no

Font
Theme

အပိုင်း ၉၉

ခါဆယ်ရ်၏ အကြည့်က လှောင်အိမ်ဆီသို့ ခေတ္တမျှ ဝေ့ဝဲသွားသည်။ လှောင်အိမ်ထဲတွင် အသေးလေးက လည်ဘီးထဲတွင် ထက်သန်တက်ကြွစွာ ပြေးနေသည်ဖြစ်ရာ အစေခံဆိုလိုသည့် မှော်ဝင်သားရဲမှာ အာဘူသာ ဖြစ်ရပေမည်။

"မိုးမလင်းခင် ပြန်လာလိမ့်မယ်။ စိတ်မပူနဲ့။"

ကန္တာရသို့ ထွက်လာသည်နှင့် ညဘက်တွင် အာဘူ ပျောက်သွားတတ်သည်မှာ ခဏခဏပင်။ သို့သော် ခါဆယ်ရ် ယဇ်ပူဇော်ပွဲ ပြုလုပ်ရန်ဖြစ်စေ၊ စစ်ဆေးရန်ဖြစ်စေ ကန္တာရသို့ ထွက်လာသည့်အခါ စစ်သည်တော်များသာ လိုက်ပါလာတတ်ရာ ထိုအခြေအနေများကို စစ်သည်တော်အချို့မှလွဲ၍ ကျန်သူများ သိရှိကြမည်မဟုတ်ပေ။

ဘုရင်မင်းမြတ်က ဘာမှမဖြစ်ဟန်ဖြင့် တုံ့ပြန်လိုက်တော့ အစေခံလည်း ဘာလုပ်လို့လုပ်ရမှန်းမသိသည့် မျက်နှာထားဖြင့် ခေါင်းငုံ့သွားသည်။

"အရေးမပါတဲ့ ကိစ္စနဲ့ အနှောင့်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ်တော်မူပါ၊ အရှင်မင်းကြီး။"

အစေခံက စီးတော်ယာဉ်များကို စီမံခန့်ခွဲရသည့် တာဝန်ကို ယူထားသူပင်။ ပတ်ဝန်းကျင်ကို သေချာမမေးမြန်းဘဲ အလန့်တကြား အလျင်စလို ပြေးလာခဲ့သည့် သူ၏ ပေါ့ဆသောအမှားကို သဘောပေါက်သွားတော့၏။

"ငါက ကြိုပြောပြထားဖို့ ပျက်ကွက်ခဲ့တာပဲ။ မှော်ဝင်သားရဲ ရောက်နေမဲ့နေရာအတွက် စိတ်မပူနဲ့။"

"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။"

အစေခံ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ခါဆယ်ရ်က ခဏလောက် လက်မှချထားခဲ့သည့် စာရွက်စာတမ်းကို ပြန်ကောက်ကိုင်လိုက်သည်။ သူက တစ်နေရာရာတွင် ပျော်ရွှင်စွာ ပြေးလွှားနေမည့် အာဘူကိုတွေးကာ ပြုံးလိုက်မိ၏။ အတန်ကြာမှ ဟင်းလင်းပြင်ဖြစ်သောနေရာသို့ ထွက်လာရသည်ဖြစ်ရာ လွတ်လပ်မှုကို အားရပါးရ ခံစားနေရလောက်ပေမည်။

သူက ပြီးစီးသွားသော စာရွက်စာတမ်းများကို ချထားပြီးနောက် စာရွက်အသစ်များကို ကောက်ယူလိုက်သည်။ ဤတစ်ကြိမ် ယဇ်ပူဇော်ပွဲ၏ အချိန်ဇယားက ရှည်ကြာသည်ဖြစ်ရာ အလုပ်များကို ထုပ်ပိုးယူလာခဲ့ခြင်းဖြစ်၏။ အချိန်ရသလောက် ကြားထဲတွင် ဖြည်းဖြည်းချင်း ရှင်းလင်းရန် ကြိုးစားသော်ငြားလည်း အလုပ်များက စုပုံလာမြဲပင်။

ယခင်နှစ်များထက် အလုပ်ပိုများလာခြင်း မဟုတ်ဘဲ သူသုံးစွဲနိုင်သော အချိန်က လျော့နည်းလာခြင်းကြောင့်ဖြစ်သည်။ ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်း နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အလုပ်လုပ်ရန် အချိန်ကို လုံးဝနီးပါး မဖန်တီးနိုင်ခဲ့ပေ။

