၏။ အတွင်းတွင် ပဲသီးအလား ရှည်မျောမျောနှင့် အကြည်ရောင်ရှိသော သကြားလုံးတစ်ခု ရှိနေသည်။
ယင်းအာနီခါက လက်နှစ်ဖက်ပေါ်တွင် သကြားလုံးကိုတင်ကာ လက်ဝါးကိုပေါင်းဆုပ်ပြီး မျက်လုံးကို မှိတ်လိုက်၏။ ခဏကြာ၍ လက်ဖဝါးကို ဖြန့်လိုက်တော့ သကြားလုံးက ဖြူဖျော့ဖျော့အလင်းရောင်ကို ထုတ်လွှတ်ခဲ့သည်။ နှစ်ခြမ်းကွဲသွားသော သကြားလုံးအက်ကွဲကြောင်းမှ အပြာရောင် အရွက်နှစ်ရွက် ထွက်လာကာ ပြန့်ကားသွား၏။
ထိုအတိုင်း ပင်စည်က အပေါ်သို့ တရိပ်ရိပ် တက်လာသည်။ တစ်ထွာလောက်အမြင့်သို့ ရောက်သောအခါ ပင်စည်က ကြီးထွားနှုန်း ရပ်တန့်သွားတော့၏။ ပြန့်ကားနေသော အရွက်ဖျားများက ညှိုးနွမ်းပြီး ကြေမွပျောက်ကွယ်သွားသည်။ ခဏအကြာတွင် သူ့လက်ဖဝါးပေါ်၌ ဘာမှမကျန်တော့ပေ။
နောက်တစ်လှည့်က သူ့ဘေးတွင် ထိုင်နေသော အာနီခါပင်။ သူကလည်း ထုပ်ပိုးထားသော စက္ကူကိုဖြေကာ သကြားလုံးကို ထုတ်လိုက်သည်။ သူ့လက်ဖဝါးပေါ်ရှိ သကြားလုံးမှ ထွက်လာသော ပင်စည်၏ အမြင့်က တစ်ထွာလောက် မရောက်ခဲ့။
အဝေးတွင်ထိုင်ပြီး စကားပြောနေသော သက်ကြီးရွယ်အို အမျိုးသမီးကြီးများက ခစ်ခနဲ ရယ်လိုက်ကြသည်။
“ကလေးတွေပဲ၊ ငယ်ပါသေးတယ်။”
“ဟုတ်ပါရဲ့ရှင်။”
“အရေးမပါတဲ့ ပြိုင်ဆိုင်လိုစိတ်လေ။”
ဆန်းဂျယ်က အာနီခါများကို ရာမီတာအဆင့် သတ်မှတ်ပြီး ခွဲခြားခြင်းမပြုသင့်ဟု တင်းတင်းကျပ်ကျပ် ပြောကြားခဲ့သော်လည်း သူများထက် သာချင်စိတ်နှင့် အဆင့်ခွဲခြားချင်သော လူသားတို့၏ ပြိုင်ဆိုင်လိုစိတ်ကိုတော့ တားဆီး၍မရနိုင်ခဲ့။ ဘယ်အချိန်၊ ဘယ်သူ စတင်ခဲ့မှန်းမသိသော်လည်း ဆီထဲတွင် စိမ်ထား၍ ဖောက်ထွင်းမြင်နေရသော မျိုးစေ့နှင့် ရာမီတာအဆင့်အား တိုင်းတာနည်းကို ရှာဖွေတွေ့ရှိခဲ့သည်။
သတိရှိသောအိပ်မက်ကို လျှို့ဝှက်ထားရန်ဟူသော ဆန်းဂျယ်၏ အမိန့်ကိုတော့ မချိုးဖောက်ခဲ့ကြပေ။ မည်သည့် အာနီခါမှ မိမိ၏ သတိရှိနေသောအိပ်မက်အကြောင်း မပြောပြခဲ့ကြ။ သူတို့ လုပ်ခဲ့သည်က ဖောက်ထွင်းမြင်ရသော မျိုးစေ့ထဲသို့ ရာမီတာကို ထိုးသွင်းခြင်းပင်။
သြော်... ဟု စုတ်တသပ်သပ်ဖြစ်နေကြသည့် အမျိုးသမီးကြီးများသည်လည်း ငယ်စဉ်က ယခုအတိုင်း လုပ်ခဲ့ကြသည်သာ။ အသက်အရွယ် ရလာပြီးမှ စဉ်းစားကြည့်တော့ ဆယ်ဂဏန်းလောက်သာရှိသော အာနီခါအချင်းချင်း အဆင့်သတ်မှတ်ကြည့်ခြင်းက ဘာမှအသုံးမဝင်ကြောင်း သိလာရသည်။ သို့ရာတွင် အတွေ့အကြုံကြောင့် ရလာသည့် နားလည်မှုကို ပြောပြလျှင်ပင် လူငယ်များက နားမဝင်ကြပေ။
အလှည့်က ဘယ်ဘက်သို့ ဆက်လက် လှည့်ပတ်သွားသည်။ ပင်စည်၏အမြင့်က လူတစ်ဦးချင်းစီအလိုက် အနည်းငယ်စီကွာခြားသော်လည်း ကြီးမားသည့် ကွာခြားချက်တော့ မရှိခဲ့ပေ။ တစ်ထွာမှ သုံးထွာကြားတွင်ရှိ၏။