သို့သော်လည်း ခါဆယ်ရ်က ပြီးခဲ့သော ရုန်းကန်လှုပ်ရှားရသည့်ရာသီတစ်လျှောက်လုံး အချည်းနှီး အလဟဿ ကုန်ဆုံးသွားသည့်အချိန် လုံးဝမရှိဟု ယူဆထားသည်။ ယူဂျင်းနှင့် အတူရှိခဲ့ရသည့် အချိန်က တစ်စက္ကန့်မျှပင် နှမြောစရာမရှိပေ။

'ဟမ်။'

စာရွက်စာတမ်းကို ဖတ်နေသည့် ခါဆယ်ရ်က မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်ရုစ် တင်သွင်းခဲ့သည့် အစီရင်ခံစာပင်။ သူ မနက်အစောပိုင်းတွင် ရဲတိုက်သို့ ပို့ခဲ့သည့် အစီရင်ခံစာက ယဇ်ပူဇော်ပွဲ ခရီးသွားအဖွဲ့ ရဲတိုက်သို့ မရောက်သေးမီ အချိန်ကပ်ကာ ရောက်ရှိခဲ့ခြင်းဖြစ်၏။ အရေးပါမှုအဆင့် နိမ့်သော်လည်း နန်းရင်းဝန်ကိုယ်တိုင် ပို့လိုက်သော အစီရင်ခံစာဖြစ်၍ အပါးတော်မြဲ ယူဆောင်လာသည့် စာရွက်စာတမ်းများထဲတွင် ပါလာခဲ့သည်။

'ဖီဒက်စ် ပြန်ရောက်လာတယ်၊ ဟုတ်လား။'

ဘယ်ရုစ်က ဘုရင်မင်းမြတ်သိပြီးသားကိစ္စဟု ထင်ခဲ့သော်လည်း ခါဆယ်ရ်ကမူ ဖီဒက်စ်ထံမှ ကြားသိရခြင်းမရှိသေး။

သူရဲကောင်းက တစ်ကိုယ်တော် လှုပ်ရှားမှု မပြုလုပ်တတ်ပေ။ ထို့ကြောင့် သူရဲကောင်း၏ အပြုအမူနှင့် အပြောအဆိုက ဆန်းဂျယ်အရှင်မြတ်၏ ဆန္ဒကို ကိုယ်စားပြုပေသည်။ အခြားအချိန်များ၌ဆိုလျှင် ဆန်းဂျယ်က ဘုရင့်တိုင်းပြည်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်နေလေသလားဟု သံသယဝင်မိနိုင်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ ခန့်မှန်းနိုင်လောက်သည့် အကြောင်းပြချက်တစ်ခု ရှိနေပေသည်။

'လာ့ခ်သစ်ပင်အကြောင်း သတင်းကြားလို့များလား။'

ဖီဒက်စ်က ဘုရင့်တိုင်းပြည်သို့ လာရောက်ရာ လမ်းတစ်လျှောက်တွင် သတင်းကြားခဲ့ပြီး ထိုသတင်း၏ မှန်ကန်မှုကို စစ်ဆေးရန် လှုပ်ရှားခဲ့ပါက အပြစ်တင်စရာ မရှိပေ။ အာနီခါ ဖန်တီးခဲ့သည့် ဘုရားသခင်၏ အံ့ဖွယ်ရာက ဆန်းဂျယ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့်ပင်။

'ပြန်စာမှာ ထည့်ရေးလိုက်တာ ကောင်းသွားတယ်။'

ဆန်းဂျယ်ထံပို့မည့် ပြန်စာကို ရေးနေစဉ် မည်မျှ ပူပန်ကြောင့်ကြခဲ့ရကြောင်းကို သူသာသိသည်။ လာ့ခ်သစ်ပင်အကြောင်း ရေးသား၍ ပို့လိုက်လျှင် ဆန်းဂျယ်က ယူဂျင်းကို ဆင့်ခေါ်မည်မှာ သေချာပေ၏။