ဖလော်ရာ၏ အလှည့် ရောက်လာတော့သည်။ ဖလော်ရာ စက္ကူထုပ်ကိုဖြေရန်ပြင်တော့ နောက်တစ်ယောက်က တားဆီးလိုက်သည်။
“အာနီခါ ဖလော်ရာကတော့ နောက်ဆုံးမှပဲလုပ်ပါ။”
“ဟုတ်ပါတယ်။ အာနီခါ ဖလော်ရာက တခမ်းတနား အဆုံးသတ်ပေးရမှာပေါ့။”
ဖလော်ရာက ရယ်ကာ မျိုးစေ့ကို ချလိုက်သည်။ နောက်တစ်လှည့်သို့ ဆက်သွား၏။ နောက်ဆုံးတော့ မာဂရက်၏အလှည့် ရောက်လာသည်။ စိတ်မဝင်စားဟန်ဆောင်နေသော သတ်လတ်ပိုင်းအရွယ်နှင့် ထိုထက်ပို၍ အသက်ကြီးသော အာနီခါများက အသာလေး ချဉ်းကပ်လာကြ၏။
မာဂရက်က သူ့အပေါ် စုပြုံကျရောက်လာသော အာနီခါ အမြောက်အမြား၏ အကြည့်များကြောင့် စိတ်လှုပ်ရှားနေသည်။ သူက စောစောက မြင်ခဲ့ရသည့်အတိုင်း သကြားလုံးထုပ်ကိုဖြေကာ လက်ထဲတွင် ဆုပ်ကိုင်လိုက်၏။
မာဂရက်တစ်ယောက် ယခု လုပ်မည့်အရာကို ဘာအဓိပ္ပာယ်မှန်း နားမလည်ခဲ့။ ငြင်းဆိုပိုင်ခွင့်ရှိမှန်းပင် မသိခဲ့ပေ။ ယခုမှ ဆယ်နှစ်သာရှိသေးသည့် ကလေးမလေးက နက်နက်နဲနဲ မစဉ်းစားနိုင်သေး။
တစ်ချိန်ချိန်တွင် ယနေ့ကို သတိရပြီး ‘ငါ အသုံးချခံရတာပဲ’ ဟု တွေးမိပေလိမ့်မည်။ ဘာမှမသိသော ငယ်ရွယ်သည့် အာနီခါအပေါ် အသံတိတ် ဖိအားပေးပြီး မိမိ၏ ရာမီတာအဆင့် မည်မျှရှိသလဲဟု ထုတ်ဖော်ဝန်ခံရန် လှုံ့ဆော်သော ပရိယာယ်ကြွယ်ကြွယ် လုပ်ရပ်ပင်။
ပြီးလျှင် မာဂရက်က နောင်တစ်ချိန် ငယ်ရွယ်သည့် အာနီခါအသစ် ရောက်လာသည့်အခါ ပြစ်မှုကျူးလွန်သူ ဖြစ်လာကာ ယခုလို လုပ်ပေလိမ့်မည်။ ယခုအချိန်အထိ အာနီခါအားလုံး လုပ်ခဲ့ကြသည့် လမ်းစဉ်အတိုင်း။
မျက်လုံးမှိတ်ကာ အာရုံစိုက်လိုက်သည့် မာဂရက်က လက်ဖဝါးကို ဖြန့်လိုက်သည်။ ဖောက်ထွင်းမြင်ရသည့် မျိုးစေ့မှ ထွက်လာသည့်ပင်စည်က တစ်ထွာခွဲ လောက်အထိ ကြီးထွားပြီးနောက် ကြေမွသွား၏။
စောင့်ကြည့်နေကြသော အာနီခါများက တွေးလိုက်ကြသည်။
‘ရေအိုင်လား။’
‘ရေအိုင်ပဲဖြစ်မယ်။’
‘ရေအိုင်လား။’
‘ပေါင်လောက်နက်တဲ့ အနက်မျိုးဖြစ်မလား။’
“ဒါဆိုရင် အခု ကျွန်မ အလှည့်ပေါ့နော်။”
ဖလော်ရာက ဖောက်ထွင်းမြင်ရသည့် မျိုးစေ့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ စိတ်မဝင်စားဟန်ဆောင်နေသော အမျိုးသမီးကြီးများပါ ယခုတစ်ကြိမ်တော့ အနီးကပ် လာကြည့်ကြ၏။ ဖလော်ရာ၏ ရာမီတာအဆင့်ကို စူးစမ်းလို၍မဟုတ်ဘဲ အလွယ်တကူ မမြင်ရသည့် မြင်ကွင်းဖြစ်နေသောကြောင့်ပင်။
ဖလော်ရာက လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ သူ့လက်ဖဝါးပေါ်မှ အရှိန်အဟုန်ပြင်းစွာ ထွက်လာသော ပင်စည်က လူတစ်ရပ်ထက် မြင့်တက်သွားကာ မျက်နှာကြက်နားအထိ ရောက်သွားလေတော့၏။
~~~~
Miel's Translations