မသိချင်ယောင်ဆောင်ချင်သော်လည်း ကောလာဟလက အထွတ်အမြတ်မြို့တော်အထိ ပျံ့နှံ့သွားရန်မှာ အနှေးနှင့်အမြန်သာ။ အချိန်အခါ၏ ပြဿနာသာဖြစ်သဖြင့် အချည်းနှီး အပြစ်တင်ခံရမည့် အကြောင်းရင်းကို မဖန်တီးတော့ရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဖီဒက်စ်နှင့်အတူ ပြန်ပို့ရမည့် ပြန်စာတွင် လာ့ခ်သစ်ပင်အကြောင်းကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော အသုံးအနှုန်းဖြင့် ရေးသား၍ ပေးပို့လိုက်၏။

'ဖီဒက်စ် အထွတ်အမြတ်မြို့တော်ကို ရောက်ဖို့ဆိုရင် ဆယ်ရက်ကနေ ဆယ့်ငါးရက်ပဲ။ အဲ့ဒီလောက်ဆို ဆန်းဂျယ်က ငါ့ရဲ့ပြန်စာကို ဖတ်ပြီး ဖီဒက်စ်ရဲ့ အစီရင်ခံချက်ကိုပါ နားထောင်ပြီးလောက်ပြီ။'

ခန့်မှန်းခြေအရ နောက်တစ်လလောက်အတွင်း ဆန်းဂျယ် စေလွှတ်လိုက်သည့် သူရဲကောင်းများ ရောက်လာနိုင်ပေသည်။

လက်ပိုက်လျက် စားပွဲခုံကို ငုံ့ကြည့်ရင်း အကြာကြီး စဉ်းစားနေခဲ့သော ခါဆယ်ရ်က ခေါင်းမော့လိုက်သည်။

'အတူတူ သွားမှဖြစ်မယ်။'

သူ ရဲတိုက်မှ ခဏတာခွာပြီး အထွတ်အမြတ်မြို့တော်သို့ သွားပါက အကျပ်ရိုက်ရမည့် အကြောင်းအရာအချို့ကို သတိရမိသော်လည်း ချက်ချင်းပင် ခေါင်းထဲမှ ဖျောက်ဖျက်ပစ်လိုက်သည်။ ယူဂျင်းတစ်ယောက်တည်းကို ပို့လိုက်၍ မဖြစ်ချေ။ အထွတ်အမြတ်မြို့တော်သို့သွားသော ယူဂျင်း ပြန်မလာတော့မည်ကို သံသယဝင်မိသည့်စိတ်က လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပေပြီ။ သို့ရာတွင် ယူဂျင်းမဟုတ်ဘဲ သူကိုယ်၌က ပြဿနာရှိနေခြင်းပင်။ အနည်းဆုံး တစ်လထက်မနည်း မတွေ့မမြင်ဘဲ နေရပေမည်။ တစ်ရက်နှစ်ရက်လေးမဟုတ်ဘဲ ထိုမျှလောက် အချိန်ကြာကြာ စိတ်အေးလက်အေး စောင့်နေနိုင်မည်ဟု မထင်ပေ။

သူက ဆုံးဖြတ်ချက်ချပြီးနောက် စာရွက်စာတမ်းများကို ပြန်ဖွင့်လိုက်သည်။ ယနေ့ည စုပုံနေသော အလုပ်အားလုံးကို ပြီးစီးအောင် ရှင်းလင်းမည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။

လှောင်အိမ်ထဲမှ ထွက်လာသော ဆူညံသံသေးသေးလေးကို ကြား၍ ခေါင်းလှည့်ကြည့်လိုက်တော့ ဘယ်လိုမှမတတ်နိုင်ဘဲ ပြုံးမိသွားသည်။ အသေးလေး လည်ဘီးတွင် ဆူညံစွာ ပြေးနေသည်ဟု ထင်ခဲ့သော်လည်း ခြေချော်သွားသည့်အတွက် ကြမ်းပြင်ပေါ် ပစ်လဲကျသွားခြင်းဖြစ်၏။

ထိုလည်ဘီးကို ယူဂျင်းက ထည့်ပေးထားခြင်းပင်။ ခါဆယ်ရ်က စိတ်ထဲတွင် 'အသေးလေးက တကယ့်ရှဉ့်မှမဟုတ်တာ' ဟု တွေးခဲ့သော်လည်း လည်ဘီးထဲတွင် တက်ကြွစွာ ပြေးလွှားနေသည့် အသေးလေးကို မြင်ရတော့ ပြောစရာစကားမရှိ ဖြစ်သွားခဲ့၏။

သူက ထရပ်ကာ လှောင်အိမ်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။ လှောင်အိမ်တံခါးကို ဖွင့်ရန်ပြင်နေသော သူ၏လက်များ တုံ့ခနဲရပ်တန့်သွား၏။

'အာဘူ၊ ဒီကောင် ဧကန္တ။'

ခါဆယ်ရ်တစ်ယောက် ချက်ချင်းပင် ယူဂျင်း၏ တဲဆီသို့ သွားလိုက်သည်။ ချိတ်ဆွဲထားသည့် အဝတ်တံခါးကို မကာ အထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ခုတင်ပေါ်တွင်ရှိနေသည့် အနက်ရောင် သားရဲငယ်လေးကို တွေ့လိုက်ရ၏။ ခုတင်ပေါ်တွင် လဲလျောင်းနေသော ယူဂျင်း၏ လက်မောင်းထဲတွင် ပွေ့ဖက်ထားလျက်ရှိနေသည့် အာဘူက သခင်ကို ကြည့်လာသည်။

"အာဘူ။"

ခါဆယ်ရ်က သွားချင်းကြိတ်ကာ မှော်ဝင်သားရဲကို အာဏာသံဖြင့် ခေါ်လိုက်သည်။ စိတ်ထဲတွင် တကယ် ဒေါသထွက်နေ၏။

အာဘူက ယူဂျင်းကို သစ္စာရှိရှိလိုက်နာပြီး ယူဂျင်းက ချစ်ခင်ကြင်နာပေးသည့်အထိတော့ ကျော်သွားပေးနိုင်သည်။ သို့ရာတွင် ခုတင်ပေါ်အထိ ရောက်လာသတဲ့လား။ သားရဲတိရစ္ဆာန်ဖြစ်စေကာမူ ကျူးကျော်ဝင်ရောက်ခွင့်မရှိသော နယ်​နိမိတ်ပင်။

ပုံမှန်မဟုတ်သော အရှိန်အဝါကို ခံစားမိလိုက်သည့် အာဘူလည်း ယူဂျင်း၏ လက်မောင်းများထဲမှ လျင်မြန်စွာ ရုန်းထွက်လိုက်သည်။ အာဘူက ကိုယ်လေးကို ကြမ်းပြင်တွင်ကပ်ကာ ဝပ်ဝပ်လေး တွားသွားလျက် ခါဆယ်ရ်၏အရှေ့သို့ ချဉ်းကပ်လာ၏။

အာဘူကို ငုံ့ကြည့်နေသော ခါဆယ်ရ်၏ မျက်လုံးများမှ အေးစက်သော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ အာဘူလည်း သူ့အား ဖိအားပေးနေသော သြဇာကြီးမားသည့် စွမ်းအားကို ခံစားမိကာ တိုးတိုးလေး ညည်းတွားလေ၏။

ခါဆယ်ရ်က ဘာစကားမှမပြောဘဲ လက်ဖြင့် ထွက်ပေါက်ဘက်သို့ ညွှန်ပြလိုက်သည်။ ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အာဘူလည်း လှစ်ခနဲ အပြင်သို့ ပြေးထွက်သွားလေတော့၏။

ခါဆယ်ရ်က အသက်ပြင်းပြင်းရှူသွင်းကာ ဒေါသကို ငြိမ်သက်အောင်လုပ်ပြီးနောက် ခုတင်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယူဂျင်းကိုကြည့်ရင်း သူ့မျက်လုံးများက နူးညံ့သွား၏။ အိပ်ယာခင်းကို သေသေချာချာ နေရာချပေးပြီးနောက် ယူဂျင်းကို ထိရမလိုလို၊ မထိဝံ့သလိုလို တုံ့ဆိုင်းနေသော သူ၏လက်က ပြန့်ကျဲနေသော ဆံစလေးများကို သပ်တင်ပေးလိုက်သည်။

"အင်းး"

ယူဂျင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ ခါဆယ်ရ်တစ်ယောက် စိတ်ထဲမှ 'ငါကွာ' ဟု တိုးတိုးလေး ရေရွတ်လိုက်၏။ ဂရုစိုက်ခဲ့ပါသော်လည်း ယူဂျင်းကို နှိုးမိခဲ့ချေပြီ။

"အာဘူရော..."

"အပြင်ထုတ်လိုက်ပြီ။"

"ဖက်ထားရင်း အိပ်ပျော်သွားတာပါ။ နွေးနွေးလေးမို့လို့..."

"ချမ်းလို့လား။ မီးဖိုထဲ ကျောက်ခဲတွေ ပိုထည့်ခိုင်းမှပဲ။"

"ဟင့်အင်း... ရှင် ရောက်လာပြီပဲမဟုတ်လား။"

ယူဂျင်းက လက်ဖြင့် သူ့ပါးကို တဖတ်ဖတ် ပုတ်လိုက်သည်။ ထို့နောက် သူ့ကိုကြည့်ပြီး အိပ်ချင်မူးတူး မျက်လုံးများဖြင့် ခပ်ဖွဖွ ပြုံးလိုက်၏။ သက်ပြင်းချသံဖွဖွလေး ကြားလိုက်ရသည်ဟုထင်လိုက်ရပြီး မကြာမီမှာပင် အပေါ်မှ ဖိချလာသော နှုတ်ခမ်းများက ယူဂျင်း၏ နှုတ်ခမ်းလေးများကို ငုံထွေးသိမ်းပိုက်သွားလေသည်။

ယူဂျင်း၏ ပါးစပ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော လျှာက အတွင်းပိုင်းကို နက်ရှိုင်းစွာ နယ်ချဲ့စူးစမ်းခဲ့၏။ ယူဂျင်း၏ လျှာကို လှည့်ပတ်ပွတ်တိုက်ပြီးနောက် သူက နှုတ်ခမ်းကို ပြန်ခွာသွားသည်။ ပုံမှန် အမြဲလုပ်လေ့ရှိသော ဇွဲကောင်းကောင်း၊ တပ်မက်မှုများရောစွက်နေသည့် အနမ်းနှင့် နှိုင်းယှဉ်ပါက တိုတောင်းလှ၏။

"ကောင်းကောင်း အိပ်ပျော်နေတဲ့သူကို နှိုးမိတဲ့အပြစ် ရှိနေတော့ မင်း ပြန်အိပ်ပျော်သွားတဲ့အထိ ဘေးနားမှာ နေပေးမယ်။"

ခါဆယ်ရ်က စောင်ကိုဖယ်ကာ ယူဂျင်း၏ဘေးတွင် လှဲအိပ်လိုက်သည်။ ယူဂျင်းက သူ့ပခုံးကို ခေါင်းအုံးကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်ပြီး ပူးကပ်နေလိုက်၏။ ရဲတိုက်ရှိ ခုတင်ထက်သေးသည့်တိုင် လူတစ်ယောက်အိပ်ရန် လုံလောက်သည်ဟု ထင်ခဲ့သော်လည်း ခန္ဓာကိုယ် ထွားကြိုင်းသောလူနှင့် အတူ လှဲအိပ်လိုက်သောအခါ ပြည့်ကျပ်သွားတော့သည်။

ယူဂျင်းက မျက်လုံးမှိတ်ကာ အိပ်ပျော်ရန် ကြိုးစားလိုက်၏။ တိုက်ရိုက်ထိတွေ့နေသော လူ၏ကိုယ်ငွေ့က သားရဲငယ်လေးထက်၊ မီးဖိုထဲတွင် လောင်ကျွမ်းနေသော ကျောက်တုံးများထက် ပိုမိုပူနွေးနေကြောင်း သိလိုက်ရသည်။

ယူဂျင်းတစ်ယောက် မောပန်းနွမ်းနယ်မှု၏ ဆွဲခေါ်မှုထဲတွင် နစ်မြုပ်ရန် ကြိုးစားခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခေါင်းထဲတွင် ပို၍သာ ကြည်လင်လာ၏။ အခွင့်အရေးရတိုင်း ခုန်အုပ်သိမ်းပိုက်တတ်သည့်လူက ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသနည်း။ စောစောက တိုတောင်းသည့်အနမ်းနှင့် ထွေးပွေ့ရုံသာ ထွေးပွေ့ထားသည့် သူ၏ အပြုအမူကို ယူဂျင်း အာရုံစိုက်မိနေသည်။

ယူဂျင်း မျက်လုံးဖွင့်လိုက်၏။ သူ့ကို ကြည့်နေသည့် ခါဆယ်ရ်နှင့် မျက်လုံးချင်း တည့်တည့်ဆုံသွားတော့သည်။ စိုက်ကြည့်နေလိုက်တော့ ခါဆယ်ရ်က သူ့မျက်ခွံပေါ်သို့ ညင်သာစွာ အနမ်းခြွေလေ၏။

"အိပ်တော့၊ မြန်မြန်။"

"အိပ်ဖို့လာတာ မဟုတ်ဘူးလားရှင့်။"

"မပြီးသေးတဲ့အလုပ် ရှိသေးတယ်။ ဆက်လုပ်မှဖြစ်မှာ။"

"ခရီးလမ်းကို မှတ်တမ်းတင်တာလားဟင်။"

"အဲဒါကတော့ စောစောကပဲ ပြီးသွားပြီ။ တခြားအလုပ်။"

အလိမ်အညာမဟုတ်သည့်တိုင် အမှန်တရားလည်း မဟုတ်ခဲ့ချေ။ ချက်ချင်း ရှင်းလင်းရန် အရေးတကြီး လိုအပ်သော အလုပ်လည်းမရှိ။ ယူဂျင်း၏ တဲထဲမှ ထွက်ခွာရန် အကြောင်းပြချက်သာဖြစ်၏။ 'အာဘူ ဒီမှာ ရှိနေမလား' ဟူသည့် သံသယသာ မရှိခဲ့လျှင် သူ ဝင်လာမိမည်မဟုတ်။ ယူဂျင်းကိုမြင်လျှင် ထိတွေ့ချင်ပြီး ထိတွေ့မိပါက ထွေးပွေ့ချင်မိမည် ဖြစ်သောကြောင့်ပင်။

ဤသည်မှာ ယူဂျင်းအတွက် တတ်နိုင်သမျှ စဉ်းစားပေးသည့် သူ၏ စိတ်ရှည်သည်းခံမှုဖြစ်၏။ ယနေ့ တစ်နေ့လုံး ခရီးသွားခဲ့ရ၍ ယူဂျင်း ပင်ပန်းနေမည်သာ။ မနက်ဖြန်တွင် ယနေ့ထက်ပင် ပိုမိုဝေးလံသော အကွာအဝေးကို သွားရပေဦးမည်။ ယူဂျင်းကို အပြည့်အဝ အိပ်စက်အနားယူစေလို၏။

သူ့စိတ်ကို နားမလည်သော ယူဂျင်းက ရဲတိုက်မှ ထွက်ခွာလာပြီးသည့်နောက်မှာပင် အလုပ်များဖြင့် ပင်ပန်းနေရသည့် သူ့ကို သနားနေခဲ့သည်။ ယူဂျင်းက လက်ကလေးဖြင့် သူ့ပါးပြင်ကို ပွတ်သပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။

"မနေ့ညကလည်း ကောင်းကောင်း မအိပ်ရဘူးမဟုတ်လား။ ကောင်းကောင်း မအိပ်ရရင် ကျန်းမာရေး ထိခိုက်မယ်ရှင့်။"

"ရက်ပိုင်းလောက်လေး ညလုံးပေါက် အလုပ်လုပ်ရုံနဲ့ ဘာမှမဖြစ်ဘူး။"

"ရှင့်ခန္ဓာကိုယ်က ကြံ့ခိုင်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ရှင်လည်း လူတစ်ယောက်ပဲလေ။ ဆက်ပြီး တရားလွန်တွေလုပ်နေရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်။"

"…ငါလည်း လူတစ်ယောက်ပဲတဲ့လား။"

ခါဆယ်ရ်က အစိမ်းသက်သက်ဖြစ်နေသည့် စကားကို ကြားလိုက်ရသည့်အလား ပြန်လည်ရေရွတ်လိုက်သည်။

"လူသားလို့ပြောနေတာပါ။ လူမဟုတ်ဘူးလားရှင့်။"

ခါဆယ်ရ်က ခပ်ဖွဖွရယ်ရင်း ယူဂျင်း၏ ကျောနောက်တွင် ပတ်ထားသည့် လက်မောင်းကို အားထပ်ထည့်ကာ ယူဂျင်းကို ဆွဲယူပွေ့ဖက်ထားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"လူသား အမှန်ပဲ။"

သူက ဘုရင်၏ ဆက်ခံသူအဖြစ် မွေးဖွားလာခဲ့ကာ ကြီးပြင်းလာသောအခါ ဘုရင်ဖြစ်လာခဲ့သည်။ ယင်းကသာ သူ၏ ဝိသေသလက္ခဏာဖြစ်၏။ အစွမ်းထက်သော သဘာဝလွန်စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် ဘုရင်နှင့် မင်းသားများက ထူးခြားနေသည်သာမက ထူးခြားသလောက် အထီးကျန်ဆန်လှသည်။

ခါဆယ်ရ်က ငယ်စဉ်ကတည်းကပင် သူ့ကို ကြည့်ကြသော လူများ၏ အကြည့်တွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသည့် အကြောက်တရားကို ဖတ်တတ်ခဲ့၏။ သူ့အား မွေးဖွားပေးခဲ့သော မိခင်၏ မျက်လုံးထဲ၌ပင် ထိုအရာကို မြင်ခဲ့ရသည်။

သို့သော် သူက မိမိ၏ထူးခြားမှုကို လက်ခံထား၏။ ရှင်ဘုရင် မဟုတ်သော သူ့ကိုယ်သူ တစ်ခါမျှ စိတ်ကူးမယဉ်ဖူးပေ။

ယခုမူ မကြာသေးမီက မိမိ၏ အခြားပုံစံတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ ယူဂျင်း၏အရှေ့တွင် သူက ရှင်ဘုရင်မဟုတ်ဘဲ ဒီအတိုင်း လူသား ယောက်ျားတစ်ယောက် ဖြစ်လို၏။ ထို့အပြင် ယူဂျင်းကိုလည်း သူ့အရှေ့တွင် လူသားမိန်းမတစ်ယောက်သာ ဖြစ်စေလိုသည်။

ခါဆယ်ရ် ယူဂျင်း၏ အသက်ရှူသံကို နားထောင်ရင်း မျက်လုံးမှိတ်လိုက်၏။ ယူဂျင်းကို အိပ်ပျော်သွားအောင်လုပ်မည့် သူ၏ အစီအစဉ်ကလည်း အချည်းနှီးသာ။ ယူဂျင်းကို ထွေးပွေ့ထားရင်း ကိုယ်တိုင်ပင် မသိလိုက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ မနက်ခင်းတွင် ရံရွေတော်မိန်းကလေး သတိထားပြီး လာနှိုးချိန်အထိတိုင်အောင်။

~~~~

ရိုဒရစ်ဂ်တစ်ယောက် သူရဲကောင်းကို ရှောင်ရှားရန် ခေတ္တ မြို့တော်မှ ထွက်ခွာခဲ့သော်လည်း အဝေးသို့ မသွားခဲ့ချေ။ အလုပ်များစွာ ရှိနေသည့်ကြားမှ အနှောင့်အယှက်ဖြစ်စေသော မဟာ၏ခွေးအား ကျိန်ဆဲလိုက်သည်။

'ဒီဟာကို အမြန်ငွေဖျော်ပြီး အရေးပေါ်အခြေအနေကို ဖြေရှင်းရမှာကို။'

သူက အိတ်ကပ်ထဲမှ ကျောက်မျက်ရတနာများကို ကြည့်ကာ စိုးရိမ်စိတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

"လူကြီးမင်း။"

အပြင်ဘက်မှ အသံကြားလိုက်ရတော့ သူက အိတ်ကပ်ထဲမှ ပစ္စည်းကို ရင်ဘတ်ထဲသို့ အလျင်အမြန် ထည့်လိုက်သည်။

"ဝင်ခဲ့။"

ခန္ဓာကိုယ်သေးသွယ်သော လူငယ်တစ်ဦး ဦးညွှတ်ထားလျက် ဝင်ရောက်လာ၏။

"တစ်ခုခု ဖော်ထုတ်နိုင်ခဲ့လား။"

ရိုဒရစ်ဂ်က မိဖုရားနှင့် တွေ့ဆုံပြီးနောက် တာနီယာက မိဖုရားအပေါ် မည်သို့သော အမှားမျိုး ပြုလုပ်ခဲ့သလဲ၊ သေဆုံးရခြင်း၏ အကြောင်းရင်းက ဘာလဲ အစရှိသည်တို့ကို စုံစမ်းရန် ညွှန်ကြားခဲ့သည်။ အယ်လီ သေဆုံးသွားကြောင်း သူ့အစ်ကိုမှတစ်ဆင့် ကြားသိရတော့ အခြားတာနီယာတစ်ဦးကို ထပ်မံ ထည့်သွင်းပေးရမည်ဟု တွေးတောရင်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရုံမှလွဲ၍ သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းရန် စိတ်ကူးပင် မရှိခဲ့ပေ။

"မိသားစုဝင်တွေက ဘာမှမသိကြပါဘူး။"

ရိုဒရစ်ဂ်က 'ကျွတ်စ်' ဟု အသံမြည်အောင် စုတ်သပ်လိုက်သည်။ သူက အိတ်ကပ်ထဲမှ ကျောက်မျက်ရတနာ အသေးစား တစ်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တောက်ခနဲ ပစ်ချလိုက်၏။

"ဆက်ရှာ။ ကုန်ကျစရိတ်ကို မနှမြောနဲ့။"

"ဟုတ်ကဲ့ပါ၊ လူကြီးမင်း။"

လူငယ်က ခါးတစ်ဝက်နီးပါး ကွေးညွတ်သွားအောင် ဦးညွှတ်ပြီးနောက် ကျောက်မျက်ရတနာကိုယူကာ ထွက်သွားလေသည်။

—ရိုဒရစ်ဂ်။

ကျောက်မျက်ရတနာကို အခက်အခဲမရှိ ရောင်းချရန် နည်းလမ်းများကို စဉ်းစားနေသည့် ရိုဒရစ်ဂ်တစ်ယောက် ခေါင်းထဲမှ ထွက်ပေါ်လာသော သာယာကြည်လင်သည့် အသံကို ကြားလိုက်ရ၍ ခေါင်းကို မော့လိုက်သည်။ သူက စိတ်သက်သာရာရမှုနှင့် ဝမ်းမြောက်မှုတို့ အပြည့်စွက်နေသော မျက်နှာထားဖြင့် လက်နှစ်ဖက်ကိုစုစည်းကာ ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုလိုက်၏။

"အထွတ်အမြတ်ဘုန်းတော်ကြီး။ ဘယ်မှာပါလဲခင်ဗျ။"

—မင်းရဲ့ အကြည့်ကို နှိမ့်ချလိုက်ရင် ငါစေလွှတ်လိုက်တဲ့ တမန်တော်ကို မြင်ရလိမ့်မယ်။

ရိုဒရစ်ဂ်လည်း ချက်ချင်းပင် ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချကာ ထောင့်တိုင်းကို စစ်ဆေးလေတော့သည်။ ထို့နောက် နံရံအက်ကွဲကြောင်းမှ ထွက်လာသော မျက်လုံးနီနီနှင့် ကြွက်ငယ်တစ်ကောင်ကို တွေ့သွားကာ ဒူးထောက်လျက် တွားသွားလိုက်၏။ ကြွက်က လူချဉ်းကပ်လာသော်လည်း ရှောင်တိမ်းသွားခြင်း မရှိပေ။ ရိုဒရစ်ဂ်က မဆိုင်းမတွပင် ကြွက်ရှေ့တွင် ဝပ်တွားလိုက်သည်။

ယခင်တစ်ကြိမ်ကလို အထွတ်အမြတ် ဘုန်းတော်ကြီးကိုယ်တိုင် ပေါ်လာခြင်းမှာ များများစားစားမရှိပေ။ အများအားဖြင့် ကြွက်၊ ပုတ်သင်ညို အစရှိသဖြင့် သေးငယ်သည့် အမျိုးမျိုးသော တိရစ္ဆာန်များကိုသာ တမန်တော်အဖြစ် စေလွှတ်လေ့ရှိလေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment